အခန်း (၁၁၈၉-၁၁၉၀)
Vol. 69 Ch. 1189-1190
အပိုင်း (၁၁၈၉)
လောကတွင် အသစ်အဆန်းဟူ၍ မရှိချေ။ အမှန်တရားကို ပြောင်းပြန်လှန်ပြီး သမင်ကို မြင်းဟု ခေါ်ဆိုခြင်းသည် နေရာတိုင်းတွင် ရှိစမြဲ ဖြစ်၏။ ‘ဂိုဏ်းချုပ်ရန်… ဂိုဏ်းချုပ်ရန်…. ခင်ဗျား အသက်ရှင်နေစဉ်တုန်းက စေတီတောင်က လူတိုင်းကို ကြိုးကိုင်ခြယ်လှယ်ခဲ့တယ်။ ဘယ်သူမှ မခုခံရဲခဲ့ဘူး။ ခင်ဗျား သေသွားတော့ လူတိုင်းက ခင်ဗျားကို ကြိုးကိုင်ခြယ်လှယ်နေကြပြီ။’
ယခုအချိန်အထိ ရန်ဝမ်၏ အလောင်းကို မြေကြီးပေါ် ပစ်ချထားပြီး လူတိုင်းက နင်းချေနေကြဆဲပင်။ ရန်တန်ရှောင် တစ်ဦးတည်းသာ ရန်ဝမ်၏ ခေါင်းကိုဖက်ပြီး ငိုကြွေးနေခဲ့သည်။ အစမှ အဆုံးထိ လူတစ်ယောက် တည်းကသာ ရန်ဝမ်ကို အမှန်တကယ် ဂရုစိုက်ခဲ့သည်။ ဝူကျွယ်ပင် ဂရုမစိုက်ခဲ့ချေ။
လင်းမြောင်ထန် စကားပြောပြီးသည်နှင့် ဝူကျွယ်က လှောင်ပြောင်လိုက်သည်။ “သခင်ကြီးလင်… ခင်ဗျားရဲ့ စကားတွေက ရယ်စရာ ကောင်းလိုက်တာ။ မဟာဆရာသခင်ရန်က သူ သီးခြားကျင့်ကြံခြင်း ဝင်ပြီးနောက် စေတီတောင်နန်းဆောင် တစ်ခုလုံးကို အရှင်ရှမ့်လန် လက်ထဲ အပ်နှံမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။ ဒီလဝက်အတွင်း ခင်ဗျား ရှင်းရှင်းလင်းလင်း မမြင်ခဲ့ဘူးလား။ အရှင်က စေတီတောင်နန်းဆောင်ရဲ့ အမြင့်ဆုံးသခင်ပဲ။”
ရန်တန်ရှောင်က ဒေါသတကြီး ပြောလိုက်၏။ “လင်းမြောင်ထန်… ခင်ဗျား ဘာအဓိပ္ပာယ်လဲ။ ဦးလေးရဲ့ ဆန္ဒကို ခင်ဗျား ဆန့်ကျင်တော့မလို့လား။”
လင်းမြောင်ထန် စကားမပြောနိုင် ဖြစ်သွားသည်။ တိုက်ရိုက် ပြော၍မရသော အရာတချို့ ရှိသည်။ ဂိုဏ်းချုပ်ရန် သေပြီဟု သူ ပြော၍မရပေ။ လူတိုင်းက သူ ပြောသည်ကို လျစ်လျူရှုနိုင်ကြသည်။ သူတို့က ချန်နိုင်ငံကို မခိုလှုံလိုကြပေ။ တော်ဝင်ရန်အင်ပါယာဆီ ခိုလှုံလိုကြသည်။ ရှမ့်လန်၏ ချန်နိုင်ငံ နောက်လိုက်လျှင် သေလမ်းသာ ရှိသည်။
ထိုအချိန်တွင် နှင်းလင်းယုန်တစ်ကောင် ထိုးဆင်းလာပြီး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။ ထိုသူသည် ချက်ချင်း ဒူးထောက်ပြီး လျှောက်တင်လိုက်၏။ “သတင်းဆိုးပါ။ သတင်းဆိုးပါ။ အရှင်... မဟာဆရာသခင်။ သတင်းဆိုးပါပဲ။”
ဤအထူးစစ်သည်သည် စေတီတောင်နန်းဆောင်တွင် ကြီးမားသော အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်ကို မသိရှိသေးချေ။
ဝူကျွယ်က မေးလိုက်သည်။ “ဘာဖြစ်တာလဲ။”
အထူးတပ်ဖွဲ့ဝင် စစ်သည်က လျှောက်တင်လိုက်၏။ “အထူးတပ်ဖွဲ့ဝင် စစ်သည် ရာဂဏန်းနဲ့ ငရဲတပ်တော် စစ်သည် တစ်ထောင်က ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာတွေနဲ့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်တွေကို နုရှောင့်မြို့ဆီ ပို့ဆောင်နေခဲ့တာပါ။ ဒါပေမဲ့ ကျုပ်တို့ တော်ဝင်ရန်အင်ပါယာရဲ့ ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရပြီး လုံးဝ သုတ်သင်ခံလိုက်ရပါတယ်။ နဂါးအရှိန်အဝါ ပစ်လွှတ်စင်နဲ့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာတွေ အားလုံး သိမ်းဆည်းခံလိုက်ရပါပြီ။”
ဤသတင်းကို ကြားလိုက်ရသောအခါ ရှမ့်လန်၏ မျက်နှာထား ပြောင်းလဲသွားသည်။
ဝူကျွယ်နှင့် အခြားသူများ၏ မျက်နှာထားများလည်း အကြီးအကျယ် ပြောင်းလဲသွားကြ၏။
ဝူကျွယ် အေးစက်စွာ မေးလိုက်သည်။ “တော်ဝင်ရန်အင်ပါယာ ဆိုတာ သေချာလား။ သူတို့ ဘယ်တပ်တော်ကို အသုံးပြုခဲ့တာလဲ။ ဘယ်အတိုင်းအတာလဲ။”
အထူးစစ်သည်က ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် ပြောလိုက်၏။ “မသိပါဘူး။ ဘာဖြစ်ခဲ့သလဲ ဆိုတာ ကျုပ်တို့ အခုထိ မသိသေးပါဘူး။ ကျုပ်တို့ လုံးဝနီးပါး သုတ်သင်ခံလိုက်ရတာပါ။ ကျုပ်တို့ သတိရလာတော့ နဂါးအရှိန်အဝါ ပစ်လွှတ်စင်နဲ့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာတွေ အားလုံး ပျောက်ဆုံး ကုန်ပါပြီ။”
ချက်ချင်းပဲ ခန်းမဆောင်ထဲရှိ လူတိုင်း တုန်လှုပ်သွားကြသည်။ တော်ဝင်ရန်အင်ပါယာက တကယ်ပဲ ဤမျှအထိ စွမ်းအားကြီးသည်လား။
ဂိုဏ်းချုပ်ရန်က အထူးစစ်သည် ရာဂဏန်းနှင့် ငရဲတပ်တော် စစ်သည် တစ်ထောင်ကို အစောင့်အရှောက်အဖြစ် စေလွှတ်ခဲ့သည်။ သူတို့ ရန်သူကို သေချာပင် မမြင်လိုက်ရ၊ ဘာဖြစ်ခဲ့မှန်း မသိလိုက်ဘဲ လုံးဝ သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။ ဤမျှလောက် စွမ်းအားကြီးမားသော တော်ဝင်ရန်အင်ပါယာကို ရင်ဆိုင်ရရင် သူတို့ ရှမ့်လန်နှင့် ချန်နိုင်ငံ နောက်လိုက်ဖို့ မျှော်လင့်ချက် ရှိပါဦးမည်လား။
အချိန်အကြာကြီး နေပြီးနောက် ကတော်ရန် (မင်းသမီးကျိ)က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှင်းရှင်းလင်းလင်း ပြောကြရအောင်။ ဂိုဏ်းချုပ်ရန် မရှိတော့ဘူး။ စေတီတောင်က အခု ရွေးချယ်စရာ နှစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ တစ်ခုက တော်ဝင်ရန်အင်ပါယာအပေါ် သစ္စာစောင့်သိဖို့၊ နောက်တစ်ခုက ရှမ့်လန်ရဲ့ ချန်နိုင်ငံအပေါ် သစ္စာစောင့်သိဖို့။”
သူမ ဆက်လက် ဟန်ဆောင်တော့မည် မဟုတ်ပေ။ ကတော်ရန်က ဆက်ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန် သေပြီ။ စေတီတောင်က တခြား နောက်ခံတစ်ခု ရှာရမယ်။ ရှင်တို့ စွမ်းအားကြီးတဲ့ မီးတောက်မြို့တော်ကို မှီခိုချင်လား၊ ရှမ့်လန်ရဲ့ ချင်မြို့တော်ကို မှီခိုချင်လား။ ရှင်တို့ရဲ့ အသက်တွေနဲ့ ခြေထောက်တွေကို သုံးပြီး ရွေးချယ်ကြပါ။”
သူမ ဤစကား ပြောလိုက်သည်နှင့် အကြီးအကဲ လင်းမြောင်ထန်သည် တွန့်ဆုတ်ခြင်း မရှိဘဲ မင်းသမီးကျိ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် လူဒါဇင်နှင့် ရာပေါင်းများစွာ သူ့နောက်လိုက်ကာ သူမရှေ့တွင် ဒူးထောက်လိုက်ကြသည်။ လူတိုင်း သူတို့၏ ခြေထောက်များကို အသုံးပြုပြီး မဲပေးကြကာ မီးတောက်မြို့တော်ကို ရွေးချယ်လိုက်ကြသည်။
ရန်တန်ရှောင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ ဝူကျွယ်က သုံးစက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက် သူလည်း ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။ ရှိနေသော လူရာပေါင်း ထောင်ပေါင်းများစွာထဲတွင် လူနှစ်ယောက်သာ ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကြ၏။
ထို့နောက် နောက်ထပ် ဒါဇင်အနည်းငယ် ထွက်လာကြသည်။ နောက်ဆုံးတွင် လူတစ်ရာကျော်ခန့် ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကြသည်။ ဤလူများတွင် တူညီသော အမှတ်အသား ရှိကြသည်။ သူတို့အားလုံးသည် ငရဲတပ်တော်မှ အထူးစစ်သည်များနှင့် တပ်မှုးများ ဖြစ်ကြသည်။ သူတို့အားလုံးကို ရန်တန်ရှောင်က လေ့ကျင့်ပေးထားပြီး လုံးဝ ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်သည်။ သူတို့သည် ရိုးရှင်းပြီး အမိန့်နာခံရန်သာ သိကြသည်။
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အေးစက်စွာ ပြောလိုက်၏။ “အားလုံးပဲ။ အရှင် ရှမ့်လန်ကို ဖမ်းဆီးပြီး မီးတောက်မြို့တော်ဆီ ပို့ဆောင်ကာ ကောင်းမှုဆုလာဘ် ရယူကြစို့။”
‘သောက်ကျိုးနည်း။ ဒီလူ တကယ် တော်တာပဲ။ ဒီလိုအတွေးကိုတောင် တွေးမိသေးတယ်။’
ချက်ချင်းပဲ အထူးစစ်သည် ရာပေါင်းများစွာသည် ဓားများကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်ကြသည်။ “ခင်ဗျားတို့ ရဲသလား။ အရှင်ကို ကာကွယ်ကြ။ အရှင်ကို ကာကွယ်ကြ။”
ရန်တန်ရှောင် ရုတ်တရက် ခရာမှုတ်လိုက်၏်။
ချက်ချင်းပဲ မရေမတွက်နိုင်သော အထူးစစ်သည်များသည် နှင်းလင်းယုန် များ စီးလျက် ပျံသန်းလာကြသည်။ မရေမတွက်နိုင်သော ငရဲတပ်တော်သားများသည် စေတီတောင်နန်းဆောင်သို့ ပြေးတက်လာကြသည်။
ထို့နောက် လင်းမြောင်ထန်လည်း သူ့ခရာကို မှုတ်လိုက်သည်။ ထိုနည်းတူစွာပင် မရေမတွက်နိုင်သော စေတီတောင် စစ်သည်များ၊ မဟာပညာရှင်များ၊ အထူးစစ်သည်အချို့နှင့် ငရဲတပ်တော်သားအချို့ ဝိုင်းအုံ လာကြ၏။
တစ်နာရီခန့် ကြာပြီးနောက် လူတစ်သိန်းခန့် စေတီတောင်နန်းဆောင်သို့ တိုးဝင်လာကြသည်။ ရှမ့်လန်အပေါ် သစ္စာရှိသူ သုံးသောင်းနှင့် ကတော်ရန်အပေါ် သစ္စာရှိသူ ခုနစ်သောင်း ရှိသည်။ ဤရလဒ်သည် ရှမ့်လန် ထင်ထားသည်ထက် များစွာ သာလွန်နေသည်။
သူသည် ပြင်ပလူစစ်စစ် ဖြစ်သည်။ သို့သော်ငြား ဤထူးခြားသော အခြေအနေအောက်တွင် သူ့အပေါ် သစ္စာရှိသူ သုံးသောင်း အမှန်တကယ် ရှိနေခဲ့သည်။ ဂိုဏ်းချုပ်ရန်၏ လွန်ခဲ့သော လဝက်တာ ဦးနှောက်ဆေးကြောခြင်း ပြဇာတ်သည် အလကား မဖြစ်ခဲ့ပုံပေါ်၏။
တပ်တော်နှစ်ရပ်သည် စေတီတောင်နန်းဆောင်တွင် မျက်နှာချင်းဆိုင်နေကြသည်။ ပြည်တွင်းစစ် သည် အချိန်မရွေး ဖြစ်ပွားနိုင်သည်။
ဝူကျွယ်က တီးတိုးဖြင့် ပြောလိုက်သည်။ “မင်းသမီးရန်ယင်ယင်က မှတ်ဉာဏ်တွေ အကုန်ပျောက်ပြီး ပျောက်ကွယ်သွားတာ နှမြောစရာပါပဲ။ မဟုတ်လို့ သူသာ ကျုပ်တို့ဘက်မှာ ရှိနေရင် အရှင်အပေါ် သစ္စာရှိတဲ့ တပ်ဖွဲ့တွေ ပိုများလာမှာပါ။”
“ရှမ့်လန်ကို ဖမ်းပြီး ဆုလာဘ်ယူဖို့ မီးတောက်မြို့တော်ဆီ သတင်းပို့ကြ။”
“ရှမ့်လန်ကို ဖမ်းပြီး လက်စားချေကြ။”
တပ်တော်နှစ်ရပ်သည် ပိုမို စိတ်လှုပ်ရှားလာကြသည်။ စစ်ပွဲတစ်ခု ဖြစ်ပွားတော့မည့်ပုံ ပေါက်နေ၏။ တော်ဝင်ရန် အင်ပါယာ၏ အကြီးဆုံးမင်းသမီးသည် လှောင်ပြောင်သော အကြည့်ဖြင့် အေးစက်စွာ ကြည့်နေသည်။
ရှမ့်လန် ရုတ်တရက် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်လိုက်ပြီး အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို ကိုင်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “တိတ်ကြစမ်း။”
လူတိုင်း ရှမ့်လန်ကို ကြည့်လိုက်ကြသည်။ “ကျုပ် သေသွားရင် စေတီတောင်တစ်ခုလုံး ခေါင်းဆောင် မရှိဘဲ ဖြစ်သွားလိမ့်မယ်။ လင်းမြောင်ထန်နဲ့ ဒီမှာရှိတဲ့ လူအများအပြားက လဝက်လောက် ဟန်ဆောင်နေခဲ့ကြတာ။ ရန်ဝမ်ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ ကျုပ်ကို ဦးတိုက်ပြီး ချန်နိုင်ငံရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတယ်။ နောက်ဆုံးတော့ ဘာဖြစ်လဲ။ ရန်ဝမ် ရုတ်တရက် သေဆုံးသွားတယ်။ ခင်ဗျားတို့က ဟန်ဆောင်ချင်စိတ် မရှိကြတော့ဘဲ ကျုပ် ရှမ့်လန်အပေါ် သစ္စာစောင့်သိဖို့ ငြင်းဆန်ကြတယ်။
အဲဒါ ကိစ္စမရှိပါဘူး။ ကျုပ်အပေါ် သစ္စာစောင့်သိဖို့ ကျုပ် ဘယ်သူ့ကိုမှ အတင်းအကျပ် မခိုင်းသလို စေတီတောင်ကို ချန်နိုင်ငံထဲ ဝင်ရောက်ဖို့လည်း အတင်းအကျပ် မခိုင်းပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က တော်ဝင်ရန်အင်ပါယာရဲ့ အကြီးဆုံး မင်းသမီး .... ကျုပ်အဖေ ကျန်းလီရဲ့ စေ့စပ်ထားသူဟောင်း ကတော်ရန် အပေါ် သစ္စာစောင့်သိဖို့ ရွေးချယ်လိုက်ကြတယ်ပေါ့။ အဲဒီလိုဆိုရင်တော့ ခင်ဗျားတို့ မျက်ကန်းတွေ ဖြစ်ရမယ်။
သူက ရန်ဝမ်ရဲ့ နှိပ်စက်တာကို နှစ်ပေါင်း ၃၀ ခံခဲ့ရတာ။ သူ့မှာ အမုန်းတရား ဘယ်လောက် ရှိမလဲ။ အဲဒါကြောင့် ခင်ဗျားတို့အားလုံးရဲ့ ရှေ့မှာ ရန်ဝမ်ကို သေဒဏ်ပေးခဲ့တာ။ ခင်ဗျားတို့က အမှန်တရားကို လိမ်လည်ပြီး ရန်ဝမ် မသေဘူးလို့ ပြောကြတယ်။ ကိုယ်ပွားကိုပဲ သတ်တာလို့ ပြောကြတယ်။ အဲဒါ ပြဿနာ မရှိပါဘူး။ အမှန်တရားကို ပုံဖျက်တာက နေရာတိုင်းမှာ ဖြစ်ပျက်နေတာပဲ။
လက်အောက်ငယ်သားတွေ အနေနဲ့ ခင်ဗျားတို့က ဂိုဏ်းချုပ်ရန်အတွက် လက်စားချေဖို့ တစ်ခါမှ မစဉ်းစားခဲ့ကြဘူး။ အမှန်တရားကို ရှာဖွေဖို့တောင် ဆန္ဒမရှိကြဘူး။ အဲဒါလည်း ပြဿနာ မရှိပါဘူး။ ခင်ဗျားတို့က ဂိုဏ်းချုပ်ရန် ကို သတ်တဲ့လူရှေ့မှာ ဒူးထောက်၊ သစ္စာဆိုပြီး အညံ့ခံချင်နေကြတယ်။ အဲဒါလည်း ပြဿနာ မရှိဘူး။ အသက်ရှင်ဖို့အတွက် ကျုပ်တို့ ဘာမဆို လုပ်သင့်ပါတယ်။
ဒါပေမဲ့ ကျုပ် အားလုံးကို ပြောပြရမယ်။ မင်းသမီးကျိက ရန်ဝမ် တစ်ယောက်တည်းကို မုန်းတာ မဟုတ်ဘူး။ သူက စေတီတောင်တစ်ခုလုံးကို မုန်းတာ။ သူက စေတီတောင်တစ်ခုလုံးကို သူမနဲ့အတူ ဆွဲချသွားချင်တာ။ သူက ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းကို သတ်ချင်နေတာ။ စေတီတောင်ရဲ့ ပျက်သုဉ်းခြင်း ရောက်လာတော့မယ်။ အဲဒါ သိပ်မကြာခင် ရောက်လာတော့မယ်။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “မူလက ကျုပ် စေတီတောင်ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်အပေါ် သစ္စာစောင့်သိဖို့ တစ်ခါမှ မစဉ်းစားခဲ့ကြဘူး။ ဒါကြောင့် ကျုပ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေတော့ပါဘူး။ ခင်ဗျားတို့က မင်းသမီးကျိ နောက်လိုက်ပြီး မီးတောက် မြို့တော်ကို ဒူးထောက် ခိုလှုံ၊ အညံ့ခံချင်တယ် ဆိုရင်လည်း ကြိုက်သလို လုပ်ကြပါ။ လင်းမြောင်ထန်… ခင်ဗျားတို့က ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ။”
ရှမ့်လန်က နိဂုံးချုပ်လိုက်၏။ “ခင်ဗျားတို့ မင်းသမီးကျိဆီ အညံ့ခံလိုက်ကြပြီ။ ခင်ဗျားတို့ရဲ့ သေဆုံးခြင်းက နီးကပ်လာပြီ။”
“ဟား ဟား ဟား...”
အကြီးအကဲ လင်းမြောင်ထန် ရယ်မောလိုက်သည်။ “ရှမ့်လန်... ကျုပ်တို့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။ အလကားပဲ။ ခင်ဗျားက စေတီတောင်က လူတွေကို လှည့်စားပြီး ချန်နိုင်ငံအပေါ် သစ္စာဆိုခိုင်းချင်တာလား။ အားအင်တွေ ဖြုန်းမနေပါနဲ့။ လွန်ခဲ့တဲ့ လဝက်လုံးလုံး ကျုပ်တို့က ဂိုဏ်းချုပ်ရန်ရဲ့ ဖိအားပေးမှုအောက်မှာ ဟန်ဆောင်နေခဲ့ကြတာ။ ကျုပ်တို့ ခင်ဗျားကို သုံးကြိမ် ဦးတိုက်ပြီး အရှင်လို့ ခေါ်ခဲ့တုန်းက ခင်ဗျား တကယ် အတည် ယူလိုက်တာလား။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အင်ပါယာလို့ တကယ် ထင်နေတာလား။ ရယ်စရာ ကောင်းလိုက်တာ၊ မိုက်မဲလိုက်တာ။
အဲဒါက ဟန်ဆောင်မှု သက်သက်ပဲ။ ကျုပ်တို့ ခင်ဗျားကို ဦးတိုက်တုန်းက ကျုပ်တို့က ခင်ဗျား ရှမ့်လန်ကို လူပြက်တစ်ယောက်လိုပဲ သဘောထားခဲ့တာ။ ဂိုဏ်းချုပ်ရန်က ခင်ဗျားကို ကြင်နာမှုကြောင့် ကိုးကွယ်တယ်လို့ ခင်ဗျား ထင်နေတာလား။ သူက ခင်ဗျားအပေါ် တကယ် သစ္စာရှိတာလား။ ဟား ဟား.. ကလေးဆန် လိုက်တာ။ စေတီတောင်မှာ ခင်ဗျားက အစကနေ အဆုံးထိ လူပြက်တစ်ယောက်ပဲ။
ဟုတ်တယ်။ ကျုပ်တို့က တော်ဝင်ရန်အင်ပါယာအပေါ် သစ္စာစောင့်သိချင်တယ်။ ကျုပ်တို့က မင်းသမီးအပေါ် သစ္စာစောင့်သိချင်တယ်။ ဘာဖြစ်လဲ။ ချန်နိုင်ငံက အန္တရာယ် ကြုံနေရပြီ။ ခင်ဗျား ရှမ့်လန်က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူး။ ကျုပ်တို့ကို ဆွဲချဖို့ မကြိုးစားနဲ့။ ခင်ဗျားဘာသာ သေလမ်း ရှာပါလား။ ငရဲလမ်းခရီးမှာ ကျုပ်တို့ကို ခေါ်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့။
မင်းသမီးကျိက ကျုပ်တို့ကို ဖျက်ဆီးချင်တယ်လို့ ခင်ဗျား ပြောတယ်။ စေတီတောင်က ပျက်စီးတော့မယ်လို့ ခင်ဗျား ပြောတယ်။ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ အသုံးမဝင်ဘူး။ ထွက်သွား။ စေတီတောင်ကနေ ထွက်သွား။ လက်ရှိ စေတီတောင်က ကတော်ရန် ပိုင်တာ။”
ထို့နောက် လင်းမြောင်ထန်သည် သောင်းချီသော လူများကို ဦးဆောင်ပြီး မင်းသမီးကျိကို ဦးညွှတ်လိုက်၏။ “ဂါရဝပြုပါတယ် သခင်မ”
“ဂါရဝပြုပါတယ် သခင်မ”
ရှမ့်လန် ပြုံးလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။”
ထို့နောက် ရှမ့်လန် အမိန့်ပေးလိုက်၏။ “အတင်းအဓမ္မ ဆွတ်ခူးထားတဲ့ သခွားသီးက ချိုမှာ မဟုတ်ဘူး။ တစ်ယောက်ယောက် က သေချင်တယ်ဆိုရင် သေပါစေ။ ကျုပ်အပေါ် သစ္စာရှိတဲ့သူအားလုံး စေတီတောင်ကနေ ထွက်ခွာကြမယ်။”
“သွားကြစို့။” ရှမ့်လန် တချောင်ကို စီးလိုက်သည်။
ထို့နောက် ဝူကျွယ်၊ ရန်တန်ရှောင်နှင့် အထူးစစ်သည် တစ်ထောင်တို့သည် နှင်းလင်းယုန်များကို စီးနင်းလိုက်ကြသည်။ ကျန်ရှိနေသော ငရဲတပ်တော်သား သုံးသောင်းမှာ ပျံသန်းနိုင်သော ယာဉ်များ မရှိကြချေ။ သူတို့သည် သင်္ဘောဒါဇင်ပေါင်းများစွာပေါ်သို့ တက်ရောက်လိုက်ကြ၏။ “သွား.. သွား… သွား...”
နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်သည် လူသုံးသောင်းကို ဦးဆောင်ပြီး စေတီတောင်မှ ထွက်ခွာ သွားခဲ့သည်။ သူသည် စေတီတောင်ပေါ်ရှိ အရာအားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
ဝူကျွယ် တုန်ယင်နေ၏။ “အရှင်... အရှင် ပြောခဲ့တာတွေ အကုန်လုံး ဖြစ်လာမှာလား။ သူက တော်ဝင်ရန် အင်ပါယာရဲ့ မင်းသမီးလေ။ စေတီတောင်ရဲ့ သစ္စာစောင့်သိမှုက တော်ဝင်ရန်အင်ပါယာ အတွက် အများကြီး အဓိပ္ပာယ် ရှိပါတယ်။ မီးတောက်မြို့တော်က စေတီတောင်ကို တကယ် ဖျက်ဆီးပစ်မှာလား။”
သို့သော်ငြား ဝူကျွယ် စကားမဆုံးလိုက်ချေ။ ကြယ်တံခွန် ဒါဇင်ပေါင်းများစွာသည် မြောက်ဘက် ကောင်းကင်ယံမှ ပျံသန်းလာကြသည်။ “နဂါးနောင်တ… အထူးနဂါးနောင်တ။”
အထူးနဂါးနောင်တ ဒါဇင်ပေါင်းများစွာသည် စေတီတောင်ဆီသို့ ပျံသန်းသွားကြ၏။ “ရွှီ… ရွှီ… ရွှီ… ရွှီ…”
စေတီတောင်သည် ၎င်းတို့ကို တားဆီးရန် အစွမ်းကုန် ကြိုးစားသည်။ သို့သော်ငြား အားလုံး ကျရှုံး သွားခဲ့သည်။ ထို့အပြင် ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာသည်လည်း အလုပ်မလုပ်တော့ချေ။ မိနစ်အနည်းငယ် ကြာပြီးနောက် အထူးနဂါးနောင်တ ဒါဇင်ပေါင်းများစွာသည် စေတီတောင် ဌာနချုပ်ကို ဝင်တိုက်သွားကြသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...” ခမ်းနားထည်ဝါသော ပျက်သုဉ်းခြင်းကြီးပင် ဖြစ်၏။
……
ရှမ့်လန်ကို မောင်းထုတ်ပြီးနောက် စေတီတောင်မှ လူများသည် အောင်ပွဲခံကြသည်။ ဂိုဏ်းချုပ်ရန်၏ ခေါင်းကို ရန်တန်ရှောင် ယူသွားခဲ့သော်လည်း သူ၏ အပိုင်းပိုင်း ဖြစ်နေသော ခန္ဓာကိုယ်ကို ခန်းမဆောင် အလယ်သို့ ပစ်ချကာ နင်းချေကြသည်။ လွန်ခဲ့သော လဝက်က စနစ်ကျပြီး ခမ်းနားထည်ဝါခဲ့သော စေတီတောင် နန်းဆောင်သည် ယခုအခါ ရှုပ်ပွနေခဲ့သည်။
ထို့နောက် လင်းမြောင်ထန်နှင့် အခြားသူများသည် မင်းသမီးကျိကို စေတီတောင်၏ ဂိုဏ်းချုပ်အသစ်အဖြစ် တင်မြှောက်ရန် မစောင့်နိုင်ကြတော့ပေ။ ဤနည်းအားဖြင့် စေတီတောင်သည်လည်း ကျိမျိုးရိုးအမည်ကို ရရှိမည်ဖြစ်ပြီး ကောင်းကင်အပြစ်ပေးမှုနန်းဆောင်ကဲ့သို့ ဆက်ဆံခံရကာ တော်ဝင်ရန်အင်ပါယာ၏ သဘာဝလွန် အင်အားစုတစ်ခု ဖြစ်လာနိုင်မည်။
ထို့ကြောင့် ခန်းမဆောင်သခင် အမျိုးသမီးအချို့ ရှေ့ထွက်လာပြီး ကတော်ရန် (မင်းသမီးကျိ) ကို ရေချိုးပေးကာ ဂိုဏ်းချုပ်ဝတ်ရုံ ဝတ်ဆင်ပေးပြီး ကျောက်စိမ်းဓားကို ဆင်မြန်းပေးကြသည်။ သေချာသည်မှာ ဤဂိုဏ်းချုပ် ဝတ်ရုံသည် အမျိုးသားများအတွက် ဖြစ်သော်လည်း ကိစ္စမရှိပေ။ ဝတ်ဆင် ပြီးနောက် မင်းသမီးကျိသည် ရဲရင့်ပြီး ခံ့ညားထည်ဝါနေ၏။
အပိုင်း (၁၁၉၀)
ထို့နောက် လူတိုင်းသည် မင်းသမီးကျိကို စေတီတောင်နန်းဆောင် ပလ္လင်ပေါ်သို့ တွန်းတင်ပေးလိုက်ကြသည်။
လူရာပေါင်း ထောင်ပေါင်းများစွာသည် ညီညာစွာ ဒူးထောက်ပြီး ဦးတိုက်လိုက်ကြ၏။ “ဂါရဝပြုပါတယ် ဂိုဏ်းချုပ်။”
“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်။”
ဤအရာက တကယ် ပြဇာတ်တစ်ပုဒ်လိုဖြစ်သည်။ လွန်ခဲ့သည့် လဝက်ကျော်လောက်က ဂိုဏ်းချုပ်ရန်က ရှမ့်လန်ကို ဤနေရာကို တွန်းတင်ပြီး အရှင်ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ ဟု အော်ဟစ်ခဲ့ဖူးသည်။
ယခုအချိန်တွင် လင်းမြောင်ထန်နှင့် အခြားသူများသည် မင်းသမီးကျိကို ထိုနေရာသို့ တွန်းတင်ပေးလိုက်ကြပြီး နောက်တစ်ကြိမ် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြန်၏။ သူတို့သည် သုံးကြိမ် ဦးတိုက်ပြီး ကိုးကြိမ် ဦးညွှတ်ချင်နေကြ၏။
ထိုကဲ့သို့ပင် ရန်ဝမ်ကို သတ်ဖြတ်သူ၊ တော်ဝင်ရန်အင်ပါယာ၏ အကြီးဆုံးမင်းသမီးသည် စေတီတောင်၏ ဂိုဏ်းချုပ် အသစ် ဖြစ်လာခဲ့သည်။ သူမ၌ တကယ်ပဲ ချန်ချောင် ပုန်ကန်မှု၏ ဆွဲဆောင်မှုမျိုး ရှိနေသည်။ ဖြစ်စဉ်တစ်ခုလုံးတွင် မင်းသမီးကျိသည် မငြင်းဆန်ခဲ့ဘဲ အရာအားလုံးကို အေးစက်စွာ ကြည့်နေခဲ့သည်။
အခမ်းအနား ပြီးဆုံးပြီးနောက် သူမသည် လှိုဏ်ဂူတစ်ခုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။ ထိုနေရာသည် စေတီတောင်၏ စစ်မှန်သော လျှို့ဝှက်နေရာ ဖြစ်သည်။ စေတီတောင်ကို အဘယ်ကြောင့် ပင်လယ်ရေပေါ်တွင် တည်ဆောက်ခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် တောင်တစ်ခုလုံးသည် ရှေးဟောင်း အပျက်အစီးတစ်ခု ဖြစ်သောကြောင့်ပင်။ စေတီတောင်၏ ကူပိုးကောင် ယဉ်ကျေးမှုကို ဤရှေးဟောင်း အပျက်အစီးမှ စတင်ခဲ့ခြင်း ဖြစ်၏။
စေတီတောင်နန်းဆောင်သည် ခမ်းနားထည်ဝါသော်လည်း စေတီတောင်၏ အဓိက ဗဟိုချက် မဟုတ်ခဲ့ဖူးချေ။ စေတီတောင်၏ အဓိက ထိန်းချုပ်ခန်းကသာလျှင် စစ်မှန်သော သော့ချက် ဖြစ်သည်။ အတွင်း၌ စေတီတောင်၏ ရှေးဟောင်း စွမ်းအင် ဗဟိုချက် အများစုကို ထိန်းချုပ်နိုင်သည်။ အရေးကြီးဆုံးအရာဖြစ်သော ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာကိုလည်း ထိန်းချုပ်နိုင်သည်။
ဤပစ္စည်းကို တောင်ပင်လယ်ဒေသရှိ ရှေးဟောင်း အပျက်အစီးများတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကို စေတီတောင် ဌာနချုပ်သို့ သယ်ဆောင်ရန် လူအင်အား အများအပြား အသုံးပြုခဲ့ရသည်။ ပြီးခဲ့သည့် တစ်ကြိမ် မီးတောက်မြို့တော်က စေတီတောင်ကို အထူးနဂါးနောင်တဖြင့် တိုက်ခိုက်ရန် ကြိုးစားစဉ်က ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာဖြင့် လေထဲတွင် ကြားဖြတ်ဟန့်တားခဲ့ပြီး စောစီးစွာ ပေါက်ကွဲစေခဲ့သဖြင့် စေတီတောင်ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ချေ။
ဂိုဏ်းချုပ်အသစ်၊ တော်ဝင်ရန်အင်ပါယာ၏ ပထမမင်းသမီးသည် ထိန်းချုပ်ရေးဗဟိုချက်ထဲသို့ ဝင်ရောက် ပြီးနောက် ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို ချက်ချင်း ပိတ်လိုက်သည်။ ထို့နောက် သူမသည် အိပ်မက်ဆိုး ကျောက်တုံးနှင့် သက်ဆိုင်သော ကိရိယာများကို ဖွင့်လိုက်ပြီး ကောင်းကင်ယံသို့ အချက်ပြလိုက်၏။
မကြာမီ တော်ဝင်ရန်အင်ပါယာ၏ အထူးနဂါးနောင်တများ တိုက်ခိုက်လာခဲ့ပြီး တစ်ကြိမ်တည်းတွင် ဒါဇင်ပေါင်းများစွာ ပါဝင်သည်။
စေတီတောင်ကို ကာကွယ်ရန် ကျန်ရစ်ခဲ့သော လူများသည် ရှမ့်လန်ထက် စောစီးစွာ နဂါးနောင်တကို တွေ့ရှိလိုက်ကြပြီး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ဤနဂါးနောင်တ များသည် တစ်စက္ကန့်လျှင် မီတာ သုံးထောင်ခန့် အရှိန်ဖြင့် ပျံသန်းလာကြပြီး မကြုံစဖူး လျင်မြန်လွန်း၏။
သို့သော်ငြား ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာ၏ စွမ်းအားအရ ၎င်းတို့ကို လေထဲတွင် ကြားဖြတ်ဟန့်တားနိုင်သင့်သည်။
“မြန်မြန်။ သွားပြီး ကြားဖြတ်ဟန့်တားကြ။”
“မြန်မြန်။ အဓိက ထိန်းချုပ်ခန်းထဲ ဝင်ကြ။”
အထူးစစ်သည် ရာပေါင်းများစွာနှင့် အကြီးအကဲ အနည်းငယ်တို့သည် အဓိက ထိန်းချုပ်ခန်းဆီသို့ ပြေးသွား ကြသည်။ သို့သော်ငြား တံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး လုံးဝ ဖွင့်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
လူတိုင်းသည် ကျောချမ်းသွားပြီး ကြောက်မက်ဖွယ် ခံစားချက်တစ်ခု လွှမ်းခြုံလာခဲ့၏။
“ဂိုဏ်းချုပ်။ ခင်ဗျား အထဲမှာလား။ ခင်ဗျား အထဲမှာလား။” လင်းမြောင်ထန် တုန်ယင်နေသည်။
“ကျွန်မ အထဲမှာ ရှိတယ်။” မင်းသမီးကျိ၏ အသံသည် အိပ်မက်ဆိုးကျောက်တုံးမှတဆင့် စေတီတောင် တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့၏။
လင်းမြောင်ထန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်… မီးတောက်မြို့တော်ရဲ့ အထူးနဂါးနောင်တတွေ ပစ်ခတ် လာနေပါပြီ။ နားလည်မှုလွဲတာ တစ်ခုခု ရှိရမယ်။ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို မြန်မြန် ဖွင့်လိုက်ပါ၊ အဲဒါက ဒီနဂါးနောင်တတွေကို လေထဲမှာ ကြားဖြတ်ဟန့်တားနိုင်ပါတယ်။ ပြီးမှ ကျုပ်တို့ တော်ဝင်ရန် အင်ပါယာကို ရှင်းပြကြတာပေါ့။
ဟုတ်ပါတယ်။ ကျုပ်တို့က ရှမ့်လန်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး၊ ချန်နိုင်ငံနဲ့ ဘာမှ မသက်ဆိုင်ပါဘူး ဆိုတာ မီးတောက်မြို့တော်ကို ရှင်းပြကြတာပေါ့။ ကျုပ်တို့က တော်ဝင်ရန်အင်ပါယာဆီ လုံးဝ အညံ့ခံလိုက်ပါပြီ။ လူပြက်ရှမ့်လန်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်တာက ကျုပ်တို့ ဆန္ဒ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး စေတီတောင်က ချန်နိုင်ငံ၏ တော်ဝင်ရန်သူတော် ဖြစ်လာသလို ရှမ့်လန်ရဲ့ ရန်သူလည်း ဖြစ်လာခဲ့ပါပြီ။”
“ဂိုဏ်းချုပ်... ကြားရဲ့လား။ မင်းသမီးကျိ... ကြားရဲ့လား။”
ခဏအကြာတွင် မင်းသမီးကျိက ပြန်ဖြေလိုက်သည်။ “စိတ်မပူနဲ့... ကျွန်မ ကြားတယ်။”
လင်းမြောင်ထန်က စိုးရိမ်တကြီး ပြောလိုက်၏။ “ဒါဆို ခင်ဗျား ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာကို ဖွင့်ပြီးပြီလား။ မြန်မြန်လုပ်ပါ။ နောက်ကျတော့မယ်။ အထူးနဂါးနောင်တက သိပ်မြန်တာ။ နောက်ထပ် စက္ကန့် သုံးဆယ်တောင် မလိုတော့ဘူး။”
မင်းသမီးကျိက အေးဆေးစွာ ပြန်ပြောလိုက်သည်။ “ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာက မူလက ပွင့်နေတာပါ။ ဒါပေမဲ့ ကျွန်မ တမင် ပိတ်လိုက်တာ။”
ဤစကားကို ကြားလိုက်ရသူတိုင်း တုန်လှုပ်သွားကြပြီး ကျောချမ်းသွားကြ၏။
“ဘာ... ဘာလို့လဲ။”
လင်းမြောင်ထန်က မေးလိုက်သည်။ “မင်းသမီးကျိ... ကျုပ်တို့က ခင်ဗျားအပေါ်၊ တော်ဝင်ရန်အင်ပါယာအပေါ် သစ္စာဆိုထားကြတာလေ။ ခင်ဗျားအတွက်နဲ့ ကျုပ်တို့က ရှမ့်လန်နဲ့ ရန်သူ ဖြစ်ခဲ့ကြတာပါ။”
မင်းသမီးကျိက ပြတ်ပြတ်သားသား ပြောလိုက်၏။ “ဘာကြောင့်လဲဆိုတော့ စေတီတောင်ပက လူတိုင်းကို ကျွန်မ သေစေချင်လို့ပဲ။”
လူတိုင်း ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ သူမ၏ စကားလုံးများသည် အရိုးထဲထိ စွဲနေသော အမုန်းတရားများဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။
မင်းသမီးကျိ အေးစက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “ကျွန်မက သားရဲတစ်ကောင်ပါ။ စေတီတောင်က လူတိုင်းက သားရဲတွေပဲ။ ရှင်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြသလဲ။ ကူပိုးကောင်တွေ နဲ့လား။ ဒါက ရှင်တို့အားလုံး ယုတ်မာပြီး ရက်စက်တယ် ဆိုတာ ပြသနေတာပဲ။ ရှင်တို့အားလုံး သေသင့်တယ်။”
လင်းမြောင်ထန် အော်ဟစ်လိုက်သည်။ “စေတီတောင်မှာ ခင်ဗျားရဲ့ သမီး ရှိနေသေးတယ်လေ။ မင်းသမီးကိုပါ ဖောက်ခွဲပစ်ချင်တာလား။ ကျားရဲတောင် သူ့သားသမီးကို မစားဘူး။”
အမှန်တကယ်တွင် မင်းသမီးရန်ယင်ယင် ထိုနေရာ၌ မရှိတော့ကြောင်း လင်းမြောင်ထန် သိရှိထားသော်လည်း ဤအချက်ကို အသုံးပြု၍ မင်းသမီးကျိ၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားခြင်း ဖြစ်၏။
မင်းသမီးကျိက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “သူမက ကျွန်မရဲ့သမီးအရင်း မဟုတ်ဘူး။ ကောင်းပြီ။ ရှင်တို့ သေဖို့သာ ပြင်ထားကြတော့။ အချိန်ဖြုန်းမနေနဲ့။”
မင်းသမီးကျိသည် ထိန်းချုပ်ရေးစင်တာတွင် ပုန်းအောင်းရင်း လုံးဝ တိတ်ဆိတ်သွားခဲ့၏။
ခဏအကြာတွင် ကောင်းကင်ယံမှ အထူးနဂါးနောင်တ ရောက်ရှိလာခဲ့သည်။ ပထမဆုံး တစ်ခုသည် ပင်လယ်ရေပြင် ထဲသို့ ထိုးဆင်းသွားသည်။ ချက်ချင်း မပေါက်ကွဲဘဲ ပင်လယ်ရေပြင်၏ အနက်ရှိုင်းဆုံး နေရာသို့ တိုးဝင်သွားသည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ပထမဆုံး အထူးနဂါးနောင်တသည် ပင်လယ်ကြမ်းပြင်တွင် ပေါက်ကွဲသွားပြီး မိုးနှင့်မြေကို တုန်ခါစေကာ ထိတ်လန့်ဖွယ်ရာ ဆူနာမီလှိုင်းလုံးကြီး ဖြစ်ပေါ်စေခဲ့သည်။ ဤသည်မှာ စစ်မှန်သော ပင်လယ်မဟုတ်ဘဲ ကြီးမားသော ရေကန်ကြီး တစ်ခုသာ ဖြစ်သော်လည်း ဆူနာမီ ဖြစ်ပေါ်စေခဲ့၏။
အစိမ်းရောင် မီးလုံးကြီး တစ်လုံး ကောင်းကင်ယံသို့ တက်လာခဲ့သည်။ ချက်ချင်းပဲ ဒုတိယမြောက် အထူးနဂါးနောင်တ သည် ဥပဒေပြုကျွန်းကို ဝင်တိုက်လိုက်သည်။ တောင်၏ ထက်ဝက်ခန့်ကို ဖောက်ထွင်း ဝင်ရောက်သွားပြီး ကျွန်း၏ တောင်အတွင်းပိုင်း နက်ရှိုင်းစွာ ဝင်ရောက်ကာ ပေါက်ကွဲသွားခဲ့သည်။
တစ်ခဏအတွင်း ဥပဒေပြုကျွန်း တစ်ခုလုံး လုံးဝ ပျက်စီးသွားပြီး လောကပေါ်မှ အလုံးစုံ ပျောက်ကွယ် သွားခဲ့သည်။ ထို့နောက် တတိယမြောက် အထူးနဂါးနောင်တသည် ငရဲကျွန်းကို ဝင်တိုက်လိုက်၏။
စတုတ္ထနှင့် ပဉ္စမမြောက် တို့သည်လည်း ငရဲကျွန်းကို ဝင်တိုက်လိုက်ကြသည်။ ငရဲကျွန်းသည် လောကမြေပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင် သည် နေမင်းထက် အဆပေါင်းများစွာ ပိုမို တောက်ပနေသည်။
လင်းမြောင်ထန်နှင့် အခြားသူများသည် အဆုံးမဲ့ နောင်တရခြင်းသို့ ကျရောက်သွားကြသည်။ ရှမ့်လန် ပြောခဲ့သမျှ အရာအားလုံး မှန်ကန်နေကြောင်း တွေ့ရှိလိုက်ရသည်။ တော်ဝင်ရန်အင်ပါယာသည် စေတီတောင်ကို တကယ် ဖျက်ဆီးချင်နေသည်။ မင်းသမီးကျိသည် လူတိုင်းကို တကယ် သေစေချင်နေ၏။
သူသည် အရှင်ရှမ့်လန်၏ စကားကို နားမထောင်ခဲ့မိသည်အား နောင်တရမိသည်။ သူ၏ မျက်လုံးများကို ဝက်ဆီဖြင့် ဖုံးအုပ်ထားခဲ့မိသည်။ အဘယ်ကြောင့် အရှင်ရှမ့်လန်နှင့်အတူ ထွက်မသွားခဲ့မိသနည်း။ ဘာကြောင့် ဤနေရာမှာ ကျန်နေခဲ့မိသနည်း။
“ကျုပ် ခင်ဗျားကို မုန်းတယ်။ သိပ်မုန်းတယ်။ တော်ဝင်ရန်အင်ပါယာနဲ့ ကျုပ် မပြေလည်နိုင်တော့ဘူး။ မင်းသမီးကျိ... ခင်ဗျား နှိပ်စက်ခံရပြီး သေသင့်တယ်။ ခင်ဗျား အသေဆိုးနဲ့ သေရလိမ့်မယ်။ အသေဆိုးနဲ့ သေရလိမ့်မယ်။
“ရွှီ… ရွှီ… ရွှီ… ရွှီ…”
စုစုပေါင်း အထူးနဂါးနောင်တ ဆယ်ခုသည် အရပ်ရပ်မှ စေတီတောင်ဌာနချုပ်ဆီသို့ ဝင်တိုက်လာကြသည်။
လင်းမြောင်ထန် စူးရှစွာ ရယ်မောလိုက်၏။ “ဟားဟား... ဟားဟားဟား... ရယ်စရာပဲ။ ရယ်စရာပဲ။”
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ထို့နောက် ခမ်းနားထည်ဝါသော စေတီတောင်နန်းဆောင်သည် အပိုင်းပိုင်း အစစ ကြေမွသွားခဲ့သည်။ မီတာထောင်ပေါင်းများစွာ မြင့်မားသော စေတီတောင်၏ ကျောက်ကမ်းပါးယံကြီးသည် အလယ်မှ ကွဲထွက်သွားခဲ့သည်။
ထို့နောက် အထူးနဂါးနောင်တများသည် ဆက်လက် ဝင်ရောက်လာပြီး ပင်လယ်ရေပြင်ပေါ်ရှိ ကျွန်းတိုင်းကို နာမည်ခေါ်ပြီး တိုက်ခိုက်နေသကဲ့သို့ ဝင်တိုက်ဖျက်ဆီးပစ်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ဗုံးကြဲတိုက်ခိုက်မှုသည် ၁၅ မိနစ်တိတိ ကြာမြင့်ခဲ့သည်။ ထို့နောက်... စေတီတောင်သည် လုံးဝ ပျက်စီးသွားပြီး ဤလောကပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ လူတစ်သိန်းကျော်သည် လုံးဝနီးပါး သုတ်သင်ခံလိုက်ရသည်။ ပင်လယ်ရေပြင် တစ်ခုလုံး ပွက်ပွက်ဆူနေပြီး အရပ်ရပ်သို့ ကြီးမားသော လှိုင်းလုံးကြီးများ ပျံ့နှံ့သွားကာ တောင်ဘက်ရှိ ချောင်ပြည်နယ်ဆီသို့ ဦးတည်သွားသည်။
အချိန်အတော်ကြာပြီးနောက် စေတီတောင်ထိန်းချုပ်ရေးဗဟိုချက်၏ တံခါး ပွင့်သွားခဲ့သည်။ မင်းသမီးကျိ သည် အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့၏။ သေချာသည်မှာ သူမ မသေဆုံးသေးချေ။ အဓိက ထိန်းချုပ်ခန်း၏ ကာကွယ်ရေး စွမ်းရည်သည် အံ့မခန်းဖြစ်ပြီး အထူးနဂါးနောင်တကို ခံနိုင်ရည် ရှိ၏။
ထို့နောက် ကောင်းကင်ယံတွင် အနက်ရောင် အရိပ်ဒါဇင်ပေါင်းများစွာ ပေါ်လာခဲ့သည်။ သူတို့အားလုံးသည် အသံလှိုင်း ပျံသန်းသားရဲများ ဖြစ်ကြသည်။ မှန်ပေသည်။ သူတို့က တချောင်နှင့် တူညီကြသော်လည်း များစွာ ပိုမို ကြီးမားကြသည်။ တချောင်သည် နောက်ဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ဤအသံလှိုင်း ပျံသန်းသားရဲများ သည် ထွက်ပေါ်လာသည်မှာ ဆယ်နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။ သူတို့ကို တော်ဝင်ရန် အင်ပါယာက ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
တချောင်သည် အလျား မီတာ ၃၀ ခန့် ရှိပြီး တောင်ပံအကျယ် မီတာ ၃၀ ခန့် ရှိသည်။ တော်ဝင်ရန် အင်ပါယာ၏ အသံလှိုင်း ပျံသန်းသားရဲများသည် အလျား ၄၅ မီတာကျော် ရှိကြသည်။ ထို့အပြင် သူတို့သည် တချောင်ထက် များစွာ ပိုမို ကြမ်းတမ်းပုံ ပေါက်နေ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ တစ်ကောင်ချင်းစီတိုင်းကို ပြုပြင်ပြောင်းလဲထားသောကြောင့် ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် ထူထဲပြီး ထူးဆန်းသော အကြေးခွံများ ဖုံးလွှမ်းထား၏။ လေထဲတွင် ရှိနေလျှင်ပင် သူတို့သည် လက်နက်များကို ခံနိုင်ရည် ရှိကြသည်။
ဤသည်မှာ သူတို့၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ တွင်းနက်ကြီးထဲတွင် လိုဏ်ဂူတစ်ခုစီသည် အသံလှိုင်း ပျံသန်းသားရဲတစ်ကောင်ကို ကိုယ်စားပြုပြီး တွင်းနက်ကြီးထဲတွင် မရေမတွက် နိုင်သော လိုဏ်ဂူများ ရှိ၏။
အသံလှိုင်း ပျံသန်းသားရဲတစ်ကောင် ဆင်းသက်လာခဲ့၏။ ၎င်း၏ ကျောပေါ်တွင် အခန်းငယ်တစ်ခု တပ်ဆင်ထားသည်။ မင်းသမီးကျိရွှမ်က ထိုအထဲမှ ထွက်လာခဲ့သည်။
“အိမ်ပြန်ကြစို့ အဒေါ်...” မင်းသမီးကျိရွှမ်က ပြောလိုက်၏။
ကတော်ရန် (မင်းသမီးကျိ) သည် အသံလှိုင်း ပျံသန်းသားရဲ၏ နောက်ခန်းထဲသို့ ဝင်လိုက်သည်။
မင်းသမီးကျိရွှမ်၏ အမိန့်ပေးမှုနှင့်အတူ အသံလှိုင်း ပျံသန်းသားရဲဒါဇင်ပေါင်း များစွာသည် တောင်ပံများကို ခတ်လိုက်ကြပြီး မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံ မီတာ ထောင်ပေါင်းများစွာ အမြင့်သို့ ပျံတက်သွား၏။
“ဖျက်ဆီးမှု ပြီးပြီလား။” မင်းသမီးကျိရွှမ်က မေးလိုက်သည်။
ကတော်ရန်သည် ဤမြင်ကွင်းကို လောဘတကြီး ကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ လုံးလုံး သူမသည် စေတီတောင်တစ်ခုလုံးကို မြေလှန်ဖျက်ဆီးပစ်လိုက်ပြီဟု အိပ်မက် မက်ခဲ့ဖူးသည်။ ယခု နောက်ဆုံးတော့ သူမ လုပ်ဆောင်နိုင်ခဲ့ပြီ။
“နင် ဘာလို့ အခုမှ ရောက်လာတာလဲ။ ငါ့ကို ရန်ဝမ် နှိပ်စက်တုန်းက နင် ဘယ်ရောက်နေသလဲ။”
ကတော်ရန် အေးစက်စွာ မေးလိုက်၏။ “ငါ့ရဲ့အထွတ်အထိပ် အစ်ကိုတော် အင်ပါယာက ငါ့ကို ကယ်ဖို့ စဉ်းစားဖူးရဲ့လား။”
မင်းသမီးကျိရွှမ်က ရှင်းပြလိုက်သည်။ “ပထမအချက် တော်ဝင်ရန်အင်ပါယာတောင်မှ ဒီလောကကို ကြယ်တံခွန် ဝင်တိုက်ပြီးမှ အရာအများစု ပြောင်းလဲသွားခဲ့တာပါ။ ဒုတိယအချက် ရန်မြို့တော်က ကိစ္စတချို့ လုပ်ဖို့အတွက် စာချုပ်တချို့ ချုပ်ဆိုဖို့ လိုအပ်တယ်။ ဟုတ်တယ်။ ဒီစာချုပ်က ကြယ်တံခွန် ဝင်တိုက်ပြီးမှ ပျက်ပြယ်သွားခဲ့တာပါ။ တတိယအချက် ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာကို ပိတ်မဲ့ အတွင်းလူသာ မရှိရင် ကျွန်မတို့ရဲ့ အထူးနဂါးနောင်တတွေ အလကား ဖြစ်သွားမှာပဲ။”
မင်းသမီးကျိရွှမ်၏ စကားများသည် အလွန် ဝေဝါးနေပြီး နားလည်နိုင်သူ အနည်းငယ်သာ ရှိသည်။
ကတော်ရန်က မေးလိုက်၏။ “ဒါဆိုရင် ချန်နိုင်ငံကရော... ကျန်းလီရဲ့ ချန်နိုင်ငံကရော။”
မင်းသမီးကျိရွှမ်က ပြန်မေးလိုက်သည်။ “အဒေါ်... အဒေါ်က ချန်နိုင်ငံကို အမြန်ဆုံး ပျက်သုဉ်းစေချင် နေတာလား။”
ကတော်ရန်က ဂရုမစိုက်သလို ပြောလိုက်၏။ “ငါ ကျန်းလီကို ရန်ဝမ်ထက် ပိုမုန်းတယ်။ သူ ငါ့ကို ပေးခဲ့တဲ့ အရှက်ခွဲမှုက ရန်ဝမ်ထက် အများကြီး ပိုကြီးမားတယ်။”
မင်းသမီးကျိရွှမ် ကတော်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မကြာခင်ပါပဲ။ လဝက်အတွင်း နုရှောင့်မြို့ကို ဒီလောကပေါ်ကနေ လုံးဝ ဖယ်ရှားပစ်ပါ့မယ်။”