← Chapters

အခန်း (၁၁၈၃-၁၁၈၄)

Vol. 69 Ch. 1183-1184

အခန်း (၁၁၈၃-၁၁၈၄)

Vol. 69 Ch. 1183-1184

အပိုင်း (၁၁၈၃)

နောက်တစ်နေ့ မနက်ညီလာခံ

ညီလာခံသည် ပုံမှန်အတိုင်း အလုပ်များနေ၏။ ဂိုဏ်းချုပ်ရန် တစ်ဦးတည်းသာ တာဝန်ယူထားခြင်း မဟုတ်တော့ပေ။ စေတီတောင်မှ အခြားအဖွဲ့ဝင်များသည်လည်း အလုပ်တွင် ဝင်ရောက် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

လူငယ်ထူးချွန်သူ ဒါဇင်ပေါင်းများစွာသည် စေတီတောင်မှ ထွက်ခွာပြီး နုရှောင့်မြို့သို့ လေ့ကျင့်ရန် သွားရောက်ခဲ့ကြသည်။ ချန်မြို့တော်နှင့် နုရှောင့်မြို့တို့မှလည်း စေတီတောင်နန်းဆောင်သို့ သံတမန်တစ်ဦး စေလွှတ်မည်ဟု စာလွှာများ ရောက်ရှိလာခဲ့သည်။ ဝန်ကြီးချုပ်ကျန်းချုံးက အဖွဲ့ကို ကိုယ်တိုင် ဦးဆောင် လာပေမည်။

ဝူကျွယ်သည်လည်း စေတီတောင်သို့ ပြန်ရောက်လာပြီး အမှောင်ရဲတိုက်ကြီးမှ အိပ်မက်ဆိုးကျောက်တုံး ကီလိုဂရမ် ၅၀,၀၀၀ ကို နုရှောင့်မြို့သို့ ပို့ဆောင်လိုက်ကြောင်း ရှမ့်လန်အား အစီရင်ခံ၏။

နယ်စားကြီး ကျင်းကျိုး နှင့် ဆရာဆော့ရွှမ်းတို့က ကိုယ်တိုင် လက်ခံရယူပြီး တရားဝင် စာရွက်စာတမ်းများနှင့် လက်မှတ်များ ချန်ထားခဲ့ကြသည်။

ထို့အပြင် ချန်အင်ပါယာ၏ အတွင်းဝန်ရုံးနှင့် အတိုင်ပင်ခံရုံးတို့ကလည်း စေတီတောင်နန်းဆောင်၏ လုပ်ဆောင်ချက်များ နှင့် မဟာဆရာသခင်ရန်၏ သစ္စာရှိမှုကို ချီးကျူးသည့် တရားဝင် စာရွက်စာတမ်းများ ပေးပို့ခဲ့ကြသည်။ သူတို့သည် အင်ပါယာတွင် ဂိုဏ်းချုပ်ရန်၏ ရာထူးနေရာကို အပြည့်အဝ အသိအမှတ်ပြုခဲ့ကြပြီး နုရှောင့်မြို့တွင် ရာထူးတစ်ခု လာရောက် ထမ်းဆောင်ရန်ပင် ဖိတ်ကြားခဲ့ကြ၏။

နယ်စားကြီးကျင်းကျိုးသည် ရှမ့်လန်ထံသို့ နုတ်ထွက်စာတစ်စောင် တိုက်ရိုက် ရေးသားပေးပို့ခဲ့ပြီး မဟာဆရာသခင်အား ချန်အင်ပါယာ၏ အတိုင်ပင်ခံသံတမန်ရာထူး လွှဲပြောင်းရယူစေလိုကြောင်း လျှောက်တင်ခဲ့သည်။

နုရှောင့်မြို့ကို ကာကွယ်ရန်အတွက် ဂိုဏ်းချုပ်ရန်သည် ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာများကို နုရှောင့်မြို့သို့ ပို့ဆောင်ရန် ငရဲစစ်သည် သောင်းချီနှင့် အထူးတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို အမှန်တကယ် စေလွှတ်ခဲ့၏။ ဤသည်မှာ မီးတောက်မြို့တော်၏ နုရှောင့်မြို့အပေါ် တာဝေးပစ် တိုက်ခိုက်မှုကို ကာကွယ်ရန် ဖြစ်၏။

ချန်မြို့တော်တွင် စစ်သေနာပတိ ချောင်ယောင်းအာသည် စေတီတောင်မှ ပေးပို့လိုက်သော နှင်းသိန်းငှက် ၁,၀၀၀ ကို တရားဝင် လက်ခံရရှိခဲ့၏။ ရုတ်ခြည်းဆိုသလိုပင် စေတီတောင်၊ ချန်မြို့တော်နှင့် နုရှောင့်မြို့တို့၏ ဆက်ဆံရေးသည် အလွန် ရင်းနှီးသွားခဲ့သည်။

အခြားနိုင်ငံအားလုံး တုန်လှုပ်သွားကြသည်။ သူတို့ နားမလည်ကြခြင်း မဟုတ်ဘဲ လောကကြီးက လျင်မြန်လွန်းစွာ ပြောင်းလဲနေသောကြောင့်ပင်။ စေတီတောင်သည် အလွန် စိတ်ပြောင်းလွယ်သည်။ ရင်ကွမ်း၏ အလောင်းပင် မအေးသေးခင် သူတို့သည် ရှမ့်လန်ထံသို့ လုံးဝ အညံ့ခံလိုက်ကြ၏။ ထို့အပြင် သူတို့သည် ရှမ့်လန်၏ ဖိနပ်ကိုပင် ဒူးထောက် လျက်ပေးနေကြသေးသည်လား။

နုရှောင့်မြို့က သူတို့၏ လေးစားမှုကို ဖော်ပြရုံသာမက ဝူ၊ ချောင်နှင့် ရွဲ့ဘုရင်များကလည်း စေတီတောင်နန်းဆောင် အပေါ် လေးစားမှု ဖော်ပြကြပြီး မဟာဆရာသခင်ရန်ကို ချန်အင်ပါယာကြီး၏ အရေးပါသော လက်အောက် ငယ်သားအဖြစ် ကြိုဆိုခဲ့ကြ၏။ ထို့အပြင် ဘုရင်သုံးပါးသည် ဂိုဏ်းချုပ်ရန်ထံသို့ ဖိတ်စာများ ပေးပို့ခဲ့ပြီး ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များသို့ သင့်လျော်သော အချိန်တွင် မူဝါဒအသစ်များကို လာရောက် စစ်ဆေးရန် ဖိတ်ကြားခဲ့ကြ၏။

နုရှောင့်မြို့ကလည်း ဂိုဏ်းချုပ်ရန်ကို အတိုင်ပင်ခံသံတမန်အဖြစ် တာဝန်ယူရန်နှင့် ချန်အင်ပါယာ၏ တပ်တော်သစ်ကို တာဝန်ယူရန် ဖိတ်ကြားသည့် စာရွက်စာတမ်း အနည်းငယ် ပေးပို့ခဲ့၏။ အရာအားလုံးသည် အရှိန်အဟုန်ဖြင့် ဖြစ်ပျက်နေ၏။ စေတီတောင်နှင့် ချန်အင်ပါယာတို့သည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပေါင်းစည်းနေကြသည်။

ဂိုဏ်းချုပ်ရန်သည် ဤအရာအားလုံးအတွက် ပျော်ရွှင်နေပြီး အရှိန်မြှင့်တင်ရန်ပင် ဦးဆောင်ခဲ့၏။ သူသည် လူငယ်တပ်မှုး ဒါဇင်ပေါင်းများစွာကို နုရှောင့်မြို့သို့ စေလွှတ်ပြီး၊ နောက်တစ်နေ့တွင် စေတီတောင်၏ မူလ ခန်းမဆောင်သခင်များနှင့် အကြီးအကဲများအပါအဝင် နောက်ထပ်ရာပေါင်းများစွာကို နုရှောင့်မြို့သို့ စေလွှတ်ခဲ့ပြန်၏။

စေတီတောင်မှ လူတိုင်းသည် ဤမြင်ကွင်းကြောင့် လုံးဝ တုန်လှုပ်သွားကြသည်။

‘ဂိုဏ်းချုပ်က တကယ် အတည်လား။ ဒီလောက်တောင် စေ့စပ်သေချာတာလား။’

……

နောက်ထပ် မနက်ညီလာခံတွင် ဂိုဏ်းချုပ်ရန်သည် နုရှောင့်မြို့မှ တရားဝင် စာရွက်စာတမ်း တစ်စောင်ကို လက်ခံရရှိခဲ့၏။ ဝန်ကြီးချုပ်ကျန်းချုံး ဦးဆောင်သောအဖွဲ့သည် စေတီတောင်နန်းဆောင်၏ အရာရှိများ အားလုံးကို ရာထူးခန့်အပ်မှု လမ်းညွှန်ရန် သုံးရက်အတွင်း စေတီတောင်နန်းဆောင်သို့ ရောက်ရှိလာမည် ဖြစ်သည်။

အရာအားလုံး အရှိန်အဟုန် မြင့်တက်လာနေသည်။ ဤအချိန်တွင် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ကြိုတင် သိမ်းပိုက်လိုစိတ် မရှိလျှင်ပင် မဖြစ်နိုင်တော့ချေ။ ကျန်းချုံး ရောက်ရှိလာပြီးနောက် သူသည် ရှမ့်လန်ကို သေချာပေါက် ဂါရဝပြုပေလိမ့်မည်။ ထိုအချိန်တွင် အလောင်းကောင်ကဲ့သို့ ဖြစ်နေသော ရှမ့်လန်ကို မြင်တွေ့သွားလျှင် ဘာလုပ်မည်နည်း။

ဆွေးနွေးပွဲပြီးနောက် ဂိုဏ်းချုပ်ရန် သက်ပြင်းချလိုက်၏။ “အရှင်... စေတီတောင်နန်းဆောင်က အရာရှိမင်းတို့... ကျုပ် အရမ်း အလောတကြီးနိုင်နေတာကို မြင်တွေ့ကြမှာပါ။ စေတီတောင်နဲ့ ချန်အင်ပါယာ ပေါင်းစည်းမှုကို အချိန်တိုအတွင်း ပြီးစီးချင်နေသလိုပါပဲ။ ဒါက အကြောင်းရင်း ရှိပါတယ်။”

စေတီတောင်မှ လူတိုင်း ကြောင်အသွားကြသည်။

ဂိုဏ်းချုပ်ရန်က ဆက်ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျုပ်မှာ အချိန် သိပ်မကျန်တော့လို့ပါပဲ။ အားလုံး သိကြတဲ့အတိုင်း လွန်ခဲ့တဲ့ နှစ် ၃၀ က ကျုပ် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ တောင့်ခံထားပြီးနောက် နောက်ဆုံးတော့ ကျုပ် ဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး။ ဒါပေမဲ့ ကျုပ် လုံးဝ ကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က ဆယ်စုနှစ်ပေါင်းများစွာ အချိန်တွေကို ငှားရမ်း နေထိုင်ခဲ့ရလို့ပါပဲ။”

သူ ဤစကားကို ပြောလိုက်ချိန်မှာတော့ လူတိုင်း လုံးဝ ကြောင်အသွားကြ၏။ ဂိုဏ်းချုပ်ရန်သည် သူ၏ အဝတ်အစားကို မတင်လိုက်ပြီး ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ဖော်ပြလိုက်သည်။ အမှန်စင်စစ် ဤဒဏ်ရာသည် လုံးဝ ဖုံးကွယ်ထားခြင်း ဖြစ်၏။ အစစ်အမှန် ဒဏ်ရာသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုပ်သိုးမှုမျိုး ဖြစ်သည်။ ယခုတွင်မူ သူသည် အဆိပ်မိထားသကဲ့သို့ ခံစားရစေရန် အနက်ရောင် အရိပ်တစ်ခုအဖြစ် အတုအယောင် ဖန်တီးထားလိုက်ခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “ကျုပ် နောက်ထပ် ဆယ်စုနှစ် အနည်းငယ် ဆက်လက် ရှင်သန်ပြီး အရှင်ကို ဆက်လက် အမှုတော်ထမ်းချင်ပါသေးတယ်။ ဒါပေမဲ့ အချိန်က ခွင့်မပြုပါဘူး။ ဒီကြောက်မက်ဖွယ် အရာကို ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်ဖို့ ၊ ရှေးဟောင်းကျင့်စဉ်တစ်ခုကို ကျင့်ကြံဖို့ ကျုပ် ချက်ချင်း သီးခြား ခွဲထွက်နေထိုင်ရပါမယ်။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ ကျုပ်က သီးခြားခွဲထွက်နေထိုင်တာနဲ့ပဲ အချိန် ကုန်ဆုံးရပါလိမ့်မယ်။ စေတီတောင်နန်းဆောင်က ကိစ္စအဝဝကို အရှင် လက်ထဲ အပ်နှံခဲ့ပါမယ်။”

သူ ဤစကားကို ပြောလိုက်ချိန်မှာတော့ စေတီတောင်မှ လူတိုင်း တုန်လှုပ်သွားကြသည်။ ဂိုဏ်းချုပ်ရန်က အာဏာကို လုံးဝ စွန့်လွှတ်လိုက်ပြီလား။ သီးခြား ခွဲထွက်နေထိုင်မည် ဆိုခြင်းမှာ မည်သည့် အဓိပ္ပာယ်နည်း။ အနာဂတ်တွင်း ပြန်ထွက်လာဦးမှာလား။ အသက်အန္တရာယ် စိုးရိမ်ရသည်လား။

ဂိုဏ်းချုပ်ရန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် သီးခြားခွဲထွက်နေထိုင်နေပေမယ့် စေတီတောင်နန်းဆောင်ကို ဆက်လက် စောင့်ရှောက်နေမှာပါ။ ဘယ်သူမဆို အရှင်ကို မလေးမစား လုပ်ရင် ဒါမှမဟုတ် အရှင်ရဲ့ အမိန့်တော်ကို ဖီဆန်ရင် ကျုပ် ထွက်လာပြီး အဲဒီသစ္စာဖောက်ကို သတ်ပစ်မယ်။”

“လူတွေ…” ဂိုဏ်းချုပ်ရန် ရုတ်တရက် အော်ဟစ်လိုက်၏။

ချက်ချင်းပဲ ချန်အင်ပါယာ၏ သံချပ်ကာ ဝတ်ဆင်ထားသော အထူးစစ်သည် ရာပေါင်းများစွာ ဝင်ရောက်လာကြသည်။

“ဖမ်းလိုက်ကြစမ်း။” ဂိုဏ်းချုပ်ရန် အမိန့်ပေးလိုက်၏။

ဝူကျွယ်သည် အမည်စာရင်းတစ်ခုကို ယူဆောင်လာပြီး လူများကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီး လိုက်၏။ စုစုပေါင်း ကိုးဆယ့်သုံးဦး ဖမ်းဆီးခံလိုက်ရသည်။ ထိုအထဲတွင် အကြီးအကဲ တစ်ဦး၊ အရံအကြီးအကဲ သုံးဦး၊ ခန်းမဆောင်သခင် နှစ်ဦးနှင့် ဒုတိယ ခန်းမဆောင်သခင် ငါးဦး ပါဝင်၏။ သူတို့အားလုံးသည် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထိုသူတို့က ကြောက်လန့်တကြား မေးကြ၏။ “ဂိုဏ်းချုပ်... ဘာလို့လဲ။ ကျုပ်တို့က သစ္စာရှိတဲ့သူတွေပါ။ ဘာလို့ ကျုပ်တို့ကို ဖမ်းရတာလဲ။”

ဂိုဏ်းချုပ်ရန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းတို့က ကျုပ်ကို ဂိုဏ်းချုပ်လို့ ခေါ်တာနဲ့တင် သေထိုက်နေပြီ။ စေတီတောင်နန်းဆောင်တစ်ခုလုံးမှာ အရှင်ပဲ ရှိတယ်၊ ဂိုဏ်းချုပ်မရှိဘူးလို့ ကျုပ် ဘယ်နှခါ ပြောရမလဲ။ ကျုပ်က အရှင်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲ။”

ဂိုဏ်းချုပ်ရန်သည် ထိုလူများရှေ့သို့ လျှောက်သွားပြီး နာကျင်သော နှလုံးသားဖြင့် ပြောလိုက်၏။

“မင်းတို့ထဲက အများစုက ကျုပ်နောက်လိုက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျုပ်အပေါ် သစ္စာရှိပြီး ခန္ဓာကိုယ်ကို ဆက်ကပ် အပ်နှံထားကြတယ်။ ဒါပေမဲ့ မင်းတို့ မလုပ်သင့်တဲ့ အရာတွေထဲမှာ အရှင်ကို ကွယ်ရာမှာ အပြစ်တင်တာ၊ ပုတ်ခတ်ပြောဆိုတာတွေပဲ။ အဲတာ မလုပ်သင့်ဘူး။”

“သခင်ကြီးလင်... စေတီတောင် အကြီးအကဲဟောင်း တစ်ယောက် အနေနဲ့ ခင်ဗျားက အခု ချန်အင်ပါယာရဲ့ အရေးပါတဲ့ အရာရှိ ဖြစ်နေပြီ။ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရတော့မယ်။ ဒါပေမဲ့ ခင်ဗျား ကွယ်ရာမှာ ဘာပြောခဲ့သလဲ။ စောက်ရေးမပါတဲ့ ချန်အင်ပါယာရဲ့ လက်အောက်ငယ်သား ဖြစ်ရတာထက် စေတီတောင်ရဲ့ အကြီးအကဲ ဖြစ်ရတာ ပိုကောင်းတယ်လို့ ပြောခဲ့တယ် မဟုတ်လား။

ခန်းမဆောင်သခင်လီ... မင်း ဘာပြောခဲ့သလဲ။ ချန်အင်ပါယာအပေါ် သစ္စာဆိုတာက တော်ဝင်ရန် အင်ပါယာနဲ့ ရန်သူဖြစ်တာနဲ့ အတူတူပဲလို့ ပြောခဲ့တယ် မဟုတ်လား။ ငါ မင်းကို မေးမယ်။ ငါတို့ အရင်တည်းက တော်ဝင်ရန်အင်ပါယာနဲ့ ရန်သူ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။”

ဂိုဏ်းချုပ်ရန်သည် အလွန်အမင်း နာကျင်နေပုံရပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ ကျုပ်ကို ဘာပြောစေချင်သလဲ။ ခင်ဗျားတို့လို လူအိုကြီးတွေနဲ့ ကျုပ်တို့ အတူတူ လက်တွဲလုပ်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျုပ် ခင်ဗျားတို့ကို မသတ်ချင်ဘူး။ ဒါက ရင်ကွဲမတတ် နာကျင်ရပါတယ်။ ဒါပေမဲ့ ကျုပ်က အရှင်ရဲ့ လက်အောက်ငယ်သား ဖြစ်နေပြီမို့ သစ္စာရှိဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ခင်ဗျားတို့ အရှင်ကို ပြစ်မှားခဲ့ကြတယ်။ ဒါကြောင့် မသေရမယ်။”

ထို့နောက် ဂိုဏ်းချုပ်ရန်သည် တိုက်ရိုက် ဒူးထောက်ပြီး ဦးတိုက်ကာ ပြောလိုက်သည်။ “အရှင်... ဒီအမိန့် မနာခံတဲ့ လူတွေကို လူသိရှင်ကြား ခေါင်းဖြတ်သတ်ဖို့ ကျုပ် လျှောက်တင်ပါတယ်။”

ဤစကားကို ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြသည်။ သူ တကယ်ပဲ ဤမျှအထိ လုပ်တော့မလို့လား။ ကိုးဆယ်ကျော်သော လူများသည်လည်း ကြောင်အသွားကြသည်။ သူတို့ကို တကယ်ကြီး ခေါင်းဖြတ် သတ်ချင်နေသည်လား။ အဘယ့်ကြောင့်နည်း။

ရှမ့်လန်က နက်ရှိုင်းစွာ တွေးတောနေပုံရ၏။

ဂိုဏ်းချုပ်ရန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက် ပြန်သည်။ “အရှင်... အမိန့်မနာခံတဲ့ လူတွေကို သတ်ပစ်ရပါမယ်။ မဟုတ်ရင် အနာဂတ်မှာ အရှင်ကို ဘယ်သူက ကြောက်ပါတော့မလဲ။”

ချက်ချင်းပဲ စကားပြောခဲ့သော ကိုးဆယ်ကျော်သောလူများသည် ကြောက်လန့်တကြား ဖြစ်သွားကြပြီး ဝိညာဉ်လွင့်မတတ် ဖြစ်သွားကြ၏။ သူတို့ ဦးတိုက်ပြီး တောင်းပန်ကြ၏။ “ဂိုဏ်းချုပ်... ခွင့်လွှတ်ပါ။ ဂိုဏ်းချုပ်... ခွင့်လွှတ်ပါ။ ကျုပ်တို့ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး။”

“သတ်...”

ဂိုဏ်းချုပ်ရန် ဒေါသတကြီး အော်ဟစ် အမိန့်ပေးလိုက်သည်။ “ဒီအချိန်ထိ ဂိုဏ်းချုပ်လို့ ခေါ်နေကြတုန်းလား။ သတ်ပစ်လိုက်။”

“ရွှပ်...” လက်ကို မြှောက်ပြီး ဓားကို ဝှေ့ယမ်းလိုက်၏။

ချက်ချင်းပဲ ခေါင်းတစ်ဒါဇင်ခန့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

ကျန်ရှိနေသော လူရှစ်ဆယ်သည် သတိဝင်လာပြီး ရှမ့်လန်ထံ ဦးတိုက်တောင်းပန်ကြ၏။ “အရှင်... ခွင့်လွှတ်ပါ။ အရှင်... ခွင့်လွှတ်ပါ။”

ထိုလူဒါဇင်ပေါင်းများစွာသည် ခေါင်းကွဲထွက်မတတ် ဦးတိုက်ကြ၏။ ဤအချိန်၌ သူတို့၏ ကြောက်ရွံ့မှုသည် ဝိညာဉ်၏ နက်ရှိုင်းသောနေရာမှ လာခြင်း ဖြစ်သည်။ ရှမ့်လန်အပေါ် သူတို့၏ ရိုသေလေးစားမှုသည်လည်း စစ်မှန်သည်။

ခဏအကြာတွင် ကန်ဝမ်က ရှမ့်လန်အစား အသံပြုလိုက်၏။ “မဟာဆရာသခင်ရန်... ချန်အင်ပါယာက သဘောထားကြီးပါတယ်။ စကားလုံးတွေကြောင့် ပြစ်မှု မမြောက်စေတာ အကောင်းဆုံးပါပဲ။”

မဟာဆရာသခင်ရန်က လျှောက်တင်လိုက်သည်။ “အရှင်... ကျုပ်တို့ စေတီတောင်နန်းဆောင်က ချန်အင်ပါယာနဲ့ ပေါင်းစည်းကာစပဲ ရှိပါသေးတယ်။ ဒါက အထူးအချိန်ကာလဖြစ်တဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို အသုံးပြုရပါမယ်။”

ရှမ့်လန်က ဒေါသတကြီး ပြောလိုက်၏။ “ကျုပ်စကား ကျုပ် မတည်ဘူးလို့ ခင်ဗျား ပြောချင်တာလား။ ကျုပ် မသတ်ဘူး ပြောရင် မသတ်ဘူးပေါ့။”

ဂိုဏ်းချုပ်ရန် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ မျက်ရည်များ စီးကျလျက် ပြောလိုက်သည်။ “ကျုပ် အရှင် အမိန့်ကို နာခံပါတယ်။”

ထို့နောက် သူသည် လူရှစ်ဆယ်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အားလုံးပဲ... အရှင်က ခင်ဗျားတို့ကို မသတ်ဘူးလို့ ပြောတယ်။ လက်အောက်ငယ်သား တစ်ယောက် အနေနဲ့ ကျုပ် အမိန့်ကို မဖီဆန်ရဲဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ကျုပ် အရှင်ကို မျက်နှာပြစရာ မရှိတော့ဘူး။ ကျုပ် ခင်ဗျားတို့ ကိုယ်စား ကိုယ့်ဘာသာ အပြစ်ပေးမယ်။”

ဂိုဏ်းချုပ်ရန်သည် ရုတ်တရက် ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး သူ့မျက်နှာကို ဓားဖြင့် မွှန်းလိုက်၏။ တစ်ခဏအတွင်း သွေးများ ယိုစီးကျလာသည်။

လူတိုင်း လုံးဝ ကြောင်အသွားကြသည်။ သူတို့သည် အမှန်တကယ်ပဲ အသည်းနှလုံးထိတိုင်အောင် တုန်လှုပ် သွားကြ၏။

မျက်နှာကို ဓားဖြင့်မွှန်းပြီးနောက် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်ထံ ဒူးထောက်ပြီး လျှောက်တင်လိုက်သည်။ “အရှင်... ဒီလူတွေက အရှင်ကို မနာခံခဲ့ကြပါဘူး။ ကျုပ် သူတို့ကို ကောင်းကောင်း မဆုံးမခဲ့မိပါဘူး။ ကျုပ်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။”

ရှမ့်လန်က ခဏကြာမှ ပြောလိုက်၏။ “မဟာဆရာသခင်ရန်... ဘာလို့ ဒီလိုလုပ်ဖို့ လိုအပ်တာလဲ။”

ဂိုဏ်းချုပ်ရန် ဦးတိုက်ပြီး ပြောလိုက်သည်။ “ကျုပ်ကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။”

နောက်ထပ် ခဏကြာပြီးနောက် ရှမ့်လန်က အမိန့်ချမှတ်လိုက်၏။ “မဟာဆရာသခင်ရန်က လက်အောက် ငယ်သားတွေကို ကောင်းကောင်း မစီမံခန့်ခွဲနိုင်ခဲ့ဘူး။ သူ့ရဲ့ မဟာဆရာသခင် ရာထူးကို ရုပ်သိမ်းပြီး ချန်အင်ပါယာ အိမ်ရှေ့စံရဲ့ မဟာအစောင့်အရှောက် ရာထူးသို့ လျှော့ချလိုက်တယ်။ အမိန့်မနာခံတဲ့ အရာရှိတွေ အားလုံးကို ကြိမ်ဒဏ် ၉၀ စီ အပြစ်ပေးလိုက်တယ်။”

ဂိုဏ်းချုပ်ရန် ဦးတိုက်ပြီး ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို နာခံပြီး ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”

နောက်ဆက်တွဲ ဖြစ်ရပ်မှာ ကြီးမားသော မြင်ကွင်းကြီးပင်။ စုစုပေါင်း လူရှစ်ဆယ် ကြိမ်ဒဏ် အပြစ်ပေးခံရ၏။ ဂိုဏ်းချုပ်ရန် အပါအဝင် အားလုံးကို ခန်းမဆောင်အတွင်းရှိ အထူးစစ်သည်များက ရိုက်နှက်ကြ၏။ စေတီတောင်ရှိ လူတိုင်းသည် တုန်ယင်သည်အထိ ရိုက်နှက်ခံကြရ၏။

ရှမ့်လန်အပေါ် သူတို့၏ အကြည့် များသည် ရိုသေလေးစားမှုဖြင့် ပြည့်နှက်သွားကြသည်။

‘ဒါ... ဒါက ကောင်းကင်ဘုံသားတော်ရဲ့ တန်ခိုးအာဏာလား။’

ဂိုဏ်းချုပ်ရန်သည် အမှန်တကယ် စိုးရိမ်ပူပန်နေခဲ့သည်။ မူလက သူ့တွင် တစ်နှစ် အချိန်ရခဲ့သည်။ ယခုတွင်မူ သူ့တွင် ဆယ်ရက်ကျော်သာ အချိန်ကျန်တော့သည်။ အချိန်တိုအတွင်း ရှမ့်လန်၏ အာဏာကို တည်ဆောက်ရန် ခြေတစ်လှမ်းသည် ဆယ်လှမ်းနှင့် ညီမျှနေ၏။

ထို့ကြောင့် သူသည် သတ်ကွင်းကို အသုံးပြုရုံမှတပါး ရွေးချယ်စရာ မရှိတော့ချေ။ သူသည် သွေးစွန်းသော ခေါင်းများကို အသုံးပြု၍ ရှမ့်လန်၏ အထွတ်အထိပ် ဂုဏ်သတင်းကို တည်ဆောက်ခဲ့၏။ အရှင်ရှမ့်လန်ကို ပြစ်မှားသောသူသည် သေရမည်။

သေချာသည်မှာ သူသည် ကြင်နာမှုနှင့် အာဏာ နှစ်မျိုးစလုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လူဆယ်ဦးကျော်ကို သတ်ဖြတ်ပြီးနောက် ကျန်ရှိနေသော လူရှစ်ဆယ်ကို ရှမ့်လန်၏စကားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့၏။ နောက်ဆုံးတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်ရန်ပင် တွန့်ဆုတ်မနေခဲ့ချေ။ သူသည် သူ့ခေါင်းကို နင်း၍ ရှမ့်လန်၏ အာဏာကို ကူညီပေးနေခြင်း ဖြစ်သည်။ မည်မျှ ပရိယာယ်ကြွယ်ဝလိုက်သနည်း။

……

အပိုင်း (၁၁၈၄)

စေတီတောင်၏ မြေအောက်လှိုဏ်ဂူအတွင်း၌ ကန်ဝမ်က ပြောလိုက်သည်။ “ညီလေးရန်... မင်း လုပ်တာ သိပ်လွန်လွန်းနေပြီ မဟုတ်လား။ ဒါက မင်းရဲ့ ကိုယ်ပိုင်အာဏာကို ကြီးကြီးမားမား ထိခိုက်စေတာပဲ။”

ဂိုဏ်းချုပ်ရန်က ရှင်းပြ၏။ “နောင်တော်ကန်ဝမ်... ကျုပ်မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ အချိန်က သိပ်ကပ်နေပြီ။ စေတီတောင်တစ်ခုလုံးမှာ အသံတစ်ခုတည်းပဲ ရှိရမယ်။”

ကန်ဝမ်က ပြောလိုက်သည်။ “မင်းက လောဘကြောင့် မျက်စိကွယ်နေတဲ့ အခြေအနေထဲ ရောက်နေပြီလို့ ငါ ခံစားရတယ်။ ဒါက တကယ် အန္တရာယ်များတယ်။ အဲဒီတုန်းက ရင်ကွမ်းက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို နဂါးဥထဲ နှစ်မြုပ်ထားလိုက်လို့ သေသွားခဲ့ရတာ။ အခုချိန်မှာ မင်းက တော်ဝင်ချန်အင်ပါယာ နဲ့ ချန်အင်ပါယာ ရာထူးကို သိပ် အာရုံစိုက်လွန်းနေပုံရတယ်။”

ဂိုဏ်းချုပ်ရန် ဦးညွှတ်ပြီး ပြောလိုက်၏။ “နောင်တော်ကန်ဝမ် ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ တစ်နှစ်ပဲ အချိန်ရှိတော့တာ။ ကျုပ် ဘာကိုဂရုစိုက်နေရမှာလဲ။”

ကန်ဝမ် တိတ်ဆိတ်နေပြီး အတော်ကြာမှ ပြောလိုက်သည်။ “ကျုပ် အရင်အတိုင်းပဲ ပြောမယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ခင်ဗျား ကျုပ်အပေါ် ကျေးဇူးရှိခဲ့သလို တော်ဝင်ကပ်ဘေးနန်းဆောင်အပေါ်လည်း ကျေးဇူး ရှိခဲ့တယ်။ ခင်ဗျားကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်၏။ “နောင်တော်ကန်ဝမ်... ဒီနှစ်တွေတစ်လျှောက် ခင်ဗျား ကျုပ်အပေါ် ပြသခဲ့တဲ့ ကြင်နာမှုကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ခင်ဗျားသာ မရှိရင် ကျုပ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းက သေသွားခဲ့မှာပါ။ ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။”

ထိုစကား မှန်ပေသည်။ ကန်ဝမ်သည် သူ့ကို တစ်ကြိမ်မက ကယ်တင်ခဲ့ဖူးပြီး တစ်ကြိမ်မက သူ၏ အသက်ကို ဆွဲဆန့်ပေးခဲ့ဖူးသည်။

ဂိုဏ်းချုပ်ရန်က ဆက်ပြောလိုက်၏။ “နောင်တော်ကန်ဝမ်... ခန္ဓာကိုယ် သိမ်းပိုက်ဖို့ ပြင်ဆင်လိုက်ကြရအောင်။ အဲဒီမတိုင်ခင် စမ်းသပ်မှု လုပ်လို့ ရမလား။ ဘာပဲဖြစ်ဖြစ် ဒါက ခန္ဓာကိုယ် သိမ်းပိုက်တာဆိုတော့ လောကမှာ ဖြစ်ရပ် နည်းနည်းပဲ ရှိတာလေ။”

ကန်ဝမ်က ဖြေလိုက်သည်။ “မရှိသလောက်ပါပဲ။ ကျုပ်တို့ တော်ဝင်ကပ်ဘေးနန်းဆောင်ကလွဲရင် တခြား ဘယ်နေရာမှာမှ မရှိပါဘူး။”

ဂိုဏ်းချုပ်ရန်က မေးလိုက်၏။ “ဒါကြောင့် ကျုပ် ပူးကပ်ခြင်း မစခင် စမ်းသပ်မှု လုပ်လို့ ရမလား။ ဘာပဲဖြစ်ဖြစ် ကျုပ် စလုပ်လိုက်တာနဲ့ ကျုပ်ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်တာနဲ့ အတူတူပဲ ဖြစ်သွားမှာလေ။”

ကန်ဝမ်က အကြံပြုလိုက်သည်။ “ဟုတ်တယ်။ စမ်းသပ်ဖို့ မင်းရဲ့မိန်းမကို အသုံးပြုရင်ရော ဘယ်လိုလဲ။”

ဂိုဏ်းချုပ်ရန်၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကောင်းပြီ။”

သူ၏မိန်းမမှာ တော်ဝင်ရန်အင်ပါယာ၏ မင်းသမီး ဖြစ်သည်။ သူသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက အိပ်မက်ဆိုး ကျောက်တုံး ဝိညာဉ်ဆေးကြောခြင်း အစီအရင်ကို အသုံးပြု၍ သူမ၏ အသိစိတ်နှင့် မှတ်ဉာဏ်များကို အပြည့်အဝ ဖျက်ဆီးပစ်ခဲ့သည်။ သူမသည် ဆယ်စုနှစ်များစွာကြာ လမ်းလျှောက်အလောင်းကောင် တစ်ကောင် ဖြစ်ခဲ့၏။ သူမသည် ပူးကပ်ခြင်း စမ်းသပ်မှုအတွက် ပြီးပြည့်စုံသော လက်တွေ့စမ်းသပ်ခံ လူသားပင်။

ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “နောင်တော်ကန်ဝမ်... ကျုပ် ရှမ့်လန်ရဲ့ ခန္ဓာကိုယ်ကို ရယူပြီးရင် ကျုပ်မှာ သူ့ရဲ့ မှတ်ဉာဏ် ရှိမှာလား။”

ကန်ဝမ်က ဆက်ပြောလိုက်၏။ “မရှိသလောက်ပါပဲ။ အပိုင်းအစ မှတ်ဉာဏ်တချို့ပဲ ရှိမှာပါ။ ပြီးတော့ အဲဒါတွေ တဖြည်းဖြည်း ပေါ်လာဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို ပေးထားတဲ့ ရှမ့်လန်ရဲ့ အချက်အလက်တွေက လုံလောက်ပါတယ်။ ခင်ဗျား အဲဒါတွေကို အလွတ်ကျက်ထားသင့်တယ်။

အရေးအကြီးဆုံးက ရှမ့်လန်ဟာ ချန်အင်ပါယာ ဖြစ်နေတာပဲ။ ဘယ်သူမှ အမှန်လား၊ အမှားလား မမေးရဲကြဘူး။ ရှမ့်လန်အဖြစ် ဟန်ဆောင်တဲ့ ကိစ္စကတော့ ခင်ဗျား လုပ်နိုင်မှာပါ၊ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ် ဥပမာကောင်း ရှိနေတာပဲ။ ရှမ့်လန်ရဲ့ ကိုယ်ပွားက ပြီးပြည့်စုံတယ်။”

ကန်ဝမ်က ဆိုလိုက်သည်။ “ကျုပ် ပြောသလိုပဲ။ အင်ပါယာအဖြစ် ဟန်ဆောင်စရာ မလိုပါဘူး။ အင်ပါယာဆိုတာ ခန့်မှန်းရခက်ပြီး စိတ်အပြောင်းအလဲ မြန်တတ်တယ်။ မီးတောက်မြို့တော်က နုရှောင့်မြို့ကို ဖျက်ဆီးမယ့် တိုက်ခိုက်မှု လုပ်လိမ့်မယ်။ ခင်ဗျား နုရှောင့်မြို့ကို ကယ်တင်နိုင်သရွေ့ ဘယ်သူမှ ခင်ဗျားကို သံသယဝင်မှာ မဟုတ်ဘူး။ အံ့ဖွယ်အမှုက အကောင်းဆုံး သက်သေပြချက်ပဲ။”

“ဘုန်း...” ကျောက်တံခါးတစ်ချပ် ပွင့်သွား၏။

အတွင်း၌ ခမ်းနားထည်ဝါသော အိပ်ဆောင်တစ်ခု ရှိ၏။ ရင်သပ်ရှုမောဖွယ်ရာ အလှပဂေးတစ်ဦး ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူမသည် ရင့်ကျက်သည်။ တည်ငြိမ်သည်။ လှပပြီး နူးညံ့သိမ်မွေ့၏။

သူမသည် ဂိုဏ်းချုပ်ရန်၏ ဇနီး၊ တော်ဝင်ရန်အင်ပါယာ၏ အကြီးဆုံးမင်းသမီး ဖြစ်သည်။ သူမသည် တစ်ချိန်က အင်ပါယာကျန်းလီနှင့် စေ့စပ်ထားသူ ဖြစ်ခဲ့ဖူး၏။ သူမသည် ဆယ်စုနှစ်များစွာကြာ လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်ခဲ့သည်။

ကန်ဝမ် လက်ခုပ်တီးကာ ပြောလိုက်၏။ “ဝင်လာခဲ့ပါ။”

ချက်ချင်းပဲ အိုမင်းသော ပုံရိပ်တစ်ခု ဝင်ရောက်လာ၏။ သူမသည် ခါးကိုင်းနေပြီး တွန့်လိပ်နေသော အရေပြားနှင့် ဆံပင်ဖြူများ ရှိ၏။ သူမသည် မယုံနိုင်လောက်အောင် အိုမင်းနေသော အဘွားအိုတစ်ဦး ဖြစ်သည်။

“ဂါရဝပြုပါတယ် ဘိုးဘေး...” ကန်ဝမ် ဦးညွှတ်လိုက်သည်။

ဂိုဏ်းချုပ်ရန် ကြောင်အသွားသည်။ “ဒါက... တော်ဝင်ကပ်ဘေးနန်းဆောင်ရဲ့ သခင်မရန်လား။ တစ်ချိန်က တော်ဝင်ကပ်ဘေးနတ်သမီးလို့ လူသိများခဲ့သူလား။”

ကန်ဝမ် ခေါင်းညိတ်ပြီး အတည်ပြုလိုက်၏။ “ဟုတ်တယ်... သူပဲ။”

ဂိုဏ်းချုပ်ရန် တုန်လှုပ်သွားသည်။ ဤတော်ဝင်ကပ်ဘေးနတ်သမီးသည် အသက်တစ်ရာကျော်နေပြီ ဖြစ်၏။ ထို့အပြင် သူမ၌ အခြားသော မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားတစ်ခု ရှိသေးသည်။ သူမသည် ယခင် တော်ဝင်ကပ်ဘေးနတ်ဘုရား၏ ဇနီးသည်များအနက် တစ်ဦး ဖြစ်သည်။ သူမ အသက်ရှင်နေသေး၏။

ဤမယုံနိုင်လောက်အောင် အိုမင်းနေသော တော်ဝင်ကပ်ဘေးနတ်သမီးသည် ဂိုဏ်းချုပ်ရန်၏ ဇနီးသည်ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ “သိပ်နုပျိုလတ်ဆတ်ပြီး သိပ်လှပတာပဲ။ ငါ ငယ်ငယ်တုန်းကလိုပဲ လှပလိုက်တာ။”

ကန်ဝမ်က မေးလိုက်၏။ “ဘိုးဘေး... စလိုက်ကြမလား။”

“စမယ်... စမယ်။ ငါ မစောင့်နိုင်တော့ဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်က ပုပ်သိုးနေပြီ။ လူသေကောင်ရဲ့ အနံ့ဆိုးကိုတောင် ရနေပြီ။” တော်ဝင်ကပ်ဘေးနတ်သမီးက တုန်ယင်နေသော အသံဖြင့် ပြောလိုက်၏။ သူမသည် သွားတစ်ချောင်းမှ မကျန်တော့သောကြောင့် ပါးစပ်မှ လေများ ထွက်နေသည်။

ကန်ဝမ် အပြင်သို့ ထွက်သွား၏။ ပြီးနောက် ထူးဆန်းသော အရောင်အဝါများ ထွက်ပေါ်နေပြီး မီးချောင်းကဲ့သို့ လင်းလက်နေသော ခေါင်းတလားတစ်ခုကို သယ်ဆောင်လာခဲ့၏။ အမှန်တကယ်တွင် ၎င်းသည် ခေါင်းတလားနှင့် မတူချေ။ ရှေးဟောင်းနဂါးသေတ္တာနှင့် တူ၏။

ကန်ဝမ်က ပြောလိုက်သည်။ “ကျုပ်တို့က ဒါကို သရဲခေါင်းတလားလို့ ခေါ်တယ်။ ဒါပဲ။”

ဂိုဏ်းချုပ်ရန်က မေးလိုက်၏။ “ဒါက သရဲခေါင်းတလားလား။”

သရဲခေါင်းတလားအကြောင်း ကြားဖူးသူ အလွန် နည်းပါးသည်။ ၎င်းသည် တစ်ချိန်က တော်ဝင်ကပ်ဘေး နန်းဆောင်၏ မြင့်မြတ်သော ပစ္စည်းများအနက် တစ်ခု ဖြစ်ခဲ့သည်။ အကြီးမားဆုံး အာနိသင်မှာ လူများကို ပြန်လည် နုပျိုစေခြင်း ဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။ ထို့ကြောင့်ပင် မှူးမတ်အများအပြား ထိုအရာကို စွဲလမ်းခဲ့ကြခြင်း ဖြစ်သည်။

ကန်ဝမ်က ပြောလိုက်၏။ “ညီလေးရန်... ကျေးဇူးပြုပြီး မင်းရဲ့ဇနီးသည်ကို သရဲခေါင်းတလားထဲ ထည့်ပေးပါ။”

ဂိုဏ်းချုပ်ရန်သည် သူ၏ဇနီးသည်ကို ပွေ့ချီပြီး သရဲခေါင်းတလားထဲသို့ ထည့်လိုက်၏။ ချက်ချင်းပဲ ထူးဆန်းပြီး ဆန်းကြယ်သော စွမ်းအင်တစ်ခု ပျံ့လွင့်လာပြီး သရဲခေါင်းတလား အတွင်း၌ ဆန်းကြယ်သော သင်္ကေတများ ပေါ်လာခဲ့သည်။ အတွင်း၌ သီးခြားနေရာလွတ်တစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး အေးစက်ကာ အစိမ်းရောင်ရင့်ရင့် ရှိ၏။ တော်ဝင်ကပ်ဘေးနန်းဆောင်၏ သရဲမြို့တော်နှင့် တူညီသည်။

ကန်ဝမ်က ပြောလိုက်၏။ “ဘိုးဘေး... ကျေးဇူးပြုပြီး ဝင်ပါ။”

စကားမဆုံးခင်မှာပဲ အသက် ၁၀၀ ကျော်နေပြီ ဖြစ်သော တော်ဝင်ကပ်ဘေးနတ်သမီးသည် သရဲခေါင်းတလားထဲသို့ တိုက်ရိုက် ခုန်ဝင်သွား၏။

ကန်ဝမ် သရဲခေါင်းတလားကို ပိတ်လိုက်သည်နှင့် တပြိုင်နက် အလင်းရောင်တစ်ချက် လက်သွားပြီး အခန်း တစ်ခုလုံး ငရဲဘုံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကန်ဝမ်က ရှင်းပြ၏။ “ဒီသရဲခေါင်းတလားမှာ အသုံးပြုစရာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ဝိညာဉ် ယိုစိမ့်မှုကို ကုသဖို့ပဲ။ လူတစ်ယောက်ရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်သွားပြီးနောက် အရမ်း အားနည်းပြီး ချက်ချင်း ပျောက်ကွယ် သွားလိမ့်မယ်။ သရဲခေါင်းတလားကပဲ ဝိညာဉ်စွမ်းအင်ယိုစိမ့်မှုကို တားဆီးပေးနိုင်ပြီး ခန္ဓာကိုယ်သစ်ထဲ ဝင်ရောက်ခွင့် ပြုနိုင်မှာ ဖြစ်တယ်။”

ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “ပူးကပ်တဲ့ လုပ်ငန်းစဉ်က မြန်သလား။”

ကန်ဝမ်က ဖြေလိုက်သည်။ “အရမ်း မြန်တယ်။”

မျှော်လင့်ထားသည့်အတိုင်း ၁၅ မိနစ်အကြာတွင် ကန်ဝမ်သည် သရဲခေါင်းတလားကို ဖွင့်လိုက်၏။ အိုမင်းသော တော်ဝင်ကပ်ဘေးနတ်သမီးသည် မလှုပ်မယှက် လဲလျောင်းနေပြီး အလောင်းကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ရန်သည် ရှေ့သို့ ပျံသန်းသွားပြီး အသက်အောင့်လျက် သူ့မိန်းမ၏ ခန္ဓာကိုယ်ကို ကြည့်လိုက်၏။ ဤကိစ္စ သည် သူ၏ အသက်၊ သူ၏ အနာဂတ်၊ သူ၏ အာဏာစက်တို့နှင့် သက်ဆိုင်နေ၏။ ပူးကပ်ခြင်း စမ်းသပ်မှု အောင်မြင်သည်နှင့် တပြိုင်နက် သူသည် ရှမ့်လန်ကို ပူးကပ်နိုင်ပြီး နှစ်ပေါင်း ၁၀၀ အသက်ရှင်နိုင်ကြောင်း သက်သေပြနိုင်မည်။ သူသည် ချန်အင်ပါယာ နှင့် အရှေ့တိုင်း လူသား အင်ပါယာပင် ဖြစ်လာနိုင်၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ဂိုဏ်းချုပ်ရန် ဇနီးသည်၏ မျက်လုံးများ လှုပ်ရှားလာခဲ့၏။ ယခင်က သူမ ဖုတ်ကောင်တစ်ကောင် ဖြစ်စဉ်က သူမ၏ မျက်လုံးသူငယ်အိမ်များသည် စူးစိုက်မှု မရှိခဲ့ချေ။ ယခုတွင်မူ မျက်လုံးတို့သည် ပြန်လည် သက်ဝင်လှုပ်ရှားလာကြသည်။

ထို့နောက် သူမ ထထိုင်ပြီး အကြောဆန့်လိုက်၏။ သူမက ဖြည်းညင်းစွာ ပြောလိုက်၏။

“ဘယ်လောက် နုပျိုတဲ့ ခန္ဓာကိုယ်လဲ.။ ဘယ်လောက် လတ်ဆတ်တဲ့ ခန္ဓာကိုယ်လဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ တုန်းကလိုပဲ လှပလိုက်တာ။ ဟား ဟား ဟား...”

အသံမှာ ဇနီးသည်၏အသံ ဖြစ်သော်လည်း လေသံမှာမူ တော်ဝင်ကပ်ဘေးနတ်သမီး၏ လေသံ ဖြစ်နေသည်။

ဂိုဏ်းချုပ်ရန် ပျော်ရွှင်မှုကြောင့် တုန်ယင်သွားခဲ့၏။ ‘အောင်မြင်ပြီ၊ တကယ် အောင်မြင်ခဲ့ပြီ။’

“နည်းနည်း မောနေပြီ။ အရင် အိပ်လိုက်အုံးမယ်။ ထွက်သွားကြ။” တော်ဝင်ကပ်ဘေးနတ်သမီးက ပြောပြီးနောက် ကုတင်ပေါ်တွင် လှဲကာ အိပ်စက်လိုက်သည်။

ဂိုဏ်းချုပ်ရန် မလှုပ်မယှက် ရပ်နေမိ၏။

တော်ဝင်ကပ်ဘေးနတ်သမီးက ပြောလိုက်သည်။ “ဘာလဲ။ မင်းမိန်းမရဲ့ ခန္ဓာကိုယ်ကို ပူးကပ်လိုက်လို့လား။ မင်း ငါနဲ့ အတူတူ အိပ်ချင်လို့လား။”

ဂိုဏ်းချုပ်ရန် ဦးညွှတ်လိုက်၏။ “ကျုပ် မလုပ်ရဲပါဘူး။”

တော်ဝင်ကပ်ဘေးနတ်သမီးက ပြောလိုက်သည်။ “ဒါဆို ဘာလို့ မထွက်သွားသေးတာလဲ။”

ဂိုဏ်းချုပ်ရန်နှင့် ကန်ဝမ်တို့ ထွက်ခွာသွားကြပြီး သရဲခေါင်းတလားကို ယူဆောင်သွားကြ၏။ သူတို့သည် တော်ဝင်ကပ်ဘေးနတ်သမီး၏ မူလ ခန္ဓာကိုယ်ကို ကုတင်အောက်တွင် ထားခဲ့ကြ၏။

……

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “နောင်တော်ကန်ဝမ်... တော်ဝင်ကပ်ဘေးနန်းဆောင်က တကယ့်ကို အံ့ဖွယ်ရာ ကောင်းတာပဲ။ ဒါပေမဲ့ အရမ်း ယုတ်မာလွန်းတယ်။ အင်ပါယာကျန်းလီက တိုက်ခိုက်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ ကျုပ် ကိုယ်တိုင် မမြင်ခဲ့ရရင် ကျုပ် ယုံရဲမှာ မဟုတ်ဘူး။”

ကန်ဝမ် ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်၏။ “တကယ်တော့ ငါ တော်ဝင်ကပ်ဘေးနတ်ဘုရား ရာထူးကို ဆက်ခံရရင် အခြေအနေကို ပြောင်းပြန်လှန်ချင်ခဲ့တာ။ တော်ဝင်ကပ်ဘေးနန်းဆောင်က မြင့်မြတ်သင့်တယ်။ ယုတ်မာမနေသင့်ဘူး။ ကံမကောင်းစွာနဲ့ အင်ပါယာကျန်းလီက ငါတို့ကို ဒီအခွင့်အရေးပေးဖို့ ဆန္ဒ မရှိခဲ့ဘူး။”

ဂိုဏ်းချုပ်ရန်က ဆိုလိုက်သည်။ “ကျုပ် ဆန္ဒရှိပါတယ်။ ကျုပ် ရှမ့်လန်ကို ပူးကပ်ပြီး ချန်အင်ပါယာ ဖြစ်လာ၊ တော်ဝင်ရန်အင်ပါယာကို အနိုင်ယူပြီး အရှေ့လောကကို ပေါင်းစည်းပြီးတာနဲ့ တော်ဝင်ကပ်ဘေး နန်းဆောင်ကို စစ်မှန်တဲ့ မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာအောင် လုပ်ပေးပါ့မယ်။ ဒါ ကျုပ်ကတိပါ။”

ကန်ဝမ်က ပြောလိုက်၏။ “နောက်မှ ပြောကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါ တစ်ခုပဲ မှတ်မိတယ်။ အဲဒီတုန်းက မင်း ငါ့ကို ကယ်ခဲ့တယ်၊ ဒီကျေးဇူးကို ငါ အမြဲတမ်း မှတ်ထားမှာပါ။”

ဂိုဏ်းချုပ်ရန်က တားမြစ်လိုက်သည်။ “နောင်တော်ကန်ဝမ်... ကျေးဇူးပြုပြီး အဲဒီလို မပြောပါနဲ့။ ခင်ဗျား ကျုပ်ကို အကြွေးပြန်ဆပ်ပြီးပါပြီ။ ကျုပ် ခင်ဗျားကို တစ်ခါပဲ ကယ်ခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ကယ်ခဲ့တာ ငါးကြိမ် ရှိပြီ။”

ကန်ဝမ်သည် ထိုအကြောင်းကို ဆက်မပြောချင်တော့သကဲ့သို့ ခေါင်းခါလိုက်၏။ “အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူ သိမလဲ။ နောက်မှ ပြောကြတာပေါ့။”

ဂိုဏ်းချုပ်ရန်က အာမခံလိုက်သည်။ “မဟုတ်ဘူး။ နောင်တော်ကန်ဝမ်... ကျုပ် ခင်ဗျားကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ဘူး။ တော်ဝင်ကပ်ဘေးနန်းဆောင်ကို အရှေ့လောကရဲ့ မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာအောင် ကျုပ် သေချာပေါက် လုပ်ပေးပါ့မယ်။”

ကန်ဝမ် ပြန်မဖြေဘဲ မေးလိုက်၏။ “ညီလေးရန်... ပူးကပ်နည်းကို မှတ်မိသေးရဲ့လား။”

ဂိုဏ်းချုပ်ရန်က ဖြေလိုက်သည်။ “မှတ်မိပါတယ်။ ဝိညာဉ်က ခန္ဓာကိုယ်ထဲမဝင်ခင် အရင် ထွက်ရမယ်။ ခက်ခဲပေမဲ့ လွယ်ကူပါတယ်။ ရှင်သန်နေသော သေခြင်းတရားကျမ်းစာက တကယ် အံ့အားသင့်ဖို့ကောင်းတယ်။”

ကန်ဝမ်က ပြောလိုက်၏။ “စလိုက်ကြစို့။”

ဂိုဏ်းချုပ်ရန်က ခေါ်လိုက်သည်။ “အရှင်ရှမ့်လန်... ဝင်ခဲ့ပါ။”

ထို့နောက် လမ်းလျှောက်အလောင်းကောင်ကဲ့သို့ ရှမ့်လန်သည် အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ သူသည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ လုံးဝ ဖြစ်နေပြီး ခိုင်းသမျှ လုပ်ဆောင်၏။

“ဝင်သွားပြီး လှဲလိုက်။” ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။

ကန်ဝမ်က အကြံပြုလိုက်၏။ “တင်ပျဉ်ခွေ ထိုင်တာ ပိုသင့်တော်တယ်။”

ဂိုဏ်းချုပ်ရန်က အမိန့်ပေးလိုက်သည်။ “သရဲခေါင်းတလားထဲ ဝင်ပြီး အထဲမှာ တင်ပျဉ်ခွေ ထိုင်လိုက်။”

ရှမ့်လန်သည် ဖုတ်ကောင်ကဲ့သို့ ဖြစ်နေဆဲပင်။ သူသည် သရဲခေါင်းတလားထဲ ဝင်သွားပြီး ရိုးရှင်းစွာ ရပ်နေ၏။

ကန်ဝမ်က ပြောလိုက်သည်။ “တင်ပျဉ်ခွေ ထိုင်ခိုင်းတဲ့ အမိန့်က သိပ်ရှုပ်ထွေးတယ်။ သူ လုပ်နိုင်မှာ မဟုတ်ဘူး။”

ထို့နောက် ကန်ဝမ်သည် ရှမ့်လန်ကို သရဲခေါင်းတလားထဲတွင် ကိုယ်တိုင် တင်ပျဉ်ခွေ ထိုင်စေလိုက်၏။

ဂိုဏ်းချုပ်ရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကန်ဝမ်ကို ပြောလိုက်သည်။ “နောင်တော်... ကျုပ်ကတိကို ကျုပ် မေ့မှာ မဟုတ်ဘူး။”

ထို့နောက် သူသည် သရဲခေါင်းတလားထဲ ဝင်သွားပြီး ရှမ့်လန်ရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

“အဆင်သင့် ဖြစ်ပြီလား။” ကန်ဝမ်က မေးလိုက်သည်။

ဂိုဏ်းချုပ်ရန်သည် သူ၏ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကို ဖိနှိပ်ပြီး ပြောလိုက်၏။ “သေမင်းရဲ့ အစွယ်ကြားကနေ ပြန်လည် မွေးဖွားဖို့ ကျုပ် အဆင်သင့် ဖြစ်ပါပြီ။”

ကန်ဝမ်က မေးလိုက်ပြန်သည်။ “ဝိညာဉ်ဝင်ပေါက် နည်းစနစ်မှာ ပြဿနာ တစ်စုံတစ်ရာ ရှိသလား။”

ဂိုဏ်းချုပ်ရန် ပြုံးပြီး ဖြေလိုက်၏။ “နောင်တော်ကန်ဝမ်... ကျုပ် ဒီနေ့အတွက် ပြင်ဆင်လာတာ ဆယ်စုနှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ရှင်သန်နေသော သေခြင်းတရားကျမ်းစာကိုလည်း မရေမတွက်နိုင်အောင် နားလည် သဘောပေါက်ထားပြီးပြီ။ ဒီထက်ပိုပြီး ရင်းနှီးကျွမ်းဝင်စရာ မရှိတော့ပါဘူး။”

ကန်ဝမ်က သတိပေးလိုက်သည်။ “အမှားအယွင်း လုံးဝ မရှိစေရဘူး။”

ဂိုဏ်းချုပ်ရန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “နောင်တော်ကန်ဝမ်... ကျုပ်အပေါ်ထားတဲ့ ခင်ဗျားရဲ့ မေတ္တာကို ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အနာဂတ်က... ကျုပ်တို့ရဲ့ အနာဂတ်ပဲ။”

ကန်ဝမ်က ပြောလိုက်သည်။ “မင်း နောက်နေတာပဲ။ ဒီစကားလုံးကို မင်း ပေါ့ပေါ့ဆဆ သုံးလို့ မရဘူး။”

ထို့နောက် ကန်ဝမ်သည် သရဲခေါင်းတလားကို ဂရုတစိုက် ဖုံးအုပ်လိုက်၏။

All Chapters