← Chapters

ဧည့်သည်လား

Vol. 9 Ch. 82

ဧည့်သည်လား

Vol. 9 Ch. 82

ထောင်ကျင်သည် ရွှီနင်ထံမှ အကူအညီတောင်းခံလိုသဖြင့် ထောင်ချင်းဖင်က မနှောင့်ယှက်လိုတော့ဘဲ သူ့အခန်းသို့သာ တန်းပြန်သွားလေသည်။

ထောင်ကျင်နှင့် ရွှီနင်တို့သည် ရွှီနင်၏နေအိမ်ထဲသို့ ဝင်သွားကြသည်။

“သိုင်းပညာနဲ့ပတ်သက်ပြီး ဘာအခက်အခဲရှိလို့လဲ”

ရွှီနင်သည် ဧည့်ခန်းထဲသို့ ဝင်လိုက်ပြီး မီးဖိုပေါ်တွင် ရေနွေးအိုးတည်ကာ ထောင်ကျင်အား ထိုင်ရန် လက်ပြလိုက်သည်။

ထောင်ကျင်က ရွှီနင်၏အခန်းကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

“ငါ နားမလည်နိုင်တော့ဘူး...”

ထောင်ကျင်သည် ရွှီနင်၏မေးခွန်းကို မဖြေဘဲ ခေတ္တမျှ တွေးတောပြီးမှ မေးလိုက်သည်။ “ရွှီနင်... အရင်နှစ်တွေတုန်းက နင့်နာမည်က ထောင်ရွာမှာ သိပ်မကောင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ဆောင်းဦးရာသီကစပြီး ဘာလို့ ရုတ်တရက် ပါရမီရှင်တစ်ယောက်လိုမျိုး ဆက်တိုက် တိုးတက်လာရတာလဲ”

“ငါကျတော့ တိုးတက်မှု ရပ်တန့်နေပြီ... နောက်ထပ် တိုးတက်လာနိုင်ချေလည်း မရှိတော့သလိုပဲ”

ထောင်ကျင်၏လေသံမှာ တည်ငြိမ်နေပြီး စိတ်ပျက်အားငယ်သည့်ပုံ မပေါ်ချေ။

“မင်းက အဆိုးမြင်နေတာပဲ”

ဤသည်က ထောင်ကျင်ကို ကူညီရာရောက်မရောက် ရွှီနင် မသေချာပေ။ “အခက်အခဲနဲ့ ကြုံရတာ ပုံမှန်ပါပဲ... မင်းက အတွင်းအားပြည့်ဝအဆင့်ကို ရောက်ပြီးသားဆိုတော့ သိုင်းပညာပါရမီက မဆိုးပါဘူး... လောလောဆယ် ရှေ့ဆက်မတိုးနိုင် ဖြစ်နေရုံပါ”

“ငါ့အတွက်ကတော့...” ရွှီနင် စကားကို ခေတ္တရပ်လိုက်သည်။ “ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ ငါ ရုတ်တရက် ဉာဏ်အလင်းရသွားလို့ အဆင်ပြေချောမွေ့သွားတာပါ”

“ဘဝဆိုတာ ကံတရားအပေါ် အများကြီး မူတည်တာကိုး”

ရွှီနင်က ထပ်ဖြည့်ပြောလိုက်သည်။

ထောင်ကျင်သည် ဗလာသက်သက်ဖြစ်နေသော မျက်ဝန်းများဖြင့် ရွှီနင်ကို ကြည့်နေမိသည်။

ထောင်ကျင် ဝင်လာကတည်းက ပုံမှန်မဟုတ်ကြောင်း ရွှီနင် သတိထားမိသည်။ ထို့ကြောင့် သူသည် ထောင်ကျင်ကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

ထောင်ကျင်သည် နေရထိုင်ရ ခက်နေပုံရပြီး အချိန်ဆွဲချင်နေသကဲ့သို့ ဖြစ်နေသည်။

အမှန်စင်စစ် ထောင်ကျင်သည် အစကတည်းက ရွှီနင်ကို အဆိပ်ခတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ရွှီနင်သည် ပြင်ပလူဖြစ်သော်လည်း ထောင်ရွာသားတစ်ဦး ဖြစ်နေဆဲပင်။ ထောင်ကျင်သည် သူမ၏ အပေါင်းအဖော်များကို ထိခိုက်စေမည့်အရာ မည်သည့်အရာကိုမျှ ပြုလုပ်မည် မဟုတ်ချေ။

ထောင်ကျင်သည် ကွမ်ချင်းဝူ၏ တောင်းဆိုမှုကို အချိန်ဆွဲထားရန် ပြင်ဆင်ထားသည်။ နောက်ပိုင်းကျမှ ရွှီနင်ကို အဆိပ်ခတ်ဖို့ အခွင့်အရေးမရခဲ့ဘူးဟု ကွမ်ချင်းဝူကို ပြောလိုက်ရုံသာ။

ကွမ်ချင်းဝူက သူမကို ယုံချင်မှ ယုံမည်ဖြစ်သော်လည်း ဤကိစ္စအတွက် သူမကို အပြစ်ပေးလိမ့်မည် မဟုတ်ပေ။

နောက်ဆက်တွဲ ဘာလုပ်ရမလဲ ဆိုတာကိုတော့ ထောင်ကျင်၌ အစီအစဉ် ရှိပြီးသားဖြစ်သည်။

“ငါ...”

ထောင်ကျင် စကားစရန် ပြင်လိုက်စဉ်မှာပင် ရွှီနင်က သူမကို ရုတ်တရက် တားလိုက်သည်။

ရွှီနင် မတ်တပ်ရပ်လိုက်ပြီး အကြောလျှော့လိုက်သည်။

“ခဏလေး”

ရွှီနင်၏စကားကြောင့် ထောင်ကျင် ကြောင်သွားသည်။ “ရောက်လာတဲ့ ဧည့်သည်သစ်ကို အရင် နှုတ်ဆက်လိုက်ဦးမယ်”

ထောင်ကျင်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ချေ။

ထို့နောက် ရွှီနင် ရုတ်တရက် ခုန်တက်သွားသည်ကို သူမ တွေ့လိုက်ရသည်။

ရွှီနင်၏အသားအရောင်သည် ရုတ်တရက် မည်းနက်သွားပြီး ခန္ဓာကိုယ်ထဲမှ အတွင်းအားချီများ ပြင်းထန်လာခဲ့သည်။

လက်ထဲတွင် ဓားတိုတစ်ချောင်းကို ကိုင်ဆောင်လျက် သူသည် မြေပြင်မှနေ၍ လေပေါ်သို့ ခုန်တက်လိုက်သည်။

ရွှီနင်၏ ကြီးမားလှသော အင်အားကြောင့် မြေကြီးပေါ်တွင် အက်ကွဲရာများပင် ဖြစ်ပေါ်သွားသည်။

ရွှီနင်၏ခန္ဓာကိုယ်သည် မြားတစ်စင်းအလား ခေါင်မိုးကို ချက်ချင်း ဖောက်ထွက်သွားလေသည်။

ခေါင်မိုးမှ အုတ်ခဲများနှင့် အမိုးအုတ်ချပ်ပြားများမှာ ကွဲကြေသွားတော့သည်။

ခေါင်မိုးပေါ်တွင် တိတ်တဆိတ် ချောင်းမြောင်းနေသော ကွမ်ချင်းဝူမှာ လန့်ဖျပ်သွားရသည်။

ရွှီနင် ရုတ်တရက် ခေါင်မိုးပေါ်သို့ ရောက်လာပြီး ဓားဖြင့် ဝင်ရောက်တိုက်ခိုက်သည်ကို သူ မြင်လိုက်ရသည်။

“ဟား...”

ရွှီနင် အော်ဟစ်လိုက်သည်။

ဓားတို၏ ဓားသွားပေါ်တွင် အားအင်များ ချက်ချင်း ပြည့်နှက်သွားလေသည်။

ရွှီနင်၏အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် ကွမ်ချင်းဝူသည် မသိစိတ်ဖြင့်သာ ခုခံမိလိုက်သော်လည်း ခန္ဓာကိုယ်ကမူ တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။

ရင်ဘတ်ဆီသို့ ဝင်ရောက်လာသော ရွှီနင်၏ ဓားချက်ကို ရှောင်ရှားရန် ဘေးသို့တိမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။

သွေးများ ပန်းထွက်ကုန်လေသည်။

ကွမ်ချင်းဝူ၏ နှလုံးကို မထိမှန်လိုက်သော်လည်း ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားတွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ရွှီနင်၏ လှိုင်းထန်ပြီး ပြင်းထန်သော အတွင်းအားများသည် ကွမ်ချင်းဝူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စီးဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် ကွမ်ချင်းဝူသည် ရင်ဘတ်ထဲ၌ ပြင်းထန်စွာ နာကျင်မှုကို ခံစားလိုက်ရသည်။

သို့သော်လည်း ကွမ်ချင်းဝူသည် နာကျင်မှုကို ကြိတ်မှိတ်ခံထားဆဲပင်။ သူသည် ဆေးလုံးတစ်လုံးကို ချက်ချင်းထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။

ကွမ်ချင်းဝူ နားမလည်နိုင် ဖြစ်နေမိသည်။

သူသည် ထောင်ကျင်နှင့် ရွှီနင်တို့၏ စကားဝိုင်းကို နားထောင်ချင်ရုံ သက်သက်သာ ဖြစ်သည်။

ထောင်ကျင်ကို သူ စည်းရုံးထားသည်မှာ မကြာသေးချေ။ သူမ၌ အခြားရည်ရွယ်ချက်များ ရှိမရှိ သူ စစ်ဆေးရန် လိုအပ်သေးသည်။

သူသည် ပြီးပြည့်စုံခြင်းအဆင့် ပြင်ပသိုင်းပညာကို တတ်မြောက်ထားပြီး သာမန်လူသားနယ်ပယ် ခြောက်ဆင့်မြောက်သို့ ရောက်ရှိနေသူဖြစ်ရာ ဘယ်လိုလုပ်ပြီး အတွေ့ခံလိုက်ရသနည်း။

‘ငါ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ စခန်းထဲကိုတောင် အကြိမ်ကြိမ် ဝင်ခဲ့ဖူးတယ်... ဘယ်သူမှ ငါ့ကို သတိမထားမိခဲ့ကြဘူးလေ’

‘ဘာတွေဖြစ်ကုန်တာလဲ’

သို့သော် ကွမ်ချင်းဝူ၌ တွေးတောနေရန် အချိန်မရှိတော့ပေ၊ သူ ထွက်ပြေးရန်သာ စိတ်စောနေသည်။

“ဧည့်သည်ကြီး... ကြာကြာလေး နေပါဦးလား”

ရွှီနင်သည် ကွမ်ချင်းဝူကို ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးချေ။

လောလောဆယ်တွင် ကွမ်ချင်းဝူမှာ ဒဏ်ရာရထားပြီး ရွှီနင်သည် တရားခံများကို လိုက်လံဖမ်းဆီးရာ၌ အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပေသည်။

ရွှီနင်သည် လေစီးဆင်းမှုကို အာရုံခံလိုက်ပြီး လက်ထဲမှ ဓားတိုဖြင့် ပစ်ပေါက်လိုက်သည်။

ဓားတိုသည် ကွမ်ချင်းဝူ၏ ခြေဖနောင့်ကြောကို ချက်ချင်း ဖောက်ဝင်သွားလေသည်။

ရွှီနင်သည် အကွာအဝေးကို ချက်ချင်း ကျဉ်းမြောင်းလိုက်သည်။

သူသည် လက်သီးကိုဆုပ်ကာ ကွမ်ချင်းဝူ၏ ကျောကုန်းကို ထိုးချလိုက်သည်။ ကွမ်ချင်းဝူ၏ခန္ဓာကိုယ်မှာ ပြိုလဲကျသွားပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။

ရွှီနင်သည် ကွမ်ချင်းဝူ၏ လည်ပင်းကို ညှစ်ကာ ဆွဲမလိုက်ပြီး မေးရိုးကို ချိုးပစ်လိုက်သည်။

ထို့နောက် ရွှီနင်သည် လက်သီးလေးချက် ဆက်တိုက်ထိုးကာ ကွမ်ချင်းဝူ၏ ခြေလက်လေးဖက်စလုံးကို ချိုးပစ်လိုက်လေသည်။

ဤသူသည် မိစ္ဆာဂိုဏ်းမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သံသယရှိစရာမလိုဘဲ ယခုအခါ သူ့လက်ထဲတွင် ဖမ်းမိသွားခဲ့ချေပြီ။

ရွှီနင်သည် ကွမ်ချင်းဝူကို ဆွဲမပြီး အိမ်ထဲသို့ ပြန်လည်ပစ်သွင်းလိုက်သည်။

ဆူညံသံများကို ကြားလိုက်ရသော ထောင်ချင်းဖင်လည်း အပြေးရောက်ရှိလာလေသည်။

မြေကြီးပေါ်တွင် လဲကျနေသော ကွမ်ချင်းဝူကို မြင်လိုက်ရပြီးနောက် ထောင်ချင်းဖင် မှင်သက်သွားသည်။

ထောင်ကျင်မှာလည်း ကြောင်အမ်းနေပြီး မြေပြင်ပေါ်မှ ကွမ်ချင်းဝူကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

‘ကွမ်ချင်းဝူကို အနိုင်ယူဖို့ စက္ကန့်ပိုင်းပဲ ကြာလိုက်တာလား’

“ရွှီနင်... ဘာတွေဖြစ်ကုန်တာလဲ”

ထောင်ချင်းဖင်က အလျင်အမြန် မေးလိုက်သည်။

“ငါ မိစ္ဆာဂိုဏ်းသားတစ်ယောက်ကို ဖမ်းမိထားတယ်”

ရွှီနင်က ပြုံးလိုက်သည်။

“နှမြောစရာပဲ... အိမ်တော့ ပျက်စီးသွားပြီ”

ရွှီနင်က ရှုပ်ပွသွားသော အိမ်ကို ကြည့်လိုက်သည်။

ထောင်ကျင်က ရွှီနင်ကို ကြည့်လိုက်သည်။

ရွှီနင်ကလည်း သူမကို ပြန်ကြည့်လိုက်သည်။

ရွှီနင် တစ်စုံတစ်ခုကို ရိပ်မိသွားပြီဖြစ်ကြောင်း ထောင်ကျင် မသိစိတ်မှနေ၍ ခံစားလိုက်ရသည်။

“ငါတို့ လျှို့ဝှက်ချက်ကြီးတွေကို နောက်တစ်ကြိမ် ဖော်ထုတ်နိုင်တော့မယ့်ပုံပဲ”

ထောင်ချင်းဖင်က အတိုင်းထက်အလွန် ဝမ်းသာသွားသည်။

“ဟင်...”

ရွှီနင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

သူသည် မြေပြင်ပေါ်ရှိ ကွမ်ချင်းဝူကို လှည့်ကြည့်လိုက်သည်။

ကွမ်ချင်းဝူ၏ မျက်နှာထက်တွင် ဝမ်းနည်းဖွယ် အပြုံးတစ်ခု ပေါ်လာသည်။

ထိုအပြုံးထဲတွင် အကူအညီမဲ့‌နေသည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း အောင်မြင်သွားသည့် အရိပ်အယောင်လည်း တွေ့နေရသည်။

‘မကောင်းတော့ဘူး...’

ရွှီနင် ရှေ့သို့ ကိုင်းလိုက်သော်လည်း ကွမ်ချင်းဝူ၏ ခေါင်းသည် ဘေးသို့ စောင်းကျသွားလေပြီ။

ကွမ်ချင်းဝူ သေဆုံးသွားပြီဖြစ်ကြောင်း ရွှီနင် မြင်လိုက်ရသည်။

“အဆိပ်သောက်ပြီး သေသွားတာပဲ...”

ရွှီနင် ကောက်ချက်ချလိုက်သည်။

စောစောက ကွမ်ချင်းဝူ ကိုယ့်ကိုယ်ကိုယ် မသတ်နိုင်အောင် သူ သေချာလုပ်ခဲ့ပါလျက်နှင့်။

“သူ ဘယ်လိုလုပ် အဆိပ်သောက်လိုက်မှန်း ငါ မသိလိုက်ဘူး...”

ကွမ်ချင်းဝူ၏ မည်းနက်သော သွေးများကို မြင်လိုက်ရသောအခါ ရွှီနင် လက်မှိုင်ချလိုက်မိသည်။

သူသည် ထိုသူအ မေးရိုးကိုချိုးပြီး ခြေလက်များကိုပါ ရိုက်ချိုးခဲ့သည်မှာ ထင်ရှားပါသော်လည်း…

“သူ သေသွားပြီလား”

ထောင်ချင်းဖင်က စိတ်ပျက်သည့်အမူအရာဖြင့် ရှေ့သို့ ကိုင်းကြည့်လိုက်သည်။

အကယ်၍သာ အရှင်ဖမ်းမိပါက သတင်းအချက်အလက် ပိုမိုရရှိနိုင်မည်မှာ သေချာသည်။

“ငါတို့ ဘာဆက်လုပ်ကြမလဲ”

ထောင်ချင်းဖင်က ရွှီနင်ကို မေးလိုက်သည်။

“သတင်းပို့ရမှာပေါ့... ခေါင်းဆောင်ချွီးဆီ တန်းသွားကြမယ်”

ရွှီနင်က ပြန်ဖြေလိုက်သည်။

ဤသည်က သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာပင်။

“ထောင်ကျင်... နင် အဆင်ပြေရဲ့လား”

ရွှီနင်က စိုးရိမ်တကြီး မေးလိုက်သည်။

“ငါ အဆင်ပြေပါတယ်”

ထောင်ကျင်၏ စိတ်ခံစားချက်များ ရောထွေးနေလျက်ရှိပြီး ပြန်ဖြေလိုက်လေသည်။

သူမ၏ စိတ်များ ရှုပ်ထွေးနေလေသည်။

ကွမ်ချင်းဝူ သေသွားပြီဆိုတော့ သူမ မိစ္ဆာပညာရပ် လေ့ကျင့်နေတာကို ဘယ်သူမှ မသိနိုင်တော့ဘူးပေါ့။

‘မဟုတ်သေးဘူး...’

ထောင်ဂျင်သည် သွေးအရိပ်ဂိုဏ်း၏ အခြားအဖွဲ့ဝင်များမှာ ဤအကြောင်းကို သိနေနိုင်သေးသည်ကို သဘောပေါက်လိုက်သည်။

“ထောင်ကျင်... နင် ရွှီနင်နဲ့တွေ့ဖို့ နောက်တစ်ရက်မှ ပြန်ချိန်းလိုက်တော့... ဒီည ငါတို့ အလုပ်ရှုပ်တော့မယ်”

ထောင်ချင်းဖင်က ပြောလိုက်သည်။

“ကောင်းပြီ”

ထောင်ကျင် ခေါင်းညိတ်လိုက်သည်။ သူမ ရွှီနင်ကို တစ်ချက်ပြန်ကြည့်ပြီး ထွက်ခွာသွားလေသည်။

“ထောင်ကျင်က ဘာလို့ ထူးဆန်းနေတာလဲ”

ထောင်ချင်းဖင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။

“ကြောက်သွားလို့ နေမှာပါ”

ရွှီနင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ဖြစ်နိုင်ပါတယ်...”

ထောင်ချင်းဖင်က ဒီကိစ္စကို ဆက်မတွေးတော့ပေ။ သူသည် ကွမ်ချင်းဝူ၏ အလောင်းကို ကောက်ယူလိုက်ပြီး ချွီးတယိုကို ရှာဖွေရန် ထွက်လာခဲ့သည်။

ရွှီနင်လည်း သူ့နောက်မှ အမြန်လိုက်ပါသွားတော့သည်။

All Chapters