အခန်း (၃၄၈)
Vol. 34 Ch. 348
"အဖေ အထဲမှာ တစ်ယောက်တည်း ပိတ်အောင်းနေတာ ဘယ်လောက်တောင် ကြာပြီလဲ"
ယန်ချန်းလန်သည် အခန်းအပြင်ဘက်တွင် ချထားသော အစားအသောက်များကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ယွင်ရှန်းက အဖိုးကြီးယန် ယန်ပါးဟို၏ ကျန်းမာရေး အတော်ကလေး ဆိုးရွားနေကြောင်း ယခင်က ပြောပြခဲ့သည်ကို သူ မှတ်မိနေသေးသည်။
"သုံးလေးရက်လောက် ရှိပြီ သခင်လေး။ နန်းတွင်းဝတ်စုံတောင် မလဲဘဲ အထဲမှာပဲ အမြဲနေနေတာ"
ဦးလေးယန်သည်လည်း သခင်ကြီး နန်းတွင်း၌ ဘာသတင်းတွေ ကြားခဲ့ရသည်ကို အတိအကျမသိသော်လည်း သခင်ကြီး ဤမျှအထိ ဒေါသထွက်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ထိုနေ့က နန်းတွင်းမှ ပြန်လာပြီးနောက် သခင်ကြီးသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အိမ်တော်ထဲသို့ ဝုန်းခနဲ ဝင်လာခဲ့သည်။ သူသည် အစောင့်၏ ဓားကို ဆွဲယူကာ သခင်လေး တန်ယုကို ခုတ်သတ်ရန် ကြိုးစားခဲ့သော်လည်း တတိယသမီး ယန်ချန်းလန်၏ ညီမက သူ့ကို တင်းတင်းကြပ်ကြပ် ဆွဲထားခဲ့သည်။ အကယ်၍ တန်ယုကို တစ်ခုခုလုပ်လျှင် သူမကိုယ်သူမ သတ်သေပစ်မည်ဟု ခြိမ်းခြောက်ခဲ့သောကြောင့်သာ သခင်ကြီးက သူ၏ဒေါသကို မနည်းထိန်းချုပ်ခဲ့ရခြင်းပင်။
သို့သော်လည်း သခင်ကြီးသည် သခင်လေးကို ဒေါသတကြီး ကန်ကျောက်ပစ်ခဲ့သေးသည်။
"အဲဒီ တိရစ္ဆာန်ထက်မသာတဲ့ တန်ယုကော ဘယ်မှာလဲ"
ယန်ချန်းလန်က အံကြိတ်ကာ မေးလိုက်သည်။
ထိုပြဿနာတစ်ခုလုံးက တန်ယုကြောင့် ဖြစ်ရခြင်းပင်။
အခုလေးတင် အိမ်တော်ထဲကို ဝင်လာစဉ်မှာပင် အပြင်ဘက်မှာ ဒူးထောက်ငိုယိုနေကြသည့် သေဆုံးသူ၏ မိသားစုဝင်များကို မြင်တွေ့ခဲ့ရတာက အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။ ထိုလူများသည် သူ့ကို ကျိန်ဆဲကာ ပစ္စည်းများဖြင့် ပစ်ပေါက်နေကြသော်လည်း သူကတော့ ဘာမျှပြန်မလုပ်ခဲ့ပေ။
"သခင်လေးက တတိယသခင်မရဲ့ ခြံဝင်းထဲမှာ ရှိနေပါတယ်။ အခုတလော အိမ်တော်ထဲကို ဘယ်ကမှန်းမသိတဲ့ လူသတ်သမားအချို့ ခိုးဝင်လာကြလို့။ သခင်လေးကို ကာကွယ်ဖို့အတွက် တတိယသခင်မက မုဆိုးစစ်သည်တော်အချို့ကို ငှားပြီး ဝင်းကို စောင့်ကြပ်ခိုင်းထားတယ်"
ဦးလေးယန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း ပြောပြသည်။
သခင်လေးကို ငယ်ငယ်ကတည်းက ကျွန်တော် ကြည့်လာခဲ့တာပါ။ အခုလို အကျင့်ပျက်သွားတာက တတိယသခင်မက သူ့ကို အလိုလိုက်လွန်းလို့ပဲ...
"မုဆိုးတွေကို ငှားထားတယ် ဟုတ်လား အဲဒီလိုလုပ်ရင်ပဲ သူ့ရဲ့ အောက်တန်းကျတဲ့ အသက်ကို ကယ်နိုင်မယ် ထင်နေတာလား။ အဲဒီအမျိုးသမီးရဲ့ အလောင်းက အပြင်မှာ ရှိနေတုန်းပဲလေ"
ယန်ချန်းလန် အိမ်တော်ထဲသို့ ဝင်လာစဉ် အပြင်ဘက်မှာ ချထားသော ခေါင်းတလားကို မြင်တွေ့ခဲ့ရသည်။
သေဆုံးသူ အမျိုးသမီး၏ မိသားစုဝင်များသည် ရုပ်အလောင်း မပုပ်သိုးစေရန် အထူး မှော်
စက်ကွင်းတစ်ခုဖြင့် ဝန်းရံထားကြသည်။ ရက်ပေါင်း နှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း ရုပ်အလောင်းမှာ သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင်။ အမျိုးသမီး၏ လည်ပင်းပေါ်ရှိ ကြိုးကွင်းစွပ်ရာများကို ကြည့်ခြင်းဖြင့် သူမသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ယန်ချန်းလန် အထင်းသား မြင်တွေ့နိုင်ခဲ့သည်။
"ဒုတိယသခင်လေး... စိတ်လျှော့ပါဦး။ သခင်လေးဘက်က ဒီတစ်ခါ မှားသွားတာ မှန်ပေမဲ့ သူ့ကိုသာ ဟိုဘက်ကို အပ်လိုက်ရင် သေလမ်းကလွဲလို့ တခြားမရှိတော့ဘူး။ တတိယသခင်မက သခင်လေးကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာ သခင်လေးအသိပဲ။ အကယ်၍ သခင်လေး တစ်ခုခုဖြစ်သွားရင် သခင်မလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ဦးလေးယန်သည် သူ၏အင်္ကျီလက်စဖြင့် မျက်ရည်စများကို သုတ်ရင်း တားမြစ်ရှာသည်။
ယန်ပါးဟို စစ်တိုက်ထွက်နေရသော အစောပိုင်းနှစ်များတွင် သူ၏ဇနီး ယန်မိသားစု၏ ကတော်နှင့် အတူရှိချိန် နည်းပါးခဲ့သည်။ တတိယသမီးကို မွေးဖွားချိန်တွင် ကတော်မှာ မီးဖွားရင်း ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် မိသားစုတွင် အငယ်ဆုံးဖြစ်ပြီး ကွယ်လွန်သူ မိခင်နှင့် အနည်းငယ် ဆင်တူသော တတိယသမီး ယန်ချန်းရွှယ်ကို သခင်ကြီးက အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်ခဲ့ခြင်းပင်။
"သူမ အသက်မရှင်ချင်လည်း ရှင်ရမှာပဲ။ တန်ယုကိုတော့ သေချာပေါက် လွှဲအပ်ပေးရမယ်။ ကျွန်တော် မုဆိုးစစ်သည်တော် မဟာမိတ်အဖွဲ့ကလူတွေကတစ်ဆင့် ဝံပုလွေသွားတပ်ဖွဲ့မှူးနဲ့ ဆက်သွယ်ဖို့ ပြောထားပြီးပြီ"
ယန်ချန်းလန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ယွီကျင်းမြို့သို့ အပြေးအလွှား မပြန်လာမီကပင် သူသည် နယ်စပ်အနီးရှိ မုဆိုးအဖွဲ့ခွဲနှင့် ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ တစ်ဖက်တွင် ယွင်ရှန်း၏ ဘေးကင်းလုံခြုံရေးကို စောင့်ကြည့်ခိုင်းထားသလို အခြားတစ်ဖက်တွင်မူ ယန်အိမ်တော်၏ အရှုပ်တော်ပုံကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် မုဆိုးမဟာမိတ်အဖွဲ့မှတစ်ဆင့် ဝံပုလွေသွား တပ်ဖွဲ့နှင့် စကားပြောဆိုနိုင်ရန် ကြိုးပမ်းခဲ့ခြင်းပင်။
အကယ်၍ လတ်တလောတွင် ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့က ရွာသား ရာပေါင်းများစွာကို ကယ်တင်ခဲ့သည့် အောင်မြင်မှုနှင့် ယွင်ရှန်း၏ အကြီးအကဲတံဆိပ်သာ မရှိခဲ့လျှင် ယခုမှ အသစ်တည်ထောင်ထားသော အဖွဲ့ငယ်လေးအနေဖြင့် ဝံပုလွေသွားကဲ့သို့သော အဆင့်မြင့်တပ်ဖွဲ့ကြီးကို စကားပြောဆိုခွင့်ရရန်ပင် အရည်အချင်း ပြည့်မီမည် မဟုတ်ပေ။
မုဆိုးမဟာမိတ်အဖွဲ့ထံမှ ရရှိထားသော သတင်းအရ ဝံပုလွေသွား အဖွဲ့သားများသည် တွေ့ဆုံရန် သဘောတူသော်လည်း အဓိကတရားခံဖြစ်သူ တန်ယုကိုယ်တိုင် ရှိနေရမည်ဟု တောင်းဆိုထားသည်။ ဤသည်မှာပင် ယန်ချန်းလန်အနေဖြင့် မနားမနေဘဲ အိမ်တော်သို့ အမြန်ပြန်လာရသည့် အဓိကအကြောင်းရင်းပင်။
ယန်ချန်းလန်သည် စေတနာအမှန်ဖြင့် စီစဉ်နေခြင်းဖြစ်သော်လည်း သူ၏စကားပင် မဆုံးသေးမီမှာပင် နောက်ဘက်မှ အေးစက်စက် နှာမှုတ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဒုတိယအစ်ကို... ရှင့်ရဲ့ အတွေးတွေက တော်တော်ယုတ်မာတာပဲ ယွီလေးက ရှင့်ရဲ့ တူအရင်းခေါက်ခေါက်ပါ။ ဒါကို ရှင့်ဘက်က သူ့ကို ကျားပါးစပ်ထဲ အတင်းတွန်းပို့ဖို့ ကြံစည်နေတာလား"
ယန်ချန်းရွှယ်သည် တန်ယုနှင့်အတူ လက်နက်အပြည့်အစုံတပ်ဆင်ထားသော မုဆိုးစစ်သည်အချို့ကို ခေါ်ဆောင်လျက် ရောက်ရှိလာသည်။
ယန်ချန်းလန် အိမ်တော်သို့ ပြန်ရောက်သည်နှင့် သူမ၏ လူယုံများက သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်လိုက်လံရှာဖွေရေး တပ်ဖွဲ့က နယ်စပ်မှာ ရွာသား ရာနဲ့ချီ ကယ်တင်ခဲ့တဲ့ သတင်းတွေက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ယွီကျင်းမြို့ကို ရောက်နေခဲ့ပြီဖြစ်သည်။
ယန်ချန်းရွှယ်သည် ယခုအခါ ယန်ချန်းလန်မှာ တပ်မှူးတစ်ဦး ဖြစ်နေပြီဖြစ်ရာ မုဆိုးမဟာမိတ်အဖွဲ့အတွင်း ဩဇာအာဏာရှိလိမ့်မည်ဟု ယူဆထားသည်။ သူ အိမ်တော်ပြန်လာခြင်းမှာ တန်ယုကို ကယ်တင်မည့် နည်းလမ်းများ ပါလာလိမ့်မည်ဟု ထင်ကာ သူမက လူစုပြီး ချက်ချင်းလိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ ဝင်းထဲသို့ ရောက်လာချိန်တွင် ယန်ချန်းလန်က တန်ယုကို လွှဲအပ်ပေးရန် ပြောနေသည်ကို ကြားလိုက်ရသဖြင့် ဒေါသများ အလိပ်လိုက် ထွက်လာကာ သူ့ကို အသံကုန်ဟစ်၍ စစ်ကြောမေးမြန်းတော့သည်။
"ယုတ်မာတယ် ဟုတ်လား ညီမလေး... အခုထိတောင် မင်းက အဲဒီ တိရစ္ဆာန်လေးကို ကာကွယ်ချင်နေတုန်းပဲလား။ လူသတ်ရင် အသက်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုတာ ဧကရာဇ်ရဲ့ ဥပဒေပဲ။ အဲဒါက သာမန်ပြည်သူတွေရော အထက်တန်းစားတွေအတွက်ပါ အတူတူပဲ။ သူ လူသတ်ခဲ့တယ်။ သူမှာ ဘာတာဝန်မှ မရှိဘူးလို့ မင်းထင်နေတာလား"
ယန်ချန်းလန်သည် ဤမျှအခြေအနေဆိုးနေသည့်တိုင် ယန်ချန်းရွှယ်က ဇွတ်တရွတ် ငြင်းဆန်နေဆဲဖြစ်သည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။ သူ သူမအပေါ် အလွန်အမင်း စိတ်ပျက်သွားသည်။
"ဒုတိယအစ်ကို... ယွီလေးမှာ အပြစ်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ သူက ကိုယ်တိုင်လက်နဲ့ သတ်ခဲ့တာ မဟုတ်ဘူးလေ။ သူက ငယ်သေးလို့ ဘာမှမသိဘဲ မှားသွားတာပဲ။ သူ့ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး မပေးသင့်ဘူးလား အစ်ကိုက သူ့ကို လွှဲပေးမယ်လို့ ဇွတ်ပြောနေတာက အစွဲရှိလို့ပဲ။ အကယ်၍ အဲဒီ ယွင်ရှန်း ဆိုတဲ့ အောက်တန်းစားမလေးသာဆိုရင် အစ်ကို ဒီလို လွှဲပေးရက်ပါ့မလား"
ထိုသို့ ပြောလိုက်ချိန်တွင် ယန်ချန်းရွှယ်သည် ပို၍ပင် ဒေါသထွက်လာတော့သည်။
ယန်ချန်းရွှယ်က ယွင်ရှန်းကို အောက်တန်းစားမလေးဟု ထပ်ခါတလဲလဲ ခေါ်ဝေါ်နေသည်ကို ကြားလိုက်ရသဖြင့် ယန်ချန်းလန်၏ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
တန်ယုကြောင့်သာ မဟုတ်လျှင် သူသည် ယနေ့ထက်တိုင် ကံကြမ္မာမသိရသေးသော ယွင်ရှန်းကို ထားခဲ့ပြီး ဤမျှ ကျိုးကြောင်းဆင်ခြင်မှုကင်းမဲ့သည့် ပြဿနာများကို ဖြေရှင်းရန် ယွီကျင်းမြို့သို့ အပြေးအလွှား ပြန်လာစရာ အကြောင်းမရှိချေ။
"ရှန်းအာသာဆိုရင် ဟုတ်လား ယန်ချန်းရွှယ်... မင်း ဒီလိုစကားမျိုး ပြောထွက်တယ်ပေါ့ သူမက ငါ့ရဲ့တူမ ငါ့အစ်ကိုကြီးရဲ့ သွေးသားရင်းချာပဲ။ မင်းရဲ့ အလေအလွင့်သားနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။ ငါ့တူမ ယွင်ရှန်းက လူ့အသက်တွေကို ကယ်တင်ပြီး ဒုက္ခသည်တွေကို ကူညီပေးနေတာ။ ဘယ်တော့မှ အပြစ်မဲ့သူတွေကို မတရား မသတ်ခဲ့ဘူး"
ယန်ချန်းလန်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
ယန်ချန်းရွှယ်သည် ထိုစစ်ကြောမေးမြန်းမှုကြောင့် စကားမဲ့သွားရသည်။
သူ့ဦးလေးက သူ့မိခင်ကို စကားပြန်မပြောနိုင်အောင် လုပ်နေသည်ကို မြင်လိုက်ရသဖြင့် တန်ယုမှာ ပို၍ပင် ကြောက်လန့်လာသည်။
"အမေ... သား အိမ်တော်ကနေ မထွက်ချင်ဘူး။ အပြင်ကလူတွေကို မတွေ့ဘူးလား။ သူတို့ကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းပြီး ယုတ်မာမယ့်ပုံပဲ။ သားသာ အပြင်ထွက်သွားရင် သူတို့ သားကို သတ်ပစ်ကြမှာ သေချာတယ်"
တန်ယု၏ ပုံစံမှာ အမှန်တကယ်ပင် သနားစရာကောင်းလှသည်။ ဤရက်ပိုင်းအတွင်း သူသည် အိမ်တော်အပြင်သို့ မထွက်ရဲလောက်အောင် ကြောက်လန့်နေခဲ့သည်။ အထူးသဖြင့် ဝံပုလွေသွား တပ်ဖွဲ့ဝင်အချို့က စစ်သူကြီးအိမ်တော်ထဲသို့ ခိုးဝင်လာတတ်ခြင်းကြောင့် ပို၍ပင် ထိတ်လန့်နေရသည်။
သူ့ကို အမြဲကာကွယ်ပေးခဲ့သော အဖိုးဖြစ်သူကလည်း သူ့ကို ကန်ကျောက်ရုံတင်မကဘဲ ထိုကန်ချက်ကြောင့် သူ သေလုနီးပါးဖြစ်ခဲ့ရသည်။ အဖိုးဖြစ်သူမှာ သူ့ဘေးကင်းရေးကို လုံးဝဂရုမစိုက်တော့ဘဲ ဟိုလူတွေကို အိမ်တော်ထဲမှာ လွတ်လပ်စွာ သွားလာခွင့် ပေးထားသည်။ တန်ယုမှာ ကြောက်လန့်လွန်းသဖြင့် နေ့ရောညပါ အိပ်မပျော်နိုင်ဖြစ်နေရပြီး ယခုအခါ သူ့ကို လွှဲပေးတော့မည်ဟု ကြားလိုက်ရချိန်တွင် ကြောက်လွန်းသဖြင့် ဆီးပင်ထွက်ကျမတတ် ဖြစ်နေတော့သည်။
"ယွီလေး... သားလေး... အမေက ဘယ်သူ့ကိုမှ သားကို လာနှိပ်စက်ခွင့် မပေးဘူး။ မကြောက်နဲ့နော်။ ရွှေစင်သောင်းချီ ကုန်ပါစေ... သားကို ကာကွယ်ပေးဖို့ လူတွေကို အမေ ငှားပေးမယ်။ နောက်ထပ် ငါးရက်ပဲ စောင့်လိုက်ပါ။ သွေးစွန်းနေသောလက်အဖွဲ့က လူတွေ ပြန်ရောက်လာရင် ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ဘူး"
ယန်ချန်းရွှယ်က သားဖြစ်သူကို ကြင်နာစွာ ကြည့်ရင်း နှစ်သိမ့်ပေးလိုက်သည်။ ဤရက်ပိုင်းအတွင်း သူမ၏သားမှာ အတော်ကလေး ပိန်သွားခဲ့ပြီ ဖြစ်သည်။
"ယန်ချန်းရွှယ် မင်း ဘယ်သူတွေကို ငှားလိုက်တယ်လို့ ပြောတာလဲ မင်း တကယ်ပဲ သွေးစွန်းသောလက်က လူတွေကို ငှားလိုက်တာလား။ ယန်အိမ်တော်ရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းနေတာ မလောက်သေးဘူးလို့ မင်းထင်နေတာလား"
ယန်ချန်းလန်၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်အလား ဒေါသလှိုင်းများ ရိုက်ခတ်သွားသည်။
သွေးစွန်းနေသောလက်ဆိုသည်မှာ ဝူကျိတိုက်ကြီးပေါ်ရှိ အလွန်ထူးခြားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သူတို့သည် မုဆိုးများနှင့် သဘောသဘာဝချင်း တူညီသော်လည်း ငွေပေးလျှင် မည်သည့်အလုပ်မဆို လုပ်ပေးကြသည်။ ထိုအလုပ်များထဲတွင် လူသတ်ခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ကျူးကျော်တိုက်ခိုက်ခြင်းများ ပါဝင်သည်။ သူတို့၏ ရည်မှန်းချက်အောင်မြင်ရန်အတွက် ဤအဖွဲ့အစည်းမှ လူများသည် အယုတ်ညံ့ဆုံးသော နည်းလမ်းများကိုပင် အသုံးပြုရန် ဝန်မလေးကြချေ။