စွမ်းအားအခြေခံမဟာဓားသိုင်း
Vol. 4 Ch. 359
စိုကျင့်သည် ကျောက်စစ်မင်နှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ နေမိသော်လည်း ကြာရှည်တော့ စိတ်ဓာတ် ကျနေခြင်း မဖြစ်မိပါ။
မျက်နှာပျက်နေသည့် စိုကျင့်ကကြည့်ရင်း စိုရွှမ်က အေးဆေးစွာ စကားပြောလိုက်သည်။
"အဓိက အချက်ကတော့ သူ့လက်ချက်နဲ့ မင်းအသက်ပျောက် မသွားဖို့ပဲ"
စိုကျင့်က စိုရွှမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ...
"အေးပါ၊ မင်းနဲ့ ပြိုင်ရမယ့်သူက ဆန်းရော့ရှီနော်၊ ကိုယ့်ကိုယ်ကိုသာ မသေအောင် ဂရုအရင် စိုက်စမ်းပါ" ဟု ပြန်ပြောလိုက်လေသည်။
စိုကျင့် စကားကြောင့် စိုရွှမ်၏ နှုတ်ခမ်းများ မဲ့သွားလေသည်။
ပြိုင်ပွဲ ပြီးသွားလျှင်တော့ ဒီကောင်ကို နည်းနည်းပညာ ပေးလိုက်ဦးမည်ဟု တွေးလိုက်မိသည်။
အမှန်တော့ သူက စိုကျင့်ကို နောက်ပြောင်သည့် သဘောဖြင့်သာ ထိုစကားပြော လိုက်ခြင်းဖြစ်ပြီး သူက မည်သူနှင့် ယှဉ်ပြိုင်ရမည် ကိုတော့ မေ့နေခဲ့ခြင်း ဖြစ်လေသည်။
စိုကျင့်နှင့် စိုရွှမ်မှာ စကားပြော နေကြရင်း တဖြည်းဖြည်း စိတ်သက်သာရာ ရလာကြသည်။
စိုကျင့်သည် တိမ်ခိုးလိုက်ကာ နောက်ကွယ်မှ တိမ်လွှာကွင်းပြင် အလယ်သို့ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဝင်ရောက်လာလေသည်။
ကျောက်စစ်မင်က တိမ်လွှာကွင်းပြင် အလယ်တွင် ရောက်ရှိနေပြီ ဖြစ်လေသည်။ စိုကျင့်သည် ကျောက်စစ်မင်၏ ဓားဝိညာဉ်ကို ကြောက်စိတ် မရှိတော့ပေ။
စိုကျင့်နှင့် ကျောက်စစ်မင်က ပြိုင်ပွဲ မစတင်ခင် ယဉ်ကျေးမှုအရ အချင်းချင်း ဂါရဝ ပြုလိုက်ကြလေသည်။
ဆရာဘိုးဘိုး ကယ်ယွမ်းက ပြိုင်ပွဲစတင်ရန် ကြေညာလိုက်သည်နှင့် ကျောက်စစ်မင်၏ မျက်ဝန်းများဆီမှ အေးစက်သည့် အလင်တန်းများ ထွက်ပေါ် လာလေသည်။ သူ့လက်ထဲမှ ဓားရှည်သည် မြွေတစ်ကောင် အလား စိုကျင့်ဆီသို့ ဝင်ရောက် လာလေသည်။
ကျောက်စစ်မင်၏ ဓားဝိညာဉ်မှာ ပေတစ်ရာ ကျော်ခန့် ရှည်လျားပြီး မိုးကြိုးပစ်သံများ ကြောက်မက်ဖွယ်ရာ ထွက်ပေါ်နေလေသည်။
ချင်းရွှမ် နတ်တံခါး၏ တပည့်များ အကြားတွင် ကျောက်စစ်မင်၏ ဓားဝိညာဉ်သည် ပြိုင်ဘက်ကင်း ဖြစ်လေသည်။ သူက အသက်တစ်ချက် ရှူသည့်အချိန် အတွင်းမှာပင် ပြိုင်ဘက်များ အားလုံးကို အနိုင်ယူခဲ့သူ ဖြစ်လေသည်။ ဆရာသခင် အများစုက တာအို အရည်အချင်း စစ်ပြိုင်ပွဲတွင် ပထမနေရာ ရရှိနိုင်သည်ဟု သူ့ကို ခန့်မှန်းထားကြလေသည်။
စိုကျင့်သည် ကျောက်စစ်မင်၏ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ကို ကြာရှည်ခုခံ တိုက်ခိုက် နိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခြင်း မရှိကြပေ။
ကျောက်စစ်မင်၏ ဓားတန်ခိုး စွမ်းအားကို ကြည့်နေရင်း ဆန်းလျန်ပင် ခေါင်းတစ်ချက် ညိတ်ကာ အသိအမှတ်ပြု လိုက်မိလေသည်။ သူ၏ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေပြီးလျှင် ချင်းရွှမ်တွင် အလားအလာ အရှိဆုံး ဓားသမားမှာ ကျောက်စစ်မင်ပင် ဖြစ်လေသည်။ သို့သော် ကျောက်စစ်မင်၏ မာနတရားကြောင့်သာ အောင်မြင်မှုရ သင့်သလောက် မရဘဲ ဖြစ်နေရခြင်း ဖြစ်လေသည်။
ကျောက်စစ်မင်၏ ဓားဝိညာဉ်ကြောင့် စိုကျင့်မှာ ကျောရိုးထဲ အထိ အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။
သို့သော် သူက ဓားဝိညာဉ်ကို ချက်ချင်းပင် ပြန်လည် တိုက်ခိုက်လိုက်လေသည်။ စိုကျင့်၏ ပါးစပ်အတွင်းမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး အဖြူရောင် အခိုးအငွေ့ တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ ထို့နောက် သက်တန် ရောင်စဉ်များ ဖြာထွက်လာကာ စိုကျင့်၏ ဓားဝိညာဉ်သည် ကျောက်စစ်မင်ကို ထိုးစိုက် ချလိုက်လေသည်။
ကျောက်စစ်မင်မှာ စိုကျင့်က ထိုသို့ ပြန်လည် တိုက်ခိုက်မည်ဟု မျှော်လင့် မထားမိသည့် အတွက် အံ့သြ သွားရလေသည်။ စိုကျင့်သည် သူ၏ မိုးကြိုးဓား ဝိညာဉ်ကို လျစ်လျူရှုကာ တန်ပြန် တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်လေသည်။ ထိုတိုက်ကွက်မျိုးက သူသေကိုယ်သေ တိုက်ကွက်မျိုး ဖြစ်လေသည်။
ဆရာဘိုးဘိုး ကယ်ယွမ်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး တိုက်ပွဲကို တားဆီးရန် ရှေ့သို့ ခြေလှမ်း လှမ်းလိုက်လေသည်။
ယန့်ပုကွေး၏ မျက်နှာမှာလည်း ချက်ချင်းပင် တည်ကြည်လေးနက် သွားလေ၏။
ဆန်းလျန်သည် ပြိုင်ပွဲကို ကြည့်နေရာမှ မတ်တတ်ထ ရပ်လိုက်လေသည်။ သို့သော် သူ၏ မျက်နှာက တည်ငြိမ် အေးဆေးနေပြီး တပည့်နှစ်ယောက်အပေါ်တွင် စိတ်ပူပန်နေခြင်း အလျဉ်းမရှိပေ။
အမှန်တော့ ဆန်းလျန်က တပည့် နှစ်ယောက်လုံး အကြီးအကျယ် မထိခိုက်မီ သူတို့နှစ်ယောက်ကို တားဆီးရန်အတွက် မတ်တတ်ရပ်လိုက်ခြင်း ဖြစ်လေသည်။
ကျောက်စစ်မင်နှင့် စိုကျင့်တို့၏ တိုက်ခိုက်မှုက အလွန်လျင်မြန် ကြသည့်တိုင် ဆန်းလျန်၏ မျက်ဝန်းထဲတွင် အနှေးပြကွက် အလား တိုက်ကွက် တစ်ခုချင်းကို အသေးစိတ် မြင်တွေ့ နေရလေသည်။ ဆန်းလျန်က စိုကျင့် အသုံးပြုလိုက်သည့် ဓားသိုင်းပညာကို စစ်ဆေးကြည့်လိုက်သည်။
စိုကျင့်၏ ဓားဝိညာဉ်မှာ ဓားပျံတစ်ချောင်း ဖြစ်ပြီး စိုကျင့်၏ တန်ခိုးစွမ်းအားများ အားလုံးသည် ထိုဓားဝိညာဉ် ထဲတွင် စူးစိုက် ဝင်ရောက်နေလေသည်။ ဓားဝိညာဉ် အတွင်းသို့ ဝင်ရောက်သွားသည့် စိုကျင့်၏ တန်ခိုး စွမ်းအားများမှာ အစနှင့် အဆုံးလည်း ရှိသလို အဆုံး မရှိလည်း မြင့်မား လွန်းလေသည်။
ထိုဓားသိုင်းပညာကို "စွမ်းအား အခြေခံ မဟာဓားသိုင်း" ဟုခေါ်ပြီး ထိုဓားသိုင်းသည် ချင်းကျန်းဂိုဏ်းမှ ယွင်ဆွေ အလင်းဓားသိုင်း ထက်ပိုပြီး အဆင့်မြင့်သည့် ဓားသိုင်းပညာ တစ်ခု ဖြစ်လေသည်။
ထိုဓားသိုင်းပညာသည် ချင်းရွှမ် နတ်တံခါး၏ အဓိက ကျင့်စဉ် တစ်ရာ့ရှစ်ခုတွင် ပါဝင်လေသည်။ ထိုဓားသိုင်းပညာကို ကျင့်ကြံ အောင်မြင်သွားပါက ဓားဝိညာဉ်နှင့် ကျင့်ကြံသူ၏ စွမ်းအားသည် တစ်သားတည်း ကျသွားကာ အပြန်အလှန် ဆက်စပ်နေမည် ဖြစ်လေသည်။ ထိုဓားသိုင်းပညာ၏ တာအို အခြေခံမှာ ထူးဆန်းသည့် ဓားလမ်းစဉ် တစ်ခု ဖြစ်လေသည်။
ထိုဓားသိုင်းကို အသုံးပြုရန် အတွက် စိတ်အာရုံ စူးစိုက်မှုဖြင့် ပြိုင်ဘက်ရန်သူ၏ အားနည်းချက်ကို အရင်ဆုံး ရှာဖွေရလေသည်။
သို့သော် စိုကျင့်မှာ ကျောက်စစ်မင်၏ အားနည်းချက်ကို ရှာဖွေရန်အတွက် အချိန် မရှိသလို သူ၏ဓားသိုင်းမှာလည်း ကျောက်စစ်မင်လောက် မြင့်မားခြင်း မရှိပေ။ ထို့ကြောင့် ကျောက်စစ်မင်၏ ဓားဝိညာဉ်ကို ပြန်လည် တိုက်ခိုက်နိုင်ရန် အတွက် ချက်ချင်းပင် အသုံးပြုလိုက်ရခြင်း ဖြစ်လေသည်။ အချိန်သာ စောင့်နေပါက သူက တစ်စက္ကန့် အတွင်းမှာပင် ရှုံးနိမ့် သွားရမည် ဖြစ်လေသည်။
ကျောက်စစ်မင်၏ အမူအရာက တည်ကြည် လေးနက်နေလေသည်။
သူ၏ မိုးကြိုးဓား ဝိညာဉ်မှလည်း မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ် နေလေသည်။
စိုကျင့်၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည့်တိုင် သူက ကျောက်စစ်မင် ရှေ့သို့ ခုန်ဝင်ကာ ဆက်တိုက် တိုက်ခိုက်လိုက်လေသည်။ စိုကျင့်၏ အဖြူရောင်ဓား ဝိညာဉ်သည် ကျောက်စစ်မင်၏ မိုးကြိုးဓား ဝိညာဉ်ကို ရှောင်ကွင်းကာ ကျောက်စစ်မင်၏ နောက်ကျောကို ထိုးစိုက် ချလိုက်လေသည်။
ကျောက်စစ်မင်က စိုကျင့်၏ တိုက်ကွက်ကြောင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။
သူက လေထဲတွင် ကျွမ်းတစ်ပတ် ထိုးလိုက်ပြီး စိုကျင့်၏ဓား ဝိညာဉ်ကို ရှောင်တိမ်းလိုက်လေသည်။ ထို့နောက် သူ၏ မိုးကြိုးဓား ဝိညာဉ်က စိုကျင့်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက် လာလေသည်။
စိုကျင့်ထံမှ သက်တန့် ရောင်စဉ်တန်းများ ဖြာထွက်လာပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ် လာလေသည်။ တာအို ယှဉ်ပြိုင်ပွဲ ကျင်းပရာ တိမ်လွှာ ကွင်းပြင်ကြီး ပင်လျှင် တုန်ခါ သွားရလေသည်။
စိုကျင့်ထံမှ သက်တန်ရောင် အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျောက်စစ်မင်နှင့် စိုကျင့်တို့၏ ကြားတွင် အဝါရောင် အင်းသင်္ကေတ တစ်ခု ပေါ်လာလေသည်။ ထို့ကြောင့် ကျောက်စစ်မင်နှင့် စိုကျင့်တို့မှာ ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်တော့ဘဲ တိုက်ပွဲကို ရပ်တန့် လိုက်ရလေသည်။
စိုကျင့်၏ အဖြူရောင်ဓား ဝိညာဉ်မှာ အားနည်းနေပြီး စိုကျင့်ထံသို့ ပြန်လည် ဝင်ရောက်လာလေသည်။ စိုကျင့်၏ အဝတ်အစား များမှာ စုတ်ပြဲနေပြီး သူ၏ လက်နှစ်ဖက်တွင် မီးလောင်သည့် ဒဏ်ရာများကို အထင်းသား မြင်တွေ့ လိုက်ကြရလေသည်။
သူက ကောင်းကင်ထက်မှ ပျံသန်း ဆင်းသက်လာသည့် ကျောက်စစ်မင်ကို စိုက်ကြည့်လိုက်ရင်း ...
"ဂိုဏ်းတူညီလေး ကျောက်စစ်မင်၊ မင်းရဲ့ဓားသိုင်းက တကယ် အစွမ်းထက်ပါတယ်၊ ကျုပ်အရှုံး ပေးလိုက်ပါပြီ"
ဟု ပြောလိုက်လေသည်။
ကျောက်စစ်မင်၏ မိုးကြိုးဓား ဝိညာဉ်ကို ယန့်ပုကွေး ကသာ အဝါရောင် အင်းသင်္ကေတကို အသုံးပြုကာ ကာကွယ်ပေးခြင်း မပြုလုပ်ခဲ့လျှင် စိုကျင့် အနေဖြင့် ဒဏ်ရာ အပြင်းအထန် ရသွားနိုင်လေသည်။
မည်သို့ပင်ဖြစ်စေ စိုကျင့်သည် ကျောက်စစ်မင် ပထမဆုံး အလေးအနက် ထားကာ ရင်ဆိုင် လိုက်ရသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်ခဲ့သည် ဆိုသည့်အချက် ကိုတော့ ငြင်း၍ မရနိုင်ခဲ့ပေ။
"ကောင်းကင်သက်တန့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး ကျုပ်ရဲ့ ဓားဝိညာဉ်ကို တားဆီးဖို့ ကြိုးစားခဲ့တာ တကယ် ချီးကျူးစရာပါပဲ"
ကျောက်စစ်မင်က စိုကျင့်ကို ပြန်ပြောလိုက်သည်။
ကျောက်စစ်မင်၏စကားကြောင့် စိုကျင့်မှာ သွေးများပင် အန်ထွက်တော့မလို ဖြစ်သွား ရလေသည်။
အမှန်တော့ စိုကျင့်၏ ကျင့်စဉ်လမ်းမှာ ကျောက်စစ်မင်ထက် အနှစ်နှစ်ဆယ်ကျော် စောလေသည်။ သို့သော် ယခုတော့ ကျောက်စစ်မင်က သူအသုံးပြုသည့် တန်ခိုးစွမ်းအား များကိုပင် ထုတ်ဖော် ပြောနိုင်စွမ်း ရှိနေသည့် အတွက် စိုကျင့်မှာ စိတ်ဓာတ်ပင် ကျချင်သလို ဖြစ်သွားမိလေသည်။
စိုကျင့်၏ စိတ်ထဲတွင် မခံချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာပြီး "စွမ်းအား အခြေခံ မဟာဓားသိုင်း" ကို အထွတ်ထိပ်ထိ ရောက်ရှိအောင် ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ်ချက် ချလိုက်မိလေသည်။
"မင်းတို့နှစ်ယောက် စကားများ မနေကြနဲ့တော့၊ အမြန် လာခဲ့ကြတော့"
ယန့်ပုကွေး၏ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။
ကျောက်စစ်မင်မှာ တည်ငြိမ် အေးဆေးစွာဖြင့် တိမ်လွှာကွင်းပြင်မှ ထွက်ခွာ သွားလေသည်။
ယန့်ပုကွေးက ပြုံးလိုက်ပြီး ညီငယ်ဖြစ်သူ ကျောက်စစ်မင်၏ ပခုံးကို တစ်ချက် ပုတ်လိုက်သည်။ ပါးစပ်မှ ထုတ်ဖော် ချီးကျူးခြင်း မပြုသည့်တိုင် အမူအရာဖြင့် ညီငယ်ကို ချီးကျူးလိုက်ခြင်း ဖြစ်လေသည်။ ကျောက်စစ်မင်က ယန့်ပုကွေးကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်ပြီး မည်သည့်စကားမှ မဆိုပေ။
ယန့်ပုကွေးနှင့် ကျောက်စစ်မင် တို့မှာ အရက်သမား တာအိုဆရာ၏ တပည့်ရင်းများ ဖြစ်ကြသည ့်အတွက် ချစ်ခင်ရင်းနှီးမှု ရှိကြလေသည်။
ထို့နောက် ကျောက်စစ်မင်က ဂိုဏ်းချုပ်ကို တစ်ချက် ခိုးကြည့်လိုက်လေသည်။
ချင်းရွှမ် နတ်တံခါးတွင် ကျောက်စစ်မင် အမှန်တကယ် လေးစား အားကျသူ ဆို၍ ဆန်းလျန်တစ်ယောက်သာ ရှိလေသည်။
နောက်ထပ်ပြိုင်ပွဲမှာ စိုရွှမ်နှင့် ဆန်းရော့ရှီ တို့၏ ပြိုင်ပွဲ ဖြစ်လေသည်။
စိုကျင့်မှာ စိုရွှမ်ကို အားပေးစကား ပြောချင်သည့်တိုင် စိုရွှမ်၏ အေးစက်သည့် အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့် အတွက် မည်သည့်စကားမှ ပြောမထွက်တော့ဘဲ ချက်ချင်းထွက်ခွာ သွားလေတော့သည်။
စိုရွှမ်မှာ စိုကျင့်နှင့် စကားပြောနေရန် အချိန်မရှိပေ။ သူက တိမ်လွှာကွင်းပြင် ဆီသို့ ထွက်ခွာ လာခဲ့လေသည်။
ရော့ရှီသည် စိုရွှမ်နောက်မှ လိုက်လာလေသည်။ သူမ၏ ပုံစံက တည်ငြိမ်အေးဆေး နေလေသည်။ သူမ၏ မျက်ဝန်းများတွင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေပြီး ပြိုင်ဘက်ကို အလေးမထားသည့် ဟန်များဖြင့် ပြည့်နေလေ၏။
စိုရွှမ်မှာ ရော့ရှီကို မည်သည့် နည်းနှင့်မျှ အထင် မသေးရဲပေ။ သူက ရော့ရှီကို သေသေချာချာ လေ့လာ အကဲခတ် နေလေသည်။ ရော့ရှီမှာ တာအိုဝိညာဉ်ကို အခြေခံထားသည့် သဘာဝလွန် စွမ်းအားများ ရှိကြောင်းကို စိုရွှမ် ရိပ်မိလေသည်။
သူက ရော့ရှီကို လေးလေးစားစားပင် ဦးညွှတ် ဂါရဝ ပြုလိုက်လေသည်။
***