နတ်ဘုရားများ စံပျော်ရာ ကျောက်စိမ်းနန်းတော်
Vol. 4 Ch. 355
"ကျုပ်က နောက်နေတာပါ၊ တကယ်လည်း ထင်မနေကြပါနဲ့ဗျာ"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်စကားကြောင့် ဆရာသခင်များမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းများ ချလိုက် မိကြလေသည်။ အမှန်တော့ မိုးကောင်းကင် ဆေးအိုးထဲတွင် သူတို့၏ မှော်ဝင် ပစ္စည်းများကို ပြန်လည် အားဖြည့်ပေးလျှင်လည်း ကောင်းသည့် အလုပ်ပင် ဖြစ်လေသည်။
သို့သော် ဂိုဏ်းချုပ်အနေဖြင့် ထိုမျှ အသေးစိတ်ကျကျကို မည်သို့ ပြုလုပ် ပေးနိုင်ပါမည်နည်း။
ဆန်းလျန်က ရွှမ်ကွမ်းပေတံကို ပြန်လည် သိမ်းဆည်းလိုက်ပြီး ဆရာသခင်များ၏ မှော်ဝင် ပစ္စည်းများကိုလည်း ပြန်ပေးလိုက်လေသည်။ ထို့နောက် ဆန်းလျန်နှင့် ဆရာသခင်များမှာ စကားတပြောပြောဖြင့် ထိုက်ယီတောင်ထိပ်တစ်လျှောက် လမ်းလျှောက်သွားကြလေသည်။
ဆန်းလျန်နှင့်အတူ လမ်းလျှောက် နေကြသည့် ဆရာသခင်များ၏ ခြေထောက်အောက်တွင် တိမ်ခိုးများက လာရောက် စုဝေး နေကြလေသည်။ သူတို့၏ စိတ်များကလည်း ပျော်ရွှင်နေကြသည်။
ထိုအချိန်မှာပင် ဆရာသခင် တစ်ပါးက စကားဆိုလိုက်သည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါး ဖြစ်နေပြီဆိုတော့ နတ်ဘုရားတို့ စံပျော်ရာ နေရာတစ်ခု တည်ဆောက်ရင် မကောင်းဘူးလား၊ ကျောက်စိမ်း နန်းတော်လိုမျိုး နေရာတစ်ခုပေါ့"
ထိုစကားကို ပြောလိုက်သူမှာ ကျားယိလီ၏ ဆရာဖြစ်သည့် တာအိုဆရာယွိ ဖြစ်လေသည်။
ယန်ရွှီး၏ ဒုက္ခပေးမှုကြောင့် ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များစွာ အသက်ဆုံးခဲ့ ကြသော်လည်း တာအို ဆရာယွိကတော့ အသက်ရှင် ကျန်ရစ်ခဲ့လေသည်။ သူကျင့်ကြံသည့် စန်းရှောင် ကျင့်စဉ်သည် အဆိုးနှင့် မိစ္ဆာမကောင်းမှုများကို ဖယ်ရှား နိုင်လေသည်။ ထိုကျင့်စဉ်ကိုသာ ကျင့်ကြံထားခြင်း မရှိပါက ယန်ရွှီး၏ ကိုယ်ပွားတစ်ခု အဖြစ် အသွင်ပြောင်းသွားမည် ဖြစ်လေသည်။
အမှန်တော့ တာအိုဆရာယွိက ကျောက်စိမ်း နန်းတော် ဆောက်လုပ်ရန် အကြံပေးခြင်းမှာ အကြောင်း ရှိလေသည်။
သူ၏တပည့်ဖြစ်သူ ကျားယိလီ၏ မိုးကြိုးလက်ဝါးသိုင်းမှာ လူ့လောကမှ ပြန်လာပြီးသည့် နောက်ပိုင်း များစွာ တိုးတက်လာခဲ့လေသည်။ သို့သော် ကျောက်စစ်မင်၏ မိုးကြိုးဓားဝိညာဉ်ကို ယှဉ်နိုင်ခဲ့ခြင်း မရှိပေ။
သူ့အနေဖြင့်လည်း ကျားယိလီကို သင်ပြပေးနိုင်ရန် နေ့နေ့ညည မိုးကြိုးလက်ဝါးသိုင်းကို ပြန်လည် လေ့လာသုံးသပ် နေမိလေသည်။ သို့တိုင်အောင် ထိုသိုင်းကျင့်စဉ်၏ လိုအပ်ချက် အဖြေကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ကျားယိလီ၏ ကျင့်စဉ်လမ်း တိုးတက်လာရန်အတွက် ဆန်းလျန်ကိုပင် အကူအညီ တောင်းရန် သူက စဉ်းစား ထားခဲ့လေသည်။
ဂိုဏ်းချုပ်၏ စိတ်ထားက တပည့်များ အားလုံးအပေါ်တွင် တန်းတူထားသည့်တိုင် ဆန်းလျန်ကို မြှောက်ပင့်ခြင်းဖြင့် သူဖြစ်ချင်သည့် ဆန္ဒများလည်း ဖြစ်လာမည်ဟု တာအိုဆရာယွိက မျှော်လင့် ထားလေသည်။
ဟုန်ချန်းယာက တာအိုဆရာယွိ၏ စကားကို ထောက်ခံလိုက်သည်။
"ကျောက်သား ခန်းမဆောင်နဲ့ ကျောက်စိမ်း နန်းတော်တွေဟာ နတ်ဘုရားတွေ နေထိုင်တဲ့ နေရာပဲ၊ ဂိုဏ်းတူ အစ်ကိုယွိပြောတာ သဘာဝကျတယ်"
လက်ရှိအချိန်တွင် ချင်းရွှမ် နတ်တံခါးတွင် ဆန်းလျန် အပါအဝင်ဆိုလျှင် နတ်ဘုရား လေးဆယ့်တစ်ပါး ပေါ်ထွက်ခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါးတွင် ကျောက်စိမ်း နန်းတော် ဆယ့်တစ်ခုနှင့် ကျောက်သားခန်းမဆောင် သုံးဆယ်ရှိလေသည်။ ထိုနေရာများသည် လောကနတ်ဘုရားများ နေထိုင်ရာ စိတ်ငြိမ်ဆောင်များ ဖြစ်ကြလေသည်။
ဆန်းလျန်၏ ဆရာဘွားဘွား ဖြစ်သည့် ကျိလင်နတ်သမီးသည် ကျီဖူတောင်ထိပ်တွင် ကျောင်းသားခန်းမဆောင် တစ်ခု တည်ဆောက် ထားလေသည်။ ထိုကျောက်သား နန်းတော်သည် ကျီဖူတောင်၏ တာအိုတရားဓမ္မများဖြင့် ကာရံ ညီလျက် ရှိလေသည်။
သို့သော် ထိုသို့ နေထိုင်မှုပုံစံများက လောက နတ်ဘုရားများ၏ အခြေအနေကို ထင်ဟပ်စေသည့် အဓိကကျသည့် အရာများ မဟုတ်ပေ။ လောကနတ်ဘုရား များ၏ အဓိကကျသည့် အရာများမှာ သူတို့၏ လုပ်ဆောင်ချက်များသာ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် လောကနတ်ဘုရားတစ်ပါး၏ လုပ်ဆောင်ချက် တစ်ခုသည် ပတ်ဝန်းကျင်ကို ကြီးမားစွာ အကျိုးသက်ရောက် နိုင်စေလေသည်။
"ကျောက်စိမ်းနန်းတော် တည်ဆောက်ဖို့ ကျောက်စိမ်းဘုရင် အသားက ရှာရ အရမ်းခက်တယ်နော်"
ဆရာဘိုးဘိုး ကယ်ယွမ်းက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
ကျောက်သား ခန်းမဆောင်မှာ တောင်ကြော အတိုင်း ကျောက်သားကို ဖြတ်ကာ တည်ဆောက်၍ ရလေသည်။ သို့သော် ကျောက်စိမ်းနန်းတော် ဆောက်လုပ်ရန်မှာတော့ အခက်အခဲများ ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် ကျောက်စိမ်းနန်းတော် ဆောက်လုပ်ရန် အတွက် ကျောက်စိမ်းဘုရင် အသားကို လိုအပ်သောကြောင့် ဖြစ်လေသည်။
ကျောက်စိမ်းဘုရင် အသားဆိုသည်ကလည်း နှစ်ပေါင်းများစွာ တူးဖော်သည့်တိုင် ရှာတွေ့နိုင်ရန် မလွယ်ကူပေ။
"ချင်းရွှမ် နတ်တံခါးဆိုတာ သယံဇာတတွေ ပေါများတဲ့ နေရာ တစ်နေရာပဲလေ၊ ကျောက်စိမ်း ဘုရင်ကို ရှာလို့တွေ့မှာပါ၊ ဆရာသခင်ကယ်ယွမ်း စိတ်မပူပါနဲ့"
ဆရာသခင် တစ်ပါးက ပြောလိုက်ပြန်သည်။
သူတို့အားလုံးသည် စကားများစွာ ပြောနေကြသည့်တိုင် ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ နတ်ဘုရား အဘိုးအိုအကြောင်းကို တစ်လုံးမှ မပြောကြပေ။ အမှန်တော့ ဆန်းလျန် နတ်ဘုရားတစ်ပါး အဖြစ် တက်ရောက်နိုင်ခဲ့သည့် နေ့သည် နတ်ဘုရားအဘိုးအို လောကမှ ထွက်ခွာ သွားသည့်နေ့ပင် ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါးမှလူများမှာ သာမန် မဟုတ်သည့် ကျင့်ကြံသူများ ဖြစ်သည့်တိုင် နတ်ဘုရား အဘိုးအိုအတွက် စိတ်မကောင်း ဖြစ်နေကြဆဲ ဖြစ်သည့်အတွက် နတ်ဘုရား အဘိုးအို အကြောင်းကို မပြောကြခြင်း ဖြစ်လေသည်။
ယခုတော့ နှစ်ပေါင်းအတန်ပင် ကြာခဲ့ပြီ။
ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်နေရာကို ရယူပြီးကတည်းက ဆရာသခင် ကျန်းရော့ရွှီးလောက် တတ်သိ နားလည်မှုမရှိသည့်တိုင် သူ၏ မွေးရာပါစိတ်ထား ကောင်းမွန်မှုနှင့် မြင့်မားသည့် တန်ခိုးစွမ်းအားများဖြင့် ချင်းရွှမ်နတ်တံခါးကို တတ်နိုင်သမျှ ကြိုးစား အုပ်ချုပ် ပေးခဲ့လေသည်။
မည်သို့ပင် ဖြစ်စေ ဆန်းလျန်သည် ယခင့်ယခင် ဂိုဏ်းချုပ်များ ထက်တော့ သာလွန်သူ တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်၏ ဂုဏ်သရေရှိမှုနှင့် စိတ်ထား မြင့်မြတ်မှုများကို ဆရာသခင်များက နားလည် သဘောပေါက် ကြလေသည်။ ထို့ပြင် သူတို့အားလုံးက ဆန်းလျန်ကို လေးစားသလို အားကိုး အားထားလည်း ပြုကြလေသည်။
ထို့ကြောင့် တာအိုဆရာယွိက ကျောက်စိမ်းနန်းတော် တည်ဆောက်ရန် ပြောသည့်အခါ အခြားသော ဆရာသခင်များကလည်း သဘောတူကြခြင်း ဖြစ်လေသည်။
"ဆရာသခင်တို့ အားလုံးရဲ့ စေတနာကို ကျုပ်လေးစားမိပါတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ ဆရာဘွားဘွားတောင် ကျောက်သား ခန်းမဆောင်နဲ့နေတာ၊ သူ့ရဲ့ မြေးတပည့် ဖြစ်တဲ့ကျုပ်က ဘာလို့ ကျောက်စိမ်းနန်းတော်နဲ့ နေရမှာလဲဗျာ"
တာအိုဆရာယွိမှာ ဆန်းလျန်၏ စကားကြောင့် များစွာ အံ့သြ သွားလေသည်။ သူက ဂိုဏ်းချုပ်က ကျောက်စိမ်းနန်းတော် မဆောက်လုပ်မည်ကို စိတ်ပူသွားကာ စကား ဆက်ပြော လိုက်သည်။
"ကျိလင်နတ်သမီးက နတ်ဘုရားအဖြစ် နှစ်ခါတောင် အဆင့်တက်ရောက် နိုင်ခဲ့တဲ့သူပါ၊ သူမရဲ့ စိတ်ဓာတ် ခိုင်မာမှုက နောက်လူတွေ အတွက် အတုယူစရာ ကောင်းပါတယ်၊ ဒီတော့ တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းနန်းတော် နှစ်ခုကို တည်ဆောက် လိုက်လည်း ရတာပဲမဟုတ်လား၊ အခြား နတ်ဘုရားဂိုဏ်းက လူတွေသာ ဒီသတင်းကိုကြားရင်း ကျုပ်တို့ကို ချီးကျူး ဂုဏ်ပြုကြမှာ အသေအချာပဲ"
ဆရာဘိုးဘိုး ကယ်ယွမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း….
"ကျောက်စိမ်းနန်းတော်တစ်ခုဆောက်ဖို့တောင် တော်တော်ကြိုးစားရမှာ၊ နှစ်ခုဆိုရင်တော့ ပြောစရာတောင် မရှိတော့ဘူး၊ အဲဒီ ကျောက်စိမ်းဘုရင် အသားဆိုတာက ပါးစပ်က ပြောလိုက်ရုံနဲ့ ရလာမယ့် အရာလို့ များထင်နေသလား"
တာအိုဆရာယွိက ပြုံးလိုက်ရင်း…
"စိတ်မပူပါနဲ့ ဆရာသခင် ကယ်ယွမ်း၊ ကျောက်စိမ်းဘုရင်ဆိုတာ ရှာရခက်ပေမယ့် ကျုပ်မှာ နည်းလမ်းရှိပါတယ်"
ဆရာသခင်ယွိ၏ စကားကို အားလုံးက စိတ်ဝင်စား သွားကြလေသည်။
တာအိုဆရာယွိကလည်း အခြား ဆရာသခင်များက စိတ်ဝင်စားနေသည်ကို သိသည့်အတွက် အချိန်ဆွဲ မနေတော့ဘဲ စကား ဆက်ပြောလိုက်သည်။
"ဂိုဏ်းတူညီအစ်ကိုတို့၊ ကျောက်စိမ်း ဘုရင်အသားဆိုတာ ခွန်စန်းတောင်မှာရှိတယ် ဆိုတာ ကြားဖူးကြတယ် မဟုတ်လား"
ဟုန်ချန်းယာက သူ၏ မုတ်ဆိတ်မွေးများကို တစ်ချက် သပ်လိုက်ရင်း…
"အင်း… ဒါပေမယ့် ခွန်စန်းတောင်ဆိုတာ ရှာရခက်တဲ့နေရာ တစ်ခုပဲ၊ ခွန်စန်းတောင် တည်နေရာကို မင်းက သိလို့လား"
"ဒါပေါ့၊ ခွန်စန်းတောင် ဘယ်နေရာမှာလဲ ဆိုတာ ကျုပ်ကောင်းကောင်း သိတာပေါ့၊ ကျုပ်တို့က ခွန်စန်းတောင်ကို ရောက်အောင် သွားနိုင်ဖို့ပဲ လိုအပ်တယ်၊ ပြီးရင် ကျောက်စိမ်း ဘုရင်အသားကို ရှာကြတာပေါ့"
ထိုအချိန်တွင် ကောင်းကင်ထက်မှ ငှက်ငယ်လေး တစ်ကောင် ဆင်းသက်လာပြီး ဆန်းလျန်၏ ခြေဖမိုးနားတွင် ဝပ်တွား နေလေသည်။ ထိုငှက်လေးက ကျီကျီကျာကျာ အော်ဟစ်လိုက်သည့် အတွက် ဆရာသခင်များမှာ စကားစ ပြတ်သွားရလေသည်။
ထိုငှက်လေးမှာ ချမ်းမော့ပင် ဖြစ်လေသည်။ သူမသည် ယခုတော့ ချင်းရွှမ်တွင် ပျော်ရွှင်နေပြီ ဖြစ်လေသည်။ ဝိညာဉ်စွမ်းအား အပင်များ၊ ပန်းပွင့်များနှင့် သစ်ပင်များကို ဖျက်ဆီးတတ်နေပြီ။ ထို့ပြင် ချမ်းမော့၏ နှောင့်ယှက်ခြင်းကို မခံရသည့် ဆရာသခင်များနှင့် တပည့်များ မရှိသလောက်ပင် ဖြစ်လေသည်။ သူမသာ ဂိုဏ်းချုပ်မွေးထားသည့် ဝိညာဉ် စွမ်းအားသားရဲလေး မဟုတ်ခဲ့လျှင် အမြင်ကတ် ပုဒ်မဖြင့် အမွှေးနှုတ်ကာ ကြော်စားခံရမည်မှာ ကျိန်းသေပင်။
ဆန်းလျန်အနေဖြင့် ခွန်စန်းတောင် အကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပါ။ တုန်းယီမျိုးနွယ်စုမှ ကျိမုန်ဆိုသည့် လူငယ်နှင့် ဆုံတွေ့ခဲ့စဉ်က ခွန်စန်းတောင်မှ ငှက်လူသားကိုပင် မြင်တွေ့ခဲ့ရသေးသည်။
မည်သို့ပင်ဖြစ်စေ ခွန်စန်းတောင်သည် လျှို့ဝှက် ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့် တောင်တစ်တောင် ဖြစ်သည့် အတွက် တောင်ခြေသို့ ရောက်ရန်ပင် ခက်ခဲလွန်းလှလေသည်။
သို့သော် ချမ်းမော့ကတော့ ထိုနေရာကို အလွန်သွားချင်နေပုံ ရလေသည်။
သူမကို ဆန်းလျန် မွေးထားခဲ့ပြီးသည့် နောက်ပိုင်း ချမ်းမော့သည် သူမဖြစ်ချင်သည့် ဆန္ဒကို ထုတ်ဖော် ပြသခဲ့လေသည်။ ယခုတော့ သူမက ယခုတော့ ဆန်းလျန်၏ ခြေဖမိုးကို ဝပ်တွားကာ တောင်းပန် နေသကဲ့သို့ပင် ရှိလေသည်။ ဆန်းလျန်အနေဖြင့် ကျင့်စဉ်လမ်း အောင်မြင်ခဲ့ခြင်းမှာ ချမ်းမော့နှင့် များစွာ ဆက်စပ်နေလေသည်။ ထို့ကြောင့် ဆန်းလျန်သည် သူမ၏ ဆန္ဒကို မငြင်းဆန်ချင်ပေ။
ထို့ကြောင့် ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
"ဒါဖြင့်လည်း ဆရာသခင်ယွိကိုပဲ ဒုက္ခပေးရတော့မှာပဲ၊ ခွန်စန်းတောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျောက်စိမ်းစာလိပ်နဲ့ ရေးသားပြီး ကျုပ်ဆီကို ပို့ပေးပါ၊ ဆရာဘွားဘွား အတွက် ကျောက်စိမ်း နန်းတော်တစ်ခု ဆောက်လုပ်ပေးနိုင်ရင် တော်ပါပြီ"
ကျောက်စိမ်း၏ ပင်ကိုသတ္တိမှာ စိတ်ကို ငြိမ်ချမ်းစေပြီး နှလုံးသားကို တည်ငြိမ် စေလေသည်။ အထူးသဖြင့် ကျောက်စိမ်းဘုရင်က ပိုပြီး အစွမ်းသတ္တိနှင့် ပြည့်ဝလေသည်။ သူ့အနေဖြင့် ကျိလင်နှင့် ချင်းရှောင်း၏ ပြဿနာကို မဖြေရှင်း ပေးနိုင်သည့်တိုင် ဆရာဘွားဘွားကို အေးဆေး ငြိမ်သက်သည့် နေရာတွင် ထားနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်နှင့် ဆုံတွေ့ပြီးသည့်နောက် ကျိလင် နတ်သမီးသည် စည်းကမ်း ပိုမို တင်းကျပ်စွာဖြင့် နေထိုင်ခဲ့လေသည်။ ကူးချိုင်ဝေ့သည်ပင်လျှင် ဆရာဘွားဘွားနှင့် တွေ့ခွင့် မရတော့ပေ။
ဆန်းလျန် သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်မိလေသည်။
သူ ဂိုဏ်းချုပ်နေရာကို ရယူသည့် အချိန်တွင် ပိုင်စုဟွမ်က ကန့်ကွက်ခဲ့လေသည်။ ထိုအချိန်တွင် ချင်းရှောင်းက သူ့ကို ကူညီခဲ့လေသည်။
သို့သော် ချင်းရွှမ်နတ်တံခါးသို့ သူစတင် ဝင်ရောက်သည့် အချိန်တွင် သူ့ကိုကူညီခဲ့သူက ကျိလင် ဖြစ်လေသည်။
ထို့ကြောင့် ကျိလင်နှင့် ချင်းရှောင်းတို့ နှစ်ယောက်လုံးကို မည်သို့ ပြဿနာ ဖြေရှင်းပေးရမည်ကို ဆန်းလျန်လည်း သိရှိနိုင်ခြင်း မရှိတော့ပေ။
***