← Chapters

အခန်း (၁၁၉၉-၁၂၀၀)

Vol. 69 Ch. 1199-1200

အခန်း (၁၁၉၉-၁၂၀၀)

Vol. 69 Ch. 1199-1200

အပိုင်း (၁၁၉၉)

ပထမလ၏ ပထမရက်၊ ပထမလ၏ ဒုတိယရက်…

နုရှောင့်မြို့ ကောင်းကင်ယံထက်ရှိ ရေတွက်မှုသည် တစ်ဂဏန်းသို့ ရောက်ရှိလာခဲ့သည်။

မီးတောက်မြို့တော်မှ နုရှောင့်မြို့ကို ဖျက်ဆီးရန် တစ်ရက်သာ လိုတော့သည်။ သို့သော်ငြား လောကကြီးက နားမလည်နိုင် ဖြစ်နေ၏။ နုရှောင့်မြို့မှ လူများပင် နားမလည်နိုင် ဖြစ်နေကြသည်။

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ရှမ့်လန်သည် အဓိက တပ်ဖွဲ့များကို နုရှောင့်မြို့သို့ ပြန်လည် ရွှေ့ပြောင်းမည့် အရိပ်အယောင် လုံးဝ မပြခဲ့ချေ။ ငါးသောင်းသော တော်ဝင်ချန် စစ်သည်အသစ်များသည် ချန်မြို့တော်တွင် ရှိနေဆဲ ဖြစ်သည်။ ရှမ့်လန်ကို သစ္စာဆိုထားသော သုံးသောင်းသော ငရဲစစ်သည်များပင်လျှင် ချန်မြို့တော်တွင် ရှိနေကြ၏။

စုစုပေါင်း စေတီတောင် အထူးစစ်သည်တော် နှစ်ထောင်သာ ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးပြီးနောက် တစ်ထောင်က ချန်မြို့တော်သို့ ဝင်ရောက်သွားပြီး ကျန်တစ်ထောင်က နုရှောင့်မြို့သို့ ဝင်ရောက်လာကြသည်။ ဆိုလိုသည်မှာ နုရှောင့်မြို့၌ လက်နက်ချခါစ အထူးစစ်သည်တော် တစ်ထောင်သာ ရှိနေခြင်း ဖြစ်သည်။ ကျန်ရှိသော အဓိက တပ်ဖွဲ့များသည် ဤနေရာ၌ မရှိကြပေ။

သူတို့ တကယ် နားမလည်နိုင်ကြချေ။ အရှင် ရှမ့်လန်၏ လုပ်ရပ်များမှာ ခန့်မှန်းရ လွန်စွာ ခက်ခဲလွန်းလှသည်။

‘ဒါက တော်ဝင်ရန် အင်ပါယာနဲ့ တော်ဝင်ချန် အင်ပါယာကြားက ပထမဆုံး တိုက်ပွဲလေ။ မီးတောက် မြို့တော်က နုရှောင့်မြို့ကို မြေလှန်ပစ်တော့မှာ။ ခင်ဗျားရဲ့ တပ်တွေ၊ လက်နက်တွေ အကုန်လုံးကို နုရှောင့်မြို့မှာ စုစည်းပြီး အင်ပါယာတစ်ခုလုံး ပျက်စီးသွားနိုင်တဲ့ စစ်ပွဲအတွက် ပြင်ဆင်ထားသင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ခင်ဗျားဆီမှာ တပ်တောင် မရှိဘူး။ အခြေစိုက်စခန်းကို စွန့်လွှတ်လိုက်ပြီလား။’

......

တော်ဝင်ရန် မြို့တော်၏ မြောက်ဘက် .....

“ဂျိန်း... ဂျိန်း... ဂျိန်း...”

မြေကြီးပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ပေါ်လာပြီး တံခါးကြီး ပွင့်သွားသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

အသံလှိုင်း ပျံသန်းသားရဲကြီးများသည် တစ်ကောင်ပြီးတစ်ကောင်သည် လွန်စွာ မြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်သို့ ပျံတက်သွားကြသည်။ ဤအက်ကွဲကြောင်းကြီးသည် ကျင်းကန်တောင် အနီးရှိ ရှေးဟောင်း လေတပ်စခန်း နှင့် အလွန် တူညီလှသည်။ ကြီးမားသော အက်ကွဲကြောင်း၏ အောက်တွင် အဆုံးမရှိသော ချောက်ကြီး ရှိနေ၏။ ချောက်ကမ်းပါး နှစ်ဖက်ရှိ ဂူများသည် အသံလှိုင်း ပျံသန်းသားရဲကြီးများ၏ အသိုက်များ ဖြစ်ကြ၏။

ဤနေရာရှိ သားရဲကြီး တစ်ကောင်ချင်းစီသည် တချောင်ထက် ပိုမို ကြီးမားကြသည်။ ၎င်းတို့သည် မီတာ ငါးဆယ်နီးပါး ရှည်လျားပြီး တောင်ပံအကျယ်မှာလည်း မီတာ ငါးဆယ်ခန့် ရှိသည်။ သားရဲကြီးတိုင်း၏ ခေါင်းပေါ်တွင် ရှည်လျားသော ဦးချိုတစ်ခု ပါရှိသည်။ အမှန်စင်စစ် ၎င်းသည် ဦးချိုအစစ် မဟုတ်ဘဲ အိပ်မက်ဆိုး ကျောက်တုံး လက်ခံကိရိယာ ဖြစ်၏။ အင်တင်နာ တစ်မျိုးနှင့် တူသည်။ အထူးသားရဲစီး စစ်သည်များသည် ဤအရာကို အသုံးပြု၍ သားရဲကြီးများကို ထိန်းချုပ်ကြခြင်း ဖြစ်သည်။

ထို့အပြင် တော်ဝင်ရန် အင်ပါယာ၏ သားရဲကြီးတိုင်းတွင် အထူး သံချပ်ကာအကြေးခွံများ တပ်ဆင်ထားသည်။ ၎င်းတို့သည် ခန္ဓာကိုယ်မှ သဘာဝအလျောက် ပေါက်ဖွားလာခြင်း မဟုတ်ဘဲ တစ်ခုချင်းစီ မြှုပ်နှံ တပ်ဆင်ထားခြင်း ဖြစ်သည်။ ဤအကြေးခွံများသည် ရှေးဟောင်း ဒူးလေးများ၊ မြားများနှင့် မီးတိုက်ခိုက်မှု အများစုကို ခံနိုင်ရည် ရှိသည်။ ဓားနှင့် လှံများမှာမူ ၎င်းတို့ကို လုံးဝ ထိခိုက်စေနိုင်ခြင်း မရှိချေ။

“ဟူး... ဟူး... ဟူး... ဟူး...”

မရေမတွက်နိုင်သော သားရဲပျံကြီးများသည် အမြင့်ပေ ငါးထောင်သို့ ပျံတက်သွားပြီး စစ်ကြောင်း ပုံသဏ္ဍာန် စုစည်းလိုက်ကြသည်။ စုစုပေါင်း တစ်ထောင်တိတိ။ ဤအရေအတွက်သည် အလွန်တရာ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ရှမ့်လန်တွင် တချောင် တစ်ကောင်တည်း ရှိသော်လည်း စေတီတောင်၏ ဝေဟင်တပ်ဖွဲ့ တစ်ခုလုံးကို စကားမပြောနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ တိုက်ပွဲတိုင်းတွင် တချောင်သည် ရန်သူတစ်ရာကို တစ်ကောင်တည်း ရင်ဆိုင်ခဲ့၏။

ယခု သားရဲကြီး တစ်ထောင်၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်သို့ ရှိမည်နည်း။ စဉ်းစား၍ပင် မရနိုင်ချေ။ ဤလောကရှိ ဝေဟင်တပ်ဖွဲ့ အားလုံးကို ဖျက်ဆီးပစ်နိုင်ရုံသာမက သိန်းချီသော မြေပြင် တပ်ဖွဲ့များကိုပါ ချေမှုန်းနိုင်စွမ်း ရှိပေလိမ့်မည်။

ထို့နောက် “ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

မြေပြင်၏ အခြားတစ်ဖက်တွင် မိုင်အနည်းငယ် ကျယ်ဝန်းသော ပိုမိုကြီးမားသည့် အက်ကွဲကြောင်းကြီး ပေါ်လာသည်။

“ဟူး... ဟူး...”

ဧရာမ သတ္တဝါကြီး လေးကောင် အတွင်းမှ ပျံထွက်လာကြသည်။ ၎င်းတို့သည်လည်း အသံလှိုင်း ပျံသန်းသားရဲကြီးများပင် ဖြစ်သော်လည်း ဗီဇပြောင်းလဲထားပုံ ရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် အထူးကြီးမားပြီး အခြား သားရဲကြီးများထက် အနည်းဆုံး နှစ်ဆခန့် ပိုကြီး၏။

ဤဗီဇပြောင်း သားရဲကြီး လေးကောင်သည် ကြီးမားသော အရာဝတ္ထုကြီး တစ်ခုကို သယ်ဆောင်လျက် ကောင်းကင်သို့ ပျံတက်သွားကြသည်။ နဂါးအရှိန်အဝါ ပစ်လွှတ်စင်ပင်။

ရှမ့်လန် တွေးထင်ထားသည့်အတိုင်း မှန်ကန်နေခဲ့သည်။ တော်ဝင်ရန် အင်ပါယာ၏ မိုင်ထောင်ချီ ဗျူဟာမြောက် တာဝေးပစ်ခတ်မှု ဆိုသည်မှာ မိုင်ထောင်ချီ အကွာအဝေးမှ တိုက်ရိုက် ပစ်ခတ်ခြင်း မဟုတ်ဘဲ အလွန်မြင့်မားသော ကောင်းကင်ယံမှ ပစ်ခတ်ခြင်း ဖြစ်သည်။

ထို့အပြင် ဤနဂါးအရှိန်အဝါ ပစ်လွှတ်စင်မှာလည်း ပြုပြင်မွမ်းမံထားသည်ကို တွေ့ရသည်။ ရှမ့်လန်၏ နဂါးအရှိန်အဝါနှင့် ယှဉ်လျှင် သေးငယ်ပြီး ထက်ဝက်ခန့်သာ ရှိသည်။ သို့သော်ငြား ပစ်လွှတ်စင်၏ အချင်းမှာ ပိုကြီးပြီး ပစ်ခတ်နိုင်သော နဂါးနောင်တ ပမာဏမှာလည်း ပိုများ၏။

ထို့အပြင် တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တ အရှိန်အဝါမှာလည်း ကွာခြားမှု ရှိသည်။ ပထမဦးစွာ ၎င်းတို့သည် ပိုကြီးပြီး ပိုအားကောင်းသော်လည်း ပို၍ ပေါ့ပါးသည်။

စေတီတောင်နှင့် ရှမ့်လန်၏ နဂါးနောင်တသည် တစ်ခုလျှင် ကီလိုလေးငါးသောင်းခန့် လေးသော်လည်း တော်ဝင်ရန် အင်ပါယာ၏ နဂါးနောင်တ အရှိန်အဝါမှာ ကီလိုနှစ်သောင်းခန့်သာ ရှိသည်။ သို့သော်ငြား သာမန် နဂါးနောင်တ အရှိန်အဝါထက် ၁.၅ ဆ ပို၍ အားကောင်း၏။

“ဟူး... ဟူး...”

ကောင်းကင်ယံတွင် ပထမဆုံး အထူးနဂါးအရှိန်အဝါပစ်လွှတ်စင်၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ... နောက်ဆုံးတွင် စုစုပေါင်း ၁၃ ခုသော အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို ကောင်းကင်သို့ သယ်ဆောင်သွားကြသည်။

လွန်ခဲ့သည့် တစ်ခေါက် စေတီတောင်ကို ဖျက်ဆီးစဉ်က မီးတောက်မြို့တော်သည် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ငါးခုသာ အသုံးပြုခဲ့ပြီး ငါးကြိမ် ပစ်ခတ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ နုရှောင့်မြို့ကို ဖျက်ဆီးရန် မီးတောက်မြို့တော်သည် ၁၃ ခုသော အထူးနဂါးအရှိန်အဝါပစ်လွှတ်စင်များနှင့် စုစုပေါင်း အထူးနဂါးနောင်တ ငါးဆယ်ကို အသုံးပြုတော့မည်။

တောင်ဘက်ပင်လယ်ရှိ အမှောင်ရဲတိုက်ကို ဖျက်ဆီးစဉ်က မီးတောက်မြို့တော်သည် သူတို့၏ အထူးနဂါးအရှိန်အဝါကို အသုံးမပြုခဲ့ချေ။ သို့သော်ငြား ယခုတစ်ကြိမ် နုရှောင့်မြို့ကို ဖျက်ဆီးရန်အတွက်မူ သူတို့သည် အသံလှိုင်း ပျံသန်းသားရဲကြီး တစ်ထောင်ကို အသုံးပြုခဲ့ပြီး တစ်ကောင်ချင်းစီတွင် စေတီတောင် ထက်ပင် ပိုမို အစွမ်းထက်သော အထူးစစ်သည်တော် တစ်ဦးစီ ပါဝင်၏။

မီးတောက်မြို့တော်၏ အမြင်တွင် ရှမ့်လန်၏ တော်ဝင်ချန် အင်ပါယာသည် စေတီတောင်ထက် အဆများစွာ သာလွန်သည်။ ထို့ကြောင့် နုရှောင့်မြို့တွင် ကာကွယ်ရေး အင်အား နည်းပါးနေသော်လည်း မီးတောက် မြို့တော်သည် စေတီတောင်ကို ဖျက်ဆီးစဉ်ကထက် ဆယ်ဆမျှသော အင်အားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အထူးနဂါးအရှိန်အဝါ အားလုံး စုစည်းပြီး ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် လာရောက် ပို့ဆောင်၏။

ရှမ့်လန် ခန့်မှန်းထားသည့်အတိုင်းပင် ဤအထူးတပ်တော်၏ စစ်သေနာပတိ များမှာ မင်းသမီး ကျိရွှမ်၊ မင်းသားသစ်လျန်နှင့် ဂိုဏ်းချုပ်ရန်၏ ဇနီးဖြစ်သူ မင်းသမီးကြီးကျိ တို့ ဖြစ်ကြသည်။

အိမ်ရှေ့စံ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မင်းသမီးကြီးကျိကို ဤတိုက်ပွဲတွင် မပါဝင်စေချင်ခဲ့ပေ။ သူ့အဒေါ်၏ နာကြည်းချက်များမှာ ပြင်းထန်လွန်းလှသည်။ စေတီတောင် သို့မဟုတ် တော်ဝင်ချန် အင်ပါယာ အပေါ်တွင် သာမက တော်ဝင်ရန် အင်ပါယာနှင့် ကျိမိသားစု အပေါ်တွင်ပါ နာကြည်းမှုများ ရှိနေ၏။

အိမ်ရှေ့စံသည် မင်းသမီးကျိရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်။ “တိုက်ပွဲကို အမြန် အဆုံးသတ်ပါ။ နုရှောင့်မြို့ထဲက ပစ်မှတ်အားလုံး ပျက်စီးသွားကြောင်း သေချာအောင် လုပ်ပါ။ မြေအောက် ဓာတ်ခွဲခန်း၊ လက်နက်တိုက်၊ သင်္ဘောကျင်း၊ ရဲတိုက်နဲ့ အရာအားလုံး ပါဝင်တယ်။”

မင်းသမီး ကျိရွှမ်က ပြန်ပြောလိုက်၏။ “နားလည်ပါပြီ၊ စေတီတောင်ကို ဖျက်ဆီးတုန်းကထက် ပိုပြီး စေ့စပ် သေချာစေရပါမယ်။ နုရှောင့်မြို့ထဲက အရာအားလုံးကို ဒီလောကကနေ ဖျောက်ဖျက်ပစ်ပါ့မယ်။”

အိမ်ရှေ့စံက အမိန့်ပေးလိုက်သည်။ “ဒါဆို သွားကြတော့။”

အိမ်ရှေ့စံ အမိန့်ပေးလိုက်ပြီ ဖြစ်၏။ မီးတောက်မြို့တော်၏ အထူးနဂါးအရှိန်အဝါ တပ်ဖွဲ့ကြီး တရားဝင် ထွက်ခွာခဲ့ပြီ ဖြစ်သည်။ ၁၃ ခုသော အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များသည် အမြင့်ပေ ၁၉,၀၀၀ တွင် ပုန်းအောင်းနေကြသည်။ လုံးဝ မြင်တွေ့ရခြင်း မရှိချေ။ လိုအပ်ပါက ၎င်းတို့သည် ပို၍ မြင့်မားစွာ ပျံသန်းနိုင်၏။

အသံလှိုင်း ပျံသန်းသားရဲကြီးများသည်လည်း အမြင့်ပေ ၁၃,၀၀၀ တွင် ရှိနေကြသည်။ ၎င်းတို့ကိုလည်း မြင်တွေ့ရခြင်း မရှိပေ။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မီးတောက်မြို့တော်၏ ဖျက်ဆီးရေး အင်အားစုကြီးသည် နုရှောင့်မြို့ရှိရာ တောင်ဘက်အရပ် ဆီသို့ ပျံသန်းသွားကြသည်။

......

ဤသည်မှာ ထူးဆန်းမှုအရှိဆုံး တိုက်ပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ တိုက်ပွဲ မည်သည့်အချိန် စတင်မည်ကို လူတိုင်း သိနေကြသော်လည်း နုရှောင့်မြို့ရှိ လူများနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသည်။ ယခင်က စေတီတောင် နုရှောင့်မြို့ကို တိုက်ခိုက်စဉ်က အနည်းဆုံးတော့ စစ်သည်တို့သည် မြို့ရိုးပေါ်သို့ တက်ရောက်ကာ တိုက်ပွဲ အခြေအနေကို စောင့်ကြည့်ပြီး ခုခံကာကွယ်ရန် ပြင်ဆင်ခဲ့ကြ၏။

ယခုတစ်ကြိမ်တွင်မူ တော်ဝင်ချန် စစ်သည်အသစ်များသည် မြို့ရိုးပေါ်သို့ပင် မတက်ကြချေ။ မည်သည့် လှုပ်ရှားမှုမှလည်း ပြုလုပ်ခြင်း မရှိပေ။

ရန်တန်ရှောင်သည် အထူးစစ်သည်တော် ၁,၀၀၀ ကို ဦးဆောင်၍ နုရှောင့်မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် ပထမဦးစွာ ရှမ့်လန်ထံမှ ကုသမှုကို ခံယူခဲ့ရသည်။ ဆေးဝါး ကုသမှုသာမက ခွဲစိတ်မှုပါ ခံယူခဲ့ရသည်။ သူသည် ရှေးဟောင်း နဂါးသေတ္တာထဲသို့ပင် ဝင်ရောက်ခဲ့ရသေးသည်။ သို့သော်ငြား သူ့တွင်လည်း လုပ်ဆောင်ချက် မရှိချေ။

ထူးဆန်းနေသည်။ သာမန်စစ်သည်များသည် မီးတောက်မြို့တော်၏ အထူးတပ်တော်ကို ယှဉ်နိုင်မည် မဟုတ်သော်လည်း စေတီတောင်၏ အထူးစစ်သည်တော်များကတော့ သေချာပေါက် အသုံးဝင်ပေလိမ့်မည်။

‘ဘာလို့ ကျုပ်တို့ကို မလွှတ်တာလဲ။ ဒီလိုဆို အင်ပါယာ ရှမ့်လန်... ခင်ဗျားက မီးတောက်မြို့တော်နဲ့ တိုက်ပွဲကို တစ်ယောက်တည်း တိုက်မှာလား။’

ကောင်းကင်ယံရှိ ရေတွက်မှုသည် တစ်ဂဏန်းတွင် ရှိနေဆဲဖြစ်၏။ သို့သော်ငြား လူတိုင်း၏ စိတ်ထဲတွင် အခြားသော ရေတွက်မှုတစ်ခု ရှိနေသည်။

မီးတောက်မြို့တော်မှ နုရှောင့်မြို့ကို ဖျက်ဆီးရန် သုံးနာရီသာ လိုတော့သောကြောင့်ပင်။

နှစ်နာရီ… တစ်နာရီ...

ဤအချိန်တွင် နုရှောင့်မြို့ရှိ လူတိုင်းနီးပါး အလုပ်ရပ်နားလိုက်ကြသည်။ သူတို့ အပြင်သို့ ထွက်လာပြီး နောက်ဆုံးဂဏန်း ပြောင်းလဲသွားမည့် အချိန်ကို စောင့်မျှော်ရင်း ကောင်းကင်ကို မော့ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ထို ‘တစ်’ ဂဏန်းသည် ‘သုည’ သို့ ပြောင်းသွားသည်နှင့် မီးတောက်မြို့တော်သည် အထူးနဂါးနောင်တကို အသုံးပြု၍ မြေပြင်ကို ဆေးကြောသန့်စင်ကာ နုရှောင့်မြို့ကို လောကမြေပေါ်မှ ဖျောက်ဖျက်ပစ်တော့မည် ဖြစ်သောကြောင့်ပင်။

ပထမလ၏ ဒုတိယရက်၊ ည ၁၁ နာရီ… ဖျက်ဆီးခံရရန် တစ်နာရီသာ လိုတော့သည်။ ဟုတ်ပေ၏။ မီးတောက်မြို့တော်၏ အထူးနဂါးနောင်တသည် ညအချိန်တွင် ဆေးကြောသန့်စင်ပေလိမ့်မည်။

သို့သော်ငြား ဤအချိန်တွင် ခေါင်းလောင်းသံများ အားလုံး မြည်ဟီးလာခဲ့သည်။ ဤအသံက အမိန့်တစ်ခုဖြစ်သည်။

နုရှောင့်မြို့ရှိ လူတိုင်း မြေအောက် ကာကွယ်ရေးစခန်းများထဲသို့ ဝင်ရောက်ကြရန် ဖြစ်၏။ ရှမ့်လန်သည် လေထဲရှိ အထူးနဂါးနောင်တ အားလုံးကို ကြားဖြတ်ဟန့်တား နိုင်မည်ဟု ယုံကြည်မှု ရှိသော်လည်း မမျှော်လင့်သော ကိစ္စများအတွက် လူတိုင်း မြေအောက်တွင် ပုန်းအောင်းနေရပေမည်။

တကယ် မလိုလားကြသော်လည်း ခေါင်းလောင်းသံ ကြားရသူတိုင်းသည် အသိစိတ် ရှိရှိဖြင့် မြေအောက် ဗုံးခိုကျင်းများထဲသို့ ဝင်ရောက်သွားကြ၏။

ထို့နောက် ရှမ့်လန်သည် နဂါးဓားကို ကျောတွင် လွယ်လျက် တချောင်ကို စီးကာ ကောင်းကင်သို့ ပျံတက် သွားခဲ့သည်။ သူ၏ မျက်လုံးများကို မှိတ်လိုက်ရာ အကန့်အသတ်မဲ့သော ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားပြီး ကောင်းကင်တစ်ခုလုံးကို စောင့်ကြည့်လိုက်သည်။

တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်ကို ရရှိပြီးနောက်ပိုင်းတွင် သူသည် ဝိညာဉ်စွမ်းအင် အသုံးပြုပုံကို အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ကျယ်ပြောသော ကောင်းကင်ယံတွင် သူ့ဝိညာဉ် စွမ်းအင်သည် မီတာသောင်းချီ ကျယ်ဝန်းသော ဧရိယာကို လွယ်ကူစွာ စောင့်ကြည့်နိုင်၏။

အကယ်၍ နဂါးနောင်တ သို့မဟုတ် ရန်သူ့ဝေဟင် တပ်ဖွဲ့များ ဝင်ရောက်လာပါက သူ ချက်ချင်း အာရုံခံစား မိနိုင်ပေလိမ့်မည်။

သူ နာရီကို ကြည့်လိုက်သည်။ ည ၁၁ နာရီ ၅၉ မိနစ်။

နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရန် တစ်မိနစ်အောက်သာ လိုတော့သည်။

တကယ်ကို ဆန်းကျယ်လှသည်။ ‘တစ်’ ဂဏန်းသည် ‘သုည’ သို့ ပြောင်းသွားသည်နှင့် မီးတောက်မြို့တော်၏ တိုက်ခိုက်မှု စတင်ပေတော့မည်။

သူ၏ ခန့်မှန်းချက် မမှားပါက မီးတောက်မြို့တော်၏ အထူးတပ်တော်သည် နုရှောင့်မြို့နှင့် မိုင် ၁၅၀ အောက် အကွာအဝေးသို့ ရောက်ရှိနေသင့်ပြီ ဖြစ်သည်။ သို့သော်ငြား သူတို့သည် ကောင်းကင်ပေါ်တွင် ရှိနေပြီး ညအချိန် ဖြစ်သောကြောင့် လုံးဝ မြင်တွေ့နိုင်မည် မဟုတ်ချေ။

နုရှောင့်မြို့ ကောင်းကင်ထက်ရှိ “တစ်” ဟူသော စာလုံးသည် သွေးရောင်အလင်းတန်းများဖြင့် တောက်ပနေဆဲဖြစ်သည်။

“ဆယ်စက္ကန့်... ကိုးစက္ကန့်၊ ရှစ်စက္ကန့်၊ ခုနစ်စက္ကန့်...” ရေတွက်မှု ပြီးဆုံးသွားပြီး ကောင်းကင်ပေါ်ရှိ “တစ်” ဂဏန်းသည် သုညသို့ ပြောင်းလဲသွား၏။

မီးတောက်မြို့တော်၏ ဖျက်ဆီးမှုကြီး တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

......

ကျိရွှမ် နာရီကို ကြည့်လိုက်၏။ “အချိန်ကျပြီ။”

မင်းသားသစ်လျန်လည်း နာရီကို ကြည့်လိုက်သည်။ “အချိန်ကျပြီ။”

“အထူးနဂါးနောင်တ... နုရှောင့်မြို့ တိုက်ခိုက်မှု တရားဝင် စတင်ပါပြီ။”

မင်းသမီး ကျိရွှမ်သည် ရှေးဟောင်း လက်စွပ်သင်္ကေတပေါ်တွင် လက်ကိုတင်ကာ ဖြည်းညင်းစွာ လှည့်လိုက်သည်။ “ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...”

ဝေဟင်အမြင့်ပေ တစ်သောင်းကိုးထောင်တွင် အထူးနဂါးအရှိန်အဝါ၏ အိပ်မက်ဆိုးကျောက်တုံး ၁၃ ခုလုံး တုံ့ပြန်မှု ပေးလာပြီး လင်းလက်တောက်ပလာကြ၏။

အပိုင်း (၁၂၀၀)

“ပစ်...”

မင်းသမီး ကျိရွှမ်၏ စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာပြီး သူမ၏ လက်ချောင်းပေါ်ရှိ ရှေးဟောင်း လက်စွပ် သင်္ကေတကို ရုတ်တရက် ဖိချလိုက်သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”

၁၃ ခုသော အထူးနဂါးနောင်တများသည် အမြင့်ပေ တစ်သောင်းကိုးထောင်မှ ပစ်လွှတ်လိုက်ကြ၏။

ယခုအချိန်၌ နုရှောင့်မြို့နှင့် မိုင် ၁၅၀ အကွာတွင် ၁၃ ခုသော အထူးနဂါးနောင်တများသည် အပြာရောင် မီးတောက်များ ထုတ်လွှတ်ကာ ကောင်းကင်ယံတွင် အရှိန်မြှင့်တင်လိုက်ကြရာ အသံထက် ဆယ်ဆမြန်သော အရှိန်၊ တစ်စက္ကန့်လျှင် မီတာ သုံးထောင်နှုန်းသို့ ရောက်ရှိသွားကြသည်။

၁၃ ခုသော အထူးနဂါးနောင်တများသည် ကြယ်ကြွေမိုး ရွာသွန်းသကဲ့သို့ ကောင်းကင်ယံတွင် လှပသော မျဉ်းကွေးတစ်ခုကို ရေးဆွဲလိုက်ကြသည်။ ကန့်လန့်ကာကဲ့သို့ မဲမှောင်နေသော ကောင်းကင်ယံတွင် ၎င်းသည် အထူးတလည် ထင်ရှားနေပြီး ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေ၏။

မိုင် ၁၅၀၊ မီတာ တစ်သိန်းခွဲ၊ အထူးနဂါးနောင်တ အတွက်မူ စက္ကန့် ငါးဆယ်သာ ကြာမြင့်ပေမည်။ ထို ၁၃ ခုသော အထူးနဂါးနောင်တများသည် နုရှောင့်မြို့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။ အထူးနဂါးနောင်တ တစ်ခုချင်းစီတွင် ပေါက်ကွဲမှု အချင်းဝက် မီတာ သုံးထောင့်ငါးရာကျော်၊ မီတာ လေးထောင် အထိပင် ရှိသည်။

ကောင်းကင်ပေါ်တွင် မင်းသမီး ကျိရွှမ်နှင့် မင်းသားသစ်လျန် ရှိနေ၏။ မင်းသမီးကြီးကျိသည် ကြယ်တံခွန်များ ကဲ့သို့ သွားနေသော ၁၃ ခုသော အထူးနဂါးနောင်တများကို ကြည့်နေ၏။

‘နုရှောင့်မြို့... ဒီထူးဆန်းတဲ့မြို့ကြီး နောက်ဆုံးတော့ ပျက်စီးရတော့မယ်။ ဒီမြို့က လောကပေါ်မှာ မရှိသင့်ဘူး။ စေတီတောင်ထက်တောင် ပိုပြီး ဖျောက်ဖျက်ပစ်သင့်တဲ့ နေရာပဲ။’

မင်းသမီးကြီးကျိ တုန်လှုပ်သွားသည်။ စေတီတောင် ပျက်စီးစဉ်က သူမသည် ထိန်းချုပ်ခန်းထဲမှနေ၍ အာရုံ ခံစားနိုင်ခဲ့သော်လည်း မျက်စိဖြင့် မမြင်တွေ့ခဲ့ရချေ။ ယခုတစ်ကြိမ်တွင်မူ ငရဲကြာပန်းများ ပွင့်လန်း လာသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ရတော့မည်။

မင်းသမီးကြီးက မေးလိုက်သည်။ “ဒီနေရာကနေ နုရှောင့်မြို့ ပျက်စီးတာကို မြင်နိုင်မလား။”

ကျိရွှမ်က ဖြေ၏။ “မိုင် ၁၅၀ အကွာကနေ မီးတောက်တွေကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ငရဲကြာပန်း ပွင့်လန်းလာတဲ့ အခိုက်အတန့်မှာပဲ နုရှောင့်မြို့ ပျောက်ကွယ်သွားပါလိမ့်မယ်။”

ထို့နောက် သူတို့သုံးဦးသည် အသက်အောင့်လျက် ပေါက်ကွဲမည့် အခိုက်အတန့်ကို စောင့်မျှော်နေကြသည်။

......

ယခုအချိန်၌ ရှမ့်လန်သည် နုရှောင့်မြို့ အထက် ကီလိုမီတာ ၂၀ အကွာ ကောင်းကင်ယံတွင် ရှိနေ၏။

‘ရောက်လာခဲ့ပြီ၊ ရောက်လာခဲ့ပြီ။’

သူ မျက်လုံးများကို ဖွင့်လိုက်ရာ မီတာ သုံးသောင်းအကွာ ကောင်းကင်ယံတွင် ပျံသန်းလာသော ကြယ်တံခွန် ၁၃ ခုကို မြင်လိုက်ရသည်။ ဤမြင်ကွင်းမှာ လွန်စွာ လှပသောကြောင့် ကြည့်၍ မဝနိုင်အောင်ပင်။

‘နောက်ဆုံးတော့ ဒီအချိန်ကို ရောက်လာခဲ့ပြီ။ ခင်ဗျားတို့ မီးတောက်မြို့တော်က ကျုပ်ရဲ့ တပ်တော်ကို နဂါးနောင်တ အတုတွေနဲ့ ပစ်ခတ်တုန်းက ကျုပ် မတားဆီးခဲ့ဘူး။ စေတီတောင်ကို အထူးနဂါးနောင်တ နဲ့ ပစ်ခတ်တုန်းကလည်း ကျုပ် မတားဆီးခဲ့ဘူး။ အရာအားလုံးက ဒီအခိုက်အတန့် စွမ်းဆောင်ရည်ပြဖို့ အတွက်ပဲ။ အခုတော့ စစ်မှန်တဲ့ အံ့ဖွယ်ရာကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မယ်။’

ရှမ့်လန် အမိန့်ပေးလိုက်သည်။ “တချောင်... ပျံတက်စမ်း။ ပျံတက်စမ်း။”

ထို့နောက် တချောင်သည် ၁၃ ခုသော အထူးနဂါးနောင်တများကို ကြိုဆိုရန် အပေါ်သို့ ပျံတက်သွားသည်။ ရှမ့်လန်နှင့် ၁၃ ခုသော အထူးနဂါးနောင်တများကြား အကွာအဝေးသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။

မီတာ သုံးသောင်း၊ မီတာ နှစ်သောင်း၊ မီတာ တစ်သောင်း၊ မီတာ သုံးထောင်၊ မီတာ တစ်ထောင်...

“အချိန်ကျပြီ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်... ခင်ဗျားရဲ့ ဝိညာဉ်ကို သက်သေပြဖို့ အချိန်ရောက်ပြီ။ ရှမ့်လန်... မင်းရဲ့ ဝိညာဉ်ကို သက်သေပြဖို့ အချိန်ရောက်ပြီ။”

ရုတ်တရက် အကန့်အသတ်မဲ့သော ဝိညာဉ်စွမ်းအင်များသည် ရှမ့်လန်၏ စိတ်အာရုံထဲမှ ပေါက်ကွဲ ထွက်ပေါ်လာပြီး နဂါးနှလုံးသား၏ ချဲ့ထွင်ပေးမှုမှတဆင့် နဂါးဓားထဲသို့ ဝင်ရောက်ကာ ထပ်မံ ချဲ့ထွင်လိုက် သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

အသံမဲ့ ဝိညာဉ်ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ ရုတ်ချည်းပဲ မီတာ တစ်သောင်း အချင်းဝက်ရှိသော နေရာ တစ်ခုလုံးကို အထူး ဝိညာဉ်စွမ်းအင် တစ်မျိုးက လွှမ်းခြုံသွား၏။

“ရပ်တန့်စမ်း။”

တော်ဝင်ရန်မှ ပျံသန်းလာသော ၁၃ ခုသော အထူးနဂါးနောင်တများကို ရှမ့်လန်က လေထဲတွင် ထိန်းချုပ် ရပ်တန့်လိုက်သည်။ ဤသည်မှာ စစ်မှန်သော အံ့ဖွယ်ရာ တစ်ခုပင်။

......

အမှန်စင်စစ် ရပ်တန့်သည် ဆိုရာ၌ ရှမ့်လန်သည် ရှေးဟောင်းဘုရင် လက်စွပ်၊ နဂါးနှလုံးသား၊ နဂါးဓားနှင့် ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ၁၃ ခုသော အထူးနဂါးနောင်တများကို လေထဲတွင် ခဲသွားအောင် လုပ်လိုက်ခြင်း မဟုတ်ပေ။ သူ ထိုမျှလောက် မစွမ်းဆောင်နိုင်သေးချေ။ သူသည် X- men ထဲမှ Magneto မဟုတ်ပေ။

တိတိကျကျ ပြောရရင် သူက အထူးနဂါးနောင်တ ၁၃ ခုရဲ့ အမြီးပိုင်း မီးတောက်တွေကို ပိတ်ပစ်လိုက်တာ ဖြစ်ပြီး သူတို့၏ ရွေ့လျားနိုင်စွမ်းကို ဆုံးရှုံးသွားစေတာ ဖြစ်သည်။ ဤစက်ကိရိယာ အစုံအလင်ဖြင့် ရှမ့်လန်သည် အိပ်မက်ဆိုး ကျောက်တုံး တပ်ဆင်ထားသော လက်နက်မှန်သမျှကို ပိတ်ပစ်နိုင်စွမ်း ရှိသည်။ သို့သော်ငြား ရပ်တန့်စေခြင်းသည် ပိတ်ပစ်ခြင်းထက် ပိုမို အစွမ်းထက်သည်။

၁၃ ခုသော အထူးနဂါးနောင်တများသည် ရှမ့်လန်၏ ရပ်တန့်မှုကို ခံလိုက်ရပြီးနောက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။ ဤအချိန်တွင် နုရှောင့်မြို့၏ အထူးစစ်သည်တော်များ အသုံးဝင်လာပြီ ဖြစ်သည်။ သူတို့ အလျင်အမြန် ပြေးထွက်လာကြ၏။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

မြေဆွဲအား၏ အရှိန်ဖြင့် အထူးနဂါးနောင်တများသည် မြေကြီးပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲသံများဟု အထင်မလွဲပါနှင့်။ ၎င်းသည် ကြီးမားသော တွင်းနက်ကြီးများ ဖြစ်ပေါ်လာသော အသံသာ ဖြစ်သည်။ မီတာ သောင်းချီသော အမြင့်မှ ပြုတ်ကျလာခြင်းဖြစ်ရာ ထွက်ပေါ်လာသော အသံမှာ သေချာပေါက် တုန်လှုပ်ဖွယ် ကောင်းလှပေ၏။

သို့သော်ငြား ရှမ့်လန်သည် ၎င်းတို့အား ကြားဖြတ်ဟန့်တားရန် နေရာကောင်းကို ရွေးချယ်ခဲ့၏။ ထိုနေရာသည် လူနေအိမ်ခြေ လုံးဝ မရှိသလောက်နီးပါးဖြစ်သော ကျယ်ဝန်းသည့် လယ်ကွင်းပြင်ကြီး ဖြစ်သည်။ အများဆုံး ထိခိုက်ပျက်စီးမှုမှာ ပန်းပင်များနှင့် မြက်ခင်းများသာ ရှိပေသည်။

နုရှောင့်မြို့၏ အထူးစစ်သည်တော်များသည် အပြေးအလွှား ရောက်ရှိလာကြ၏။ သူတို့သည် နှစ်ယောက်တစ်ဖွဲ့ ၊ သုံးယောက်တစ်ဖွဲ့ စုပေါင်း၍ အထူးနဂါးနောင်တများကို သယ်ဆောင်သွားကြ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ ၁၃ ခုသော အထူးနဂါးနောင်တများသည် အစအနမကျန် ပျောက်ကွယ်သွားပြီး နုရှောင့်မြို့၏ လျှို့ဝှက် အခြေစိုက်စခန်းထဲသို့ ရောက်ရှိသွားကြသည်။

မီးတောက်မြို့တော်မှ အထူးနဂါးနောင်တများကို အသုံးပြုပုံမှာ မည်မျှ ထူးခြားသနည်း။

အလွန် ခမ်းနားကြီးကျယ်သည် ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။ စေတီတောင်တွင်လည်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ အထူးနဂါးနောင်တ အခုနှစ်ဆယ်ကျော်ကို အချိန်တိုအတွင်း ပစ်ခတ်ခဲ့ဖူးသည်။ ယခု နုရှောင့်မြို့ တွင်လည်း ထိုနည်းလည်းကောင်းပင်။

“ပစ်... ပစ်...ပစ်...”

မင်းသမီး ကျိရွှမ်သည် သူမ၏ လက်ထဲရှိ ရှေးဟောင်း အမိန့်ပေးလက်စွပ်ကို ထပ်ခါ တလဲလဲ လှည့်နေခဲ့၏။

၁၃ ခုသော အထူးနဂါးနောင်တများကို ဆက်တိုက် ပစ်ခတ်လိုက်သည်။ တိုတောင်းလှသော မိနစ်ပိုင်း အတွင်းမှာပင် အထူးနဂါးနောင်တ စုစုပေါင်း ၅၂ ခုကို ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် မဲမှောင်နေသော ညဉ့်ကောင်းကင်ယံတွင် အထူးနဂါးနောင်တများသည် လှိုင်းလုံးများသဖွယ် နုရှောင့်မြို့ ဆီသို့ တစ်သုတ်ပြီးတစ်သုတ် ပျံသန်းသွားကြသည်။ တွက်ချက်မှုများအရ ဤအထူးနဂါး နောင်တများသည် စတုရန်းကီလိုမီတာ နှစ်ထောင်အတွင်းရှိ အရာအားလုံးကို လုံးဝ သုတ်သင်ရှင်းလင်း ပစ်နိုင်စွမ်း ရှိ၏။

နုရှောင့်မြို့ရှိ အဆောက်အဦးများသာမက ဆိပ်ကမ်းရှိ သင်္ဘောများကိုပါမကျန် ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။ စစ်မှန်သော ကော်ဇောခင်း ဗုံးကြဲခြင်းပင်။ အကယ်၍ ၎င်းတို့သာ တကယ်ပေါက်ကွဲသွားခဲ့ပါက လောကအံ့ဖွယ် အဖြစ်ဆုံး မြင်ကွင်း ဖြစ်လာပေလိမ့်မည်။ လောကမြေ၏ ခေတ်သစ် စစ်ပွဲသမိုင်းတွင်ပင် ဤမျှ ခမ်းနားသော မြင်ကွင်းမျိုး ရှိလိမ့်မည် မဟုတ်ပေ။ စတုရန်းကီလိုမီတာ နှစ်ထောင် ကျယ်ဝန်းသော မြေပြင်တစ်ခုလုံး မီးပင်လယ် ဝါးမျိုခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားပေမည်။

သို့သော်ငြား နုရှောင့်မြို့နှင့် မီတာ နှစ်သောင်း၊ သုံးသောင်းခန့် အကွာတွင် ရှမ့်လန်သည် သူ၏ ဝိညာဉ် စွမ်းအင်များကို ထပ်ခါတလဲလဲ ထုတ်လွှတ်ကာ ကြားဖြတ်ဟန့်တားခဲ့သည်။

ယခင်က သူသည် သဘောတရားကို သိပ်ပြီး နားမလည်ဘဲ ကြားဖြတ်ဟန့်တားခဲ့ဖူးသည်။ ယခုမူ သူသည် အလုံးစုံ နားလည်သဘောပေါက်နေပြီ ဖြစ်၏။

ဤကဲ့သို့ ကြားဖြတ်ဟန့်တားခြင်းသည် နဂါးနှလုံးသား ကိရိယာအပေါ် မှီခိုနေရဆဲ ဖြစ်သော်လည်း ရှမ့်လန် အနေဖြင့် အတွင်းရှိ စွမ်းအင်များကို စုစည်းရန် သူ၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်ကို အသုံးပြုရပြီး နဂါးဓားမှ တဆင့် ထုတ်လွှတ်ကာ ချဲ့ထွင်ရခြင်း ဖြစ်သည်။

“ဘုန်း...”

ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားသည် လေထဲတွင် ကြီးမားသော ပိုက်ကွန်ကြီး တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး အထူးနဂါးနောင်တများတွင် တပ်ဆင်ထားသော အိပ်မက်ဆိုးကျောက်တုံး ကိရိယာများ အားလုံးကို ချက်ချင်း ပိတ်ချလိုက်သည်။

“ရွှီး... ရွှီး... ရွှီး...”

နဂါးနောင်တများသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြသည်။ ၎င်းတို့သည် တစ်ခုပြီးတစ်ခု ပြုတ်ကျလာကြရာ နုရှောင့်မြို့၏ လယ်ကွင်းပြင်တွင် တွင်းပေါက်များဖြင့် ပြည့်နှက်သွား၏။

မိနစ်အနည်းငယ် အတွင်းမှာပင် အထူးနဂါးနောင်တ အားလုံးသည် သခင်ကြီးလန်၏ လျှို့ဝှက် ဂိုဒေါင်ထဲသို့ ရောက်ရှိသွားကြသည်။

‘ကျုပ် တကယ် ချမ်းသာသွားပြီ။ သယ်ယူပို့ဆောင်ရေး တပ်မှူးတောင် ဒီလောက် လုပ်နိုင်မှာ မဟုတ်ဘူး။’

လူတစ်ယောက်နှင့် တစ်ယောက် နှိုင်းယှဉ်ရသည်မှာ တကယ်ကို ဒေါသထွက်စရာ ကောင်းလှသည်။ လွန်ခဲ့သည့် တစ်ခေါက်က နဂါးနောင်တ တစ်ခုတည်းကို ခိုးယူဖို့ ရှမ့်လန်သည် ရင်ဝူမင်၊ ရင်ကွမ်း၊ ဂိုဏ်းချုပ်ရန်တို့နှင့် နှစ်ဝက်ခန့် တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးတွင် နှစ်ခုသာ ခိုးယူနိုင်ခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ အထူးနဂါးနောင်တ ၅၂ ခု တပြိုင်နက်တည်း ရရှိခဲ့ပြီး ရုတ်တရက် သူဌေးကြီး ဖြစ်သွားခဲ့၏။

‘မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ ... ရှမ့်လန် မောက်မာလို့ မဖြစ်သေးဘူး။ ဒီလောက်များပြားတဲ့ အထူးနဂါး နောင်တတွေ ရှိနေမှတော့ ငါ ပစ်ချင်တဲ့နေရာကို ပစ်လို့ ရပြီ။’

......

နုရှောင့်မြို့၏ မြောက်ဘက် မိုင်သုံးရာအကွာတွင် မင်းသမီး ကျိရွှမ်၊ မင်းသားသစ်လျန်နှင့် ကျိမိသားစု၏ မင်းသမီးကြီးတို့သည် သေမင်းတမန် တိတ်ဆိတ်ခြင်း၌ နစ်မြုပ်နေကြသည်။

ဘာတွေ ဖြစ်ကုန်သနည်း။ တစ်မိနစ် ကုန်သွားသည်... ပေါက်ကွဲမှု မရှိ။

နှစ်မိနစ် ကုန်သွားသည်... ပေါက်ကွဲမှု မရှိ။

သုံးမိနစ် ကုန်သွားသည်... ပေါက်ကွဲမှု မရှိသေးချေ။

ရှမ့်လန်သည် မူလက ပေါက်ကွဲမှုကို အတုအယောင် ဖန်တီးရန် စီစဉ်ထားခဲ့သည်။ ဥပမာအားဖြင့် ရင်ဝူချယ် တိုက်ခိုက်လာစဉ်က နုရှောင့်မြို့တွင် ဖောက်ခွဲရေးပစ္စည်း အများအပြားကို ဖောက်ခွဲကာ အထူးနဂါးနောင်တ ပေါက်ကွဲသကဲ့သို့ ဟန်ဆောင်ခဲ့ဖူးသည်။ ထိုသို့ဖြင့် တိုက်ခိုက်မှု အောင်မြင်သည်ဟု တဖက်လူအား ထင်မှတ်သွား စေခဲ့၏။

သို့သော်ငြား ယခုတစ်ကြိမ်တွင်မူ ရှမ့်လန် အနေဖြင့် အတုအယောင် ဖန်တီး၍ မရနိုင်တော့ချေ။ အထူးနဂါး နောင်တ ၅၂ ခု၏ ပေါက်ကွဲမှုသည် သေချာပေါက် လောကမြေကို တုန်လှုပ်စေပေလိမ့်မည်။ ပေါက်ကွဲမှု ဧရိယာသည် စတုရန်းကီလိုမီတာ နှစ်ထောင်ကျော်ရှိပြီး မိုင်ပေါင်း ရာချီ ရှည်လျားပေမည်။ ၎င်းသည် အထူး ငလျင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေမည်ဖြစ်ရာ မိုင်သုံးရာ အကွာမှပင် ရှင်းလင်းစွာ မြင်တွေ့ရပေလိမ့်မည်။

ကျိမိသားစု မင်းသမီးကြီးက မေးလိုက်သည်။ “ဘာလို့ မပေါက်ကွဲတာလဲ။”

မည်သူမှ ပြန်မဖြေကြပေ။

မင်းသမီးကြီးက ဒေါသတကြီး ထပ်မေးလိုက်၏။ “ဘာလို့ မပေါက်ကွဲတာလဲလို့။”

အချိန်အတော်ကြာမှ မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ရှမ့်လန်က လေထဲမှာတင် ကြားဖြတ် ဟန့်တားနိုင်လို့ပါ။”

ထိုစကား ထွက်လာသည်နှင့် ဘေးနားရှိ လူများ အံ့သြမှင်သက်သွားကြသည်။

‘ဒီလောက်တောင် ကြမ်းတာလား။ အထူးနဂါးနောင်တကိုတောင် ကြားဖြတ်ဟန့်တားနိုင်တယ် ဟုတ်လား။’

“ရှေးဟောင်း ကြားဖြတ်ဟန့်တားရေး ကိရိယာတောင် ဒီလောက်များပြားတဲ့ အထူးနဂါးနောင်တတွေကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလေ။ ရှမ့်လန်က အထူးနဂါးနောင်တ ၅၂ ခုလုံးကို တစ်ယောက်တည်း ဟန့်တားလိုက်တယ် တဲ့လား။ ဒါ... ဒါ မဖြစ်နိုင်ဘူး။”

မင်းသားသစ်လျန်က ပြောလိုက်သည်။ “သူ့မှာသာ ဒီလိုစွမ်းရည်ရှိရင် အရင်တုန်းက ဘာလို့ မသုံးခဲ့တာလဲ။ သူ့စစ်တပ် ချန်မြို့တော်ကို စစ်ချီတုန်းက အထူးနဂါးနောင်တနဲ့ ပစ်ထည့်လိုက်မယ်လို့ ကျုပ် ခြိမ်းခြောက်ခဲ့ဖူးတယ်။ သူ့မှာ တားဆီးနိုင်တဲ့ စွမ်းရည် ရှိ၊ မရှိ စမ်းသပ်ချင်လို့ပါ။ နောက်ဆုံးတော့ သူ မတားဆီးခဲ့ပါဘူး။ နောက်ပိုင်း စေတီတောင်မှာလည်း သူ တားဆီးနိုင်ရက်နဲ့ မတားဆီးခဲ့ဘူး။”

မင်းသမီးကြီးက ပြောလိုက်၏။ “စေတီတောင်တုန်းကသာ အထူးနဂါးနောင်တကို သူ တားဆီးပေးခဲ့ရင် စေတီတောင် တစ်ခုလုံးကို ကယ်တင်နိုင်ပြီး လူတိုင်းရဲ့ သစ္စာခံမှုကို ရရှိမှာပေါ့၊ သူ ဘာလို့ မလုပ်ခဲ့တာလဲ။”

ကျိရွှမ်က ဖြေလိုက်သည်။ “ဘာကြောင့်လဲဆိုတော့ အဲဒီလူတွေရဲ့ အသက်ကို သူ ဂရုမစိုက်လို့ပဲ။ သူ့အပေါ် သစ္စာရှိတဲ့ လူတွေကိုပဲ သူ ဂရုစိုက်တာပါ။”

အချိန်အတော်ကြာပြီးနောက် မင်းသမီး ကျိရွှမ်က အမိန့်ပေးလိုက်သည်။ “သွား... မီးတောက်မြို့တော်ကို အမြန်ဆုံး ပြန်ပြီး အိမ်ရှေ့စံဆီ သတင်းပို့လိုက်၊ အဆိုးရွားဆုံး အခြေအနေ ဖြစ်သွားပြီ။ ငါတို့ရဲ့ အထူး နဂါးနောင်တတွေ အားလုံး ကြားဖြတ်ဟန့်တားခံလိုက်ရပြီလို့ ပြောလိုက်။”

ချက်ချင်းပဲ အထူးစစ်သည်တော် နှစ်ဦးသည် အသံလှိုင်း သားရဲကြီးများကို စီးနင်းလျက် မီးတောက်မြို့တော် ဆီသို့ ပျံသန်းသွားကြသည်။

ထို့နောက် တပ်မှုးတစ်ဦးက မေးလိုက်၏။ “အရှင်မင်းသမီး... မနက်ဖြန် နုရှောင့်မြို့ကို ဆက် တိုက်ခိုက်အုံးမှာလား။”

မင်းသမီး ကျိရွှမ်က ပြတ်သားစွာ ပြောလိုက်သည်။ “တိုက်ရမှာပေါ့။ ဒါပေမဲ့ ဒီအတိုင်းဆိုရင် တိုက်ပွဲအရှိန်ကို မြှင့်တင်ဖို့ လိုလိမ့်မယ်။ မဟုတ်ရင် ကြည့်လို့ကောင်းမှာ မဟုတ်ဘူး။ အရန်တပ်ဖွဲ့တွေကို စေလွှတ်လိုက်ပါ။”

မင်းသမီး ကျိရွှမ်၏ အမိန့်အတိုင်း မီးနတ်ဘုရား သင်္ကေတ အချက်ပြမီးများကို ကောင်းကင်သို့ ပစ်ဖောက် လိုက်ရာ တော်ဝင်ရန် အင်ပါယာ တစ်ခွင်လုံးသို့ သတင်းစကား ပျံ့နှံ့သွားသည်။

All Chapters