မင်းတို့ တကယ်ပဲ ဒီလို ကစား ချင်တာလား
Vol. 40 Ch. 421
"ဒီပွဲမှာတော့... ထျန်းဖူနန်းတော်က ဖန်ကျဲ့... အနိုင်ရရှိပါတယ်"
အချိန်အတော်ကြာမှသာ ပြိုင်ကွင်းဒိုင် က ခက်ခဲစွာဖြင့် ရလဒ်ကို အော်ဟစ်ကြေညာနိုင်တော့၏။
ငြိမ်သက်နေသော ကြည့်ရှုသူများမှာလည်း ခဏချင်းပင် ဆူညံပွက်လောရိုက်သွားကြသည်။
"ဒါ... ဒါက အရမ်း ကြောက်စရာကောင်းလွန်းတယ်"
"တိုက်ကွက် တစ်ကွက်တည်းနဲ့ အဆင့်တူ ပါရမီရှင်ကို အနိုင်ယူလိုက်တာလား"
"ငါ ကွမ်းရွှမ် အကြောင်း ကြားဖူးတယ်၊ သူက တျန်းတဂိုဏ်းမှာတော့ လူတိုင်းက အားကျရတဲ့ ကြယ်ပွင့်တစ်ပွင့်ပဲ၊ အခုတော့ တိုက်ကွက် တစ်ကွက်တောင် မခံနိုင်ဘူးလား..."
"ထျန်းဖူနန်းတော်ကတော့ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပါပေတယ်"
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ထျန်းဖူနန်းတော် တပည့်များ၏ ခွန်အားကို အကြမ်းဖျင်း သိသွားကြပြီ ဖြစ်၏။
ကြည့်ရသည်မှာ အဆင့်တူလျှင် ပြိုင်ဘက်ကင်းသော ဇာတ်လိုက်များပင်
သို့သော်လည်း ဖန်ကျဲ့မှာ ထျန်းဖူနန်းတော်၏ နံပါတ် ၁၀ တပည့်သာ ရှိသေး၏၊ တစ်နည်းအားဖြင့် အားအနည်းဆုံးသူ...။
ထိုသို့ဆိုလျှင် သူတို့၏ အခြားသော တပည့်များမှာ မည်မျှအထိ အင်အားကြီးမားမည်နည်း။
သူတို့ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်တော့ပေ။
တျန်းတဂိုဏ်းမှ လူများမှာလည်း အချိန်အတော်ကြာ ကြောင်အမ်းနေပြီးမှ ကွမ်းရွှမ်ကို သွား ကယ်ကြတော့သည်။
ဖန်ကျဲ့၏ စွမ်းရည်မှာ သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့၏။
သို့သော်လည်း အကျင့်ကြောင့်ပင်လောမသိ၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သော်လည်း ကွမ်းရွှမ်၏ အုတ်မြစ် ကိုမူ ထိခိုက်စေခြင်း မရှိပေ။
အချိန်အနည်းငယ် အနားယူလိုက်လျှင် ပြန် ကောင်းလာမည် ဖြစ်၏။
ဤရလဒ်ကြောင့် လူအများမှာ နှုတ်ဆိတ်သွားကြသည်။
ဤမျှအထိ အစွမ်းထက်သော ပုဂ္ဂိုလ်မှာ သနားကြင်နာတတ်သော စိတ် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
၎င်းမှာ ဤနေရာတွင် တွေ့ရခဲသော အရာတစ်ခုပင်။
ထိုစဉ် အင်မော်တယ်နန်းတော် မဟာ အကြီးအကဲ၏ မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။
သူက ဖန်ကျဲ့၏ အစွမ်းအစကို စမ်းသပ်နိုင်လိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှအထိ အသုံးမကျလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် နောက်ထပ် မည်သည့်တပည့်ကို စေလွှတ်ရမည်နည်းဆိုသည်မှာ ခက်ခဲသွားခဲ့ပြီပင်။
သူက ဘေးရှိ မင်ရွှမ်အင်မော်တယ်အရှင်ကို ခိုးကြည့်လိုက်သော်လည်း မင်ရွှမ်အင်မော်တယ်အရှင်မှာမူ မျက်လုံးမှိတ်လျက် အေးဆေးနေပြီး သူ့ကို ကူညီမည့်ပုံ မပေါ်ပေ။
မဟာ အကြီးအကဲက အသာအယာ နှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုံးတွင် သူ အယုံကြည်ရဆုံးသော တပည့်တစ်ဦးကို ရွေးချယ်လိုက်တော့သည်။
"ကျန်းမင်ယွမ်၊ အသက် ၂၃ နှစ်၊ ရွှေအင်မော်တယ် အစောပိုင်း အဆင့်၊ အင်မော်တယ်နန်းတော် လူငယ်မျိုးဆက်ရဲ့ ထိပ်တန်း အယောက် ၅၀ ထဲက တစ်ယောက်ပဲ"
အင်မော်တယ်နန်းတော် တပည့် စင်မြင့်ပေါ်သို့ တက်လာသည်နှင့် တစ်စုံတစ်ဦးက သူ့ကို မှတ်မိသွား၏။
"ဒီလူကတော့ အံ့ဖွယ် တစ်ခုပဲ၊ ရွှေအင်မော်တယ် အစောပိုင်းအဆင့်နဲ့တင် ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့ တပည့်တွေကို အနိုင်ယူနိုင်လို့ အဆင့်တူထဲမှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် လို့တောင် ခေါ်ကြတာ"
"အင်မော်တယ်နန်းတော်က သူ့ကိုတောင် တိုက်ရိုက် လွှတ်လိုက်ပြီဆိုတော့ ဖန်ကျဲ့ဆီကနေ ဖိအားကို တကယ် ခံစားနေရပုံပဲ။"
"ဟားဟား... အဆင့်တူမှာ ပြိုင်ဘက်ကင်းသူ နှစ်ယောက်၊ ဘယ်သူက အရင် ရှုံးမလဲ ကြည့်ရမှာပဲ။"
"နေဦး... နေဦး... ဖန်ကျဲ့ကတော့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ မပြောဖူးပါဘူး၊ သူက နံပါတ် ၁၀ ပဲ ရှိသေးတာကို မမေ့ပါနဲ့ဦး။"
လူတိုင်းက အချင်းချင်း ပြော နေကြ၏။
သို့သော်လည်း သူတို့၏ စကားများမှာ သိသိသာသာ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလောကမှာ အစွမ်းထက်သူကိုသာ အလေးထားကြသည်ဖြစ်ရာ နေလအင်မော်တယ်နန်းတော်ကဲ့သို့သော ရှေးရိုးစွဲ ကျင့်ကြံခြင်းလောကတွင် ပို၍ပင် ထင်ရှားလှပေသည်။
သန်မာသူကို အားကျခြင်းမှာ သူတို့၏ ပင်ကိုယ်စရိုက်ပင်။
သူတို့အတွက်မူ အုပ်ချုပ်သူအောက်တွင် နေရမည်ဆိုပါက ပို၍ အင်အားကြီးပြီး ပို၍ အလားအလာရှိသော အစ်ကိုကြီးကို ရွေးချယ်ခြင်းက ပိုကောင်းသည် မဟုတ်လား။
ထို့အပြင် ဖန်ကျဲ့၏ သနားကြင်နာတတ်သော အမူအရာမှာ အားနည်းသူများဖြစ်သည့် သူတို့အတွက် အလွန် ကျေနပ်စရာ ကောင်းလှပေသည်။
စကားပြောနေစဉ်အတွင်း ကျန်းမင်ယွမ်နှင့် ဖန်ကျဲ့တို့၏ တိုက်ပွဲမှာ စတင်နေပြီ ဖြစ်၏။
အဆင့်တူတွင် ပြိုင်ဘက်ကင်းဟု အမည်ကျော်သော ကျန်းမင်ယွမ်မှာ ခုနက ကွမ်းရွှမ်နှင့် အဆင့်ချင်း လုံးဝ မတူပေ။
ဖန်ကျဲ့၏ ကြောက်မက်ဖွယ် စွမ်းရည်ကို မြင်တွေ့ထားသဖြင့် သူက အမြဲတမ်း သတိထားနေသော်လည်း တိုက်ခိုက်မှု ကိုမူ လျှော့ချခြင်း မရှိပေ။
ကျန်းမင်ယွမ်၏ တိုက်ပွဲ အတွေ့အကြုံမှာလည်း အလွန် ကြွယ်ဝလှပြီး တိုက်ခိုက်မှုတိုင်းမှာ ပြင်းထန်ကာ ရက်စက်လှ၏။
အကယ်၍ အခြားသော အားသာချက်များသာ မရှိပါက ဖန်ကျဲ့မှာ သူ့ကို အမှန်တကယ် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကံမကောင်းစွာပင် ဖန်ကျဲ့၏ နောက်ကွယ်တွင် ထျန်းဖူနန်းတော်၏ နက်ရှိုင်းလှသော အုတ်မြစ် များ ရှိနေ၏။
ကျင့်ကြံသော အင်မော်တယ် ကျင့်စဉ်မှာ သူနှင့် အသင့်တော်ဆုံး ဖြစ်၏။
ပိုင်ဆိုင်ထားသော အသက်သွေးကြော လက်နက် မှာလည်း သူ၏ စိတ်နှင့် တစ်သားတည်း ကျနေ၏။
အခြားသော တာအို နားလည်မှုများနှင့် စွမ်းရည်များကိုလည်း သင်ကြားပေးမည့် အကြီးအကဲများ ရှိကြသေးသည်။
အားလုံးမှာ တူညီသော ပါရမီရှင်များဖြစ်ပြီး တူညီစွာ ကြိုးစားကြသော်လည်း တစ်ဦးက မြို့ငယ်လေးတွင် နေထိုင်ပြီး နောက်တစ်ဦးက မြို့ကြီးပြကြီးတွင် နေထိုင်သူ ဖြစ်နေပါက နားလည်မှုချင်း မည်သို့ ယှဉ်နိုင်ပါမည်နည်း။
အစပိုင်းတွင် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဖန်ကျဲ့ကပင် အမြန် အသာစီး ရယူနိုင်ခဲ့သည်။
ကျန်းမင်ယွမ်မှာ အခြေအနေ မကောင်းတော့ဘဲ တဖြည်းဖြည်း ရှုံးနိမ့်လာ၏။
သူက နည်းမျိုးစုံဖြင့် ပြန်လည် အနိုင်ယူရန် ကြိုးစားသော်လည်း ဖန်ကျဲ့၏ ဖိနှိပ်မှုကို မကျော်လွှားနိုင်ခဲ့ပေ။
နောက်ဆုံးတွင် သွေးများ စွန်းထင်းလျက် စင်မြင့်ပေါ်တွင် ဒူးထောက် ရှုံးနိမ့်သွားရတော့သည်။
"မင်း တကယ်ပဲ သန်မာပါတယ်။"
"ငါတို့ နေရာချင်းသာ လဲလိုက်မယ်ဆိုရင် ငါလည်း မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဖန်ကျဲ့က အသိအမှတ်ပြု စကား ပြော လိုက်၏။
ကျန်းမင်ယွမ်မှာမူ မျက်နှာပျက်လျက် မည်သည့်စကားမျှ မပြောဘဲ ရှုံးနိမ့်ကြောင်းကိုသာ တိတ်တဆိတ် လက်ခံလိုက်သည်။
ပြိုင်ကွင်းဒိုင် မှာ စိတ်ပျက်လက်ပျက်ဖြင့် ရလဒ်ကို ကြေညာလိုက်၏။
နေလအင်မော်တယ်နန်းတော် ဂိုဏ်းသား ဖြစ်သည့်အတွက် သူက အင်မော်တယ်နန်းတော် တပည့်ကိုသာ နိုင်စေချင်သည်မှာ အမှန်ပင်၊ ထို့အပြင် ကျန်းမင်ယွမ်အပေါ်တွင် သူတို့ မျှော်လင့်ချက် အများကြီး ထားခဲ့ကြသည်။
သို့သော်လည်း ရှုံးသွားခဲ့ပြီ။
နေလအင်မော်တယ်နန်းတော်မှာ ဤချစ်ကြည်ရေးပွဲ စတင်ကတည်းက ပထမဆုံးသော အရှက်တကွဲ ရှုံးနိမ့်မှုနှင့် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။
"အရမ်း ပြိုင်ဘက်ကင်း တာပဲ၊ ကျန်းမင်ယွမ်တောင် ရှုံးသွားတယ်..."
"ထျန်းဖူနန်းတော်ကတော့ တကယ်ကို နက်နဲလွန်းတယ်..."
လူတိုင်းက တအံ့တသြ ပြောနေကြ၏။
ဖန်ကျဲ့၏ ပြိုင်ဘက်ကင်း သော ပုံစံမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်သွားခဲ့ပြီ ဖြစ်သည်။
တိမ်တိုက် ထျန်းဖူနန်းတော်၏ ဂုဏ်သိက္ခာမှာလည်း သူတို့၏ စိတ်ထဲတွင် တကယ်တမ်း စွဲထင်သွားခဲ့ပြီ။
၎င်းမှာ နေလအင်မော်တယ်နန်းတော်ထက် ပိုမို ခန့်ညားထည်ဝါသော အရာကြီးတစ်ခုပင်။
နောက်ဆက်တွဲ ဖြစ်ရပ်များကလည်း သူတို့၏ အတွေးကို သက်သေပြနေခဲ့သည်။
ကျန်းမင်ယွမ် ရှုံးနိမ့်ပြီးနောက် မဟာ အကြီးအကဲမှာ မကျေမနပ် ဖြစ်နေသော်လည်း ရွှေအင်မော်တယ် အစောပိုင်း အဆင့်တွင်မူ လက်မြှောက် လိုက်ရုံသာ ရှိတော့၏။
သူက တပည့်နှစ်ဦးကို မဆင်မခြင် စေလွှတ်လိုက်သော်လည်း အင်မော်တယ်နန်းတော်အတွက် ဒုတိယနှင့် တတိယ အကြိမ်မြောက် ရှုံးနိမ့်မှုများကိုသာ ယူဆောင်လာပေးခဲ့သည်။
၎င်းကို မြင်သောအခါ မင်ရွှမ်အင်မော်တယ်အရှင်က ဖန်ကျဲ့ကို ပြန်ဆင်းခိုင်းလိုက်ပြီး ပို၍ သန်မာသော စုန့်ယုံအန်း ကို လွှတ်လိုက်ပြန်၏။
ချစ်ကြည်ရေးပွဲ စည်းကမ်းအရ မဟာ အကြီးအကဲမှာ အံကြိတ်လျက် ရွှေအင်မော်တယ် အစောပိုင်း တပည့်အချို့ကို ထပ်လွှတ်ရပြန်သည်။
မည်သည့် အံ့သြစရာမျှ မရှိဘဲ အင်မော်တယ်နန်းတော်မှာ ထပ်မံ ရှုံးနိမ့်ခဲ့ရပြန်၏။
သူ၏ မျက်နှာမှာလည်း ပို၍ ကြည့်မကောင်း ဖြစ်လာတော့သည်။
သို့သော်လည်း မင်ရွှမ်အင်မော်တယ်အရှင်မှာမူ ဘာမှမသိသလိုပင် စုန့်ယုံအန်း အောင်ပွဲ အချို့ ရရှိပြီးနောက် အေးဆေးစွာ ကြည့်နေသော ထန်ထျန်းဘက်သို့ လှည့်ကြည့်လိုက်၏။
"ထန်ထျန်း၊ မင်းအလှည့်ပဲ။"
ထန်ထျန်းမှာ နံပါတ် ၈ တပည့်ဖြစ်ပြီး စာရင်းပေးထားသော ကျင့်ကြံမှုမှာလည်း ရွှေအင်မော်တယ် အစောပိုင်း အဆင့်သာ ဖြစ်၏။
မင်ရွှမ်အင်မော်တယ်အရှင်က ရွှေအင်မော်တယ် အစောပိုင်း တစ်ဦးကို ထပ်လွှတ်ရန် ပြင်နေသည်ကို မြင်သောအခါ အင်မော်တယ်နန်းတော် မဟာ အကြီးအကဲမှာ မအောင့်နိုင်တော့ပေ။
"တာအိုမိတ်ဆွေ... ဒါကတော့ မကောင်းတော့ဘူး မဟုတ်လား"
သူက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်၏။
မင်ရွှမ်အင်မော်တယ်အရှင်က အေးအေးဆေးဆေး ပြုံးလျက် "ဘာဖြစ်လို့လဲ"
"တပည့်တွေက ဒီအထိ လာရတာ မလွယ်ဘူးလေ၊ လူတိုင်း စင်ပေါ်တက်ပြီး ပြသခွင့် ရသင့်တာပေါ့။ "
"ငါ ချစ်ကြည်ရေးပွဲ စည်းကမ်းကို ဖောက်ဖျက်လို့လား"
မဟာ အကြီးအကဲက အသက်ကို ပြင်းပြင်းရှူလိုက်၏။
စည်းကမ်းကို ဖောက်ဖျက်ခြင်း မရှိသည်မှာ အမှန်ပင်၊ သို့သော် ဆက်တိုက် ရှုံးနိမ့်နေခြင်းမှာ အင်မော်တယ်နန်းတော်၏ ဩဇာအာဏာအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်နေသည်။
မင်ရွှမ်အင်မော်တယ်အရှင်က တမင် လုပ်နေခြင်း ဖြစ်သည်ကို သူ သိပေသည်၊ အင်မော်တယ်နန်းတော်မှာ ရုပ်ပျက်ဆင်းပျက် ရှုံးလေ ဩဇာအာဏာ ပိုကျလေပင်။
သို့သော်လည်း သူ့တွင် ပြန်လည် တုံ့ပြန်ရန် နည်းလမ်း မရှိပေ၊ အစကတည်းက သူက အတော်ဆုံးလူတွေကို လွှတ်ခဲ့မိသဖြင့် ယခု စေလွှတ်သော တပည့်များမှာ တဖြည်းဖြည်း ပို၍ အားနည်းလာကာ ပို၍ ရုပ်ပျက်ဆင်းပျက် ရှုံးနေရခြင်း ဖြစ်၏။
"ထျန်းဖူနန်းတော် တပည့်တွေက တကယ်ကို သန်မာပါတယ်၊ ငါလည်း လေးစားမိတယ်။"
"ဒါပေမဲ့ မင်းတို့က အင်မော်တယ်နန်းတော်ရဲ့ ရွှေအင်မော်တယ် အစောပိုင်း အတော်ဆုံး တပည့်တွေကို အနိုင်ယူပြီးပြီပဲ၊ နောက်ထပ် တိုက်ပွဲတွေကတော့ ပျင်းစရာ ကောင်းနေလိမ့်မယ်။"
"ဒါကြောင့် အဲဒီအဆင့်ကို ကျော်လိုက်တာ ပိုကောင်းမယ် ထင်တယ်။"
မဟာ အကြီးအကဲက ပြော ၏။
မင်ရွှမ်အင်မော်တယ်အရှင်က မျက်ခုံးပင့်လိုက်သည်။
"ဒီလောက် အဝေးကြီးက လာရတာကို ဒီအတိုင်း ကျော်လိုက်ဖို့ဆိုတာ မကောင်းပါဘူး။"
"ဒါဆိုရင် ဒီလို လုပ်ကြတာပေါ့၊ ငါ့ရဲ့ ဒီတပည့်ကို အောက်ဆင်းခိုင်းမယ်၊ မင်းတို့ဘက်က ကြိုက်တဲ့ အဆင့်ကို လွှတ်လိုက်ပါ။"
"သူ့ကို အနိုင်ယူနိုင်တဲ့အထိပေါ့။"
"ဒီလိုဆိုရင်တော့ အဆင်ပြေမှာ မဟုတ်လား"
ထိုစကားပင် မဆုံးသေးမီ မတ်တပ်ရပ်နေသော ထန်ထျန်းမှာ ခေါင်းကို ကုပ်လိုက်မိသည်။
ဟမ်
မင်းတို့ တကယ်ပဲ ဒီလိုမျိုး ကစား ချင်တာလား