အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အခန်း (၄၈၁) ပြိုင်ဘက်ကင်း ဓားဝိညာဉ်။ လောကကို တုန်လှုပ်စေပြီး လုထုကို ထိတ်လန့်စေသော သံဖြတ်ဓားသိုင်း။ (၃)
(T/N အရင်အပိုင်းများမှ ပန်းသုံးပွင့် စုဝေးခြင်းကို “ထိပ်သီးပန်းသုံးပွင့်” သို့လည်းကောင်း၊ မူလအခြေသို့ စွမ်းအင်ငါးမျိုး ဦးတည်ခြင်းကို “မူလဓာတ်ငါးပါး” သို့လည်းကောင်း ဆီလျော်အောင် ပြောင်းလဲပြန်ဆိုထားပါကြောင်း။)
ဓားသိုင်းပညာရပ်မှာ နောက်ထပ်တစ်ကြိမ် အဆင့်တက်သွားပြီး စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဓားချီနှင့် ဓားစွမ်းအားတို့သည် ပေါင်းစပ်သွားခဲ့သည်။ ပို၍ တိတိကျကျ ပြောရလျှင် ၎င်းတို့သည် သူ၏ သိစိတ်ပင်လယ်အတွင်းသို့ ပေါင်းစည်းသွားကာ ပိုမိုမြင့်မားသော အဆင့်ဖြစ်သည့် "အသိစိတ်ဝိညာဉ်" သို့မဟုတ် "ဓားဝိညာဉ်" အဖြစ်သို့ ကူးပြောင်းသွားခြင်းပင်။
ဓားစွမ်းအားများ စုစည်းကာ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ကိုယ်တိုင်က ကောင်းကင်နှင့် မြေကြီး၏ အင်အားများကို သိုမှီးထားသည့် တန်ဖိုးမဖြတ်နိုင်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားဝိညာဉ်နယ်ပယ်ဟူသည် မရေမတွက်နိုင်သော ဓားသမားများ တက်လှမ်းရန် မျှော်လင့်တောင့်တကြသည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်သည်။
လူတစ်ယောက်သည် အသိစိတ်ရှိ၍ လူဖြစ်လာသကဲ့သို့ ဓားတစ်လက်သည်လည်း အသိစိတ်ရှိမှသာ ဝိညာဉ်ရှိလာပေမည်။
ဓားချီနှင့် ဓားစွမ်းအားတို့၏ အနှစ်သာရမှာ စွမ်းအင်တစ်မျိုးသာ ဖြစ်သော်လည်း သိစိတ်ပင်လယ်နှင့် ပေါင်းစည်းသွားသည့်အခါ စွမ်းအင်အဆင့်မှ အသိစိတ်အဆင့်သို့ ကူးပြောင်းသွားသည်။ ၎င်းသည် ပိုမိုနက်ရှိုင်း၍ ဖမ်းဆုပ်ရန် ခက်ခဲသော်လည်း အမှန်တကယ် တည်ရှိနေသော အရာဖြစ်သည်။
ဓားစွမ်းအားကို ခန္ဓာကိုယ်အတွင်း စုစည်းကာ အသိစိတ်နှင့် ပေါင်းစပ်လိုက်သောအခါ သာမန်ခုတ်ချက်တစ်ခုကပင် ကောင်းကင်ယံကို တုန်ဟည်းစေနိုင်သည်။
အကြည့်တစ်ချက်ကပင် ရန်သူ၏ စိတ်ဓာတ်ကို ချေမှုန်းနိုင်ပြီး တစ်ချက်တည်းနှင့် ရန်သူ၏ ဝိညာဉ်နှင့် သိစိတ်ကိုပါ သတ်ပစ်နိုင်သည်။
၎င်းသည် ရုပ်ပိုင်းဆိုင်ရာအဆင့်မှ နာမ်ပိုင်းဆိုင်ရာအဆင့်သို့ ကူးပြောင်းသွားသည့် အသွင်ပြောင်းလဲမှုပင် ဖြစ်သည်။
"ဒီခရီးစဉ်ကနေ ရရှိတဲ့ အကြီးမားဆုံး အကျိုးအမြတ်က မိစ္ဆာသတ်ဓားမဟုတ်ဘဲ ငါ့ရဲ့ ဓားဝိညာဉ်ကို ဖော်ဆောင်နိုင်ခဲ့တာပဲ။ ငါ့ရဲ့ ဓားဝိညာဉ်ကိုယ်တိုင်ကိုက.... မိစ္ဆာသတ်ဓား ဖြစ်နေတာပဲ"
စူးချန်ခုန်းသည် သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ သိစိတ်ပင်လယ်အတွင်း ငြိမ်သက်စွာ လွင့်မျောနေသော ဓားဝိညာဉ်ကို အတွင်းစိတ်ဖြင့် ကြည့်ရှုရင်း ဝမ်းသာပီတိ ဂွမ်းဆီထိနေမိသည်။
စူးချန်ခုန်းက နတ်ဘုရားလက်နက်အိမ်တော်သို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ မိစ္ဆာသတ်ဓားအကြောင်းကို နားလည်ရန်၊ နည်းပညာသင်ယူရန်နှင့် ဓားတစ်လက် သွန်းလုပ်ရန်ဖြစ်သည်။ သို့မှသာ နောင်တွင် မသေမျိုးခန္ဓာရှိသည့် နတ်ဆိုးများကို ရင်ဆိုင်ရပါက အနိုင်ယူနိုင်မည်ဖြစ်သည်။
သို့သော် ယခုအခါ စူးချန်ခုန်းက ၎င်းကို မလိုအပ်တော့ဟု ခံစားလိုက်ရသည်။ မိစ္ဆာသတ်ဓား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓိကမဟုတ်တော့ဘဲ သူ၏ ဓားဝိညာဉ်သည်သာ ရန်သူအားလုံးကို ချေမှုန်းနိုင်သည့် နတ်ဘုရားလက်နက် ဖြစ်လာခဲ့သည်။
နတ်ဆိုးများ၏ ကြောက်မက်ဖွယ်ကောင်းသော အချက်မှာ ထူးဆန်းသည့် နတ်ဆိုးအတတ်များအပြင် လူသားများ တိုက်ခိုက်ရန် မဖြစ်နိုင်သော သူတို့၏ မသေမျိုးခန္ဓာကိုယ်ပင် ဖြစ်သည်။
လူသားသိုင်းပညာရှင်တစ်ဦးသည် အလွန်တရာ အစွမ်းထက်ပြီး ၎င်းတို့ကို လုံးဝလွှမ်းမိုးထားနိုင်မှသာ အနိုင်ရရှိမည်ဖြစ်သည်။
မသေမျိုးခန္ဓာကိုယ်က မည်မျှပင် သန်မာပါစေ ရုပ်ပိုင်းဆိုင်ရာအဆင့်တွင်သာ ရှိနေသေးသည်။ စူးချန်ခုန်း၏ ဓားသိုင်းကမူ နာမ်ပိုင်းဆိုင်ရာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ ဓားဝိညာဉ်ကို ထုတ်ဖော်လိုက်သည်နှင့် ရန်သူကို ဝိညာဉ်အဆင့်တွင် သတ်ဖြတ်နိုင်သည်။ နတ်ဆိုးများမှာ မသေမျိုးခန္ဓာရှိသော်လည်း သူတို့၏ ဝိညာဉ်နှင့် စိတ်ဓာတ် ပျက်စီးသွားပါက ကျန်ရှိသော ခန္ဓာကိုယ်မှာ အခွံသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ဓားအသိစိတ်သည် သာမန်လူသား သိုင်းပညာရှင်တစ်ဦး ဓားသိုင်းလေ့ကျင့်ရာတွင် တက်လှမ်းနိုင်သည့် သီအိုရီအရ အမြင့်ဆုံးနယ်ပယ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
မူလနယ်ပယ် သိုင်းပညာရှင်များသည် ကောင်းကင်သွေးကြောများကို ပျိုးထောင်ကြပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို သန်မာစေပြီး " ထိပ်သီးပန်းသုံးပွင့်နှင့် မူလဓာတ်ငါးပါး" နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားကြသည်။
ကောင်းကင်သွေးကြော ၁၂ ခုကို ဖွင့်လှစ်ပြီး "ထိပ်သီးပန်းသုံးပွင့်" အဆင့်သို့ ရောက်ရှိသည့် မူလနယ်ပယ် သိုင်းပညာရှင် အတော်များများ ရှိသော်လည်း "မူလဓာတ်ငါးပါး" ဟူသော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသူမှာ အလွန်နည်းပါးသည်။
အကြောင်းမှာ "မူလဓာတ်ငါးပါး" အဆင့်သည် လူ့ခန္ဓာကိုယ်၏ စွမ်းအင်ငါးမျိုးကို သိစိတ်ပင်လယ်အတွင်း ပေါင်းစည်းရန် လိုအပ်သောကြောင့်ဖြစ်သည်။ ဤအဆင့်သည် အလွန်နက်ရှိုင်းလှပြီး သိစိတ်နှင့် ဝိညာဉ်အဆင့်ကို ထိတွေ့နိုင်မှသာ ရရှိနိုင်သည်။
ထို့ကြောင့် "မူလဓာတ်ငါးပါး" အဆင့်သို့ ရောက်ရန်အတွက် ဓားဝိညာဉ်၊ ဓားရှည်ဝိညာဉ် သို့မဟုတ် လက်သီးဝိညာဉ်ကဲ့သို့သော သိုင်းပညာ၏ အသိစိတ်နယ်ပယ်ကို နားလည်ထားရန် လိုအပ်သည်။ ၎င်းသည် အမြင့်ဆုံးအဆင့်သို့ တက်လှမ်းရန် အခြေခံအုတ်မြစ်ဖြစ်သည်။
ဓားဝိညာဉ်အသိစိတ်ကို နားလည်သူတိုင်းက "မူလဓာတ်ငါးပါး" အဆင့်ရှိ ပညာရှင်များ မဟုတ်ကြသော်လည်း "မူလဓာတ်ငါးပါး" အဆင့်ရှိ ပညာရှင်တိုင်းသည် သူတို့၏ သိုင်းပညာကို အသိစိတ်ဝိညာဉ်နယ်ပယ်အထိ လေ့ကျင့်ထားသူများသာ ဖြစ်ရမည်။
အဓိက ဂိုဏ်းကြီးများ၊ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော မိသားစုများနှင့် တော်ဝင်မိသားစုများတွင် "ထိပ်သီးပန်းသုံးပွင့်" အဆင့်ရှိ သိုင်းပညာရှင်များ ရှိသော်လည်း "မူလဓာတ်ငါးပါး" အဆင့်သို့ ရောက်နိုင်သူမှာ အလွန်ရှားသည်။ ဤအဆင့်သို့ ရောက်ရှိသူကို "သိုင်းပညာရှင်ကြီး" ဟု ရိုသေသမှုဖြင့် ခေါ်ဝေါ်ကြပြီး မူလနယ်ပယ်အတွင်း ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။
သူတို့သည် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်အောက်တွင် အင်အားအကြီးဆုံးဖြစ်ပြီး ကိုယ်ပိုင်ဂိုဏ်းထောင်နိုင်သည့် အစွမ်းရှိသူများဖြစ်သည်။
စူးချန်ခုန်း၏ ဓားဝိညာဉ်အသိစိတ်ကို နားလည်မှုအရ သူသည် အခြေခံကောင်းများ ရရှိထားပြီဖြစ်ရာ နောင်တစ်ချိန်တွင် ကောင်းကင်သွေးကြော ၁၂ ခုစလုံးကို ဖွင့်ပြီး "မူလဓာတ်ငါးပါး" အဆင့်သို့ တက်လှမ်းရန်မှာ သူ၏အတွက် မခက်ခဲတော့ပေ။
ဤအချက်ကို ထုတ်ပြောပါက လူအများ ယုံကြည်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် သွေးကြော ၁၂ ခုစလုံး ဖွင့်နိုင်သော်လည်း အသိစိတ်နယ်ပယ်သို့ မရောက်နိုင်သည့်အတွက် အမြင့်ဆုံးအဆင့်သို့ မတက်လှမ်းနိုင်ဘဲ ကျရှုံးခဲ့ကြရသည်။
သို့သော် မူလနယ်ပယ်သို့ ရောက်ရှိသည်မှာ မကြာသေးသော စူးချန်ခုန်းသည် "ဓာတ်ငါးပါး ဆရာသခင်" ဖြစ်လာမည့် အခြေခံကို ပိုင်ဆိုင်နေပြီဖြစ်ရာ ၎င်းမှာ အံ့သြဖွယ်ရာ ပါရမီရှင်ပင် ဖြစ်သည်။
"ငါ့ရဲ့ ဓားဝိညာဉ်နယ်ပယ်နဲ့ဆိုရင်... မိစ္ဆာတွေရဲ့ မသေမျိုးခန္ဓာကိုယ်က ငါ့အတွက် ဘာမှမဟုတ်တော့ဘူး။ ဒါကြောင့် မိစ္ဆာသတ်ဓားလည်း မလိုတော့ဘူး။ ဒါပေမဲ့ ပန်းပဲပညာကိုတော့ အဆင့် ၉ ထိ ရောက်အောင် ဆက်လေ့ကျင့်သင့်တယ်" စူးချန်ခုန်းက ခပ်ရေးရေးပြုံးကာ တွေးလိုက်သည်။
ယခင်က ဖုန်းရိယွဲ့နှင့် ရင်ဆိုင်ရစဉ်က စူးချန်ခုန်းမှာ အားအနည်းဆုံးဖြစ်ခဲ့ပြီး သူ့ကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။ ထိုစဉ်က ရန်သူက ဒီအတိုင်း ငြိမ်နေလျှင်တောင် သူ၏ မသေမျိုးခန္ဓာကိုယ်ကို စူးချန်ခုန်းက ဘယ်လိုမှ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ယခုအခါ ဖုန်းရိယွဲ့နှင့် ထပ်မံရင်ဆိုင်ရပါက စူးချန်ခုန်းသည် ဓားဝိညာဉ်နယ်ပယ်ဖြင့် ယှဉ်ပြိုင်ရန် အပြည့်အဝ ယုံကြည်မှု ရှိနေပြီဖြစ်သည်။ ရန်သူက အရင်အတိုင်း သူ့ကို တိုက်ခိုက်ခွင့်ပြုပါက သေချာပေါက် သေတွင်းထဲသို့ သက်ဆင်းရပေလိမ့်မည်။
စူးချန်ခုန်းသည် အားကိုးရာမဲ့သည့် ခံစားချက်ကို မုန်းတီးသူဖြစ်ပြီး ယခုအခါ ထိုခံစားချက်သည် သူ၏ အစွမ်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေပြီ။
အင်အားသည်သာ သတ္တိနှင့် ယုံကြည်မှု၏ ကျောထောက်နောက်ခံဖြစ်သည်။
စူးချန်ခုန်း၏ အစီအစဉ်မှာ ရိုးရှင်းပါသည်။ နတ်ဘုရားလက်နက်စံအိမ်တွင် ပန်းပဲပညာကို အဆင့် ၉ ထိ ဆက်လက်လေ့ကျင့်ရန်ဖြစ်သည်။ သူ၏ ပါရမီဖြင့်ဆိုလျှင် တစ်လ သို့မဟုတ် နှစ်လအတွင်း သိသိသာသာ အဆင့်တက်လာမည် ဖြစ်သည်။
နောင်အနာဂတ်အတွက် အစီအစဉ်မှာ သိုင်းပညာနယ်ပယ်တွင် ဆက်လက်တိုးတက်ရန်ဖြစ်သည်။ သူသည် မူလနယ်ပယ်သို့ ရောက်ရှိသည်မှာ ခြောက်လသာ ရှိသေးပြီး သွေးကြော ၁၂ ခုတွင် တစ်ခုသာ ဖွင့်နိုင်သေးသည်။ သိုင်းပညာနယ်ပယ်သည်သာ အရာအားလုံး၏ အခြေခံဖြစ်ပြီး အခြေခံမခိုင်မာပါက တိုးတက်မှုမှာ ကန့်သတ်ချက် ရှိနေမည်ဖြစ်သည်။
မိုးသောက်ချိန် ရောက်သောအခါ စူးချန်ခုန်းသည် သူ၏ ပုံမှန်အလုပ်ဖြစ်သော လက်နက်သွန်းလုပ်ခြင်းနှင့် အတတ်ပညာ လေ့ကျင့်ဆည်းပူးခြင်းအတွက် တောင်ထိပ်ရှိ အလုပ်ရုံသို့ သွားခဲ့သည်။
"စူးထိုက်လိုင် ဒီနေ့ ဘာဒဏ်ရာမှ မရလာဘူးလား"
စူးချန်ခုန်းကို အမြဲသတိထားကြည့်နေသော လုယာသည် အံ့သြသွားလေ၏။ ယခင်ကဆိုလျှင် စူးချန်ခုန်းသည် လက်နက် ဒဏ်ရာအနည်းငယ် အမြဲပါလေ့ရှိသော်လည်း ယနေ့တွင်မူ မည်သည့် ဒဏ်ရာမှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
အခန်း (၄၈၂) ပြိုင်ဘက်ကင်း ဓားဝိညာဉ်။ လောကကို တုန်လှုပ်စေပြီး လုထုကို ထိတ်လန့်စေသော သံဖြတ်ဓားသိုင်း။ (၄)
စူးချန်ခုန်း၏ ဓားသိုင်းသည် ဓားဝိညာဉ်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လုယာတစ်ယောက် သိမှာမဟုတ်ပါ။ အရပ်မျက်နှာအသီးသီးမှ ပညာရှင်များ၏ နတ်ဘုရားအသိစိတ်များဖြင့် ဖွဲ့စည်းထားသည့် သိုင်းပညာရှင်ပုံရိပ်ယောင်များသည် စူးချန်ခုန်း၏ စစ်မှန်သော သိုင်းပညာစွမ်းရည်ရှေ့တွင် အနည်းငယ်မျှပင် ခြိမ်းခြောက်မှု မပေးနိုင်တော့သလို သူ့ထံတွင် ဒဏ်ရာအနာတရဖြစ်အောင်လည်း မစွမ်းဆောင်နိုင်တော့ချေ။
"ဒေါင်... ဒေါင်... ဒေါင်..."
စူးချန်ခုန်းသည် သူ၏ တူကို လွှဲရိုက်နေစဉ်အတွင်း အလွန်တရာ စိတ်အေးလက်အေးရှိကာ ပျော်ရွှင်နေလေ၏။ သူသည် လက်နက်သွန်းလုပ်ခြင်းကို အလုပ်တစ်ခုကဲ့သို့ သဘောမထားဘဲ ဝါသနာတစ်ခုလို မှတ်ယူထားသောကြောင့် အလွန်တရာ နှစ်သက်သဘောကျနေခြင်း ဖြစ်သည်။
သူ၏ ပန်းပဲပညာမှာလည်း တရိပ်ရိပ် တိုးတက်နေပြီး နဝမမြောက်နယ်ပယ်သို့ ရောက်ဖို့က အနှေးနှင့်အမြန်သာ။
စူးချန်ခုန်း၏ ဓားသိုင်းပညာ အဆင့်တစ်ဆယ်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ တစ်လရှိပြီဖြစ်ပြီး သူသည် နတ်ဘုရားလက်နက်အိမ်တော်သို့ ရောက်နေသည်မှာ ခြောက်လကျော်ခဲ့ပြီဖြစ်သည်။
"အားလုံးပဲ ဒီတစ်လော တော်တော်လေး ကြိုးစားခဲ့ကြပါတယ်။ အိမ်တော်သခင်က နတ်ဘုရားလက်နက်အိမ်တော်ကို သုံးရက်ကြာ အနားယူဖို့ အမိန့်ထုတ်ထားတယ်။ ဒါကြောင့် အားလုံးပဲ ဒီအတောအတွင်း ကောင်းကောင်းအနားယူကြပါ" တစ်နေ့တွင် အလုပ်သိမ်းချိန်၌ လုယာက လူတိုင်းကို သတင်းစကားပါးလိုက်သည်။
"အနားယူရမယ်... သုံးရက်ဆက်တိုက်လား" စူးချန်ခုန်း အနည်းငယ် အံ့သြသွားလေ၏။
နတ်ဘုရားလက်နက်အိမ်တော်တွင် တစ်ပတ်လျှင် တစ်ရက် အနားယူလေ့ရှိသော်လည်း လွန်ခဲ့သော ခြောက်လအတွင်း သုံးရက်ဆက်တိုက် အနားယူတာမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။
"သိပ်ကောင်းတာပဲ။ သုံးရက်တောင် နားရမှာဆိုတော့... ငါတော့ ဆောင်ကြာမြိုင်ကို သွားပြီး ပျော်ပါးလိုက်ဦးမယ်။"
လူအများစုမှာ သုံးရက်နားရမည်ဟု ကြားလိုက်ရသည့်အခါ ဝမ်းသာအားရ လက်ခံခဲ့ကြသည်။
စူးချန်ခုန်းမှာလည်း ဤအချက်အပေါ် ကန့်ကွက်စရာ မရှိပေ။ သူသည် သူ၏ နေအိမ်သို့ ပြန်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။
ထိုအချိန်အတောအတွင်း နတ်ဘုရားလက်နက်အိမ်တော်သည် အပြင်လူများကို လက်မခံတော့ဘဲ အိမ်တော်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
သို့သော်လည်း ညအချိန်တွင်မူ နတ်ဘုရားလက်နက်အိမ်တော်၏ တောင်ထိပ်မှာ ငြိမ်သက်ခြင်းမရှိပေ။
တောင်ထိပ်၏ အလယ်ဗဟိုတွင် စက်ဝိုင်းပုံ မီးတောင်ဝတစ်ခု ရှိနေပြီး အပေါ်မှ ငုံ့ကြည့်ပါက အတွင်းရှိ နီရင့်ရင့် ချော်ရည်များကို မြင်တွေ့နိုင်သည်။
နတ်ဘုရားလက်နက်အိမ်တော်၏ လက်နက်သွန်းလုပ်ဆောင်များမှာ တောင်ထိပ်နှင့် နီးကပ်စွာ တည်ရှိနေခြင်းမှာ ဤတောင်သည် ပေါက်ကွဲခြင်းမရှိသော ငုပ်လျှိုးနေသည့် မီးတောင်ဖြစ်သောကြောင့် သွန်းလုပ်ခြင်းအတွက် မြေအောက်အပူရှိန်ကို ထုတ်ယူအသုံးပြုနိုင်ခြင်းကြောင့် ဖြစ်သည်။
တောင်ထိပ်ရှိ မီးတောင်ဝမှာမူ နတ်ဘုရားလက်နက်အိမ်တော်မှ မည်သူမျှ မချဉ်းကပ်ဝံ့သည့် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ ၎င်းမှာ အလွန်အန္တရာယ်များပြီး အမှားအယွင်းတစ်ခုကြောင့် အတွင်းသို့ ကျသွားပါက ပြာဖြစ်သွားပေလိမ့်မည်။
မီးတောင်ဝတွင် လုယာအပါအဝင် လူငါးဦး ရပ်နေကြပြီး ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားတစ်ဦးက ဦးဆောင်ထားသည်။ ထိုသူကား နတ်ဘုရားလက်နက်အိမ်တော်၏ အိမ်တော်သခင် နန်ကုန်းမင်ပင် ဖြစ်သည်။
"အိမ်တော်သခင်... ကျွန်တော်တို့ တကယ်ပဲ မိစ္ဆာသတ်ဓားကို သွန်းလုပ်တော့မှာလား"
လုယာ၏ အိုမင်းသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေသည်။
"ဒါပေါ့။ ငါ ကလေးဘဝကတည်းက ဒါကို စောင့်နေခဲ့တာ။ အခု အချိန်ကျလာပြီဆိုမှတော့ မိစ္ဆာသတ်ဓားကို သေချာပေါက် သွန်းလုပ်ရမှာပဲ"
တံဆိပ်ခတ်နှိပ်ထားသော သံသေတ္တာတစ်လုံးကို ကိုင်ထားရင်း နန်ကုန်းမင်၏ မျက်နှာမှာ ပြတ်သားမှုများဖြင့် အပြည့်။
နတ်ဘုရားလက်နက်အိမ်တော်သည် "ကမ္ဘာပေါ်တွင် အကောင်းဆုံး လက်နက်သွန်းလုပ်ရာနေရာ" ဟု ကျော်ကြားသော်လည်း မိစ္ဆာသတ်ဓားကို သွန်းလုပ်နိုင်သည်ဟု လူသိရှင်ကြား မည်သည့်အခါမျှ မကြေညာခဲ့ပေ။ မေးလာခဲ့လျှင်ပင် ထိုသို့သောလက်နက်ကို သွန်းလုပ်နိုင်စွမ်းမရှိကြောင်း ငြင်းဆိုလေ့ရှိသည်။
၎င်းမှာ ပြဿနာများကို ရှောင်ရှားရန်ဖြစ်သော်လည်း အမှန်တကယ်တွင်မူ နတ်ဘုရားလက်နက်အိမ်တော်၌ မိစ္ဆာသတ်ဓား သွန်းလုပ်ခြင်းဆိုင်ရာ လျှို့ဝှက်ချက် ရှိနေပြီး အိမ်တော်သခင် နန်ကုန်းမင်သည် တိတ်တဆိတ် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
နန်ကုန်းမင်အတွက် မိစ္ဆာသတ်ဓားကို သွန်းလုပ်ခြင်းမှာ ဖခင်ဖြစ်သူ၏ ဆန္ဒသာမက သူကိုယ်တိုင်၏ ရည်မှန်းချက်လည်း ဖြစ်သည်။
"ငါတို့သာ မိစ္ဆာသတ်ဓားကို သွန်းလုပ်နိုင်ပြီး အစွမ်းရှိတဲ့သူတစ်ယောက်က အဲဒီဓားကို သုံးပြီး မိစ္ဆာတွေကို သတ်နိုင်မယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေနဲ့ ပေးဆပ်မှုတွေအားလုံးက တန်သွားလိမ့်မယ်"
မီးတောင်ဝရှိ ချော်ရည်များကို ကြည့်ရင်း နန်ကုန်းမင်၏ မျက်လုံးများထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာနတ်ဆိုးများမှာ မသေမျိုးခန္ဓာကိုယ် ရှိကြသော်လည်း မိစ္ဆာသတ်ဓားက ၎င်းကို တန်ပြန်နိုင်သည်။
နန်ကုန်းမင်သည် မိစ္ဆာနတ်ဆိုးများကို အလွန်တရာ မုန်းတီးသူဖြစ်သည်။ အကြောင်းမှာ သူ၏ မိဘနှစ်ပါးစလုံးမှာ သူငယ်စဉ်က ခရီးတစ်ခုတွင် မိစ္ဆာများ၏လက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နန်ကုန်းမင်၏ ရင်ထဲတွင် မိစ္ဆာများအပေါ် နက်ရှိုင်းသော အာဃာတနှင့် ဒေါသများ ကိန်းအောင်းနေသည်။
အကယ်၍ သူသည် မိစ္ဆာသတ်ဓားတစ်လက်ကိုသာ သွန်းလုပ်နိုင်ပြီး ထိုက်တန်သည့် သိုင်းပညာရှင်တစ်ဦးထံ ပေးအပ်နိုင်ခဲ့လျှင် ထိုသိုင်းပညာရှင်သည် ထိုလက်နက်ဖြင့် မိစ္ဆာနတ်ဆိုးများစွာကို သတ်ဖြတ်နိုင်မည်မှာ သေချာသည်။ ၎င်းသည် နန်ကုန်းမင်အတွက် မိစ္ဆာများကို ကလဲ့စားချေသည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း မိစ္ဆာသတ်ဓားကို သွန်းလုပ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အချိန်၊ နေရာနှင့် လူ အားလုံး၏ အခြေအနေများ ကိုက်ညီရန် လိုအပ်ပြီး လာမည့် နှစ်ရက်အတွင်းတွင် နန်ကုန်းမင် စောင့်ဆိုင်းနေသည့် အခြေအနေကောင်းများ ရောက်ရှိလာတော့မည် ဖြစ်သည်။
မီးတောင်ဝအတွင်း၌ ယခင်က ငြိမ်သက်နေသော ချော်ရည်များသည် ပွက်ပွက်ဆူလာပြီး ပူပြင်းလှသော အပူရှိန်များ တက်လာလေ၏။
ဤအရာမှာ နန်ကုန်းမင် စောင့်ဆိုင်းနေသည့် အခြေအနေပင် ဖြစ်သည်။ နတ်ဆိုးသတ်ဓားကို သွန်းလုပ်ရန်အတွက် ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအားများကို လက်နက်အတွင်းသို့ သွင်းယူရန် လိုအပ်သည်။ နတ်ဘုရားလက်နက်အိမ်တော် တည်ရှိသည့် ငုပ်လျှိုးနေသော မီးတောင်မှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာလျှင် ယခုကဲ့သို့ အသက်ဝင်လာလေ့ရှိသည်။
ထိုအချိန်တွင် မီးတောင်၏ မီးလျှံများမှာ အရှိန်အဝါ အကောင်းဆုံးဖြစ်ပြီး ဤမြေအောက်အပူရှိန်ကို မိစ္ဆာသတ်ဓား၏ အခြေခံပုံစံအတွင်းသို့ သွင်းယူခြင်းမှာ နန်ကုန်းမင်၏ သွန်းလုပ်ခြင်းလုပ်ငန်းစဉ်တွင် အရေးကြီးဆုံး အဆင့်ဖြစ်သည်။
"မိစ္ဆာသတ်ဓားကို... တကယ်ပဲ သွန်းလုပ်နိုင်ပါ့မလား"
လုယာအပါအဝင် နတ်ဘုရားလက်နက်အိမ်တော်မှ မူလနယ်ပယ် သိုင်းပညာရှင် လေးဦးမှာ မစိုးရိမ်ဘဲ မနေနိုင်ကြပေ။
မိစ္ဆာသတ်ဓားကို သွန်းလုပ်ခြင်းမှာ ပန်းပဲဆရာတိုင်း၏ အိမ်မက်ဖြစ်သော်လည်း ဘယ်လောက်အထိ ပေးဆပ်ရမှာလဲ။ တကယ်တော့ သူတို့ မိစ္ဆာသတ်ဓားကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ရင်တောင် သူတို့အတွက် ဘေးအန္တရာယ်များကို ဖိတ်ခေါ်ရာ ရောက်မသွားနိုင်ဘူးလား။
သို့သော် နန်ကုန်းမင်မှာ ပြတ်သားလွန်းလှသဖြင့် သူတို့မှာ မတားနိုင်ကြပေ။ အရာအားလုံး ဖြစ်ပျက်လာသည်ကိုသာ စောင့်ကြည့်နေကြရတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
အချိန်ကုန်လွန်လာသည်နှင့်အမျှ မီးတောင်ဝရှိ မှိန်ဖျော့နေသော ချော်ရည်များသည် တောက်ပလာပြီး လှုပ်ရှားလာခဲ့သည်။ "ဝုန်းဝုန်း" ဟူသော အသံများနှင့်အတူ ချော်ရည်မျက်နှာပြင်ထက်တွင် မြေအောက်မီးလျှံများ တက်လာပြီး အပြာနုရောင် မီးတောက်များမှာ ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေသည်။
ဤသည်မှာ မီးတောင်အောက်ခြေမှ တက်လာသည့် မီးလျှံများဖြစ်ပြီး ဆယ်စုနှစ်များစွာမှ ရာစုနှစ်နီးပါးအတွင်း တစ်ကြိမ်သာ ပွက်ပွက်ဆူလာလေ့ရှိခြင်း ဖြစ်သည်။
"ဝီ... ဝီ... ဝီ..."
တရားထိုင်နေသော နန်ကုန်းမင်မှာ ရုတ်တရက် လှုပ်ရှားလာသည်။ သူကိုင်ထားသော သံသေတ္တာမှာ အတွင်းမှ တစ်စုံတစ်ခုက ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ တုန်ခါသံများ ထွက်ပေါ်လာသည်။
ဒုန်း
နန်ကုန်းမင်မှာ စိုးရိမ်စိတ်နှင့် ထိတ်လန့်မှုများကို ခံစားရရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် သေတ္တာ၏ သော့ချိတ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မည်းသော အလင်းတန်းတစ်ခုက သေတ္တာထဲမှ ရုန်းထွက်ကာ ကောင်းကင်ယံသို့ ပျံတက်ရန် ကြိုးစားခဲ့သည်။
သို့သော် နန်ကုန်းမင်၏ လက်က ၎င်းကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားနိုင်ခဲ့သည်။
သူကိုင်ထားသည့်အရာမှာ လွှသွားကဲ့သို့ အသွားများပါသည့် ရှည်လျားသော ဓားတစ်လက်ဖြစ်ပြီး ဓားအထက်တွင် မျက်လုံးများကဲ့သို့ ဖောင်းကြွနေသော အဖုများ ပါရှိသည်။ ထိုအချိန်တွင် ထိုအဖုများမှာ အက်ကွဲကာ ပွင့်လာခဲ့သည်။ ၎င်းတို့မှာ ပုံဆောင်ခဲကျောက်များ ဖြစ်သော်လည်း သေးငယ်သော ပါးစပ်များစွာနှင့်လည်း တူနေပြန်သည်။
အခန်း (၄၈၃) ပြိုင်ဘက်ကင်း ဓားဝိညာဉ်။ လောကကို တုန်လှုပ်စေပြီး လုထုကို ထိတ်လန့်စေသော သံဖြတ်ဓားသိုင်း။ (၄)
အိမ်တော်သခင်နန်ကုန်းသည် ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်စဉ် ဓားကိုယ်ထည်မှ အမျှင်တန်းများ ထွက်ပေါ်လာပြီး လတ်ဆတ်သော သွေးများကို စုပ်ယူရန် ဆာလောင်မွတ်သိပ်စွာဖြင့် သူ၏ လက်ဖဝါးဆီသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြသည်။
သို့သော် အိမ်တော်သခင်နန်ကုန်းသည် နက်ရှိုင်းသော သိုင်းပညာ အခြေခံရှိသူတစ်ဦး ဖြစ်သည်။ နတ်ဘုရားလက်နက်အိမ်တော်၏ အရှင်သခင်ဖြစ်သည့်အားလျော်စွာ သူသည် ထူးချွန်သော ပါရမီကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူသည် အခြားသော ကျွမ်းကျင်ပညာရှင်များအတွက် လက်နက်များ သွန်းလုပ်ပေးခြင်းမှ ရရှိသော အကျိုးအမြတ်များကို အသုံးပြုကာ မူလနယ်ပယ်အတွင်းသို့ ခြေလှမ်းခဲ့သည်မှာ ကြာပြီဖြစ်ပြီး ကောင်းကင်သွေးကြော ငါးခုကို ဖွင့်ရန်နှင့် ဒုတိယမြောက် မြေကမ္ဘာပန်းပွင့်ကို ဖော်ဆောင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည့် အဆင့်တွင် ရှိနေသည်။
"ဘုန်း"
အိမ်တော်သခင်နန်ကုန်း၏ ပြင်းထန်သော ချီစွမ်းအင်များ တုန်ခါသွားပြီး ထွက်ပေါ်လာသော အမျှင်တန်းများကို နောက်သို့ ဆုတ်သွားစေကာ ၎င်းတို့ကို နာကျင်မှု ခံစားရစေခဲ့သည်။
"ဒါက မိစ္ဆာသတ်ဓားရဲ့ အခြေခံပုံစံ... 'ငရဲမီးလျှံ' ပဲ။ မီးနတ်ဘုရားဓားကို အတုယူပြီး သွန်းလုပ်ထားတဲ့ ပုံတူလက်နက်ပေါ့"
လုယာအပါအဝင် နတ်ဘုရားလက်နက်အိမ်တော်မှ သိုင်းပညာများသည် ထူးဆန်း၍ မှောင်မည်းသော လွှသွားဓားကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။
နတ်ဘုရားလက်နက်အိမ်တော်သည် ယခင်က ကိုးဆက်မြောက် မီးလျှံဧကရာဇ်အတွက် "မီးနတ်ဘုရား" ဟု အမည်ရသော ဓားရှည်တစ်လက်ကို သွန်းလုပ်ပေးခဲ့ဖူးပြီး ၎င်းမှာ အမှန်စင်စစ်အားဖြင့် မိစ္ဆာသတ်ဓား၏ အခြေခံပုံစံပင် ဖြစ်သည်။
အိမ်တော်သခင်နန်ကုန်းသည် "နတ်ဘုရားလက်နက် ပညာရှင်" တစ်ဦးဖြစ်ပြီး နတ်ဘုရားလက်နက်အိမ်တော်အတွင်း ပန်းပဲပညာတွင် အကျွမ်းကျင်ဆုံးသူ ဖြစ်သည်။ သူသည် ရှေးဟောင်းကျမ်းစာများကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက် "မီးနတ်ဘုရား" ဓား၏ ပုံတူအဖြစ် "ငရဲမီးလျှံ" ကို သွန်းလုပ်ခဲ့ခြင်းဖြစ်ရာ ယခု သူ၏လက်ထဲတွင် ရှိနေသော လွှသွားဓားပင် ဖြစ်သည်။
"မိစ္ဆာသတ်ဓားရဲ့ အခြေခံပုံစံဆိုတာ အမှန်တော့ နတ်ဆိုးအမြုတေ အများကြီးနဲ့ တည်ဆောက်ထားတဲ့ 'မိစ္ဆာစစ်သည်တော်' တစ်ပါးပဲ" ဟု အိမ်တော်သခင်နန်ကုန်းက ငရဲမီးလျှံဓားကို ကိုင်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
မိစ္ဆာသတ်ဓားများ၏ ဆန်းကြယ်မှုမှာ ထူးခြားသော သွန်းလုပ်နည်းစနစ်များတွင် အခြေခံထားသည်။ ၎င်းတို့ကို သာမန်ကုန်ကြမ်းများဖြင့် သွန်းလုပ်၍မရဘဲ ရှားပါးလှသော သတ္တုများသာမက နတ်ဆိုးအမြုတေ အမြောက်အမြားလည်း လိုအပ်သည်။ ထို့နောက် ၎င်းတို့ကို အတွင်းပိုင်း ရုန်းကန်ဆန့်ကျင်မှုများကို ကြံ့ကြံ့ခံနိုင်သော ဓားတစ်လက်အဖြစ် သွန်းလုပ်ရခြင်းဖြစ်သည်။
ဤသည်မှာ ပထမအဆင့်သာ ရှိသေးပြီး မိစ္ဆာသတ်ဓား၏ အခြေခံပုံစံမျှသာ ဖြစ်သည်။ ဒုတိယအဆင့်မှာ ကောင်းကင်နှင့် မြေကြီး၏ သဘာဝစွမ်းအားများကို လက်နက်အတွင်းသို့ သွင်းယူရန် ဖြစ်သည်။
ငရဲမီးလျှံဟု အမည်ရသော လွှသွားဓားသည် သက်ရှိတို့၏ သွေးကို ဆာလောင်နေသည့်အတွက် တဆတ်ဆတ် တုန်ခါနေသော်လည်း အိမ်တော်သခင်နန်ကုန်း၏ ထိန်းချုပ်မှုအောက်မှ ရုန်းမထွက်နိုင်ပေ။
နောက်ဆုံးတွင် မိစ္ဆာသတ်ဓား ငရဲမီးလျှံသည် တစ်စုံတစ်ခုသော အရသာရှိသည့်အရာ၏ အနံ့ကို ရရှိသွားပုံရသည်။ ဓားပေါ်ရှိ မျက်လုံးငါးလုံးစလုံးသည် မီးတောင်ဝအတွင်း စီးဆင်းနေသော မီးလျှံများဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
အပြာနုရောင် မီးတောင်မီးလျှံများသည် ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်နေပြီး ထိုမျက်လုံးများကို ခြိမ်းခြောက်နေသကဲ့သို့ ရှိသော်လည်း ငရဲမီးလျှံသည် သွန်းလုပ်ပြီးကတည်းက သွေးအရသာကို မမြည်းစမ်းရသေးသဖြင့် ဆာလောင်မှုကို အရှုံးပေးလိုက်ရကာ မီးတောင်အတွင်းရှိ အပြာရောင် မီးလျှံများဆီသို့ အမြစ်တွယ်ရန် အနက်ရောင် အမျှင်တန်းများကို ဆန့်ထုတ်လိုက်သည်။
"ဝူး"
မီးတောင်မီးလျှံ အမြောက်အမြားမှာ စုပ်ယူခြင်း ခံလိုက်ရပြီး အမျှင်တန်းများမှတစ်ဆင့် ငရဲမီးလျှံဓားအတွင်းသို့ စီးဝင်သွားခဲ့သည်။ မူလက မှောင်မည်းနေသော ဓားအရောင်မှာ အပြာရင့်ရောင်သို့ ပြောင်းလဲသွားလေ၏။ အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော မီးလျှံများမှာ ဓားထက်တွင် တက်လာနေသကဲ့သို့ပင်။
ငရဲမီးလျှံဓား တစ်လက်စလုံးမှာ ပိုမို၍ ဆန်းကြယ်သော အသွင်ကို ဆောင်လာခဲ့သည်။
"ဒါဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘာဝစွမ်းအားကို ဓားအတွင်းမှာ ပေါင်းစပ်လိုက်တာပဲ"
လုယာနှင့် အခြားသော မူလနယ်ပယ် သိုင်းပညာရှင်များသည် ဤမြင်ကွင်းကို ကြည့်ရင်း မိန်းမောနေကြသည်။
မိစ္ဆာသတ်ဓားသည် နတ်ဆိုးအမြုတေများမှ စွမ်းအားကို ရယူထားပြီး မိစ္ဆာနတ်ဆိုးများနှင့် သဘာဝတရား၏ စွမ်းအားနှစ်ရပ်ကို ပေါင်းကူးပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ဆန်းကြယ်လှပြီး စွမ်းပကားမှာ အကန့်အသတ်မရှိပေ။ မိစ္ဆာနတ်ဆိုး၏ အင်အားနှင့် သဘာဝတရား၏ စွမ်းအားများ ပါဝင်နေသောကြောင့် မိစ္ဆာနတ်ဆိုးများ၏ မသေမျိုးခန္ဓာကိုယ်ကို နှိမ်နင်းရာတွင် အလွန်ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
အကယ်၍ မိစ္ဆာသတ်ဓား၏ တိုက်ခိုက်မှုကို ခံရပါက ၎င်းတို့၏ မသေမျိုးခန္ဓာကိုယ်ပင်လျှင် အားနည်းသွားစေရန် သို့မဟုတ် အသုံးမဝင်တော့ရန် လုပ်ဆောင်နိုင်သည်။
မီးတောင်မီးလျှံများမှာ ငရဲမီးလျှံဓားအတွင်းသို့ အဆက်မပြတ် စီးဝင်နေရင်း တစ်ညတာ ကုန်လွန်သွားခဲ့သည်။ အရုဏ်ဦး၏ ပထမဆုံး အလင်းတန်းများသည် ကောင်းကင်ယံသို့ ရောက်ရှိလာပြီး မီးတောင်မီးလျှံများမှာ စတင်မှိန်ဖျော့သွားကာ ပွက်ပွက်ဆူနေသော ချော်ရည်များမှာလည်း ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ဤအချိန်တွင် အိမ်တော်သခင် နန်ကုန်း၏ လက်ထဲရှိ ငရဲမီးလျှံဓားမှာ မီးတောင်မီးလျှံ အမြောက်အမြားကို စုပ်ယူထားပြီးဖြစ်ရာ အပြာရင့်ရောင် အဆင်းရှိနေသည်။ မည်သည့်နေရာကို ကြည့်လိုက်သည်ဖြစ်စေ မြေအောက်မီးလျှံများမှာ ဓားကိုယ်ထည်အတွင်း စီးဆင်းနေသကဲ့သို့ ထင်ရသည်။
"ရွှီး"
အိမ်တော်သခင် နန်ကုန်း၏ လက်ထဲမှ မီးလျှံငရဲဓားကို လွှဲရမ်းလိုက်ရာ ၎င်းက လေထုကို ခွဲထုတ်သွားပြီး မြေအောက်မီးလျှံ၏ အပူရှိန်များ တက်လာကာ ပတ်ဝန်းကျင်ရှိ လေထုကိုပါ လောင်ကျွမ်းလုမတတ် ဖြစ်သွားစေသည်။
ဤသည်ကို မြင်တွေ့ရသူအားလုံးမှာ စိတ်လှုပ်ရှားသွားကြပြီး "ဒါက မိစ္ဆာသတ်ဓားလား" ဟု ရေရွတ်မိကြသည်။
"အ.. အရှင်... မိစ္ဆာသတ်ဓားကို သွန်းလုပ်လို့ ပြီးသွားပြီလား"
မီးခိုးရောင်ဝတ်စုံနှင့်သူတစ်ဦးက သူ၏ မျက်လုံးများထဲတွင် အံ့သြချီးကျူးမှုများနှင့်အတူ မမေးဘဲ မနေနိုင်ခဲ့။ အိမ်တော်သခင် နန်ကုန်းသည် မိစ္ဆာသတ်ဓားကို အမှန်တကယ် အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့ပြီလား။
"နောက်ဆုံးအဆင့် တစ်ဆင့်ပဲ ကျန်တော့တယ်" အိမ်တော်သခင် နန်ကုန်းက ခိုင်မာသော မျက်လုံးများဖြင့် ပြောလိုက်ပြီး ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်သည်။
"ဘယ်သူလဲ။ ထွက်လာစမ်း"
သို့သော် ရုတ်တရက် အိမ်တော်သခင် နန်ကုန်း၏ လက်ထဲမှ ငရဲမီးလျှံဓားမှာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး ကျောက်တောင်ကုန်းများဆီသို့ လှည့်ကြည့်လိုက်သည်။
လုယာနှင့် အခြားသူများ၏ မျက်နှာအမူအရာမှာလည်း ပြောင်းလဲသွားပြီး ထိုအရပ်သို့ သတိကြီးစွာဖြင့် ကြည့်လိုက်ကြသည်။
"မိစ္ဆာသတ်ဓားက မိစ္ဆာတွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်တယ်လို့ ပြောကြတာ တကယ် မှန်တဲ့ပုံပဲ"
နှစ်ကိုက်ခန့် မြင့်မားသော ကျောက်ဆောင်များ နောက်ကွယ်မှ လူသုံးဦးမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုသူသုံးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီးမှာ အလွန်တရာ ဆွဲဆောင်မှုရှိပြီး အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားမှာ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ထွားကျိုင်းလှသည်။ ကျန်အမျိုးသားတစ်ဦးမှာမူ ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားပြီး ပညာရှိ လူငယ်လေးတစ်ဦးအသွင် ရှိသည်။
"သူတို့က ဘယ်သူတွေလဲ။ နတ်ဘုရားလက်နက်အိမ်တော်ထဲကို ကျူးကျော်ဝင်ရောက်လာရုံတင်မကဘဲ ငါတို့ တစ်ယောက်မှ မသိလိုက်ဘဲ ဒီနေရာမှာ အတော်ကြာအောင် ရှိနေခဲ့တာလား"
လုယာမှာ ထိတ်လန့်သွားပြီး ထိုသုံးဦးထံမှ ထူးခြားသော အရှိန်အဝါကို အာရုံခံမိသည်။
အိမ်တော်သခင် နန်ကုန်းပင်လျှင် မျက်နှာပျက်သွားခဲ့သည်။ ထိုသူတို့မှာ သူ မသိလိုက်ဘဲ ဤနေရာတွင် အတော်ကြာအောင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ငရဲမီးလျှံဓား၏ တုန်ခါမှုကြောင့်သာ တောင်ထိပ်တွင် သူစိမ်းများ ရှိနေကြောင်း သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။
"မိတ်ဆွေတို့... ဒီလို ညနက်သန်းခေါင်အချိန်မှာ ဘယ်ကိစ္စကြောင့် ရောက်လာတာလဲ" အိမ်တော်သခင် နန်ကုန်းက မေးလိုက်သည်။ သူတို့ ရောက်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
ဝတ်ရုံခရမ်းရောင် ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးက ပါးစပ်ကို အုပ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ဘာလို့ ဟန်ဆောင်နေတာလဲ အိမ်တော်သခင် နန်ကုန်းရယ်။ ကျွန်မတို့က မိစ္ဆာသတ်ဓားအတွက် စောင့်နေခဲ့တာ ကြာရောပေါ့... အခုတော့ အဲဒီနေ့ ရောက်လာပြီပေါ့ရှင်။"
"သူတို့က မိစ္ဆာသတ်ဓားအတွက် ရောက်လာကြတာလား" လုယာနှင့် အခြားသူများမှာ စိုးရိမ်ပူပန်သော မျက်နှာများ ကိုယ်စီနှင့်။
အိမ်တော်သခင် နန်ကုန်း၏ မျက်နှာမှာ ပို၍မည်းမှောင်သွားပြီး သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ "နတ်ဘုရားလက်နက်အိမ်တော်ကို ဘယ်သူက သစ္စာဖောက်လိုက်တာလဲ"