အခန်း (၁၁၉၇-၁၁၉၈)
Vol. 69 Ch. 1197-1198
အပိုင်း (၁၁၉၇)
သို့သော်ငြား ကံမကောင်းစွာဖြင့် နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်၏ ဝိညာဉ်စွမ်းအင်မှာ ဆက်လက် မတောင့်ခံနိုင်တော့သလို ဦးနှောက်ကလည်း လက်မခံနိုင်တော့ချေ။ စာလုံးလေ့လာမှု ရပ်တန့်သွားခဲ့၏။ သူ သတိလစ်သွားခဲ့ပြီး ရှေ့မှ ပြောင်းလဲနေသော စာလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
တဖက်လူ ပြောသည်မှာ မှန်ကန်သည်။ ရှမ့်လန် လာသည်မှာ စောလွန်းနေခဲ့သည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာ ဘုရင်၏ ဝိညာဉ်မှတ်ဉာဏ်များသည် သူ့ဦးနှောက်ထဲတွင် ချိတ်ပိတ်ထားသော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်။ သူသည် အချို့သော ကဏ္ဍများတွင် လုံလောက်သော ဉာဏ်ပညာ မရှိသေးဘဲနှင့် ပိရမစ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
မှန်ပေသည်။ သူ့ဝိညာဉ်စွမ်းအင် လုံလောက်စွာ သန်မာလာသောအခါ တဖန်ပြန်လည် နားလည်နိုင်သည်ဟု ဆိုနိုင်သည်။ သို့သော်ငြား ထိုသို့ပြော၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဉာဏ်အလင်းပွင့်ခြင်း မျိုးမှာ တစ်ကြိမ်တည်းသာ ရနိုင်သောကြောင့် ဖြစ်သည်။
မကြာမီ ရှမ့်လန် ပြန်နိုးလာပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင်... ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ် လာတာ စောလွန်းနေပါတယ်။”
ပိရမစ်ထဲမှ လူက ပြောလိုက်သည်။ “အရာအားလုံးက ကံစီမံရာပါပဲ။ စောရောက်လာတာကလည်း ကံတရား တစ်မျိုးပဲလေ။”
ရှမ့်လန်က မေးလိုက်၏။ “ဒီတစ်ခါ ကျုပ် စောရောက်လာတယ်။ နောက်တစ်ခါရော စောနေအုံးမှာလား။”
ပိရမစ်ထဲမှ လူက ဖြေသည်။ “တိတိကျကျ ပြောရရင် ဖြစ်စဉ်တချို့လည်း စောပြီး ဖြစ်လာပါလိမ့်မယ်။ ခင်ဗျား ဒီတစ်ကြိမ်မှာ တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားခဲ့ပြီ။ အဲဒါကို မတွေးဘဲ နေနိုင်မလား၊ အသုံးမပြုဘဲ နေနိုင်မလား။”
“မနေနိုင်ဘူး။”
“ဒါကြောင့် အရာအားလုံးကို ကံတရားအတိုင်းပဲ ထားလိုက်ပါ အရှင်... အရာရာက ပြောင်းလဲ နေပြီးသား၊ သတ်မှတ်ပြီးသားပါ။ ဒါက မကောင်းတဲ့ အစပျိုးမှု ဆိုပေမဲ့ မကောင်းတဲ့ အဆုံးသတ် ဖြစ်မယ်လို့ မဆိုလိုပါဘူး။”
“ကျုပ် အဖြေကို ပြောဖို့ လိုသေးလား။”
“ကျုပ်တို့ အနေနဲ့ ခင်ဗျား မှန်ကန်စွာ ဖြေဆိုနိုင်ကြောင်း သိပြီးသားပါ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်း အရတော့ ပြောပြဖို့ လိုပါတယ်။ ခုနက ရေးပြတဲ့ စာလုံးက ဘာပါလဲ။”
“နဂါး...” ရှမ့်လန်က ဖြေလိုက်သည်။
ထို့နောက် ရှမ့်လန်က ဖြည့်စွက်ပြောကြားလိုက်၏။ “တိတိကျကျ ပြောရရင် ဒါက သိမြင်နားလည်မှု တစ်မျိုးပါ။ သူ့မှာ အသံထွက် မရှိဘူး။ နာမ်စား မရှိဘူး။ ဒါပေမဲ့ ကျုပ်တို့လောကရဲ့ ဘာသာစကားနဲ့ ဘာသာပြန်ရမယ် ဆိုရင်တော့ နဂါး ပါပဲ။”
ပိရမစ်ထဲမှ လူက ပြောလိုက်သည်။ “ခင်ဗျား ဖြေတာ မှန်ပါတယ် အရှင်... ကဲ... အရာအားလုံးကို ဘေးဖယ်ထားပြီး ခင်ဗျားရဲ့ အောင်ပွဲကို ခံစားလိုက်ပါ။”
ထို့နောက် ပိရမစ် တံခါး ပွင့်သွားသော်လည်း အတွင်း၌ လူရိပ်လူယောင်မျှ မတွေ့ရချေ။ အခေါင်းတစ်ခု လေထဲတွင် ပျံဝဲထွက်ပေါ်လာပြီး ရှမ့်လန်၏ ရှေ့တွင် ရပ်တန့်သွား၏။
ရှမ့်လန်သည် အလိုအလျောက်ပင် အခေါင်းကို ဖွင့်ကြည့်ချင်စိတ် ပေါ်လာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် မိစ္ဆာမယ်တော်၏ ခန္ဓာကိုယ် ပါရှိနေသောကြောင့် ဖြစ်သည်။ မိစ္ဆာမယ်တော်သည် မည်သည့် လူမျိုးနွယ် ဖြစ်ကြောင်း သူ သိချင်မိသည်။
သို့သော်ငြား ခေတ္တမျှ ကြာပြီးနောက် ရှမ့်လန် စိတ်ပြောင်းသွားသည်။ သူ မကြည့်လိုတော့ပေ။ ရှေ့သို့ တိုးသွားပြီး အခေါင်းကို မလိုက်သည်။ အခေါင်း၏ ပစ္စည်းမှာ အလွန် ထူးဆန်းပြီး လောကမြေဆွဲအား မရှိသည့်အလား ပေါ့ပါးနေ၏။
ရှမ့်လန်က နှုတ်ဆက်လိုက်သည်။ “ဒါဆို သွားတော့မယ်။”
ပိရမစ်ထဲမှ လူက ပြန်မဖြေချေ။ နှုတ်မဆက်ခဲ့ပေ။ ဘာသဘောနည်း။ နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ဘူး ဟူသည့် သဘောလား။ ရှမ့်လန်သည် ဤနေရာသို့ တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်လား။ တစ်ကြိမ်သာ ဉာဏ်အလင်း ပွင့်ခွင့် ရှိသည်လား။
ရှမ့်လန်သည် တချောင်အပေါ်သို့ တက်လိုက်ပြီး အခေါင်းကို တချောင်၏ ကျောကုန်းပေါ်သို့ ညင်သာစွာ တင်လိုက်၏။ “ပြန်ကြစို့။”
တချောင်သည် မစောင့်နိုင်တော့သကဲ့သို့ တောင်ပံများကို ဖြန့်ကားကာ အမြင့်သို့ ပျံတက်လိုက်ပြီး နှင်းတောင်ထိပ်ရှိ ပိရမစ်ကို ကျောခိုင်းလျက် မိစ္ဆာတြိဂံဒေသ ရှိရာသို့ ဦးတည် ပျံသန်းသွားသည်။
......
နှစ်ရက်နှင့် သုံးည ကြာပြီးနောက် ရှမ့်လန်သည် မိစ္ဆာတြိဂံဒေသသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ မိစ္ဆာတြိဂံ ဒေသသို့ ဝင်ရောက်လိုက်သည်နှင့် မိစ္ဆာမယ်တော်၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။ “အောင်မြင်ခဲ့ပြီလား... အရှင် ရှမ့်လန်... ရှင် တကယ်ပဲ အောင်မြင်ခဲ့တာလား။”
နှစ်ပေါင်းထောင်ချီ ပျောက်ဆုံးနေသော ခန္ဓာကိုယ်ကို ပြန်လည် ရရှိတော့မည်ဖြစ်ရာ သူမ အမှန်တကယ် စိတ်လှုပ်ရှားနေပုံ ရ၏။
မိစ္ဆာမယ်တော်က ရုတ်တရက် မေးလိုက်သည်။ “အရှင် ရှမ့်လန်... ရှင် အောင်မြင်ခဲ့ပေမဲ့ ထင်သလောက် စိတ်လှုပ်ရှားပုံ မရပါလား။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဘာမှ မဟုတ်ပါဘူး။ ကျုပ်လည်း စိတ်လှုပ်ရှားပါတယ်။ ကျုပ် ပြောဖူးပါတယ်။ ရေရှည် မဟာဗျူဟာ အမြင်တွေ သိပ်မထားတာ အကောင်းဆုံးပါပဲ။ လက်တွေ့ကျကျနေပြီး ကိုယ့်ရှေ့က ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်တာကသာ အမှန်ကန်ဆုံးပါ။”
‘ငါ ရှမ့်လန်က အဲဒီလိုစကားမျိုး ဘယ်တုန်းက ပြောဖူးလို့လဲ။’
သို့သော်ငြား ရှမ့်လန်သည် ထိုစိတ်ရှုပ်စရာ အတွေးများကို အမြန်ပင် ဘေးဖယ်လိုက်သည်။ အနာဂတ်အကြောင်း ကို အနာဂတ်ကျမှ တွေးတော့မည်။ လက်ရှိ အောင်ပွဲကို ခံစားခြင်းကသာ အရေးကြီးဆုံး ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိစ္ဆာမယ်တော်... ကတိအတိုင်း ဆောင်ရွက်ပေးဖို့ အချိန်တန်ပြီ။ ခင်ဗျားရဲ့ စစ်တပ် ကျုပ်ကို ငှားပါ။”
ယခုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်မှ ရေများသည် နူးညံ့သော လက်ကြီးတစ်ဖက် အသွင် ပြောင်းလဲ သွားပြီး အခေါင်းကို ပွေ့ပိုက်ကာ ပင်လယ်ထဲသို့ ဖြည်းညင်းစွာ ဆွဲယူသွားသည်။ မိစ္ဆာမယ်တော်သည် သူမ၏ ခန္ဓာကိုယ်ကို ရယူသွားခဲ့သည်။
မိစ္ဆာမယ်တော်က ပြောလိုက်၏။ “အင်း… ဝေဟင်အသေခံ ဖျက်ဆီးရေး ရေခူတွေနဲ့ မြွေစစ်သည်တော် သုံးထောင် က လမ်းခုလတ်မှာ ရောက်နေပါပြီ၊ ရှင် အခု လိုက်သွားရင် မနက်ဖြန်လောက်ဆို တွေ့ရလိမ့်မယ်။”
လှည့်ကွက်... တကယ့် လှည့်ကွက်ပင်။
မိစ္ဆာမယ်တော်က ဆက်ပြောသည်။ “ရှင် ပြောတာ မှန်ပါတယ်။ ရှင်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို အောင်မြင်စွာ ပြန်ယူလာပေးနိုင်သည် ဖြစ်စေ၊ မပေးနိုင်သည် ဖြစ်စေ ကျွန်မရဲ့ စစ်တပ်ကို ငှားပေးမှာပါ။ ဘာလို့လဲဆိုတော့ ရှင်က အိမ်ရှေ့စံ ကျန်းရှဲ့ရဲ့ မျိုးဆက်လေ။ ကျွန်မတို့က မဟာမိတ်တွေပါ။”
ရှမ့်လန်က နှုတ်ဆက်လိုက်၏။ “သွားတော့မယ်။”
မိစ္ဆာမယ်တော်က မေးလိုက်သည်။ “အရှင်ရှမ့်လန်... ကျွန်မရဲ့ ရုပ်သွင်အမှန်က ဘယ်လိုလဲဆိုတာ ရှင် မသိချင်ဘူးလား။”
ရှမ့်လန်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ပျံသန်းထွက်ခွာကာ မိစ္ဆာတြိဂံနယ်မြေမှ ထွက်လာခဲ့၏။
......
ထင်ထားသည့်အတိုင်းပင် တစ်ရက်နှင့် တစ်ည ကြာပြီးနောက် ရှမ့်လန်သည် သူ ငှားရမ်းလာသော ပျောက်ဆုံးနိုင်ငံ စစ်တပ်ကြီးကို တွေ့မြင်လိုက်ရသည်။
သောက်ကျိုးနည်း... တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှ၏။
လျှပ်စီးမြွေထောင်ပေါင်းများစွာနှင့် အသေခံ ရေခူများသည် ပင်လယ်ထဲတွင် ကူးခပ်နေခြင်း မဟုတ်ဘဲ ဝေဟင်၌ ပျံသန်းနေကြခြင်း ဖြစ်သည်။ သို့သော်ငြား ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မိုးတိမ်မဲကြီးများ ဖုံးလွှမ်းသွားပြီး လျှပ်စီးများ မရေမတွက်နိုင်အောင် ပစ်ခတ်နေသည်။ ရွေ့လျားနေသော မိစ္ဆာတြိဂံနယ်မြေ အသေးစားလေး တစ်ခုနှင့် တူလှသည်။
ရှမ့်လန် ပျံသန်းရောက်ရှိလာပြီးနောက် လျှပ်စီးမြွေတပ်ဖွဲ့နှင့် လေထဲရှိ ရေခူများ အားလုံး ရပ်တန့်သွားကြပြီး ရှမ့်လန်ကို ဝိုင်းရံလိုက်ကြသည်။ မီတာတစ်ရာခန့် ရှည်လျားသော ပျောက်ဆုံး လျှပ်စီးမြွေသုံးထောင်သည် လေထဲတွင် အရိုအသေ ပေးလိုက်ကြ၏။
“ဖြောင်း… ဖြောင်း… ဖြောင်း…”
မရေမတွက်နိုင်သော လျှပ်စီးမြွေများက မီတာရာပေါင်းများစွာ ရှည်လျားသည့် လျှပ်စီးတန်းများကို မှုတ်ထုတ်လိုက်ရာ ရှမ့်လန်၏ အထက်ကောင်းကင်ယံ တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ မီတာ သောင်းချီ ကျယ်ဝန်းသော ဧရိယာ တစ်ခုလုံးတွင် တုန်လှုပ်ဖွယ် လျှပ်စီးများ ပြည့်နှက်သွားသည်။
ဤအရာက သူတို့၏ ကြိုဆိုပွဲ အခမ်းအနား၊ သစ္စာခံယူပွဲ အခမ်းအနား ဖြစ်ပေသည်။ အလွန် အင်အား ကြီးမားသော ဝေဟင် တပ်တော်ကြီးပင်။
‘တော်ဝင်ရန် အင်ပါယာ... ကျုပ်ရဲ့ နုရှောင့်မြို့ကို မြန်မြန် လာတိုက်စမ်းပါ။ ဒါက ခင်ဗျားနဲ့ ကျုပ်ကြားက ပထမဆုံး တိုက်ပွဲပဲ။ ကျုပ် ရှမ့်လန်က လှလှပပကြီး အနိုင်ယူပြမယ်။ ဒီလောက်ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ပြီးမှတော့ မီးတောက်မြို့တော်ကို သွေးအန်အောင် လုပ်ရမယ်။’
“သွားကြစို့။” ရှမ့်လန်၏ အမိန့်ပေးမှုအောက်တွင် ပျောက်ဆုံးနိုင်ငံ လေကြောင်းတပ်တော်ကြီးသည် နုရှောင့်မြို့ ဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်ပျံသန်း သွားကြသည်။ ၎င်းတို့ သွားရာနေရာတိုင်းတွင် တိမ်မဲများ ဖုံးလွှမ်းသွားပြီး မိစ္ဆာဘုရင် ဆင်းသက်လာသကဲ့သို့ပင်။
......
အင်ပါယာ ကျင့်ကြံခြင်းမှ ထွက်လာပြီလား။ မထွက်သေးချေ။ သူသည် နှစ်နှစ်၊ သုံးနှစ်ခန့် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း တော်ဝင်ရန် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားက တာဝန်ယူ အုပ်ချုပ်နေခဲ့သည်။ မည်သို့သော ကိစ္စများ ဖြစ်ပျက်စေကာမူ အင်ပါယာက အရိပ်အယောင် မပြခဲ့ချေ။
ယင်းကာလအတွင်း စေတီတောင်နှင့် ရင်ကွမ်းတို့သည် လွတ်လပ်ရေး ကြေညာလိုခဲ့ပြီး ရှမ့်လန်နှင့် ရင်ကွမ်းတို့ တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် စေတီတောင်သည် ဤလောကထဲမှ လုံးဝ ပျောက်ကွယ် သွားခဲ့ရသည်။
သို့သော်ငြား ဤကိစ္စရပ်များသည် အင်ပါယာအတွက် အရေးမပါပုံ ရသည်။ သူသည် တားမြစ် မျှော်စင် အတွင်း၌သာ ရှိနေပြီး မည်သည့်အရာကို ပြုလုပ်နေမှန်း မည်သူမှ မသိရှိကြချေ။
......
နှစ်သစ်ကူး အချိန်အခါသို့ ရောက်ရှိလာပြီဖြစ်သည်။ ရှမ့်လန် အနောက်လောကမှ ပြန်ရောက်လာပြီးတည်းက အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသကဲ့သို့ပင်။
ရှမ့်လန် နောက်ဆုံး နှစ်သစ်ကူး ပွဲတော် ဆင်နွှဲခဲ့စဉ်က သူသည် မင်းသားကျင်းနှင့် အဖွဲ့ကို ကျင်းကန်တောင်မှ ကယ်တင်လာခါစ ဖြစ်သည်။ တော်ဝင်ချန် အင်ပါယာနှင့် ချန်နိုင်ငံသစ်တို့ စစ်ဖြစ်နေကြသဖြင့် အရှေ့လောကတွင် ပွဲတော် အငွေ့အသက် မရှိခဲ့ချေ။
ယခုတစ်ကြိမ်တွင်လည်း ပွဲတော် အငွေ့အသက် မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် နှစ်သစ်ကူး ရောက်တိုင်း တစ်လောကလုံး၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သော ကိစ္စကြီးကြီးမားမား တစ်ခု ဖြစ်ပျက်လေ့ ရှိသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်တွင် အရှေ့လောက တစ်ခုလုံးသည် တော်ဝင်ရန်အင်ပါယာကို ကြောက်ရွံ့တုန်လှုပ်နေကြ သည်။ လွန်ခဲ့သည့် လဝက်ခန့်က တောင်ပင်လယ်ရှိ စေတီတောင်နှင့် အမှောင်ရဲတိုက်တို့သည် တော်ဝင်ရန် အင်ပါယာ၏ လက်ချက်ဖြင့် လောကမြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ရ၏။
ယခင်က တော်ဝင်ရန် အင်ပါယာက ၎င်းသည် ဆူနာမီနှင့် ငလျင်ဒဏ်ကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်။ နဂါးနောင်တကြောင့် ဖြစ်သည်ဟု သူတို့ လုံးဝ ဝန်ခံမည် မဟုတ်ချေ။
သို့သော်ငြား ယခုတစ်ကြိမ်တွင် မီးတောက်မြို့တော်သည် တိတ်ဆိတ်နေခဲ့သည်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းပင် ဖြစ်သည်။
တစ်လောကလုံး အံ့အားသင့်သွားခဲ့ကြ၏။ ဝူ၊ ချောင်၊ ရွဲ့ နိုင်ငံများနှင့် တော်ဝင်ရန်၏ လက်အောက်ခံ နိုင်ငံအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ မီးတောက်မြို့တော်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ အလွန် အင်အားကြီးလွန်းသည်။ ရက်စက်လွန်းလှ၏။
ယခုအခါ ရင်ကွမ်း သေဆုံးပြီး စေတီတောင်လည်း ပျောက်ကွယ်သွားပြီဖြစ်ရာ အရှေ့လောကတွင် ရှမ့်လန်သည် သာ တော်ဝင်ရန်၏ တစ်ခုတည်းသော ရန်သူအဖြစ် ကျန်ရှိတော့သည်။ မီးတောက်မြို့တော်သည် တော်ဝင်ချန် အင်ပါယာ၏ နုရှောင့်မြို့ကို ဖျက်ဆီးရန် အချိန်ရေတွက်နေပြီ ဖြစ်သည်။
လူတိုင်းသည် သတ်မှတ်ချိန်ပြည့်မည်ကို စောင့်ဆိုင်းနေကြသည်။ နဂါးနောင်တ တဖန် အော်မြည်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ နုရှောင့်မြို့ လောကမြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားမည့် အချိန်ကို စောင့်ဆိုင်း နေကြ၏။
တော်ဝင်ချန် အင်ပါယာ၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးသား ဖြစ်ပုံရသည်။ စေတီတောင်၏ ရှေးဟောင်း ကြားဖြတ် ဟန့်တားရေး ကိရိယာပင်လျှင် နဂါးနောင်တကို မတားဆီးနိုင်ခဲ့ချေ။ ဤလောကတွင် တားဆီး နိုင်မည့် အရာ ရှိသည်လား။ မရှိတော့ပေ။
......
မီးတောက်မြို့တော်၏ နန်းတော်ထဲတွင် နှစ်သစ်ကူး ညစာစားပွဲ ကျင်းပနေသည်။ ယခုနှစ်တွင် လူတစ်ယောက် ပိုလာခဲ့သည်။ သူမမှာ ဂိုဏ်းချုပ်ရန်၏ ဇနီးဖြစ်သူ မင်းသမီးကြီး ဖြစ်၏။ အင်ပါယာ သည် ကျင့်ကြံခြင်း မပြီးဆုံးသေးသဖြင့် အားလုံးသည် မယ်တော်ကြီး၏ နန်းဆောင်တွင် နှစ်သစ်ကူးပွဲ ဆင်နွှဲနေကြခြင်း ဖြစ်သည်။
လူအများအပြား မရှိဘဲ ဆယ်ဂဏန်းခန့်သာ ရှိရာ ထိုအထဲတွင် မင်းသမီး ကျိနင်လည်း ပါဝင်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း သူမသည် အနည်းငယ်မှ ပြောင်းလဲသွားခြင်း မရှိချေ။ ယခင်အတိုင်း သေသပ် လှပနေဆဲ ဖြစ်ပြီး အသားအရေမှာ ဖြူဖွေးအုဖတ်နေ၏။
ရှမ့်လန်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ ခုနစ်နှစ်ခန့် ရှိသွားခဲ့ပြီ။ ထိုစဉ်က သူမသည် ၁၆ နှစ်အရွယ် မိန်းမပျိုလေးသဖွယ် ဖြစ်ပြီး ယခုအချိန်ထိ ၁၆ နှစ်အရွယ်ကဲ့သို့ပင် ရှိနေဆဲ ဖြစ်သည်။ ယနေ့ နှစ်သစ်ကူး ညတွင် သူမ၏ မျက်နှာထက်၌ အပြုံးပန်းများ ဝေဆာနေပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။ ကျိရွှမ်၏ လည်ပင်းကို ဓားမြှောင်ဖြင့် လှီးဖြတ်ခဲ့သော မင်းသမီးငယ်လေးမှာ သူမ မဟုတ်ခဲ့သကဲ့သို့ပင်။
နှစ်သစ်ကူး ညစာစားပွဲ ပြီးနောက် မယ်တော်ကြီးက အားလုံးကို အနီရောင် စာအိတ်များ (အန်ပေါင်း) ဝေငှပေးသည်။ အားလုံး ပျော်ရွှင်ချမ်းမြေ့နေပုံ ရသည်။
မင်းသမီးကြီးကျိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အမြဲ ချိတ်ဆွဲထားပြီး လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်က ကံဆိုးမိုးမှောင်ကျမှုများ မရှိခဲ့သကဲ့သို့ပင်။
.......
ချန်မြို့တော်ကြီးသည် ခြောက်ကပ်တိတ်ဆိတ်နေခဲ့၏။ ရှမ့်လန်၏ တပ်တော်သည် မြို့တော်ကြီးကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ကျောက်လင်နှင့် ရင်ဝူချန်တို့သည် လူပေါင်း နှစ်ရာကျော်ပါဝင်သော စာရင်းတစ်ခုကို ပြင်ဆင်ထား ကြ၏။ ဆက်နွယ်ပတ်သက်သူများပါ ထည့်သွင်းရေတွက်ပါက လူဦးရေ နှစ်ထောင်ကျော် ရှိပေသည်။ ရက်အနည်းငယ် အတွင်းမှာပင် ထိုလူနှစ်ထောင်စလုံး ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ကြရသည်။
ဤသည်မှာ ချန်နိုင်ငံသစ်အပေါ် ရှမ့်လန်၏ လက်စားချေမှု ဖြစ်သည်။ အမှန်စင်စစ် ဤအရာသည် အလွန် ပေါ့ပါးသော ပြစ်ဒဏ်တစ်ခုဟု မှတ်ယူနိုင်သည်။ မင်းဆက်ပြောင်းလဲချိန်တိုင်းတွင် ဤပမာဏထက် မကသော လူအများအပြား သေဆုံးခဲ့ကြရသည် မဟုတ်ပါလား။
ချန်မြို့တော်ကြီးကို အမှန်တကယ် ထိတ်လန့်စေသည်မှာ မကြာမီ ဖြစ်လာတော့မည့် အခြေအနေပင် ဖြစ်သည်။ တော်ဝင်ရန်နှင့် တော်ဝင်ချန်တို့၏ ထိပ်တိုက်တွေ့ဆုံမှု၊ အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ် က မြင်ကွင်းမျိုး တဖန်ပြန်လည် ဖြစ်ပေါ်လာဦးမည်လား။
အပိုင်း (၁၁၉၈)
ထိုစဉ်က တော်ဝင်ချန်နှင့် တော်ဝင်ရန်တို့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ကျန်းလီ ရုတ်တရက် သေဆုံးသွားခဲ့ရ၏။ နောက်ဆုံး၌ တော်ဝင်ရန်အင်ပါယာ၏ သန်းချီသော စစ်သည်များသည် ချန်နိုင်ငံထဲသို့ ဝင်ရောက်လာကာ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ လောကပျက် သကဲ့သို့ ဖြစ်ခဲ့ရ၏။
ထို့ကြောင့် နှစ်သစ်ကူးည ဖြစ်သော်လည်း ချန်မြို့တော်ကြီး တစ်ခုလုံးသည် မြေအောက်ခန်းကဲ့သို့ အေးစက် နေခဲ့သည်။ လူများသည် ချက်ပြုတ်စားသောက်ရန်ပင် စိတ်မပါကြချေ။
မကြာမီတွင် တော်ဝင်ရန် အင်ပါယာသည် နဂါးနောင်တကို အသုံးပြု၍ နုရှောင့်မြို့ကို ဆေးကြော သန့်စင်တော့မည် ဖြစ်သည်။ နုရှောင့်မြို့ ပျက်စီးသွားသည်နှင့် တော်ဝင်ချန် အင်ပါယာလည်း ပျက်သုဉ်း ရပေတော့မည်။
ချန်မြို့တော်၏ ကံကြမ္မာသည် မည်သို့ ဖြစ်လာမည်နည်း။ သတင်းများအရ တတိယမင်းသမီးရင်၏ သားဖြစ်သူကို ရင်မိသားစုက မွေးစားလိုက်ပြီး မကြာမီ တော်ဝင်ရင် နိုင်ငံတော်၏ ဘုရင်အဖြစ် ဘွဲ့ပေးအပ်တော့မည်ဟု ဆိုကြသည်။ စစ်ပွဲ မဖြစ်လျှင် အကောင်းဆုံးပင်။ အသက်ရှင်သရွေ့ အရာရာ အဆင်ပြေနိုင်သည် မဟုတ်ပါလား။
......
ယခုအချိန်၌ ချောင်ပြည်နယ်တွင်မူ လှုပ်ရှားမှုများ အရှိန်အဟုန် ကောင်းနေသည်။ နဂါးနောင်တသည် စေတီတောင်ကို ဖျက်ဆီးပစ်လိုက်သဖြင့် ရေပေါ်ပင်လယ်မှ ရေများသည် ချောင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ကာ ရေလွှမ်းမိုးခဲ့၏။ ခရိုင်သုံးခု ရေမြုပ်သွားခဲ့ပြီး သိန်းနှင့်ချီသော ပြည်သူများ ဘေးဒုက္ခ ရောက်ခဲ့ရသည်။
ဆယ်ရက်ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ နောက်ဆုံး၌ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်ကာ ကယ်ဆယ်ရေး လုပ်ငန်းများလည်း ပြီးဆုံးလုနီးပါး ဖြစ်နေချေသည်။ ကံကောင်းစွာဖြင့် ရှမ့်လန်သည် နှင်းလင်းယုန် မြင်းသည်တော် နှစ်ထောင်နီးပါးကို အချိန်မီ စေလွှတ်ခဲ့သဖြင့် မရေမတွက်နိုင်သော ဒုက္ခသည်များ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက ဤတစ်ကြိမ် ထိခိုက်သေဆုံးမှု အရေအတွက်မှာ ရေတွက်၍ပင် ရနိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင် သောင်းနှင့်ချီသော လူများသည် တဲများထဲတွင် နေထိုင်နေကြရဆဲ ဖြစ်သော်လည်း နှစ်သစ်ကူးပွဲကို တက်ကြွစွာ ဆင်နွှဲနေကြသည်။ စားပွဲတိုင်းတွင် အသားနှင့် အရက်များ ပါရှိ၏။
ချောင်ဘုရင်၊ စုနန်နှင့် ကျောက်လင်တို့သည် ဒုက္ခသည်များ စုဝေးရာ နေရာ၌ နှစ်သစ်ကူးပွဲကို ဆင်နွှဲနေ ကြသည်။
“ဖြည့်ကြစမ်း။ ဖြည့်ကြစမ်း။ ဖြည့်ကြစမ်း။”
“ချီးယားစ်... ချီးယားစ်...”
ဒုက္ခသည်တစ်ဦးက ပြောလိုက်၏။ “အခုဆို အားလုံး ရှင်းရှင်းလင်းလင်း မြင်ကြရပြီပေါ့။ တော်ဝင်ရန် အင်ပါယာ က သူတို့ကိုယ်သူတို့ လောကရဲ့ တရားဝင် အုပ်စိုးသူတွေလို့ ပြောကြတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဂရုစိုက်ရဲ့လား။ စေတီတောင်ကို ဖျက်ဆီးလိုက်ရင် ရေပေါ်ပင်လယ်က ရေတွေလျှံကျပြီး ချောင်ပြည်နယ်ကို လွှမ်းမိုးမယ်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်မယ်ဆိုတာ သူတို့ မသိကြဘူးလား။ သိရက်နဲ့ သူတို့ လုပ်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကျုပ်တို့ကို ပုရွက်ဆိတ်တွေလို သဘောထားလို့ပဲ။”
နောက်တစ်ဦးက ထောက်ခံလိုက်သည်။ “ဒါပေမဲ့ အရှင် ရှမ့်လန်ကတော့ မတူဘူး။ သူက အကောင်းဆုံးသော ဝေဟင်တပ်ဖွဲ့တွေကို ချက်ချင်း စေလွှတ်ပေးခဲ့တယ်။ မြို့စားမင်း စုနန်... ကျုပ်တို့ တော်ဝင်ချန် အင်ပါယာမှာ ဝေဟင်တပ်ဖွဲ့ ဘယ်လောက်ရှိလဲ။”
စုနန်က ပြန်ဖြေလိုက်၏။ “စုစုပေါင်း နှစ်ထောင်လောက်ပါပဲ။”
ထိုလူက ဆက်ပြောသည်။ “အခု အဲဒီ ဝေဟင်တပ်ဖွဲ့ နှစ်ထောင်စလုံးက ဘေးဒုက္ခသင့်တဲ့ နေရာမှာ ရောက်နေကြ တယ်။ ဒါက ဘာကို သက်သေပြနေတာလဲ၊ ကျုပ်တို့ရဲ့ အရှင်ရှမ့်လန်ကမှ စစ်မှန်တဲ့ ကိုယ်ချင်းစာတရား၊ တရားမျှတမှုနဲ့ ပြည့်စုံတဲ့ ကံကြမ္မာ အရှင်သခင် အစစ်အမှန်ပဲ။
မီးတောက်မြို့တော်က လူတွေကတော့ ပါးစပ်ကသာ ကိုယ်ချင်းစာတရားတွေ၊ တရားမျှတမှုတွေ ပြောနေကြတာ၊ ပြည်သူတွေကို သားသမီးရင်းလို ချစ်ပါသတဲ့။ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ။ သူတို့က ယုတ်မာတဲ့ ကိစ္စတွေကို လုပ်ခဲ့ကြတယ်။
ဒါပေမဲ့ အရှင်ရှမ့်လန်က သူတို့အကြောင်း မကောင်းစကား တစ်ခွန်းမှ မပြောခဲ့ဖူးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်တုန်းကမှ ချီးကျူးစကား မဆိုခဲ့ဘူး။ သူ့ပြည်သူတွေကို ကာကွယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တာပဲ ရှိတယ်။ ဒီလို ဘုရင်မျိုး ရှိတာ ကျုပ်တို့အားလုံးအတွက် ကံကောင်းခြင်းနဲ့ ဂုဏ်ယူစရာပါပဲ။”
“အရှင် ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ။”
“အရှင် ရှမ့်လန် အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပါတယ်။”
နောက်တစ်ယောက်က လှောင်ပြောင်လိုက်သည်။ “မီးတောက်မြို့တော်က နုရှောင့်မြို့ ပျက်စီးမယ့် အချိန် ကိုတောင် ရေတွက်နေပြီ ဆိုလား၊ သူတို့က နုရှောင့်မြို့ကို လောကမြေပေါ်ကနေ ဖျောက်ဖျက်ပစ်ချင်နေ ကြတာလား။ ဟား ဟား ဟား... ထွီ”
“ဘယ်သူက နဂါးနောင်တနဲ့ ပထမဆုံး ကစားခဲ့တာလဲ၊ ကျုပ်တို့ရဲ့ အရှင် ရှမ့်လန်လေ။ တခြားလူတွေသာ ဘာမှ မတတ်နိုင်ရင်နေမယ်။ အရှင် ရှမ့်လန်ကတော့ အဲဒါကို သေးနဲ့ ကော့ပန်းပြီးတောင် တားလို့ရတယ်။”
ဒုက္ခသည်များ အားလုံးက အော်ဟစ်ထောက်ခံလိုက်ကြသည်။ ရုတ်တရက် လူတစ်ယောက်က ပြောလိုက်၏။ “အရှင် ရှမ့်လန်က ရှူးပေါက်ရမယ်လို့ ပြောတာ မလေးမစားရာ မကျလွန်းဘူးလား။ အရှင်က နတ်ဘုရား တစ်ပါးလို ပုဂ္ဂိုလ်မျိုးလေ။ ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းတဲ့ ကိစ္စမျိုး လုပ်မှာလဲ။”
ထိုစကား ပြောလိုက်သည်နှင့် အားလုံးက ထိုသူ့အား ထူးဆန်းသော အကြည့်များဖြင့် လှည့်ကြည့်လိုက် ကြသည်။
‘ညီနောင်... ခင်ဗျားက သိပ်ကို ကလေးဆန်သေးတာပဲ။ အရှင်က နတ်ဘုရား တစ်ပါးလို ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ သူသာ ရိုင်းစိုင်းချင်ပြီ ဆိုရင်တော့ ခင်ဗျား ထင်ယောင်ထင်မှား ဖြစ်နိုင်တာထက်ကို ကျော်လွန်သွားလိမ့်မယ်။ သူလိုလူက မလုပ်ရဲတာ ဘာရှိလို့လဲ။’
အရင်တုန်းက ချန်မြို့တော်မှာ ရင်ကွမ်းက ဖျက်ဆီးရေး ကူပိုးကောင်တွေ အများကြီး လွှတ်လိုက်စဉ်က သောင်းချီသော စစ်တပ်ကြီး ပျက်စီးတော့မည့်ဆဲဆဲတွင် အရှင်ရှမ့်လန်က ရှေ့ထွက်လာပြီး ကူပိုးကောင် သန်းပေါင်း ရာချီကို တစ်ယောက်တည်း မျိုချပစ်ခဲ့သည်။
ပြီးနောက် လူတွေအများကြီး ရှေ့တွင် ကိုယ်လုံးတီးနှင့် အချိန်အတော်ကြာ နေခဲ့သေးသည်။ မင်းသမီး ဒိုဟာသာ ဝတ်ရုံမြန်မြန် လာမလွှမ်းပေးလျှင် တစ်နေကုန် ကိုယ်လုံးတီးဖြင့် နေမည့်ပုံစံမျိုး ဖြစ်၏။
......
လေ့ကျိုးကျွန်းစံအိမ်တော်တွင် ရှမ့်လန်သည် နင်ယွမ်ရှန်း၊ ကလေးများနှင့်အတူ နှစ်သစ်ကူးပွဲ ဆင်နွှဲနေသည်။ ကောင်းကင်ယံရှိ နံပါတ် ၃ ဂဏန်းကြီးမှာ အထူးတလည် ထင်ရှားနေ၏။ ၎င်းသည် နုရှောင့် မြို့တော် ပျက်စီးမည့် အချိန်ကို ရေတွက်နေခြင်း ဖြစ်သည်။ နေ့စဉ်ရက်ဆက် သွေဖည်ခြင်း မရှိဘဲ ပြောင်းလဲနေသည်။
ရှမ့်လန် ခေါ်ဆောင်လာသော လျှပ်စီးမြွေတပ်ဖွဲ့နှင့် အသေခံ ဖျက်ဆီးရေး ရေခူတပ်ဖွဲ့များသည် ပင်လယ် ရေအောက်တွင် ခြေရာလက်ရာ မကျန်အောင် ပုန်းအောင်းနေကြ၏။
နှစ်သစ်ကူး ညစာစားပွဲနှင့် အန်ပေါင်းပေးခြင်း ပြီးဆုံးသောအခါ ကလေးများသည် အိပ်မပျော်နိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် တစ်ညလုံး နေချင်ကြသည်။
ရှမ့်လန်က မေးလိုက်၏။ “နာနာ... အခု ရင်မိသားစုလည်း ပျက်စီးသွားပြီဆိုတော့ ချင်ဘုရင်အတုက ထိတ်လန့်နေပြီ၊ သူက မီးတောက်မြို့တော်ကို အစွမ်းကုန် မျက်နှာလိုမျက်နှာရ လုပ်နေပေမဲ့ တော်ဝင်ရန် အိမ်ရှေ့စံ က သူ့ကို တွေ့ဖို့ ငြင်းဆိုထားတယ်။ ကျုပ်တို့ စစ်တပ်လွှတ်ပြီး ချင်ဘုရင်အတုရဲ့ စစ်တပ်ကို ချေမှုန်းပစ်လိုက်ရင် မင်း ထီးနန်းပြန်ယူလို့ ရပြီ။ ဘယ်လိုသဘောရလဲ။”
အာယုနာနာက ခေါင်းခါလိုက်သည်။ “မပြန်ချင်တော့ဘူး။ ဘုရင်မ မလုပ်ချင်တော့ဘူး။ ပြီးတော့ ရှင်နဲ့ တော်ဝင်ရန် အင်ပါယာ အနိုင်အရှုံး မဆုံးဖြတ်ရသေးခင်မှာ အရာအားလုံးက အချည်းနှီးပါပဲ။ ကျွမ်းကျွမ်း ကြီးလာတဲ့အထိ စောင့်လိုက်ပါတော့မယ်။”
ယခုအချိန်တွင် အာယုကျွမ်းသည် သူ့ညီမများနှင့်အတူ မီးရှူးမီးပန်းများ ဖောက်ကစားနေသည်။ သူသည် ကိုးနှစ်အရွယ်သာ ရှိသေးသော်လည်း အရပ်အမောင်းမှာ ၁.၇ မီတာ ကျော်နေပြီ ဖြစ်သည်။ လူကြီး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သိုင်းပညာ စွမ်းရည်မှာလည်း ကြောက်ခမန်းလိလိ မြင့်မား၏။
အာယုနာနာက ဆက်ပြောသည်။ “သူ ၁၆နှစ် ပြည့်ရင် ထီးနန်းကို သူ့ဆီ လွှဲပေးလိုက်မယ်။ ပြီးရင် အရူးကြီးနဲ့အတူ လောကပတ်ပြီး ခရီးထွက်ချင်တယ်။”
‘ဟမ်... အရူးကြီးနှင့်အတူ လောကပတ်မယ် ဟုတ်လား။ လမ်းပျောက်သွားမှာ မကြောက်ဘူးလား။’
......
ရှမ့်လန်သည် နင်ယွမ်ရှန်းကို ဘီးတပ်ကုလားထိုင်ပေါ်တွင် တင်၍ ဥယျာဉ်ထဲ၌ လမ်းလျှောက်ထွက်လာ ခဲ့သည်။ ဤသည်မှာ လေ့ကျိုးကျွန်းစံအိမ်တော်၏ ကောင်းကွက်ပင် ဖြစ်၏။ တစ်နှစ်ပတ်လုံး နွေဦးပေါက် ရာသီကဲ့သို့ ရှိနေ၏။
နှစ်သစ်ကူးည ဖြစ်သော်လည်း အပူချိန်မှာ ၁၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိနေပြီး လုံးဝ အေးစက်ခြင်း မရှိချေ။ စံအိမ်တော်ထဲတွင် ပန်းမန်များပင် ဝေဆာနေသေးသည်။
နင်ယွမ်ရှန်းက ရုတ်တရက် မေးလိုက်၏။ “ကလေး... တကယ်လို့ မင်းသာ အင်ပါယာ ကျန်းလီရဲ့သား မဟုတ်ခဲ့ရင် အခုချိန် ဘယ်လို ဖြစ်နေမလဲ။”
ရှမ့်လန်က ဖြေလိုက်သည်။ “ဒါဆို ကျုပ်မှာ ရန်သူ ရှိမှာ မဟုတ်ဘူး။ မူလန်နဲ့အတူ လောကပတ်ပြီး သေမယ့်နေ့ကို စောင့်နေမှာပေါ့။”
နင်ယွမ်ရှန်းက ဆက်ပြော၏။ “နောက်ထပ် တိုက်ပွဲတစ်ခု စတော့မယ်။ နောက်တစ်ပွဲအတွက် အဆင်သင့် ဖြစ်ပြီလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီတစ်ခါတော့ အဆင်သင့် မဖြစ်သေးဘူး။”
နောက်ထပ် တိုက်ပွဲမှာ မီးတောက်မြို့တော်သို့ မြောက်ပိုင်း စစ်ချီခြင်းပင် ဖြစ်သည်။ သူ၏ ကျန်ရှိသော ရန်သူ နှစ်ခုထဲမှ တစ်ခုဖြစ်သော တော်ဝင်ရန် အင်ပါယာကို ချေမှုန်းရပေမည်။
ရှမ့်လန်က ပြောလိုက်၏။ “တော်ဝင်ရန် အင်ပါယာမှာ နဂါးတစ်ကောင် ရှိတယ်လို့ ကျုပ် အမြဲ ကြားဖူးတယ်။ အခုကြည့်ရတာ ဒါက ဒဏ္ဍာရီ သက်သက် မဟုတ်ပုံရတယ်။ မကြာသေးခင်က တော်ဝင်ရန် အင်ပါယာက နဂါးနောင်တ ကို အသုံးပြုလာတယ်။ မီးနဂါးကြယ်တံခွန် ဝင်တိုက်ပြီးတဲ့နောက်မှာ စွမ်းအားတွေ အများကြီး ပွင့်လာပုံရတယ်။”
နင်ယွမ်ရှန်းက သုံးသပ်သည်။ “အနည်းဆုံးတော့ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက မီးတောက်မြို့တော်မှာ နဂါးနောင်တ စွမ်းအား မရှိခဲ့ဘူး။ မဟုတ်ရင် အင်ပါယာ ကျန်းလီ ရုတ်တရက် သေဆုံးသွားရုံလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ မီးတောက်မြို့တော်က နဂါးနောင်တကို သုံးပြီး သန့်စင်ပစ်မှာ သေချာတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ယောက္ခမကြီး... မီးနဂါးကြယ်တံခွန် ဒီလောကကို နောက်ဆုံးအကြိမ် ဝင်တိုက်ပြီးတည်းက တော်ဝင်ရန် အင်ပါယာက တံခါးပိတ် ကျင့်ကြံနေခဲ့တာ။ သူ တားမြစ်မျှော်စင်ထဲမှာ ဘာလုပ်နေတယ်လို့ ထင်လဲ။”
“မင်းရော ဘယ်လိုထင်လဲ။”
“သူ နဂါးတစ်ကောင်ကို နှိုးထနေတာ ဒါမှမဟုတ် နဂါးကြီးတစ်ကောင်ကို နားလည် သဘောပေါက်အောင် လုပ်နေတာမျိုးတော့ မဟုတ်လောက်ပါဘူးနော်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “မင်း ပြောတာတွေက အရမ်း အဆင့်မြင့်လွန်းတယ်။ ငါ နားမလည်တော့ဘူး။”
ရှမ့်လန် သက်ပြင်းချလိုက်မိပြန်သည်။ ပျောက်ဆုံးနိုင်ငံတော် အပျက်အစီးများကြားရှိ နှင်းတောင်ထိပ် ပိရမစ်ဆီသို့ သူ စောစောစီးစီး သွားရောက်ခဲ့မိသည်မှာ နှမြောစရာ ကောင်းလှသည်။ အဘယ်ကြောင့် ဆိုသော် ထိုသင်္ကေတမှာ အလွန် နက်နဲဆန်းကြယ်လှသောကြောင့် ဖြစ်၏။
ရှမ့်လန်သည် ထိုအရာမှ များစွာသော အသိတရားများ ကို ရယူနိုင်ခဲ့သည်။ ဤကဲ့သို့သော နားလည် သဘောပေါက်မှုသည် အလွန် အရေးကြီးသည်။ အခြေခံ အကျဆုံးအဆင့်မှာ နဂါး၏ သမိုင်းကြောင်း၊ ၎င်း၏ စွမ်းအား၊ ဖျက်ဆီးခြင်းနှင့် ဒေါသတရားတို့ကို အာရုံခံစားခြင်း ဖြစ်သည်။ ပိုမို နက်ရှိုင်းသော အဆင့်တွင် နဂါးနောင်တ ဖြစ်ပေါ်လာပုံနှင့် ဖျက်ဆီးခြင်း သဘောတရားကို နားလည်နိုင်သည်။
ထို့ထက်ပို၍ နက်ရှိုင်းသောအဆင့်တွင်မူ လူနှင့် နဂါးကြားရှိ ဝိညာဉ်ရေးရာ ပဲ့တင်ထပ်မှုကို နားလည် သဘောပေါက် နိုင်၏။
ဤအရာများသည် အလွန် အရေးကြီးပြီး အင်ပါယာခေတ် တစ်ခေတ်ကိုပင် ဖန်တီးနိုင်သော အခိုက်အတန့်များ ဖြစ်သည်။ ကံကြမ္မာနှင့် လောကဖွဲ့စည်းပုံကို အဆုံးအဖြတ် ပေးနိုင်သည်။ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ပညာပိုင်း ဆိုင်ရာ ပြင်ဆင်မှုများ ရှိထားသင့်သည်။
အဆုံး၌ ရှမ့်လန်သည် ထိုနေရာသို့ အလျင်အမြန် သွားခဲ့သည်။ အလျင်အမြန် နားလည်ခဲ့သည်။ အလျင်အမြန် အဆုံးသတ်ခဲ့၏။
ထိုစဉ် ကလေးများ ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ “ဆယ်… ကိုး… ရှစ်...”
တရားဝင် နှစ်သစ်ကူး အချိန်သို့ ရောက်ရှိတော့မည်။ ပထမလ၏ ပထမရက်သို့ ရောက်ရန် နီးကပ်လာပြီ ဖြစ်သဖြင့် ကလေးများက အချိန် ရေတွက်နေကြခြင်း ဖြစ်၏။
“သုံး၊ နှစ်၊ တစ်၊ သုည...”
ကောင်းကင်ယံရှိ ရေတွက်မှုသည် သုံးဂဏန်းမှ နှစ်ဂဏန်းသို့ ပြောင်းလဲသွားသည်။ မီးတောက်မြို့တော် ပျက်စီးမည့် အချိန်ရေတွက်မှုသည် အလွန် တိကျမှန်ကန်လှပေသည်။
“နှစ်သစ်ကူးပြီ။ နှစ်သစ်ကူးပြီ။” ရာပေါင်းများစွာသော ကလေးများသည် စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်ကြသည်။ ထို့နောက် မရေမတွက်နိုင်သော မီးရှူးမီးပန်းများသည် ကောင်းကင်ယံသို့ ပျံတက် သွားကြသည်။ လေ့ကျိုးကျွန်း စံအိမ်တော်၌သာမက နုရှောင့်မြို့၌ပါ မီးရှူးမီးပန်းများ ဝေဆာနေ၏။ ပင်လယ်ပြင်တွင်ပင် နှစ်သစ်ကူးကို ကြိုဆိုသောအားဖြင့် မီးရှူးမီးပန်းများ လင်းထိန်နေ၏။
အမှန်စင်စစ် နုရှောင့်မြို့သည် နှစ်သစ်ကူးပွဲကို သိပ်ပြီး အလေးမထားခဲ့ဖူးချေ။ မီးရှူးမီးပန်း ဖောက်ခြင်း ဆိုသည်မှာ ဝေလာဝေးပင်။
သို့သော်ငြား ကောင်းကင်ယံရှိ အချိန်ရေတွက်မှုကြီးမှာ အလွန် ထင်ရှား လွန်းသဖြင့် လူအများမှာ နှစ်သစ်ကူးကို အာရုံမစိုက်ဘဲ မနေနိုင်ကြတော့ချေ။
ကလေးများ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ရှမ့်လန်၏ စိတ်အာရုံမှာ အတွေးထဲ မျောပါ သွားရပြန်သည်။ နှစ်ရက်သာ ကျန်တော့သည်။ အချိန်ကျရောက်ပါက မီးတောက်မြို့တော်သည် နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းကို ဖျက်ဆီးရန် နဂါးနောင်တ အများအပြားကို အသုံးပြုပေလိမ့်မည်။
နင်ယွမ်ရှန်းနှင့် ကလေး ရာပေါင်းများစွာကို ရွှေ့ပြောင်းပေးသင့်သလား။ ရွှေ့ပြောင်းမည် ဆိုလျှင်ရော မည်သည့် နေရာသို့ သွားမည်နည်း။ နုရှောင့်မြို့သည် အလုံခြုံဆုံး နေရာ ဖြစ်နေပြီ မဟုတ်ပါလား။
ရှမ့်လန် မျက်လုံးများကို မှိတ်လိုက်ပြီး တိုက်ပွဲကို တဖန် ပုံဖော် ကြည့်လိုက်သည်။
‘ငါ ရှမ့်လန်က ကောင်းကင်ယံက ကျလာမဲ့ နဂါးနောင်တ အားလုံးကို တပြိုင်နက်တည်း ကြားဖြတ် ဟန့်တားနိုင်ပါ့မလား။
တစ်ခုမှ လွတ်ကျပြီး မပေါက်ကွဲစေရဘူး။ မဟုတ်ရင် နုရှောင့်မြို့နဲ့ တော်ဝင်ချန် အင်ပါယာအတွက် ကပ်ဘေးကြီး ဖြစ်သွားလိမ့်မယ်။ ငါ လုပ်နိုင်တယ်။ ငါ သေချာပေါက် လုပ်နိုင်တယ်။’
......