ရွှီနင်ကို သတ်ချင်တာလား
Vol. 9 Ch. 81
ညဉ့်နက်သန်းခေါင်ယံအချိန်…
စခန်းအမှတ် (၃) ၌…
ထောင်ကျင်သည် အိပ်ပျော်နေရင်းမှ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
သူမသည် အိပ်ပျော်နေဆဲဖြစ်သော အခန်းဖော်ကို တစ်ချက်ကြည့်လိုက်ပြီး အပြင်ဘက်သို့ တိတ်တဆိတ် ထွက်လာခဲ့လေသည်။
ထောင်ကျင်သည် ဦးထုပ်ဆောင်းထားသော လျှို့ဝှက်လူကို ထပ်မံတွေ့လိုက်ရသည်။
“ထင်တဲ့အတိုင်းပဲ ထောင်ကျင်... မင်း သွေးအရိပ်မိစ္ဆာကျမ်းကို ရွေးချယ်လိုက်တာပဲ”
ဦးထုပ်နှင့်လူသည် မျက်နှာဖုံးကို ချွတ်လိုက်ရာ သာမန်ရုပ်ရည်သွင်ပြင်တစ်ခု ပေါ်လာလေသည်။
ယခုအခါ ထောင်ကျင်သည် မိစ္ဆာသိုင်းပညာကို စတင်လေ့ကျင့်နေပြီဖြစ်ရာ သူမသည် သူ့လူဖြစ်သွားခဲ့ချေပြီ။
“မင်း သိပ်အံ့သြပုံ မရပါလား”
ယခင်က တွန့်ဆုတ်နေခဲ့မှုများနှင့် ယှဉ်လျှင် သွေးအရိပ်မိစ္ဆာကျမ်းကို စတင်ကျင့်ကြံနေပြီဖြစ်သော ထောင်ကျင်သည် အလွန် တည်ငြိမ်နေလေသည်။
“မင်းသာ မိစ္ဆာသိုင်းပညာကို ကျင့်ကြံရမှာထက်စာရင် သေတာကမှ ပိုကောင်းတယ်လို့ တကယ်တွေးခဲ့ရင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဆီမှာ ငါရှိနေတဲ့အကြောင်းကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး... ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတောင် ငါ့ကို ခိုးကြောင်ခိုးဝှက် ထွက်တွေ့ခဲ့သေးတာပဲ”
ဦးထုပ်နှင့်လူက ပြုံးလျက် ပြောလိုက်သည်။
သူ့စကားကို ကြားသောအခါ ထောင်ကျင်က ပြုံးလိုက်သော်လည်း သူမ၏အပြုံးက အနည်းငယ် အေးစက်နေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက အခုဆိုရင် သွေးအရိပ်ဂိုဏ်းဝင်တစ်ယောက် ဖြစ်နေပြီ”
ဦးထုပ်နှင့်လူက ဆက်ပြောလိုက်သည်။ “အနာဂတ်မှာ သွေးအရိပ်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငါမျှော်လင့်ပါတယ်”
ထိုသို့ပြောလိုက်ချိန်တွင် ဦးထုပ်နှင့်လူသည် အလွန်ယုံကြည်မှု ရှိနေလေသည်။
ထောင်ကျင် သွေးအရိပ်မိစ္ဆာကျမ်းကို စတင်ကျင့်ကြံလိုက်သည့် အခိုက်အတန့်ကစပြီး သူမသည် သူ့ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ဘာလှုပ်ရှားမှုတွေလဲ... မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို အတွင်းကနေ ဖြိုခွဲရမှာလား”
ထောင်ကျင်က မေးလိုက်သည်။
“ဟုတ်တယ်”
ဦးထုပ်နှင့်လူက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ “ခန်းယွင်ခရိုင်အတွင်းပိုင်းမှာ တစ်ခုခု လွဲချော်သွားမှ ပြင်ပအင်အားစုတွေ ဝင်တိုက်ဖို့ လွယ်ကူမှာလေ”
ထောင်ကျင် ချက်ချင်း ပြန်မဖြေပေ။ သူမ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “ဒါဆိုရင် ရှင်က ဒီနေရာကို အပြည့်အဝ ထိန်းချုပ်ထားတာပေါ့”
ဦးထုပ်နှင့်လူက ခဏမျှ ရပ်တန့်သွားပြီးနောက် ပြုံးလိုက်သည်။ “ဒါပေါ့”
“ရှင့်အတွက် ကျွန်မ အလုပ်လုပ်ပေးနိုင်တယ်... ဒါပေမဲ့ ရှင့်ဆီကနေလည်း တစ်ခုခု ပြန်လိုချင်တယ်”
ထောင်ကျင်သည် ရှက်ရွံ့မနေဘဲ သူမ၏ဆန္ဒကို ဖွင့်ပြောလိုက်လေသည်။ သူမ ဤကိစ္စကို ကြိုတင်စဉ်းစားထားကြောင်း သိသာထင်ရှားလှသည်။ “ကျွန်မကို သန့်စင်တဲ့ မိစ္ဆာသားရဲသွေး ပေးရမယ်”
မိစ္ဆာဂိုဏ်း၏ မှတ်တမ်းများမှတစ်ဆင့် သွေးအရိပ်မိစ္ဆာကျမ်းအတွက် လိုအပ်သောသွေးသည် စွမ်းအားကြီးသော သိုင်းပညာရှင်၏သွေး သို့မဟုတ် မိစ္ဆာသားရဲထံမှ ထုတ်ယူထားသော သန့်စင်သည့်သွေး ဖြစ်သင့်ကြောင်း ထောင်ကျင် လေ့လာသိရှိထားသည်။
“မိစ္ဆာသားရဲသွေးပဲလား”
ဦးထုပ်နှင့်လူက ပြောလိုက်သည်။ “ဒါက မင်းလက်ခံနိုင်မယ့် အနိမ့်ဆုံးသတ်မှတ်ချက်ပေါ့လေ”
“မဟုတ်ဘူး” ထောင်ကျင် ခေါင်းခါလိုက်သည်။ “လက်ရှိအခြေအနေအရ အရည်အသွေးမြင့်တဲ့ သွေးရဖို့က ခက်ခဲတယ်... တကယ်လို့ ရှင်က စွမ်းအားကြီးသိုင်းပညာရှင်ရဲ့သွေးကို ပေးနိုင်မယ်ဆိုရင်လည်း ကျွန်မ လက်ခံပါတယ်”
ထောင်ကျင်၏အဖြေက ဦးထုပ်နှင့်လူကို ကျေနပ်သွားစေသည်။
ကံကောင်းထောက်မစွာပင် သူသည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပုံရသည်။ သူသည် အိတ်ကပ်ထဲမှ ကြွေပုလင်းနှစ်လုံးကို ထုတ်ယူလိုက်ရာ တစ်လုံးမှာ စိမ်းပြာရောင်ဖြစ်ပြီး ကျန်တစ်လုံးမှာ အဝါရောင်ဖြစ်သည်။
“သန့်စင်တဲ့ မိစ္ဆာသားရဲသွေးက စိမ်းပြာရောင်ပုလင်းထဲမှာ... သိုင်းပညာရှင်ရဲ့သွေးက အဝါရောင်ပုလင်းထဲမှာ ရှိတယ်... ဒီသွေးနှစ်ပုလင်းက မင်း တစ်လလောက်သုံးဖို့ လုံလောက်ပါတယ်... ချီလှုပ်ရှားမှုနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်”
ဦးထုပ်နှင့်လူက ကြွေပုလင်းများကို ထောင်ကျင်အား ပေးလိုက်သည်။
ထောင်ကျင် လှမ်းယူလိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမ သေချာကြည့်ရှုစစ်ဆေးပြီးနောက် အိတ်ထဲသို့ ထည့်လိုက်လေသည်။
“တစ်လစာပဲလား... နည်းလွန်းတယ်”
ထောင်ကျင်က နောက်ထပ် တောင်းဆိုလိုက်သည်။
“စိတ်မပူပါနဲ့... ခန်းယွင်ခရိုင်က တစ်လအတွင်း သေချာပေါက် ကျသွားမှာ... အဲဒီအချိန်ကျရင် မင်းလိုချင်သလောက် သွေးတွေ ရစေရမယ်”
ဦးထုပ်နှင့်လူက ယုံကြည်မှုအပြည့် ရှိနေသည်။
“ဒါပေမဲ့ ယွင်ယင်းမြို့က စစ်ကူတွေ အချိန်မရွေး ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်”
ထောင်ကျင်သည် ဦးထုပ်နှင့်လူ၏ စကားကို သံသယဝင်နေသည်။
“အဲဒီလိုဆိုလည်း ဘာဖြစ်လဲ... သူတို့ရောက်လာဖို့ တစ်လလောက် ကြာဦးမှာ... အဲဒီအချိန်ကျရင် ငါတို့က ခန်းယွင်ခရိုင်ကို သိမ်းပိုက်ပြီးနေပြီ... သူတို့ လာတိုက်ရင်တောင် ပြန်ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး... သာမန်လူသားနယ်ပယ်ထက် ကျော်လွန်တဲ့ သိုင်းပညာရှင်တစ်ယောက်ယောက် ဒီမှာ ပေါ်မလာသရွေ့ပေါ့”
ဦးထုပ်နှင့်လူက ဆက်ပြောသည်။ “ဒါပေမဲ့ သာမန်လူသားနယ်ပယ်ထက် ကျော်လွန်တဲ့ ဆရာသခင်အဆင့်တစ်ယောက်က ဒီလိုကိစ္စသေးသေးမွှားမွှားမှာ ဘာလို့ ဝင်ပါရမှာလဲ... တကယ်လို့ သူတို့သာ ဒီမှာ ပေါ်လာရင် ပြည်နယ်ကြီးနှစ်ခုကြားရဲ့ ပဋိပက္ခက အရှိန်မြင့်သွားလိမ့်မယ်”
ထောင်ကျင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။ ဦးထုပ်နှင့်လူ ပြောသည်မှာ မှန်ကန်ပေသည်။
“ကဲ... အခု မင်းလိုချင်တာ ရပြီဆိုတော့ တာဝန်တွေကို စလုပ်တော့မလား”
ဤအချိန်တွင် ဦးထုပ်နှင့်လူက တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်လေသည်။
“ကျွန်မ ဘာလုပ်ရမလဲ”
ထောင်ကျင် မေးလိုက်သည်။
“လူတချို့ကို သတ်ရမယ်”
ဦးထုပ်နှင့်လူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ဘယ်သူ့ကို သတ်ရမှာလဲ”
ထောင်ကျင်၏လေသံက အေးစက်နေသည်။
“မေပယ်လမ်းကြားက ရွှီနင်”
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ထောင်ကျင် တုန်လှုပ်သွားရသည်။
သူမသည် ဦးထုပ်နှင့်လူကို စိုက်ကြည့်လိုက်သည်။ “သူက ထောင်ရွာက ဆွေမျိုးသားချင်းလေ”
ဦးထုပ်နှင့်လူက နောက်ထပ် စိမ်းပြာရောင် ကြွေပုလင်းနှစ်လုံးကို ထုတ်ပေးလိုက်သည်။
ထောင်ကျင် လှမ်းယူလိုက်သည်။ သူမ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။ “သူ့ကို သတ်တာက ပြဿနာမရှိပေမယ့် ကျွန်မက သူ့ကိုသတ်နိုင်လောက်တဲ့အထိ မသန်မာသေးဘူး”
ဦးထုပ်နှင့်လူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဆေးထုပ်တစ်ထုပ်ကို ထောင်ကျင်ထံ ပစ်ပေးလိုက်သည်။ “ဒီပမာဏက သာမန်လူသားနယ်ပယ် ပဉ္စမအဆင့် - ချီလှုပ်ရှားမှုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အဆိပ်ခတ်ဖို့ လုံလောက်တယ်”
ထောင်ကျင်သည် ဆေးထုပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “သာမန်လူသားနယ်ပယ် ပဉ္စမအဆင့် ဟုတ်လား”
“ဟုတ်တယ်... ရွှီနင်က သာမန်လူသားနယ်ပယ် ပဉ္စမအဆင့်ကို တက်လှမ်းသွားပြီ”
ဦးထုပ်နှင့်လူ၏စကားကို ကြားပြီးနောက် ထောင်ကျင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ရွှီနင်သည် သူပုန်စစ်သည်အချို့ကို သတ်ဖြတ်ခဲ့ပြီးနောက် ကျန်ရစ်သူများမှာ သူပုန်စခန်းသို့ ပြန်ရောက်လာချိန်တွင် ရွှီနင်၏အမည်ကို ဖော်ထုတ်နိုင်ခဲ့ကြသည်။ သူတို့၏ ဖော်ပြချက်အရ သူပုန်စစ်သည်အချို့က ရွှီနင်သည် သာမန်လူသားနယ်ပယ် ပဉ္စမအဆင့်တွင် ရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
“ရွှီနင်လို ပါရမီရှင်တစ်ယောက်ကို ကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ရမှာ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား”
ဦးထုပ်နှင့်လူ၏ မျက်နှာတွင် မကောင်းဆိုးဝါးဆန်သော အမူအရာ ပေါ်နေသည်။
ထောင်ကျင်က အေးစက်စွာ ပြုံးလိုက်သည်။ “ရှင်က အဲဒီလောက်သန်မာရင် ဘာလို့ ကိုယ်တိုင်မသတ်တာလဲ”
“ငါနိုင်မယ်လို့ မသေချာလို့လေ”
ဦးထုပ်နှင့်လူက အလွန်တည်ငြိမ်နေသည်။ “မြို့ထဲမှာ ငါ့အဆင့်အတန်းက အရမ်းအရေးကြီးတယ်... တစ်ခုခုသာ ဖြစ်သွားရင် ခန်းယွင်ခရိုင်ထဲက စီမံထားသမျှတွေ ရှုပ်ထွေးကုန်လိမ့်မယ်”
ထောင်ကျင် ရယ်မောလိုက်ပြီး နားမလည်နိုင်သည့်လေသံဖြင့် ပြောလိုက်သည်။ “ရှင်က ကျွန်မကို အများကြီး ပြောပြနေတာ... ကျွန်မ ချက်ချင်း ရှင့်အကြောင်း သတင်းပေးလိုက်မှာကို မကြောက်ဘူးလား... ရှင့်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး ရှင့်ကိုဖမ်းပေးလိုက်ရင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ရဲ့ ခွင့်လွှတ်မှုကို ရနိုင်သလို အကျိုးအမြတ်လည်း သေချာပေါက် ရနိုင်တယ်လေ”
“ပထမအချက်... ဖေးယွင်ပြည်နယ်မှာ မင်းက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် မိစ္ဆာသိုင်းပညာနဲ့ ပတ်သက်မိတာနဲ့ အပြစ်ပေးခံရမှာပဲ... ဘာပဲပြောပြော မင်းက ဇာတ်ကောင်သေးသေးလေး တစ်ယောက်ပဲလေ”
“ဒုတိယအချက်...”
ဦးထုပ်နှင့်လူက ထောင်ကျင်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “မင်းလိုလူက မိစ္ဆာသိုင်းပညာကို သုံးပြီး ပိုသန်မာလာတဲ့ အရသာကို စွန့်လွှတ်မှာ မဟုတ်ဘူး”
သူ ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ထောင်ကျင်သည် ဦးထုပ်နှင့်လူ၏ အကြည့်ကို ရှောင်လွှဲလိုက်သည်။
“မနက်ဖြန်ညနေကျရင် ရွှီနင်ကို သွားတွေ့... ပြီးတော့ ကျင့်ကြံရတာ အဆင်မပြေဘူးလို့ ပြောပြီး အကူအညီတောင်းတဲ့အနေနဲ့ သူ့ကို အဆိပ်ခတ်ဖို့ အခွင့်အရေးရှာ... သူ့ကိုသတ်ပြီးရင် ငါ မင်းကို မြို့ပြင်ထွက်နိုင်အောင် ကူညီပေးမယ်”
ဦးထုပ်နှင့်လူက ထောင်ကျင်ကို ကိုယ်တိုင်ကာကွယ်ပေးရန် ဆုံးဖြတ်ရခြင်းမှာ လုရွှေလမ်းကြားမှ တပ်ခွဲမှူးတု အသတ်ခံရပြီးနောက်တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို မြို့ပြင်ထွက်ခွာခွင့် ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။
ထောင်ကျင်သည် သွေးအရိပ်ဂိုဏ်းထဲသို့ ဝင်ရောက်လာသော ပါရမီရှင် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူပုန်တပ်ဖွဲ့မှ အရာရှိကြီးများသည် အနာဂတ်တွင် ထောင်ကျင်ကို မြေတောင်မြှောက်ပေးလိုကြသည်။
“ကောင်းပြီ”
ထောင်ကျင် ပြန်ဖြေလိုက်သည်။
ထောင်ကျင်၏အဖြေကို ကြားပြီးနောက် ဦးထုပ်နှင့်လူ သက်ပြင်းချလိုက်သည်။ “မင်းက တော်တော် ရက်စက်တာပဲ... အနာဂတ်မှာ အခွင့်အရေးရရင် မင်း ငါ့ကိုလည်း တွန့်ဆုတ်မနေဘဲ သတ်မယ့်ပုံပဲ”
မိစ္ဆာသိုင်းပညာကို ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သော ထောင်ကျင်သည် မွေးရာပါ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝ ရှိရမည်ကို ဦးထုပ်နှင့်လူ သိထားပြီး ဖြစ်သည်။
ထောင်ကျင် ပြန်မပြောပေ။
“သွားတော့မယ်”
ဦးထုပ်နှင့်လူသည် အရာအားလုံးကို ရှင်းပြပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။
မသွားခင်တွင် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ “ငါက ကွမ်ချင်းဝူပဲ”
ထို့နောက် သူသည် ခုန်တက်လိုက်ပြီး ခြံစည်းရိုးကျော်ကာ ပျောက်ကွယ်သွားလေတော့သည်။
‘ရွှီနင်ကို သတ်ရမယ် ဟုတ်လား’
ထောင်ကျင်၏ မျက်လုံးများ တဖြည်းဖြည်း အေးစက်လာသည်။
သူမသည် ညဘက်ကင်းလှည့်နေသော အစောင့်များကို ရှောင်တိမ်းကာ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
စခန်းအတွင်းရှိ ရေကန်ဘေးမှ ဖြတ်လျှောက်လာခဲ့သည်။
ထောင်ကျင်သည် သိုင်းပညာရှင်၏သွေး ပါဝင်သော အဝါရောင်ကြွေပုလင်းကို ထုတ်ယူလိုက်သည်။
သူမ ပုလင်းဆို့ကို ဖွင့်လိုက်ရာ ပြင်းထန်သော သွေးညှီနံ့တစ်ခု ထွက်ပေါ်လာသည်။
“လူသွေးပဲ...”
ထောင်ကျင် ဆုံးဖြတ်ချက် ချလိုက်သည်။
ထောင်ကျင်သည် ပုလင်းထဲမှသွေးများကို ရေကန်ထဲသို့ သွန်ပစ်လိုက်ပြီး ကြွေပုလင်းကိုပါ လွှင့်ပစ်လိုက်လေသည်။
သွေးများ ပျော်ဝင်သွားပြီး ကြွေပုလင်း ရေကန်ထဲ နစ်မြုပ်သွားသောအခါ ထောင်ကျင် လှည့်ထွက်လာခဲ့တော့သည်။
…
နောက်တစ်နေ့…
ရွှီနင် အပြင်ထွက်ပြီးနောက် လမ်းဘေးဆိုင်မှ အစားအစာအချို့ကို စားသောက်လိုက်သည်။
မေပယ်လမ်းကြားတွင် ဆိုင်ခန်းအနည်းငယ်သာ ရှိတော့သည်။
အဘယ်ကြောင့်ဆိုသော် ဈေးသည်အများစုမှာ ထွက်ပြေးတိမ်းရှောင်ကုန်ကြသောကြောင့် ဖြစ်သည်။
ရွှီနင်နှင့် ထောင်ချင်းဖင်တို့ နေအိမ်သို့ ပြန်လာခဲ့ကြသည်။
အိမ်ပြန်ရောက်ရောက်ချင်းမှာပင် ထောင်ကျင် စောင့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
“ထောင်ကျင်...”
သူမကို မြင်လိုက်ရသဖြင့် နှစ်ယောက်စလုံး အတော်လေး အံ့သြသွားကြသည်။
သူတို့နှစ်ဦးစလုံးသညါ ထောင်ရွာမှ လာကြသူများဖြစ်သော်လည်း သူမနှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ကြပေ။
“ရုတ်တရက် လာလည်တဲ့အတွက် တောင်းပန်ပါတယ်”
ထောင်ကျင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ “ရွှီနင်... ကျွန်မ အတွင်းအားပြည့်ဝအဆင့်မှာ တန့်နေတာ ကြာပြီ... အဆင့်မတက်နိုင်ဖြစ်နေလို့ ရှင့်ဆီက အကြံဉာဏ်လာတောင်းတာပါ”
“အကြံဉာဏ်လာတောင်းတာလား”
ထောင်ကျင်၏ ရည်ရွယ်ချက်ကို ကြားပြီးနောက် ထောင်ချင်းဖင်နှင့် ရွှီနင်တို့ မအံ့သြကြပေ။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ပြီးနောက် ထောင်ကျင် တိုးတက်မှုမရှိ ဖြစ်နေသည်ကို စခန်းထဲရှိ လူများ သိထားကြသည်။
“ဝင်ခဲ့လေ”
ထောင်ချင်းဖင်က ဦးဆောင်ပြီး တံခါးဖွင့်ပေးလိုက်သည်။
“အဆင်ပြေရဲ့လား”
ထောင်ကျင်က ရွှီနင်ကို ကြည့်လိုက်သည်။
ထောင်ကျင်၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသော အကြည့်တစ်ခု ရှိနေသည်ဟု ရွှီနင် ခံစားလိုက်ရသည်။
“ပြေပါတယ်”
ရွှီနင်သည် ထောင်ရွာသူရွာသားချင်း ကူညီရန် ငြင်းဆန်မည် မဟုတ်ပေ။
သူတို့သုံးဦး ခြံဝင်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြသည်။
ရွှီနင်က သူတို့နှစ်ဦး၏ အနောက်မှ လျှောက်လာသည်။ ခြံဝင်းထဲသို့ ခြေမချမီ သူ ရုတ်တရက် ခေါင်းလှည့်ကာ လမ်းကြားထိပ်ကို လှမ်းကြည့်လိုက်သည်။
သို့သော် ထိုနေရာ၌ မည်သူမျှ မရှိပေ။
ဘာမျှမဖြစ်ခဲ့သလိုပင် ရွှီနင်သည် ခြံဝင်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်လေသည်။
ကျွီ...
တံခါးပိတ်သွားလေပြီ။
ထို့နောက် လမ်းကြားထိပ်ရှိ ရွှီနင်ကြည့်ခဲ့သော နေရာတွင် ကွမ်ချင်းဝူ ပေါ်လာလေသည်။
သူ့မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။