အခန်း (၁၁၉၁-၁၁၉၂)
Vol. 69 Ch. 1191-1192
အပိုင်း (၁၁၉၁)
“လုံးဝ ဖယ်ရှားပစ်မယ် ဟုတ်လား။” ကတော်ရန် မေးလိုက်၏။
မင်းသမီးကျိရွှမ်က အတည်ပြုလိုက်သည်။ “ဟုတ်တယ်။ ရှမ့်လန်အတွက် အထူးနဂါးနောင်တ ပိုပြီးများများ ပြင်ဆင်ထားပါတယ်။ နုရှောင့်မြို့ကို မြေလှန်ဖျက်ဆီးပစ်နိုင်တဲ့အထိ များပြားတယ်။ လဝက်ပဲ လိုတော့တယ်။”
ကတော်ရန်က ပြောလိုက်၏။ “အဲဒီအချိန်ကျရင် ငါကိုယ်တိုင် သွားကြည့်မယ်။”
မင်းသမီးကျိရွှမ်က ဆိုလိုက်သည်။ “အဒေါ်... အမုန်းတရားနဲ့ ဒေါသတွေ အတိုင်းအတာတစ်ခုအထိ စုစည်း သွားတဲ့အခါ မီးမဟုတ်တော့ဘဲ လောကကြီးကို လောင်ကျွမ်းစေနိုင်တဲ့ ရေခဲ ဖြစ်သွားတယ်ဆိုတာ ကျွန်မ အခုမှ တကယ် ယုံကြည်တော့တယ်။”
ကတော်ရန် ရုတ်တရက် မေးလိုက်၏။ “ငါ နိုးလာပြီး စေတီတောင်ရဲ့သခင် ဖြစ်လာပြီ ဆိုတာကို ကန်ဝမ် နင့်ကို ပြောပြတာလား။”
မင်းသမီးကျိရွှမ်က ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”
ကတော်ရန်က မေးလိုက်၏။ “ဒီလူက ဘယ်သူ့ဘက်ကလဲ။ သူက လူလား၊ သရဲလား။”
ထိုအချိန်တွင် အသံလှိုင်း ပျံသန်းသားရဲအဖွဲ့သည် ကျွန်းငယ်လေးတစ်ကျွန်းအထက်သို့ ပျံသန်း ရောက်ရှိလာ ကြသည်။ ထိုကျွန်းပေါ်တွင် ခမ်းနားထည်ဝါသော အဆောက်အအုံ တစ်ခုရှိပြီး ခရမ်းရောင် ကျောက်စိမ်းနန်းတော် ဟုခေါ်သည်။
ဤနန်းတော်ကို ဂိုဏ်းချုပ်ရန်က မင်းသမီးကျိ နေထိုင်ရန် အထူးတလည် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ရှမ့်လန်သည်လည်း စေတီတောင်သို့ ရောက်ရှိပြီးနောက် တစ်ညတာ တည်းခိုခဲ့ဖူးသည်။ ထိုနေရာတွင် သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်နေသော အပျိုတော် ဒါဇင်ပေါင်းများစွာ ရှိသည်။ ပင်လယ်ရေပြင် တစ်ခုလုံး ပွက်ပွက်ဆူနေသဖြင့် ထိုသူတို့ ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤနေရာသည် စေတီတောင် ဌာနချုပ်နှင့် ဝေးကွာသောကြောင့် နဂါးနောင်တ ပေါက်ကွဲမှုဒဏ် မခံခဲ့ရပေ။
“ဖျက်ဆီးပစ်လိုက်။” မင်းသမီးကျိက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့” ကျိရွှမ်က နာခံလိုက်သည်။
ထို့နောက် အသံလှိုင်း ပျံသန်းသားရဲဒါဇင်ပေါင်းများစွာ ထိုးဆင်းသွားကြသည်။ အသက်ကြီးသော အပျိုတော် တစ်ဦးသည် မင်းသမီးကျိကို သတိပြုမိပြီး ချက်ချင်း အော်ဟစ်လိုက်၏။
“မင်းသမီး... မင်းသမီး... ကျွန်မက မင်းသမီးရဲ့ အပျိုတော် ချိုယွဲ့ပါ။ ကယ်ပါအုံး။ ကယ်ပါအုံး...”
အမှန်တကယ်ပင် ဤနေရာ၌ အပျိုတော် လေးငါးဦး ရှိနေသည်။ သူတို့အားလုံးသည် ကတော်ရန် ကိုယ်တိုင် ခေါ်ဆောင်လာသူများ ဖြစ်ကြပြီး သူမနှင့်အတူ ကြီးပြင်းလာသူများ ဖြစ်ကြသည်။
ကျိရွှမ်သည် ကတော်ရန်ကို ကြည့်လိုက်သော်လည်း တစ်ဖက်လူက မကြားချင်ယောင် ဆောင်နေခဲ့သည်။ သူမ၏ မျက်နှာသည် အေးစက်ပြီး ဂရုမစိုက်ပုံ ပေါက်နေ၏။
အသံလှိုင်း ပျံသန်းသားရဲဒါဇင်ပေါင်းများစွာသည် တပြိုင်နက်တည်း အသက်ရှူလိုက် ကြသည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အားကောင်းသော အသံလှိုင်းဒါဇင်ပေါင်းများစွာ ရုတ်တရက် ပစ်လွှတ်လိုက်ကြသည်။
ရင်သပ်ရှုမောဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ထပ်မံ ပေါ်လာခဲ့သည်။ ခရမ်းရောင် ကျောက်စိမ်းနန်းတော် တစ်ခုလုံး ချက်ချင်း အမှုန့်ဖြစ်သွားခဲ့သည်။ ထိုနေရာရှိ အပျိုတော် ဒါဇင်ပေါင်းများစွာ အားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားကြ၏။
“မင်းသမီး... ကျွန်မ ချိုယွဲ့ပါ။ ကျွန်မအမေက မင်းသမီးရဲ့ နို့ထိန်းပါ။ ကယ်ပါအုံး...” သူမ၏ အသံ မဆုံးခင်မှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ကြေမွသွားခဲ့သည်။
ခဏအတွင်းမှာပဲ အပျိုတော် ဒါဇင်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး ခရမ်းရောင်ကျောက်စိမ်းနန်းတော် တစ်ခုလုံး မြေလှန်ဖျက်ဆီးခံလိုက်ရ၏။
ကတော်ရန်သည် လှည့်ပင် မကြည့်ဘဲ အသံလှိုင်း ပျံသန်းသားရဲကို စီးလျက် တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
……
စေတီတောင်၏ ပျက်စီးခြင်း မြင်ကွင်းသည် အလွန် တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ရှမ့်လန်နှင့် ဝူကျွယ်တို့သည် မိုင် ၂၀၀ ကျော် ဝေးကွာနေသော်လည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ကြောက်စရာ ကောင်းလွန်း၏။
ပင်လယ်ရေပြင်ပေါ်ရှိ ကျွန်းအားလုံး လောကပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ပင်လယ်ရေပြင်၏ ကြီးမားသော ရေထုသည် ဆူနာမီကဲ့သို့ တောင်ဘက်ရှိ ချောင်ပြည်နယ်ဆီသို့ ဦးတည်နေသည်။ ဤသည်မှာ ၁၀,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ပင်လယ်ရေပြင် ဖြစ်သည်။ ချောင်ပြည်နယ် ရေလွှမ်းမိုးမှု ခံရတော့မည်။ ရေလွှမ်းမိုးမှုထဲတွင် လူပေါင်း မည်မျှ သေဆုံးမည် မသိနိုင်ချေ။
“အထူးစစ်သည် အားလုံး... နှင်းလင်းယုန်တွေ စီးပြီး တောင်ဘက်ကို အမြန်ဆုံး သွားကြ။ ရေထဲမှာ နစ်မြုပ်နေတဲ့ ချောင်ပြည်နယ်သားတွေကို တွေ့ရင် ချက်ချင်းကယ်တင်ပြီး ကုန်းမြင့်ပေါ် တင်ပေးကြ။” ရှမ့်လန် အမိန့်ပေးလိုက်သည်။
ရန်တန်ရှောင် အံ့သြသွား၏။ “အမိန့်တော်အတိုင်းပါ အရှင်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီတာဝန်ပြီးရင် အထူးစစ်သည်တွေနဲ့အတူ နုရှောင့်မြို့ကို ချက်ချင်း ပျံသန်း လာခဲ့ကြ။ ကျုပ် ခင်ဗျားတို့ကို ကုသပေးမယ်။ မဟုတ်ရင် ခင်ဗျားတို့ သေလိမ့်မယ်။”
“ဟုတ်ကဲ့ပါ အရှင်” ရန်တန်ရှောင်က ပြောလိုက်၏။
“အရှင်... ကျုပ် လျှောက်တင်စရာ ရှိပါတယ်။” ဝူကျွယ်က ဘေးမှ ပြောလိုက်သည်။
“ပြောပါ။” ရှမ့်လန်က ခွင့်ပြုလိုက်၏။
“အရှင်က ပြည်သူတွေကို ချစ်မြတ်နိုးတာ မွန်မြတ်တဲ့ အုပ်ချုပ်သူတစ်ဦးရဲ့ အမူအရာပါပဲ။ လောကကြီးအတွက် ကောင်းချီး မင်္ဂလာပါပဲ။ ဒါပေမဲ့ ကျုပ်တို့မှာ အချိန်မရှိတော့ပါဘူး။ အထူးစစ်သည်တွေ အနေနဲ့ အမှောင်ရဲတိုက်ကြီး ဆီ အမြန်ဆုံး သွားရပါမယ်။ အဲဒီမှာ အားကောင်းတဲ့ ရေတပ်၊ ငရဲစစ်သည် သောင်းချီနဲ့ အထူးစစ်သည် တစ်ထောင်ကျော် ရှိပါတယ်။ အရေးအကြီးဆုံးက နဂါးနောင်တနဲ့ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာ ရှိနေတာပါပဲ။”
ဝူကျွယ်သည် လင်းယုန်၏ ကျောပေါ်တွင် ဒူးထောက်ပြီး ပြောလိုက်သည်။ “အရှင်... ခုဏက မြင်တဲ့အတိုင်းပါပဲ။ မီးတောက်မြို့တော်က စေတီတောင်ဆီ နဂါးနောင်တ အလုံး ၂၀ ကျော် ပစ်လွှတ် ခဲ့ပါတယ်။ တော်ဝင်ရန်ရဲ့ မျက်လုံးထဲမှာ နုရှောင့်မြို့က စေတီတောင်ထက် ပိုကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။
အရှင်က တော်ဝင်ရန်အင်ပါယာကို ကူညီပြီး ရင်ကွမ်းနဲ့ စေတီတောင်ကို ဖျက်ဆီးပေးခဲ့ပြီးပါပြီ။ အရှင်က မီးတောက်မြို့တော်အတွက် တန်ဖိုး မရှိတော့ပါဘူး။ နုရှောင့်မြို့ဆီ နဂါးနောင်တတွေ ပိုမို ပစ်ခတ်လာပါလိမ့်မယ်။ ကျုပ်တို့ ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာတွေ လိုအပ်ပါတယ်။ မဟုတ်ရင် ကျုပ်တို့ သေပါလိမ့်မယ်။”
စုစုပေါင်း ရှေးဟောင်းကြားဖြတ်ဟန့်တားရေး ကိရိယာ သုံးခုသာ ရှိ၏။ တစ်ခုက ချန်မြို့တော်တွင် ရှိသည်။ ဂိုဏ်းချုပ်ရန်က ၎င်းကို နုရှောင့်မြို့သို့ ရွှေ့ပြောင်းရန် လူများ စေလွှတ်ခဲ့သော်လည်း ခြုံခိုတိုက်ခိုက်ခံရပြီး လုယူခံလိုက်ရသည်။ ဒုတိယတစ်ခုက စေတီတောင်တွင် ရှိသော်လည်း ကတော်ရန်က ပိတ်ပစ်လိုက်ပြီး တောင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။ တတိယမြောက်နှင့် တစ်ခုတည်းသော ရှေးဟောင်းကြားဖြတ် ဟန့်တားရေး ကိရိယာသည် တောင်ပင်လယ်ဒေသရှိ အမှောင်ရဲတိုက်ကြီးတွင် ရှိ၏။
“အရှင်... ကျုပ်တို့ အမှောင်ရဲတိုက်ကြီးကို အမြန်ဆုံး ရောက်အောင်သွားပြီး သိမ်းပိုက်မယ်။ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို နုရှောင့်မြို့ဆီ ရွှေ့ပြောင်းရပါမယ်။” ဝူကျွယ်က အကြံပြုလိုက်သည်။
ရှမ့်လန် ဝူကျွယ်ကို ကြည့်ပြီး ပြောလိုက်၏။ “နောက်ကျသွားပြီ။ ကျုပ် မမှားဘူးဆိုရင် အမှောင်ရဲတိုက်ကြီး ကျဆုံးသွားလောက်ပြီ။ မြေလှန်ဖျက်ဆီးခံရတာ ဒါမှမဟုတ် တော်ဝင်ရန်က အပြည့်အဝ သိမ်းပိုက်လိုက်တာ ဖြစ်လိမ့်မယ်။”
ဝူကျွယ်၏ မျက်နှာ ရှုံ့မဲ့သွားသည်။ ရှမ့်လန် အမှန်အတိုင်း ပြောနေကြောင်း သိနိုင်လောက်အောင် သူ ပါးနပ်သည်။
“တော်ဝင်ရန်အင်ပါယာက တကယ် ရက်စက်တာပဲ။” ဝူကျွယ် ခါးသီးစွာ ရယ်မောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “တကယ်တော့ ရင်ဝူမင်က ဂိုဏ်းချုပ်ရန်ကိုယ်စား သဘာဝလွန် အဖွဲ့အစည်း အစည်းအဝေးကို တက်ရောက်တည်းက၊ ပြီးတော့ ဂိုဏ်းချုပ်ရန်က တော်ဝင်ရန်မင်းဆက်ရဲ့ နယ်မြေတွေဆီ နဂါးနောင်တ ပစ်ခတ်တည်းက မီးတောက်မြို့တော်ရဲ့ ခွင့်လွှတ်မှုကို ဘယ်တော့မှ ရရှိတော့မှာ မဟုတ်ဘူး ဆိုတာ သေချာသွားခဲ့ပြီ။
အဲဒီအချိန်တည်းက တော်ဝင်ရန်အင်ပါယာက စေတီတောင်ကို လောကမြေပေါ်ကနေ ဖယ်ရှားပစ်ဖို့ ပြင်ဆင်ထားပြီးသားပါ။ ဒါပေမဲ့ သူက မင်းသားလျန်ကို စေလွှတ်ပြီး အမှိုက်ကို အသုံးချလို့ရမလား ဆိုပြီး စေ့စပ် ညှိနှိုင်းခဲ့သေးတယ်။ ဒါပေမဲ့ ရန်ဝမ်က ခေါင်းမာခဲ့တယ်။ ဒါကြောင့် မီးတောက်မြို့တော်က လှုပ်ရှား လိုက်တာပေါ့။ ကျုပ် စေတီတောင်ကို ကယ်တင်နိုင်တယ်။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားမြင်တဲ့အတိုင်းပဲ။ သေလမ်းရှာနေတဲ့ လူတစ်ယောက်ကို ဘယ်သူမှ တားလို့မရဘူး။”
ဝူကျွယ်က တုန်ယင်စွာ ပြောလိုက်၏။ “အရှင်... မီးတောက်မြို့တော်က စေတီတောင်ကို ဖျက်ဆီးဖို့ ဒီလောက် ကြီးမားတဲ့ နည်းလမ်းကို သုံးခဲ့တာ။ နုရှောင့်မြို့ကို ဖျက်ဆီးတဲ့အခါ ဘာဖြစ်လာမလဲ။”
“ပိုကြီးမားတဲ့ နည်းလမ်း ဖြစ်လာမှာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “လောကကြီးကို ရှင်းရှင်းလင်းလင်း မြင်စေချင်တာ။ တော်ဝင်ရန်ရဲ့ မိုးကြိုးပစ်ချက်က တော်ဝင်ချန်ကို ချက်ချင်း အမှုန့်ဖြစ်သွားစေတယ် ဆိုတာကိုပေါ့။”
“အရှင်... အခြေအနေကို ပြောင်းပြန်လှန်ပြီး နောက်ထပ် အံ့ဖွယ်အမှုတစ်ခု ဖန်တီးနိုင်ပါ့မလား။” ဝူကျွယ်က မေးလိုက်၏။
“ရတာပေါ့။ သေချာပေါက် ရတာပေါ့။” ရှမ့်လန်က ဖြေလိုက်သည်။
ဝူကျွယ်က မေးလိုက်ပြန်၏။ “မီးတောက်မြို့တော်က ဖျက်ဆီးမယ့်တိုက်ခိုက်မှု လုပ်ရင်တောင် အရှင်က နုရှောင့်မြို့ ကို ကာကွယ်နိုင်မလား။”
“နုရှောင့်မြို့ကို ကာကွယ်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။”
ရှမ့်လန် လှောင်ပြောင်လိုက်သည်။ “ကျုပ်က တော်ဝင်ရန်ရဲ့ တပ်တော်ကို လုံးဝ အနိုင်ယူပစ်မှာ။”
ဝူကျွယ်သည် ရှေးဟောင်းလင်းယုန်၏ ကျောပေါ်တွင် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။ “ဒီနေ့ကစပြီး ကျုပ်တို့ ဝူကျွယ်ဟာ အရှင်ရဲ့ ကျွန်ပါပဲ။ ရေထဲဆင်းရဆင်းရ၊ မီးထဲတိုးရတိုးရ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။”
……
တော်ဝင်ရန်အင်ပါယာသည် စေတီတောင်ကို ဖျက်ဆီးပစ်လိုက်၏။ စေတီတောင်ရှိ သိန်းပေါင်းများစွာသော လူများကို သတ်ဖြတ်လိုက်ရုံသာမက ချောင်ပြည်နယ်၏ မြောက်ပိုင်း ပြည်နယ်နှစ်ခုကိုလည်း သဘာဝ ဘေးအန္တရာယ် ကျရောက်စေခဲ့၏။
အထူးနဂါးနောင်တ ဒါဇင်ပေါင်းများစွာ ပေါက်ကွဲမှုသည် ပင်လယ်ရေပြင် တစ်ခုလုံးကို ဆူပွက်သွားစေခဲ့သည်။ ကြီးမားသော ရေလွှမ်းမိုးမှုသည် ဆည်ကို ကျော်လွန်ပြီး ချောင်ပြည်နယ်ဆီသို့ လှိမ့်ဝင်သွားခဲ့သည်။
မရေမတွက်နိုင်သော နေအိမ်များ ပျက်စီးခဲ့ရသည်။ မရေမတွက်နိုင်သော လယ်မြေများ ရေလွှမ်းမိုးခံခဲ့ရသည်။ မရေမတွက်နိုင်သော ပြည်သူများ ရေစီးနှင့်အတူ မျောပါသွားခဲ့ရသည်။ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော မြေနေရာသည် စိမ့်မြေအဖြစ် ပြောင်းလဲသွားခဲ့၏။
အရာအားလုံး လျင်မြန်လွန်းလှသည်။ မုန်တိုင်းမိုး ရွာသွန်းခြင်း မဟုတ်သလို လေပြင်းတိုက်ခတ်ခြင်းလည်း မဟုတ်ပေ။ ကြီးမားသော ရေလွှမ်းမိုးမှုကြီး ရုတ်တရက် ဝင်ရောက်လာခြင်း ဖြစ်သည်။
ချောင်အရာရှိများသည် ပြင်ဆင်ချိန် မရလိုက်ကြပေ။ ခရိုင်သုံးခုနှင့် မြို့ပေါင်း ၂၀ ကျော် ရေလွှမ်းမိုးခံခဲ့ရသည်။ မရေမတွက်နိုင်သော ပြည်သူများ ရေစီးနှင့်အတူ မျောပါသွားကြသည်။ မျှော်လင့်ချက်မဲ့သော မြင်ကွင်းပင်။ ချောင်ဘုရင်၏ တပ်တော် ရောက်ရှိလာရန် အနည်းဆုံး နှစ်ရက်မှ သုံးရက် ကြာမြင့်ဦးမည်။
ဤအချိန်တွင် ကောင်းကင်ယံ၌ မဲမှောင်နေသော ပုံရိပ်များ ထွက်ပေါ်လာသည်။ အထူးစစ်သည် တစ်ထောင်သည် နှင်းလင်းယုန်များကို စီးလျက် ကောင်းကင်မှ ဆင်းသက်လာကြသည်။ သူတို့သည် ရေနစ်နေသော ဒုက္ခသည်များ ကို တစ်ယောက်ပြီးတစ်ယောက် ကယ်တင်ခဲ့သည်။
သေချာသည်မှာ နှင်းလင်းယုန် တစ်ထောင် ရှိလျှင်ပင် လူတိုင်းကို မကယ်တင်နိုင်သော်လည်း မျှော်လင့်ချက်နှင့် အလင်းရောင်ကို ယူဆောင်ပေးခဲ့၏။
“ကျုပ်တို့က ချန်နိုင်ငံရဲ့ လေကြောင်းတပ်တော် ဖြစ်တယ်။ ရေနစ်နေတဲ့ ပြည်သူတွေ အားလုံး... ခေါင်မိုးပေါ် တက်ဖို့ အစွမ်းကုန် ကြိုးစားကြ။ ရေပေါ် ပေါ်နိုင်တဲ့ အရာမှန်သမျှ ဆွဲကိုင်ထားကြ။ အရောင်တောက်တဲ့ အဝတ်အစားတွေ ဝှေ့ယမ်းပြီး ကျုပ်တို့ လာကယ်တာကို စောင့်နေကြ။
ကျုပ်တို့က ချန်နိုင်ငံရဲ့ လေကြောင်းတပ်တော် ဖြစ်တယ်။ အရှင်ရဲ့အမိန့်အရ သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး လုပ်ဖို့ ရောက်လာတာ ဖြစ်တယ်။”
ချက်ချင်းပဲ မျှော်လင့်ချက်မဲ့နေသော ဒုက္ခသည်များသည် ငိုကြွေးပြီး အော်ဟစ်လိုက်ကြသည်။ “ချန်နိုင်ငံ သက်တော်ရာကျော် ရှည်ပါစေ။”
နာရီအနည်းငယ် ကြာပြီးနောက် နောက်ထပ် နှင်းလင်းယုန် ၁,၀၀၀ ကျော်ပါသော တပ်တော်တစ်ခုသည် ချန်မြို့တော်မှ တောင်ဘက်သို့ ပျံသန်းလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ချောင်ပြည်နယ် ထဲသို့ ဝင်ရောက်လာခဲ့၏။
စုနန်နှင့် ချန်နိုင်ငံ စစ်ဖက်ဆိုင်ရာဗျူရို၏ ဒုတိယအကြီးအကဲ ကျောက်လင်တို့သည် ဘေးသင့်ဒေသများသို့ အပြေးအလွှား သွားရောက်ပြီး ကျယ်ပြန့်သော ကယ်ဆယ်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ကြသည်။
……
ရှမ့်လန် တချောင်ကို စီးပြီး ချန်နန်းတော်သို့ ဆင်းသက်လိုက်၏။ “ရန်ဝမ် သေဆုံးပြီးနောက် တော်ဝင်ရန် မြို့တော်က စေတီတောင်ကို ဖျက်ဆီးမဲ့ တိုက်ခိုက်မှု လုပ်ခဲ့တယ်။ အထူးနဂါးနောင်တ အလုံး ၂၀ လောက် စေတီတောင်ပေါ် ကျရောက်ခဲ့တယ်။
စေတီတောင်က လောကမြေပေါ်ကနေ ပျောက်ကွယ်သွားပြီ။ ကျုပ်ခန့်မှန်းချက်အရ တောင်ပင်လယ် ဒေသက အမှောင်ရဲတိုက်ကြီးလည်း ကယ်တင်လို့ရမှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး စေတီတောင် ဆိုတာ မရှိတော့ဘူး။”
မင်းသားကျင်းက ပြောလိုက်သည်။ “ကျုပ်တို့ တုန်ခါမှုတွေကို ခံစားခဲ့ရတယ်။ ငလျင်အငယ်စား လှုပ်သလိုပဲ။”
“ကျုပ် စေတီတောင်က လူသုံးသောင်းကို ခေါ်လာခဲ့တယ်။ ကျန်တဲ့လူတွေ အကုန် သေပြီ။” ရှမ့်လန် သက်ပြင်းချ လိုက်၏။
ဘေးတွင် စာအုပ်များ ရှင်းလင်းနေသော ရင်ဝူချန် တုန်လှုပ်သွားသည်။ ရင်မိသားစုဝင်တိုင်းသည် စေတီတောင် တွင် သိုင်းပညာ လေ့ကျင့်ရသည်။ သူသည် အသက် ၉နှစ်မှ ၂၅ နှစ်အထိ စေတီတောင်တွင် နေထိုင်ခဲ့ဖူးသည်။
“ရင်ဝူချန်... ခင်ဗျားကတော့ လောလောဆယ် အသက်ရှင်နေသေးတယ်။” ရှမ့်လန်က ရိုးရိုးရှင်းရှင်း ပြောလိုက်၏။
ရင်ဝူချန် မြေကြီးပေါ် ဒူးထောက်ပြီး ရှိုက်ငိုလိုက်သည်။ “အရှင်... ကျုပ်တို့က အရှင်နင်ယွမ်ရှန်းနဲ့ နှိုင်းယှဉ်ဖို့ မဝံ့ရဲပါဘူး။ ရင်မိသားစုကို ကျန်းမိသားစုအပေါ် ပြန်လည် သစ္စာစောင့်သိ စေပါမယ်လို့ ပြောဖို့ မျက်နှာမရှိပါဘူး။ ဒါပေမဲ့ ကျုပ်တို့ တစ်ခုပဲ ပြောချင်ပါတယ်။ မျှော်လင့်ချက် ရောင်ခြည် တစ်ခု ရှိနေသရွေ့ အသက်ရှင်ကျန်ရစ်တဲ့ ရင်မိသားစု ကလေးတွေကို ဆက်လက် အသက်ရှင်နိုင်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်။
အကယ်၍ အခွင့်အရေး ရှိခဲ့ရင် ရင်မိသားစုရဲ့ နာမည်ဆိုးကို ဆေးကြောဖို့ ဘယ်လိုပေးဆပ်မှုမျိုးမဆို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာ နည်းနည်းလေး ပြန်ရဖို့ အသက်ကို စတေးဖို့ ဆန္ဒရှိပါတယ်။”
ရှမ့်လန် လက်ဝှေ့ယမ်းလိုက်ရာ ရင်ဝူချန် ထွက်ခွာသွားသည်။
ရင်မိသားစု ပျက်သုဉ်းသွား၏။ ဂိုဏ်းချုပ်ရန် သေဆုံးသွားသည်။ စေတီတောင်လည်း မျိုးတုံးလုနီးပါး ဖြစ်သွား၏။ ယခုအခါ ပဋိပက္ခ အားလုံး ပြောင်းလဲသွားပြီဖြစ်၏။ ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာကြား အမုန်းတရားသည် လုံးဝ အဓိက ဖြစ်လာခဲ့ပြီး သူ၏ ရန်သူစာရင်း၌ လူနှစ်ယောက်သာ ကျန်တော့၏။
“တော်ဝင်ရန်အင်ပါယာ၊ X။”
“အရှင်... မီးတောက်မြို့တော်က စေတီတောင်ကို ဖျက်ဆီးဖို့ နဂါးနောင်တ အလုံး ၂၀ ကျော် သုံးခဲ့တယ်။ လဝက်နေရင် နုရှောင့်မြို့ဆီ နဂါးနောင်တ ပိုများများ ပစ်ခတ်လာပါလိမ့်မယ်။” မင်းသားကျင်းက သတိပေး လိုက်သည်။
အပိုင်း (၁၁၉၂)
“သေချာပေါက် ပိုများမှာပေါ့။”
ရှမ့်လန်က ပြောလိုက်၏။ “နဂါးနောင်တတင် မကဘူး။ ရှေးဟောင်း ရင်ပြင် တွင်းနက်ကြီးက ရှေးဟောင်း အင်ပါယာရဲ့ လေတပ်စခန်းပဲ။ အဲဒီမှာ အသံလှိုင်း ပျံသန်းသားရဲတွေရဲ့ အသိုက်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ ကျုပ် အဲဒီကို သွားတုန်းက ဒီအသိုက်တွေကို ရွှေ့ပြောင်းသွားတာ တွေ့ခဲ့ရတယ်။ တခြားနည်းနဲ့ ပြောရရင် တစ်ယောက်ယောက်က တွင်းနက်ကြီးထဲ ကြိုဝင်ပြီး အသံလှိုင်း ပျံသန်းသားရဲ အားလုံးနီးပါးကို ယူဆောင်သွားခဲ့တာပဲ။ အကြောင်းတစ်ခုခုကြောင့် တချောင် ကျန်ရစ်ခဲ့တာ။”
မင်းသားကျင်း အေးစက်သော လေကို ရှူသွင်းလိုက်မိသည်။ တချောင် တစ်ကောင်တည်းနှင့်တင် ဤမျှလောက် ကြောက်စရာ ကောင်းနေပြီဖြစ်၏။ မရေမတွက်နိုင်သော အသံလှိုင်း ပျံသန်းသားရဲတွေ ဆိုလျှင် ..... ၊ မည်သည့်အကျိုးသက်ရောက်မှု ဖြစ်လာမည်နည်း။
ရာ၊ ထောင်၊ သို့မဟုတ် ထိုထက်မကသော အသံလှိုင်း ပျံသန်းသားရဲများ တပြိုင်နက် တိုက်ခိုက်လာနိုင်၏။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးဖို့ လုံလောက်သည် မဟုတ်လား။ အထူး ကောင်းကင် ခံတပ်ကြီးတောင် အသံလှိုင်း ပျံသန်းသားရဲများ ရှေ့၌ အသက်ရှင်ဖို့ အခွင့်အရေး မရှိချေ။
“အရှင်... ကျုပ်မှာ မေးခွန်းတစ်ခု ရှိပါတယ်။”
မင်းသားကျင်းက မေးလိုက်၏။ “ယုတ္တိဗေဒအရဆိုရင် နဂါးနောင်တက ရှေးဟောင်းအင်ပါယာရဲ့ ထုတ်ကုန် တစ်ခုလေ။ ရှေးဟောင်းတော်ဝင်မိသားစုသာ ပစ်လွှတ်နိုင်တာ။ အဲဒါကြောင့် အရှင် လုပ်နိုင်တာပေါ့။ ကျိကလန် ကရော ဘယ်လိုလုပ်...”
ရှမ့်လန်က ရှင်းပြလိုက်သည်။ “ရှေးဟောင်းခေတ်တုန်းက ကျန်းကလန်ရဲ့ နောက်ဆုံး ဆက်ခံသူ အိမ်ရှေ့စံ ကျန်းရှဲ့က အရှေ့လောကကို သစ္စာဖောက်ခဲ့တယ်။ သူက မဟာဗျူဟာမြောက် လျှို့ဝှက်ချက်တွေကို အနောက်လောက ရဲ့ ရန်သူ ပျောက်ဆုံးနိုင်ငံရဲ့ ဧကရီ မီဒူဆာဆီ ရောင်းစားခဲ့တယ်။ သူတို့ ချစ်သူတွေ ဖြစ်လာကြတယ်။
ရှေးဟောင်း ကျန်းကလန်က ထီးနန်း လက်လွှတ်လိုက်ရပြီး တော်ဝင်မိသားစု ဖြစ်လာတယ်။ ရှေးဟောင်း ကျိကလန်က ရှေးဟောင်းအင်ပါယာရဲ့ အင်ပါယာ ဖြစ်လာတယ်။ အဲဒါကြောင့် သိရှိရသလောက် ရှေးဟောင်း အင်ပါယာမှာ တော်ဝင်မိသားစု အနည်းဆုံး နှစ်ခု ရှိခဲ့တယ်။ ကျန်းကလန်က နဂါးနောင်တလို မဟာဗျူဟာမြောက် လက်နက်ကို ပစ်လွှတ်နိုင်ရင် ကျိကလန်လည်း လုပ်နိုင်မှာပေါ့။”
မင်းသားကျင်းက မေးလိုက်ပြန်၏။ “လဝက်နေရင် နုရှောင့်မြို့မှာ ဖြစ်မယ့် အဆုံးအဖြတ် တိုက်ပွဲကရော။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် မမှားဘူးဆိုရင် မင်းသမီးကျိရွှမ်က တော်ဝင်ရန်တပ်တော်ကို ဦးဆောင်ပြီး နုရှောင့်မြို့ကို တိုက်ခိုက်လိမ့်မယ်။”
ထို့နောက် ရှမ့်လန် ဆက်ပြောလိုက်၏။ “ကျုပ်တို့ နိုင်မယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ရလဒ် မကောင်းရင် အရမ်း အစွန်းရောက်သွားလိမ့်မယ်။ ကျုပ် အဲဒီလောက် အစွန်းမရောက်ချင်ဘူး။ ကျုပ် လှလှပပ သန့်သန့်ရှင်းရှင်း နိုင်ချင်တယ်။”
“နှုတ်ဆက်ပါတယ် အစ်ကိုကျင်း...”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားမှာ တာဝန်တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ချန်မြို့တော်ကို ထိန်းချုပ်ထားဖို့ပဲ။ တော်ဝင်ရန်အင်ပါယာ ဘယ်လောက်ပဲ ရူးသွပ်နေပါစေ၊ သူတို့ ဒီနေရာကို နဂါးနောင်တ ပစ်လွှတ်မှာ မဟုတ်ဘူး။”
……
ရှမ့်လန်သည် ချန်မြို့တော်တွင် တစ်နာရီအောက်သာ နေခဲ့ပြီး တချောင်ကို စီးလျက် နုရှောင့်မြို့သို့ ဦးတည် ပျံသန်းသွားပြန်သည်။ တစ်ရက်အကြာတွင် ရှမ့်လန် နုရှောင့်မြို့သို့ ဆင်းသက်လိုက်၏။
“အရှင်... အရှင်...”
ဂျက်တန် ပြေးလာပြီး ပြောလိုက်သည်။ “မနေ့က စေတီတောင်ရဲ့ တောင်ပင်လယ်ဒေသက အမှောင်ရဲတိုက်ကြီး နဂါးနောင်တ ဒါဇင်ပေါင်းများစွာနဲ့ တိုက်ခိုက်ခံလိုက် ရပါတယ်။ စေတီတောင်ရဲ့ ရေတပ်၊ အမှောင်ရဲတိုက်ကြီးနဲ့ ကျန်တဲ့ တပ်ဖွဲ့တွေ အားလုံး သုတ်သင်ခံလိုက်ရပါပြီ။”
ရှမ့်လန် မျှော်လင့်ထားသည့်အတိုင်းပင် မီးတောက်မြို့တော်၏ အမှောင်ရဲတိုက်ကြီး တိုက်ခိုက်မှုသည် စေတီတောင် တိုက်ခိုက်မှုနှင့် တစ်ချိန်တည်းနီးပါး ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ “အမှောင်ရဲတိုက်ကြီးက ရှေးဟောင်းကြားဖြတ် ဟန့်တားရေး ကိရိယာ အလုပ် မလုပ်ဘူးလား။”
ဂျက်တန်က ဖြေလိုက်၏။ “မလုပ်ပါဘူး။ လူတစ်ထောင်လောက်ပဲ လွတ်မြောက်ပြီး နုရှောင့်မြို့ထဲ ဝင်လာကြတယ်။ သူတို့ ပြောပုံအရ စေတီတောင်မှာ သစ္စာဖောက် ရှိနေတယ်။ သူတို့က အရေးကြီးတဲ့ အချိန်မှာ ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာကို ပိတ်လိုက်ကြတာ။”
ဂိုဏ်းချုပ်ရန်က ရှမ့်လန်နှင့် ချန်နိုင်ငံအပေါ် သစ္စာဆိုရန် အမိန့်ပေးခဲ့သော်လည်း စေတီတောင်မှ လူအများစုမှာ သစ္စာမရှိကြတော့ဘဲ တော်ဝင်ရန်အင်ပါယာ၏ စည်းရုံးသိမ်းသွင်းမှုကို အလွယ်တကူ လက်ခံခဲ့ကြသောကြောင့် ဤရလဒ်မှာ အံ့သြစရာ မဟုတ်ပေ။ တော်ဝင်ရန်အင်ပါယာ၏ ရက်ရောမှုနှင့် စွမ်းဆောင်နိုင်ရည်မှာ အမှန်တကယ်ပင် အထင်ကြီးဖွယ်ကောင်းလှသည်။
တစ်ဖက်တွင်လည်း တောင်ပင်လယ်ဒေသရှိ အမှောင်ရဲတိုက်ကြီးမှာ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်ခံ့လွန်းသဖြင့် နုရှောင့်မြို့အနေဖြင့် တိုက်ခိုက်ရန် သတ္တိမရှိခဲ့သော်လည်း မီးတောက်မြို့တော်မှာမူ ဒုတိယအကြိမ် ပြန်မစဉ်းစားဘဲ သုတ်သင်ခြင်းကို ပြုလုပ်လိုက်သည်။ အနှစ်ချုပ်ရလျှင် နုရှောင့်မြို့၏ ကာကွယ်ရေး စွမ်းရည်မှာ စေတီတောင် သို့မဟုတ် အမှောင်ရဲတိုက်ကြီးတို့နှင့် ယှဉ်နိုင်စွမ်း လုံးဝမရှိသည်မှာ သေချာ၏။
ဤအချိန်တွင် ဟီလာက ပြောလိုက်သည်။ “အရှင်... ကြည့်ပါအုံး။”
ရှမ့်လန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကာ မင်သက်သွားရသည်။ နုရှောင့်မြို့၏ အထက်ကောင်းကင်တွင် နီရဲတောက်ပနေသော တိမ်တိုက်ကြီးတစ်ခု ရှိနေပြီး ထိုသို့ လောင်ကျွမ်းနေသည့် တိမ်တိုက်မျိုးမှာ ပုံမှန်အားဖြင့် မဆန်းကြယ်သော်လည်း ယခုမြင်ကွင်းမှာမူ ထူးခြားလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုမီးနီရောင် တိမ်တိုက်များသည် ကောင်းကင်ထက်တွင် စာလုံးနှစ်လုံး အဖြစ် သပ်သပ်ရပ်ရပ် ပုံဖော်ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
“၁၄”
“မနေ့က ၁၅ ပါ။” ဟီလာက ပြောလိုက်၏။
မီးတောက်မြို့တော်သည် နုရှောင့်မြို့၏ ပျက်သုဉ်းခြင်းကို နိမိတ်ဖတ်သည့်အနေဖြင့် ကောင်းကင်ယံရှိ ရောင်စုံတိမ်တိုက်ထဲတွင် စာလုံးများ ရေးထိုးထားခဲ့သည်။
ဟီလာက ပြောလိုက်၏။ “ကျွန်မတို့ ဒီစာလုံးနှစ်လုံးကို ဖျက်ဆီးဖို့ လေသင်္ဘောတွေ လွှတ်ခဲ့ပေမဲ့ တိမ်တိုက်နားကို အကပ်မခံဘူး။ အဲဒါတွေက သေစေနိုင်လောက်အောင် ပြင်းထန်တယ်။”
ရှမ့်လန်က ရင်ကွမ်းနှင့် စေတီတောင်တို့ကို ဖျက်ဆီးပြီးနောက် တော်ဝင်ရန်အင်ပါယာသည် ၎င်း၏ မြင့်မြတ်မှုနှင့် မာနတရားကို အကြွင်းမဲ့ အထင်သေးစွာဖြင့် ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်။
‘ခင်ဗျားက ဒီလောက် မိုက်နေရင် ဘာလို့ ကိုယ်တိုင် မလုပ်ခဲ့တာလဲ။ ရင်ကွမ်းနဲ့ စေတီတောင်ကို ကိုယ်တိုင် ဖျက်ဆီးလိုက်လို့ မရဘူးလား။’
၁၄ ရက်... တော်ဝင်ရန်အင်ပါယာရဲ့ ပျက်သုဉ်းမှု မတိုင်မီ ၁၄ ရက်သာ လိုတော့၏။
ရှမ့်လန်က ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကျုပ်တို့ ဒီတိုက်ပွဲကို နိုင်နိုင်ပါတယ်။ အဓိကက လှလှပပ နိုင်ဖို့ပါပဲ။”
“ဒီရှေးဟောင်းနဂါးသေတ္တာကို ပြန်ယူသွားလိုက်။” ရှမ့်လန် သေတ္တာကို ဟီလာ လက်ထဲ ထည့်ပေးလိုက်၏။
ရှမ့်လန်က ရှေးဟောင်းဘုရင်လက်စွပ်ကို ဝတ်ဆင်ပြီး နဂါးဓားကို ကျောတွင် လွယ်ထားလိုက်သည်။ သူသည် တချောင်ကို စီးပြီး ပင်လယ်ဘက်သို့ ဦးတည်သွားတော့သည်။
“ဘယ်သွားမလို့လဲ။” ဟီလာက မေးလိုက်၏။
“နောက်ထပ် အံ့ဖွယ်အမှုကို သွားရှာမလို့။” ရှမ့်လန်က ဖြေလိုက်သည်။
ခဏအကြာတွင် တချောင် အားရပါးရ အော်ဟစ်ပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။ ပင်လယ် ရေနက်ပိုင်းသို့ ရောက်သောအခါ သူသည် အဆန်းကြယ်ဆုံး ရှေးဟောင်း အပျက်အစီးများထဲမှ တစ်ခုဖြစ်သော ရှေးဟောင်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်သွားခဲ့၏။
……
အဆင့်နှစ်ဆင့် ဖြတ်ကျော်ပြီးနောက် ရှမ့်လန်သည် ဒဏ္ဍာရီလာ ရှေးဟောင်းအကျဉ်းထောင်ထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခဲ့သည်။ အသေးဆုံး အခန်းသည် ကုဗမီတာ ဒါဇင်အနည်းငယ်သာ ရှိပြီး အကြီးဆုံး အခန်းသည် ဘောလုံးကွင်း အသေးစားထက် ပိုကြီးသည်။ အတွင်း၌ ဘာတွေ ပိတ်လှောင်ထားသနည်း ဆိုသည်ကို တွေးကြည့်ရန် မဖြစ်နိုင်ချေ။
ဤနေရာသည် ယခင်က ပြောကြားခဲ့သည့်အတိုင်း အစွမ်းထက်ဆုံးသော ရှေးဟောင်းအကျဉ်းထောင် ဖြစ်၏။ ရှေးဟောင်းအရှေ့အင်ပါယာ၏ အကြီးမားဆုံးသော သူပုန်၊ ဘုရင်မ မီဒူဆာ၏ ချစ်သူ၊ နဂါးနှလုံးသားပိုင်ရှင်၊ နဂါးဓားကို ဖန်တီးခဲ့သူနှင့် ရှေးဟောင်းကျန်းကလန်၏ နောက်ဆုံးအိမ်ရှေ့စံဖြစ်သူ ကျန်းရှဲ့သည်ပင် ဤအကျဉ်းထောင်၏ ပထမဆုံးသော အကျဉ်းသားမျှသာ ရှိသေးသလို အဆင့်အတန်းအားဖြင့်လည်း အနိမ့်ဆုံး သာ ဖြစ်သည်။
ကျန်းရှဲ့သည် သူ၏ကိရိယာများဖြင့် ပြိုင်ဘက်ကင်းခဲ့သူဖြစ်ပြီး ကျန်းကလန်ထီးနန်းကို ဖျက်ဆီးကာ ကျိကလန် ကို အင်ပါယာဖြစ်အောင် ပံ့ပိုးပေးခဲ့သူလည်း ဖြစ်သည်။ ရှေးဟောင်းအရှေ့လောကတစ်ခုလုံးကို အောင်နိုင်ခဲ့ပြီး ဘုရင်မ မီဒူဆာကိုသာ ရှုံးနိမ့်ခဲ့ဖူးသည့် ထိုမျှစွမ်းအားကြီးသူတစ်ဦးသည်ပင် ပထမဆုံး အကျဉ်းသားအဖြစ်သာ ရှိနေခဲ့၏။
ဒုတိယအခန်းတွင် ပိတ်လှောင်ခံထားရသည့် အကျဉ်းသားမှာမူ ကြားလိုက်ရုံဖြင့် ကျောချမ်းသွားစေနိုင်သည့် ရာဇ၀တ်မှုကြီးများကို ကျူးလွန်ခဲ့သူ အမှောင်ဘုရင်မ ဖြစ်၏။ သူမသည် သဘာဝဘေးအန္တရာယ်များ ဖန်တီးကာ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သူဖြစ်ရာ သူမ၏ စွမ်းအားမှာ ခန့်မှန်းရခက်လောက်အောင် ကြီးမားသည်။
ပြီးခဲ့သည့်တစ်ခေါက်က ရှမ့်လန်သည် စွမ်းအင်ဝဲကတော့ကို ဖွင့်နိုင်ခဲ့သော်လည်း ထိုအခန်းထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ပထမအခန်းမှတစ်ဆင့် နဂါးနှလုံးသားနှင့် နဂါးဓားတို့ကို ရရှိခဲ့ခြင်းကြောင့်သာ ရင်ဝူမင်ကို ချက်ချင်းသတ်ဖြတ်နိုင်ပြီး နဂါးနောင်တကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ ဒုတိယအခန်းရှိ အမှောင်ဘုရင်မထံမှ ရှမ့်လန်အနေဖြင့် မည်ကဲ့သို့သော အစွမ်းအစများကို ထပ်မံ ရရှိနိုင်ဦး မည်နည်း။
ရှမ့်လန် ဒုတိယ အခန်းရှေ့ ရောက်လာပြီး လက်ဝါးကို တင်လိုက်သည်။
“ဟူး...”
ဒုတိယ အခန်းတံခါး ပျောက်ကွယ်သွားပြီး ရှုပ်ထွေးသော စွမ်းအင်ဝဲကတော့တစ်ခု ပေါ်လာခဲ့သည်။ ယခင်က သူသည် စွမ်းအင်ဝဲကတော့၏အဆင့် သိပ်မြင့်မားလွန်းသဖြင့် ဖြတ်သန်းမသွားနိုင်ဘဲ အမှောင်ဘုရင်မ၏ အခန်းထဲသို့ မဝင်နိုင်ခဲ့ချေ။ ဤတစ်ခါရော သူ ဖြတ်သန်းသွားနိုင်ပါ့မည်လား။
ရှမ့်လန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့စိတ်ထဲရှိ အားကောင်းသော စိတ်စွမ်းအင်များကို စုစည်းလိုက် သည်။ လက်ထဲတွင် နဂါးဓားကို ကိုင်ထားလိုက်၏။ သူသည် နဂါးဓားကို ကိုင်လျက် ဖြည်းညင်းစွာ လျှောက်ဝင်သွားလိုက်၏။
သူက ဤအဆင့်မြင့် စွမ်းအင်ဝဲကတော့ကို အောင်မြင်စွာ ဖြတ်သန်းပြီး အမှောင်ဘုရင်မ ၏ အခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
……
ဒုတိယ အခန်းသည်လည်း ၁၀၀ စတုရန်းမီတာအောက်သာ ကျယ်ဝန်းသည်။ သို့သော်ငြား ရှမ့်လန်သည် ဝင်ရောက်သွားပြီးနောက် သူ ကြောင်အသွားခဲ့ရသည်။ လုံးဝ ဗလာကျင်းနေပြီး လူရိပ်လူယောင် တစ်ယောက်မှ မတွေ့ရချေ။
သဘာဝဘေးအန္တရာယ်များကို ဖန်တီးကာ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် အမှောင်ဘုရင်မ သည် ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ ရှမ့်လန်သည် သူမ၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ အမျိုးမျိုး စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူမသည် အလွန်လှပသော မိန်းကလေးတစ်ဦးလား သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသည့် သရဲတစ္ဆေ သို့မဟုတ် နတ်ဆိုးတစ်ပါးလား ဆိုသည်ကိုပင်။
သို့သော်ငြား အမှန်တကယ်တွင်မူ သူမ ရှိသင့်သည့်နေရာ၌ မည်သူမှမရှိဘဲ လေထုထဲတွင် လုပ်ကြံ သတ်ဖြတ်သူများ ဆိုသည့် စာသားနှစ်လုံးသာ ပေါ်နေသည်။
ထိုနေရာ၌ ဖျက်ဆီးခြင်းအရှိန်အဝါများ ပြည့်နှက်နေသော လူနှစ်ဦးသည် တိတ်ဆိတ်စွာ လွင့်မျော နေကြသည်။ ရှမ့်လန်က ၎င်းတို့ကို ထိတွေ့ရန် ကြိုးစားသော်လည်း အစိုင်အခဲ၊ အရိပ် သို့မဟုတ် သွေးမြူမှုန်မျှပင် မရှိဘဲ ဗလာနတ္ထိသာ ဖြစ်နေသည်။ မည်သည့်ထောင့်မှကြည့်ကြည့် ထိုအရာများမှာ လုပ်ကြံသတ်ဖြတ်သူများ၏ ပုံရိပ်နှင့် တစ်ထပ်တည်း ကျနေပြီး ထိုအရာမှ ထွက်ပေါ်နေသော ဖျက်ဆီးခြင်း အရှိန်အဝါက လူကို တုန်လှုပ် ချောက်ချားစေ၏။
“ဒါက ဘာအဓိပ္ပာယ်လဲ။ အမှောင်ဘုရင်မ ထွက်ပြေးသွားတာလား။”
ရှမ့်လန် တွေးတောရင်း ဝေခွဲမရ ဖြစ်နေသည်။ သူမသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်ခန့်ကမှ ထွက်ပြေးသွားခြင်းလား သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီကတည်းက ပျောက်ကွယ်သွားခဲ့ခြင်းလား။
အကယ်၍ သူမသည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ထွက်ပြေးခဲ့ခြင်းဆိုပါက ၎င်းမှာ ရှမ့်လန် ရှေးဟောင်း အကျဉ်းထောင်ကို ရှာတွေ့ပြီး ဒုတိယအခန်းတံခါးကို ဖွင့်ရန် ကြိုးစားခဲ့စဉ်က ဖြစ်နိုင်သည်။ ထိုစဉ်က စွမ်းအင်ဝဲကတော့ ပွင့်သွားသော်လည်း သူ ဝင်၍ မရခဲ့ပေ။ ထိုအချိန်ကို အခွင့်ကောင်းယူကာ အမှောင် ဘုရင်မသည် သူနှင့် ချောင်ယောင်းအာတို့ သတိမမူမိအောင် ကိုယ်ပျောက်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်နိုင်သလားဟု သူသံသယဝင်မိသည်။
သို့သော်ငြား ဤသည်မှာ ဖြစ်နိုင်ခြေနည်းသော ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ အမှောင်ဘုရင်မသည် ရှေးယခင်တည်းက ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပါစေဟုသာ ရှမ့်လန် မျှော်လင့်နေမိသည်။ အဘယ်ကြောင့် ဆိုသော် သူမကဲ့သို့ စွမ်းအားကြီးမားသူတစ်ဦး ထွက်ပြေးလွတ်မြောက်သွားပါက လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်သောကြောင့်ပင်။
သို့သော်ငြား တစ်ဖက်တွင်လည်း ထူးဆန်းသည်မှာ သူမသာ ထွက်ပြေးသွားခဲ့လျှင် အရှေ့လောက၌ဖြစ်စေ၊ အနောက်လောက၌ဖြစ်စေ သူမနှင့်ပတ်သက်သည့် ဒဏ္ဍာရီများ အဘယ်ကြောင့် မရှိနေရသနည်း ဆိုသည်မှာ စဉ်းစားစရာပင်။ ထို့အပြင် သူမ ထွက်ပြေးမသွားမီ လေထုထဲ၌ စာလုံးနှစ်လုံး ချန်ရစ်ထားခဲ့သည်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။
ရှမ့်လန် စိတ်ရှုပ်ထွေးသွားရသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် သူသည် ဒုတိယအခန်းမှ ထွက်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် တတိယမြောက် အခန်းရှေ့သို့ သူ ရောက်လာခဲ့သည်။ ပြီးခဲ့သည့် တစ်ကြိမ်တွင် သူသည် တတိယအခန်းမှ စွမ်းအင်ဝဲကတော့ကိုပင် မဖွင့်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အကျဉ်းသားတစ်ဦး ရှိနေသောကြောင့်ပင်။
အကျဉ်းသား၏ ပြစ်မှုများကို အခန်းတစ်ခုစီ၏ နံရံပေါ်တွင် ရေးသားထားလေ့ရှိ၏။ တတိယအခန်းသည် အလွန် ကြီးမားသည်။ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အမြင့် မီတာ ၅၀ ခန့် ရှိ၏၊ ထို့ကြောင့် အတွင်းရှိ အကျဉ်းသားသည်လည်း အလွန်ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဖြစ်ပေလိမ့်မည်။
သေချာသည်မှာ စတုတ္ထအခန်းထဲတွင် ပိတ်လှောင်ထားသည်မှာ ဘီလူးကြီးတစ်ကောင် ဖြစ်နိုင်၏။ ၎င်းအခန်းသည် စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းပြီး အမြင့် မီတာ ၂၀၀ ကျော် ရှိသည်။ ပဉ္စမအခန်းမှာမူ အလွန် သေးငယ်ပြီး စတုရန်းမီတာ ဒါဇင်အနည်းငယ်မျှသာ ရှိသည်။ သို့သော်ငြား ၎င်းသည် အန္တိမ ရှေးဟောင်း အကျဉ်းသားကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ရှမ့်လန်သည် မိမိ၏ အကန့်အသတ်ကို မိမိ သိသည်။ သူသည် စတုတ္ထ သို့မဟုတ် ပဉ္စမအခန်းကို လုံးဝ ထိတွေ့၍ မရနိုင်ချေ။ ထိတွေ့လျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ သူသည် တတိယအခန်းရှေ့သို့ ရောက်ရှိလာပြီး အခန်းတံခါးကို လှမ်းထိလိုက်၏။
မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်မှုသည် ယခင်ကနှင့် အတူတူပင် ဖြစ်သည်။ သူသည် စွမ်းအင် ဝဲကတော့ကိုပင် မဖွင့်နိုင်ခဲ့ချေ။ ထို့အပြင် တတိယအခန်းပေါ်ရှိ စာလုံးများသည် ဆွဲဆောင်မှု ရှိနေဆဲပင်။ ၎င်းသည် မရင်းနှီးသော ယဉ်ကျေးမှုတစ်ခု၏ ဘာသာစကား ဖြစ်သော်လည်း လုံးဝ ကွဲပြားခြားနားသော ယုတ္တိဗေဒတစ်ခု ပါဝင်နေသည်။
ရှမ့်လန်သည် ခဏမျှ လေ့လာကြည့်ရုံဖြင့် ၎င်းအထဲတွင် နစ်မြုပ်သွားခဲ့ရသည်။ ခဏတာ ပေါ့ဆမှုကြောင့် သူသည် ရှစ်နာရီကြာအောင် ထိုအထဲတွင် ဈာန်ဝင်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။ ဤတစ်ခေါက် ရှေးဟောင်းအကျဉ်းထောင် ခရီးစဉ်သည် အကျိုးမရှိဟု ဆိုရမည်။ သို့သော်ငြား လုံးဝ အကျိုးမဲ့သည်တော့ မဟုတ်ပေ။
အနည်းဆုံးတော့ ရှေးဟောင်း အမှောင်ဘုရင်မ ထွက်ပြေးသွားပြီဖြစ်ကြောင်း သူ သိခဲ့ရသည်။ ဤသည်မှာ သေချာပေါက် တုန်လှုပ်စရာကောင်းသော သတင်းဖြစ်သည်။
သို့သော်ငြား ဤကိစ္စသည် ယခုလောလောဆယ် ရှမ့်လန် စိတ်ပူရမည့် ကိစ္စ မဟုတ်သေးချေ။ သူ့ရှေ့တွင် ရှိနေသော တစ်ခုတည်းသော ကိစ္စမှာ တော်ဝင်ရန် အင်ပါယာ၏ ပထမဆုံး အဖျက်စွမ်းအားကြီးမားသည့် တိုက်ခိုက်မှုကို မည်သို့ နှိမ်နင်းမည်နည်း ဆိုသည်သာ ဖြစ်၏။
… …