အခန်း (၁၂၀၁-၁၂၀၂)
Vol. 69 Ch. 1201-1202
အပိုင်း (၁၂၀၁)
နှစ်နာရီကျော် ကြာပြီးနောက်
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
နှင်းလင်းယုန်များသည် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်သို့ ရုတ်တရက် ပျံတက်လာကြသည်။
ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ သောင်းပေါင်း များစွာ… နောက်ဆုံးတွင် နှင်းလင်းယုန် တစ်သောင်းသည် ကောင်းကင်ယံ၌ စုဝေးပြီး နုရှောင့်မြို့ဆီသို့ ဦးတည် ပျံသန်းသွားကြ၏။
......
ပထမလ၏ တတိယရက်၊ မွန်းတည့်ချိန်
နုရှောင့်မြို့ရှိ လူတစ်ယောက်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
'ဟမ်... ဟို သုညဂဏန်းကြီးက ဘာလို့ ရှိနေသေးတာလဲ။ မီးတောက်မြို့တော်က အထူးနဂါးနောင်တနဲ့ မြေလှန်ပစ်မယ်ဆို။ ဖျက်ဆီးရေး တိုက်ခိုက်မှု လုပ်မယ်ဆို။ ကျုပ်တို့ နုရှောင့်မြို့က ဘာမှ မဖြစ်ပါလား၊ အိမ်တစ်လုံး တောင် မပျက်စီးဘူး။ မီးတောက်မြို့တော်က တကယ် လေကြီးမိုးကြီးပဲ။ ကောင်းကင်ပေါ်က သုည ဂဏန်းကြီးကို မြန်မြန် ဖျောက်လိုက်ပါတော့ကွာ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမနေပါနဲ့တော့။’
သို့သော်ငြား နုရှောင့်မြို့၏ မြောက်ဘက် မိုင်သုံးလေးရာ အကွာတွင် မကြုံစဖူး ထူးကဲသော မြင်ကွင်းကြီး ပေါ်လာခဲ့သည်။ အသံလှိုင်း သားရဲကြီး တစ်ထောင်နှင့် နှင်းလင်းယုန် တစ်သောင်းတို့သည် ကောင်းကင်ယံတွင် စစ်ကြောင်း ပုံသဏ္ဍာန် စုစည်းနေကြ၏။
ဤသည်မှာ မကြုံစဖူးသော မြင်ကွင်းပင်။ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည် ဆိုသည်မှာ ဤအရာကို ခေါ်ခြင်း ဖြစ်ပေမည်။ မိုင်ရာချီ ရှည်လျားသော မဲမှောင်နေသည့် ထုထည်ကြီး ဖြစ်သည်။ ၎င်းတို့ ပျံသန်းလာသည်မှာ ကောင်းကင်ယံတွင် ကြီးမားသော တိမ်မဲကြီး ရွေ့လျားလာသကဲ့သို့ပင်။
ဤသည်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လေကြောင်းတိုက်ခိုက်မှု ဖြစ်လာပေလိမ့်မည်။ မနေ့ညက အထူးနဂါးနောင်တ တိုက်ခိုက်မှု ကျရှုံးခဲ့သော်လည်း တော်ဝင်ရန်အင်ပါယာ အနေဖြင့် အရှက်ကွဲ ခံ၍မဖြစ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ပိုမို ခမ်းနားကြီးကျယ်သော တိုက်ခိုက်မှုကို စီစဉ်ခဲ့ရခြင်း ဖြစ်သည်။
မင်းသမီး ကျိရွှမ်က အမိန့်ပေးလိုက်၏။ “တာဝန်က ရှင်းရှင်းလင်းလင်းပါပဲ။ ရရှိထားတဲ့ ထောက်လှမ်းရေး သတင်းအရ နုရှောင့်မြို့မှာ အထူး ကောင်းကင်ခံတပ် ဆယ်ခု၊ လေသင်္ဘော ဒါဇင်ချီနဲ့ နှင်းလင်းယုန် တစ်ထောင် စုစုပေါင်း ရှိတယ်။ တစ်ခုချင်းစီတိုင်းက အထူးစစ်သည်တော် အင်အားစုတွေပါ။
ကျွန်မတို့ရဲ့ သားရဲကြီး တစ်ထောင်က နုရှောင့်မြို့ရဲ့ ဝေဟင်တပ်ဖွဲ့အားလုံးကို အချိန်တိုအတွင်း ချေမှုန်း ပစ်ရမယ်။ တစ်ယောက်မှ အရှင်မထားရဘူး။ ပြီးရင် နှင်းလင်းယုန် တစ်သောင်းက အိပ်မက်ဆိုးကျောက်တုံး ဗုံးတွေကို သယ်ဆောင်ပြီး နုရှောင့်မြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ရမယ်။
ဒါက တော်ဝင်ရန် အင်ပါယာ လေတပ် ဖွဲ့စည်းပြီးတည်းက အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုပဲ။ တန်ဖိုးအရှိဆုံး ပစ်မှတ်တွေကို ရွေးချယ် တိုက်ခိုက်ကြပါ။ နုရှောင့်မြို့ရဲ့ ဝေဟင်တပ်ဖွဲ့ အားလုံးကို ချေမှုန်း ပြီးရင် ကျန်တာက လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားပဲ။
နုရှောင့်မြို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးက အသိပ်သည်းဆုံးပဲ။ သူတို့ဆီမှာ မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်တွေ၊ ရှေးဟောင်း ဒူးလေးကြီးတွေ ရှိတယ်။ ဒါပေမဲ့ သားရဲကြီးတွေက လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အား အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ နှင်းလင်းယုန်တွေက ရဲရဲဝံ့ဝံ့ ထိုးဆင်းပြီး တိုက်ခိုက်နိုင်တယ်။ အခု နှင်းလင်းယုန် တစ်ရာက စစ်ပွဲမတိုင်ခင် စမ်းသပ်တိုက်ခိုက်မှု လုပ်မယ်။ ပစ်မှတ်က ဟိုကျွန်းငယ်လေးပဲ။”
“အမိန့်အတိုင်းပါ။” နှင်းလင်းယုန် တစ်ရာသည် ကျွန်းငယ်လေးဆီသို့ ပျံသန်းသွားပြီး ထိုးဆင်းကာ ဗုံးကြဲချလိုက်ကြသည်။
“ရွှီး... ရွှီး... ရွှီး... ရွှီး...” အိပ်မက်ဆိုးကျောက်တုံး ဗုံးတစ်ရာသည် မိုးစက် မိုးပေါက်များသဖွယ် ကျဆင်းလာ၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ခဏအကြာတွင် ကျွန်းတစ်ကျွန်းလုံး မီးပင်လယ် ဝါးမျိုသွားခဲ့သည်။ မီတာထောင်ချီ ကျယ်ဝန်းပြီး ကျောက်ဆောင်များ ထူထပ်သော ကျွန်းသည် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ရသည်။
ရှမ့်လန်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက အံ့သြသွားပေလိမ့်မည်။ သူ့တွင် ငရဲမီးဗုံးရှိပြီး ၎င်းသည် အလွန် အစွမ်းထက်လှသည်။ သို့သော်ငြား မီးတောက်မြို့တော်၏ အိပ်မက်ဆိုးကျောက်တုံးဗုံးမှာ ပို၍ပင် အစွမ်းထက်သေး၏။ ပေါက်ကွဲမှု သဘောတရားက မည်သို့ ကွာခြားနေသနည်း။
နှင်းလင်းယုန်များသည် ဝန် များများစားစား မသယ်နိုင်ချေ။ စီးနင်းသူ အပါအဝင် အများဆုံး ကီလို ခြောက်ရာထက် မပိုနိုင်ပေ။ သို့သော်ငြား ဤအိပ်မက်ဆိုးကျောက်တုံးဗုံးသည် ကီလို လေးငါးဆယ်ထက် မလေးဘဲ နှင်းလင်းယုန် တစ်ကောင်လျှင် ဆယ်လုံးခန့် သယ်ဆောင်နိုင်၏။
ရှမ့်လန်၏ ငရဲမီးဗုံးသည်ပင် ကီလိုလေးဆယ် ဗုံးလောက် အစွမ်းမထက်ပေ။ အများဆုံးမှ လက်ပစ်ဗုံး အခွံလောက်သာ ရှိသည်။ တော်ဝင်ရန်အင်ပါယာ၏ ကီလိုလေးဆယ် ဗုံးသည် နုရှောင့်မြို့၏ ကီလိုငါးဆယ် ငရဲမီး ဗုံးထက် ပို၍ အစွမ်းထက်သည်။
ဆိုလိုသည်မှာ နှင်းလင်းယုန် တပ်တော်ကြီးသည် အိပ်မက်ဆိုး ကျောက်တုံးဗုံး တစ်သိန်း ကြဲချတော့မည်လား။ သူတို့ ရူးသွားကြပြီလား။ ဤမြင်ကွင်းသည် အထူးနဂါးနောင်တ ၅၂ ခု ပေါက်ကွဲသည်ထက်ပင် ပို၍ ခမ်းနား ပေလိမ့်မည်။
တော်ဝင်ရန် အင်ပါယာသည် ကတိတည်ရန်အတွက် တကယ်ကို အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။ ရှမ့်လန်၏ ကြွားလုံးများကို အကောင်အထည် ဖော်ရသလို မီးတောက်မြို့တော်၏ ကြွားလုံးများကိုလည်း အကောင်အထည် ဖော်ရပေမည်။
တော်ဝင်ရန် အင်ပါယာသည် ပထမလ၏ တတိယရက်တွင် နုရှောင့်မြို့ကို လောကမြေပေါ်မှ ဖျောက်ဖျက်ပစ်မည် ဟု ကြေညာထားခဲ့သည်။ အကယ်၍ မလုပ်နိုင်ခဲ့ပါက အရှက်ကွဲရပေလိမ့်မည်။
“ထွက်ခွာမယ်။ နေမဝင်ခင် တိုက်ပွဲကို အဆုံးသတ်ရမယ်။” မင်းသမီး ကျိရွှမ်၏ အမိန့်ပေးမှုနှင့်အတူ မကြုံစဖူး ကြီးမားသော ဝေဟင်တပ်တော်ကြီးသည် တောင်ဘက်သို့ ပျံသန်းသွားကြသည်။ ၎င်းတို့ ပျံသန်းရာ လမ်းတစ်လျှောက် ကောင်းကင်ယံရှိ နေမင်းကြီးကိုပင် ဖုံးကွယ်သွားစေပြီး ကြီးမားသော အရိပ်မဲကြီး ကျရောက်စေခဲ့သည်။
နုရှောင့်မြို့နှင့် ကီလိုမီတာ နှစ်ရာငါးဆယ် အကွာ…
“အရှင်မင်းသမီး... နုရှောင့်မြို့ရဲ့ မီးပုံးပျံကို တွေ့ပါပြီ။”
“ဖျက်ဆီးပစ်လိုက်။”
မင်းသမီးကျိရွှမ်၏ အမိန့်နှင့်အတူ အသံလှိုင်း သားရဲကြီး တစ်ကောင်သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။ တစ်ခဏချင်းစီမှာပင် မီးပုံးပျံသည် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ရ၏။
“အရှင်မင်းသမီး... နုရှောင့်မြို့ရဲ့ လေသင်္ဘောကို တွေ့ပါပြီ။”
“ဖျက်ဆီးပစ်လိုက်။”
နောက်ထပ် သားရဲကြီး တစ်ကောင် ပြေးထွက်သွားပြီး အမြင့်ပေ တစ်သောင်းခြောက်ထောင်ရှိ နုရှောင့်မြို့၏ လေသင်္ဘော ကို လွယ်ကူစွာ ဖျက်ဆီးပစ်လိုက်သည်။ တော်ဝင်ရန် အင်ပါယာ၏ အသံလှိုင်း သားရဲကြီးများသည် ပိုမို ရင့်ကျက်လာပြီး စွမ်းအားမြှင့်တင်ထားပုံရသည်။ ၎င်းတို့၏ အသံလှိုင်း တိုက်ခိုက်မှုများသည် ပိုမို ဝေးကွာသော အကွာအဝေးကို ရောက်ရှိနိုင်သည်။
အထိရောက်ဆုံး တိုက်ခိုက်မှု အကွာအဝေးမှာ မီတာ ခုနစ်ရာခန့် ဖြစ်သော်လည်း အကန့်အသတ်မှာ မီတာ တစ်ထောင်ကျော်အထိ ရောက်ရှိနိုင်သည်။ ဤတိုက်ခိုက်မှု အကွာအဝေးသည် တကယ်ကို ကောင်းကင်ဘုံကို အာခံခြင်းပင်။ ဆိုလိုသည်မှာ နုရှောင့်မြို့၏ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အား အားလုံးသည် အရာ မရောက်တော့ပေ။
နဂါးအရှိန်အဝါ အသေးစား၏ ပစ်ခတ်မှု အကွာအဝေးသည်ပင် မီတာ တစ်ထောင်ကျော် ရှိသည်။ သို့သော်ငြား နဂါးအရှိန်အဝါ အသေးစား တစ်ရာကျော်ကို တပြိုင်နက် ပစ်ခတ်လျှင်ပင် စုစည်းတိုက်ခိုက်မှုပုံစံ ဖြစ်ပေါ် လာနိုင်မည် မဟုတ်ချေ။ အသံလှိုင်း သားရဲကြီးများသည် လှုပ်ရှားမှု အလွန်လျင်မြန်ကြသည်။ ထိုကဲ့သို့ ကျဲပါးသော ပစ်ခတ်မှုများကို လွယ်ကူစွာ ရှောင်တိမ်းနိုင်ပေသည်။
လက်ရှိတွင် နုရှောင့်မြို့၏ အထိရောက်ဆုံး လေကြောင်းရန် ကာကွယ်ရေး လက်နက်မှာ အိပ်မက်ဆိုး ကျောက်တုံး စက်သေနတ် ဖြစ်သည်။ ၎င်းသည် ကောင်းကင်ယံသို့ လေကြောင်းရန် ကာကွယ်ရေး ကျည်ဆန်များကို မုန်တိုင်းသဖွယ် ပစ်ခတ်နိုင်ပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်၏။
သို့သော်ငြား မြေဆွဲအားကြောင့် အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်၏ ထိရောက်သော အကွာအဝေးသည် မီတာ တစ်ထောင်ကျော်ရန် ခက်ခဲလှသည်။ ဆိုလိုသည်မှာ အသံလှိုင်း သားရဲကြီးများကို မထိမှန်မီ ၎င်းတို့က ဦးစွာ ဖျက်ဆီးပစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သားရဲကြီးများ၏ အသံလှိုင်း လှိုင်းများသည် ဧရိယာလိုက် တိုက်ခိုက်ခြင်း ဖြစ်ပြီး တစ်နေရာတည်းကို တိုက်ခိုက်ခြင်း မဟုတ်သောကြောင့်ပင်။
......
ထိုကဲ့သို့ပင် တော်ဝင်ရန် အင်ပါယာ၏ မကြုံစဖူး ကြီးမားသော ဝေဟင်တပ်တော်ကြီးသည် မည်သည့် ခုခံမှုမှ မရှိဘဲ တောင်ဘက်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။ လမ်းတစ်လျှောက်ရှိ လေသင်္ဘောများနှင့် မီးပုံးပျံ အားလုံး လွယ်ကူစွာ ဖျက်ဆီးခံလိုက်ရသည်။
ထိုစဉ် တပ်မှုးတစ်ဦးက ရုတ်တရက် ပြောလိုက်၏။ “အရှင်မင်းသမီး... ရှမ့်လန်က မနေ့ညက ကျုပ်တို့ရဲ့ အထူး နဂါးနောင်တ တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်။ တကယ်လို့ သူက အဲဒီ အထူးနဂါးနောင်တ တွေကို သုံးပြီး ကျုပ်တို့ကို ပြန်တိုက်ရင် ဘယ်လိုလုပ်မလဲ။”
မင်းသမီး ကျိရွှမ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “အဲဒါ ဖြစ်လာမှာ မဟုတ်ဘူး။”
တပ်မှုးကက ဆက်ပြော၏။ “အရှင်မင်းသမီး... ကျုပ်တို့ရဲ့ ဝေဟင်တပ်ဖွဲ့က လေ့ကျိုးကျွန်း ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်တော့မှာပါ။ လေ့ကျိုးကျွန်းက စတုရန်းကီလိုမီတာ ငါးထောင် ကျယ်တယ်။ အဲဒီအထဲမှာ နုရှောင့်မြို့ ဧရိယာက ၁၃၀၀ စတုရန်းကီလိုမီတာလောက် ရှိတယ်။ အားလုံးက ကျုပ်တို့ရဲ့ အဓိက တိုက်ခိုက်ရမယ့် ဧရိယာတွေပဲ။”
အမှန်စင်စစ် နုရှောင့်မြို့ ဧရိယာသည် ထိုမျှ မကြီးမားပေ။ သို့သော်ငြား မရေမတွက်နိုင်သော အလုပ်ရုံများနှင့် တန်းလျားများ ပါဝင်သောကြောင့် ၁၃၀၀ စတုရန်းကီလိုမီတာကျော် ရှိနေခြင်း ဖြစ်သည်။ ဤအချိန်တွင် လေ့ကျိုးကျွန်းပေါ်ရှိ သာမန်ပြည်သူများ အားလုံးကို ရွှေ့ပြောင်းပြီး ဖြစ်သည်။ ကျွန်းတစ်ကျွန်းလုံးတွင် အလုပ်သမားများ သို့မဟုတ် စစ်သည်များသာ ရှိတော့သည်။
“ဝေဟင်တပ်ဖွဲ့... ပြန်လည် စုစည်းကြ။”
မင်းသမီး ကျိရွှမ်၏ အမိန့်အတိုင်း တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် တစ်သောင်း တပ်ဖွဲ့နှင့် အသံလှိုင်း သားရဲကြီး တစ်ထောင် တပ်ဖွဲ့တို့သည် လေထဲတွင် ပြန်လည် စုစည်းကာ တိုက်ပွဲပုံစံ နေရာယူလိုက်ကြ၏။
တပ်မှုးက သတင်းပို့လိုက်သည်။ “အရှင်မင်းသမီး... နုရှောင့်မြို့ဘက်မှာ ဘာဝေဟင်တပ်ဖွဲ့မှ မတွေ့ရပါဘူး။”
မင်းသမီးကျိရွှမ် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ ရှမ့်လန် လက်ထဲတွင် ဝေဟင်တပ်ဖွဲ့ တစ်ထောင် သာ ရှိသည်။ ၎င်းတို့သည် နုရှောင့်မြို့ ဝေဟင်ပိုင်နက်ကို စောင့်ကြပ်နေသော အဓိက အင်အားစုများ ဖြစ်၏။
‘ဘာကြောင့် မလှုပ်ရှားကြတာလဲ။ သူက မြေပြင်က လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားကိုပဲ အားကိုးတော့မှာလား။’
သူမ ကောင်းကင်ကို ကြည့်လိုက်သည်။ နေဝင်ရန် သုံးနာရီခွဲအောက်သာ လိုတော့သည်။
“သားရဲကြီးတွေ ... တိုက်ခိုက်ကြ။ နုရှောင့်မြို့ရဲ့ ဝေဟင်တပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အား အားလုံးကို ဖျက်ဆီးပစ်။”
ချက်ချင်းပဲ အသံလှိုင်း သားရဲကြီး တစ်ထောင်သည် အကန့်အသတ်အထိ အရှိန်မြှင့်တင်လိုက်ရာ တစ်နာရီလျှင် ကီလိုမီတာ ငါးရာကျော်အထိ ရောက်ရှိသွားသည်။ ဧရာမ တိုက်လေယာဉ်ကြီးများသဖွယ် လေထုကို ခွဲဖြတ်လျက် လေ့ကျိုးကျွန်း၊ နုရှောင့်မြို့ဆီသို့ ပျံသန်းလာကြသည်။ ယခုအချိန်ထိ နုရှောင့်မြို့တွင် မည်သည့် ဝေဟင်တပ်ဖွဲ့မှ မရှိသေးပေ။
မင်းသမီး ကျိရွှမ်၏ ရင်ထဲတွင် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ ‘ရှမ့်လန်ဆီမှာ ဝေဟင်တပ်ဖွဲ့ ရှိလျက်နဲ့ ဘာလို့ မသုံးတာလဲ။ သူက တကယ်ပဲ အထူးနဂါးနောင်တကို သုံးပြီး တော်ဝင်ရန် အင်ပါယာရဲ့ ဝေဟင်တပ်တော်ကို တိုက်ခိုက်ဖို့ မျှော်လင့်နေတာလား။ ဒါက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ။ မကြာခင် သူ အိပ်မက်ကနေ နိုးလာရလိမ့်မယ်။’
အသံလှိုင်း သားရဲကြီး တစ်ထောင်သည် ကမ်းရိုးတန်းအတိုင်း တောင်ဘက်သို့ ဆက်လက် ရွေ့လျားလာပြီး နုရှောင့်မြို့နှင့် နီးကပ်လာကြသည်။ ပို၍ ပို၍ နီးကပ်လာ၏။
ကီလိုမီတာ ၁၅၀၊ ကီလိုမီတာ ၁၀၀...
နုရှောင့်မြို့သည် တိတ်ဆိတ်နေဆဲဖြစ်၏။ နှင်းလင်းယုန် တပ်ဖွဲ့ မလှုပ်ရှားသလို အထူးနဂါးနောင်တ ခံတပ် ကလည်း မလှုပ်ရှားပေ။
‘ရှမ့်လန် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။’
ထိုအချိန်၌ နုရှောင့်မြို့၏ အနောက်ဘက် ပင်လယ်ပြင်သည် ရုတ်တရက် တောက်ပလာခဲ့သည်။ ထို့နောက် မဲမှောင်သော မြူခိုးများနှင့် ကြီးမားသော တိမ်မဲကြီးတစ်ခု ကောင်းကင်သို့ ရုတ်တရက် ထိုးတက်လာခဲ့သည်။ ၎င်းသည်လည်း ကီလိုမီတာ တစ်ရာခန့် ကျယ်ဝန်းသည်။
‘ဒါ... ဒါက ဘာကြီးလဲ။ တိမ်မဲဆိုတာ ကောင်းကင်ကနေ ကျလာရမှာလေ၊ ဘယ်လိုလုပ် ပင်လယ်ထဲကနေ ထိုးတက် လာရတာလဲ။’
တော်ဝင်ရန်အင်ပါယာ၏ အသံလှိုင်း သားရဲကြီးများသည် အလွန် သတိကြီးကြသည်။ သူတို့ ချက်ချင်း အရှိန်လျှော့ လိုက်ကြ၏။
“ခွဲလိုက်... တည်နေရာကို ဖြန့်ခွဲလိုက်”
သားရဲကြီး တစ်ထောင်သည် ရုတ်တရက် လူစုခွဲလိုက်ကြသည်။
“ဒီတိမ်မဲကြီးအနား မကပ်နဲ့။ အထဲကို မဝင်နဲ့။”
ထို့နောက် တော်ဝင်ရန်အင်ပါယာ၏ သားရဲကြီးများနှင့် တိမ်မဲကြီးတို့သည် ကောင်းကင်ယံတွင် မီတာ နှစ်သောင်းခန့် အကွာအဝေး၌ ထိပ်တိုက် တွေ့ဆုံနေကြ၏။
“ရွှီး... ရွှီး... ရွှီး...”
ရာပေါင်းများစွာသော ရေခူကြီးများသည် တိမ်မဲကြီးထဲမှ ပျံထွက်လာကြသည်။ တကယ့်ကို လှပလွန်းလှ၏။ ကောင်းကင်ယံတွင် ၎င်းတို့ ပျံသန်းနေပုံမှာ ပင်လယ်ထဲတွင် ကူးခပ်နေပုံနှင့် ထပ်တူပင်။ ပျံသန်းနေရင်း ၎င်းတို့သည် တဖြည်းဖြည်း ပိုမို ကြီးမားလာကြသည်။
အချင်း မီတာ ငါးဆယ်။ အချင်း မီတာ တစ်ရာ၊ အချင်း မီတာ ၁၅၀။
ဤ အထူးရေခူကြီးများသည် ကြီးမားသော ထီးကြီးများသဖွယ် တော်ဝင်ရန်အင်ပါယာ၏ သားရဲကြီးများဆီသို့ ပျံသန်းလာကြ၏။
“တိုက်ခိုက်... တိုက်ခိုက်…”
အမိန့်ပေးသံနှင့်အတူ သားရဲကြီး တစ်ရာသည် လျှပ်စီးကဲ့သို့ အရှိန်ဖြင့် တိုက်ခိုက်လိုက်ရာ ဤအထူးရေခူကြီးများ ၏ ရှေ့တည့်တည့်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။
အကွာအဝေး မီတာ တစ်ထောင်၊ မီတာ ငါးရာ... အသံလှိုင်း လှိုင်းများဖြင့် ပစ်ခတ်လိုက်၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
ပြင်းထန်သော အသံလှိုင်း လှိုင်းများ ကြမ်းတမ်းစွာ ပစ်ခတ်ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ဤအထူးရေခူကြီးများ သည် နှေးကွေးပြီး အလွန် အားနည်းပုံ ရသည်။ ၎င်းတို့သည် မီးပုံးပျံကြီးများကဲ့သို့ ဖြစ်ပြီး သားရဲကြီးများကို လုံးဝ တားဆီးနိုင်မည့်ပုံ မပေါ်ချေ။
သို့သော်ငြား အသံလှိုင်းများ တိုက်ခိုက်လာသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရေခူလေးများ အဖြစ်သို့ လျင်မြန်စွာ ကွဲထွက်သွားပြီး အသံလှိုင်းများဆီသို့ အတင်းအဓမ္မ ပျံသန်း ဝင်ရောက်သွားကြသည်။
ဘုန်း...”
အသံလှိုင်းများသည် ကွဲထွက်သွားသော ရေခူလေးများကို ရိုက်ခတ်မိပြီး ရုတ်တရက် ပေါက်ကွဲသွားသည်။ ဤရေခူလေးသည် ပြာကျသွားသော်လည်း အသံလှိုင်းများကို လုံးဝ ဓာတ်ပြယ်သွား စေခဲ့သည်။
‘သောက်ကျိုးနည်း... သူတို့မှာ ဒီလိုလှည့်ကွက် ရှိသေးတာလား။’
ထို့နောက် ဤအထူးရေခူကြီး တစ်ရာသည် သားရဲကြီးများဆီသို့ ဆက်တိုက် ပျံသန်းသွားကြ၏။
“တိုက်ခိုက်... တိုက်ခိုက်... တိုက်ခိုက်...” အမိန့်ပေးသံနှင့်အတူ သားရဲကြီးများသည် အထူးရေခူကြီးများကို ဆက်တိုက် တိုက်ခိုက်ကြသည်။
သို့သော်ငြား ရလဒ်မှာ အတူတူပင်။ သူတို့ လုံးဝ ပြန်လည် မတိုက်ခိုက် နိုင်ကြပေ။
အကြိမ်တိုင်းတွင် ရေခူလေး တစ်ကောင်သည် အစတေးခံများအဖြစ် ကွဲထွက်လာပြီး အသံလှိုင်းများ အားလုံးကို ဟန့်တားပစ်လိုက်၏။
ဤနည်းဖြင့် အထူးရေခူကြီး တစ်ရာသည် တော်ဝင်ရန် အင်ပါယာ၏ သားရဲကြီးများ၏ စစ်ကြောင်းထဲသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားကြသည်။
“နေရာခွဲ... နေရာခွဲ... နေရာခွဲ...” အရာရှိများ အားလုံး အသည်းအသန် အမိန့်ပေးလိုက်ကြရာ သားရဲကြီး တစ်ထောင် သည် ဤအထူးရေခူကြီးများနှင့် ဝေးရာသို့ အသည်းအသန် လူစုခွဲ ထွက်ပြေးကြသည်။ သို့သော်ငြား နောက်ကျသွားခဲ့ပြီဖြစ်၏။
အပိုင်း (၁၂၀၂)
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
ဤအထူးရေခူကြီး တစ်ရာသည် လေထဲတွင် တစ်ကောင်ပြီးတစ်ကောင် ရုတ်တရက် ပေါက်ကွဲသွားကြသည်။ မီးတောက်များ မရှိ၊ လေလှိုင်းများ မရှိ၊ ကြောက်မက်ဖွယ် ကောင်းသော အာရုံကြော အဆိပ်များသာ ရှိသည်။
အထူးရေခူကြီး တစ်ကောင် ပေါက်ကွဲပြီးတိုင်း အာရုံကြော အဆိပ်မြူခိုးများသည် လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားသည်။ အချင်းဝက် မီတာ သုံးလေးထောင် အတွင်းရှိ နေရာ တစ်ခုလုံး အာရုံကြော အဆိပ်များဖြင့် ပြည့်နှက်သွား၏။
တော်ဝင်ရန် အင်ပါယာ၏ သားရဲကြီးများသည် အလွန် အစွမ်းထက်လှသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို သံချပ်ကာ အကြေးခွံများ ဖုံးအုပ်ထားသဖြင့် ထိုးဖောက်၍ မရနိုင်ပေ။ သို့သော်ငြား ဤပျောက်ဆုံး ရေခူများ၏ အာရုံကြော အဆိပ်ကိုမူ လုံးဝ ကာကွယ်နိုင်ခြင်း မရှိချေ။
တစ်ခဏလေးအတွင်းမှာပဲ ၎င်းတို့သည် လေထဲတွင် အေးခဲသွားသကဲ့သို့ တောင့်တင်းသွားကြပြီး ခန္ဓာကိုယ်ရှိ အာရုံကြောများ အားလုံး လှုပ်ရှားမရ ဖြစ်သွားခဲ့ရသည်။ ထို့နောက် သားရဲကြီးများသည် တစ်ကောင်ပြီး တစ်ကောင် လေထဲမှ ပြုတ်ကျလာပြီး ပင်လယ်ထဲသို့ ထိုးကျသွားကြသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
အလွန် ထူးဆန်းပြီး ခမ်းနားသော မြင်ကွင်းပင်။ အထူးရေခူကြီးများ တစ်ကောင်ပြီး တစ်ကောင် ဆက်တိုက် ပေါက်ကွဲကုန်ကြသည်။ မရေမတွက်နိုင်သော သားရဲကြီးများ ဆက်တိုက် ပြုတ်ကျကုန်ကြ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော မင်းသမီး ကျိရွှမ်၊ မင်းသားသစ်လျန်နှင့် အခြားသူများသည် လုံးဝ မင်သက်သွားကြသည်။
‘ဒါ... ဒါက ဘာသောက်ကျိုးနည်းကြီးလဲ။ ရှမ့်လန်... ရှင် ဒီရေခူတွေကို ဘယ်က ရလာတာလဲ။ ထူးဆန်းလွန်းတယ်။ ကြည့်ရတာ သိပ်ကို နုနယ်ပြီး တိုက်ခိုက်နိုင်စွမ်း ဘာမှ မရှိသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရုံလောက်ပဲ တတ်နိုင်တာ။ ဒါပေမဲ့ လုံးဝ ရှင်းပြလို့ မရအောင် ဖြစ်နေတယ်။’
“ဒါ... ဒါက အရှေ့လောကက အရာ မဟုတ်ဘူး။”
ဤအခြေအနေက တကယ်ကို အသက်ရှူကျပ်စရာကောင်းလှသည်။ မင်းသမီး ကျိရွှမ်၏ နှလုံးသား သွေးထွက်နေသကဲ့သို့ ခံစားရ၏။
ကောင်းကင်အပြည့် ရှိနေသော သားရဲကြီးများသည် ဤအထူးရေခူကြီးများ၏ ပေါက်ကွဲမှု အကွာအဝေးမှ လွတ်မြောက်ရန် အသည်းအသန် ပျံသန်းနေကြသည်။ သို့သော်ငြား မီးတောက်မရှိ၊ အလင်းရောင်မရှိ၊ ဤအာရုံကြော အဆိပ်များသည် ကြည်လင်ပြီး အရောင်အဆင်းပင် မရှိချေ။ သူတို့သည် ဖြစ်ပျက်နေသမျှကို တားဆီးရန် လုံးဝ မစွမ်းသာခဲ့ကြပေ။
၁၅ မိနစ်ခန့် ကြာပြီးနောက် အထူးရေခူကြီး တစ်ရာ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု ပြီးဆုံးသွားခဲ့သည်။ အိပ်မက်ဆိုးကဲ့သို့ မြင်ကွင်းကြီး နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
မင်းသမီး ကျိရွှမ် စတင် ရေတွက်ကြည့်လိုက်သည်။ သားရဲကြီး တစ်ထောင်အနက် လေးရာသာ ကျန်ရှိတော့၏။ စုစုပေါင်း ခြောက်ရာခန့်သည် အာရုံကြော အဆိပ်သင့်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့၏။
သားရဲကြီး တစ်ကောင်ချင်းစီသည် တန်ဖိုးမဖြတ်နိုင်အောင် ရှားပါးသော်လည်း ခြောက်ရာခန့်သည် မျက်တောင်တစ်ခတ် အတွင်း ဆုံးရှုံးလိုက်ရသည်။ အမှန်စင်စစ် ဤသားရဲကြီးများသည် လေဖြတ်သွားရုံသာ ဖြစ်ကြောင်း သူတို့ မသိကြချေ။ ရှမ့်လန်သည် ၎င်းတို့အား မသတ်ရက်ဘဲ သူ့အပိုင်အဖြစ် သိမ်းပိုက်လိုခဲ့ခြင်း ဖြစ်၏။ ယခုအချိန်တွင် ဤသားရဲကြီး ခြောက်ရာစလုံးသည် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားကြပြီ ဖြစ်သည်။
......
နောက်ထပ် ဘာဆက်လုပ်သင့်သနည်း။ သားရဲကြီး လေးရာ ကျန်ရှိနေသေးသည်။ နုရှောင့်မြို့ကို ဆက်လက် တိုက်ခိုက်သင့်သည်လား။
လူတိုင်း၏ မျက်လုံးများသည် မင်းသမီး ကျိရွှမ်ထံသို့ ရောက်ရှိနေကြ၏။ သူမသည် ဤစစ်ပွဲ၏ စစ်သေနာပတိ ဖြစ်ပြီး အမြင့်ဆုံး ဆုံးဖြတ်ခွင့်အာဏာ ရှိသူဖြစ်သည်။ မင်းသားသစ်လျန်သည် လက်ထောက်သာ ဖြစ်ပြီး ဤစစ်ပွဲ၏ သက်သေအဖြစ်သာ ပါဝင်ခြင်း ဖြစ်၏။
ယခုအချိန်တွင် နေဝင်ရန် သုံးနာရီအောက်သာ လိုတော့သည်။ ဆိုလိုသည်မှာ တော်ဝင်ရန် အင်ပါယာ ကတိ ပေးထားသော ဖျက်ဆီးမည့် အချိန်ကုန်ဆုံးရန် သုံးနာရီအောက်သာ လိုတော့သည် ဟူ၍ပင်။ အကယ်၍ ဆုတ်ခွာလိုက်ပါက တော်ဝင်ရန် အင်ပါယာသည် ကတိပျက်ရာ ရောက်ပေလိမ့်မည်။ သို့သော်ငြား ဆက်လက် တိုက်ခိုက်ပါက ရှမ့်လန်၌ အခြား မည်သည့် ကြောက်မက်ဖွယ်ရာ အရာများ တည်ရှိနေဦးမည်ကို မည်သူ သိနိုင်မည်နည်း။
“အရှင်မင်းသမီး... ဒီရေခူတွေ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးသွားပါပြီ၊ ရှေ့က တိမ်မဲတွေလည်း ကွဲသွားပါပြီ။ ကြည့်ရတာ ရှမ့်လန်ရဲ့ လျှို့ဝှက် ဝှက်ဖဲတွေ ကုန်သွားပုံရပါတယ်။”
မင်းသမီး ကျိရွှမ်သည် ထိုစကားများကို မကြားချင်ယောင် ဆောင်နေလိုက်သည်။
ဘေးနားမှ မင်းသားသစ်လျန်က ပြောလိုက်၏။ “အင်ပါယာရဲ့ ဂုဏ်သိက္ခာက ကောင်းကင်ထက် ပိုကြီးမားတယ်။ ဘာပဲ ပေးဆပ်ရ၊ ပေးဆပ်ရ နုရှောင့်မြို့ကို ဖျက်ဆီးရမယ်။”
ဤအချိန်တွင် နုရှောင့်မြို့ဘက်၌ အထူးခံတပ်ကြီး ကောင်းကင်သို့ ပျံတက်လာပြီး နှင်းလင်းယုန် တစ်ထောင် တပ်ဖွဲ့လည်း ပျံတက်လာသည်။
တော်ဝင်ရန် အင်ပါယာ၏ တပ်မှုးက ပြောလိုက်၏။ “အရှင်မင်းသမီး... ရှမ့်လန်ရဲ့ ဝေဟင်တပ်ဖွဲ့ ပျံတက်လာပါပြီ။ သူတို့ရဲ့လေကြောင်းအင်အားနဲ့ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားကို သုံးပြီး ကျုပ်တို့ရဲ့ သားရဲကြီး တပ်ဖွဲ့ကို တားဆီးချင်နေပါတယ်။ ဒါက ရှမ့်လန်ရဲ့ စွမ်းရည် ကုန်ခမ်းသွားပြီ ဆိုတာ သက်သေပြနေတာပါပဲ။”
မင်းသမီး ကျိရွှမ် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ ‘ဒါက သိပ်ပြီး ကလေးဆန်လွန်းတယ်။ ဒါက ရှမ့်လန်ရဲ့ ဟန်ပြသက်သက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ တော်ဝင်ရန် အင်ပါယာ ဆက်မတိုက်မှာစိုးလို့ အထူး ခံတပ်နဲ့ နှင်းလင်းယုန် တပ်ဖွဲ့ကို ပျံတက်ခိုင်းပြီး တော်ဝင်ရန် အင်ပါယာ လာတိုက်အောင် မျှားခေါ်နေတာ ဖြစ်မယ်။’
သို့သော်ငြား မင်းသားသစ်လျန် ပြောသည်မှာ မှန်ကန်ပေသည်။ တော်ဝင်ရန် အင်ပါယာ၌ အခြား ရွေးချယ်စရာ မရှိချေ။ ဤအချိန်တွင် ဆုတ်ခွာမည်လား။
ပြည်သူ့အသံ ဖိအားက ကြီးမားလွန်းလှ၏။ ကောင်းကင်ပေါ်ရှိ သုည ဂဏန်းကြီးက ရှိနေသေးပြီး အလွန် ထင်ရှားလွန်းလှ၏။
အကယ်၍ ရှမ့်လန်သာ ဝှက်ဖဲကုန်သွားပြီဆိုလျှင် နုရှောင့်မြို့၏ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားနှင့် နှင်းလင်းယုန် တစ်ထောင် တပ်ဖွဲ့လောက်က သားရဲကြီး လေးရာအတွက် ပြိုင်ဘက် မဟုတ်ပေ။ လွယ်ကူစွာ သုတ်သင်နိုင်ပေသည်။
မိနစ်အနည်းငယ်ခန့် တွေးတောပြီးနောက် မင်းသမီးကျိရွှမ် နောက်ဆုံးတွင် အမိန့်ပေးလိုက်၏။ “သားရဲကြီးတွေ ... ဆက်လက် တိုက်ခိုက်ကြ။ အားလုံး လူစုခွဲပြီး သီးခြားစီ တိုက်ခိုက်ကြ။ နုရှောင့်မြို့ရဲ့ ဝေဟင်တပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားကို ဖျက်ဆီးပစ်။”
“အမိန့်အတိုင်းပါ။”
ထို့နောက် တော်ဝင်ရန်အင်ပါယာ၏ သားရဲကြီး လေးရာသည် လုံးဝ လူစုခွဲလိုက်ကြသည်။ ထူထပ်သော စစ်ကြောင်းပုံစံ မဟုတ်တော့ဘဲ တစ်ကောင်တည်းသော ဝံပုလွေ တိုက်လေယာဉ်များသဖွယ် နုရှောင့်မြို့ ကောင်းကင်ယံဆီသို့ ပျံသန်းသွားကြသည်။
‘ကျေးဇူးပြုပြီး နောက်ထပ် ကာကွယ်ရေးတွေ မရှိပါစေနဲ့တော့။ ကျေးဇူးပြုပြီး နောက်ထပ် ကာကွယ်ရေးတွေ မရှိပါစေနဲ့တော့။’ မင်းသမီး ကျိရွှမ်နှင့် မင်းသားသစ်လျန်တို့သည် ရင်ထဲတွင် ဆုတောင်းနေမိကြ၏။
သားရဲကြီး လေးရာသည် နုရှောင့်မြို့နှင့် ပိုမို နီးကပ်လာကြသည်။
မိုင်ငါးဆယ်၊ မိုင်သုံးဆယ်၊ မိုင်နှစ်ဆယ်...။
မင်းသမီးကျိရွှမ်သည် အန္တရာယ်က ပင်လယ်ထဲမှ လာသည်ဟု အလိုလို ခံစားမိနေ၏။ နုရှောင့်မြို့ ဝေဟင်ပိုင်နက် ထဲသို့ ဝင်ရောက်သွားပြီဆိုလျှင် ဘေးကင်းလောက်ပြီဟု ယူဆရသည်။ ထို့အပြင် ဤသားရဲကြီးများသည် မီတာ တစ်သောင်းကျော် အမြင့်တွင် ရှိနေသည်။ နုရှောင့်မြို့တွင် ၎င်းတို့ကို ထိမှန်နိုင်သော လက်နက် မရှိလောက်ပေ။
“ဝင်သွားပြီ။ ဝင်သွားပြီ။”
ဘေးနားရှိ တော်ဝင်ရန်အင်ပါယာ ဗိုလ်ချုပ်များသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာ၏ ပထမဆုံး သားရဲကြီးသည် နုရှောင့်မြို့ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သောကြောင့်ပင်။
နောက်တစ်ဆင့်မှာ တော်ဝင်ရန် အင်ပါယာ၏ အလှည့် ဖြစ်ပေ၏။ သားရဲကြီး လေးရာသည် နုရှောင့်မြို့၏ ဝေဟင်တပ်ဖွဲ့ နှင့် လေကြောင်းရန် ကာကွယ်ရေး လက်နက်အားလုံးကို ဖျက်ဆီးပစ်ရန်နှင့် အရာအားလုံးကို အမှုန့်ကြိတ်ပစ်ရန် လုံလောက်ပေသည်။
သို့သော်ငြား ထိုအချိန်၌ ထူးဆန်းပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ထပ်မံ ပေါ်လာခဲ့ပြန်၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
ပင်လယ်ရေမျက်နှာပြင်မှ အလင်းတန်းများ လျှပ်စီးလက်သကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော ပျောက်ဆုံးနိုင်ငံ၏ လျှပ်စီးမြွေများသည် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံ သို့ ပျံတက်သွားကြသည်။
တစ်ခုချင်းစီသည် မီတာ တစ်ရာနီးပါး ရှည်လျားသည်။ ၎င်းတို့သည် ရုတ်တရက် လေထဲတွင် မီတာ တစ်ထောင် အမြင့်သို့ ထိုးတက်သွားကြပြီး တောင်ပံခတ်ကာ ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားကြ၏။
လျှပ်စီးမြွေ သုံးထောင်သည် တော်ဝင်ရန်အင်ပါယာ၏ အသံလှိုင်း သားရဲကြီး လေးရာဆီသို့ ဦးတည် တိုက်ခိုက် လိုက်ကြသည်။ ၎င်းတို့၏ ပျံသန်းနှုန်းမှာ သိပ်မမြန်လှပေ။ အသံလှိုင်း သားရဲကြီးများနှင့် ယှဉ်လျှင် အဝေးကြီး ကွာခြားနေသေးသည်။
သို့သော်ငြား အကွာအဝေး တစ်ခုသို့ ပျံသန်းပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များ လိမ်တွန့်သွားပြီး ရုတ်တရက် ဆန့်ထုတ်ကြသည်။ တစ်ခဏချင်းစီမှာပင် ၎င်းတို့၏ အရှိန်သည် တစ်စက္ကန့်လျှင် မီတာ တစ်ရာကျော်အထိ ရောက်ရှိသွားသည်။ ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ခုန်ကျော်ပြီးနောက် ဤလျှပ်စီးမြွေ အားလုံးသည် အမြင့်ပေ တစ်သောင်းကျော်သို့ ရောက်ရှိသွားကြ၏။
တော်ဝင်ရန် အင်ပါယာ၏ သားရဲကြီး စီးနင်းသူများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
“ဆုတ်ခွာစရာ လမ်းမရှိဘူး။ တိုက်ရုံပဲ ရှိတယ်။”
“တိုက်... တိုက်... ကျုပ်တို့က ကောင်းကင်ဘုရင်တွေကွ။ ကျုပ်တို့က အနိုင်မခံ အရှုံးမပေးဘူး။”
ဤမျှ လျင်မြန်ဖျတ်လတ်သော လျှပ်စီးမြွေများကို ရင်ဆိုင်ရသော်လည်း တော်ဝင်ရန် အင်ပါယာ၏ သားရဲကြီး လေးရာသည် နောက်မဆုတ်ခဲ့ကြပေ။ ထိုအစား သူတို့သည် ရှေ့သို့ ပြင်းထန်စွာ တိုးဝင်တိုက်ခိုက်လိုက် ကြ၏။
“ကျုပ်တို့က အနိုင်မခံ အရှုံးမပေးဘူး။ ကျုပ်တို့က အနိုင်မခံ အရှုံးမပေးဘူး။”
သားရဲကြီး လေးရာသည် ရုတ်တရက် အသံလှိုင်း လှိုင်းများကို ပစ်ခတ်လိုက်ကြသည်။
“ထူးဆန်းတဲ့ မြွေကောင်တွေ... ခင်ဗျားတို့ ဘယ်ကလာလဲ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ရဲ့ အသံလှိုင်းတွေ ရှေ့မှာ ခင်ဗျားတို့ အမှုန့်ဖြစ်သွားရမယ်။”
သို့သော်ငြား တစ်ချိန်တည်းမှာပဲ ပျောက်ဆုံးနိုင်ငံ၏ လျှပ်စီးမြွေများသည် ရုတ်တရက် လျှပ်စီးများ ပစ်ခတ် လိုက်ကြပြီး လျှပ်စီးတန်းများသည် မီတာ ရာပေါင်းများစွာ ရှည်လျားသည်။ အသံလှိုင်းတိုက်ခိုက်မှုမှာ မြန်ဆန်သော်လည်း လျှပ်စီးတန်းများက ပို၍ မြန်ဆန်ပေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ရောက်ရှိလာခဲ့ပြီး ဗို့အားသောင်းချီသော ဗို့အားမြင့်လျှပ်စီးများသည် သားရဲကြီးများ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွား၏။
ဤအချိန်တွင် သံချပ်ကာ အကြေးခွံများနှင့် ထိုးဖောက်မရနိုင်သော စွမ်းရည်များ အားလုံး အသုံးမဝင် တော့ချေ။ ရိုက်ခတ်ခံရပြီးနောက် သားရဲကြီးများသည် ချက်ချင်း တောင့်တင်းသွားကြပြီး လေထဲမှ ပြုတ်ကျသွားကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ တော်ဝင်ရန် အင်ပါယာ၏ ဝှက်ဖဲဖြစ်သော အသံလှိုင်း သားရဲတပ်တော်သည် လုံးဝ ချေမှုန်းခံလိုက်ရ၏။
......
အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ ယခုအချိန်တွင် မည်သည့် အမိန့်မှ အသုံး မဝင်တော့ချေ။ ဖြစ်ပျက်သမျှကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
လျှပ်စီးမြွေ ဆယ်ကောင် သည် သားရဲကြီး တစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်ကြ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ကောင်းကင်ယံတွင် မီးတောက်များ ပေါက်ကွဲထွက်ပေါ်လာသည်။ တိုက်ခိုက်ခံရသော သားရဲကြီးများသည် မီးလောင်ကျွမ်းပြီး လုံးဝ လေဖြတ်ကာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြသည်။
လေထဲတွင် တစ်သီးပုဂ္ဂလ တစ်ကောင်တည်းကို လျှပ်စီးပစ်ခတ်လျှင် လျှပ်စစ်ပတ်လမ်း မပြည့်စုံသောကြောင့် မည်သည့် ထိခိုက်မှုမှ မရှိနိုင်ကြောင်း အများသိကြသည်။ သို့သော်ငြား ဤလျှပ်စီးမြွေများ တိုက်ခိုက်သောအခါ သူတို့ကို မြူမဲများဖြင့် ဖုံးလွှမ်းသွားသည်။ ၎င်းတို့ ပျံသန်းရာ နေရာတိုင်းသို့ မြူမဲများ လိုက်ပါသွား၏။
ထို့အပြင် မြူမဲများသည် ပင်လယ်နှင့် အမြဲ ချိတ်ဆက်နေသည်။ ၎င်းတို့သည် အကောင်းဆုံး လျှပ်ကူး ပစ္စည်းများ ဖြစ်ကြ၏။ ထို့ကြောင့် လေထဲတွင် ရှိနေသော်လည်း ဤသားရဲကြီးများသည် ဗို့အား သောင်းချီ သို့မဟုတ် သိန်းချီသော ဗို့အားမြင့် လျှပ်စီးများ ထိမှန်ပြီးနောက် ချက်ချင်း အေးခဲသွားကြခြင်း ဖြစ်သည်။
၁၅ မိနစ်ပင် မကြာလိုက်ချေ။ မီးကျွမ်းနေသော သားရဲကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ပင်လယ်ထဲသို့ ပြုတ်ကျသွားကြပြီး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ တော်ဝင်ရန်အင်ပါယာ၏ ဝှက်ဖဲ တစ်ခုမှ မကျန်ရစ်တော့ပေ။
မင်းသားသစ်လျန်၊ မင်းသမီး ကျိရွှမ်နှင့် မင်းသမီး ကျိချန်တို့သည် ဤမြင်ကွင်းကို ကြည့်ပြီး ဘာမှ မတုံ့ပြန်နိုင်တော့အောင် ဖြစ်နေကြသည်။ ရင်ထဲတွင် စူးရှစွာ နာကျင်ရ၏။
ဤသားရဲတပ်တော်ကို ရရှိပြီးတည်းက တော်ဝင်ရန်အင်ပါယာသည် ၎င်းတို့ကို တစ်ခါမှ ထုတ်မသုံးခဲ့ဖူးပေ။ လျှို့ဝှက်ချက်အဖြစ် သိမ်းဆည်းထားခဲ့ပြီး အရေးကြီးသောအချိန်တွင် သုံးရန် ဝှက်ဖဲ အဖြစ် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ဘာရလဒ်မှ မရဘဲ လုံးဝ ချေမှုန်းခံလိုက်ရသည်။
‘ဘာဆက်လုပ်ကြမလဲ။ ဘာလုပ်သင့်သလဲ။ သားရဲတစ်ထောင် ချေမှုန်းခံလိုက်ရပြီ။ ကျန်နေသေးတဲ့ နှင်းလင်းယုန် တစ်သောင်းကို ဘာလုပ်ကြမလဲ။ သူတို့ဆီမှာ အိပ်မက်ဆိုးကျောက်တုံး ဗုံးတစ်သိန်း ရှိနေသေးတယ်။ အသေခံ တိုက်ခိုက်ခိုင်းလိုက်ရမလား။’
မင်းသမီး ကျိရွှမ်သည် ခက်ခဲသော ရွေးချယ်မှုကြားတွင် ပိတ်မိနေသည်။ သူမ ချက်ချင်း ဆုတ်ခွာရန် ရွေးချယ်နိုင်သည်။ နှင်းလင်းယုန် တစ်သောင်းကို အမြန်ဆုံး ထွက်ခွာခိုင်းပြီး လွတ်မြောက်စေနိုင်၏။ သို့မဟုတ် နှင်းလင်းယုန် တစ်သောင်းကို နုရှောင့်မြို့ထဲသို့ အတင်းအဓမ္မ ဝင်ရောက်စေပြီး အိပ်မက်ဆိုး ကျောက်တုံးဗုံးများ အားလုံးကို ကြဲချခိုင်းနိုင်၏။
အမှန်စင်စစ် ဤအခြေအနေမျိုးတွင် နုရှောင့်မြို့ကို လုံးဝ ဖျက်ဆီးပစ်ရန် မဖြစ်နိုင်တော့သော်လည်း အနည်းဆုံးတော့ အကျိုမဲ့ ဖြစ်မည် မဟုတ်ပေ။ အနည်းဆုံးတော့ တော်ဝင်ရန် အင်ပါယာ၏ ဖျက်ဆီးရေး အချိန်ရေတွက်မှုကြီး ကို ရယ်စရာ ဖြစ်မသွားစေနိုင်ပေ။ သို့သော်ငြား ထိုသို့ လုပ်လျှင် နှင်းလင်းယုန် တစ်သောင်း လုံးဝနီးပါး ချေမှုန်းခံရပေလိမ့်မည်။
စက္ကန့်ပိုင်းအကြာတွင် မင်းသမီး ကျိရွှမ် အမိန့်ပေးလိုက်သည်။ “နှင်းလင်းယုန် အားလုံး... တိုက်ခိုက်ကြ၊ လွတ်လပ်စွာ တိုက်ခိုက်ကြ”
အားလုံး အံ့အားသင့်သွားကြ၏။
‘ဒါ... ဒါက နှင်းလင်းယုန် တစ်သောင်းလုံး သေပွဲဝင်ရတော့မယ့် သဘောပဲ။ တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာက ဒီလောက်တောင် အရေးကြီးသလား။’
“ကျွန်မ အမိန့်ကို ကြားလား။ နှင်းလင်းယုန် တပ်တော် တစ်ခုလုံး... တိုက်ခိုက်ကြ။”
ထို့နောက် နှင်းလင်းယုန် တစ်သောင်း တပ်တော်သည် ရူးသွပ်စွာဖြင့် စတင် တိုက်ခိုက်ကြသည်။
ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး နုရှောင့်မြို့ဆီသို့ ဦးတည် ပျံသန်းသွားကြသည်။ စစ်ကြောင်း ပုံစံများ၊ ဖွဲ့စည်းပုံများ မရှိတော့ချေ။ လွတ်လပ်စွာ တိုက်ခိုက်ရန် လွှတ်ပေးလိုက်ခြင်း ဖြစ်၏။
တစ်ခဏချင်းမှာပဲ ကောင်းကင်တစ်ခုလုံး မဲမှောင်သွားပြီး ကျိုင်းကောင်အုပ်ကြီး ပျံသန်းလာသကဲ့သို့ ဖြစ်နေသည်။
ဤမင်းသမီး ကျိရွှမ်သည် တကယ်ကို ရက်စက်လွန်းလှသည်။ ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်သော်လည်း သူမသည် နုရှောင့်မြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လိုနေဆဲ ဖြစ်၏။ ဤနည်းဗျူဟာ သည် တကယ်ကို ခေါင်းကိုက်စရာ ကောင်းလှ၏။
နှင်းလင်းယုန် တစ်သောင်းသည် နုရှောင့်မြို့ထဲသို့ ဝင်ရောက်ရန် ဆယ်မိနစ်သာ ကြာမြင့်ပေမည်။ ထို့နောက် သူတို့သည် အမြင့်ပေ ငါးထောင်မှ အိပ်မက်ဆိုးကျောက်တုံး ဗုံးများကို ကြဲချပေလိမ့်မည်။
ရလဒ်က မည်ကဲ့သို့ ဖြစ်လာမည်နည်း။