← Chapters

မျှော်လင့်ချက်

Vol. 9 Ch. 86

မျှော်လင့်ချက်

Vol. 9 Ch. 86

“ကျွန်တော် သတိမေ့သွားပြီး အဖမ်းခံလိုက်ရတာပါ”

ရွှီနင်သည် ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောလိုက်သည်။

တစ်ဖက်လူက ဤစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်သည်။ “ကံဆိုးရှာတာပဲ”

“ဒီနေရာက ရွှမ်းဟွားခရိုင်၊ ပေါင့်မျိုးနွယ်စုရဲ့ မီးသလင်းကျောက်သတ္တုတွင်းပဲ”

ထိုလူသည် အသက် ၃၀ ဝန်းကျင်ခန့် ရှိပုံရသော်လည်း မျက်လုံးများကမူ အိုမင်းရင့်ရော်နေသည့်ပုံ ပေါက်နေသည်။

“ရွှမ်းဟွားခရိုင် ဟုတ်လား”

ရွှီနင် အံ့အားသင့်သွားသည်။

‘ခရိုင်မြို့လား’

ဖေးယွင်ပြည်နယ်တွင် မြို့များနှင့် ခရိုင်များသာရှိသည်။ ခရိုင်မြို့ဆိုသည်ကို သူတစ်ခါမျှ မကြားဖူးခဲ့ချေ။

“ဒါက ကျိဖုန်းစီရင်စု၊ ရွှမ်းဟွားခရိုင်လား”

ရွှီနင်သည် မဟူရာသံချပ်ကာတပ်ဖွဲ့တွင် စာအုပ်များစွာ ဖတ်ရှုခဲ့ဖူးသဖြင့် ကျိဖုန်းစီရင်စုသည် ဖေးယွင်ပြည်နယ်၏ တောင်ဘက်တွင်ရှိကြောင်း သိထားသည်။

ကျိဖုန်းစီရင်စုရှိ ဒေသအများစုကို စီရင်စုများနှင့် ခရိုင်များအဖြစ် ပိုင်းခြားထားလေသည်။

“ဟုတ်တယ်”

ထိုလူက ခေါင်းညိတ်လိုက်ပြီး ရွှီနင်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရွှီနင်မှာ တစ်ဖက်လူ၏ အတည်ပြုစကားကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။

သူသည် ဖေးယွင်ပြည်နယ်တွင် အဖမ်းခံခဲ့ရပြီး ကျိဖုန်းစီရင်စုသို့ ခေါ်ဆောင်လာခံရခြင်း ဖြစ်သည်။

‘ငါ ပျောက်သွားတာကို အစ်မတို့မိသားစုသာသိရင် အရမ်းစိတ်ပူနေကြတော့မှာပဲ...’

ရွှီနင် စိုးရိမ်ပူပန်လာမိသည်။

ထိုလူက ရွှီနင်၏ မျက်နှာအမူအရာကို မြင်သောအခါ ရွှီနင် စိတ်ပူနေကြောင်း သိလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ထိုလူက ရွှီနင်ကို မေးလိုက်သည်။

“ကျွန်တော်က ရွှီနင်ပါ”

ရွှီနင်က သံတိုင်ကို မှီထိုင်လိုက်သည်။

“ရွှီနင်...” ထိုလူက ခေါင်းညိတ်လိုက်သည်။ “ငါ့နာမည်က ကျန်းမြန်”

“မင်း ဒီကိုရောက်လာမှတော့ လက်ရှိအခြေအနေကို လက်ခံပြီး အသက်ရှင်ဖို့ ကြိုးစားသင့်တယ်”

ကျန်းမြန်က ရွှီနင်ကို သတိပေးလိုက်သည်။

“အသက်ရှင်ဖို့ ကြိုးစားရမယ်...”

ရွှီနင် ခေါင်းမော့လိုက်ပြီး ကျန်းမြန်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအခါ ကျန်းမြန်က ရှင်းပြလေသည်။ “ငါတို့ ဝတ်ထားတဲ့ ခြေချင်းလက်ချင်းတွေက တူတူပဲဆိုတော့ ငါတို့ရဲ့ ခွန်အားချင်းလည်း တူလောက်တယ်။ ငါတို့လို နယ်ပယ်အဆင့်ရှိတဲ့ သိုင်းပညာရှင်တွေက မီးသလင်းကျောက်သတ္တုတွင်းရဲ့ နက်ရှိုင်းတဲ့ အလွှာတွေမှာ တူးဖော်ရတာကွ”

“မီးသလင်းကျောက်သတ္တုတွင်းက အရမ်းအန္တရာယ်များတယ်။ တူးဖော်နေတဲ့အချိန်မှာ အဆိပ်ငွေ့တွေ ထွက်လာတတ်ပြီး လေထဲမှာ ပျံ့နှံ့သွားရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်။ မင်းဘေးကင်းချင်ရင် အတွင်းအားကို အမြဲတမ်း အသက်သွင်းထားရမယ်။ အဆိပ်ငွေ့တွေကြောင့် ဒဏ်ရာမရအောင် ဂရုစိုက်”

ကျန်းမြန်က ဆက်ပြောသည်။ “ဒါ့အပြင် သတ္တုတွင်းရဲ့ နက်ရှိုင်းတဲ့ မြောင်းတွေထဲမှာ ကြောက်စရာကောင်းတဲ့ မြေအောက်သားရဲတွေ ရံဖန်ရံခါ ထွက်လာတတ်တယ်။ သူတို့က မိစ္ဆာသားရဲတွေရဲ့ မျိုးကွဲတွေလေ။ ဉာဏ်ရည်နိမ့်ပေမယ့် အရမ်းရက်စက်ကြမ်းကြုတ်တယ်”

“အဆိပ်ငွေ့တွေနဲ့ အဲဒီအန္တရာယ်ရှိတဲ့ သားရဲတွေကို ကာကွယ်ဖို့ဆိုတာ မလွယ်ဘူး”

ရွှီနင် ကြားလိုက်ရသောအခါ စိတ်ဓာတ်ကျသွားမိသည်။

ဒါက သူထင်ထားသလို အတိအကျပင်။ သူ ဒုက္ခရောက်ဖို့ သေချာသလောက် ရှိနေချေပြီ။

“မင်း ခြေချင်းတွေကို ချိုးဖျက်ပြီး ထွက်ပြေးချင်နေတာ ငါသတိထားမိပါတယ်...”

ကျန်းမြန်က ပြောသည်။ “ဒါပေမဲ့ အလကားပါပဲ... ငါလည်း ကြိုးစားဖူးတယ်”

“ဒီခြေချင်းတွေက သာမန်လူသားနယ်ပယ် အဆင့်လေးကနေ အဆင့်ခြောက် သိုင်းပညာရှင်တွေအတွက် သီးသန့်လုပ်ထားတာ။ ဒါကို ချိုးဖျက်ဖို့ဆိုရင် သာမန်လူသားနယ်ပယ် အဆင့်ခုနစ် ခွန်အား လိုအပ်တယ်။ ဒါပေမဲ့ ငါတို့က နေ့တိုင်း သတ္တုတွင်းထဲ သွားရတယ်၊ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကို ခုခံဖို့ အတွင်းအားနဲ့ ခွန်အားတွေကို အကုန်ထုတ်သုံးရတော့ ကျင့်ကြံဖို့ အချိန်လုံးဝမရှိဘူး”

“ဒါ့အပြင် ခြေချင်းတွေကို ဖြုတ်နိုင်ရင်တောင် အပြင်မှာ အစောင့်တွေ ချထားသေးတယ်။ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

ဤစကားကို ပြောနေစဉ် ကျန်းမြန်၏ မျက်နှာထားမှာ ထုံထိုင်းနေပုံရသည်။

သူသည် ယခင်က ထွက်ပြေးရန် ကြိုးစားခဲ့ဖူးသော်လည်း လက်တွေ့အခြေအနေကို သိရှိပြီးနောက် အရှုံးပေးလိုက်ပုံ ရလေသည်။

“ခြေချင်းကို ချိုးဖျက်ဖို့ သာမန်လူသားနယ်ပယ် အဆင့်ခုနစ် ခွန်အား လိုအပ်တယ်တဲ့လား...”

ရွှီနင်က သူ့ခြေလက်များရှိ ခြေချင်းများကို ကြည့်ရင်း စိတ်လေးသွားရသည်။

လက်ရှိတွင် သူသည် သာမန်လူသားနယ်ပယ် အဆင့်ခြောက်၌သာ ရှိသေးသည်။ အဆင့်ခုနစ်သို့ တက်လှမ်းလိုပါက စွမ်းအင် ၁၃၅ ယူနစ် လိုအပ်သည်။ သို့သော် တိုက်ပွဲဆုလာဘ်များနှင့် ထောက်ပံ့ကြေးများကို ထည့်တွက်လျှင်တောင် သူ့တွင် စွမ်းအင် ၃၀ ယူနစ်သာ ကျန်ရှိတော့သည်။

‘ဒီနေရာမှာ ဝိညာဉ်ဆေးပင် ရှာဖို့ဆိုတာ ခက်ခဲမှာပဲ’

‘နေပါဦး...’

ရွှီနင် ရုတ်တရက် အရာတစ်ခုကို သတိရသွားသည်။

သူ ခါးကို စမ်းကြည့်လိုက်သည်။

‘ရှိနေတုန်းပဲဟ’

ရွှီနင် ခါးပတ်ခေါင်းကို စမ်းမိလိုက်သည်။

ရွှီနင် ရုတ်တရက် မျှော်လင့်ချက် ရသွားလေသည်။

အကြောင်းမှာ ရွှီနင်၏ ရင်းမြစ်တစ်ထောင်ပိုးကောင်သည် ဤခါးပတ်ခေါင်းထဲတွင် ရှိနေသောကြောင့်ပင်။

ခရီးမထွက်မီက ရွှီနင်သည် ကြွေအိုးသယ်ဆောင်ရသည်မှာ အဆင်မပြေဟု ခံစားရသဖြင့် ရင်းမြစ်တစ်ထောင်ပိုး‌ကောင်အား မည်သို့သယ်ဆောင်ရမည်ကို ဝေ့ပင်လင်အား မေးမြန်းခဲ့ဖူးသည်။

ထိုစဉ်က ဝေ့ပင်လင်သည် ရွှီနင်ကို ခါးပတ်တစ်ခု ပေးခဲ့သည်။ ဤခါးပတ်၏ ခါးပတ်ခေါင်းတွင် သေးငယ်သည့် လျှို့ဝှက်နေရာလွတ်လေးတစ်ခု ပါရှိပြီး ယွင်ယင်းမြို့ မဟူရာသံချပ်ကာတပ်ဖွဲ့မှ လျှို့ဝှက်သတင်းအချက်အလက်များ သယ်ဆောင်ရန် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

ဝေ့ပင်လင်သည် သူ၏ ရင်းမြစ်တစ်ထောင်ပိုးကောင်အား ဤလျှို့ဝှက်နေရာလွတ်ထဲတွင် ထည့်ကာ သယ်ဆောင်လေ့ရှိသည်။

ရင်းမြစ်တစ်ထောင်ပိုး‌ကောင်သည် လှုပ်ရှားရသည်ကို မနှစ်သက်သောကြောင့် ဤနေရာကျဉ်းလေးသည် ၎င်းနေထိုင်ရန် လုံလောက်လေသည်။

‘ဝေ့ပင်လင် ဒီခါးပတ်ပေးလိုက်လို့ တော်သေးတာပေါ့’

ရွှီနင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သတ္တုတွင်းသို့ မပို့မီ သူ အရှာဖွေခံခဲ့ရမှန်း သိသော်လည်း ဤအရာက လွတ်မြောက်ခဲ့သည်။

‘ရင်းမြစ်တစ်ထောင်ပိုးကောင် ရှိနေရင် ငါလွတ်မြောက်ဖို့ မျှော်လင့်ချက် ရှိတယ်’

ရွှီနင် စိတ်လှုပ်ရှားသွားသည်။

ရင်းမြစ်တစ်ထောင်ပိုးကောင်ကို အစာကျွေးစရာမလိုပေ။ ၎င်းသည် ဝိညာဥ်စွမ်းအင်ကို စုပ်ယူပြီး ကြီးထွားနိုင်လေသည်။

ထို့အပြင် နေရာကျဉ်းကျပ်နေသော်လည်း ဝိညာဉ်ပုံဆောင်ခဲ ထုတ်လုပ်နိုင်စွမ်းမှာ ကျဆင်းသွားမည် မဟုတ်ပေ။

‘ဘာလဲဟ’

ရွှီနင် စိတ်ဓာတ်ကျမနေဘဲ တည်ငြိမ်သွားသည်ကို မြင်သောအခါ ကျန်းမြန် နားမလည်နိုင် ဖြစ်သွားသည်။

သို့သော် ကျန်းမြန် သိပ်မတွေးတော့ပေ။ ရွှီနင်တစ်ယောက် လက်ရှိအခြေအနေကို မြန်မြန်ဆန်ဆန် လက်ခံလိုက်နိုင်သည်ဟုသာ ယူဆလိုက်သည်။

“နောက်ထပ် နာရီဝက်နေရင် သတ္တုတွင်းထဲ သွားရတော့မှာ၊ အဲဒီတော့ နည်းနည်းလောက် ထပ်နားထားဖို့ အကြံပေးချင်တယ်”

ကျန်းမြန်က အခြေအနေကို ရှင်းပြပြီးနောက် ကုတင်ငယ်လေးပေါ်တွင် လှဲကာ မျက်လုံးမှိတ်လိုက်သည်။

ကျန်းမြန် နားနေသည်ကို မြင်သောအခါ ရွှီနင်လည်း သူ့ကုတင်ပေါ်တွင် လှဲလိုက်သည်။

ကုတင်ဆိုသော်လည်း တကယ်တမ်းတွင် သစ်သားပြားတစ်ချပ်သာ ဖြစ်သည်။

သူတို့၏ အချုပ်ခန်းမှာ ကျဉ်းမြောင်းပြီး အတွင်း၌ ကုတင်ငယ်နှစ်လုံးမှလွဲ၍ ဘာမှမရှိပေ။

ဤအချုပ်ခန်းကို မြေပြင်ပေါ်တွင် ဆောက်လုပ်ထားသဖြင့် အဝေးမှ သတ္တုတွင်းကို ရှင်းလင်းစွာ မြင်နေရသည်။

ဤသို့ဖြင့် ကြီးကြပ်သူများအနေဖြင့် အလုပ်သမားများ၏ အခြေအနေကို အချိန်မရွေး စစ်ဆေးနိုင်ပေသည်။

ရွှီနင်က ကျန်းမြန်ကို ကြည့်လိုက်ရာ အိပ်ပျော်နေပုံရသည်။

ရွှီနင်သည် ခါးပတ်ကို တိတ်တဆိတ် ဝတ်ဆင်လိုက်ပြီး လျှို့ဝှက်နေရာလွတ်လေးကို ဖွင့်လိုက်သည်။

မှောင်နေသော နေရာလွတ်လေး‌ထဲတွင် တွားသွားနေသော အဖြူရောင်ပိုးကောင်ဝဝလေးနှင့် ၎င်း၏ဘေးတွင် ကြည်လင်နေသော ကျောက်သလင်းတစ်ခုကို သူ တွေ့လိုက်ရသည်။

‘ငါ သတိမေ့သွားတာ အနည်းဆုံး နှစ်ရက်လောက် ရှိပြီနဲ့တူတယ်’

ရွှီနင် ခန့်မှန်းလိုက်သည်။

အဖမ်းမခံရမီက ရွှီနင်သည် အဝိညာဥ်ပုံဆောင်ခဲတစ်ခုကို စုပ်ယူခဲ့ပြီးဖြစ်သည်။

ယခု နောက်ထပ်တစ်ခု ထွက်ပေါ်လာခြင်းက အနည်းဆုံး နှစ်ရက်ခန့် ကုန်လွန်သွားကြောင်း ပြသနေသည်။

ရွှီနင်၏ ရင်းမြစ်တစ်ထောင်ပိုးကောင်သည် စိတ်ဝိညာဉ်ပုံဆောင်ခဲများအား မကြာခဏ ထုတ်လုပ်ပေးလေ့ရှိသည်။

လျိုယီးကျန့်ထံမှ ဝေ့ပင်လင် ရရှိခဲ့သော ရင်းမြစ်တစ်ထောင်ပိုးကောင်သည် အကောင်ပေါက်ပြီးနောက် စိတ်ဝိညာဉ်ပုံဆောင်ခဲတစ်ခု ထုတ်လုပ်ရန် ငါးရက်ခန့် ကြာမြင့်သည်။

သို့သော် ရွှီနင်၏ ရင်းမြစ်တစ်ထောင်ပိုးကောင်မှာမူ နှစ်ရက် သုံးရက်လျှင် တစ်ကြိမ်ခန့် ထုတ်လုပ်ပေးနိုင်သည်။

—

စွမ်းအင် ရှာတွေ့သည် - ၁ ယူနစ်

စုပ်ယူမည်လား။

လုပ်မည်/မလုပ်ပါ

—

ရွှီနင်သည် စိတ်ဝိညာဉ်ပုံဆောင်ခဲကို တိတ်တဆိတ် စုပ်ယူလိုက်သည်။

‘စိတ်နယ်ပယ်ကို တက်လှမ်းဖို့ဆိုရင် နောက်ထပ် စွမ်းအင် ၁၀၀ ယူနစ်လောက် လိုသေးတယ်...’

ရွှီနင် တွေးလိုက်မိသည်။ ‘ဒီရင်းမြစ်တစ်ထောင်ပိုးကောင်က တစ်လကို စွမ်းအင် ၁၂ ယူနစ်လောက် ပေးနိုင်တယ်။ စွမ်းအင်လုံလောက်ဖို့ဆိုရင် ဆယ်လနီးပါးလောက် ကြာလိမ့်မယ်’

အချိန်အတော်ကြာမည်ဟု ရွှီနင် ခံစားမိသည်။

ကျန်းမြန် ပြောစကားအရဆိုလျှင် ဤဆယ်လတာကာလသည် အလွန်ခက်ခဲပေလိမ့်မည်။

‘ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသေးတာပေါ့’

ရွှီနင် အကောင်းမြင်စိတ် မွေးလိုက်သည်။

ရွှီနင်သည် လူသန်ကြီး၏ လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားသော အစောင့်ငါးယောက်အကြောင်း ပြန်တွေးမိပြီး ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာပင် ထိုအဘွားအိုက သူ့ကို သတ္တုတွင်းလုပ်သားအဖြစ် ပြန်ပေးဆွဲလိုကြောင်း ပြောခဲ့၍သာ၊ သို့မဟုတ်ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ရွှီနင်သည် လျှို့ဝှက်နေရာလွတ်လေးကို ဂရုတစိုက် ပြန်ပိတ်လိုက်သည်။

ထို့နောက် ကျန်းမြန်ကဲ့သို့ပင် မျက်လုံးမှိတ်ထားလိုက်လေသည်။

နာရီဝက်ပင် မကြာလိုက်မှီမှာပင် ရွှီနင် ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။

ကြီးကြပ်သူအချို့သည် အချုပ်ခန်းတန်းများတစ်လျှောက် လျှောက်လာပြီး သံတိုင်များကို တစ်ခုပြီးတစ်ခု လိုက်ခေါက်နေကြသည်ကို တွေ့လိုက်ရ၏။

“ထကြ၊ ထကြ... သတ္တုတွင်း သွားရမယ်”

ကြီးကြပ်သူများ၏ မျက်နှာထားမှာ စိတ်မရှည်ပုံရပြီး ကြမ်းတမ်းခက်ထန်နေသည်။

ရွှီနင်သည် သူတို့၏ ခြေလှမ်းများ၊ လှုပ်ရှားမှုများနှင့် အရှိန်အဝါများကို အကဲခတ်ကြည့်ရာ ဤကြီးကြပ်သူများမှာ မည်သူမျှ အားမနည်းကြောင်း သတိပြုမိလိုက်သည်။

သတ္တုတွင်းလုပ်သားများမှာ နေ့စဉ် ချုပ်နှောင်ခံထားရသဖြင့် ကြီးကြပ်သူများအနေဖြင့် အလွယ်တကူ ထိန်းချုပ်နိုင်လေသည်။

ထို့အပြင် သူတို့၏ လူအင်အားမှာလည်း မနည်းလှပေ။ သာမန်လူသားနယ်ပယ် အဆင့်ကိုး သိုင်းပညာရှင်များပင် ပါဝင်နေသဖြင့် အနားယူနေသော အလုပ်သမားများကို သူတို့ ကြောက်ရွံ့စရာ မလိုပေ။

“သွားကြစို့”

ကျန်းမြန် ထထိုင်လိုက်သည်။ သူ မတ်တတ်ရပ်လိုက်သောအခါ မျက်နှာတွင် မျှော်လင့်ချက်မဲ့နေသော အမူအရာများ ပေါ်နေသည်။

ဤအချိန်တွင် ရွှီနင်လည်း ထလိုက်ပြီး ကျန်းမြန်နောက်သို့ လိုက်ရုံသာ ရှိတော့သည်။

တံခါးပွင့်သွားပြီးနောက် သတ္တုတွင်းလုပ်သားများ စတင် စုရုံးလာကြလေသည်။

All Chapters