မှော်ဝင်ပစ္စည်းများ
Vol. 4 Ch. 354
ဂိုဏ်းချုပ်၏ တာအို အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပမည့် သတင်းမှာ ချင်းရွှမ် နတ်တံခါး တစ်ခုလုံးတွင် ပျံ့နှံ့ သွားလေသည်။ နတ်တံခါးမှ ဆရာသခင် အဆင့် ကျင့်ကြံသူများပင်လျှင် တာအို အရည်အချင်းစစ် ပြိုင်ပွဲကို စိတ်ဝင်စား နေကြလေသည်။
တစ်နေ့တွင်တော့ ထိုက်ယွီတောင်ထိပ်တွင် တန်ခိုးစွမ်းအားများ မြင့်မားလာသည်ကို ချင်းရွှမ် နတ်တံခါးမှ ဆရာသခင်များ ခံစား လိုက်မိလေသည်။ ဆရာသခင်အများစုမှာ တစ်ကိုယ်တည်း တရားကျင့်ကြံ
နေသည့်တိုင် ဂိုဏ်းချုပ်က မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်နေပြီ ဆိုသည်ကို သိရှိသည့် အတွက် စိတ်လှုပ်ရှားစွာဖြင့်ကျင့်ကြံမှုများကို ရပ်တန့်လိုက်ကြသည်။
ထိုက်ယီတောင်ထိပ်ရှိ လေထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံကြီးများ ထွက်ပေါ်နေပြီး မြေပြင်မှ မီးများ တောက်လောင် နေသည်ကို တွေ့နိုင်လေသည်။
ကျီဖူတောင်ထိပ်မှနေပြီး ချင်းရွှမ်ခန်းမဆောင်ကို လှမ်းပြီး တွေ့မြင်နိုင်လေသည်။
ထိုက်ယီတောင်သည် မိုးကောင်းကင်နှင့် ချိတ်ဆက်နေပြီး မိုးမြေ စွမ်းအားများ အလွန် အားကောင်းနေသလို ကမ္ဘာမြေပြင်နှင့် ချိတ်စက်ထားသည့် အတွက် ဒြပ်စင် စွမ်းအားများကလည်း အဆက်မပြတ် စီးဆင်း နေလေသည်။ ကျီဖူတောင်ထိပ်နှင့် ထိုက်ယီ တောင်ထိပ်ကြားတွင် ဝိညာဉ် မြစ်က ဖြတ်သန်း စီးဆင်းနေလေသည်။
ဝိညာဉ်မြစ်မှ ထွက်ပေါ်နေသည့် ယင်စွမ်းအားများမှာ မြေပြင်မှ အပူမီးကို ဖိနှိပ် ထားလေသည်။
ထို့ကြောင့် ဆန်းလျန်၏ မြင့်မားလွန်းသည့် တန်ခိုး စွမ်းအားဖြင့်သာလျှင် မြေပြင်အပူမီးကို မြင့်တက်စေကာ မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် ရေခဲအလင်း စွမ်းအားများကို ဝိညာဉ်မြစ် အတွင်းသို့ အဆက်မပြတ် စီးဆင်းစေပြီး ဝိညာဉ် မြစ်ရေကို အေးခဲသော နှင်းခဲ အလွှာပါး တစ်ခုဖြင့် တားဆီး ထားလိုက် လေသည်။
ထိုအခါ အလွန်ပြင်းထန်သည့် မြေအောက်မှ အပူမီးစွမ်းအားသည် ထိုးဖောက် ထွက်ပေါ် လာလေသည်။
ဆန်းလျန်က ဝိညာဉ်စွမ်းအား ပစ္စည်းများစွာကို မြေပြင် အပူမီးထဲသို့ ပစ်ထည့်လိုက်သည်။ ဝိညာဉ်စွမ်းအား ပစ္စည်းများမှာ အရည်ပျော်သွားပြီး ဝိညာဉ် စွမ်းအား အရည်များ ဖြစ်သွားလေသည်။
ဝိညာဉ် စွမ်းအား အရည်များသည် မြေပြင်အပူမီးမှ စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် ရေခဲအလွှာပါးဖြင့် ဖုံးအုပ်နေသည့် ဝိညာဉ်မြစ် အတွင်းသို့ စီးဆင်းသွားလေသည်။
ဆန်းလျန်သည် ဝိညာဉ်မြစ်ကို စိုက်ကြည့်ရင်း ဂါထာမန္တန်များကို အဆက်မပြတ် ရွတ်ဆို နေလေသည်။
သိပ်မကြာမီပင် ဝိညာဉ်မြစ် အတွင်းသို့ စီးဝင်သွားသည့် ဝိညာဉ်စွမ်းအား အရည်များမှ မှော်ဝင် ပစ္စည်းများ တစ်ခုချင်း ထွက်ပေါ် လာလေတော့သည်။
လက်စွပ်တစ်ကွင်း၊ ဓားတစ်လက်၊ အခြားသော မှော်ဝင် ပစ္စည်းမျိုးစုံ ထွက်ပေါ် လာလေသည်။
ထို့နောက် အဆောင်လက်ဖွဲ့နှင့် အင်းသင်္ကေတ များစွာလည်း ပေါ်ထွက်လာလေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ကျဆင်းသွားခြင်း မရှိသည့်တိုင် တာအိုဂါထာကို ရွတ်ဆို နေရသည့် အတွက် သူ၏ ဝိညာဉ်စွမ်းအားများ လျော့နည်း သွားရလေသည်။
ဆန်းလျန်မှာ လောကနတ်ဘုရား များထဲတွင် အလွန်အဆင့်မြင့်သည့် လောက နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့တိုင်အောင် မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်သည့် အချိန်တွင် မခံမရပ်နိုင်အောင် ပင်ပန်းခဲ့ရသည့် အတွက် သူ၏နဖူးထက်မှ ချွေးစက်များပင် စီးကျနေလေသည်။
သို့သော် သူ၏ ချွေးစက်များနှင့် ထိမိသည့် ပတ်ဝန်းကျင်ရှိ မြက်ပင်လေးများမှာ ချက်ချင်းပင် လန်းဆန်းကာ ရှင်သန် လာကြလေသည်။ လောကနတ်ဘုရား တစ်ပါး၏ ခန္ဓာကိုယ်သည် စကြဝဠာ၏ အနှစ်သာရ ဖြစ်လေသည်။ ထို့ကြောင့် မြက်ပင်လေးများ ရှင်သန်ကြီးထွား လာကြခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်ပြီး မှော်ဝင်ပစ္စည်းများ ပြုလုပ်ရန်အတွက် တပည့်များ သုံးနှစ်ကြာ လူ့လောကသို့ သွားရောက် ရှာဖွေသည့် ဝိညာဉ်စွမ်းအား ပစ္စည်းများကိုသာ အသုံးအပြုခဲ့ခြင်း မဟုတ်ပါ။
ချင်းရွှမ်နတ်တံခါး၏ သြဇာလွှမ်းမိုးမှု မြင့်တက်သည့် အရှေ့ပင်လယ်ဆီမှ ရှင်သန်စေခြင်း ကျောင်းတော်မှလည်း ဝိညာဉ်စွမ်းအား ပစ္စည်းများစွာကို ရရှိခဲ့လေသည်။
ထို့ပြင် ဆန်းလျန်က ဝိညာဉ် ပစ္စည်းများအားလုံးကို အလေအလွင့် မရှိအောင် အသုံးပြုခဲ့လေသည်။ သူက ဝိညာဉ်စွမ်းအား တစ်ခုချင်းစီ၏ အခြေခံ ဒြပ်စင် ဖွဲ့စည်းမှုကို အမျိုးအစားခွဲခြားပြီး အသုံးမဝင်သည့် ပစ္စည်းတစ်ခုမှ မရှိရအောင် စီစဉ်နိုင်ခဲ့သည်။
အချိန်တစ်လခန့် ကြာပြီးနောက် ထိုက်ယီ တောင်ထိပ်တွင် မြင့်တက်နေသည့် တန်ခိုး စွမ်းအားများမှာ တဖြည်းဖြည်း လျော့နည်း သွားလေသည်။
ထိုက်ယီတောင်ထိပ်တွင် အလင်းတန်း ဆယ်ခုက တောက်ပစွာ လင်းလက်နေလေသည်။ ထိုအလင်းတန်းများသည် ချင်းရွှမ် ခန်းမဆောင်မှ ဖြာထွက် နေခြင်း ဖြစ်လေသည်။
တစ်နေ့နှင့်တစ်ည ကြာသွားသည့် အခါတွင်တော့ အလင်းရောင်များလည်း ပျောက်ကွယ် သွားလေသည်။
ဆန်းလျန်လည်း သက်ပြင်းဖွဖွ တစ်ချက် ချလိုက်ပြီး မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်ကာ သူဖန်တီး ထားသည့် မှော်ဝင် ပစ္စည်းများကို သိမ်းဆည်း လိုက်လေသည်။
ယခုကဲ့သို့ မိုးကောင်းကင် ဆေးအိုးကို ဖွင့်လှစ်ခဲ့သည့် အတွေ့အကြုံအရ နောင်တစ်ချိန်တွင် သူ၏ ရွှမ်တယ်ဓားကို ဒြပ်စင်ငါးပါး မှော်ဝင်ဓားတစ်လက် ဖြစ်လာစေရန် အတွက် ပြုလုပ်နိုင်ရန် အတွေ့အကြုံ ရသွားခဲ့ပြီ ဖြစ်သည်။ နှစ်တစ်ထောင် ရေခဲသံမဏိ၊ ထျန်းယီရေစင်နှင့် စကြဝဠာ ကြယ်စင်မြေကြီး ရရှိလျှင်တော့ သူ၏ဓားကို ပြီးပြည့်စုံသည့် ဒြပ်စင်စွမ်းအား ငါးပါး မှော်ဝင်ဓားအဖြစ် ပြုလုပ်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်သည် လောက နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် အချိန်များစွာ ရှိနေသည့်တိုင် သူ့စိတ်ထဲတွင် ပြင်းထန်သော တွန်းအားတစ်ခုကို ခံစားနေရလေသည်။
ပင်ပန်းနွမ်းနယ်မှုကြောင့် စိုးရိမ်စိတ်များ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု တွေးမိလိုက်ကာ ဝိညာဉ်စွမ်းအား ဖြည့်သည့် ကျင့်စဉ်ကို ချက်ချင်း ကျင့်ကြံ လိုက်လေသည်။ ခဏ အတွင်းမှာပင် ဝိညာဉ်စွမ်းအားများ ပြန်လည် ပြည့်ဝ လာတော့၏။
ထိုအခါမှ ဆန်းလျန်သည် ချင်းရွှမ် ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
ချင်းရွှမ် ခန်းမဆောင် အပြင်ဘက်တွင် ဆရာသခင်များသည် ဆန်းလျန်ကို စောင့်မျှော် နေကြလေသည်။
ဆန်းလျန် ထွက်လာသည်ကို မြင်လိုက်သည်နှင့် သူတို့အားလုံးက ဦးညွတ် အရိုအသေ ပေးလိုက်ကြသည်။
ဆန်းလျန် နတ်ဘုရား တစ်ပါး ဖြစ်လာပြီးသည့် နောက်ပိုင်း ဆန်းလျန်၏ စိတ်နေစိတ်ထားသည် မိုးကောင်းကင်အလား ပို၍ ကျယ်ပြန့် နက်ရှိုင်း လာလေသည်။ ဆရာသခင် အားလုံးသည် ဆန်းလျန်ထက် အသက်ကြီး ကြသည့်တိုင် တန်ခိုးစွမ်းအား အရာတွင် ဆန်းလျန်ကို မယှဉ်နိုင် လောက်အောင် ပြတ်ကျန်ရစ်ခဲ့ကြပြီ ဖြစ်သည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဆရာသခင်များ အားလုံးကို ပြုံးပြလိုက်သည်။
"ဆရာသခင်တို့၊ ကျုပ်အခုပဲ မှော်ဝင်ပစ္စည်းတွေ ပြုလုပ်လို့ ပြီးသွားတာ၊ ခင်ဗျားတို့က အချိန်အတိအကျ ရောက်လာတာဆိုတော့ ကျုပ်ဆီက မှော်ဝင် ပစ္စည်းတွေကို ယူဖို့ ရောက်လာကြတာလား"
ဆန်းလျန်က ဆရာသခင်များကို နောက်ပြောင်လိုက်ခြင်း ဖြစ်လေသည်။
ဟုန်ချန်းယာက…
"နှစ်ပေါင်းတစ်ရာနေမှ မိုးကောင်းကင် ဆေးအိုးကို တစ်ခါ ဖွင့်တာဆိုတော့ ကျုပ်တို့ အားလုံးက မှော်ဝင်ပစ္စည်းတွေကို မြင်တွေ့ရဖို့ စောင့်မျှော်နေကြရတာပေါ့"
အခြားသော ဆရာသခင်များကလည်း ဟုန်ချန်းယာ၏ စကားကို ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြသည်။
ကူးချိုင်ဝေ့နှင့် ယန့်ပုကွေးကတော့ မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးနေကြလေသည်။ သူတို့နှစ်ယောက်သည် အခြားသော ဆရာသခင်များနှင့် မတူဘဲ စိတ်နေစိတ်ထား ထူးခြားသူများ ဖြစ်လေသည်။
ယခုနောက်ပိုင်းတွင် ချင်းရွှမ်နတ်တံခါးမှာ တဖြည်းဖြည်း ပြန်လည် တိုးတက်လာခဲ့ပြီး ထူးချွန်ထက်မြက် သူများလည်း တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက် လာကြလေသည်။
ယန်ရွှီးကြောင့် အကြီးအကျယ် ပျက်စီးခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့် ချင်းရွှမ်နတ်တံခါးကို ဆရာသခင် ကျန်းရော့ရွှီးက အတတ်နိုင်ဆုံး အကောင်းဆုံး နည်းလမ်းကို အသုံးပြုကာ ချင်းရွှမ်ကို အုပ်ချုပ်ခဲ့လေသည်။ ဆရာသခင် ကျန်းရော့ရွှီးသည် ချင်းရွှမ် နတ်တံခါးကို လူ့လောကနှင့် အဆက်အသွယ် ဖြတ်တောက်ကာ ကျန်ရှိသည့် ဆရာသခင်များနှင့် တပည့်များ အန္တရာယ်ကင်းရေး အတွက် ဦးစားပေးခဲ့သည်။
သို့သော် ဆန်းလျန်၏ လက်ထက်တွင်တော့ အရှေ့ပင်လယ်တွင် ရှင်သန်စေခြင်း ကျောင်းတော်ကို တည်ဆောက်ကာ ချင်းရွှမ်နတ်တံခါး၏ တန်ခိုးအာဏာကို လူ့လောကတွင် ပြန်လည် ရှင်သန်လာအောင် ပြုလုပ်ပေးခဲ့လေသည်။
ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များက ရှင်သန်စေခြင်း ကျောင်းတော်တွင် အလှည့်ကျ တာအိုတရား သင်ကြားပေးရသည့် တာဝန်ကို ထမ်းဆောင်ကြလေသည်။
ထိုသို့ လူ့လောကတွင် တာအိုတရား ဟောကြားသည့် အခါတွင် အတိုက်အခိုက်များကတော့ တစ်ခုမဟုတ် တစ်ခု ရင်ဆိုင်ရသည်ချည်းပင် ဖြစ်လေသည်။ ထို့ကြောင့်သူတို့က အတိုက်အခိုက် များကို ကျော်လွှားနိုင်ရန် အတွက် မှော်ဝင်ပစ္စည်းများကို ရရှိလိုကြလေသည်။
ယခုတော့ ဆန်းလျန်က မှော်ဝင်ပစ္စည်း များစွာကို ပြုလုပ်နိုုင်ခဲ့ပြီ။ သူတို့ အားလုံးက ဂိုဏ်းချုပ်ဆီမှ မှော်ဝင်ပစ္စည်းတစ်ခု နှစ်ခုလောက်တော့ လိုချင်ကြသည်ချည်းပဲ ဖြစ်လေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ဒါဖြင့်လည်း မှော်ဝင်ပစ္စည်း တစ်ခုလောက်ကို ခင်ဗျားတို့ကို ပြရတာပေါ့"
ဆန်းလျန်၏ အင်္ကျီလက်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် လှုပ်ရှား နေလေသည်။
အလင်းတန်း ပျောက်ကွယ် သွားသည်နှင့် အံ့သြစရာ မှော်ဝင်ပစ္စည်း တစ်ခု ထွက်ပေါ် လာလေသည်။ ထိုအရာမှာ ပေတံတစ်ချောင်း ဖြစ်လေသည်။
ဆန်းလျန်က ထိုပေတံကို လက်ညှိုး ညွှန်ပြလိုက်ပြီး…
"ဒီပေတံကို ရွှမ်ကွမ်းပေတံလို့ ခေါ်တယ်"
ဆန်းလျန်က ရွှမ်ကွမ်းပေတံကို ကြည်လင်သည့် တန်ခိုးစွမ်းအား တစ်ခုဖြင့် တွန်းထုတ် လိုက်လေသည်။ ထိုအခါ ရွှမ်ကွမ်းပေတံမှ ရောင်စဉ်တန်းများ ဖြာထွက်လာပြီး ဆရာသခင် များထံသို့ ဝင်ရောက် သွားလေသည်။
ဆရာသခင်များက ရွှမ်ကွမ်းပေတံဆိုသည့် မှော်ဝင်ပစ္စည်းကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် သူတို့က ရွှမ်ကွမ်းပေတံမှ ထွက်ပေါ်လာသည့် ရောင်စဉ်တန်းများကို သူတို့၏ မှော်ဝင် ပစ္စည်းများ ထုတ်ကာ ကာကွယ် ထားလိုက်ကြလေသည်။
ရွှမ်ကွမ်းပေးတံမှ ရောင်စဉ်တန်းများသည် ဆရာသခင် အုပ်စုကို လှည့်ပတ် နေလေသည်။ ဆရာသခင်များ ကာကွယ်ထားသည့် မှော်ဝင်ပစ္စည်းများကို ယူဆောင် သွားလေတော့သည်။
ထို့နောက် ရွှမ်ကွမ်းပေတံသည် လေထဲတွင် ရုတ်တရက် ရပ်တန့်သွားကာ တဖျစ်ဖျစ် မြည်သံများ ထွက်ပေါ်လာသည်။ ရွှမ်ကွမ်း ပေတံအတွင်းမှ ဆရာသခင်များ၏ မှော်ဝင်ပစ္စည်းကိုးခု ထွက်ပေါ်လာလေသည်။
ဆရာသခင်များ၏ မှော်ဝင်ပစ္စည်းများကို ရွှမ်ကွမ်းပေတံက ယူဆောင်သွားခြင်း ဖြစ်လေသည်။
ထိုမှော်ဝင်ပစ္စည်းများ၏ ပိုင်ရှင်များ ဖြစ်သော ဆရာသခင်များမှာ မချိပြုံးများ ပြုံးလိုက် မိကြလေသည်။
ဂိုဏ်းချုပ်၏ တန်ခိုးစွမ်းအားများမှာ ပြိုင်ဘက် ကင်းလွန်းသည့် အတွက် ဂိုဏ်းချုပ် ဖန်တီးခဲ့သည့် မှော်ဝင်ပစ္စည်းများမှာလည်း ပုံမှန်မဟုတ်ဘဲ အံ့ဖွယ် တန်ခိုးစွမ်းအားများ ရှိနေသည်ဟု သူတို့က တွေးလိုက်မိကြသည်။
"ကြည့်ရတာ ကျုပ်ရဲ့ ဆရာသခင်တွေ ပိုင်ဆိုင်တဲ့ မှော်ဝင်ပစ္စည်းတွေက ဟောင်းနွမ်းနေပြီ ထင်တယ်"
ဆန်းလျန်က စ နောက် လိုက်ပြန်သည်။
ဆရာသခင်များက ဆန်းလျန်၏ စကားကို ကြားသည်နှင့် ဆန်းလျန်က သူပြုလုပ်ထားသည့် မှော်ဝင်ပစ္စည်း အသစ်များကို သူတို့ကို ပေးတော့မည်ဟု ထင်မှတ်သွားကြလေသည်။
ဆန်းလျန်က အနည်းငယ်ပြုံးလိုက်ပြီး…
"အဲဒီမှော်ဝင် ပစ္စည်းအဟောင်းတွေကို မိုးကောင်းကင် ဆေးအိုးထဲမှာ မှော်ဝင်စွမ်းအားတွေ ပြန်သွင်းပေးမယ်လေ"
ဆန်းလျန်၏ စကားကြောင့် ဆရာသခင်များမှာ ဝမ်းသာအားရ အော်ဟစ်ရယ်မော လိုက်မိ ကြလေတော့သည်။
***