← Chapters

အခန်း (၃၄၁)

Vol. 34 Ch. 341

အခန်း (၃၄၁)

Vol. 34 Ch. 341

ထိုစဉ် လူသုံးဦးစလုံးမှာ ကိုယ်စီကိုယ်ငှ အကြံအစည်များဖြင့် အသီးသီး ရှိနေကြသည်။

ယွင်ရှန်းကမူ ဘေးမှနေ၍ အကဲခတ်နေရင်း သူမ၏ ယခင်ဘဝ ဆရာဝန်တစ်ဦးအဖြစ် လေ့ကျင့်ပျိုးထောင်ခဲ့သော စူးရှသည့် အာရုံခံစားမှုဖြင့် သူတို့နှစ်ဦးကြားတွင် ဖြစ်ပေါ်နေသော လှိုင်းတံပိုးများကို အလွယ်တကူပင် သိမြင်နေတော့သည်။

"ဟေ့... နင်က ဘာလို့ ငါတို့နောက်ကို လိုက်နေတာလဲ။ နင်ကရော ဒီကံကြမ္မာမီးလျှံ ကြာပန်းကို စိတ်ဝင်စားလို့လား"

ရွှမ်မိန်မိန်းက အထင်းသားပေါ်လွင်နေသော ရန်လိုမှုများဖြင့် မေးခွန်းထုတ်လိုက်သည်။

"မိန်းကလေး... ကျွန်မလည်း ဒီနေရာကနေ ထွက်သွားချင်တာပါ။ ဒါပေမဲ့ ရှင်တို့နဲ့ မလိုက်ရင် ကျွန်မ လမ်းမသိဘူးလေ။ ဒီဂူထဲမှာ ရေလည်းမရှိ စားစရာလည်းမရှိတော့ ကျွန်မသာ လမ်းပျောက်သွားရင် သေဖို့ပဲ ရှိတော့မှာပေါ့"

ယွင်ရှန်းက ပြန်လည်ဖြေကြားလိုက်သည်။ အမှန်စင်စစ်တွင် ယွမ်ပုဖော်သည်လည်း ဤကြာပန်း ရင့်မှည့်၍ ခူးဆွတ်ချိန်မတိုင်မီ သူမကို အလွယ်တကူ လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။

ဟုန်မြို့တော်မှ လာသော ဤအမျိုးသားနှင့် အမျိုးသမီးသည် ဤကြာပန်းကို အသုံးပြု၍ ဘာလုပ်ရန် ကြံစည်နေသည်ကို သူမ အတိအကျ မသိသော်လည်း ဤရတနာကို စတင်ရှာဖွေတွေ့ရှိခဲ့သူမှာ သူမ ယွင်ရှန်းပင် ဖြစ်ရာ အခြားသူများက ၎င်းကို အလွယ်တကူ ယူဆောင်သွားသည်ကိုမူ ဘေးမှနေ၍ ကြည့်နေမည် မဟုတ်ချေ။

ယွမ်ပုဖော်သည်လည်း သူတို့ ဝင်လာခဲ့သော လမ်းကြောင်းကို ပြန်လည်စဉ်းစားမိသည်။ ၎င်းမှာ အမှန်တကယ်ပင် ကွေ့ကောက်ရှုပ်ထွေးလှသည်။ အကယ်၍ သူသာ ကြိုတင်၍ မြေပုံမရရှိထားပါက သူကိုယ်တိုင်ပင် လမ်းပျောက်သွားနိုင်ခြေ ရှိသည်။ ထို့အပြင် သူသည် ရွှမ်မိန်မိန်းနှင့် နှစ်ယောက်တည်း အတူရှိမနေလိုပေ။ အပိုလူတစ်ယောက် ပါဝင်နေခြင်းကပင် သူ့အတွက် ပို၍ နေရထိုင်ရ အဆင်ပြေစေသည်။

ထို့နောက် သူတို့ သုံးဦးစလုံးမှာ ကိုယ်စီကိုယ်ငှ အတွေးများဖြင့် တင်ပလ္လင်ခွေ ထိုင်လိုက်ကြသည်။

ယွင်ရှန်းမှာမူ ဂူအတွင်းရှိ အပူချိန်ကို အသားကျနေပြီဖြစ်သလို ယွမ်ပုဖော် ပေးထားသော ရေခဲကျောက်ဆောင် ဖားပြုပ်ဝတ်ရုံ၏ အကူအညီဖြင့် မကြာမီမှာပင် တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားတော့သည်။ အခြားတစ်ဖက်တွင်မူ ရွှမ်မိန်မိန်းမှာ စိုးရိမ်တကြီး ဖြစ်နေပုံရပြီး သူမ၏ မျက်လုံးများမှာ ကြာကန်ဘက်သို့ ခဏခဏ ဝဲကြည့်နေမိသည်။

ညဉ့်နက်ပိုင်း ရောက်သောအခါ... ကြာကန်ရှိရာ အရပ်မျက်နှာမှ ထူးခြားဆန်းပြားသော ရနံ့တစ်ခု လွင့်ပျံ့လာတော့သည်။

ပတ္တမြားကဲ့သို့ နီရဲတောက်ပနေသော ကြာပွင့်ချပ်မှာ ဝင်းလက်လာပြီး ၎င်း၏ အတွင်းပိုင်း၌ စိန်ကဲ့သို့ တဖိတ်ဖိတ်တောက်နေသော ဖန်သားပြင်ကဲ့သို့ ကြည်လင်သည့် ကြာစေ့ ရှစ်စေ့မှာ အရောင်အဝါများ ထွက်ပေါ်လာတော့သည်။

"ရင့်မှည့်ပြီ"

ယွမ်ပုဖော်သည် အလွန်လျင်မြန်သော လှုပ်ရှားမှုဖြင့် သူ၏လက်ချောင်းများကို ခါထုတ်

လိုက်ရာ လေဓားကဲ့သို့သော မှော်စွမ်းအားများက ရင့်မှည့်နေသည့် ကြာပွင့်ချပ်ကို ချက်ချင်းပင် ရစ်ပတ်ဆွဲယူလိုက်တော့သည်။

သူသည် ခြေဖျားဖြင့် မြေပြင်ကို အသာအယာကန်ကာ လေဟုန်စီးစွန်ရဲတစ်ကောင်ကဲ့သို့ မီတာပေါင်းများစွာ အကွာအဝေးကို ပျံဝဲဖြတ်သန်းသွားသည်။ ဆူပွက်နေသော ချော်ရည်များပေါ်တွင် သူ၏ခြေထောက်များ ဝဲပျံသွားသော်လည်း အလွန်အမင်း ပြင်းထန်သော အပူရှိန်ကို အနည်းငယ်မျှ ကြောက်ရွံ့ပုံမရပေ။ သူသည် အထူးစီမံထားသော ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ကာ ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်ကြောင်းမှာ အထင်အရှားပင်။

သို့သော် ယွင်ရှန်းမှာမူ လှုပ်ရှားရန် အလျင်မလိုသေးပေ။ သူမသည် မျက်မှောင်ကြုတ်ကာ ဖြစ်ပျက်သမျှကို အသေးစိတ် စောင့်ကြည့်နေသည်။ ရွှမ်မိန်မိန်းမှာလည်း မျက်ဝန်းများ တဖိတ်ဖိတ်တောက်လျက် မိန်းကလေးငယ်တစ်ဦး၏ တမ်းတမှုမျိုးဖြင့် ထိုမြင်ကွင်းကို ငေးမောနေတော့သည်။

ကြာပွင့်ချပ်ကို ဆွတ်ခူးပြီးနောက်တွင်မူ ယွမ်ပုဖော်သည် နောက်ထပ် ဘာလုပ်ရမည်ကို မသေချာသကဲ့သို့ ဖြစ်သွားသည်။

"ထူးဆန်းလိုက်တာ... ကံကြမ္မာမီးလျှံ ကြာပန်းရင့်မှည့်တဲ့ရနံ့က ကံကြမ္မာမီးလျှံ သားရဲကို ဆွဲဆောင်နိုင်တယ်လို့ ဆိုကြတာပဲ။ အခု ဘာလို့ ပတ်ဝန်းကျင်မှာ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ"

ယွမ်ပုဖော်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ရွှမ်မိန်မိန်းသည်လည်း ချက်ချင်း လှုပ်ရှားခြင်းမပြုဘဲ ထူးခြားသော တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ သူမသည် ယွမ်ပုဖော်ကို မယှဉ်နိုင်ကြောင်း သိထားသလို သူမ၏အစ်ကို ရွှမ်ဝူကျိပင်လျှင် ယွမ်ပုဖော်ကို အနိုင်ရရန် ခဲယဉ်းမည်ဖြစ်ကြောင်း နားလည်ထားသောကြောင့်ပင်။

နောက်ဆုံး ကံကြမ္မာမီးလျှံ ကြာပန်းကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် မူလက မီတာဆယ်ကျော်ခန့် ကျယ်ဝန်းသော ကြာကန်အတွင်းရှိ ချော်ရည်များမှာ တဖြည်းဖြည်း ကျုံ့ဝင်ကာ နစ်မြုပ်သွားတော့သည်။ ဆူပွက်နေသော ချော်ရည်များမှာ ရေများခန်းခြောက်သွားသကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ကန်၏အောက်ခြေ၌ ဧရာမ မှော်စက်ကွင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းမှာ ရှေးဟောင်း မှော်စက်ကွင်းတစ်ခု ဖြစ်သည်။ စက်ကွင်းပေါ်ရှိ မှော်အက္ခရာများမှာ ယွင်ရှန်း၊ ယွမ်ပုဖော်နှင့် အခြားသူများအတွက် နားလည်ရ ခက်ခဲလွန်းလှသည်။ ထိုစက်ကွင်းမှာ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးရာ ၎င်းသည် အချိန်အတော်ကြာအောင် ရပ်ဆိုင်းနေခဲ့သော စက်ကွင်းတစ်ခုဖြစ်ကြောင်း သိသာလှသည်။

သူတို့ သုံးဦးစလုံးမှာ မှော်ဆရာများဖြစ်ကြသလို ပါးနပ်သူများလည်း ဖြစ်ကြသဖြင့် မှော်

စက်ကွင်း၏ အရပ်ရှစ်မျက်နှာဖြစ်သော အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်နှင့် အနောက်မြောက်တို့တွင် အဝိုင်းပုံစံ အပေါက်ငယ်လေး တစ်ခုစီ ရှိနေသည်ကို သတိပြုမိသွားကြသည်။ ထိုအပေါက်ငယ်များမှာ ကံကြမ္မာမီးလျှံ ကြာစေ့၏ အရွယ်အစားနှင့် ကွက်တိပင်။

ထင်ရှားသည်မှာ ၎င်းကြာစေ့ ရှစ်စေ့ကို အရပ်ရှစ်မျက်နှာရှိ ထိုအပေါက်များအတွင်းသို့ ထည့်သွင်းလိုက်ပါက ဤမှော်စက်ကွင်းကြီးမှာ နိုးထလာမည်ပင်။

ရုတ်တရက် ပေါ်ပေါက်လာသော ဤမြင်ကွင်းကြောင့် သူတို့သုံးဦးစလုံး ဘာဆက်လုပ်ရမည်ကို မဝေခွဲနိုင်ဘဲ ခေတ္တမှင်သက်သွားကြသည်။ ယွင်ရှန်းမှာမူ မတော်တဆ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သော်လည်း၊ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာမူ ရှေးဟောင်းမှတ်တမ်းများ၏ လမ်းညွှန်မှုအရ 'ကံကြမ္မာမီးလျှံ သားရဲ' ကို ရှာဖွေရန် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤ 'ကံကြမ္မာမီးလျှံ ကြာကန်' ၏ အောက်ခြေတွင် အခြားသော လျှို့ဝှက်နယ်မြေတစ်ခု ရှိနေလိမ့်မည်ဟု သူတို့ လုံးဝမထင်မှတ်ထားခဲ့ပေ။

ယနေ့ဖြစ်ရပ်မှာ အမှန်တကယ်ပင် တိုက်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ ချော်ရည်များအောက်ရှိ မှော်စက်ကွင်း ပြန်လည်ပေါ်ထွက်လာရန်အတွက် အခြေအနေနှစ်ရပ် လိုအပ်သည်။ တစ်ချက်မှာ ကန်အတွင်းရှိ 'ကံကြမ္မာမီးလျှံ ကြာပန်း' အားလုံးကို ဆွတ်ခူးပြီးဖြစ်ရမည်—ယွင်ရှန်းသည် ဤနေရာရှိ ကြာပန်းအားလုံးကို စောစောကတည်းက ရှင်းလင်းထားခဲ့ပြီးဖြစ်သည်။ ဒုတိယအချက်မှာ ကြာစေ့များ ရင့်မှည့်လာပြီး အပေါက်ငယ် ရှစ်ခုအတွင်းသို့ ထည့်သွင်းရန် အဆင်သင့်ဖြစ်နေရမည်။

"မကောင်းတော့ဘူး"

သူတို့သုံးဦးမှာ အနာဂတ်ကို ခန့်မှန်းရခက်သော ဤမှော်စက်ကွင်းအား ကြာစေ့ရှစ်စေ့ဖြင့် နှိုးဆွရန် ဝေခွဲမရဖြစ်နေစဉ် ဂူ၏အခြားတစ်ဖက်မှ တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။

ယွမ်ပုဖော်၏ မျက်နှာပျက်သွားပြီး သူသည် ဂူ၏အဝင်ဝဘက်သို့ ချက်ချင်းပင် ပျံဝဲသွားတော့သည်။ သူ စောစောက အသုံးပြုခဲ့သော ရွှေ့ပြောင်းခြင်းမှော်စက်ကွင်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းလာတော့သည်။

ယခု သူတို့အတွက် တစ်ခုတည်းသော လမ်းစမှာ ဤရှေးဟောင်းစက်ကွင်းသာ ကျန်တော့သည်။

"အဝင်ဝက ပိတ်သွားပြီ။ ငါတို့ ဒီမှာ ပိတ်မိနေပြီပဲ။ ဒီမှော်စက်ကွင်းကို စမ်းကြည့်ဖို့ကလွဲလို့ တခြားလမ်းမရှိတော့ဘူး"

ယွမ်ပုဖော်က လေးနက်စွာ ပြောလိုက်သည်။

ယွင်ရှန်းနှင့် ရွှမ်မိန်မိန်းတို့မှာလည်း ကန့်ကွက်ရန်မရှိပေ။ သူတို့သုံးဦးသည် မှော်စက်ကွင်းပေါ်သို့ ခုန်ဆင်းလိုက်ကြသည်။ ဤသည်မှာ သူမ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံးသော မှော်စက်ကွင်းဖြစ်ကြောင်း ယွင်ရှန်း အသေအချာ သိလိုက်သည်။ ၎င်းမှာ ဧရာမ ကျောက်ကြိတ်ဆုံကြီးတစ်ခုနှင့်ပင် ဆင်တူလှသည်။

ယွမ်ပုဖော်သည် ကံကြမ္မာမီးလျှံ ကြာစေ့ရှစ်စေ့ကို ထုတ်ယူကာ စက်ကွင်းပေါ်ရှိ အပေါက်ငယ်များထဲသို့ တစ်စေ့ချင်းစီ မြှုပ်နှံလိုက်တော့သည်။

နှစ်ပေါင်းများစွာ ဆီမခတ်ဘဲ ပစ်ထားသော တံခါးအိုကြီးတစ်ချပ်ကို သော့ဖြင့် လှည့်ဖွင့လိုက်သည့်အသံမျိုး ကြားလိုက်ရပြီးနောက် မှော်စက်ကွင်းထံမှ အလင်းတန်းများ ဝင်းခနဲ ပွင့်ထွက်လာတော့သည်။

ကန်အောက်ခြေမှာ ရုတ်တရက် နိမ့်ဆင်းသွားပြီး သူတို့သုံးဦးမှာ ဟာလာဟင်းလင်းပြင်ထဲသို့ ခြေချမိလိုက်သကဲ့သို့ ခံစားလိုက်ရကာ အရှိန်အဟုန်ဖြင့် အောက်သို့ ပြုတ်ကျသွားတော့သည်။ အတော်ကြာပြီးမှသာ ခြေဖဝါးအောက်တွင် မြေပြင်ကို ပြန်လည်ထိတွေ့မိပြီး တည်ငြိမ်သွားကြသည်။

သူတို့သုံးဦးစလုံး ခေါင်းမူးဝေနေဆဲမှာပင်... ဆူပွက်သံအချို့နှင့်အတူ အမှောင်ရိပ်တစ်ခု ဝုန်းခနဲ ခုန်ထွက်လာသည်။ ထိုအရိပ်မှာ အလွန်လျင်မြန်ပြီး ရုတ်တရက်ဆန်လှသည်။ သူတို့အားလုံးမှာ သူတို့ကိုယ်တိုင် ဧရာမ မှော်တားမြစ်ချက်တစ်ခုအတွင်း ရပ်နေမိသည်ကိုပင် သတိမပြုမိခဲ့ကြချေ။

"အစ်ကိုပုဖော်... ဟိုမှာကြည့် အဲဒါ ကံကြမ္မာမီးလျှံ သားရဲမဟုတ်ဘူးလား"

ရွှမ်မိန်မိန်းသည် အံ့ဩတကြီးဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရှေ့မှ နတ်ဆိုးသားရဲကြီးကို ညွှန်ပြလိုက်သည်။

၎င်းမှာ ဆင်တစ်ကောင်ခန့် ကြီးမားသော နတ်ဆိုးသားရဲကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ကောင်းသော မီးဓာတ်စွမ်းအား ဖိအားများ ထွက်ပေါ်နေပြီး ထိုခံစားချက်မှာ ယွင်ရှန်း ယခင်က ရင်ဆိုင်ခဲ့ဖူးသော ပုရွက်ဆိတ်စစ်သူကြီးပေးသည့် ဖိအားထက်ပင် ပိုမို ကြောက်လန့်ဖွယ် ကောင်းနေတော့သည်။

သားရဲကြီး၏ ကိုယ်ထည်မှာ အလွန်ထွားကျိုင်းပြီး ယွင်ရှန်း မြင်ဖူးသော ခြင်္သေ့နှင့် ဆင်တူသော်လည်း သာမန်ခြင်္သေ့ထက် အဆပေါင်းတစ်ရာမက ပိုမိုရက်စက်ကြမ်းကြုတ်ကာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ ၎င်း၏ အမွှေးအမျှင်များအားလုံးမှာ လောင်မြိုက်နေသော မီးလျှံများဖြင့် ဖွဲ့စည်းထားပြီး လည်ပင်းတွင် မင်္ဂလာရှိသော မီးလျှံတိမ်တိုက်များကို ဝိုင်းရံထားသည်။ ဦးခေါင်းကို မာန်ပါပါ မော့ထားလျက် ပြူးထွက်နေသော မျက်လုံးများနှင့် အစွယ်များကြားမှ မီးလျှံများကို မှုတ်ထုတ်နေသည်။ ၎င်း၏ အမြီးမှာ မီးလျှံအခေါင်းပေါက်ကြီးတစ်ခုအလား နောက်ဘက်တွင် မြှောက်ထားပြီး နောက်ခြေထောက်များတွင် ထက်မြက်သော ခြေသည်းငါးခုစီ ရှိနေသည်။

ယခုအချိန်တွင် ထိုသားရဲကြီးမှာ မှော်စက်ကွင်းပေါ်၌ ဝပ်နေခြင်းဖြစ်သည်။ ဤအရာမှာ အဘယ်အရာဖြစ်ကြောင်း သူတို့ အတိအကျ မသိသော်လည်း တစ်ချက်ကတော့ သေချာနေသည်။ ၎င်းမှာ ကံကြမ္မာမီးလျှံ သားရဲတော့ လုံးဝ မဟုတ်ပေ။

အဆင့်(၉) သာရှိသော ကံကြမ္မာမီးလျှံ သားရဲတစ်ကောင်က ဤမျှလောက် ပြင်းထန်သော ဖိအားမျိုးကို မပိုင်ဆိုင်နိုင်ပေ။ ယွင်ရှန်း၏ လင်လုံသားရဲမျှော်စင်အတွင်းရှိ နတ်ဆိုးသားရဲများမှာလည်း ကြောက်ရွံ့တုန်လှုပ်လျက် ဝရုန်းသုန်းကား ဖြစ်နေကြပြီ။

"ငါကတော့ ရှေးဟောင်းနတ်ဘုရားသားရဲ မီးလျှံမျို ဆွမ်းနီပဲ။ မင်းတို့လို အသိဉာဏ်မရှိတဲ့ ပုရွက်ဆိတ်တွေက ငါတို့ရဲ့ မီးဝိညာဉ် ဘေးမဲ့နယ်မြေကို ကျူးကျော်ရဲတယ်ပေါ့။ အခုချက်ချင်း ပြန်ဆုတ်ကြစမ်း"

ထိုသားရဲကြီးသည် ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖွင့်ကာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် လူသားစကားဖြင့် ပြောလိုက်သည်။ နတ်ဆိုးသားရဲများသည် လူသားများနှင့် မတူပေ။ မြင့်မြတ်သောသားရဲအဆင့်သို့ ရောက်ရှိလာပါက လူသားကဲ့သို့ သိမြင်နားလည်နိုင်စွမ်း စတင်ရှိလာကြသည်။ အကယ်၍ မြင့်မြတ်သောသားရဲ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိကာ လူသားအသွင် ပြောင်းလဲနိုင်စွမ်း ရရှိသွားပါက စကားပြောနိုင်ပြီး လူအဖြစ်သို့ပါ ဖန်ဆင်းနိုင်စွမ်း ရှိလာကြခြင်း ဖြစ်သည်။

ထိုသားရဲကြီး စကားပြောလိုက်သည်နှင့် တပြိုင်နက် ရှိနေသူ သုံးဦးစလုံး၏ မျက်နှာများမှာ ချက်ချင်း ပြာနှမ်းသွားတော့သည်။ ထိုခဏ၌ သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ဝင်လာတော့သည်။

နတ်ဘုရားသားရဲပဲ။

All Chapters