← Chapters

မင်းတို့ ကြောက်နေကြတာလား ၃

Vol. 51 Ch. 502

မင်းတို့ ကြောက်နေကြတာလား ၃

Vol. 51 Ch. 502

၎င်းတို့သည် ခုခံနိုင်စွမ်း အလျဉ်းမရှိဘဲ နေရာမှာတင် အသတ်ခံလိုက်ရသည်ဟုပင် ဆိုနိုင်ပေသည်။

"အဖိုးကြီး... ခင်ဗျားကြောက်နေပြီလား"

ကျောက်စိမ်းကြံ့နတ်ဆိုးသည် ရက်စက်စွာ ရယ်မောရင်း အခြေအနေကို ပြောင်းပြန်လှန်ကာ နှုတ်ခမ်းမွေးနှင့် လူအိုကြီးကို ပြန်လည်လှောင်ပြောင်လိုက်တော့သည်။

"တောက်"

နဂါးငါးခန်းမသခင်နှင့် ကျောက်စိမ်းကြံ့နတ်ဆိုးတို့သည် ကျင့်ကြံခြင်းအဆင့်ချင်း တူညီကြသလို သွေးမျိုးဆက်မှာလည်း များစွာကွာခြားခြင်း မရှိကြပေ။ ယခင်က လက်ရွေးစင် စစ်သည်တော်များ၊ စစ်သူကြီးများနှင့် လျှို့ဝှက်သံကြိုး၏ အကူအညီကြောင့်သာ ရန်သူကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်၏။

ယခုမူရောက်ရှိနေသော ရေနေမျိုးနွယ်စုအားလုံးမှာ အကြီးအကျယ်တုန်လှုပ်နေကြပြီး လျှို့ဝှက်သံကြိုးကိုပင် ကောင်းကောင်း မကိုင်တွယ်နိုင်ကြတော့ပေ။ ခန်းမသခင်သည် ရုန်းထွက်ချင်သော်လည်း တစ်ဖက်နှင့်တစ်ဖက် အားပြိုင်နေရသဖြင့် စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိ၏။

မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် သေမင်းတစ်ပါးကဲ့သို့ ရေနေမျိုးနွယ်စုများ၏အသက်ကို လျင်မြန်စွာ ရိတ်သိမ်းနေသည်ကို သူတို့ ရပ်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ကြပေ။ ခဏချင်းအတွင်းမှာပင် နေရာတိုင်း၌ ရှန်းယီ၏ အရိပ်များ ပြည့်နှက်နေသကဲ့သို့ ရှိနေ၏။

ထျန်းယန် ၄၉၏ အစွမ်းကြောင့် ရေနေမျိုးနွယ်စုဝင်များမှာ ရှန်းယီကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ကြပေ။ ၎င်းမှာ ပါရမီရှင်တစ်ဦးက သာမန်ကျင့်ကြံသူများကို အပြတ်အသတ် နှိပ်ကွပ်ခြင်းပင် ဖြစ်သည်။

မန္တန်များအပေါ် နားလည်မှုမှာ အခြေခံကတည်းက ကွာခြားနေခြင်း ဖြစ်၏။

သူ့ကိုသာ ဒဏ်ရာမပေးနိုင်လျှင်... အားလုံး အမြစ်ပြတ်သွားဖို့မှာ အနှေးနှင့်အအမြန်သာ ဖြစ်ပေတော့မည်။

ပို၍ကြောက်စရာကောင်းသည်မှာ... ရှန်းယီသည် အခြားပါရမီရှင်များနှင့် မတူခြင်းပင်။ အခြားသူများ၏မန္တန်များသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း စွမ်းအင် အလွန်ကုန်ခမ်းစေသည်။

ရှန်းယီမူကား မန္တန်များကို အထူးတလည် သုံးမနေဘဲ သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ် အင်အားသက်သက်ဖြင့်သာ ရှေ့တွင်ရှိသမျှကို ကြိတ်ခြေပစ်နေခြင်း ဖြစ်သည်။ ယခုအချိန်အထိပင် သူ၌ အားအင်များ ပိုလျှံနေပုံရ၏။

"ငါ့ကို လွှတ်စမ်း"

နဂါးငါးခန်းမသခင်သည် နောက်ဆုံးတွင် ထိတ်လန့်သွားတော့သည်။ မည်သူက မည်သူ့ကို ပြန်ချုပ်ထားသည်ဆိုသည်မှာ မသဲကွဲတော့ပေ။

၎င်းသည် မိမိ၏ မူလပုံသဏ္ဌာန်ဖြစ်သော ငါးကြီးအဖြစ်ပြန်ပြောင်းလိုက်ပြီး ကြီးမားလှသော အမြီးဖြင့် ကြံ့နတ်ဆိုးကို အတင်းရိုက်ချလိုက်၏။

သို့သော် ကျောက်သားများ ကြေမွသွားသည်ကို ကြည့်ရုံမျှဖြင့် ကြံ့နတ်ဆိုး၏ လှောင်ပြောင်နေသော မျက်နှာကိုကြည့်ရင်း... တစ်ဖက်လူမှာ စိတ်ဝိညာဉ်ရုပ်သေး တစ်ရုပ်သာ ဖြစ်ကြောင်း ၎င်း ရုတ်တရက် သတိရသွား၏။

ဤကြံ့နတ်ဆိုးသည် ခံစားချက်များကို အလွန်အကျွံပြသလွန်းသဖြင့် ခန်းမသခင်မှာ ထိုအချက်ကို ခေတ္တမျှမေ့လျော့သွားခြင်း ဖြစ်သည်။

ရုပ်သေးတစ်ရုပ်နှင့် အသေအလဲ တိုက်ခိုက်နေရပြီး ၎င်းကို ခြိမ်းခြောက်ရန် ကြိုးစားနေမိသည်မှာ အလွန်တရာရယ်စရာကောင်းလှပေသည်။

"ဒါက..."

ကျွန်းမျောပေါ်ရှိ အစောက်အရှောက်များသည် အခြေအနေပြောင်းလဲသွားသည်ကို အစောပိုင်းကတည်းက မြင်တွေ့ခဲ့ရသဖြင့် ကူညီရန် ရည်ရွယ်ခဲ့သော်လည်း ယခုမြင်ကွင်းကို ကြည့်ပြီးနောက် မိမိတို့မှာမလိုလားအပ်သော အပိုလူများ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ လူတစ်ယောက်နှင့် ရုပ်သေးတစ်ရုပ်တည်းကပင် အမည်မသိ ရေနေမျိုးနွယ်စု အင်အားစုကြီးကို ခေါင်းမဖော်နိုင်အောင် နှိပ်ကွပ်ထားနိုင်လေပြီ။

"ဂလု။"

သတင်းကြား၍ ရောက်လာသော ကျန်းယဲ့နှင့် ရှောင်ယွမ်လင်းတို့မှာလည်း မှင်တက်ကာ ကြည့်နေမိကြသည်။ သူတို့သည် ရှန်းယီနှင့် တွေ့ခဲ့စဉ်က သူ မည်မျှတည်ငြိမ်ခဲ့သည်ကို သတိရသွားကြ၏။

သူ ဤမျှတည်ငြိမ်နေခြင်းမှာ အံ့သြစရာ မရှိတော့ပေ။ ပြီးခဲ့သည့်အကြိမ်က ကိစ္စမှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်ပြီး ပေါင်ဟွားနတ်သမီးဆီက အမြတ်ထုတ်ဖို့ အခွင့်အရေးသက်သက်သာ ဖြစ်ပုံရသည်။

'စီနီယာရှန်းက စီးပွားရေးလုပ်နည်း တကယ်သိတာပဲ။'

ကျန်းယဲ့သည် အစောပိုင်းက လူငယ်ကျင့်ကြံသူကို ဒေါသထွက်ပြခဲ့သည်မှာ ရှန်းယီနှင့်ယှဉ်လျှင် အလွန်ရှက်ဖို့ကောင်းကြောင်း ခံစားလိုက်ရ၏။

နောက်ဆုံးတွင် ပင်လယ်ပြင်တစ်ခုလုံး သွေးချင်းနီသွားပြီး ရှန်းယီကို သတ်ရန်ကြိုးစားခဲ့သော ရေနေနတ်ဆိုးများမှာ တစ်ကောင်ပြီးတစ်ကောင် ရေထဲသို့ ကျဆင်းသွားကာ ရှန်းယီ၏ လက်စွပ်ထဲသို့ အသိမ်းခံလိုက်ရသည်။ ကောင်းကင်ယံတွင် သူတစ်ဦးတည်းသာ ကျန်ရစ်တော့၏။

"ဝေါ့"

လျှို့ဝှက်သံကြိုး၏အချုပ်အနှောင်မှ လွတ်မြောက်သွားသော ကျောက်စိမ်းကြံ့နတ်ဆိုးသည် ရုတ်တရက် ခုန်တက်ကာ နဂါးငါးကြီး၏ ကျောပေါ်သို့ တက်ခွလိုက်ပြီး ကြေမွနေသော ၎င်း၏ လက်သီးများဖြင့် နဂါးငါး၏နဖူးပေါ်မှ ဖုလုံးကြီးကို အချက်ပေါင်းများစွာ ထိုးနှက်တော့သည်။

ကောင်းကင်ယံရှိ အရိပ်ယောင်များ ပျောက်ကွယ်သွား၏။ ရှန်းယီသည် အနည်းငယ် နွမ်းနယ်နေသော ပုံစံဖြင့်လှည့်ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲမှ ခရမ်းရောင်အရှိန်အဝါများ မှိန်ဖျော့သွားပြီး နဖူးပေါ်မှ ရွှေရောင်မီးလျှံမှာလည်း လေတိုက်လျှင် ငြိမ်းသွားတော့မည့်အလား တုန်ရီနေ၏။

သူ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကြောင့် စွမ်းအင်ကုန်ခမ်းမှုမများသော်လည်း နတ်ဆိုးသတ်သည့် အတွေ့အကြုံကြွယ်ဝသဖြင့် သူသည် မိမိ၏ အင်အားတိုင်းကို အတိကျဆုံး နည်းလမ်းဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ခရမ်းရောင်ဟုန့်မုန့်ချီမှာ အကန့်အသတ်ရှိပေ၏။

၎င်းမှာလည်း ပြန်လည် နာလန်ထူရန် အချိန်လိုအပ်သည်။

ထိုချီ၏ မြှင့်တင်မှု မပါလျှင် သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ နှင့် ညီမျှသော စိတ်ဝိညာဉ်ခန္ဓာကိုယ် ရှိသည့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

ထျန်းယန် ၄၉ ရှိသော်ငြား အဆင့် ၇ ရှိ ရေနေနတ်ဆိုး တစ်သိုက်ကို ရင်ဆိုင်ရန်မှာမလွယ်ကူပေ။ ကံကောင်းထောက်မစွာဖြင့် အခြေအနေမှာ သူ ထိန်းချုပ်နိုင်သော အတိုင်းအတာအတွင်း ရှိနေသေးသည်။

ရှန်းယီသည် နဂါးငါးအိုကြီး၏ ရှေ့မှောက်သို့ ထပ်မံ ရောက်ရှိလာပြန်သည်။ ထျန်းယန် ၄၉ ၏ စွမ်းအားအပြည့်ကို ထပ်မံ ထုတ်ဖော်လိုက်၏။

နဂါးငါးခေါင်းဆောင်သည် ရှောင်တိမ်းရန် ကြိုးစားသော်လည်း လွတ်လမ်းမရှိတော့ပေ။ ၎င်း၏ ရွှေရောင်အကြေးခွံများကြားမှ မျက်လုံးများမှာ ပြူးထွက်နေ၏။

ရှန်းယီသည် ရှေ့မှ နဂါးငါးကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ ဝတ်စုံလက်အင်္ကျီအောက်တွင်မူ သူ၏လက်မောင်းရိုးတိုင်းမှာ ကြေမွပျက်စီးနေပြီ ဖြစ်၏။

နတ်ဖီးနစ်ငှက်၏ အသက်စွမ်းအင်ကြောင့်သာ သူ တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ထျန်းယန် ၄၉ ကို တစ်ဖက်လူက ခုခံနိုင်ခဲ့ခြင်း ဖြစ်၏။

"မင်းက ခုခံရဲသေးတယ်ပေါ့ ခုခံစမ်းပါဦး"

ရူးသွပ်နေသော ကျောက်စိမ်းကြံနတ်ဆိုးသည် နဂါးငါး၏နဖူးကို လက်သီးဖြင့် တရစပ် ထိုးနှက်ရင်း ဟိန်းဟောက်နေသည်။

"ငါ့သခင်က မင်းကို တိုက်ခိုက်တယ်ဆိုတာ မင်းအတွက် ဂုဏ်ယူစရာပဲကွ၊ ခုခံစမ်း ခုခံစမ်းပါဦး"

တောင်များပြို ပင်လယ်ခန်းခြောက်နိုင်သော ထိုးနှက်ချက်များအောက်တွင် ရှန်းယီကို အာရုံစိုက်နေရသော နဂါးငါးခေါင်းဆောင်မှာ မရှောင်သာတော့ဘဲ ၎င်း၏ငါးခေါင်းမှာ ကွဲအက်ကာ သွေးများနှင့် အရိုးဖြူများ လွင့်စင်ထွက်လာတော့သည်။

"ခုခံဦးမလား"

ကျောက်စိမ်းကြံနတ်ဆိုးသည် နီရဲနေသော မျက်လုံးများဖြင့် ၎င်း၏ချိုပါသော ဦးခေါင်းဖြင့် နဂါးငါးကို တရစပ်တိုက်ခိုက်တော့သည်။ ရေပြင်တစ်ခုလုံးနီမြန်းသွားပြီး နဂါးငါး၏ ကြီးမားသော ခန္ဓာကိုယ်အား ရေအောက်သို့ အားအင်ကုန်ခမ်းစွာ နစ်မြုပ်သွားသည်အထိပင်။

ကျောက်စိမ်းကြံနတ်ဆိုးသည် နဂါးငါး၏အကြေးခွံများကို ဆွဲကိုင်ထားရင်း "ပြောစမ်း ငါ့ကို ဦးတိုက်ပြီးကျေးဇူးတင်ကြောင်း ပြောစမ်း" ဟု အော်ဟစ်နေဆဲ ဖြစ်သည်။

ရှန်းယီသည် လေထဲတွင် ဝဲပျံနေရင်း အသက်မဲ့သွားပြီဖြစ်သော နဂါးငါးကြီးကို ငုံ့ကြည့်လိုက်သည်။ စနစ်၏အချက်ပေးချက် တက်လာသဖြင့် ၎င်းမှာ စကားပြောနိုင်တော့မည် မဟုတ်ကြောင်း သိလိုက်၏။

ကြည့်ရတာ ဤကျောက်စိမ်းကြံနတ်ဆိုးသည် မူလကတည်းက အသက်ငယ်ပုံရပြီး နတ်ဆိုးမူလ ၂၀ ကျော်ကို ပေါင်းစပ်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ် ပုံမှန်မဟုတ်တော့ပေ။

ရှန်းယီသည် ဘာမျှထပ်မပြောတော့ဘဲ ကျောက်စိမ်းကြံနတ်ဆိုးကို သူ၏ နဖူးအလယ်ရှိ ကျောက်တိုင်အတွင်းသို့ ပြန်သိမ်းလိုက်ပြီး ၎င်း၏ ကြေမွနေသော ကျောက်သားခန္ဓာကိုယ်ကို နန်းတော်အတွင်း၌ပြန်လည် ပြုစုပျိုးထောင်ပေးလိုက်သည်။

နဂါးငါးခေါင်းဆောင်၏ အလောင်းနှင့် လျှို့ဝှက်သံကြိုး ၁၀ ခုကျော်ကိုလည်း လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ကျွန်းမျောပေါ်သို့ ပြန်လည် ဆင်းသက်လာခဲ့သည်။

သူ၏ ကိုယ်မှ သွေးညှော်နံ့များသည် ရွှေယွဲ့ ကုန်သွယ်ရေးမဟာမိတ်အဖွဲ့အတွင်းသို့ ပျံ့နှံ့သွား၏။

ရွှေရောင်မီးလျှံများ ငြိမ်းသွားသော်လည်း

အေးဆေးတည်ငြိမ်သော ခန့်ညားသည့် မျက်နှာမှာမူ အရင်အတိုင်း ရှိနေဆဲပင်။ သို့သော် ယခုအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်များတွင် ရှန်းယီကို ကြည့်ရာ၌ ထူးဆန်းသော ကြောက်ရွံ့မှုများ ကိန်းအောင်းနေကြပြီ ဖြစ်သည်။

All Chapters