← Chapters

အခန်း (၃၄၃)

Vol. 34 Ch. 343

အခန်း (၃၄၃)

Vol. 34 Ch. 343

ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့မှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အံ့ဩခြင်းဆိုသည့် စကားလုံးထက်ပင် ပိုမိုလွန်ကဲနေတော့သည်။

ဆေးကုသခအဖြစ် နတ်ဘုရားသားရဲတစ်ကောင်ကို ဆယ်နှစ်တိုင်တိုင် စီးတော်ယာဉ်အဖြစ် အသုံးပြုရန် ကြံစည်ရဲသည့် သတ္တိမျိုးမှာ တစ်ဝူကျိတိုက်ကြီးလုံးတွင် ယွင်ရှန်းတစ်ယောက်သာ ရှိပေလိမ့်မည်။

"ဒါတော့ မဖြစ်နိုင်ဘူး။ ငါက နတ်ဘုရားသားရဲတစ်ကောင် မင်းကတော့ မှော်ညွှန်ကြားရေးမှူးအဆင့်ပဲ ရှိသေးတာ။ ငါ့ကိုယ်ငါ နိမ့်ကျအောင်လုပ်ပြီး မင်းရဲ့ စီးတော်ယာဉ်အဖြစ်တော့ အသုံးတော်မခံနိုင်ဘူး။ ဒါပေမဲ့... တစ်နေ့မှာ မင်းသာ မှော်နတ်ဘုရားဖြစ်လာမယ်ဆိုရင်တော့ ငါ အဲဒီကိစ္စကို စဉ်းစားပေးကောင်း စဉ်းစားပေးမယ်"

ဆွမ်းနီကြီးသည် ထူးထူးခြားခြား ဒေါသမထွက်ဘဲ ပြန်လည်ပြောကြားလိုက်သည်။

မီးဓာတ်အခြေခံ နတ်ဆိုးသားရဲဖြစ်သည့်အားလျော်စွာ ဆွမ်းနီများသည် အခြားသော ဓာတ်ကြီးသုံးပါး သားရဲများနှင့်နှိုင်းယှဉ်လျှင် သဘာဝအရ စိတ်တိုလွယ်သူများ ဖြစ်ကြသည်။ သို့သော် ယွင်ရှန်းက ၎င်း၏ သွားကို ကုသပေးကာ နှစ်ပေါင်းထောင်ချီ ခံစားခဲ့ရသော ဝေဒနာမှ လွတ်မြောက်စေခဲ့သောကြောင့် ၎င်းသည် သူမအပေါ်တွင် ထူးခြားစွာ စိတ်ရှည်နေခြင်း ဖြစ်သည်။

"ကဲ... ဒီလိုလုပ်ကြစို့။ ငါက သူတစ်ပါးအကြွေး တင်နေရတာကို မကြိုက်ဘူး။ မင်း ခုနက တန်ဖိုးကြီးတဲ့အရာတစ်ခုခု လိုချင်တယ်လို့ ပြောတယ်မလား။ အခုလောလောဆယ် ငါ့မှာရှိတဲ့ အဖိုးတန်ဆုံးအရာက တစ်ခုပဲ ရှိတယ်။ အဲဒါကို မင်းရဲ့ အရည်အချင်းနဲ့ ရအောင်ယူနိုင်မယ်ဆိုရင် ယူသွားလိုက်တော့"

ဆွမ်းနီကြီးသည် ၎င်း၏ ပြူးထွက်နေသော မျက်လုံးကြီးများဖြင့် ယွင်ရှန်းကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်။

ယွင်ရှန်း၏ မျက်နှာမှာ ပျက်ယွင်းနေသော်လည်း မှောင်မိုက်သော ညဉ့်နက်ပိုင်းတွင်ပင် တောက်ပနေသည့် ကျောက်စိမ်းနက်ရောင် မျက်ဝန်းအစုံထဲ၌မူ သူမ၏ အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်မှုများ ကိန်းအောင်းနေသည်။ ဆွမ်းနီကြီးနှင့် ထိပ်တိုက်တွေ့ချိန်တွင် သူမ ပြသခဲ့သော ဟန်ပန်မှာ ဝူကျိတိုက်ကြီး၏ ဒဏ္ဍာရီလာ အထွတ်အထိပ် စွမ်းအားရှင်များနှင့်ပင် ယှဉ်နိုင်စွမ်း ရှိနေသည်။

နတ်ဘုရားသားရဲတစ်ကောင်၏ အမြင်အာရုံမှာ အမှန်တကယ် ထူးကဲလှသည်။ ယွင်ရှန်းသည် မှော်ညွှန်ကြားရေးမှူးအဆင့်သာ ရှိသေးသော်လည်း သူမတွင် ရှားပါးလှသော ဓာတ်စုံမှော်

ဝိညာဉ်ရှိနေပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ အနည်းဆုံး အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားနှစ်ခု ကိန်းအောင်းနေသည်ကို ဆွမ်းနီကြီး မြင်နေရသည်။

အထူးသဖြင့် သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်နှင့် သူမ၏အတွင်းပိုင်းမှ တုန်ခါနေသော ထူးဆန်းသည့် စွမ်းအားစုကြီး...

သူ့ရှေ့မှ ဤမှော်ဆရာမလေးသည် သူ နှစ်ပေါင်းထောင်ချီအောင် စောင့်ဆိုင်းနေခဲ့ရသည့် ထိုသူဖြစ်နေမလားဟု ဆွမ်းနီကြီး စိတ်ထဲမှ တွေးတောနေမိတော့သည်။

ထိုသို့ပြောပြီးနောက် ဆွမ်းနီကြီးသည် ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်အောက်တွင် ဖိနှိပ်ထားသော အခြားမှော်စက်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။

ဤမှော်စက်ကွင်းမှာ ဆွမ်းနီ၏နယ်မြေအတွင်းသို့ ဝင်ရောက်စဉ်က တွေ့ခဲ့သော စက်ကွင်းနှင့် ဆင်တူသော်လည်း အနည်းငယ် ကွဲပြားမှုရှိသည်။ ၎င်းထံမှ အလွန်သိပ်သည်းလှသော မီးဓာတ်မှော်စွမ်းအားများ ထွက်ပေါ်နေသည်။

"ဒါဟာ ရှေးဟောင်း မီးနတ်သမီးဘုရင်ချန်ထားခဲ့တဲ့ မီးဓာတ်ရဲ့ မူလစွမ်းအား နတ်သမီးကံကြမ္မာမီးလျှံပဲ။ နှစ်ပေါင်း သောင်းချီတိုင်အောင် ငါက ဒီမီးလျှံလေးကို ရယူပိုင်ဆိုင်မယ့် ကံပါလာသူကို စောင့်ကြိုရင်း ဒီနေရာမှာ သတိကြီးစွာနဲ့ စောင့်ကြပ်နေခဲ့တာ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အခုထိ ဘယ်သူမှ ဒီကမ္ဘာမြေအူတိုင် ချော်ရည်ဂူထဲကို ဖောက်ထွက်ပြီး မရောက်လာနိုင်ခဲ့ကြဘူး"

ဆွမ်းနီကြီးက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ ဤမီးလျှံအတွက်နှင့် မာနကြီးလှသော နတ်ဘုရားသားရဲကြီးမှာ မြေအောက်ကမ္ဘာတွင် နှစ်ပေါင်းသောင်းချီ၍ ပိတ်မိနေခဲ့ရသည်။ ထိုကာလတစ်လျှောက် ခံစားခဲ့ရသော အထီးကျန်မှုနှင့် အားကိုးရာမဲ့မှုများကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသည်။

"အရှင်က ကျွန်မကို ဒီနတ်သမီးကံကြမ္မာမီးလျှံကို ရယူဖို့ ကြိုးစားခိုင်းနေတာလား"

ယွင်ရှန်း၏ မျက်ခွံများပင် အနည်းငယ် လှုပ်ခါသွားသည်။

"နတ်သမီးကံကြမ္မာမီးလျှံဆိုတာ မီးဓာတ်အခြေခံ မှော်ဆရာတွေ အားလုံး မက်မောကြတဲ့ မီးလျှံမျိုးပဲ။ မင်းရဲ့ မှော်အဆင့် မြင့်တက်လာတာနဲ့အမျှ ဒီမီးလျှံကလည်း သူ့ဘာသာ သန့်စင်သွားလိမ့်မယ်။ တစ်နေ့မှာ မင်းသာ မှော်နတ်ဘုရားဖြစ်လာခဲ့ရင် ကောင်းကင်နဲ့ မြေကြီးကြားက ရှိရှိသမျှ သက်ရှိအရာအားလုံးကို ဒီမီးလျှံနဲ့တင် ချေမှုန်းပစ်နိုင်လိမ့်မယ်"

ဆွမ်းနီကြီး၏ စကားများက ရှိနေသူအားလုံး၏ စိတ်ကို လှုပ်ခါသွားစေတော့သည်။

ရွှမ်မိန်မိန်းက အလောတကြီးဖြင့် ဝင်ပြောလိုက်သည်။

"လေးစားအပ်ပါတဲ့ အရှင်ဆွမ်းနီ... ကျွန်မကလည်း မှော်ဆရာတစ်ယောက်ပါပဲ။ ကျွန်မရဲ့ မှော်အဆင့်က ဒီကောင်မလေးထက်တောင် ပိုမြင့်ပါသေးတယ်။ ဒီတော့ ဒီမီးလျှံကို ရယူဖို့ ကျွန်မက ပိုပြီး သင့်တော်မယ်ထင်ပါတယ်"

"ဟွန်း... လောဘကြီးတဲ့ ပုရွက်ဆိတ်မ။ မင်းက စမ်းကြည့်ချင်တယ်ဆိုရင်လည်း စမ်းကြည့်ပေါ့"

ဆွမ်းနီကြီးသည် ရွှမ်မိန်မိန်း၏ မျက်ဝန်းထဲမှ လောဘရိပ်ကို မြင်သော်လည်း မတားဆီးခဲ့ပေ။

"မိန်မိန်း... စိတ်မလောနဲ့ဦး"

ယွမ်ပုဖော်က ရွှမ်မိန်မိန်းကို အလျင်အမြန် သတိပေးလိုက်သည်။ သူနှင့် ရွှမ်မိန်မိန်း နှစ်ဦးစလုံးမှာ အဆင့်မြင့် မှော်စွမ်းအားရှင်များ ဖြစ်ကြသော်လည်း ဤနတ်သမီးမှော်စက်ကွင်း၏ တကယ့်အဆင့်အတန်းကို ခန့်မှန်း၍ မရနိုင်ကြပေ။ နတ်ဘုရားသားရဲ ဆွမ်းနီကိုယ်တိုင် စောင့်ကြပ်နေရသော စက်ကွင်းမှာ သေချာပေါက် ထူးခြားဆန်းကြယ်နေမည်ဖြစ်သည်။

ယွင်ရှန်းမှာလည်း ယွမ်ပုဖော်ကဲ့သို့ပင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

"ပုရွက်ဆိတ်တို့... သေချာစဉ်းစားကြ။ ငါက မင်းတို့ကို ရွေးချယ်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ်"

ဆွမ်းနီကြီးက စိတ်ဝင်စားစရာ ပြိုင်ပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ အမူအရာဖြင့် စောင့်ကြည့်နေတော့သည်။

အမှန်တကယ်တော့ ကမ္ဘာမြေအူတိုင် ချော်ရည်ဂူ၏ တည်ရှိမှုမှာ ဒဏ္ဍာရီများထဲကကဲ့သို့ အလွန်အမင်း လျှို့ဝှက်နေခြင်းမျိုး မဟုတ်ပေ။ မြေအောက်ကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာတွင် ဤနေရာသို့ လမ်းမှားရောက်လာကြသော ပုရွက်ဆိတ်လူသား မျိုးနွယ်စုအချို့ အမှန်တကယ်ပင် ရှိခဲ့ဖူးသည်။

ထိုသူများထဲမှ ကြောက်ချေးပါသူများကိုမူ ဆွမ်းနီက တစ်လုပ်တည်းဖြင့် ဝါးစားပစ်ခဲ့သည်။ သတ္တိရှိသူများကိုမူ နတ်သမီးကံကြမ္မာမီးလျှံကို ရယူရန် ၎င်းက အခွင့်အရေးပေးခဲ့ဖူးသော်လည်း ဝမ်းနည်းစရာမှာ တစ်ဦးတစ်ယောက်မျှ အောင်မြင်ခြင်း မရှိခဲ့ချေ။

ရှုံးနိမ့်သွားတဲ့သူတွေကတော့...

ဆွမ်းနီကြီးသည် အေးစက်စက်ဖြင့် နှစ်ချက်မျှ ရယ်မောလိုက်သည်။

"ကျွန်မ စမ်းကြည့်ပါ့မယ်"

ယွင်ရှန်းသည် ခဏမျှ တွေးတောပြီးနောက် လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှမ်မိန်မိန်းသည် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာပြီး "ကျွန်မလည်း စမ်းကြည့်မယ်။ နင့်ရှေ့ကနေ အရင်သွားမယ်" ဟု ပြောလိုက်တော့သည်။ အဖိုးတန်လှသော နတ်သမီးကံကြမ္မာမီးလျှံကို ရယူရန် အခွင့်အရေးမှာ တစ်ကြိမ်သာ ရှိပေလိမ့်မည်။ အကယ်၍ ယွင်ရှန်းကသာ အရင်ရသွားပါက အရာအားလုံး နောက်ကျသွားမည်ကို သူမ စိုးရိမ်နေခြင်းဖြစ်သည်။

ထိုသို့ပြောပြီးနောက် ရွှမ်မိန်မိန်းသည် မှော်စက်ကွင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။ သို့သော် သူမ စက်ကွင်းအတွင်းသို့ ခြေချလိုက်သော်လည်း စက်ကွင်းထံမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

"ဒါ... ဒါက ဘယ်လိုဖြစ်တာလဲ။ နတ်သမီးကံကြမ္မာမီးလျှံက ဘယ်မှာလဲ"

ရွှမ်မိန်မိန်းသည် ဘာမှပေါ်မလာသဖြင့် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာဖြင့် ဝေ့ဝဲကာ ကြည့်နေမိတော့သည်။

"ဟွန်း... အသိဉာဏ်မဲ့တဲ့ ပုရွက်ဆိတ်မ။ မင်းလို ကောက်ကျစ်တဲ့ စိတ်ထားရှိတဲ့သူကို ကံကြမ္မာမီးလျှံက လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခုချက်ချင်း ထွက်သွားစမ်း"

ဆွမ်းနီကြီးက ဟိန်းဟောက်လိုက်သည်။

နတ်သမီးကံကြမ္မာမီးလျှံဆိုသည်မှာ သဘာဝတရား၏ အစင်ကြယ်ဆုံးသော မီးလျှံဖြစ်သည်။ ဖြူစင်သော နှလုံးသားရှိသူများသာလျှင် ဤမီးလျှံ၏ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။ ရွှမ်မိန်မိန်းတွင်မူ အခြေခံအကျဆုံး အရည်အချင်းပင် မရှိသဖြင့် မှော်စက်ကွင်းမှာ နိုးထလာခြင်းမရှိဘဲ ငြိမ်သက်နေခြင်း ဖြစ်သည်။

"ဘာမဟုတ်တဲ့ အစုတ်အပဲ့ မီးလျှံလဲ။ ငါက ဘယ်လိုလုပ်ပြီး ဒီမီးလျှံကို မဆင့်ခေါ်နိုင်ဘဲ ရှိမှာလဲ"

ရွှမ်မိန်မိန်းသည် ဇွတ်တရွတ်နိုင်စွာဖြင့် သူမ၏ခြေဖဝါးအောက်ရှိ မှော်စက်ကွင်းကို ပေါက်ကွဲမတတ် ဆောင့်နင်းလိုက်မိသည်။ ထိုစက်ကွင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဖျက်ဆီးပစ်

ချင်နေသည့်အလားပင်။

သို့သော် သူမ မသိလိုက်သည်မှာ ထိုသို့ ဆောင့်နင်းလိုက်သည်နှင့် တပြိုင်နက် ငြိမ်သက်နေသော စက်ကွင်းအတွင်းမှ လူတစ်ရပ်ကျော် မြင့်မားသည့် ပြင်းထန်သော မီးတောက်ကြီးတစ်ခု ဝုန်းခနဲ ပွင့်ထွက်လာခြင်းပင်။ ထိုမီးလျှံမှာ အလွန်ပြင်းထန်လှသဖြင့် ဤတိုက်ကြီးပေါ်ရှိ အမာကျောဆုံးသော သတ္တုရိုင်းများကိုပင် ချက်ချင်း အရည်ပျော်သွားစေနိုင်သည်။

မမျှော်လင့်ဘဲ ခံလိုက်ရသဖြင့် ရွှမ်မိန်မိန်း၏ မျက်နှာမှာ မီးလျှံများ၏ လောင်မြိုက်ခြင်းကို အပြင်းအထန် ခံလိုက်ရတော့သည်။ သူမသည် နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်လိုက်မိသည်။ သူမ၏ မျက်နှာနှင့် ဦးခေါင်းတစ်ခုလုံးမှာ မီးတောက်နေပြီ ဖြစ်သည်။ အကယ်၍ သူမ ဝတ်ဆင်ထားသော ကာကွယ်ရေးဝတ်စုံသာ မရှိခဲ့လျှင် သူမသည် တစ်ကိုယ်လုံး မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

"မိန်မိန်း... ချက်ချင်း အောက်ကို ဆင်းခဲ့"

ယွမ်ပုဖော်သည်လည်း အလွန်အမင်း ထိတ်လန့်သွားကာ မျက်နှာပြာနှမ်းသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ရွှမ်မိန်မိန်းမှာ ဟုန်မြို့တော် ရွှမ်မိသားစု၏ အဖွဲ့ဝင်ဖြစ်ရာ သူမ မီးလောင်သေဆုံးသွားသည်ကို သူ ဘေးမှကြည့်မနေနိုင်ချေ။

ရွှမ်မိန်မိန်း မြေပြင်ပေါ်တွင် လူးလိမ့်နေစဉ် ဆွမ်းနီကြီးက အပေါ်မှ ခုန်ကျော်ကာ ခြေထောက်တစ်ဖက်ဖြင့် သူမကို မှော်စက်ကွင်းအပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။ ရွှမ်မိန်မိန်းသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီး သွေးများနှင့် ရွှံ့နွံများဖြင့် ပေကျံသွားတော့သည်။

သူမသည် ကုသရန်အတွက် မှော်ဆေးရည်ကို အသုံးပြုလိုက်သော်လည်း သူမ၏ ရုပ်ရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပျက်စီးသွားခဲ့သည်။ တစ်ချိန်က လှပခဲ့သော မျက်နှာမှာ ယခုအခါ သွေးနှင့် အသားများ ရောထွေးကာ ပိန်ချိုင့်နေသော သစ်သီးတစ်လုံးနှင့်ပင် ဆင်တူနေတော့သည်။ ယွင်ရှန်းအနေဖြင့် သူမ၏ မျက်နှာရိုးများကိုပင် အထင်းသား မြင်နေရသည်။

"အရူးမ... ကံကြမ္မာမီးလျှံရဲ့ တန်ခိုးအာဏာကို စိန်ခေါ်ရဲတယ်ပေါ့"

ဆွမ်းနီကြီးက အထင်သေးစွာ ပြောလိုက်သည်။ ယခုအခါ ရွှမ်မိန်မိန်းသည် အမှန်တကယ်ပင် အငြင်းပွားဖွယ်မရှိသော ရုပ်ဆိုးမတစ်ဦး ဖြစ်သွားခဲ့သည်။

"အစ်ကိုပုဖော်... ကျွန်မမျက်နှာ... ကျွန်မမျက်နှာကြီး... ကျွန်မ အဖေကိုပြောပြီး ဒီနေရာကို ဖျက်ဆီးပစ်ခိုင်းမယ်"

ရွှမ်မိန်မိန်းသည် သူမ၏မျက်နှာမှ ပြင်းထန်သော နာကျင်မှုကို ခံစားရင်း အော်ဟစ်နေတော့သည်။

"မိန်မိန်း... မငိုနဲ့တော့။ မကြာခင်မှာ မင်းကို ဟုန်မြို့တော်ဆီ ငါ ပြန်ခေါ်သွားပေးမယ်။ မြို့တော်အုပ်ချုပ်ရေးမှူးမှာ မင်းရဲ့မျက်နှာကို ကုသပေးဖို့ နည်းလမ်းရှိမှာပါ"

ယွမ်ပုဖော်သည် နတ်သမီးကံကြမ္မာမီးလျှံမှော်စက်ကွင်းမှာ လူသားတစ်ဦးကဲ့သို့ စိတ်ဆိုးဒေါသထွက်တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟုန်မြို့တော်က လူတွေ သူမမျက်နှာကို မကုနိုင်ပါဘူး။ အဲဒါက နတ်သမီးကံကြမ္မာမီးလျှံလေ။ အဲဒီမီးလျှံကြောင့် ဖြစ်တဲ့ ဒဏ်ရာကို ကုသဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး"

ယွင်ရှန်းသည် ရွှမ်မိန်မိန်း၏ ဒဏ်ရာအပေါ် ကရုဏာ မသက်မိပေ။ ဟုန်မြို့တော်မှ လူများသည် အတိတ်က ယန်မိသားစု စစ်တပ်မှ ညီအစ်ကိုများစွာကို သေဆုံးစေခဲ့သလို ယန်ချန်းလန်၏ လက်များကို မသန်မစွမ်းဖြစ်စေကာ နှစ်ပေါင်းများစွာ စိတ်ပျက်အားငယ်အောင် လုပ်ဆောင်ခဲ့သူများ ဖြစ်သည်။ သို့သော် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်အရ သူမက အနည်းဆုံးတော့ သတိပေးချက်တစ်ခုကို ပေးလိုက်ခြင်းပင်။

All Chapters