အဆုံးထိ အမှန်တရားကို ဦးတည်သွားနိုင်ဖို့ ခဲယဉ်းတယ်
Vol. 4 Ch. 358
တာအို အရည်အချင်းစစ် ပြိုင်ပွဲဝင်မည့် တပည့်များအားလုံး ရောက်ရှိလာကြပြီ ဖြစ်လေသည်။ မန္တန်ပညာကို အသုံးပြုကာ ဖန်ဆင်းထားသည့် ရုပ်သေးရုပ်များက တပည့်များနှင့် ဆရာသခင်များ အားလုံးကို သက်ဆိုင်ရာ ထိုင်ခုံများဆီသို့ ပို့ဆောင် ပေးနေလေသည်။
ထိုရုပ်သေးရုပ်များကို လျိုတင်းလျိုကျား ကျင့်စဉ်ကို ကျင့်ကြံထားသူ ဆရာသခင်တစ်ပါးက ဖန်တီးထားခြင်း ဖြစ်ပြီး လူသားများနှင့် ပုံသဏ္ဌာန်တူလေသည်။
ထိုရုပ်သေးရုပ် များကိုသာ အသက်သွင်း ပေးနိုင်ပါက ဒဏ္ဍာရီထဲမှ ရွှေသံချပ်ကာ သူရဲကောင်းများနှင့် ဆင်တူမည် ဖြစ်လေသည်။
ယန့်ပုကွေးမှာ တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီး တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ရလေသည်။
ယန့်ပုကွေးသည် အင်းနှင့်မန္တန်ပညာကို တစ်ဖက်ကမ်းခတ် ထူးချွန်သူတစ်ယောက် မဟုတ်ပါလား။ သူက အင်းသင်္ကေတများကို မှော်ဝင် သတ္တဝါများ အဖြစ် ပြောင်းလဲ ပစ်နိုင်သည် အထိပင် ထူးချွန်သူ တစ်ယောက် ဖြစ်လေသည်။
တိမ်လွှာကွင်းပြင်၏ ပတ်ပတ်လည်တွင် စင်မြင့်နှစ်ခု တည်ဆောက် ထားလေသည်။ တပည့်တိုင်းက ပညာသင်ဘက် အချင်းချင်း၊ ဆရာတပည့် အချင်းချင်း တူရာတူရာ နေရာယူကာ ထိုင်နေကြလေသည်။ အချို့မှာ တပည့် အုပ်စုများပြားပြီး အချို့မှာလည်း တစ်ယောက်တည်း ထိုင်နေကြလေသည်။
တိုက်ပွဲ စည်းကမ်းအရ တိမ်လွှာ ကွင်းပြင် အလယ်တွင်သာ တန်ခိုးစွမ်းအား ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပွဲကြည့်စင်မြင့်များမှာ ထိခိုက်မှုရှိမည် မဟုတ်ပေ။
ယန်ရွှီး၏ ဒုက္ခပေးခြင်းကို ခံခဲ့ရပြီးည့်နောက်ပိုင်း ချင်းရွှမ်နတ်တံခါးတွင် ဆရာသခင်များစွာ အသက်ဆုံးရှုံးခဲ့ရ လေသည်။ ထို့ကြောင့် အချို့တပည့်များသည် ဆရာမရှိဘဲ ကိုယ်တိုင် ကြိုးစားကျင့်ကြံရင်း စမ်းတဝါးဝါးဖြင့် ကျင့်စဉ်လမ်းကို ဆက်လျှောက် နေကြရလေသည်။
ဆန်းလျန်နှင့် ယန်ရွှီးတို့ကဲ့သို့ တာအိုကျင့်စဉ် များစွာကို ကျင့်ကြံထားနိုင် သူများကတော့ ရှားပါးလွန်းသည့် ပါရမီရှင်များပင် ဖြစ်လေသည်။
သူတို့တွင် ကျင့်စဉ် အမျိုးမျိုးကို ကျင့်ကြံကြသည့် တပည့်များကို တတ်နိုင်သမျှ လမ်းပြပေးနိုင်သည့် အရည်အချင်း များလည်း ရှိလေသည်။
ကျင့်စဉ်တစ်ခုကို သင်ကြား ပြသပေးရာတွင် မူလကျင့်စဉ်ကို ထိန်းသိမ်း ထားရန်မှာ အလွန် အရေးကြီးလေသည်။
ထိုက်ရွှီးနည်းဗျူဟာကဲ့သို့ အလွန်အမင်း တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်စဉ်များကိုတော့ ပါရမီရှင်များ ပေါ်ထွက်လာနိုင်မှသာ ထိန်းသိမ်း ထားနိုင်မည် ဖြစ်ပြီး ပျောက်ကွယ် သွားနိုင်သည့် အန္တရာယ်မှာ အလွန်ကြီးမားလေသည်။
အရှေ့ဘက်ပွဲ ကြည့်စင်တွင် ဆန်းလျန်သည် ရော့ရှီလေးနှင့် အတူ ထိုင်နေလေသည်။
ကူးချိုင်ဝေ့က လေထဲတွင် ပျံသန်းလာပြီး ဆန်းလျန်နှင့် ရော့ရှီတို့အနားသို့ ရောက်ရှိ လာလေသည်။
"ဒေါ်လေးချိုင်ဝေ့…"
ရော့ရှီလေးက ကူးချိုင်ဝေ့ကို နှုတ်ဆက် စကားဆိုလိုက်သည်။
ကူးချိုင်ဝေ့က ပြုံးလိုက်ရင်း…
"ရှီအော်၊ သမီးလည်း တာအို အရည်အချင်းစစ် ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကြားတယ်၊ ပထမနေရာယူဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား"
ရော့ရှီလေးက ခေါင်းကိုမော့လိုက်ရင်း…
"ဒေါ်လေးချိုင်ဝေ့၊ ဒေါ်လေးနဲ့ ရင်းနှီးတဲ့ တပည့်တွေရှိရင် သမီးကိုပြောထားနော်၊ သူတို့ကို သမီးဘက်က နည်းနည်း သက်ညှာပေးပါ့မယ်"
ကူးချိုင်ဝေ့သည် ဆန်းလျန်ကို လက်ညှိုးတစ်ချက် ထိုးလိုက်ရင်း…
"ဒီအပြောမျိုးကတော့ ဆန်းအိမ်တော်က ဆိုတာ အသေအချာပဲ"
ဟု ပြောလိုက်လေတော့သည်။
ဆန်းလျန်က ရော့ရှီ၏ ခေါင်းလေးကို အသာပုတ်လိုက်ရင်း…
"ကောင်မလေး၊ သိပ်အပြောကြီး နေပါလား၊ ဒီတပည့်တွေ အကုန်လုံးကို သမီး အနိုင်ရချင်မှ ရမှာပေါ့"
ရော့ရှီက သူမ၏ လက်ချောင်းလေးများဖြင့် ချိုးရှီကို တစ်ချက် ညွှန်ပြလိုက်သည်။
"သူတောင် သမီးကို စိန်ခေါ်ရဲမှာမဟုတ်ဘူး"
ချိုးရှီသည် စင်မြင့်ထက်တွင် တစ်ယောက်တည်း ထိုင်နေရင်း အတွေးနက်လျက် ရှိလေသည်။ သူက ရော့ရှီက သူ့ကို လက်ညှိုးညွှန်ပြသည်ကို တွေ့လိုက်သည့်တိုင် မည်သည့် အဓိပ္ပာယ်မှန်း နားမလည်ခဲ့ပေ။ သို့သော် သူက ရော့ရှီလေးကို ပြန်ပြုံးပြလိုက်လေသည်။
ကူးချိုင်ဝေ့က ချိုးရှီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး တအံ့တသြဖြင့် ဆိုလိုက်သည်။
"ဒီကလေးက ဘယ်အဆင့် ရောက်နေပြီလဲ၊ သူ့ရဲ့ဝိညာဉ် စွမ်းအားတွေက သိပ်ကို ထက်မြက်နေပါလား"
"လူတိုင်းက ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲပေါ့ အစ်မရယ်"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"အရင်က ကျောက်စစ်မင်နဲ့ ကျားယိလီကို အများကြီး မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ ဒီကလေးက ဒီလောက်ထိ တော်သွားလိမ့်မယ်လို့ ထင်မထားမိဘူး၊ အစ်မ ခန့်မှန်းတာတွေ လွဲကုန်ပြီပဲ"
ကူးချိုင်ဝေ့က ဆက်ပြောလိုက်လေသည်။
"တာအိုကျင့်စဉ်တွေ ဆိုတာ ကိုယ်ကြိုးစားမှ ကိုယ်အောင်မြင်မှာပဲ၊ ဟိုင်သန်းအဆင့် အောင်မြင်နိုင်မှသာ တာအို ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်း နိုင်ပြီလို့ ပြောနိုင်မယ်၊ ဒါပေမဲ့ ဟိုင်သန်း အဆင့်ရောက်အောင် ကျင့်ကြံတဲ့နေရာမှာ ဘယ်လို ကျင့်ကြံရမယ်လို့ တိတိကျကျတော့ မပြောနိုင်ဘူး၊ မြစ်တစ်စင်းကို ဖြတ်ကူးဖို့ အတွက် နည်းလမ်းတွေက အများကြီးပဲလေ၊ လှေနဲ့ကူးမှာလား၊ တံတားထိုးမှာလား၊ ရေကူးပြီးသွားမှာလား၊ ဘယ်နည်းနဲ့ပဲ ဟိုဘက်ကမ်းကို ရောက်ရောက် ကွာခြားချက်ဆိုတာ မရှိပါဘူး၊ တာအိုကျင့်စဉ် လမ်းဆိုတာ စလိုက်တာနဲ့ အဆုံး မရှိတော့ဘူး၊ ပြီးတော့ အဆုံးထိ အမှန်တရားကို ဦးတည်သွားနိုင်ဖို့ ခဲယဉ်းတယ်"
ဆန်းလျန်သည် ကျင့်စဉ်လမ်းတွင် ကိုယ်တွေ့ ကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြောပြနေခြင်း ဖြစ်သည်ကို ကူးချိုင်ဝေ့ ရိပ်မိလိုက်သည်။
ဆန်းလျန်၏ စကားများကြောင့် ကူးချိုင်ဝေ့မှာ အံ့သြနေရလေသည်။ ဆန်းလျန်၏ စကားများအရ ဆိုလျှင် ဆန်းလျန်သည် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကိုပင် ရှုထောင့်အသစ်ဖြင့် ရှုမြင်ကာ ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးရန် ကြံစည်နေခြင်း ဖြစ်ဟန်တူလေသည်။
ဆန်းလျန်ကတော့ ကူးချိုင်ဝေ့၏ အတွေးများကို အာရုံမစိုက်မိပါ။ သူက တာအို အရည်အချင်းစစ် ပြိုင်ပွဲကို အာရုံစိုက်နေလေသည်။
တာအို အရည်အချင်းစစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြသည့် တပည့်များမှာ တစ်ရာနှစ်ဆယ့် ရှစ်ယောက် တိတိရှိလေသည်။ ထိုတပည့်များ အားလုံးသည် ချင်းရွှမ်၏ အနာဂတ်များ ဖြစ်ပြီး နောက်နှစ်ပေါင်း တစ်ရာတွင် ချင်းရွှမ်နတ်တံခါး၏ ထူးချွန်သည့် တပည့်များ ဖြစ်လာနိုင်လေသည်။
ဆန်းလျန်က တိမ်လွှာကွင်းပြင် အလယ်တည့်တည့်သို့ လက်ဖြင့် တစ်ချက် ညွှန်လိုက် လေသည်။ ထိုအခါ ရောင်စဉ် ငါးမျိုး ဖြာထွက်လာလေသည်။
ရောင်စဉ်ငါးမျိုး ကွယ်ပျောက် သွားသည်နှင့် တောက်ပသည့် တိမ်ခိုးလိုက်ကာ တစ်ခု ပေါ်လာလေသည်။
ဆရာဘိုးဘိုး ကယ်ယွမ်းနှင့် လူစောယိတို့ နှစ်ယောက်သည် တိမ်ခိုးလိုက်ကာ၏ တစ်ဖက်တစ်ချက်တွင် နေရာ ယူထားကြလေသည်။ တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင် အရေးပေါ် အခြေအနေ ဖြစ်ခဲ့ပါက ကူညီရန် ဖြစ်လေသည်။
ထို့နောက် အမည်များကို အခေါ်ခံရသည့် တပည့်နှစ်ဦးသည် တိမ်လွှာကွင်းပြင် အလယ်သို့ ရောက်ရှိလာပြီး ပြိုင်ပွဲကို စတင် တိုက်ခိုက်ကြလေသည်။
ဆန်းလျန်သည် တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် တပည့်များ၏ ကျင့်စဉ်လမ်း၏ အားနည်းချက်၊ အားသာချက်များကိုသာ သုံးသပ်ပြီး အဆုံးအဖြတ် ပေးရန် အကဲဖြတ် ဒိုင်လူကြီးများကို မှာကြား ထားခဲ့လေသည်။ ထို့ပြင် တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် တပည့်များ ထိခိုက်ဒဏ်ရာ ရမှုနည်းပါးရန်လည်း တတ်နိုင်သမျှ ကြိုးစားထားလေသည်။
ဆရာသခင်များကလည်း ဂိုဏ်းချုပ်၏ ကြိုးစား အားထုတ်မှုများကို သဘောကျခဲ့ကြသည်။
တပည့်တစ်ယောက်ချင်း ယှဉ်ပြိုင်သည့် ပထမအဆင့် ပြိုင်ပွဲခြောက်ဆယ့် လေးပွဲကျင်းပ ပြီးသည့်နောက် အချိန်ဆယ်ရက်ခန့် ကြာသွားခဲ့လေသည်။
ပထမအဆင့် ပြိုင်ပွဲခြောက်ဆယ့်လေးပွဲမှ အနိုင်ရသူ တပည့်သုံးဆယ့် နှစ်ယောက်က ဒုတိယအဆင့် ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကြရလေသည်။ ဒုတိယ အဆင့်ပြိုင်ပွဲမှာ အချိန်ငါးရက် ကြာလေသည်။
ဒုတိယ အဆင့်ပြိုင်ပွဲတွင် အနိုင်ရရှိသူ ဆယ့်ခြောက်ယောက်က နောက်ဆုံး အဆင့်ပြိုင်ပွဲသို့ တက်ရောက် ကြရမည် ဖြစ်လေသည်။
တပည့် ဆယ့်ခြောက်ယောက်တွင် အနိုင်ရရှိသူ ရှစ်ယောက်သည် ထိပ်တန်း အဆင့်ရှစ်ယောက် အဖြစ် သတ်မှတ်ခံရမည် ဖြစ်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရှိလေထုသည် ငြိမ်သက်လျက် ရှိလေသည်။
ရော့ရှီလေးသည် ပြိုင်ပွဲ တစ်လျှောက်တွင် သိသိသာသာ အာရုံစိုက် ခံခဲ့ရလေသည်။ သူမသည် ထိပ်တန်း ရှစ်နေရာရရှိမည်ဟု ခန့်မှန်း ခံထားရသည့် တပည့်များကို အနိုင်ယူ နိုင်ခဲ့လေသည်။
ရော့ရှီလေးသည် သူမ၏ ပြိုင်ဘက်များကို အကြည့်တစ်ချက်ဖြင့်ပင် လဲကျသွားအောင် တိုက်ခိုက် နိုင်ခဲ့လေသည်။
ရော့ရှီကို ရှုံးနိမ့်သွားရသည့် တပည့်များမှာ သူတို့မည်သို့ ရှုံးနိမ့် သွားကြရသည်ကိုပင် မသိလိုက်ကြရပေ။
အစပိုင်းတွင် ဆရာသခင်များက ရော့ရှီလေးသည် ဆန်းလျန် သင်ကြားပေးထားသည့် နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုကာ တိုက်ခိုက်သည်ဟု ထင်မှန်ကြပြီး သူမကို ရက်စက်စွာ တိုက်ခိုက်ခြင်း အတွက် ပြစ်တင် ဝေဖန်ကြလေသည်။ သို့သော်… ရော့ရှီကို ရှုံးနိမ့်သွားသည့် တပည့်များမှာ ထိခိုက်မှုသိပ်မရှိဘဲ စိတ်များ မငြိမ်မသက် ဖြစ်ခြင်းသာ ခံစားကြရသည့် အတွက် ဆရာသခင်များက သူတို့ အထင်မှားသွားကြောင်း သတိပြုမိခဲ့ကြလေသည်။ သို့တိုင်အောင် ရော့ရှီအသုံးပြုသည့်တန်ခိုးစွမ်းအားကို သူတို့ ခန့်မှန်းနိုင်ကြခြင်း မရှိပေ။
ရော့ရှီနှင့်ထပ်တူ အာရုံစိုက်ခံရသည့် နောက်ထပ် တပည့်တစ်ယောက်လည်း ရှိလေသည်။ ထိုသူမှာ ချိုးရှီပင် ဖြစ်လေသည်။ ချိုးရှီသည် ပြိုင်ဘက်များ အားလုံး၏ အားနည်းချက်ကို ထိန်းချုပ် တိုက်ခိုက်ကာ အားလုံးကို အနိုင်ယူခဲ့လေသည်။
သို့သော် စိုကျင့် တစ်ယောက်မှာတော့ ရော့ရှီ အကြောင်းလည်း မစဉ်းစားနိုင်သလို ချိုးရှီ အကြောင်းကိုလည်း ခေါင်းထဲသို့ မထည့်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် နောက်ဆုံး အဆင့်ပြိုင်ပွဲတွင် သူနှင့် ရင်ဆိုင်ရမည့်သူမှာ ကျောက်စစ်မင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။
သူက သူနှင့် ကျောက်စစ်မင်ကို ထိပ်တိုက်တွေ့အောင် စီစဉ်လိုက်သည့် တာအို အရည်အချင်းစစ် ပြိုင်ပွဲကိုသာ ကျိန်ဆဲ နေမိလေတော့သည်။ သူသည် တာအို အရည်အချင်းစစ် ပြိုင်ပွဲ၏ ထိပ်တန်း ရှစ်ယောက်ထဲတွင် အလွန်ပါဝင် လိုသည့်တိုင် ကျောက်စစ်မင်နှင့် ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် ကံဆိုးတော့မည်ဟု တွေးနေ မိလေတော့သည်။
***