← Chapters

မိုးကြိုးလက်ဝါးသိုင်း

Vol. 4 Ch. 357

မိုးကြိုးလက်ဝါးသိုင်း

Vol. 4 Ch. 357

ကောင်းကင်ထက်တွင် တိမ်တိုက်များ ရစ်သိုင်းနေပြီး လျှပ်စီးများက အဆက်မပြတ် လင်းလက် နေလေ၏။

လက်ဖျားထက်တွင် မိုးကြိုးစွမ်းအားကို ဖန်ဆင်းထားသည့် အနည်းငယ် ဝဖြိုးသည့် လူငယ်လေး တစ်ယောက် ကောင်းကင်ထက်တွင် ပေါ်လာလေသည်။ သူ၏လက်မှ မိုးကြိုး လျှပ်စီးများဖြင့် ဓားဝိညာဉ်ကို စီးနှင်လာသည့် တပည့်တစ်ယောက်ကို ပစ်ခတ်လိုက်လေသည်။

"ဂိုဏ်းတူညီလေး ကျားယိလီ၊ မင်းက အချိန်တိုတိုအတွင်းမှာ မိုးကြိုး လက်ဝါးသိုင်းကို အောင်မြင်သွားပြီပဲ၊ တာအိုဆရာယွိရဲ့ စန်းရှောင်ကျင့်စဉ်ဟာ တကယ့်ကို ကြောက်စရာ ကောင်းပါပေတယ်"

စိုကျင့်က ကျားယိလီကို ချီးကျူး စကား ဆိုလိုက်လေသည်။

ချိုးရှီက မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ ကျားယိလီသည် မိုးကြိုး လက်ဝါးသိုင်းကို ပေါ့ပေါ့ပါးပါးဖြင့် အသုံးပြုနေခြင်း မဟုတ်ပေ။ မိုးကြိုးစွမ်းအားကို အသုံးပြုထားရသည့် အတွက် သူ၏ နဖူးထက်ပင် ချွေးစများပင် ထွက်နေလေသည်။ မိုးကြိုး လက်ဝါးသိုင်းဆိုသည်က ကျင့်ကြံသူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ မိုးကြိုးလျှပ်စီးများကို ဖန်ဆင်းရသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ထိုအချိန်တွင်ပင် ကောင်းကင်ထက်တွင် လျှပ်စီးများ တစ်ဖျတ်ဖျတ် လက်သွားပြီး မိုးကြိုးပစ်သံများ ထွက်ပေါ် လာပြန်လေသည်။ ဓားဝိညာဉ်ကို စီးနှင်လာသည့် တပည့်က ကျားယိလီကို ပြန်လည် တိုက်ခိုက် လိုက်ခြင်းပင် ဖြစ်လေသည်။

ဓားဝိညာဉ်ကို စီးနှင်လာသည့် တပည့်မှာ အခြားသူမဟုတ်ပေ။ ကျောက်စစ်မင်ပင် ဖြစ်လေသည်။

ကျောက်စစ်မင်သည် ထင်ထားသည်ထက် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားသူတစ်ယောက် ဖြစ်လေသည်။ သူက ကျားယိလီ၏ မိုးကြိုး လက်ဝါးသိုင်းကို ချက်ချင်းပင် ရှောင်တိမ်းကာ ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ကျောက်စစ်မင်က ကျားယိလီ၏ မိုးကြိုး စွမ်းအားများကို ပိတ်ဆို့ တားဆီး ထားလိုက်လေသည်။

ကျောက်စစ်မင်နှင့် ကျားယိလီ တိုက်ခိုက် နေကြသည်ကို မည်သည့် ဆရာသခင်ကမှ ဝင်ပါခဲ့ခြင်း မရှိပေ။

ကျောက်စစ်မင်က သူ၏ မိုးကြိုး ဓားဝိညာဉ်ဖြင့် စဆင် တိုက်ခိုက်လိုက်သည်နှင့် ကျားယိလီမှာ ထိတ်လန့် တုန်လှုပ် သွားရလေသည်။ သူ၏မျက်နှာမှာ စက္ကူဖြူ တစ်ရွက်အလား သွေးစုပ် ဖြူလျော် သွားလေသည်။ ချိုးရှီက သူတို့နှစ်ယောက်ကြားတွင် ဝင်ရောက်တားဆီးရန် စိတ်ကူး လိုက်မိသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက သူ့ကို အခြားသူများက အာရုံစိုက် လာကြမည်ကိုလည်း ချိုးရှီက မဖြစ်စေချင်ပေ။

သူဆုံးဖြတ်ချက် မချနိုင်ခင်မှာပင် မိုးကြိုး ပစ်ခတ်မှုများမှာ တဖြည်းဖြည်း ငြိမ်သက် သွားလေသည်။

ချိုးရှီမှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်တက် သွားရလေသည်။ ချိုးရှီမှ မဟုတ်ပါ။ အခြားသော တပည့်များ အားလုံးလည်း အံ့သြ မှင်တက်သွားကြလေသည်။

သူတို့ရှေ့တွင် မိန်းကလေးငယ် တစ်ယောက်ကို မြင်တွေ့ လိုက်ကြရလေသည်။ သူမ၏ ခြေဖဝါးအောက်တွင် အပြာရောင် ကြာပန်းများ ပွင့်လန်းနေလေသည်။ သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လျှပ်စီးများက အပြာရောင် ကြာပန်းများဆီသို့ သွားရောက် စုဝေးနေကြပြီး သူမ၏ ခြေဖဝါးအောက်တွင် လင်းလက် တောက်ပ နေကြလေသည်။

သူမသည် မိုးကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်သမီးငယ်လေး တစ်ပါးနှင့်ပင် ဆင်တူလေသည်။

မိန်းကလေးငယ်လေးမှာ အလွန်ငယ်ရွယ်လွန်းပြီး ခါးထိရှည်လျားသည့် ဆံနွယ်များမှာ လေထဲတွင် လွင့်နေလေသည်။ သူမ ဝတ်ဆင်ထားသည့် ဝတ်ရုံက ဖြူစင်ပြီး သပ်ရပ်လွန်းလေသည်။ သူမ၏ လှပသည့် မျက်နှာလေးမှာ လွန်စွာမှ အပြစ်ကင်းစင်လေ၏။

သူမသည် ကျောက်စစ်မင်၏ မိုးကြိုးဓားဝိညာဉ်နှင့် ကျားယိလီ၏ မိုးကြိုး လက်ဝါးသိုင်း စွမ်းအားများ အားလုံးကို သူမ၏ ခြေဖဝါးအောက်မှ အပြာရောင် ကြာပွင့်များဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။

ကျောက်စစ်မင်၏ ဓားမှာ တုန်ခါနေလေသည်။ သူက အပြာရောင် ကြာပန်းများ၏ ထိန်းချုပ်မှုကို ခုခံကာကွယ်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။

မိန်းကလေးငယ်သည် အလွန်စိတ်ရှုပ်သည့် မျက်ဝန်းများဖြင့် ကျောက်စစ်မင်နှင့် ကျားယိလီတို့ နှစ်ယောက်စလုံးကို စိုက်ကြည့်နေလေသည်။

လူတစ်ယောက်က သူမ၏ လက်ကို ကိုင်ထားလေသည်။ ထိုသူမှာ အခြားသူမဟုတ်။ ဂိုဏ်းချုပ် ဖြစ်သည့် ဆန်းလျန် ကိုယ်တိုင်ပင် ဖြစ်လေသည်။

ယခုမှ တပည့်အားလုံးက မိန်းကလေးငယ်မှာ ဂိုဏ်းချုပ် ခေါ်ဆောင်လာသည့် ဂိုဏ်းချုပ်၏ တူမလေး ဖြစ်ကြောင်း သိရှိ လိုက်ကြလေသည်။ မိန်းကလေးငယ်မှာ ပါရမီရှင် တစ်ယောက် ဖြစ်သည်ဟု ကြော်ကြားသူ ဖြစ်လေသည်။ ယခုတော့ တပည့်များ အားလုံးက သူမ၏ တန်ခိုးစွမ်းအားများကို မြင်တွေ့လိုက်ကြရပြီး သူမသည် သူတို့ထင်ထား သည်ထက်ပင် တန်ခိုးစွမ်းအားများ မြင့်မား နေသေးသည်။

ကျောက်စစ်မင်နှင့် ကျားယိလီတို့ နှစ်ယောက်သည် ကောင်းကင်ထက်မှ တိမ်လွှာ ကွင်းပြင်ဆီသို့ ချက်ချင်း ဆင်းသက်လာပြီး ဆန်းလျန်ရှေ့တွင် ဒူးထောက် လိုက်ကြလေသည်။

သူတို့နှစ်ယောက်မှာ ချင်းရွှမ် နတ်တံခါး၏ စည်းကမ်းကို ဖောက်ဖျက်ကာ အချင်းချင်း တိုက်ခိုက် နေကြသည့် အဖြစ်အပျက်မှာ ယခုတော့ ဂိုဏ်းချုပ်ရှေ့တွင် ပက်ပင်း တိုးမိကြပြီ ဖြစ်သည်။

ထိုကြောင့် သူတို့နှစ်ယောက်လုံးမှာ ကြောက်လန့်လျက် ရှိလေသည်။

"မင်းတို့ ဘာလို့ ဒူးထောက် နေကြတာလဲ"

ဆန်းလျန်က အေးဆေးစွာပင် မေးလိုက်သည်။

"ကျွန်တော် ဂိုဏ်းတူညီလေး ကျောက်စစ်မင်နဲ့ တိုက်ခိုက်ခဲ့မိပါတယ်၊ စည်းကမ်း ဖောက်ဖျက်မိတဲ့ အတွက် ဂိုဏ်းချုပ် အပြစ်ပေးပါ"

ကျားယိလီက တောင်းပန်စကား ဆိုလိုက်သည်။

"မင်းအသုံးပြုတဲ့ မိုးကြိုး လက်ဝါးသိုင်းကို ကြည့်ရတာ မင်းက စန်းရှောင်ကျင့်စဉ်ရဲ့ အဆင့်ကိုးကိုတောင် ရောက်နေပြီပဲ၊ စန်းရှောင်ကျင့်စဉ်နဲ့ နတ်ဘုရားအဖြစ် အဆင့်တက်လှမ်း နိုင်ခဲ့ကြတဲ့ ချုန်းဟယ်နတ်ဘုရား၊ လင်စုနတ်ဘုရားအပြင် ဆရာသခင် ကျိချန်တို့ကတော့ မင်းအတွက် သိပ်ကို ဝမ်းသာကြမှာပဲ"

ဆန်းလျန်က ပြောလိုက်သည်။

ချုန်းဟယ်နတ်ဘုရားမှာ စန်းရှောင်ကျင့်စဉ်ကို တီထွင်ခဲ့သည့် တည်ထောင်သူ နတ်ဘုရား ဖြစ်လေသည်။ လင်စုနတ်ဘုရားက ချုန်းဟယ် နတ်ဘုရား တီထွင်ခဲ့သည့် စန်းရှောင်ကျင့်စဉ်ကို အဆင့်ကိုးဆင့် ခွဲခြား သတ်မှတ်ပေးခဲ့သူ ဖြစ်လေသည်။ ဆရာသခင် ကျိချန်မှာတော့ စန်းရှောင် ကျင့်စဉ် အဆင့်ကိုးဆင့်လုံးကို အောင်မြင်သည်အထိ ကျင့်ကြံနိုင်ခဲ့သူ ဖြစ်လေသည်။ သူက လောက နတ်ဘုရား တစ်ပါးကိုပင် မိုးကြိုးလက်ဝါးသိုင်းဖြင့် အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်ပြီး ကျင့်ကြံသူလောကတွင် အလွန်နာမည် ကျော်ကြားခဲ့သူ ဖြစ်လေသည်။

ဆရာသခင်ကျိချန်မှာ တာအိုဆရာယွိ၏ ဆရာလည်း ဖြစ်လေသည်။

သို့သော် ဆရာသခင်ကျိချန်သည် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးတွင်တော့ နောင်တတရားများ ရင်ဝယ်ပိုက်ကာ သေဆုံးခဲ့ရလေသည်။

"ကျွန်တော်က ဆရာသခင်သုံးပါးနဲ့ ဘယ်ယှဉ်နိုင်မှာလဲ၊ ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုကို မခံယူဝံ့ပါဘူး"

ကျားယိလီက ပြန်ပြောလိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မနှိမ့်ချနေပါနဲ့၊ ကျုပ်က အမှန်ကိုပြောတာပါ၊ ဒါပေမဲ့ မိုးကြိုး လက်ဝါးသိုင်းဟာ အခြား ကျင့်စဉ်တွေထက် သာလွန်တဲ့ ကျင့်စဉ် တစ်ခုပဲ၊ ဒါကြောင့် ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့အခါမှာ စိတ်လိုက် မာန်ပါမလုပ်ဘဲ အေးဆေး တည်ငြိမ်တဲ့ စိတ်ထားထားနိုင်ဖို့ ကြိုးစားရမယ်၊ ဒါမှ မင်းကိုယ်တိုင်ရော အခြားသူတွေကိုပါ အန္တရာယ် ကင်းစေမှာပေါ့၊ အရင်တုန်းက မင်းက အရမ်းပျင်းပြီး သိပ်ပြီး ကျင့်ကြံခဲ့တဲ့သူမှ မဟုတ်တာ၊ ဒါပေမဲ့ အခုတော့ မင်းက ကြိုးစားလာပြီ၊ လူ့လောကကို သုံးနှစ် ခရီးထွက်သွားပြီးတဲ့နောက် မင်းက အများကြီး တိုးတက် လာတယ်၊ ဒါပေမဲ့ ဒီလိုတိုးတက်လာမှု အတွက်နဲ့တော့ ဘဝင်မြင့်လာတာမျိုး မဖြစ်စေနဲ့၊ ကိုယ့်ရင်ထဲက ဆန္ဒကို သေချာ စမ်းစစ်ကြည့်ပါ"

ဆန်းလျန်က ကျားယိလီကို အေးဆေးစွာပင် သင်ပြပေးလေသည်။

"ကျွန်တော် အမှားကို သိပါပြီ"

ကျားယိလီက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"အမှားကိုသိပြီဆိုတော့ တာအို အရည်အချင်းစစ် ပြိုင်ပွဲပြီးတာနဲ့ တံခါးပိတ် ကျင့်ကြံခြင်းကို ငါးနှစ်ပြုလုပ်ရမယ်၊ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ရဘူး၊ မိုးကြိုးလက်ဝါး သိုင်းကိုလည်း အသုံးမပြုရဘူး၊ စည်းကမ်း ဖောက်ဖျက်တာနဲ့ မင်းကို တောင်ပေါ်က နှင်ထုတ်ပစ်မယ်"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ကျားယိလီသည် ဆန်းလျန်၏ စကားကို မည်သို့ လွန်ဆန်နိုင်ပါမည်နည်း။ သူက ခေါင်းကို အသာ ညိတ်ပြလိုက်လေသည်။

ထို့နောက် ဆန်းလျန်က သူ့ရှေ့တွင် မတ်တတ် ရပ်နေပြီဖြစ်သည့် ကျောက်စစ်မင်ကို လှမ်းကြည့် လိုက်လေသည်။

"ကျွန်တော့်ဘက်က မှားတာမရှိဘူး၊ အခု တိုက်ခိုက်တဲ့ နှစ်ကြိမ်လုံးမှာ သူကပဲ စပြီး တိုက်ခိုက်ခဲ့တာ၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာပဲ ရှိတာ"

ကျောက်စစ်မင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆို လိုက်သည်။

သူ၏ မျက်ဝန်းများက တောက်ပနေပြီး ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။

"တာအို အရည်အချင်းစစ် ပြိုင်ပွဲပြီးတာနဲ့ ဝိညာဉ်မြစ်ထဲကနေ တစ်နေ့ကို မှော်ကျောက်တုံး သုံးခု ရှာပေးရမယ်၊ ပထမနေ့မှာ မှော်ကျောက်တုံး သုံးခုပြည့်အောင် မရှာနိုင်ခဲ့ရင် ဒုတိယနေ့မှာ သတ်မှတ်ချက် ပြည့်တဲ့အထိ ဆက်ရှာရမယ်၊ မင်းရဲ့အမှားကို နားလည်တဲ့ တစ်နေ့ကျရင် ကျုပ်ကို လာပြောရမယ်"

ထိုစကားကို ပြောပြီးသည်နှင့် ဆန်းလျန်သည် ရော့ရှီလေးကို ခေါ်ကာ ထွက်ခွာ သွားလေတော့သည်။

တပည့်အများစုမှာ ကျောက်စစ်မင်အတွက် စိတ်မကောင်း ဖြစ်သွားကြလေသည်။ ဝိညာဉ်မြစ်မှာ လူများမသွားသင့်သည့် နေရာတစ်ခု ဖြစ်လေသည်။ ဂိုဏ်းချုပ်ကဲ့သို့ ထူးဆန်းသည့် သူများသာလျှင် ဝိညာဉ် မြစ်ရေထဲတွင် အထိအခိုက်မရှိ သွားလာနိုင်ခြင်း ဖြစ်လေသည်။ ထိုဝိညာဉ် မြစ်ရေဖြင့်ထိမိလျှင် စိတ်ဝိညာဉ် နာကျင်ရသည့် ဒဏ်ကို မည်သူမျှ ခံနိုင်ရည် ရှိကြမည်မဟုတ်ပေ။

ဝိညာဉ်မြစ်ရေနှင့် ထိမိသည့်အခါ ခံစားရသည့် စိတ်ဝိညာဉ် နာကျင်မှုမှာ ထောင်ပေါင်း များစွာနှင့် လှီးဖြတ် ခံရသည်ထက်ပင် ပိုပြီးနာကျင်ရကြောင်း တပည့်များ အားလုံး သိရှိကြလေသည်။

အဝေး တစ်နေရာတွင်တော့ ဆရာဘိုးဘိုး ကယ်ယွမ်းနှင့် ဆရာဘိုးဘိုး ဟုန်ချန်းယာတို့သည် အဖြစ်အပျက်များ အားလုံးကို ကြည့်နေကြလေသည်။

ဟုန်ချန်းယာက ရယ်မောလိုက်ရင်း…

"ဒီနေ့ ဂိုဏ်းချုပ် ဒီလိုဆုံးဖြတ်ချက် ချလိုက်တာကြောင့် နောက်အနှစ် နှစ်ဆယ်ဆိုရင် ကျုပ်တို့ ချင်းရွှမ်နတ်တံခါးမှာ အရည်အချင်းရှိတဲ့ တပည့်နှစ်ယောက် ကျိန်းသေ ပေါ်ထွက် လာတော့မယ်"

"ဂိုဏ်းချုပ်က အမြဲတမ်း သူတစ်ပါးအပေါ်မှာ ဂရုဏာတရား ကြီးမားတဲ့ သူပဲ၊ ဒီလူငယ် နှစ်ယောက် လမ်းမှား မရောက်အောင် သူက သွန်သင်ပေးခဲ့တာပဲ"

ကယ်ယွမ်းက ပြန်ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် ချင်းရွှမ်နတ်တံခါးဟာ ဂိုဏ်းချုပ်ရဲ့ လက်ထက်မှာ ပြန်လည် တိုးတက် လာတာကို မြင်တွေ့ရတော့မှာပဲ"

ဟုန်ချန်းယာက ပြန်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ကယ်ယွမ်းက မည်သည့်စကားမှ ပြန်မပြောတော့ပါ။

ချင်းရွှမ်နတ်တံခါးတွင် ဆန်းလျန်နှင့် ချန်ကျန့်မေကဲ့သို့သော ပါရမီရှင်များ နောက်ထပ် ပေါ်ထွက် လာနိုင်မည် မဟုတ်ပေ။ သို့သော် ထူးချွန် ထက်မြက်သည့် တပည့်များကတော့ ပေါ်ထွက် လာဦးမည် ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ချင်းရွှမ်နတ်တံခါး၏ တရာ့ရှစ်မျိုးသော ကျင့်စဉ်များကို ကျင့်ကြံခဲ့ကြပြီး ဟိုင်သန်း အဆင့်ကျင့်ကြံသူ အယောက်နှစ်ဆယ် နီးပါး ပေါ်ထွက်ခဲ့လေသည်။ ထိုကျင့်ကြံသူများထဲတွင် ပိယွင်နှင့် ယန်ရွှီးတို့မှာ အတော်ဆုံး တပည့်များ ဖြစ်ကြပြီး နတ်တံခါး၏ တံတိုင်းကြီး နှစ်ခုဟူ၍ပင် တင်စားခြင်း ခံခဲ့ရလေသည်။

အတိတ်ကို ပြန်ကြည့်မည်ဆိုလျှင် ယန်ရွှီးသည် များစွာသော တာအို ကျင့်စဉ်များကို ကျင့်ကြံနိုင်ခဲ့သူ တစ်ယောက် ဖြစ်လေသည်။ လင်ထိုင်တာအို ပြိုင်ပွဲတွင် ပထမနေရာကို ရယူပေးနိုင်ခဲ့ပြီး သူ့ကြောင့်ပင် ချင်းရွှမ်နတ်တံခါးသည် ဂုဏ်တက် ခဲ့ရလေသည်။

ချင်းရွှမ်နတ်တံခါးမှ တပည့်များ အားလုံးသည် ယန်ရွှီးကို အထင်ကြီး လေးစားကြလေသည်။ ယန်ရွှီးက ဗဟုသုတ ကြွယ်ဝသလို အခြားသော တပည့်များကိုလည်း ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ရှင်းလင်းအောင် သင်ပြပေးတတ်သူ ဖြစ်လေသည်။ ယန်ရွှီးသင်ပြပေးခဲ့ သူများထဲတွင် ကယ်ယွမ်းနှင့် ဟုန်ချန်းယာလည်း အပါအဝင် ဖြစ်လေသည်။

သို့သော် ယန်ရွှီးသည် နတ်တံခါးမှ ဂိုဏ်းတူ ညီအစ်ကိုများ၏ နှလုံးသားထဲသို့ မိစ္ဆာမျိုးစေ့များ ထည့်သွင်းကာ သူ၏ကိုယ်ပွားများအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ချင်းရွှမ်တွင် သွေးချောင်း စီးစေခဲ့လေသည်။

ဆရာသခင် ကျန်းရော့ရွှီးသည် ချင်းရွှမ်နတ်တံခါး ရပ်တည်နိုင်ရန် အတွက် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ချင်းရွှမ်နတ်တံခါးသည် အဖက်ဖက်မှ ကျဆုံးခဲ့ရလေသည်။ နတ်ဘုရား တစ်ပါးအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည့် ဆရာသခင် ကျန်းရော့ရွှီးသည် ယန်ရွှီး၏ လက်ချက်ဖြင့်ပင် ဒဏ်ရာ အပြင်းအထန်ရကာ နောက်ဆုံးတွင် အသက်ဆုံးပါး ခဲ့ရလေသည်။

ကယ်ယွမ်းနှင့် ဟုန်ချန်းယာ နှစ်ယောက်လုံးသည် တူညီသည့် အတွေးများကို တွေးနေခဲ့ကြလေသည်။

သူတို့က တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင် ချင်းရွှမ်နတ်တံခါး၏ အရည်အချင်း ရှိသူများကို ဖော်ထုတ်နိုင်ပြီး ချင်းရွှမ် နတ်တံခါး ပြန်လည်တိုးတက် လာမည့် ရွှေရောင်ခေတ် တစ်ခေတ်ကို မျှော်လင့် နေမိကြလေသည်။

***

All Chapters