အခန်း (၃၄၂)
Vol. 34 Ch. 342
၎င်းမှာ အမှန်တကယ်ပင် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေတော့သည်။
အဓိပ္ပာယ်မရှိတဲ့ ဒဏ္ဍာရီတွေပဲ... ယွမ်ပုဖော်မှာ စိတ်ပျက်လွန်း၍ သွေးတစ်လုတ်ပင် အန်
ချင်စိတ် ပေါက်သွားတော့သည်။
ဘာ... အဆင့်(၉) ကံကြမ္မာမီးလျှံသားရဲ ဟုတ်လား။ ဒါက သူတို့သုံးယောက်လုံးကို တစ်စက္ကန့်
အတွင်း အမှုန့်ဖြစ်အောင် ချေမှုန်းပစ်နိုင်တဲ့ နတ်ဘုရားသားရဲကြီး မဟုတ်ဘူးလား။
ဝူကျိတိုက်ကြီးက လူတွေအတွက် နတ်ဘုရားသားရဲဆိုတဲ့ အယူအဆက ဘယ်လိုမျိုးလဲ။
မှော်ဆရာတွေထဲမှာ မှော်နတ်ဘုရား၊ စစ်သည်တွေထဲမှာ စစ်နတ်ဘုရားနဲ့ ဆင့်ခေါ်သူတွေထဲမှာ ဆင့်ခေါ်ဧကရာဇ်တို့လို အမြင့်ဆုံးအဆင့်အတန်းမျိုး ဖြစ်သည်။ ဟုန်မြို့တော်ရဲ့ မြို့တော်
အုပ်ချုပ်ရေးမှူးမှာတောင်မှ မြင့်မြတ်သောသားရဲရဲ့ အထွတ်အထိပ်အဆင့် သားရဲတစ်ကောင်သာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ထိုနတ်ဆိုးသားရဲကြီး၏ ပြင်းထန်လှသော ဖိအားလှိုင်းများမှာ သူတို့သုံးဦးစလုံးအပေါ်သို့ ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်။ ဆွမ်းနီ၏ ဖိအားနှင့် နှိုင်းယှဉ်ပါက ယွင်ရှန်းတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော ယန်ပါဟဲတို့၏ ဖိအားများမှာ ဘာမျှပင် မဟုတ်တော့ပေ။ ဤဆွမ်းနီ၏ သက်တမ်းမှာ ဤကမ္ဘာမြေအူတိုင် ချော်ရည်ဂူကဲ့သို့ပင် နှစ်ပေါင်း သောင်းချီနေပြီဖြစ်ကြောင်း ခန့်မှန်းရသည်။
ထိုဖိအားများအောက်တွင် ယွင်ရှန်းသည် သူမ၏ ခန္ဓာကိုယ်မှာ ကျောက်တုံးတစ်ခုအလား ဖြစ်သွားပြီး လက်တစ်ချောင်းပင် လှုပ်၍မရတော့ဘဲ တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော် အဆုံးအဖြတ်ပေးရမည့် ထိုအခိုက်အတန့်တွင် ယွင်ရှန်းသည် သူမ၏စိတ်ကို အမြန်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူမ၏ ဦးနှောက်ထဲတွင် ဆွမ်းနီအမျိုးအစား နတ်ဆိုးသားရဲများအကြောင်း အသေးစိတ် အချက်အလက်များကို ပြန်လည်ရှာဖွေလိုက်သည်။
ဒဏ္ဍာရီများအရ နတ်ဆိုးသားရဲများထဲတွင် ခြင်္သေ့နှင့်တူသော ဆွမ်းနီများသည် ကြာပန်းများနှင့အတူ နေထိုင်ရသည်ကို နှစ်သက်ကြပြီး ၎င်းတို့ ခြေတစ်လှမ်း လှမ်းတိုင်းတွင် ကြာပန်းများ ပွင့်ထွက်လာလေ့ရှိသည်ဟု ပြောကညသည်။ ထို့ကြောင့်လည်း ထိုကန်အတွင်း၌ ကံကြမ္မာမီးလျှံ ကြာပန်းများ ပေါက်ရောက်နေခြင်း ဖြစ်ပေလိမ့်မည်။
ယွမ်ပုဖော်သည်လည်း တစ်ကိုယ်လုံး တောင့်တင်းနေကာ လှုပ်ရှား၍မရတော့ပေ။ သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး "အရှင်ဆွမ်းနီ... အရှင် ဒီမှာ စံမြန်းနေတယ်ဆိုတာ ကျွန်တော်တို့ လုံးဝမသိခဲ့လို့ပါ။ အကယ်၍ ကျွန်တော်တို့ဘက်က အရှင်ကို နှောင့်ယှက်မိသွားတယ်ဆိုရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ ရင့်မှည့်နေတဲ့ ကံကြမ္မာမီးလျှံ ကြာစေ့ရှစ်စေ့စလုံးကို အရှင်အား ပူဇော်ပါရစေ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ သုံးယောက်ကို အသက်ချမ်းသာပေးပါ" ဟု ပြောလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆွမ်းနီကြီးမှာ မည်သူကမှ မထင်မှတ်ထားသော တုံ့ပြန်မှုကို ပြုလုပ်လိုက်သည်။ ၎င်း၏ ဧရာမနှာခေါင်းပေါက်ကြီး နှစ်ခုအတွင်းမှ မီးလျှံများကို မှုတထုတ်လိုက်ရင်း "ကြာစေ့တွေ ဟုတ်လား။ အသိဉာဏ်မရှိတဲ့ ပုရွက်ဆိတ်တွေ... ငါ့ရှေ့မှာ အဲဒီအပိန်အဖျင်း ကြာစေ့တွေအကြောင်း လာမပြောနဲ့စမ်း။ အဲဒီ အစုတ်အပဲ့ ကံကြမ္မာမီးလျှံ ကြာစေ့တွေကြောင့်သာ မဟုတ်ရင် ငါ အခုလို မခံမရပ်နိုင်အောင် သွားကိုက်နေရပါ့မလား"
သွားကိုက်နေတာလား။
ဤဆွမ်းနီကြီးမှာ အလွန်အမင်း ဒေါသထွက်နေပုံရပြီး ယွင်ရှန်းက ၎င်း၏ ပါးစပ်ကြီးကို သေချာကြည့်လိုက်ရာ ဘယ်ဘက်ပါးစပ်စွန်းမှာ အမှန်တကယ်ပင် ဖောင်းကြွပြီး ရောင်ကိုင်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်းအနှစ်သက်ဆုံးဖြစ်သော ကြာစေ့များ ရင့်မှည့်လာချိန်တွင်
ပင် အဘယ်ကြောင့် စိတ်မဝင်စားဘဲ ရှိနေရသလဲဆိုသည့် အဖြေကို သိလိုက်ရသည်။
သူ သွားကိုက်နေသောကြောင့်ပင်။
"အရှင်ဆွမ်းနီ... ကျွန်မက ဆရာဝန်တစ်ယောက်ပါ။ အရှင် သွားကိုက်နေတယ်ဆိုရင် ကျွန်မ ကြည့်ပေးလို့ရပါတယ်"
ယွင်ရှန်းသည် သတ္တိကို အရင်းတည်ကာ ပြောလိုက်သည်။
ယွမ်ပုဖော်သည် သူမကို တားဆီးရန် စကားစလိုက်သော်လည်း ရွှမ်မိန်မိန်းက သူ့ကို ပြန်
ဆွဲထားလိုက်သည်။ သူမက ယွမ်ပုဖော်ကို မျက်ရိပ်ပြလိုက်သည်မှာ….
ဒီရုပ်ဆိုးမလေးကို ဆွမ်းနီကို ကုခိုင်းထားလိုက်စမ်းပါ။
၎င်းမှာ နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ရာ ၎င်း၏စွမ်းအားကို တစ်ချက်မျှ ထုတ်သုံးလိုက်ရုံဖြင့် သူတို့ကို ပြာဖြစ်သွားစေနိုင်သည်။ ထို့ကြောင့် ရုပ်ဆိုးမလေးက ဆွမ်းနီ၏ရောဂါကို ကုသပေးနေစဉ်အတွင်း သူတို့က ဤမှော်စက်ကွင်းမှတစ်ဆင့် ထွက်ပြေးရန် အခွင့်အရေးယူခြင်းက ပို၍ကောင်းပေလိမ့်မည်။
နတ်ဘုရားသားရဲကြီး၏ သွားကို ကုသပေးရမည်ဟူသော အတွေးက ယွင်ရှန်းကို ရယ်ရခက် ငိုရခက် ဖြစ်သွားစေသည်။ သို့သော် လက်ရှိအခြေအနေတွင် သူမ လုပ်နိုင်သည်မှာ ဤအရာတစ်ခုတည်းသာ ရှိတော့သည်။
သွားကိုက်သည့်ဒဏ်ကို အလူးအလဲ ခံစားနေရသော ဆွမ်းနီကြီးမှာ လူသားတစ်ဦးကဲ့သို့ ခဏမျှ စဉ်းစားနေပုံပင်။ ၎င်း၏ မျက်လုံးအိမ်ကြီးများကို ဝဲကြည့်လိုက်ပြီးနောက် ရှေ့ခြေသည်းကြီးဖြင့် ယွင်ရှန်းကို လှမ်းဖမ်းလိုက်တော့သည်။
"ပုရွက်ဆိတ်မ... မင်းကို ငါ့သွားကို ကြည့်ဖို့ ငါခွင့်ပြုမယ်။ ဒါပေမဲ့ မင်းသာ မရိုးမသား အကြံရှိလို့ကတော့ မီးတစ်ချက်မှုတ်ရုံနဲ့ မင်းကို ငါ အသေသတ်ပစ်မယ်"
နတ်ဘုရားသားရဲ ဆွမ်းနီသည် အလွန်အမင်း စိတ်မကြည်မလင်ဖြစ်နေသော လေသံဖြင့် ဟိန်းဟောက်လိုက်ရာ ယွင်ရှန်း၏ နားစည်များပင် ကွဲထွက်သွားမတတ် ခံစားလိုက်ရသည်။
'သွားကိုက်တာက ရောဂါမဟုတ်ဘူး။ ဒါပေမဲ့ ကိုက်လာပြီဆိုရင်တော့ အသက်ထွက်မတတ် နာကျင်ရတယ်' ဆိုသည့် စကားပုံမှာ နတ်ဘုရားသားရဲ ဆွမ်းနီကြီးအတွက်လည်း အကျုံးဝင်နေပုံပင်။
ကံကောင်းထောက်မစွာဖြင့် ဆွမ်းနီကြီးသည် အလွန်အမင်း ဒေါသထွက်နေသော်လည်း ယွင်ရှန်းကိုမူ အကျပ်ကိုင် ညှဉ်းပန်းခြင်း မပြုခဲ့ပေ။
အမှန်မှာ ဤဆွမ်းနီကြီးသည် မြေအောက်ကမ္ဘာတွင် နေထိုင်လာခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သလို ထူးခြားသောအကြောင်းပြချက်အချို့ကြောင့် ဤနေရာမှ စိတ်တိုင်းကျ ထွက်ခွာခွင့်မရှိပေ။ ထို့ကြောင့်လည်း သွားကိုက်ဝေဒနာ ခံစားနေရသော်လည်း မည်သည့်ကုထုံးကိုမျှ မတွေ့ရှိခဲ့ခြင်းပင်။
နတ်ဘုရားသားရဲတစ်ကောင်အနေဖြင့် နှစ်ပေါင်းတစ်သောင်းနီးပါးခန့် သွားကိုက်ဝေဒနာကို ခံစားနေရချိန်တွင် ကျွမ်းကျင်သော ဆရာဝန်တစ်ဦး ရောက်ရှိလာသည်ဟု ကြားလိုက်ရပါက သဘာဝအတိုင်းပင် မျှော်လင့်ချက်အလင်းရောင်တစ်ခု မြင်လိုက်ရသကဲ့သို့ပင်။
ယွင်ရှန်းမှာမူ သားရဲကြီး၏ နားကွဲမတတ် ဟိန်းဟောက်သံကို ကြားလိုက်ရချိန်တွင် ရင်ထဲ၌ ဒိန်းခနဲ ခုန်သွားရသည်။
"ငါ အတော်ကို နာနေပြီ၊ မြန်မြန်ကုပေးစမ်း"
ယွင်ရှန်းကို မြေပြင်ပေါ်သို့ ပြန်ချပေးပြီးနောက် ဆွမ်းနီကြီးက အလျင်အမြန်ပင် တိုက်တွန်းတော့သည်။
ထိုသို့ပြောပြီးနောက် ဆွမ်းနီကြီးသည် နှစ်ပေါင်းသောင်းချီ၍ သွားမတိုက်ထားသော ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟပေးလိုက်သည်။ ၎င်း၏ ပါးစပ်အတွင်းမှ ထွက်ပေါ်လာသော အနံ့ဆိုးကြီးမှာ ယွင်ရှန်းကို အသက်ရှူပင် ကျပ်သွားစေတော့သည်။ ယွင်ရှန်းသည် အသက်ကိုအောင့်၍ အံကိုကြိတ်ကာ သူမ၏ ခန္ဓာကိုယ်တစ်ဝက်နီးပါးကို ဆွမ်းနီကြီး၏ ဟနေသော ပါးစပ်အတွင်းသို့ ကိုင်းဝင်ကာ ကြည့်ရှုလိုက်ရသည်။
ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာမူ နောက်တစ်ကြိမ် မှင်သက်သွားကြပြန်သည်။ သူတို့၏ မူလအစီအစဉ်ဖြစ်သော ထွက်ပြေးရန်ကိစ္စကိုပင် မေ့လျော့သွားကြတော့သည်။
ဒီမှော်ဆရာမလေးက ဆွမ်းနီကြီးရဲ့ ပါးစပ်ထဲအထိ ဝင်သွားရဲတာလား...
ဤသည်မှာ သိုးသူငယ်လေးတစ်ကောင်က ကျားဂူထဲသို့ မိမိအလိုအလျောက် ဝင်သွားသကဲ့သို့ပင်။
သို့သော် လူတိုင်း မထင်မှတ်ထားသည်မှာ ဆွမ်းနီကြီးသည် သူမ စစ်ဆေးနေစဉ်အတွင်း ငြိမ်သက်စွာဖြင့် ပါးစပ်ကို ဟပေးထားခြင်းပင်။ အတော်ကြာ စစ်ဆေးပြီးနောက်တွင်မူ ယွင်ရှန်းသည် ဆွမ်းနီကြီး သွားကိုက်ရသည့် အဓိကအကြောင်းရင်းကို ရှာတွေ့သွားတော့သည်။
အမှန်တရားကို ထုတ်ပြောလိုက်လျှင် ရယ်စရာပင် ကောင်းနေတော့မည်ပင်။ ဆွမ်းနီကြီးမှာ ၎င်း၏ ဘယ်ဘက်မေးရိုးအောက်ခြေတွင် အံသွားပေါက်နေခြင်းကြောင့်သာ ဖြစ်သည်။ ထိုအံသွားမှာ ရောင်ကိုင်းနေခြင်းဖြစ်ရာ ခေတ်သစ်ဆေးပညာအရဆိုလျှင် ပိုးသတ်ဆေးတစ်ချက် ထိုးပေးရုံဖြင့် အလွယ်တကူ ကုသပေးနိုင်သည့် အရာပင်။
လက်ရှိတွင် ခေတ်မှီကိရိယာများ မရှိသဖြင့် ယွင်ရှန်းသည် သူမ၏ ခွဲစိတ်ဓားပေါ်တွင် ထုံဆေးအချို့ကို သုတ်လိုက်ပြီး အလွန်ရိုးရှင်းသော ဒေသန္တရထုံဆေးပေးခြင်းကို ပြုလုပ်ကာ အံသွားကို တူးထုတ်လိုက်တော့သည်။
သွားကို နှုတ်ယူပြီးနောက်တွင်မူ ယွင်ရှန်းသည် အားနာပါးနာမရှိဘဲ ထိုနတ်ဘုရားသားရဲ၏ သွားကို အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ရတနာများဖြစ်ရာ ငါးပိဿာ၊ ခြောက်ပိဿာခန့်လေးသော ဆွမ်းနီ၏ သွားမှာ အလွန်ကောင်းမွန်သော လက်နက်တစ်ခုအဖြစ် သွန်းလုပ်ရန် အသုံးတည့်လှသည်။
"ဟေး... တကယ်ပဲ မနာတော့ဘူးဟ"
ဆွမ်းနီကြီးသည် ရုတ်တရက် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ အနံ့ဆိုးများကြားတွင် အသက်ရှူပင် ကျပ်လုနီးပါးဖြစ်နေသော ယွင်ရှန်းက ၎င်း၏ ပါးစပ်ထဲမှ ပြန်ထွက်လာချိန်တွင် ဆွမ်းနီကြီးမှာ ကျေနပ်အားရစွာဖြင့် အသံပင် ပြုလိုက်သေးသည်။
ယွင်ရှန်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး လက်ကို ဖြန့်ကာ "အရှင်ရဲ့ သွားကိုက်ဝေဒနာ ပျောက်သွားပြီဆိုတော့ ဆေးကုသခ ပေးရမယ့်အချိန် ရောက်ပြီနော်"
ဆေးကုသခတဲ့လား။
ဘုရားရေ... ဒီမိန်းမက ဘယ်လောက်တောင် လောဘကြီးလိုက်တာလဲ။
ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာ နောက်တစ်ကြိမ် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားကြပြန်သည်။ ဤအရာမှာ မြို့တစ်မြို့လုံးကို ခဏချင်းအတွင်း ပြာဖြစ်အောင် လုပ်နိုင်သည့် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။ သို့သော် ဤမှော်ဆရာမလေးမှာမူ နတ်ဘုရားသားရဲတစ်ကောင်ထံမှ ဆေးကုသခ တောင်းဆိုရဲသည့် သတ္တိမျိုး ရှိနေသည်။
"ဆေးကုသခဆိုတာ ဘာလဲ"
အံသွားကို နှုတ်ပစ်လိုက်ပြီးနောက် ဆွမ်းနီကြီးမှာ တစ်ကိုယ်လုံး ပေါ့ပါးသွားသကဲ့သို့ ခံစားနေရသည်။ ယခုအခါ ယွင်ရှန်းမှာ ၎င်း၏ မျက်စိထဲတွင် ပို၍ကြည့်ကောင်းလာသလို သူမထံမှ ထွက်ပေါ်နေသော ရနံ့မှာလည်း ၎င်းအကြိုက်ဆုံး ကံကြမ္မာမီးလျှံ ကြာပန်း၏ ရနံ့နှင့် ဆင်တူသဖြင့် အလွန်သဘောကျနေခြင်းပင်။
"ဆေးကုသခဆိုတာ တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို ပြောတာပါ။ ဥပမာအားဖြင့် အရှင်တို့ဆီမှာ ရှိတတ်တဲ့ နတ်ဘုရားအဆင့်ဆေးဘက်ဝင်အပင်တွေ ဒါမှမဟုတ် မြင့်မြတ်သောအဆင့်မှော်လက်နက်တွေ၊ ဒါမှမဟုတ် အဆင့်မြင့် ခရမ်းရောင်ရွှေပြား သန်း ၁၈၀ လောက် ပေးရင်လည်း ရပါတယ်"
ယွင်ရှန်းက အရှက်မရှိဘဲ ရဲရဲတင်းတင်း တောင်းဆိုလိုက်တော့သည်။
ဤကမ္ဘာမြေအူတိုင် ချော်ရည်ဂူသို့ လာခဲ့သော ခရီးစဉ်မှာ သူမအတွက် အတော်ကလေး ဆုံးရှုံးမှု ကြီးမားခဲ့သည်။ သူမ၏ ဆေးဘက်ဝင်အပင် အများစုမှာ အရည်ပျော်ကုန်သလို ခရမ်းရောင်ရွှေပြား ကတ်အချို့လည်း ပါသွားသည်။ ကံကောင်းသည်မှာ သူမသည် ကတ်အများစုကို အစောပိုင်းက သူမ၏ ဒုတိယဦးလေးထံ ပေးအပ်ခဲ့ခြင်းပင်။ သို့မဟုတ်ပါက သူမသည် ပြာပုံထဲက ယွင်ရှန်းဘဝသို့ ပြန်ရောက်သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဆွမ်းနီမှာ နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ရာ သေချာပေါက် ကြွယ်ဝချမ်းသာပေလိမ့်မည်။ ထို့အပြင် ဆွမ်းနီကြီး၏ ခံတွင်းနံ့က မည်မျှဆိုးရွားသလဲဆိုလျှင် စောစောက သူမ ပါးစပ်ထဲဝင်စဉ် အသက်ရှူကျပ်ပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။ အရူးတစ်ယောက်လို ကုပေးခဲ့ပြီးမှ ဘာမှပြန်မရလျှင် သူမကိုယ်သူမ အားနာမိပေလိမ့်မည်။
"မင်းပြောတဲ့ ဆေးကုသခတွေကတော့ ငါ့မှာ မရှိသလိုပဲ။ ငါက နဂါးမျိုးနွယ်တွေလို လောဘတကြီးနဲ့ တဖိတ်ဖိတ်တောက်တာတွေကို စုဆောင်းတတ်တဲ့သူ မဟုတ်ဘူး"
ဆွမ်းနီကြီးသည် ခေါင်းကို စောင်းကာ အတော်ကြာ စဉ်းစားလိုက်ပြီးနောက် ၎င်းမှာ အတော်ကလေး ဆင်းရဲသော နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေကြောင်း ဝမ်းနည်းစွာ သတိပြုမိသွားသည်။ ၎င်းသည် ကိုယ်ကိုကိုယ်ပင် အနည်းငယ် အထင်သေးသွားမိသည်။
"အရှင်မှာ ဆေးကုသခ ပေးစရာမရှိဘူးဆိုရင်တော့ အဲဒီအစား ကျွန်မရဲ့ စီးတော်ယာဉ်အဖြစ် အသုံးတော်ခံပြီး အကြွေးဆပ်ပေါ့။ ကျွန်မက အများကြီး မတွက်ပါဘူး။ ဆယ်နှစ်လောက် ဆိုရင် ရပါပြီ"
ယွင်ရှန်းသည် ဆွမ်းနီကြီးကို အပိုင်စီးရန် အကြံထုတ်လိုက်တော့သည်။