အစီအစဉ်
Vol. 4 Ch. 356
တာအိုဆရာယွိက ခွန်စန်းတောင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ကျောက်စိမ်း စာလိပ်တွင် ရေးသားကာ ဆန်းလျန်ဆီသို့ ပို့ပေးလိုက်လေသည်။
တစ်ချိန်တုန်းက တာအိုဆရာယွိသည် ခွန်စန်းတောင်သို့ ဝင်ရောက်သည့် လျှို့ဝှက် ဆက်သွယ်မှု လမ်းကြောင်းတစ်ခုကို မထင်မှတ်ဘဲ တွေ့ရှိခဲ့လေသည်။ သို့သော် ခွန်စန်းတောင် ဆိုသည်က အလွန် အစွမ်းထက်သည့် ထူးဆန်းသော သူများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်လေသည်။ သူ၏ ကျင့်စဉ်လမ်း အဆင့်ဖြင့်ပင် ထိုနေရာသို့ တစ်ယောက်တည်း ဝင်ရောက်သွား၍ မဖြစ်နိုင်ပေ။
အစပိုုင်းတွင် သူက ထိုအကြောင်းကို မည်သူ့ကိုမှ ပြောမပြခဲ့ပေ။ သို့သော် နောက်ပိုင်းတွင်တော့ သူ၏ တပည့်များ အားလုံးကို ထိုအကြောင်းကို လက်ဆင့်ကမ်း ပြောပြခဲ့လေသည်။ ယခုတော့ ထိုလျှို့ဝှက်ချက်ကို သူ၏ တပည့်အကျိုးအတွက် ရည်ရွယ်ကာ ဂိုဏ်းချုပ်ကို ပြောပြလိုက်ပြီ ဖြစ်လေသည်။
ဆန်းလျန်သည် တာအို ဆရာယွိရေးသားပေးသည့် ကျောက်စိမ်းစာလိပ်ကို ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်တွင် သိမ်းဆည်း ထားလိုက်လေသည်။ သူ့အနေဖြင့် ခွန်စန်းတောင်သို့ ချက်ချင်း သွားရန်မှာ မဖြစ်နိုင်သေးပေ။ သူ့အတွက် အခြားသောလုပ်စရာ ကိစ္စများရှိနေသေးသည်။
ပထမကိစ္စမှာ ချိုးရှီကို တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ပေးသင့် မပေးသင့် ဆိုသည့်ကိစ္စပင် ဖြစ်လေသည်။ ချိုးရှီသည် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ရှစ်ဆင့်ဖြင့် တက်ရောက်ပြီးခဲ့ပြီ ဖြစ်သည့်အတွက် ချင်းရွှမ် နတ်တံခါး၏ ဆရာသခင် တစ်ပါးအရာပင် ရောက်နေပြီ ဖြစ်လေသည်။ ချိုးရှီအနေဖြင့် ဆရာသခင် တစ်ပါးအဖြစ် အရည်အချင်း မပြည့်မီသေးလျှင်လည်း ရှင်သန်စေခြင်း ကျောင်းတော်တွင် ကူးချိုင်ဝေ့ကို ကူညီကာ တာအို တရားဟောပြောမှုများ ပြုလုပ်ပေးရန် စေလွှတ်နိုင်မည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ ဆန်းလျန်သည် ချိုးရှီကို တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် ပါဝင်ခွင့်ပြုရန် ဆုံးဖြတ် လိုက်လေသည်။ တာအိုအရည်အချင်း စစ်ပြိုင်ပွဲတွင် ကျောက်စစ်မင်ကို အနိုင်ရနိုင်သူမှာ ချိုးရှီသာလျှင် ရှိလေသည်။ ချိုးရှီကိုသာ ရှုံးနိမ့်ခဲ့ပါက ကျောက်စစ်မင် အနေဖြင့် မာန်ကျသွားဖွယ်ရာ ရှိလေသည်။ သို့သော် သူ့အနေဖြင့် အရှုံး၏ ထိုးနက်မှုကို ကြံ့ကြံ့ခံနိုင်မည်ဟု ဆန်းလျန်က မျှော်လင့် ထားလေသည်။
ဒုတိယကိစ္စမှာ လင်ထိုင်တာအို ပြိုင်ပွဲဖြစ်လေသည်။ လင်ထိုင်တာအို ပြိုင်ပွဲပြုလပ်ရန် ခြောက်နှစ်ခန့်သာ လိုတော့သည်။ ထူးချွန်သည့် တပည့်များ မရှိခဲ့သည့် အတွက် ချင်းရွှမ် နတ်တံခါးသည် လင်ထိုင်တာအို ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရလေသည်။ လင်ထိုင်တာအို ပြိုင်ပွဲတွင် ချင်းရွှမ် နတ်တံခါးသည် အလှောင်အပြောင် ခံခဲ့ရရုံသာမက လူအများ၏ လေးစားမှုကိုပါ ဆုံးရှုံးခဲ့ရလေသည်။ ယခုအကြိမ် လင်ထိုင်တာအို ပြိုင်ပွဲတွင်တော့ အခြေအနေကို ပြောင်းလဲပစ်ရန် ဆန်းလျန်က ဆုံးဖြတ် ထားလေသည်။
ဂိုဏ်းတူအစ်ကို ချန်ကျန့်မေသာ နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်ခဲ့လျှင် ချင်းရွှမ်နတ်တံခါးသည် လင်ထိုင်တာအို ပြိုင်ပွဲတွင် ပထမနေရာကိုပင် ရရှိနိုင်ရန် မျှော်လင့်ချက် ရှိမည် ဖြစ်သည်။ သို့သော် ချန်ကျန့်မေ ပျောက်ဆုံးနေသည့် အတွက် ထိုအချက်မှာ မဖြစ်နိုင်တော့ပေ။
သို့သော် ဆန်းလျန် ကိုယ်တိုင်က နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့သည့်အတွက် ချင်းရွှမ်နတ်တံခါး အနေဖြင့် ကံကောင်းသည်ဟု ဆိုနိုင်လေသည်။
တတိယကိစ္စမှာ ရဲ့လျိုယွင်၏ ကိစ္စဖြစ်လေသည်။ ရဲ့လျိုယွင်က မိုးကောင်းကင် တောင်ဘက်တံခါးမှ ကျင်းချွယ် ကျောက်စိမ်း စာအုပ်ကို ယူပေးရန် သူ့ကို အကူအညီ တောင်းထားသေးသည်။ သို့သော် ကိစ္စရပ်နှစ်ခု တိုက်ဆိုင်လာပါက ဆန်းလျန်က လင်ထိုင်တာအို ပြိုင်ပွဲကိုပင် ဦးစားပေးမည် ဖြစ်လေသည်။
စတုတ္ထကိစ္စမှာ ချန်ပေသို၏ ခြိမ်းခြောက်မှုပင် ဖြစ်လေသည်။ ဆန်းလျန်သည် နှစ်ပေါင်းရာနှင့် ချီပြီး ကျင့်ကြံလျှင်တောင်မှ ဓားသိုင်းပညာတွင် ချန်ပေသိုကို မီနိုင်ဦးမည် မဟုတ်ပေ။ သို့သော် ကံကောင်းစွာဖြင့်ပင် ချန်ပေသိုကလည်း သူ့ကို စိန်ခေါ်မှု မပြုလုပ်ခဲ့သေးပေ။
ချန်ပေသိုကို အနိုင်ယူခဲ့သည့် ဓားသူတော်စင် ကျီဝေးမှာ မည်မျှ ဓားသိုင်းပညာ ထက်မြက်သူ ဖြစ်ပါသနည်းဟု ဆန်းလျန် တွေးနေမိလေသည်။
ဆန်းလျန် အတွေး ရေယာဉ်ကြောတွင် နစ်မျောနေဆဲ….
တာအိုကျောင်းဆောင် အပြင်ဘက်တွင် လေအေးများ တိုက်ခတ် နေလေသည်။ လမင်းက ကောင်းကင်ထက်တွင် မြင့်မားစွာဖြင့် ထွန်းလင်းနေလေ၏။
ညကောင်းကင်ထက်တွင် ငှက်ငယ်လေးနှစ်ကောင် ပျံသန်း နေကြလေသည်။
ချမ်းမော့နှင့် ရှောင်ရွှင်ပင် ဖြစ်လေသည်။
ရှောင်ရွှင်မှာ သာမန်ငှက်လေး တစ်ကောင်မျှသာ ဖြစ်လေသည်။ ထိုက်ယီတောင်ထိပ်တွင် ဝိညာဉ်စွမ်းအားများ အလွန်ပြည့်ဝ နေသည့်တိုင် သူ့အတွက်တော့ လူသားအသွင် ပြောင်းလဲနိုင်ရန် ခက်ခဲနေသေးသည်။ ရှောင်ရွှင်အနေဖြင့် လူသားအသွင် ပြောင်းလဲနိုင်ရန် အတွက် နှစ်ပေါင်းရာနှင့်ချီပြီး ကြာမြင့်ဦးမည် ဖြစ်လေသည်။
ရှောင်ရွှင်သည် ချမ်းမော့နှင့်ပေါင်းပြီး ချင်းရွှမ်မှ ဝိညာဉ်စွမ်းအား ဆေးလုံးများကို ခိုးယူ စားသောက်လေ့ ရှိလေသည်။ ထို့ကြောင့် ရှောင်ရွှင်မှာ အလွန်မှ ကျန်းမာဝဖြိုးပြီး သန်မာသည့် ငှက်ကြီးတစ်ကောင် ဖြစ်နေခဲ့လေသည်။ အမွေးအတောင်လှလှ၊ အသံကျယ်ကျယ်ဖြင့် ချမ်းမော့၏ သစ္စာရှိ နောက်လိုက် ငှက်တစ်ကောင် ဖြစ်နေခဲ့လေသည်။
ဆန်းလျန်က ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ချမ်းမော့ကို လှမ်းကြည့် လိုက်လေသည်။ ဝိညာဉ် စွမ်းအားဆေးလုံးများကို စားထားသည့်အတွက် ချမ်းမော့၏ အစိမ်းရောင် အမွေးအတောင်များမှာ တောက်ပချောမွေ့ကာ အလွန်လှပ နေလေသည်။ လရောင်က ချမ်းမော့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး ချမ်းမော့၏အလှမှာ ဒဏ္ဍာရီ ဆန်လွန်းလှလေသည်။
ဆန်းလျန်က ချမ်းမော့ကို ကယ်တင်ခဲ့သည့် အချိန်တွင် ချမ်းမော့သည် ဒဏ်ရာ ရရှိထားလေသည်။ ချမ်းမော့ကဲ့သို့ ထူးဆန်းသည့် ငှက်ငယ်လေးသည် အဘယ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသနည်း။ ထိုအကြောင်းအရာသည် ဆန်းလျန် မသိမြင်နိုင်သည့် အကြောင်းအရာ ဖြစ်လေသည်။ သူက အတိတ်ကို ခန့်မှန်းသည့် နည်းလမ်းဖြင့် ချမ်းမော့ကို ခန့်မှန်းကြည့်သည့်တိုင် ချမ်းမော့ထံမှ ထူးဆန်းသည့် စွမ်းအားတစ်ခုက ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများကို ကာကွယ်ထားသည့် အတွက် ဆန်းလျန်မှာ ချမ်းမော့၏ အကြောင်းများကို မည်သို့မျှ မသိနိုင် ဖြစ်နေရလေသည်။
ဆန်းလျန်သည် ရှေးဟောင်း စာအုပ်စာပေများစွာကို ဖတ်ခဲ့သည့်တိုင် ချမ်းမော့၏ ဇာစ်မြစ်ကို သိရှိနိုင်ခြင်း မရှိခဲ့ပါ။ ချမ်းမော့၏ ထူးဆန်းသည့် တန်ခိုးစွမ်းအားသည် ယင်နှင့်ယန် စွမ်းအားကို ဒြပ်စင်စွမ်းအား ငါးမျိုးအဖြစ် ပြောင်းလဲနိုင်လေသည်။
ဆန်းလျန်က သူမကို ကြည့်နေသည်ကို သတိပြုမိသည်နှင့် ချမ်းမော့သည် ဆန်းလျန်၏ ပခုံးထက်သို့ ဆင်းသက်လာလေသည်။
ဝိညာဉ်စွမ်းအား ဆေးဝါးများကို စားသောက်ထားသည့် အတွက် ရှောင်ရွှင်မှာ ချမ်းမော့ထက် ပိုပြီး အကောင်ကြီးနေပြီး သိမ်းငှက် တစ်ကောင်အလား ကောင်းကင်ထက်တွင် ပျံသန်းနေလေ၏။
သို့သော် ချမ်းမော့ကတော့ ဝိညာဉ်စွမ်းအား ဆေးဝါးများကို မည်မျှပင် စားထားပါစေ သူမ၏ အရွယ်အစားကတော့ ပုံမှန်အတိုင်းပင် ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်ကလည်း ချမ်းမော့ကို သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများဖြင့် အားဖြည့် ပေးလေ့ ရှိလေသည်။
အမှန်တော့ ချမ်းမော့၏ တန်ခိုးစွမ်းအားများ အရဆိုလျှင် နတ်မိစ္ဆာဘုရင် တစ်ပါးပင် ဖြစ်နိုင်နေပြီ ဖြစ်လေသည်။ သို့သော် သို့သော် ချမ်းမော့သည်ကား မပြောင်းမလဲပင် တည်ရှိ နေလေသည်။
ထိုအချိန် ရော့ရှီက ဆန်းလျန်အနားသို့ ရောက်ရှိလာလေသည်။ သူမသည် ဆန်းလျန်ကို တစ်ခုခု ခွင့်တောင်းချင်နေပုံ ရသည့်အတွက် ဆန်းလျန်က ရော့ရှီကို လှည့်ကြည့်လိုက်သည်။
"ရှီအော်၊ သမီးမှာ ဦးလေးကို ပြောစရာ တစ်ခုခုများ ရှိနေသလား"
"သမီးရော တာအို အရည်အချင်းစစ်ပြိုင်ပွဲ ဝင်ပြိုင်လို့ ရနိုင်မလား"
ရော့ရှီက မေးလိုက်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"သမီးပြိုင်ချင်ရင် ဝင်ပြိုင်ပေါ့၊ ဒါပေမဲ့ ပြိုင်ပွဲဝင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ပထမဆု ရအောင် ကြိုးစားရမယ်နော်"
ရော့ရှီလေးက တာအို အရည်အချင်း စစ်ပြိုင်ပွဲကို စိတ်ဝင်စားလိမ့်မည်ဟု ဆန်းလျန် မျှော်လင့် မထားမိပေ။ သို့သော် တာအို အရည်အချင်း စစ်ပြိုင်ပွဲသို့ သူမ ဝင်ပြိုင်မည်ဆိုလျှင် သူမ၏ ကျင့်စဉ်လမ်း အဆင့်အတန်းကို တွေ့မြင်ရမည် ဖြစ်လေသည်။
တာအို အရည်အချင်းစစ် ပြိုင်ပွဲကို ထိုက်ယီ တောင်ထိပ်တွင် ကျင်းပမည် ဖြစ်လေသည်။
ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ လေထဲတွင် တိမ်လွှာ ကွင်းပြင်တစ်ခုကို ဖန်ဆင်း ထားလေသည်။ ထိုတိမ်လွှာကွင်းပြင်မှ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ နတ်ဘုရား ဈေးပွဲတော် ကျင်းပရာ တိမ်တိုက်နန်းတော်နှင့် ဆင်တူလေသည်။
ဆန်းလျန်သည် ပျောက်ဆုံးနေသည့် ကျူးထျန်းတိမ်လွှာ ကျင့်စဉ်ကို ကျင့်ကြံနေသည်မှာ လမ်းတစ်ဝက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထို့ကြောင့် တိမ်လွှာကွင်းပြင်ကို လေထဲတွင် ဖန်ဆင်းနိုင်ခြင်း ဖြစ်လေသည်။
ဆန်းလျန်အနေဖြင့် နတ်ဘုရား တစ်ပါးဖြစ်လာ ပြီးသည့်နောက်ပိုင်း တာအိုကျင့်စဉ်များနှင့် တန်ခိုး စွမ်းအား ကျင့်စဉ်များကို လွယ်ကူလျှင်မြန်စွာဖြင့် ကျင့်ကြံ နိုင်လေသည်။ သာမန် ကျင့်ကြံသူများ ဆိုလျှင်တော့ ဆန်းလျန်ကဲ့သို့ ကျင့်ကြံနိုင်မည် မဟုတ်ပေ။ သူတို့သည် ဆန်းလျန်ကဲ့သို့ ကျင့်ကြံနိုင်ရန် ကြိုးစားပါကလည်း ကိုယ့်ဒုက္ခကိုယ် ရှာသလိုသာ ဖြစ်ပေလိမ့်မည်။
တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တပည့်များသည် ထိုက်ယီ တောင်ထိပ်သို့ အသီးသီး ရောက်ရှိလာကြလေသည်။
စိုကျင့်က သူ၏ဓားရှည်ကို ပခုံးထက်တွင် အသာထမ်းလိုက်ပြီး စိုရွှမ်ကို စကား စပြောလိုက်သည်။
"အစ်ကို၊ ငါတို့ နှစ်ယောက်တည်းက တစ်ယောက်တော့ ထိပ်တန်း ရှစ်ယောက်ထဲမှာ ပါဝင်နိုင်မယ် ထင်တယ်နော်၊ ဂိုဏ်းချုပ်က ထိပ်တန်း ရှစ်ယောက်ထဲမှာပါရင် ဘာတွေများ ဆုချမှာလဲ မသိဘူး"
စိုကျင့်၏ စကားကြောင့် စိုရွှမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူက စိုကျင့်၏စကားကို တစ်ချက်ပင် အရေးမစိုက်ပေ။
စိုကျင့်က စိုရွှမ်၏ အမူအရာကြောင့် ရယ်မောလိုက်သည်။
သူက တာအိုပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် တိမ်လွှာကွင်းပြင်ကြီးကို ငေးကြည့်နေရင်း အခြားသော တပည့်များ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေလေသည်။
ထိုအချိန်မှာပင် ဓားဝိညာဉ် တစ်ခုကို စီးနှင်ကာ တည်ကြည် လေးနက်သည့် မျက်နှာထားဖြင့် တပည့်တစ်ယောက် ရောက်ရှိလာလေသည်။ ထိုသူမှ ချိုးရှီပင်ဖြစ်လေသည်။
စိုကျင့်က ချိုးရှီကို ခင်ခင်မင်မင်ဖြင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူညီလေးချိုးရှီ၊ မင်းက ဒီသုံးနှစ်အတွင်းမှာ အရမ်းကို တိုးတက်လာပါလား၊ ဒီက တပည့်တွေ အားလုံး မင်းရဲ့ဓားသိုင်းပညာကို ယှဉ်ပြိုင် နိုင်ကြပါတော့ မလားတောင် ထင်ရတယ်"
စိုကျင့်၏ စကားကြောင့် ချိုးရှီ၏ မျက်ခုံးများ မြင့်တက်သွားပြီး…
"ဂိုဏ်းတူအစ်ကိုစိုကျင့်၊ အစ်ကိုကတော့ နောက်နေပြန်ပါပြီ၊ ဂိုဏ်းချုပ်က ကျုပ်ကို ဓားသိုင်း ပညာတစ်ခု သင်ပေးထားတယ် ဆိုပေမယ့် ကျုပ်အနေနဲ့ အများကြီး ကြိုးစားဖို့ လိုနေပါသေးတယ်ဗျာ"
စိုကျင့်က ပြုံးရုံပဲ ပြုံးနေပြီး မည်သည့်စကားမှ မပြောတော့ပါ။
ယခုတလော ချိုးရှီ၏ ပုံစံမှာ အလွန်မှ တည်ကြည် ခန့်ညားနေလေသည်။ ချိုးရှီ၏ ထူးထူးခြားခြား ပြောင်းလဲသွားမှုကို စိုကျင့် သတိပြုမိနေသည်မှာ ကြာပြီ ဖြစ်လေသည်။
ချိုးရှီသည် ဟိုင်သန်း အဆင့်အောင်မြင် ထားသည်ကို လျှို့ဝှက် ထားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို မနာလိုသည့်သူများက ဒုက္ခပေးကြမည်ကို မဖြစ်စေချင် သေးသောကြောင့် ဖြစ်လေသည်။
တဖြည်းဖြည်းဖြင့် သူ၏ တန်ခိုးစွမ်းအားများကို ပြသကာ တပည့်များ၏ ကြားတွင် ဂုဏ်သိက္ခာ တစ်ခုကို တည်ဆောက်နိုင်မှ သူ၏ အကြောင်းကို ထုတ်ဖော်ပြသရန် စိတ်ကူး ထားလေသည်။
အမှန်တော့ ချိုးရှီသည် တပည့်များကြားတွင် အလားအလာနည်းသူ တစ်ယောက် ဖြစ်ခဲ့လေသည်။ သို့သော် မထင်မှတ်စွာဖြင့်ပင် ဟိုင်သန်းအဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး ချင်းရွှမ် နတ်တံခါး၏ အကူအညီဖြင့် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်သည်အထိ မျှော်လင့် ထားမိလေသည်။
ထိုအချိန်မှာပင် ချိုးရှီ၏ စိတ်ထဲတွင် ဖိအားတစ်ခု သက်ရောက် လာသည်ကို ခံစား လိုက်ရလေသည်။
မိုးကြိုးသံများ ထွက်ပေါ်လာပြီး ဓားခြိမ်းသံ တစ်သံကိုလည်း ကြားလိုက်ရလေသည်။
***