အခန်း (၃၃၉)
Vol. 34 Ch. 339
"နှမြောစရာပဲ... ငါကတော့ ဒီစုတ်ပြတ်သတ်နေတဲ့ နေရာကနေ ထွက်သွားဖို့ လမ်းစတောင် မရှာတွေ့သေးဘူး။ ဒီကြာစွယ်နုလေးတွေကတော့ ငါ့ဗိုက်ဆာတာကို ဖြေဖျောက်ဖို့ စားစရာအဖြစ်ပဲ သုံးရတော့မှာပဲ"
ယွင်ရှန်းသည် ဝမ်းနည်းပန်းနည်းဖြင့် ညည်းတွားလိုက်မိသည်။
ထို့နောက် သူမ၏ အကြည့်မှာ ကန်အတွင်းရှိ တစ်ပွင့်တည်းသော ကြာပန်းဆီသို့ ကျရောက်သွားသည်။ ထိုကြာပန်း၏ အတွင်းပိုင်းတွင် ကြာပွင့်ချပ်၏ ပုံရိပ်လွှာကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
ယွင်ရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။
ကြာစေ့များပင်။ အကယ်၍ သူမအနေဖြင့် ထိုကြာပွင့်ချပ် ရင့်မှည့်လာသည်အထိ စောင့်ဆိုင်းပြီး အတွင်းမှ ကြာစေ့များကို သိမ်းဆည်းနိုင်ခဲ့မည်ဆိုလျှင် အရာအားလုံး ပြေလည်သွားမည်ပင်။
ယွင်ရှန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဦးတည်ချက်မရှိ ဟိုဟိုဒီဒီ လျှောက်သွားနေမည့်အစား သူမသည် ရှိသည့်နေရာမှာပင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကြာစွယ်မှရရှိသော မှော်အာနိသင်များကို ဖြည်းဖြည်းချင်း အစာခြေရင်း ကြာပွင့်ချပ် ရင့်မှည့်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ဤဆန်းကြယ်သော ဟင်းလင်းပြင်ထဲတွင် နေ့နှင့် ညဟူ၍ ခွဲခြားထားခြင်း မရှိပေ။ ယီပိုင်မင်းနှင့် ထားရှိခဲ့သော ကတိအတိုင်း သူတို့သည် တစ်နေ့လျှင် တစ်ကြိမ် ဆက်သွယ်ခဲ့ကြသည်။
ယွင်ရှန်း၏ တွက်ချက်မှုအရ သူမသည် ဤမှော်ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိနေသည်မှာ ငါးရက်ခန့် ရှိပြီဖြစ်သည်။
ကန်အတွင်းရှိ ကြာပန်းမှာလည်း အငုံဘဝမှ စတင်ပွင့်အာလာခဲ့ပြီး အတွင်းရှိ ကြာပွင့်ချပ်မှာလည်း သိသိသာသာ ကြီးထွားလာခဲ့သည်။ နောက်ထပ် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ကြာပွင့်ချပ်မှာ ရင့်မှည့်လာတော့မည်ဟု ယွင်ရှန်း ခန့်မှန်းလိုက်သည်။
ဤရက်များအတွင်း သူမသည် နောက်ထပ် ကြာစွယ်နုတစ်ပိုင်းကို ထပ်မံစားသုံးခဲ့သည်။ သို့သော် ပထမအကြိမ်နှင့် နှိုင်းယှဉ်ပါက အာနိသင်မှာ လုံးဝနီးပါး မရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ဤကဲ့သို့သော ဆန်းကြယ်သည့် ဆေးဘက်ဝင်အပင်များမှာ တစ်ကြိမ်သာ အစွမ်းပြနိုင်ပုံပင်။
ကြာပွင့်ချပ် ရင့်မှည့်လုနီးပါး ဖြစ်နေသော နေ့တစ်နေ့တွင်... ယွင်ရှန်း တရားထိုင်ခြင်းကို အဆုံးသတ်လိုက်သည့် ခဏ၌ တိတ်ဆိတ်နေသော တောင်လမ်းလေးပေါ်မှ ခြေသံအချို့ကို ကြားလိုက်ရသည်။
"လူရှိနေတာလား"
ဤကဲ့သို့ လူသူအရောက်အပေါက် နည်းပါးလှသော နေရာမျိုးတွင် လူတစ်ယောက်ယောက် ရှိနေလိမ့်မည်ဟု ယွင်ရှန်း လုံးဝ မထင်မှတ်ထားခဲ့ပေ။
ခြေသံများမှာ တဖြည်းဖြည်း နီးကပ်လာရာ ယွင်ရှန်း နားထောင်ကြည့်သရွေ့ အနည်းဆုံး လူနှစ်ယောက်ရှိကြောင်း ခန့်မှန်းမိသည်။
ပို၍နီးကပ်လာသောအခါ စိတ်ကြီးဝင်နေသော မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသည် "အစ်ကိုပုဖော်... အစ်ကို ကျွန်မကို နောက်တစ်ခါ ထပ်ထားခဲ့ဦးမယ်ဆိုရင် ဟုန်
မြို့တော်က ဦးလေးယွမ်နဲ့ ဒေါ်လေးယွမ်ကို တိုင်ပြောလိုက်မှာနော်"
"မင်းကတော့ တကယ့်ကို စိတ်အနှောင့်အယှက် ပေးတာပဲ။ ငါ့နားမှာ ယင်ကောင်တစ်ကောင်လို အမြဲတမ်း တဝဲဝဲလည်နေတော့တာပဲ။ ဘာလို့ ရွှမ်ဝူကျိနဲ့အတူ ယွီကျင်းကို လိုက်မသွားတာလဲ" စိတ်မရှည်သော အမျိုးသားအသံက ပြန်လည်ဖြေကြားလိုက်သည်။
ယွင်ရှန်း ထိုအသံများကို မှတ်မိသွားသည်။ သူတို့မှာ ဟုန်မြို့တော်မှ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်း တို့ပင်။
ငါ သူတို့နဲ့ ဘယ်လိုလုပ်ပြီး လာတိုးနေတာလဲ။
ယွင်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှမ်ဝူကျိသည် ယွီကျင်းမြို့သို့ သွားနေပြီဖြစ်ကြောင်း ရွှမ်မိန်မိန်း၏ စကားအရ သိလိုက်ရသည်။ သူမကြောင့် သူမ၏ဦးလေး ယန်ချန်းလန်သည် နယ်စပ်တွင် ရှိနေသေးသော်လည်း တစ်စုံတစ်ခုကြောင့် ယွင်ရှန်း စိတ်ထဲတွင် မအေးမမြ ဖြစ်လာသည်။
ယခု သူမတစ်ယောက်တည်း ရှိနေချိန်တွင် ထိုနှစ်ယောက်သာ ပေါင်းပြီး တိုက်ခိုက်လာပါက သူမအနေဖြင့် မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
ကံကောင်းသည်မှာ သူမ၏မျက်နှာပေါ်ရှိ အရည်ကြည်ဖုများမှာ မပျောက်ကဲသေးသလို ဖရိုဖရဲဖြစ်နေသော သူမ၏ လက်ရှိပုံစံကြောင့် သူတို့နှင့် ဆုံလျှင်ပင် သူမအား မှတ်မိနိုင်မည် မဟုတ်ချေ။ ယွင်ရှန်းသည် ပုန်းကွယ်မနေတော့ဘဲ မတ်တတ်ရပ်ကာ ရှေ့သို့ လှမ်းထွက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူတို့မှာ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့ အမှန်ပင်။ ဤကဲ့သို့သော နေရာမျိုးတွင် သက်ရှိလူသားတစ်ဦးကို တွေ့ရလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားသဖြင့် ယွင်ရှန်းကို မြင်လိုက်ရချိန်တွင် နှစ်ဦးစလုံးမှာ လန့်ဖျန့်သွားကြသည်။
ဒီနေရာမှာ လူတစ်ယောက် ရှိနေတာလား။
"နင်က ဘယ်သူလဲ"
ရွှမ်မိန်မိန်းသည် ယွင်ရှန်း၏ ခန္ဓာကိုယ်တွင် ချိတ်ဆွဲထားသော မှော်လှံတံကို သတိပြုမိသွားပြီး ချက်ချင်းပင် ရန်လိုသော အကြည့်များဖြင့် သတိထားလိုက်တော့သည်။
ဤနေရာသည် အလွန်တရာ ဖုံးကွယ်လွန်းလှသဖြင့် သူတို့နှစ်ဦးပင်လျှင် အစွမ်းကုန် အားထုတ်ခဲ့ရပြီးမှသာ ရောက်ရှိလာနိုင်ခဲ့ခြင်းပင်။
"မိန်မိန်း... စိတ်မလောနဲ့ဦး"
ယွမ်ပုဖော်သည် ရွှမ်မိန်မိန်းထက် ပိုမိုတည်ငြိမ်သူဖြစ်သဖြင့် သူမကို ဆွဲတားလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် ယွင်ရှန်းကို အနီးကပ် အကဲခတ်လိုက်ကြသည်။
ရွှမ်မိန်မိန်းသည် ယွင်ရှန်း၏ အဝတ်အစား မလုံမလဲဖြစ်နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရပြီးနောက် သူမ၏ ရုပ်ဆိုးလှသောမျက်နှာကို ကြည့်ကာ စိတ်ထဲတွင် ဝမ်းသာသွားမိသည်။ အကယ်၍ ဤမိန်းကလေးသာ ချောမောလှပနေပါက သူမသည် ချက်ချင်းပင် ရန်ပြုကောင်း ပြုမိလိမ့်မည်ဖြစ်သော်လည်း တစ်ဖက်လူမှာ ရုပ်ဆိုးမတစ်ဦး ဖြစ်နေသဖြင့် ရွှမ်မိန်မိန်းကို များစွာ ကျေနပ်သွားစေသည်။
ယွမ်ပုဖော်သည် ရွှမ်မိန်မိန်းကို တားဆီးလိုက်သော်လည်း ယွင်ရှန်းကိုမူ အလွန်သတိထားနေဆဲပင်။ သူ၏ ယခုအကြိမ် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာမြေအူတိုင် ရှေးဟောင်းချော်ရည်ဂူသို့ လာရောက်ခြင်းမှာ အလွန်လျှို့ဝှက်လှသည့် ကိစ္စဖြစ်သည်။
ယွင်ရှန်းကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာမှာ တစ်ခဏမျှ နီမြန်းသွားပြီး အနေရခက်စွာဖြင့် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်ရသည်။
အမှန်မှာ ယွင်ရှန်း၏ အဝတ်အစားများမှာ အပူရှိန်ကြောင့် ပြာကျလုနီးပါး ဖြစ်နေခဲ့သော်လည်း သူမ၏ အသားအရေမှာမူ ကြာစွယ်နုများကို စားသုံးထားခြင်းကြောင့် အရည်ကြည်ဖုများ မရှိတော့ဘဲ ဖန်သားပြင်ကဲ့သို့ ကြည်လင်ဝင်းပနေခြင်းပင်။
သူမ၏ ကိုယ်ဟန်မှာလည်း အချိုးအစား ပြေပြစ်လှသဖြင့် မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ကျန်းမာစိုပြေလှသော သူမ၏ ခန္ဓာကိုယ်က ယွမ်ပုဖော်ကို ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်စေသည်။ သူသည် ဗိုက်ထဲတွင် တစ်မျိုးကြီး နွေးထွာလာသကဲ့သို့ ခံစားရပြီး မျက်လုံးကို ဘယ်နေရာမှာ ထားရမှန်းမသိ ဖြစ်နေတော့သည်။
"အရှက်မရှိလိုက်တာ"
ရွှမ်မိန်မိန်းသည် ယွင်ရှန်း၏ ရုပ်ဆိုးမှုအတွက် ဝမ်းသာနေသော်လည်း ဤမှော်ဆရာမလေး၏ အသားအရေမှာ ယုံကြည်နိုင်စွမ်းမရှိလောက်အောင် ကောင်းမွန်နေသည်ကို သတိထားမိသွားသည်။
ထို့အပြင် အနည်းငယ် နီးကပ်သွားချိန်တွင် ယွင်ရှန်း၏ ခန္ဓာကိုယ်မှ ကြည်လင်သော ရေစင်ကဲ့သို့သော ရနံ့တစ်ခု ထွက်ပေါ်နေသည်ကို ရလိုက်သည်။ ဤရနံ့မှာ လွန်ခဲ့သော ရက်အနည်းငယ်က ယွင်ရှန်း ကြာစွယ်နုများကို စားသုံးထားခဲ့သောကြောင့် ထွက်ပေါ်လာသည့် အထူးရနံ့ပင်။
ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာမူ သေချာပေါက် ပြင်ဆင်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ အထူးပြုလုပ်ထားသော သားရဲအရေခွံများဖြစ်သဖြင့် ဤကဲ့သို့သော အပူရှိန်ပြင်းသည့် ပတ်ဝန်းကျင်တွင်ပင် ပျက်စီးခြင်းမရှိဘဲ ရှိနေခြင်းဖြစ်သည်။
"မိန်းကလေး... အရင်ဆုံး ကျွန်တော့်အင်္ကျီကို ဝတ်ထားလိုက်ပါ"
ယွမ်ပုဖော်သည် ထိုမိန်းကလေးမှာ မည်သူမည်ဝါမှန်း မသိသေးသော်လည်း သူ၏အင်္ကျီကို ချွတ်၍ ယွင်ရှန်းထံ ကမ်းပေးလိုက်သည်။
"ပုဖော်... ရှင် ဘာလို့ သူ့ကို ရေခဲကျောက်ဆောင် ဖားပြုပ်ဝတ်ရုံကို ပေးလိုက်တာလဲ။ ဒါက ရှင် အပင်ပန်းခံပြီး ရေခဲဖားပြုပ်တွေကို သတ်ပြီးမှ အရေခွံနဲ့ လုပ်ထားရတာလေ"
ရွှမ်မိန်မိန်းသည် ၎င်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး ယွင်ရှန်းကို စူးစိုက်ကြည့်ကာ အော်ဟစ်တော့သည်။
ယွမ်ပုဖော်သည် ပုံမှန်အားဖြင့် လူအများနှင့် စကားပြောလျှင် ပြတ်သားလှသူဖြစ်ရာ ယခုကဲ့သို့ စတွေ့ဖူးသည့် ရုပ်ဆိုးမတစ်ဦးအပေါ် အဘယ်ကြောင့် ဤမျှ ကြင်နာနေရတာလဲဟု ရွှမ်မိန်မိန်းက ပို၍ပင် မကျေမနပ် ဖြစ်နေခြင်းဖြစ်သည်။
ဤကမ္ဘာမြေအူတိုင် ချော်ရည်ဂူသို့ ဝင်ရောက်နိုင်ရန်အတွက် ယွမ်ပုဖော်သည် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ရသည်။ မြေအောက်အပူလှိုင်းများကို ခုခံနိုင်ရန် သူသည် အလွန်အန္တရာယ်များသော ရေခဲတောင်ကျွန်းသို့ သွားရောက်ကာ အဆင့်(၇)ရှိသော ရေခဲကျောက်ဆောင် ဖားပြုပ်အကောင်ပေါင်းများစွာကို သတ်ခဲ့ရသည်။ ထိုဖားပြုပ်များသည် ရေဓာတ်မှော်ကို ကျွမ်းကျင်သော နတ်ဆိုးသားရဲများဖြစ်ပြီး အရွယ်အစား သေးငယ်သော်လည်း ၎င်းတို့ ပစ်လွှတ်လိုက်သော ရေခဲဆူးများမှာ လူတစ်ယောက်ကို ခဏချင်းအတွင်း ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားစေနိုင်သည်။
ထိုစဉ်က ယွမ်ပုဖော်သည် ဤဝတ်စုံပြုလုပ်ရန် လုံလောက်သော ဖားပြုပ်အရေခွံများ ရရှိဖို့အရေး အသက်ဘေးနှင့်ပင် နီးကပ်ခဲ့ရဖူးသည်။ သို့သော် ယခုမူ သူက ၎င်းကို အလွယ်တကူ ပေးကမ်းလိုက်ခြင်းပင်။
"ဒါ အင်္ကျီတစ်ထည်တည်းပါ တတွတ်တွတ် ပြောမနေနဲ့တော့။ မင်းက ငါ့အမေထက်တောင် ပိုဆိုးနေပြီ။ ထပ်ပြီး ညည်းညူနေဦးမယ်ဆိုရင် မင်းကို ဒီနေရာကနေ ငါ ပစ်ထားခဲ့မှာနော်"
ယွမ်ပုဖော်က စိတ်တိုတိုနှင့် ပြန်ပြောလိုက်သည်။
တကယ်ကို ကံဆိုးတာပဲ။
သူသည် ဟုန်မြို့တော်ကနေ ထွက်လာခဲ့စဉ်က ရွှမ်မိန်မိန်းနှင့် ဝေးရာသို့ နည်းမျိုးစုံဖြင့် ကြိုးစားပြေးခဲ့သော်လည်း နောက်ဆုံးတွင် သူမနှင့် ထပ်မံ ပတ်သက်နေရဆဲပင်။ လမ်းတစ်လျှောက်လုံးတွင် သူမက ပင်ပန်းသည်။ ရေဆာသည်ဟု အဆက်မပြတ် ညည်းညူနေခဲ့သောကြောင့်သာ သူ ဤနေရာသို့ ရောက်ရှိရန် နှောင့်နှေးခဲ့ရခြင်းပင်။
ယွင်ရှန်းကမူ ငြင်းဆန်ခြင်း မပြုခဲ့ပေ။ အကြောင်းမှာ ယခုကဲ့သို့သော ပုံစံဖြင့် သွားလာနေရသည်မှာ သူမအတွက် အနေရခက်သောကြောင့် ဖြစ်သည်။ ရေခဲကျောက်ဆောင် ဖားပြုပ်
ဝတ်ရုံမှာ နူးညံ့လှပြီး ယွင်ရှန်းအတွက်မူ အနည်းငယ် ကြီးနေသည်။ ယွမ်ပုဖော်၏ အရွယ်အစားမှာ ယီပိုင်မင်းနှင့် ဆင်တူသဖြင့် အင်္ကျီတစ်ထည်တည်းနှင့်ပင် သူမအတွက် ဂါဝန်တစ်ထည်ကဲ့သို့ လုံလုံခြုံခြုံ ဖြစ်သွားစေသည်။
ယွင်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် တွဲလောင်းကျနေသော အင်္ကျီပွပွကြီးက သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော အသားအရေနှင့် သွယ်လျသော ခြေတံများကို ပိုမိုထင်ရှားသွားစေရာ ဖော်ပြ၍မရသော ဆွဲဆောင်မှုတစ်ခု ဖြစ်ပေါ်စေသည်။ ယွမ်ပုဖော်မှာမူ ၎င်းကို ကြည့်ရင်း လည်ချောင်းထဲတွင် တဖန် ပြန်လည် ပူလောင်လာပြန်သည်။
"မြေခွေးမ"
ရွှမ်မိန်မိန်းက ယွင်ရှန်းကို စိုက်ကြည့်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
ဟုန်မြို့တော်မှ မင်းသမီးလေးမှာ ဆိုးသွမ်းလှသော်လည်း ယွမ်ပုဖော်ကိုမူ စိတ်ဆိုးအောင် မလုပ်ဝံ့ပေ။ သူ တကယ် စိတ်ကုန်သွားပြီး သူမကို ပစ်ထားခဲ့မည်ကို အမှန်တကယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။ ယွမ်ပုဖော်သည် ဤချော်ရည်ဂူသို့ လာမည်ကို သူမ၏ ဖခင်ထံမှ မနည်း မေးမြန်းထားခဲ့ရခြင်း ဖြစ်သည်။ သူမ ဝတ်ဆင်ထားသော ကျောက်စိမ်းရိုး ငါးအရေခွံဝတ်စုံမှာလည်း မီးဓာတ်ကို ခုခံနိုင်စွမ်းရှိပြီး သူမ၏ မိခင်ထံတွင် အကြိမ်ကြိမ် ပူဆာပြီးမှ ရရှိခဲ့ခြင်း ဖြစ်သည်။
"မိန်းကလေး... မင်းက ဘယ်သူလဲ။ ပြီးတော့ ဘာလို့ ဒီ ကမ္ဘာမြေအူတိုင် ချော်ရည်ဂူထဲကို ရောက်နေရတာလဲ"
ယွမ်ပုဖော်က ယွင်ရှန်း၏ ခါးတွင် ချိတ်ထားသော မှော်လှံတံကို တစ်ချက် ကြည့်လိုက်ရင်း မေးလိုက်သည်။