← Chapters

မူလဝိညာဉ်ခန္ဓာဖြင့်ခရီးနှင်ခြင်း

Vol. 4 Ch. 361

မူလဝိညာဉ်ခန္ဓာဖြင့်ခရီးနှင်ခြင်း

Vol. 4 Ch. 361

ဆန်းလျန်က ရော့ရှီကို စိုက်ကြည့်နေပြီး ရော့ရှီကလည်း သူမ၏ ကြည်လင်သည့် မျက်ဝန်းလေးများဖြင့် ဆန်းလျန်ကို ပြန်ကြည့် နေလေသည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"

ကူးချိုင်ဝေ့က သူတို့နှစ်ယောက်ကို မေးလိုက်လေသည်။

ရော့ရှီက ကူးချိုင်ဝေ့၏ လက်ကို ကိုင်လိုက်ရင်း တစ်ခစ်ခစ် ရယ်မောလိုက်သည်။

"ဘာမှ မလုပ်ပါဘူး ဒေါ်လေးချိုင်ဝေ့"

သို့သော် ဆန်းလျန်၏ မျက်နှာထားကတော့ ခပ်တည်တည် ဖြစ်နေပြီး စကားတစ်လုံးမှ မဆိုပေ။

နောက်ထပ်ပြိုင်ပွဲမှာ ချိုးရှီနှင့် ကျားယိလီ ယှဉ်ပြိုင်ရမည့် ပွဲဖြစ်လေသည်။ ကျားယိလီမှာ စန်းရှောင်ကျင့်စဉ်၏ မိုးကြိုး လက်ဝါးသိုင်းကို ကျင့်ကြံထားသူ ဖြစ်လေသည်။ ထို့ကြောင့် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက်ဖြစ်ပြီး ချိုးရှီကို သိပ်ပြီး အထင်မကြီး လှပေ။ သို့သော် တကယ်တမ်း တိမ်လွှာ ကွင်းပြင်ထက်တွင် ရင်ဆိုင် တိုက်ခိုက်ရသည့် အခါတွင်တော့ ကျားယိလီမှာ အထင်နှင့်အမြင် တက်တက်စင်အောင် လွဲခဲ့ပြီ ဖြစ်သည်ကို သိရှိလိုက် ရလေတော့သည်။

ယခင် အချိန်များတုန်းက ချိုးရှီသည် သူ့ထက်သာသူ တစ်ယောက် မဟုတ်ခဲ့ပေ။ သို့သော် ယခုတော့ အရာအားလုံးသည် အဆုံးသတ်ခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် သူတို့နှစ်ယောက်၏ တိုက်ပွဲတွင် အာရုံမရှိပေ။ သူက ကောင်းကင်ထက်သို့ ငေးကြည့် နေလေသည်။ မည်သူမျှ သတိမထား မိသည့်တိုင် ကောင်းကင်ထက်တွင် မိုးကောင်းကင် တံခါး ပွင့်လာသည်ကို ဆန်းလျန် မြင်တွေ့ နေရလေသည်။ မိုးကောင်းကင်တံခါး ပတ်ပတ်လည်တွင် နှင်းဆီရောင် အခိုးအငွေ့ များက လှပစွာဖြင့် ရစ်သိုင်း နေကြလေသည်။

မိုးကောင်းကင် တံခါးမှာ တဖြည်းဖြည်း ထင်ရှားလာပြီး ကောင်းကင် တစ်ဝက်ကိုပင် နေရာယူ ထားလေသည်။ သို့သော် ထိုမိုးကောင်းကင် တံခါးကို ဆန်းလျန်ကဲ့သို့ နတ်ဘုရား တစ်ပါးမှ လွဲပြီး အခြားမည်သူမျှ မမြင်တွေ့ နိုင်ကြပေ။

"မောင်လေး ၊ ဘာတွေ ကြည့်နေတာလဲ"

ကူးချိုင်ဝေ့က ဆန်းလျန်ကို မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း ...

"ဘာမှ မဟုတ်ပါဘူး၊ တပည့်အငယ်တွေ ပညာပြိုင်တာကို ကြည့်ရတာ နည်းနည်း ပျင်းလာလို့၊ ကျွန်တော် ခဏလောက် တရားထိုင် လိုက်ဦးမယ်နော်"

ကူးချိုင်ဝေ့က ခေါင်းညိတ် ပြလိုက်လေသည်။ ဆန်းလျန်ကဲ့သို့ နတ်ဘုရား အဆင့်မှာ တပည့် အငယ်များ၏ ပြိုင်ပွဲကို ကြည့်ရှုရန် အတွက် စိတ်ဝင်စားမည် မဟုတ်ကြောင်းကို သူမကောင်းကောင်း သိလေသည်။ သူမပင်လျှင် ပြိုင်ပွဲက ကြည့်ရသည်မှာ အနည်းငယ် ပျင်းရိလာပြီ မဟုတ်ပါလား။

ဆန်းလျန် တရားထိုင်လိုက်ပြီး သိပ်မကြာမီပင် သူ၏ ဦးခေါင်းထက်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။ ထိုအဖြူရောင် အခိုးအငွေ့ များကို ကူးချိုင်ဝေ့ အပါအဝင် မည်သူမျှ မြင်တွေ့နိုင်စွမ်း မရှိကြပေ။ ရော့ရှီကတော့ အဖြူရောင် အခိုးအငွေ့ များကို တွေ့မြင် လိုက်ရသည့်တိုင် မည်သည့် အရာမှန်း နားမလည် နိုင်ခဲ့ပေ။

ဆန်းလျန်သည် တာအို အရည်အချင်းစစ် ပြိုင်ပွဲကို အနှောင့်အယှက် မဖြစ်စေလိုသည့် အတွက် မူလဝိညာဉ် ခန္ဓာဖြင့် မိုးကောင်းကင် တံခါးဆီသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။

သူ၏ ရုပ်ခန္ဓာသည် တာအို အရည်အချင်းစစ် ပြိုင်ပွဲ ကြည့်ရှုရာ စင်မြင့်ထက်တွင် တရားထိုင်လျက် ကျန်ရှိနေခဲ့ပြီး မူလ ဝိညာဉ်ခန္ဓာက ထွက်ခွာလာခြင်း ဖြစ်လေသည်။ မူလ ဝိညာဉ်ခန္ဓာသည် ပေါ့ပါးလွန်းပြီး အလွန်လျင်မြန်စွာ သွားလာ နိုင်လေသည်။

သိပ်မကြာမီပင် မိုးကောင်းကင်တံခါး အနားသို့ ရောက်ရှိလာပြီး သူ၏ဝိညာဉ်မှာ အနည်းငယ် တုန်ခါ သွားလေသည်။ မိုးကောင်းကင် တံခါး အပြင်ဘက်တွင် လူတိုင်း တောင့်တသည့် ထာဝရ ရှင်သန်ခြင်း တရားကို ခံစားလိုက် ရလေသည်။ ထိုနေရာတွင် မိုးကောင်းကင် တရားစီရင်မှုမှ ကင်းလွတ်သည့် အရာတစ်ခု ရှိနေသည် ကိုလည်း ခံစားလိုက် ရလေသည်။

မိုးကောင်းကင် တံခါးဝများနှင့် နီးကပ်လာလေလေ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများက သန့်စင်လာလေလေ ဖြစ်လေသည်။

ဆန်းလျန်သည် မိုးရွာပြီးစ သန့်စင် လတ်ဆတ်သည့် လေကို ရှူရှိုက် လိုက်ရသည့် အလား လန်းဆန်းလာပြီး စွမ်းအားများလည်း ပြန်လည် ပြည့်ဝလာလေသည်။

မိုးကောင်းကင် တံခါးဝတွင် ကျောက်ပြားတစ်ချပ်ဖြင့် အမည်တစ်ခုကို ရေးသား ထားလေသည်။

"မိုးကောင်းကင် တောင်ဘက်တံခါး"

ဒဏ္ဍာရီအရ ဆိုလျှင်တော့ မိုးကောင်းကင် တောင်ဘက်တံခါးသည် လူသားများနှင့် မိုးကောင်းကင် နတ်ဒေဝါများ အကြား ဆက်သွယ်ပေးသည့် တံခါးတစ်ခု ဖြစ်လေသည်။ ဆန်းလျန် ယခု ရောက်ရှိနေသည့် လောကတွင် သာမက ဆန်းလျန်ယခင်က နေထိုင်ခဲ့သည့် ခေတ်ပေါ် ကမ္ဘာတွင်ပင် မိုးကောင်းကင် တောင်ဘက်တံခါးနှင့် ပတ်သက်သည့် ရှေးဟောင်း စာပေများစွာ ရှိလေသည်။

မိုးကောင်းကင် ခုံရုံးရှေ့တွင် မရေမတွက် နိုင်သော သတ္တဝါများ ပေါ်လာလေသည်။ လျှို့ဝှက် ဆန်းကြယ်လွန်းသော သတ္တဝါများ ဖြစ်ပြီး ထိုသတ္တဝါများကို မည်သူမျှ မတွေ့မြင်နိုင်ပေ။

ဆန်းလျန် တစ်ယောက်တည်းသာ ထိုအရာများကို တွေ့မြင် နိုင်လေသည်။

ထို့နောက် ဆန်းလျန်၏ ရင်ထဲတွင် လေးလံမှုများကို စတင်ခံစား လာရလေသည်။

တောင်ဘက်တံခါးတွင် မိုးကောင်းကင် နတ်စစ်သူကြီး ဆယ်ဦး ပေါ်လာပြီး ဒိုင်းများ၊ နဖူးစည်း စာတမ်းများကို ကိုင်ထားလေသည်။ ရွှေရောင် သံချပ်ကာများကို ဝတ်ဆင်ထားပြီး  ဓားများ၊ လှံများကို ကိုင်ဆောင် ထားကြလေသည်။

သူတို့က ဆန်းလျန်ကို ကြည့်ပြီး အော်ဟစ်လိုက်ကြသည်။

"မိုးကောင်းကင် တောင်ဘက်တံခါးကို ကျူးကျော်လာတဲ့ သူတိုင်း ကွပ်မျက် ခံရမယ်"

ကွပ်မျက်ခံရမယ် ၊ ကွပ်မျက်ခံရမယ် ၊ ကွပ်မျက်ခံရမယ်  ...

အသံနက်ကြီး များသည် ဆန်းလျန်၏ နားအတွင်းသို့ မိုးကြိုးပစ်သံများ အလား အဆက်မပြတ် ဝင်ရောက်လာလေသည်။

ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်ကို အောင်မြင်ရုံမျှဖြင့် မိုးကောင်းကင် တောင်ဘက်တံခါးသို့ ရောက်ရှိလာမည် ဆိုပါက ထိုအသံများ ကြားသည်နှင့်ပင် ကောင်းကင်မှ ပြုတ်ကျကာ တစ်စစီ ဖြစ်သွားနိုင်လေသည်။

သို့သော် ဆန်းလျန်ကတော့ တစ်ချက်ပင် တုန်လှုပ်သွားခြင်း မရှိဘဲ တည်ငြိမ် နေလေသည်။ သူ၏ စိတ်ဝိညာဉ်သည် ဓားတစ်လက်အလား ထက်ရှိနေပြီး ထိုအသံနက်ကြီး များကို အပိုင်းပိုင်း ခုတ်ဖြတ် ပစ်လိုက်လေသည်။

ဆန်းလျန်သည် မိုးကောင်းကင် တောင်ဘက်တံခါး အပြင်ဘက်သို့ ရောက်ရှိလာလေသည်။  အတွင်းဘက်ရှိ မိုးကောင်းကင် ခုံရုံးမှ တိမ်ခိုးတိမ်ငွေ့များ အလယ်တွင် ကြီးမားလွန်းသည့် တိုင်လုံးကြီးများကို မြင်တွေ့ရလေသည်။ တိုင်လုံးကြီးများမှာ အလွန် ခမ်းနားလှပြီး ကြီးလည်း ကြီးမားလွန်းလေရာ လူတစ်ယောက်သည် ပင်လျှင် ပုရွက်ဆိတ်လေး တစ်ကောင်လောက် သေးငယ်သွားမည် ဖြစ်လေသည်။

သူက မိုးကောင်းကင်တံခါး အတွင်းဘက်သို့ လေ့လာကြည့် နေလိုက်လေသည်။ သို့သော် မည်သူ တစ်ဦးတစ်ယောက် ကိုမှ တွေ့မြင်ရခြင်း မရှိပေ။

"မိုးကောင်းကင် တောင်ဘက်တံခါး" ဟု ရေးသားထားသည် ကျောက်ပြားသည် ဆန်းလျန်နှင့် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသည်ဟု ထင်မှတ်ရသလို သူ၏ မျက်စိရှေ့နားတွင် ရောက်နေ သကဲ့သို့လည်း ထင်မှတ်ရလေသည်။

ထိုအချိန်မှာပင် သူ၏နတ်ဘုရား ဉာဏ်စဉ်များ ပေါ်ထွက်လာပြီး သူ့မျက်ဝန်းဆီတွင် လောကကို ရှုမြင်သည့် အမြင်များကို မြင်လာရလေသည်။

ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများကို သိမြင်လျှင် မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာကိုလည်း သိမြင်နိုင်မည် ဖြစ်လေသည်။

တောထဲတွင် ငှက်ငယ်တစ်ကောင် မွေးဖွား လာလေသည်။

တစ်ချိန်တည်း မှာပင် သားရဲတစ်ကောင်သည် ဝမ်းနည်းဖွယ်ရာ သေဆုံး သွားရလေသည်။

ဇနီးဖြစ်သူက စောင့်ရှောက် ပေးနေသည့် ယောက်ျား တစ်ဦးကိုလည်း တွေ့မြင်ရလေသည်။ ထိုသူသည် ဆေးကိုပင် မသောက်နိုင်တော့ဘဲ သွေးများ အန်နေလေသည်။

အမှန်တော့ လူ့လောက၏ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း များသည် ဆန်းလျန်နှင့် လုံးဝ မသက်ဆိုင်ပါ။ သို့သော် ထိုအရာများ အားလုံးကို ဆန်းလျန် အနေဖြင့် သိမြင်နိုင်လေသည်။

ရုတ်တရက် ...

ဆန်းလျန်၏လက်ကို လက်တစ်ဖက်က လာရောက် ဆုပ်ကိုင်လိုက်လေသည်။

သူ၏လက်ကို ကိုင်ထားသည် လက်များ၏ နူးညံ့မှုကို ဆန်းလျန် ခံစားမိလေသည်။ ထိုလက်လေးများသည် ကျောက်စိမ်းသားပမာ နူးညံ့ လွန်းလှလေသည်။ ဆန်းလျန်က မော့ကြည့်လိုက်ရာ ကျိလင် နတ်သမီး၏ လှပသည့် မျက်နှာလေးကို တွေ့မြင်လိုက်ရလေသည်။

ကျိလင်နတ်သမီး၏ လက်များသည် ဆန်းလျန်၏ လက်ကို ဆုပ်ကိုင်ထားလေသည်။

"သွားကြစို့ ... "

ကျိလင်နတ်သမီးက ပြောလိုက်ခြင်း ဖြစ်လေသည်။

***

ထိုက်ချန်းတောင် ၊ လင်ရှောင်ခန်းမဆောင် ...

ယွိမင် နတ်ဘုရားတွင် လှပသည့် မုတ်ဆိတ်မွေးများ ရှိလေသည်။ သူသည် အရေးကြီးသည့် အကြောင်းအရာ များကို စဉ်းစားတိုင်း ထိုမုတ်ဆိတ်မွေး များကို သပ်နေလေ့ ရှိလေသည်။ သူ၏ ဦးခေါင်းထက်မှ ရွှေသရဖူ မှာလည်း အလင်းရောင်များ လင်းလက် နေလေ၏။

သူ၏ ပုံသဏ္ဌာန်မှာ အလွန်ခမ်းနား လှပြီး တွေ့မြင်ရသူ တိုင်းက ဒူးထောက်ဝပ်တွား ကိုးကွယ်ရလောက်အောင် တန်ခိုးစွမ်းအား အရှိန်အဝါနှင့် ပြည့်ဝသူ ဖြစ်လေသည်။

နတ်ဘုရား နှစ်ပါးသည် လင်ရှောင် ခန်းမဆောင် အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက် လာကြလေသည်။ ပထမဆုံး ဝင်လာသည့် နတ်ဘုရားမှာ အနီရောင် တာအိုဝတ်ရုံကို ဝတ်ဆင် ထားလေသည်။ သူ၏ ဆံပင်များက ရှည်လျားပြီး မုတ်ဆိတ်များကလည်း ရှည်လျားလေသည်။

သူ၏အမည်မှာ တောက်ချင် နတ်ဘုရားဖြစ်ပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား ငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်လေသည်။ သူလျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းမှာ ရှည်လျားသည့်တိုင် သူ၏ တာအို အတွေ့အကြုံ ကတော့ ယွိမင်နတ်ဘုရားလောက် နက်ရှိုင်းခြင်း မရှိပေ။

ယွိမင်နတ်ဘုရားသည် လင်ရှောင် ခန်းမဆောင်ထဲတွင် မတ်တတ် ရပ်နေလေသည်။

"ဂိုဏ်းတူအစ်ကို တောက်ချင်၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက် မိုးကောင်းကင် တံခါး ထပ်ပြီး ပေါ်လာခဲ့ပြီ"

တောက်ချင် နတ်ဘုရား၏ နောက်မှ လိုက်ပါလာသူမှာ ချောမောလှပသည့် ကျင့်ကြံသူ မိန်းမပျို တစ်ယောက် ဖြစ်လေသည်။ သူမက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ ဝင်ရောက်လာသည်နှင့် ခန်းမဆောင် တစ်ခုလုံး လင်းလက် သွားသလို ခံစားလိုက် ရလေသည်။

"တုန်းဖုန်းနဲ့ ရှောင်ဝေက ယင်းစန်းတောင်ကို သွားကြတယ်၊ သူတို့ ခဏနဲ့တော့ ပြန်ရောက် လာကြမှာ မဟုတ်သေးဘူး၊ ဒီတစ်ခေါက်တော့ ကျုပ်တို့သုံးယောက်ပဲ ကျင်းချွယ် ကျောက်စိမ်းစာအုပ်ကို သွားရှာကြရမယ် ထင်တယ်"

တောက်ချင် နတ်ဘုရားက ပြောလိုက်လေသည်။

ကျင့်ကြံသူ မိန်းမပျို၏ အမည်မှာ လင်ကွမ်း နတ်သမီး ဖြစ်လေသည်။

သူမက လှပစွာ ပြုံးလိုက်ရင်း ...

"ဂိုဏ်းတူအစ်ကို တောက်ချင် ပြောတာမှန်တယ်၊ ကျွန်မတို့ လင်ရှောင် ခန်းမဆောင်ကို လေ့လာပြီးတဲ့ နောက်ပိုင်း မိုးကောင်းကင် တောင်ဘက်တံခါး ကလည်း ပြန်ပေါ်လာတယ်၊ ကြည့်ရတာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက မိုးကောင်းကင်နဲ့ ရေစက်ပါတယ် ထင်ပါရဲ့၊ ဆိုရိုးစကားတောင် ရှိတယ်လေ၊ မိုးကောင်းကင်က ပေးတဲ့လက်ဆောင်ကို ငြင်းပယ်ရင် အပြစ်ပေးခံရတယ် ဆိုတာ၊ အဲဒီတော့ အခုပဲ အလုပ် စလိုက်ကြရအောင်"

ယွိမင် နတ်ဘုရားက ပြုံးလိုက်ရင်း ...

"ဒါဖြင့်လည်း သွားကြစို့"

***

All Chapters