အခန်း (၁၁၈၇-၁၁၈၈)
Vol. 69 Ch. 1187-1188
အပိုင်း (၁၁၈၇)
“ဂါး... ဂါး... ဂါး...”
ထို့နောက် တော်ဝင်ကပ်ဘေးနတ်သမီးသည် ထူးဆန်းသော အော်သံများကို ထုတ်လွှတ်လိုက်ပြီး ကန်ဝမ်၏ နောက်သို့ ယိုင်နဲ့နဲ့ လိုက်ပါသွားသည်။ သူမ ခြေထောက်က မသန်သော်လည်း အလွန် လျင်မြန်စွာ လျှောက်လှမ်း သွားသည်။
ထို့အပြင် သူမသည် သရဲခေါင်းတလားကို သယ်ဆောင်သွားပြီး မကြာမီ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ “တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်... နောက်ဆုံး တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်... ဟဲ ဟဲ ဟဲ... တော်ဝင်ကပ်ဘေးကြီး လာတော့မယ်။ တော်ဝင်ကပ်ဘေးကြီး လာတော့မယ်။”
အသက်တစ်ရာကျော် တော်ဝင်ကပ်ဘေးနတ်သမီး ထွက်ခွာသွားသော်လည်း သူမ၏ ထူးဆန်းသော အသံနှင့် စူးရှသော ရယ်သံများသည် ရှမ့်လန်၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ ပူးကပ်ခံထားရသကဲ့သို့ ဖြစ်နေသည်။
တော်ဝင်ကပ်ဘေးနတ်သမီး၏အသံ ပျောက်ကွယ်သွားပြီးနောက် ကန်ဝမ်၏ အသံသည် ရှမ့်လန်၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။ “အရှင် ရှမ့်လန်... ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် စေတီတောင်ကနေ ချက်ချင်း ထွက်သွားလိုက်မယ်။ စေတီတောင်က ပြီးသွားပြီ။ အဲဒါ ပျက်စီးတော့မယ်။ မကြုံစဖူး ခမ်းနားထည်ဝါတဲ့ ပျက်သုဉ်းခြင်းကြီး ဖြစ်လာတော့မယ်။ မြန်မြန် သွားကြစို့။”
……
ဂိုဏ်းချုပ်ရန်၏ ဇနီး၊ တော်ဝင်ရန်အင်ပါယာ၏ အကြီးဆုံးမင်းသမီးသည် ဂိုဏ်းချုပ်ရန်၏ ခန္ဓာကိုယ်ကို ဆွဲပြီး လမ်းလျှောက် ထွက်လာခဲ့သည်။
မကြာမီ စေတီတောင်မှ လူများက သူတို့ကို တွေ့ရှိသွားကြပြီး ဤမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြ၏။
‘ဒါ... ဒါ ဂိုဏ်းချုပ်ရဲ့ ဇနီးလား။ သူ သတိရလာပြီလား။ ပြီးတော့ သူ့လက်ထဲမှာ ဆွဲလာတဲ့လူက ဘယ်သူလဲ။ နည်းနည်း ရင်းနှီးသလိုပဲ။ ဂိုဏ်းချုပ်နဲ့ နည်းနည်း တူသလိုပဲ။ ဒါပေမဲ့ အရမ်းသနားစရာ ကောင်းလွန်းတယ်။ သူ့မှာ ခြေလက်တွေ မရှိဘူး၊ မျက်လုံးတွေလည်း ကွယ်နေတယ်။ ဂိုဏ်းချုပ် မဖြစ်နိုင်ပါဘူး။ သူ့သိုင်းပညာက အရမ်းမြင့်မားတာပဲဟာ။’
ဂိုဏ်းချုပ်ရန်၏မိန်းမသည် စေတီတောင်နန်းဆောင်ဆီသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။ သူမ၏ နောက်တွင် လူအများအပြား လိုက်ပါလာကြသည်။ ဒါဇင်၊ ရာ၊ ထောင်ချီသော လူများသည် ရှေ့သို့ တိုးလာကြသည်။ နောက်ဆုံးတွင် သူတို့အားလုံး စေတီတောင်နန်းဆောင်၏ အဓိက ခန်းမဆောင်ထဲသို့ ဝင်ရောက် သွားကြသည်။
“မြန်မြန်... အရှင်ကို သွားခေါ်... အရှင်ကို သွားခေါ်...” ချက်ချင်းပဲ စေတီတောင်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်၏။
ဤကာလအတွင်း ဂိုဏ်းချုပ်ရန်၏ ဦးနှောက် ဆေးကြောမှုသည် ထိရောက်မှု ရှိပုံရသည်။ ထိုကဲ့သို့ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားသောအခါ သူတို့သည် ရှမ့်လန်ထံ ချက်ချင်း သတင်းပို့ကြသည်။
ထို့နောက် မိန်းမစိုးယွင်ဟိုင်သည် ရှမ့်လန်၏ နန်းဆောင်ဆီသို့ ပျံသန်းသွား၏။
“အရှင်... အရှင်... သတင်းဆိုးပါပဲ။ အဓိက ခန်းမဆောင်မှာ အပြောင်းအလဲ တစ်ခု ဖြစ်နေပါတယ်။ အရှင်... ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးပါ။” ယွင်ဟိုင်က လျှောက်တင်သည်။
သူ အော်ဟစ်နေသော်လည်း ရှမ့်လန်အတွက် အော်ဟစ်နေခြင်း မဟုတ်ချေ။ အမှန်တကယ်တွင် သူသည် ကန်ဝမ်ကို အော်ဟစ်ခေါ်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် လမ်းလျှောက် အလောင်းကောင် ဖြစ်သွားကြောင်း သူ သိထားသောကြောင့်ပင်။
သို့သော်ငြား နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ရှမ့်လန်သည် သူ့ရှေ့တွင် ပေါ်လာပြီး ပြောလိုက်၏။ “သွားကြစို့။”
ယွင်ဟိုင် တုန်ယင်မသွားဘဲ မနေနိုင်တော့ချေ။ သူ၏ မျက်လုံးများကို သူ မယုံနိုင်အောင် ဖြစ်သွားရသည်။ ‘အရှင် ရှမ့်လန်က လမ်းလျှောက်အလောင်းကောင် ဖြစ်သွားပြီ မဟုတ်ဘူးလား။ ဘာလို့ ဘေးကင်းလုံခြုံနေရတာလဲ။’
နောက်ထပ် စကားတစ်ခွန်းမှမဆိုဘဲ ရှမ့်လန်သည် စေတီတောင်နန်းဆောင်၏ အဓိက ခန်းမဆောင်ဆီသို့ ခမ်းနား ထည်ဝါစွာ လျှောက်လှမ်းသွား၏။
……
သို့သော်ငြား ရှမ့်လန် ရောက်ရှိလာသောအခါ ဂိုဏ်းချုပ်ရန်၏မိန်’းမသည် စတင် လှုပ်ရှားနေပြီ ဖြစ်သည်။ သူမသည် လူတိုင်းရှေ့တွင် ဂိုဏ်းချုပ်ရန်ဝမ်အား အမှန်တကယ်ပင် အပိုင်းပိုင်း အစစ ခုတ်ထစ် သတ်ဖြတ်နေ သည်။ နှစ်ပေါင်း ၃၀ ကြာ အာဃာတသည် မည်မျှ ပြင်းထန်သနည်း။
“အရှင် ကြွလာပါပြီ။” မိန်းမစိုးယွင်ဟိုင်က အော်ဟစ်လိုက်သည်။
ထို့နောက် ရှမ့်လန် ထွက်လာပြီး အဓိက ခန်းမဆောင်တွင် ဝင်ထိုင်လိုက်၏။
စေတီတောင်မှ လူတိုင်း ကြောင်အသွားကြသည်။ ထို့နောက် သူတို့သည် အလိုအလျောက် ဒူးထောက်ပြီး ဦးတိုက်လိုက်ကြသည်။ “ကျုပ်တို့ အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ဂိုဏ်းချုပ်ရန်၏ မိန်းမ၊ တော်ဝင်ရန်အင်ပါယာ၏ အကြီးဆုံးမင်းသမီးနှင့် ကျန်းလီ၏ စေ့စပ်ထားသူဟောင်း သည် ဤလူအားလုံးကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ သူမ ဖြည်းညင်းစွာ ပြောလိုက်၏။ “အားလုံးပဲ... ရှင်တို့ အရမ်းသိချင်နေကြမှာပါ။ ကျွန်မ လက်ထဲကလူက ဘယ်သူလဲ။ ခုဏက ကျွန်မ သတ်လိုက်တဲ့ လူက ဘယ်သူလဲ။ ဟုတ်တယ်။ သူက စေတီတောင်ရဲ့ သခင် ရန်ဝမ်ပဲ။”
ပြောပြီးသည်နှင့် သူမသည် ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး ဂိုဏ်းချုပ်ရန်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။ ရန်ဝမ်၏ ခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ရည်မှန်းချက်ကြီးသူ တစ်ဦးသည် ထိုကဲ့သို့ အဖြစ်ဆိုးဖြင့် သေဆုံးသွားခဲ့ရ၏။
“ကျွန်မ... တော်ဝင်ရန်အင်ပါယာရဲ့ အကြီးဆုံးမင်းသမီး၊ စေတီတောင်ရဲ့ သခင်မဟောင်းက ရန်ဝမ်ကို သတ်လိုက်ပြီ။ ဘယ်လိုလဲ။ အရှင် ရှမ့်လန်... ဟုတ်တယ်မလား။ ကျွန်မက ချန်အင်ပါယာသစ်ရဲ့ မဟာဆရာသခင် ရန်ဝမ်ကို သတ်လိုက်ပါပြီ။ ဘယ်လိုလဲ။”
……
ရှမ့်လန်၏စိတ်သည် နက်ရှိုင်းသော အတွေးထဲသို့ ကျရောက်သွားခဲ့လေသည်။ သူ စေတီတောင်ကို အဘယ်ကြောင့် လာခဲ့သနည်း။ အဖြေတစ်ခုတည်းသာ ရှိသည်။ ဂိုဏ်းချုပ်ရန်ကို သတ်ရန် ဖြစ်သည်။ အရေးကြီးသောအချိန်တွင် ဂိုဏ်းချုပ်ရန်က သူ့ကျောကို ဓားဖြင့် ထိုးခြင်းမှ ကာကွယ်ရန် ရှမ့်လန် လုပ်ဆောင်ရခြင်း ဖြစ်သည်။
အမှန်စင်စစ် ရင်ကွမ်း သေဆုံးပြီးနောက် ဂိုဏ်းချုပ်ရန်သည် တော်ဝင်ရန်အင်ပါယာနှင့် အပေးအယူ လုပ်မည်လား သို့မဟုတ် ပူးပေါင်းကြံစည်မည်လားဟု ရှမ့်လန် စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ယုတ္တိဗေဒအရဆိုလျှင် ဤသည်မှာ လုံးဝ ဖြစ်နိုင်ခြေ ရှိ၏။
သို့သော်ငြား သူ စေတီတောင်သို့ ရောက်ရှိပြီးနောက် အခြေအနေများ ဤမျှ ဆန်းကြယ်ပြီး ရှုပ်ထွေးစွာ ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ပထမဆုံး သစ္စာဆိုပွဲ၊ စေတီတောင်သည် စေတီတောင်နန်းဆောင် ဖြစ်လာခြင်း၊ ထို့နောက် ချန်အင်ပါယာနှင့် လုံးဝ ပေါင်းစည်းသွားခြင်းတို့ ဖြစ်လာသည်။
မျက်စိကျိန်းလောက်အောင် ပန်းများ ပွင့်ဝေခြင်း။ ဤစကားသည် ဤထက်ပို၍ မှန်ကန်နိုင်မည် မဟုတ်ချေ။
ဤအချိန်တွင် ရှမ့်လန်သည် သူ့နှလုံးသားကို ရှာဖွေပြီး မေးခွန်းထုတ်ရပေမည်။
‘မူလ ရည်ရွယ်ချက်က ဘာလဲ။ မူလ ရည်မှန်းချက်က ဘာလဲ။ ရန်ငြိုး မရှိစေရန်။ ရန်ဝမ်ရဲ့ နာမည်ကို ရန်သူစာရင်းမှ လုံးဝ ဖယ်ရှားပစ်ရန်။’
ဤရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သောကြောင့် အောင်မြင်မှု တစ်ခု ဖြစ်သည်။ ကျန်တာတွေက အရမ်း အရေးမကြီးတော့ချေ။
ဤအချိန်တွင် ရှမ့်လန်သည် သူ့ရှေ့မှ မင်းသမီးကျိကို ကြည့်လိုက်သည်။ သူသည် သူမနှင့် တစ်ခါမှ တိုက်ရိုက် ထိတွေ့ဆက်ဆံဖူးခြင်း မရှိချေ။ ယုတ္တိဗေဒအရဆိုလျှင် ဤလူသည် ရှမ့်လန်နှင့် အလွန် ရင်းနှီးသင့်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် တစ်ချိန်က ကျန်းလီ၏ စေ့စပ်ထားသူ ဖြစ်ပြီး ကျန်းလီသည် သူမ၏ တစ်ဦးတည်းသော ချစ်သူ ဖြစ်သင့်သည်။
ထို့အပြင် သူမသည် ရန်ယင်ယင်၏ မိခင်လည်း ဖြစ်သည်။ သူမသည် ရန်ယင်ယင်ကို မွေးဖွားသည် ဖြစ်စေ၊ မမွေးဖွားသည် ဖြစ်စေ သူမသည် ရန်ယင်ယင်ကို ငယ်စဉ်တည်းက ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရှမ့်လန်၌ သူမအပေါ် မည်သည့် ရန်ငြိုးမှ မရှိချေ။
သို့သော်ငြား ကန်ဝမ်၏ ရည်ရွယ်ချက်မှာလည်း အလွန် ရိုးရှင်းသည်။ ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်ကို သတ်ချင်သည်။ လွတ်မြောက်ချင်သည်။ စေတီတောင်၏ သစ္စာစောင့်သိမှုကိုပင် ရယူချင်သည်။ ဤနည်းအားဖြင့် လူသတ်မှု ပြစ်ဒဏ်သည် ရှမ့်လန်၏ ခေါင်းပေါ်သို့ ကျရောက်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က အပြစ်ခံရမည် ဖြစ်ပြီး ထိုသူမှာ ဂိုဏ်းချုပ်ရန်၏ မိန်းမ၊ မင်းသမီးကျိ ဖြစ်၏။
ဤအချိန်တွင် စေတီတောင်မှ လူများ၏ စိတ်နှလုံးသည် အရှုပ်ထွေးဆုံး ဖြစ်နေကြသည်။ ထို့ကြောင့် ယုတ္တိဗေဒအရဆိုလျှင် ရှမ့်လန်သည် ဂိုဏ်းချုပ်ရန်အတွက် လက်စားချေမည့် အလံကို ကိုင်ဆောင်သင့်သည်။ မင်းသမီးကျိကို သတ်ဖြတ်ရန်နှင့် ရန်ဝမ်အတွက် လက်စားချေရန် သူမကို နေရာတင် အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်ရန် စေတီတောင်အား တောင်းဆိုသင့်သည်။ ထိုသို့ဆိုလျှင် သူသည် စေတီတောင်တစ်ခုလုံး၏ သစ္စာစောင့်သိမှုကို ရရှိလိမ့်မည်။
သို့သော်ငြား ရှမ့်လန်သည် ထိုကဲ့သို့ နိမ့်ကျသော အလုပ်မျိုးကို ဘယ်တော့မှ လုပ်မည် မဟုတ်ချေ။ ထို့အပြင် သူသည် ဂိုဏ်းချုပ်ရန်ကို သတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်။
“အရှင် ရှမ့်လန်... ကျွန်မ ချန်နိုင်ငံရဲ့ မဟာဆရာသခင် ရန်ဝမ်ကို သတ်လိုက်ပြီ၊ ရှင် ဘယ်လို သဘောရလဲ။” မင်းသမီးကျိက အေးစက်စွာ မေးလိုက်ပြန်၏။
ရှမ့်လန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ တစ်ဖက်လူ၏ စကားများသည် ရန်ငြိုးများဖြင့် ပြည့်နှက်နေ၏။ အရိုးထဲထိ စွဲနေသော ရန်ငြိုးများ ဖြစ်သည်။ သူမ၏ ရန်လိုမှုက ဘယ်က လာသနည်း။ သေချာသည်က ရှမ့်လန်ကြောင့် မဟုတ်ဘဲ ကျန်းလီကြောင့်ပင်။
အချစ်ကြောင့် မုန်းသည်လား။ ဤအရာက အလွန် သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလီက သူမနှင့် စေ့စပ်ထားခြင်းကို ဖျက်သိမ်းလိုက်သောကြောင့် သူမက ရန်ဝမ်လို လူယုတ်မာနှင့် လက်ထပ်ခဲ့ရခြင်း ဖြစ်နေသည်။
“လူတွေ... ကတော်ရန်ကို ဖမ်းလိုက်ကြ။” ရှမ့်လန် အမိန့်ပေးလိုက်၏။
မည်သို့ပင်ဆိုစေကာမူ စေတီတောင်က စေတီတောင်နန်းဆောင် ဖြစ်နေပြီး ရှမ့်လန်က ဤနေရာ၌ အထွတ်အထိပ် အုပ်စိုးသူ ဖြစ်နေ၏။ မင်းသမီးကျိက ရန်ဝမ်ကို သတ်သည့်လူသတ်သမား ဖြစ်နေသောကြောင့် အရင် ဖမ်းလိုက်သည်က ဘာမှ မမှားချေ။
ရှမ့်လန်၏ အမိန့်အရ အထူးစစ်သည် ရာပေါင်းများစွာသည် လှုပ်ရှားရန် အသင့်ပြင်လိုက်ကြပြီး ဖမ်းဆီးတော့မည့်ဆဲဆဲ ဖြစ်နေသည်။
“နေပါအုံး။” ရုတ်တရက် တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ ထိုသူမှာ စေတီတောင်၏ အကြီးအကဲများအနက် တစ်ဦးဖြစ်သော လင်းမြောင်ထန် ဖြစ်သည်။ သူက ရှမ့်လန်နှင့် ရန်ငြိုးရှိသူ ဖြစ်ပြီး ဂိုဏ်းချုပ်ရန်ဝမ်၏ ခေါင်းဖြတ်သတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ နောက်ဆုံးတွင် ရှမ့်လန်က သူ့ကို လွှတ်ပေးခဲ့ပြီး ကြိမ်ဒဏ် ၉၀ သာ အပြစ်ပေးခဲ့၏။
သူသည် ဂိုဏ်းချုပ်ရန်၏ အလောင်းနားသို့ သွားပြီး အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ဒီလူက ဂိုဏ်းချုပ်ရန် မဟုတ်ဘူး။”
‘သောက်ကျိုးနည်း... ခင်ဗျားက ဗြောင်လိမ်နေတာပဲ။ ခင်ဗျား ဒီလောက် သေချာ စစ်ဆေးပြီးမှ သူက ဂိုဏ်းချုပ်ရန် ဟုတ်မဟုတ် ဘယ်လိုလုပ် မသိဘဲ နေမလဲ။’
“ဒီလူက ဂိုဏ်းချုပ်ရန်ရဲ့ ကိုယ်ပွားပဲ။”
လင်းမြောင်ထန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်က သူ့ခန္ဓာကိုယ်ထဲက အနက်ရောင် မြူခိုးတွေကို ဖယ်ရှားဖို့ သီးခြား ခွဲထွက်နေထိုင်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ မထင်မှတ်ဘဲ ဂိုဏ်းချုပ်ရန်ရဲ့ ကိုယ်ပွားက သူ့နေရာသူ မသိဘဲ ပြဿနာရှာဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ ကတော်ရန်ရဲ့ လက်ချက်နဲ့ သေသွားခဲ့ရတာ၊ ကျုပ် ပြောတာ မှန်တယ်မလား။”
လင်းမြောင်ထန်သည် မင်းသမီးကျိကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ “ကတော်ရန်... အဲဒီလို ဖြစ်ခဲ့တာ မဟုတ်လား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ခင်ဗျားရဲ့ ဦးနှောက် ထိခိုက်သွားပြီး မေ့မြောသွားခဲ့တယ်။ ဂိုဏ်းချုပ်က နည်းလမ်းပေါင်းစုံ စဉ်းစားပြီး အတွင်းအားတွေ အများကြီး သုံးကာ ခင်ဗျားကို မရေမတွက် နိုင်အောင် ကယ်တင်ခဲ့ဖူးတယ်။ ဒီတစ်ခါ သူက အချိန်အကြာကြီး သီးခြားခွဲထွက်နေထိုင်တော့မှာ ဆိုတော့ သူ ကိုယ်တိုင် အန္တရာယ် ကြုံရမဲ့ ကြောက်မက်ဖွယ် ရှေးဟောင်းကျမ်းစာတစ်အုပ်ကို စွန့်စားအသုံးပြုပြီး ခင်ဗျားကို ကယ်တင်ခဲ့တာ မဟုတ်လား။”
မင်းသမီးကျိ မျက်လုံးများကို မှေးစင်းကာဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။ “ဟုတ်တယ်။ အဲဒီလို ဖြစ်ခဲ့တာ။”
လင်းမြောင်ထန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်က သူ့မှာ အချိန်သိပ်မကျန်တော့ဘူးလို့ ခံစားရလို့ သီးခြား ခွဲထွက်နေထိုင်မယ်လို့ ပြောခဲ့ဖူးတယ်။ ခင်ဗျားတို့ မယုံရင် သူ့ကို သွားတွေ့ဖို့ ကတော်ရန်... ခင်ဗျား ကျုပ်တို့ကို ခေါ်သွားပေးလို့ ရမလား။”
မင်းသမီးကျိ စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် စေတီတောင်နန်းဆောင်မှ ထွက်ခွာသွားသည်။ လင်းမြောင်ထန်နှင့်အတူ တောင်ခြေရှိ လျှို့ဝှက်လှိုဏ်ဂူဆီသို့ ဦးတည်သွားကြ၏။
……………
လူတစ်စု ထွက်ခွာသွားခဲ့သော်လည်း အခြားလူတစ်စုမှာမူ မူလနေရာတွင် ကျန်ရစ်နေခဲ့သည်။ ထိုသူများမှာ ရန်တန်ရှောင်၊ ဝူကျွယ်နှင့် အထူးစစ်သည် ရာဂဏန်းခန့်တို့ပင်။
ဝူကျွယ်က မေးမြန်းလိုက်သည်။ “အရှင်... ကျုပ်တို့ ဆက်ပြီး ဘာလုပ်ကြမလဲ။”
ရှမ့်လန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဝူကျွယ်နှင့် ရန်တန်ရှောင်ကို ကြည့်လိုက်သည်။ လက်ရှိ အခြေအနေသည် အလွန် စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်၏။
ရှေ့မှောက်တွင် သေဆုံးနေသူမှာ ဂိုဏ်းချုပ်ရန် ဖြစ်ကြောင်း စေတီတောင် အထက်ပိုင်းအရာရှိ အားလုံးနီးပါး သိရှိထားကြသည်။ အစပိုင်းတွင် လူမပီသအောင် ခုတ်ထစ်ခံထားရသဖြင့် မသေချာသော်လည်း သေချာစွာ ကြည့်ရှုပြီးနောက် သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။ အနည်းဆုံးတော့ ရန်တန်ရှောင်သည် ရန်ဝမ်၏ ရှေ့တွင် ဒူးထောက်လျက် ခေါင်းကို ပိုက်ကာ မိန်းမောတွေဝေစွာ ရှိနေခဲ့၏။ သူ၏ မျက်လုံးများသည် လုံးဝ နီရဲနေသည်။
ဝူကျွယ်က လျှောက်တင်လိုက်၏။ “အရှင်... လက်ရှိအခြေအနေက အရမ်း ထူးဆန်းနေပါပြီ။ လင်းမြောင်ထန်နဲ့ တခြားလူတွေက မင်းသမီးကျိရဲ့ လူသတ်မှု ပြစ်ဒဏ်ကို ဆေးကြောပေးချင်နေကြတယ်။ ဂိုဏ်းချုပ်က သေဆုံးသွားပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်နှလုံးတွေ ပြောင်းလဲကုန်ကြပါပြီ။ သူတို့က မင်းသမီးကျိကနေတဆင့် တော်ဝင်ရန်အင်ပါယာကို မှီခိုချင်နေကြတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဝူကျွယ်... ခင်ဗျား ဘယ်လို ထင်လဲ။”
ဝူကျွယ် ဦးတိုက်ပြီး ဖြေကြားလိုက်၏။ “ကျုပ်တို့ရဲ့ စိတ်နှလုံး ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဂိုဏ်းချုပ်ရန် ဘယ်လိုပဲ တွေးခဲ့ပါစေ။ ကျုပ်တို့က အရှင်အပေါ် သစ္စာစောင့်သိဖို့ ဆန္ဒရှိပါတယ်။”
ရှမ့်လန် ရုတ်တရက် မေးလိုက်သည်။ “ခင်ဗျား ဂိုဏ်းချုပ်ရန်ရဲ့ ရင်ဘတ်က ထူးဆန်းတဲ့ ပုပ်သိုးနေတဲ့ ဒဏ်ရာကို မြင်ခဲ့တယ် မဟုတ်လား။”
ဝူကျွယ် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဦးညွှတ်လျက် ဖြေလိုက်၏။ “ဟုတ်တယ်။ မြင်ခဲ့ပါတယ်။”
ရှမ့်လန် ရန်တန်ရှောင်ကို ကြည့်ပြီး မေးလိုက်သည်။ “ခင်ဗျားရော ဘယ်လို ထင်လဲ။”
ရန်တန်ရှောင်က ဖြေလိုက်၏။ “ကျုပ် ဘာမှ မတွေးပါဘူး။ ဘာမှ မတွေးပါဘူး။ ခိုင်းတာမှန်သမျှ ကျုပ် လုပ်မှာပါ။”
ဝူကျွယ်က သတိပေးလိုက်သည်။ “အရှင်... ကျုပ်တို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် သူတို့ အရှိန်ရသွားတဲ့အခါ နောက်ကျသွားပါလိမ့်မယ်။ ဂိုဏ်းချုပ် သေဆုံးသွားပြီ ဖြစ်တဲ့အတွက် စေတီတောင်က သူရဲကောင်းတွေကို ဘယ်သူမှ ဖိနှိပ်ထားနိုင်တော့မှာ မဟုတ်ပါဘူး။”
ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် ကျုပ်နောက်လိုက်ခဲ့။ ကျုပ်ကို ကာကွယ်ပေး။”
ထို့နောက် ရှမ့်လန်သည် သူ၏ အိပ်ဆောင်ဆီသို့ လျင်မြန်စွာ သွားလေသည်။ ပြီးခဲ့သည့်တစ်ခေါက်က ရန်ယင်ယင် ကို ကယ်တင်ရန် ကြိုးစားစဉ်က မစတင်မီမှာပင် ဂိုဏ်းချုပ်ရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။ ယခု အချိန်ကို အမိအရ ဆုပ်ကိုင်ပြီး ရန်ယင်ယင်ကို ချက်ချင်း ကယ်တင်မှ ဖြစ်ပေမည်။
……
အပိုင်း (၁၁၈၈)
သို့သော်ငြား ရှမ့်လန် အိပ်ဆောင်သို့ ရောက်ရှိချိန်တွင် ရန်ယင်ယင် ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက် ရသည်။ ရှေးဟောင်းနဂါးသေတ္တာလည်း ပျောက်ဆုံးနေ၏။
မိန်းမစိုးကြီးယွင်ဟိုင်သည် သေတ္တာတစ်လုံးကို သယ်ဆောင်ပြီး အစွမ်းကုန် ပြေးလွှားနေသည်။
ဝူကျွယ်နှင့် ရန်တန်ရှောင်တို့ ဤသည်ကို မြင်လိုက်ရသောအခါ လျှပ်စီးကဲ့သို့ ပြေးလိုက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ထိုသူတို့ကို မီသွားကြ၏။
မိန်းမစိုးကြီးယွင်ဟိုင်သည် နဂါးသေတ္တာကို ချထားလိုက်ပြီး ထက်ရှသော ဓားကို ရန်ယင်ယင်၏ လည်ပင်းပေါ် တင်လိုက်သည်။ သူက အေးစက်စွာ ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကျုပ်ကို အတင်းအကျပ် မဖိအားပေးပါနဲ့။”
ရှမ့်လန် လှောင်ပြောင်လိုက်၏။ “မင်းသမီးကျိ ခေါ်လာတဲ့လူနဲ့ တကယ် တူပါပေတယ်။ အခုတော့ ခင်ဗျားက သူ့အပေါ် သစ္စာဆိုဖို့ မစောင့်နိုင်တော့ဘူးပေါ့။”
မိန်းမစိုးကြီးယွင်ဟိုင်က ပြန်ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျုပ်တို့က အနိုင်ရတဲ့သူအပေါ်မှာပဲ သစ္စာဆိုမှာပါ။”
ထို့နောက် သူသည် ဓားကို ရန်ယင်ယင်၏ လည်ပင်းပေါ် ဖိချလိုက်ရာ အနည်းငယ် ပြတ်ရှသွားခဲ့သည်။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ အရှင် ဆက်နေမယ်ဆိုရင် အသတ်ခံရပါလိမ့်မယ်။ ဒီကာလအတွင်း ဂိုဏ်းချုပ်ရန်က အရှင်ရဲ့နေရာကို အင်ပါယာအဖြစ် မြှင့်တင်ပေးပြီး ဒီနေရာရဲ့ သခင်ဖြစ်လာအောင် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ အချိန်က တိုတောင်းလွန်းပါတယ်။ ဂိုဏ်းချုပ်ရန် သေဆုံးသွားတာနဲ့ သူတို့က လက်တုံ့ပြန်ကြပါ လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အရှင်ကို ပြုစုခဲ့တာ လဝက်လောက် ရှိပါပြီ။ အရှင်နဲ့ လမ်းခွဲရမှာ မလိုလားသလို မင်းသမီး ရန်ယင်ယင်ရဲ့ ခေါင်းကို ကိုယ်တိုင် ဖြတ်ရမှာလည်း မလိုလားပါဘူး။”
ဤစေတီတောင်က တကယ်ပဲ သေခြင်းတရားတွေနှင့် ပြည့်နှက်နေသည်။ ငရဲဘုံမှ ပြဇာတ်တစ်ပုဒ်နှင့် တူလှ၏။ ဂိုဏ်းချုပ်ရန် အသက်ရှိစဉ်က လူတိုင်းကို ဖိနှိပ်ထားပြီး လိမ္မာယဉ်ကျေးဟန် ဆောင်စေခဲ့သည်။ ဝတ်ခိုင်းသည့် မျက်နှာဖုံးမှန်သမျှ တပ်ဆင်ခဲ့ကြရသည်။
ဂိုဏ်းချုပ်ရန် သေဆုံးပြီးနောက် လူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားများကို ထုတ်ဖော် ပြသ လာကြသည်။ သူတို့သည် ယုတ်မာသော သရဲတစ္ဆေများ သို့မဟုတ် နတ်ဆိုးများ ဖြစ်ကြ၏။ သူတို့သည် မျက်နှာဖုံးများကို ချက်ချင်း လွှင့်ပစ်လိုက်ကြပြီး ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ကြသည်။ ခမ်းနားထည်ဝါပြီး မြင့်မြတ်သော စေတီတောင်နန်းဆောင်သည် မျက်တောင်တစ်ခတ်အတွင်း စေတီတောင် အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခဲ့၏။
မိန်းမစိုးကြီးယွင်ဟိုင်က ပြောလိုက်၏။ “အရှင်ရှမ့်လန်... မမြင်ဘူးလား။ ဘယ်သူကမှ အရှင်ကို မယုံကြည်သလို ချန်နိုင်ငံကိုလည်း မယုံကြည်ကြပါဘူး။ ဂိုဏ်းချုပ်ရန် သေဆုံးသွားတာနဲ့ လူတိုင်းက ပိုသန်မာတဲ့သူကို မျက်နှာလို၊ မျက်နှာရ လုပ်ကြရတော့မှာပါ။
ဒီလောကမှာ တော်ဝင်ရန်အင်ပါယာထက် ပိုသန်မာတဲ့သူ ရှိသေးလို့လား။ ကတော်ရန်က တော်ဝင်ရန် အင်ပါယာရဲ့ အကြီးဆုံးမင်းသမီးလေ။ ဒါကြောင့် သူက ဂိုဏ်းချုပ်ရန်ကို သတ်လိုက်ပေမဲ့ လူတိုင်းက သူ သတ်လိုက်တဲ့သူဟာ ကိုယ်ပွားတစ်ယောက်ပါလို့ပြောပြီး သူ့ရဲ့အပြစ်ကို ဖုံးကွယ်ပေးဖို့ ကြိုးစားနေကြတာပဲ။
ခင်ဗျားတို့အားလုံး ဖယ်ကြ။ နောက်ထပ် ခြေတစ်လှမ်း တိုးလာရင် ကျုပ် မင်းသမီး ရန်ယင်ယင်ကို သတ်လိုက်မယ်။”
မိန်းမစိုးကြီးယွင်ဟိုင်က ရက်စက်စွာ ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ ဓားက မြန်လား၊ ကျုပ်ဓားက မြန်လား ဆိုတာ ကြည့်ချင်သေးတယ်။ အရှင်ရှမ့်လန်... သွားပါတော့။ မဟုတ်ရင် ဒီနေရာမှာ သေလိမ့်မယ်။ အပိုင်းပိုင်း အစစတောင် အခုတ်ခံရနိုင်တယ်။ ဟား ဟား ... ခင်ဗျား အင်ပါယာလုပ်ရတာ လုံလောက်ပြီပဲ။”
မိန်းမစိုးကြီးယွင်ဟိုင်သည် ရန်ယင်ယင်၏ ဆံပင်ကို ဆွဲပြီး နောက်ဆုတ်သွားသည်။
ရန်တန်ရှောင်သည် ရှမ့်လန်ကို ကြည့်ပြီး မေးမြန်းလိုက်၏။ “ဘာလုပ်ရမလဲ”
ဤလူသည် အမြဲတမ်း ဤကဲ့သို့ပင်။ သူသည် ရိုးရှင်းပြီး ဂိုဏ်းချုပ်ရန်ကို လုံးဝ နာခံခဲ့သည်။ ဂိုဏ်းချုပ်ရန် သေဆုံးပြီးနောက် သူသည် အလိုအလျောက် ရှမ့်လန်ကို နာခံသည်။
ရှမ့်လန် အေးစက်စွာ ပြုံးလိုက်သည်။ ရန်ယင်ယင်ကို ကယ်တင်သည့် လုပ်ငန်းစဉ်သည် အလွန် ရိုးရှင်းကြောင်း သူ ပြောဖူးသည် မဟုတ်ပါလား။
သူသည် ရှင်သန်နေသော သေခြင်းတရားကျမ်းစာ ၏ စိတ်စွမ်းအင် နည်းစနစ်ကို အသုံးပြု၍ စိတ်စွမ်းအင်အမှတ် သိန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော စိတ်စွမ်းအင် စက်ကွင်းတစ်ခုကို တည်ဆောက် လိုက်သည်။ ထို့နောက် ၎င်းကို ထုတ်လွှတ်ပြီး ရန်ယင်ယင်၏ အာရုံကြော သိန်းပေါင်းများစွာကို လှုံ့ဆော်လိုက်သည်။
ရှမ့်လန်သည် မျက်လုံးများကို မှိတ်ပြီး သူ့စိတ်ထဲတွင် စတင် တည်ဆောက်လိုက်သည်။ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ တစ်သိန်းခွဲ။ စိတ်စွမ်းအင်အမှတ် တစ်သိန်းခွဲသည် စိတ်စွမ်းအင် ဝဲကတော့တစ်ခု အဖြစ် ဖွဲ့စည်းသွားခဲ့၏။
“သွားစမ်း။”
ရှမ့်လန်၏ အမိန့်ပေးသံနှင့်အတူ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ စွမ်းအင်ဝဲကတော့သည် သေမင်းတမန် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုသည့်ပုံ ပေါက်နေ၏။
မိန်းမစိုးကြီးယွင်ဟိုင် ထိတ်လန့်သွားသည်။ ရှမ့်လန်က သူ့ကို စွမ်းအင်ဝဲကတော့ဖြင့် တိုက်ခိုက်သည်ဟု ထင်မှတ်ပြီး သူသည် အလိုအလျောက် ရန်ယင်ယင်ကို ဒိုင်းကာအဖြစ် အသုံးပြုလိုက်သည်။
“ရွှစ်..”
စိတ်စွမ်းအင် ဝဲကတော့သည် ရန်ယင်ယင်၏ ဦးနှောက်ထဲသို့ တိုးဝင်သွားခဲ့သည်။ ထို့နောက် တိတ်ဆိတ်သွား၏။
မည်သည့် တုံ့ပြန်မှုမှ မရှိချေ။ မိန်းမစိုးကြီးယွင်ဟိုင် အပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။ ဘာဖြစ်သွားသနည်း။
သူသည် ဓားကို မင်းသမီးရန်ယင်ယင်၏ လည်ပင်းပေါ်သို့ ပြန်တင်လိုက်သည်။ သူမ၏ ဆံပင်ကို ဆွဲလျက် လျင်မြန်စွာ နောက်ဆုတ်ရင်း အေးစက်စွာ ပြောလိုက်သည်။ “ကျုပ်ကို အတင်း မဖိအားပေးနဲ့။ ပြီးတော့ ဘာမှ မလုပ်နဲ့။ မဟုတ်ရင် ကျုပ် သူ့ကို ချက်ချင်း သတ်လိုက်မယ်။”
ထိုအချိန်တွင် မင်းသမီးရန်ယင်ယင် နိုးလာခဲ့သည်။ ထိုအခိုက်အတန့်တွင် မြင်ကွင်းသည် လုံးဝ ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ အလင်းတန်းတစ်ခု သူမ၏ မျက်လုံးများထဲတွင် လက်သွားသည်။ အလွန်တရာ တောက်ပပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြမ်းတမ်းပြီး ရက်စက်သော အကြည့်ပင်။ လူများကို တုန်လှုပ်သွားစေ၏။
ထို့နောက် သူမသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်ပြီး ယွင်ဟိုင်ကို ကြည့်လိုက်သည်။ သူမ၏ လည်ချောင်းထဲမှ ဟိန်းသံတစ်ချက် ထွက်ပေါ်လာ၏။ မြေကြီးတစ်ပြင်လုံး တုန်ခါသွားခဲ့သည်။
မိန်းမစိုးကြီးယွင်ဟိုင် လုံးဝ တုန်လှုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရန်ယင်ယင်သည် သူမ၏ ခေါင်းကို ၁၈၀ ဒီဂရီ အတိအကျ လှည့်လိုက်သောကြောင့် ဖြစ်သည်။ သူမ၏ ကျောဘက်က သူ့ကို မျက်နှာမူထားသော်လည်း သူမ၏ မျက်နှာက သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။
“မင်းကို သတ်မယ်။” မိန်းမစိုးကြီးယွင်ဟိုင်သည် ရုတ်တရက် ရန်ယင်ယင်၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။ သူမ၏ လည်ပင်း တစ်ဝက်ခန့် ပြတ်တောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ရန်တန်ရှောင် အာမေဋိတ်သံ ပြုလိုက်ပြီး အော်ဟစ်လိုက်၏။ “ကျုပ် ခင်ဗျားကို သတ်မယ်။ ကျုပ် ခင်ဗျားကို သတ်မယ်။”
ထို့နောက် သူသည် မိန်းမစိုးကြီးယွင်ဟိုင်ထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားသည်။ သို့သော်ငြား နောက်တစ်စက္ကန့် တွင် သူ လုံးဝ မင်သက်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရန်ယင်ယင်၏ ပြတ်ရှသွားသော လည်ချောင်း သည် ချက်ချင်း ပြန်ဆက်သွားသောကြောင့် ဖြစ်သည်။ အမာရွတ်ပင် ကျန်မနေခဲ့ချေ။
ထို့နောက် ရန်ယင်ယင်သည် မိန်းမစိုးကြီးယွင်ဟိုင်၏ ဓားကို ဖမ်းဆုပ်လိုက်ပြီး ညင်သာစွာ ဖျစ်ညှစ်လိုက် သည်။ အလွန် မာကျောသော ဓားသည် တိုက်ရိုက် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။ ထို့နောက် သူမသည် လက်ဝါးကို ဆန့်ထုတ်ပြီး မိန်းမစိုးကြီးယွင်ဟိုင်ကို ညင်သာစွာ ပုတ်လိုက်သည်။
“ဖူး...”
မိန်းမစိုးကြီးသည် လောကကြီးထဲမှ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။ သွေးမြူမှုန်များ ပျံ့လွင့်သွားသည်။ မဟာပညာရှင်ယွင်ဟိုင်သည် တိုက်ရိုက် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အရိုးစ၊ အသားစပင် ရှာမတွေ့တော့ချေ။ သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ် သွားခဲ့၏။
ဝူကျွယ်၊ ရန်တန်ရှောင်နှင့် ရှမ့်လန်တို့ လုံးဝ တုန်လှုပ်သွားကြသည်။
‘ဒါက ဘာလဲ။ ဒီခွန်အားက နည်းနည်း ကြောက်စရာ မကောင်းလွန်းဘူးလား။ ဂိုဏ်းချုပ်ရန်တောင် ဒီလောက်ထိ။ အစွမ်းမထက်ခဲ့ဘူး။’
“ယင်ယင်...”
ရှမ့်လန် ဂရုတစိုက် လက်လှမ်းလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျား… ခင်ဗျား ကျုပ်ကို မှတ်မိသေးလား။ ကျုပ်က ရှမ့်လန်လေ။ ခင်ဗျားရဲ့ စေ့စပ်ထားသူလေ။ ကျုပ် ခင်ဗျားကို ခုဏက ကယ်လိုက်တာ။”
ရန်ယင်ယင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ ရှမ့်လန်သည် အားကောင်းသော အလင်းရောင်ကြောင့် လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမသည် ရှမ့်လန်ကို စိုက်ကြည့်နေပြီး သူ့စိတ်ထဲမှ မှတ်ဉာဏ် အပိုင်းအစ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ရှိသော်လည်း ဘာမှ ရှာမတွေ့ချေ။
“ကျုပ်က ရှမ့်လန်ပါ။ ခင်ဗျားရဲ့ စေ့စပ်ထားသူ...” ရှမ့်လန် ညင်သာစွာ ပြောရင်း ရန်ယင်ယင်ထံ ဖြည်းညင်းစွာ တိုးကပ်သွားသည်။
“ဘုန်း...” ရန်ယင်ယင် လေထဲသို့ တွန်းထုတ်လိုက်သည်။ တစ်ခဏအတွင်း ရှမ့်လန်၏ ခန္ဓာကိုယ်သည် အမြောက်ဆံကဲ့သို့ လွင့်စဉ်ထွက်သွားပြီး မီတာရာပေါင်းများစွာ အကွာသို့ တိုက်ရိုက် လွင့်သွားသည်။ သူမ တကယ်ပဲ ညင်သာစွာ တွန်းလိုက်ရုံသာ ဖြစ်ပြီး ရှမ့်လန်ကို ထိပင် မထိခဲ့ချေ။ လေကိုသာ တွန်းလိုက်ခြင်း ဖြစ်သည်။ ဤသိုင်းပညာသည် လူများကို မျှော်လင့်ချက်မဲ့စေလောက်အောင် စွမ်းအားကြီးမားလွန်းလှသည်။ သို့သော်ငြား ရှမ့်လန် ဒဏ်ရာမရခဲ့ဘဲ မြေကြီးပေါ်သို့ ပေါ့ပါးစွာ ပြန်ကျလာခဲ့၏။
ရန်တန်ရှောင် လျှောက်လာပြီး ပြောလိုက်သည် “ငါ မင်းရဲ့ အစ်ကိုလေ။ မင်းရဲ့ အစ်ကို...”
နောက်ဆုံးတော့
“ဘုန်း...” ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ရန်တန်ရှောင်၏ ခန္ဓာကိုယ်သည် အမြောက်ဆံ ကဲ့သို့ လွင့်စဉ်ထွက်သွားပြီး သွေးတစ်လုတ် တိုက်ရိုက် အန်ချလိုက်ရသည်။ ရန်ယင်ယင်သည် ပေါ့ပေါ့ပါးပါး တွန်းလိုက်ရုံသာ ရှိသေး၏။
ထို့နောက် ရန်ယင်ယင်သည် ရှမ့်လန်ကို ကြည့်လိုက်သည်။ သူမ တကယ် ဘာမှ မမှတ်မိတော့သော်လည်း ဝိညာဉ်ရေးရာ ဆက်နွယ်မှု၊ ဝိညာဉ်ရေးရာ ပဲ့တင်ထပ်မှု တစ်ခုတော့ ရှိနေပုံရသည်။
သူမ၏ လက်ရှိ စိတ်ခံစားမှုနှင့် အကြည့်သည် လူသားတစ်ဦးနှင့် လုံးဝမတူကြောင်း ရှမ့်လန် သတိပြုမိလိုက်၏။ သူမ မည်သည့်မျိုးစိတ်နည်း ဆိုသည်ကို သူ မသိချေ။
ရုတ်တရက် သူမ၏ အကြည့်သည် သူမ၏ လက်ချောင်းပေါ်သို့ ကျရောက်သွားသည်။ ယင်းမှာ ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ် ဖြစ်သည်။ သူမ ခေတ္တမျှ ကြောင်ငေးကြည့်နေပြီးနောက် ရုတ်တရက် ရှေးဟောင်းဘုရင် လက်စွပ်ကို ချွတ်ပြီး ရှမ့်လန်ထံ တိုက်ရိုက် ပစ်ပေးလိုက်သည်။
ရှမ့်လန်သည် ရှေးဟောင်းဘုရင်လက်စွပ်ကို ဖမ်းယူပြီး သူ၏ လက်ချောင်းတွင် ပြန်စွပ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ရန်ယင်ယင်၏ ပုံရိပ်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ခြေဖျားဖြင့် ခပ်ဖွဖွလေး တို့လိုက်ရုံဖြင့် မီတာတစ်ရာအကွာသို့ ရောက်ရှိပျောက်ကွယ်သွားခဲ့၏။ သူမသည် လေထုကို စုတ်ဖြဲသွားသကဲ့သို့ ကျယ်လောင်သော အသံမြည်သည်အထိ လျင်မြန်လွန်းလှ၏။
ရှမ့်လန် လုံးဝ ကြောင်အသွားသည်။ ‘သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူက ဒီလောက် စွမ်းအားကြီးတာ။ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။’
“သောက်ကျိုးနည်း... ဒါက အကြမ်းကြီး။” ရှမ့်လန် အာမေဋိတ်သံ ပြုလိုက်မိ၏။
ဝူကျွယ်လည်း ကြောင်အနေသည်။ အတန်ကြာမှ သူက ပြောလိုက်၏။ “အရှင်… မင်းသမီး ရန်ယင်ယင် တောင်ဘက်ကို ဦးတည်သွားနေပါတယ်။ သူမ တစ်နေရာရာကို ရောက်ဖို့ အလောတကြီး ဖြစ်နေပုံပါပဲ။”
ရန်ယင်ယင်သည် တောင်ဘက်သို့ မျဉ်းဖြောင့်အတိုင်း သွားနေကြောင်း ရှမ့်လန် မြင်လိုက်ရသည်။ သူမ ဘာနှင့်ပဲ ကြုံတွေ့ရပါစေ သူမ မျဉ်းဖြောင့်အတိုင်းသာ သွားမည် ဖြစ်သည်။ သူမ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော မည်သည့်အရာမဆို ပြာကျသွားရပေမည်။
ရှေးဟောင်းနဂါးသေတ္တာက သူမကို နိဗ္ဗာနအဆင့် ဝင်စေခဲ့ခြင်း ဖြစ်သည်။ သူမသည် ရှေးဟောင်းနဂါး သေတ္တာထဲမှ နဂါးသွေးခြင်ဆီ စွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီးနောက် ဤမျှ စွမ်းအားကြီးမားလာခြင်း ဖြစ်သည်။ ထို့အပြင် သူမသည် ပြောင်းလဲခြင်း အစောပိုင်း အဆင့်တွင်သာ ရှိနေသေးပုံ ရသည်။
“အရှင်... မင်းသမီးရန်ယင်ယင် ထွက်သွားပါပြီ။ ကျုပ်တို့ နောက်ထပ်စိန်ခေါ်မှုကို ကိုယ့်ဘာသာ ရင်ဆိုင်ရပါတော့မယ်။” ဝူကျွယ်က ပြောလိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ဝူကျွယ်... တော်ဝင်ရန်အင်ပါယာက ကျုပ်ထက် အများကြီး ပိုစွမ်းအားကြီးတယ်။ တော်ဝင်ရန်ဆီ အညံ့ခံဖို့ ခင်ဗျား တစ်ခါမှ မစဉ်းစားဖူးဘူးလား။”
ဝူကျွယ် ခေါင်းခါပြီး ပြောလိုက်သည်။ “တော်ဝင်ရန်မှာ ကျုပ်က ဘာမို့လို့လဲ။ ကျုပ်တို့ လောင်းကြေး ထပ်ချင်တယ်လို့ ချန်မြို့တော်မှာ ရှိတုန်းက အရှင်ကို ပြောခဲ့ဖူးသားပဲ။”
ရှမ့်လန် ရန်တန်ရှောင်ကို ကြည့်လိုက်သည်။ သူသည် ဓာတ်ရောင်ခြည်သင့်မှုကြောင့် ကြီးမားသော ထိခိုက်မှု ခံစားထားရသူ ဖြစ်၏။
“ဂိုဏ်းချုပ် ခိုင်းတာမှန်သမျှ ကျုပ် လုပ်မယ်။” ရန်တန်ရှောင်က ပြောလိုက်သည်။
ဂိုဏ်းချုပ်ရန် မသေခင်က ရှမ့်လန်အပေါ် သစ္စာစောင့်သိကြရန် လူတိုင်းကို မှာကြားခဲ့ဖူး၏။ ရန်တန်ရှောင်သည် သွေးမျိုးဆက် ပြုပြင်ပြောင်းလဲထားပြီး ဖြစ်သည်။ သူ၏ ဦးနှောက်သည်ပင် ပြောင်းလဲသွားခဲ့၏။ သူက ရိုးရှင်းသူ ဖြစ်သည့်အတွက် ဂိုဏ်းချုပ်ရန်၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ နားလည်နိုင်ပါမည်နည်း။ သူ့အတွက် အရမ်းခက်ခဲလွန်းနေ၏။
ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “ကောင်းပြီ။ သွားကြစို့၊ သူတို့ကို ရင်ဆိုင်ကြစို့။”
……
လင်းမြောင်ထန်နှင့် ကတော်ရန်တို့သည် လူရာပေါင်းများစွာကို ဦးဆောင်ပြီး စေတီတောင်၏ မြေအောက် လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့ ဂိုဏ်းချုပ်ရန်ကို တွေ့ရှိခဲ့ကြသည်။ သဘာဝကျစွာပင် ဤဂိုဏ်းချုပ်ရန် သည် ကိုယ်ပွားတစ်ဦးသာ ဖြစ်သည်။
ရန်ဝမ်သည် သူ့အကြောင်း အကြိမ်များစွာ ပြောခဲ့ဖူးသော်လည်း သူ့ကိုယ်သူ တစ်ခါမျှ ထုတ်မပြခဲ့ဖူးချေ။ လူတိုင်း သူ့ကို မြင်လိုက်ရသောအခါ သူသည် မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် သီးခြား ကျင့်ကြံနေသည်။ သူ့ကို နှိုး၍ မရနိုင်ချေ။
လင်းမြောင်ထန်က သူ၏ အင်္ကျီကို မတင်လိုက်ပြီး ရင်ဘတ်ပေါ်မှ အရိပ်မဲကို ဖော်ပြကာ ပြောလိုက်၏။ “အားလုံး မြင်ကြလား။ ဒီအရိပ်မဲက ဂိုဏ်းချုပ်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာပါ။ အဲဒါကြောင့် သူက ခန္ဓာကိုယ်ထဲက ကြောက်မက်ဖွယ် စွမ်းအင်ကို မောင်းထုတ်ဖို့ ဒီနေရာမှာ နောက်ထပ် နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်အနည်းငယ်ကြာအောင် သီးခြားကျင့်ကြံနေရမှာ ဖြစ်တယ်။ အားလုံး လူစုခွဲလိုက် ကြပါ။ ဂိုဏ်းချုပ်ရဲ့ သီးခြား ကျင့်ကြံခြင်းကို မနှောင့်ယှက်စေချင်ဘူး။”
ထို့နောက် လူရာပေါင်းများစွာမှ ထောင်ပေါင်းများစွာသည် မြေအောက်လှိုဏ်ဂူမှ ထွက်ခွာသွားကြသည်။ သူတို့ စေတီတောင်နန်းဆောင်သို့ ပြန်ရောက်လာကြသည်။
“ဂိုဏ်းချုပ် ဘေးကင်းလုံခြုံနေသေးတယ် ဆိုတာ အမှန်တရားက သက်သေပြနေပါပြီ။ ကတော်ရန် သတ်လိုက်တာက သူ့ရဲ့ ကိုယ်ပွားပါ။ ဒီလူက ဂိုဏ်းချုပ် သီးခြားကျင့်ကြံနေတာကို မြင်တော့ မိုက်မဲစွာ ပြုမူချင်ခဲ့တာ။ သူ သေသင့်ပါတယ်။”
“သူ သေသင့်ပါတယ်။”
လင်းမြောင်ထန်သည် မင်းသမီးကျိ၏ ရှေ့တွင် ဒူးထောက်ပြီး လျှောက်တင်လိုက်သည်။ “ကတော်ရန်… ဂိုဏ်းချုပ်က သီးခြားကျင့်ကြံနေပေမဲ့ စေတီတောင်မှာ ခေါင်းဆောင် မရှိလို့ မဖြစ်ပါဘူး။ ကျေးဇူးပြုပြီး စေတီတောင်ကို ထိန်းချုပ်ပေးပါ။”
ထို့နောက် လူရာပေါင်းများစွာသည် မင်းသမီးကျိ၏ ရှေ့တွင် ဒူးထောက်ပြီး ဦးတိုက်လိုက်ကြ၏ “ကျေးဇူးပြုပြီး စေတီတောင်ကို ထိန်းချုပ်ပေးပါ။”