သစ်သားတံခါး၏ နောက်ကွယ်
Vol. 51 Ch. 503
"မသေမျိုးအရှင်ရှန်း... အဆင်ပြေရဲ့လား"
ရွှေယွဲ့ ကုန်သွယ်ရေး မဟာမိတ်အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ဝမ်ချိုးကျင်းသည် သူ၏စိတ်လှုပ်ရှားမှုများကို အမြန်ဆုံး ထိန်းချုပ်လိုက်သော်လည်း ရှန်းယီ၏ အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် နတ်ဆိုးသွေး အရှိန်အဝါကြောင့် ရင်ခုန်သံများမြန်လာသည်ကိုတော့ မတတ်နိုင်ခဲ့ပေ။
သူမသည် မလိုအပ်သော မေးခွန်းစကားတစ်ခုကိုပင် မေးမိသွား၏။ စောစောက နတ်ဆိုးများသည် ရှန်းယီကို ဒဏ်ရာရအောင် လုပ်နိုင်စွမ်းမရှိသည်မှာ အထင်အရှားပင်။
ဝမ်ချိုးကျင်း၏ မျက်နှာတွင် အားနာရိပ်များ ပေါ်လွင်နေပြီး "ကျွန်မက ကုန်သည်တစ်ယောက်ပဲဆိုတော့ မသေမျိုးအရှင်ကို အများကြီး မကူညီနိုင်ခဲ့ဘူး။ တကယ်ပဲ တောင်းပန်ပါတယ်" ဟု ဆိုလိုက်သည်။
ဤတောင်းပန်စကားသည် ဘေးပတ်ဝန်းကျင်ရှိ လူများ၏မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေ၏။ သူမ၏ လေသံမှာ အစောက်အရှောက် ကျင့်ကြံသူအချို့အပေါ် သိသိသာသာ မကျေနပ်ကြောင်းဖော်ပြနေခြင်း ဖြစ်သည်။
တည်ငြိမ်လှသော ဝမ်ချိုးကျင်း၏ စရိုက်အရ ဤစကားမှာတိုက်ပွဲပြီးလျှင် စာရင်းရှင်းတော့မည်ဟူသော အဓိပ္ပာယ်ပင်။
"..."
ကောင်းကင်ယံရှိ အစောက်အရှောက် အနည်းငယ်မှာ တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာကြည့်လိုက်ကြပြီးနောက် သက်ပြင်းချကာ မြေပြင်သို့ ဆင်းသက်လာကြသည်။ သူတို့တွင် တာဝန်နှစ်ခု ရှိခဲ့၏။
ပထမတစ်ခုမှာ နဂါးနန်းတော်ကို ကြောက်၍ မလုပ်ရဲခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ရှန်းယီကို တားရန်ဖြစ်သော်လည်း မတားနိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ဝမ်ချိုးကျင်း၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး၊ ရှန်းယီကို ကြည့်နေသော သူတို့၏မျက်လုံးများတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်။ မသေမျိုးဂိုဏ်းမှ ဤတပည့်ငယ် ပြသလိုက်သော စွမ်းအားမှာ သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာ သာလွန်လွန်းလှသည်။
သန့်စင် စင်ကြယ်လွန်းသော ခရမ်းရောင်ဟုန်မုန့်ချီ များဖြင့် လွှမ်းခြုံထားသည့် နန်းတော်အကြောင်းကိုတော့ ပြောစရာပင်မလိုတော့ပေ။ ၎င်းမှာ ဒဏ္ဍာရီထဲတွင်ပင် အလွန်ရှားပါးသောအရာဖြစ်ပြီး လူတိုင်း ကြွားဝါနိုင်သည့် အရာမျိုး မဟုတ်ပေ။
ခရမ်းရောင်ဟုန်မုန့်ချီ၏ မြှင့်တင်မှုဖြင့် သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း နောက်ဆုံးအဆင့်သို့ အတင်းအဓမ္မတက်ရောက်နိုင်ခဲ့သည်။
ကျင့်ကြံခြင်းအဆင့်အတန်းက တစ်ပိုင်းဖြစ်သော်လည်း၊ ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော မန္တန်များကို အသုံးပြုကာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၇ ရှိ ရေနေနတ်ဆိုးတစ်သိုက်ကို ကလေးကစားသကဲ့သို့ လုပ်သွားခြင်းမှာ အံ့မခန်းပင်။
ဘေးကကြည့်သူက ပိုမြင်ရသည်ဟူသော စကားအတိုင်း၊ ရှန်းယီ လက်ဦးမှု ရလိုက်သည့် အချိန်မှစ၍ ထိုနတ်ဆိုးများအတွက် လွတ်လမ်းမရှိတော့သည်ကို သူတို့ ကောင်းကောင်း မြင်လိုက်ရသည်။ ရွှေယွဲ့မဟာမိတ်အဖွဲ့ကို မှီခိုနေရသော ဤအစောက်အရှောက်များအတွက် မသေမျိုးဂိုဏ်း၏ ကြွယ်ဝလှသော အမွေအနှစ်မှာ အလွန်ပင် အားကျစရာ ဖြစ်နေတော့သည်။
"..."
ဝမ်ချိုးကျင်းသည် နောက်ကလူများကို လှည့်ကြည့်လိုက်သော်လည်း ချက်ချင်းဒေါသမပေါက်ကွဲပေ။ တိုက်ပွဲအတွင်း အမိန့်မနာခံမှုအတွက် သူမ မကျေနပ်သလို၊ လစဉ်ပေးနေရသော ရတနာများမှာလည်း အလဟဿ းဖြစ်သွားသည်ဟု ခံစားနေရသည်။
သို့သော် သူတို့၏ နေရာတွင် အစားဝင်ကြည့်လျှင်လည်း ထိုရွေးချယ်မှုကိုပင် လုပ်မိကြမည်ကို သူမ သိသည်။
အပြင်ပန်းတွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ သာရှိသော ကျင့်ကြံသူတစ်ဦးက အဆင့်၈ ရှိ ဝိညာဉ်ရုပ်သေးကို ပိုင်ဆိုင်ထားပြီး၊ မိမိကိုယ်တိုင်၏အင်အားကလည်း ရုပ်သေးနှင့် မခြားနားကြောင်း မည်သူခန့်မှန်းနိုင်ပါမည်နည်း။
သူတစ်ဦးတည်းနှင့် သူ၏ ရုပ်သေးတို့ ပေါင်းစပ်ကာ ရေနေနတ်ဆိုးလက်ရွေးစင် တပ်ဖွဲ့တစ်ခုလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အောင်မြင်မှုမျိုးမှာ နန်ဟုန်တစ်ခွင်တွင် မကြာမီပျံ့နှံ့သွားပြီး ကြီးမားသော ဂုဏ်သတင်းကို ရရှိစေမည်။ ဝမ်ချိုးကျင်း၏ အမြင်တွင်မူ ရှန်းယီ၏နည်းဗျူဟာများမှာ သာမန်ပါရမီရှင်များထက်ပင် သာလွန်နေပေသည်။
နန်ဟုန်သားတော်ခုနစ်ပါး၏ တိုက်ရိုက်တပည့်များထဲတွင်ပင် ရှန်းယီနှင့် ယှဉ်နိုင်သူမှာ အလွန်ရှားပေလိမ့်မည်။
(နန်ဟုန်သားတော်ခုနှစ်ပါးဆိုတာ အဓိကအားဖြင့် ဂိုဏ်းခုနှစ်ခုကို ရည်ညွှန်းတာပါ)
ဝမ်ချိုးကျင်းသည် ရေနေမျိုးနွယ်စု၏ ကလဲ့စားချေမှုကို မကြောက်ပေ။ ထိုနတ်ဆိုးများသည် အဆုံးအထိ သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြရဲခြင်းက ဤကိစ္စမှာ နဂါးနန်းတော်၏ တရားဝင် ခွင့်ပြုချက်မပါကြောင်း ထင်ရှားနေသည်။
"မသေမျိုးအရှင်က အစွမ်းထက်ပြီး နတ်ဆိုးတွေကို သတ်နိုင်ပေမဲ့ ဂရုတော့ စိုက်သင့်ပါတယ်။ နတ်ဆိုးအားလုံးကို အမြစ်ပြတ်အောင် သတ်ဖို့ဆိုတာ မဖြစ်နိုင်သလို၊ သူခိုးကို တစ်သက်လုံး စောင့်ကြည့်နေဖို့ကလည်း မလွယ်ပါဘူး..."
ဝမ်ချိုးကျင်းက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ ရှန်းယီသည် သူမကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်၏။
သူ့အကြောင်း သတင်းပေးသူရှိနိုင်ကြောင်း သတိပေးနေခြင်း ဖြစ်သည်။ သူ ကျွန်းပေါ်သို့ ခြေချပြီးထမင်းစားနေစဉ်မှာပင် ရေနေနတ်ဆိုးများ ရောက်လာခြင်းမှာ တစ်စုံတစ်ဦးက နောက်ကွယ်မှ သတင်းပေးလိုက်ခြင်းကြောင့်သာ ဖြစ်ရပေမည်။
သို့သော် အလောတကြီး ရှာနေ၍လည်း အပိုပင်။
ရှန်းယီသည် လူအုပ်ထဲမှ ထွက်ခွာကာ ရွှေယွဲ့ မဟာမိတ်အဖွဲ့၏ ဗဟိုချက်ဆီသို့ လျှောက်လှမ်းသွား၏။
ချန်မိသားစုမှ လူကြီးများနှင့် ချင်းဟိုင်စံအိမ်မှ လူများကလည်း အမြန်လိုက်ပါသွားကြ၏။ အခြားသူများနှင့်မတူဘဲ သူတို့သည် ပို၍ ကြောက်စရာကောင်းသော အချက်ကို သိထားကြသည်။
၎င်းမှာ... ဤရေနေနတ်ဆိုးများနှင့် မတိုက်ခိုက်မီလေးတွင်တင် ရှန်းယီသည် နတ်ဆိုးတွင်းတစ်ခုကို အမြစ်ပြတ်ခြေမှုန်းခဲ့ပြီး အဆင့် ၆ ရှိ ပါရမီရှင်တစ်ဦးကို သတ်လုနီးပါး ဖြစ်ခဲ့ခြင်းပင်။
အခြားကျင့်ကြံသူသာဆိုလျှင် အသက်ရှူဖို့ပင် အချိန်မရှိလောက်သော်လည်း၊ ရှန်းယီမှာမူ ဘာမျှမဖြစ်ခဲ့သကဲ့သို့ အေးဆေးဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိလောက်အောင်ပင်။
"ဟင်း။"
မင်ရောင်ဝတ်ရုံနှင့် ပုံရိပ် ပြန်လျှောက်လာသည်ကို မြင်သောအခါ ရွှေယွဲ့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများမှာ သတိလက်လွတ်ဖြင့် လမ်းဖယ်ပေးလိုက်ကြ၏။ သူတို့တွင် ဝမ်ချိုးကျင်း သို့မဟုတ် အစောက်အရှောက်များကဲ့သို့ လူကဲခတ်နိုင်သောမျက်လုံးများ မရှိကြပေ။
သူတို့ သိထားသည်မှာ ဤလူငယ်သည် အလွန်အမင်းသန်မာပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သူဖြစ်ကြောင်းသာ။ ကုန်စည်ပို့ဆောင်ရေးအတွေ့အကြုံအရ ဤကဲ့သို့သော လူမျိုးနှင့် ပတ်သက်သည့် သတင်းအနည်းငယ် ကြားရုံနှင့်ပင် သူတို့ဝေးဝေးက ရှောင်ကြပေလိမ့်မည်။
ကျန်းယဲ့သည် ရှန်းယီ ချဉ်းကပ်လာသည်ကို ကြည့်ရင်းတံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ ဘေးပတ်ဝန်းကျင်မှ မေးခွန်းထုတ်လိုသော အကြည့်များကို သူ ခံစားမိသည်။
သူသည် မသိမသာခါးကို ဆန့်လိုက်ပြီး ဂုဏ်ယူဝင့်ကြွသောမျက်နှာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်၏။
"ကျွန်တော်မျိုးက စီနီယာရှန်းကို နှုတ်ခွန်ဆက်သပါတယ်"
သူ့အနေဖြင့် ရွှေယွဲ့ မဟာမိတ်အဖွဲ့အတွင်း၌ ဤမျှအထိအလေးထားခြင်းကို မည်သည့်အခါကမှ မခံစားခဲ့ဖူးပေ။ စီနီယာရှန်း၏ အသိအမှတ်ပြုမှု တစ်ခုတည်းကပင် နောင်တွင် စီးပွားရေး ဆွေးနွေးရာ၌ သူ့ကို ယုံကြည်မှု အပြည့်အဝ ပေးနိုင်ပေသည်။
အမှန်တကယ်ပင် စီနီယာရှန်းမှာ သာမန်လူမဟုတ်ကြောင်း ပထမဆုံး အကြည့်ဖြင့် သိမြင်ခဲ့သော သူ၏ မျက်လုံးများမှာ တကယ်ပင် တန်ဖိုးရှိလှပေသည်။
"သူ ခင်ဗျားကို ဘယ်လောက်ပေးလိုက်လဲ" ရှန်းယီက အေးအေးလူလူ မေးလိုက်သည်။
သူသည် ယခုအခါ ရတနာများကို အလွန်အမင်း လိုအပ်နေပြီး ယင်ကောင်ခြေထောက်လောက်ရှိသောအရာကိုပင် လျစ်လျူမရှုနိုင်ပေ။
ကျန်းယဲ့မှာ ခေတ္တမျှကြောင်သွားပြီးနောက် ပေါင်ဟွားနတ်သမီး အကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း သိသွားကာ ဝန်လေးခြင်းမရှိဘဲ သိုလှောင်အိတ်ကို ထုတ်ပေးလိုက်၏။
"စီနီယာရှန်း... အားလုံး ဒီထဲမှာ ရှိပါတယ်။ ကျေးဇူးပြုပြီး ယူလိုက်ပါ။"
"လူကိုတော့ ငါ ယူသွားမယ်။"
ရှန်းယီသည် အိတ်ကို မယူဘဲ ခေါင်းငြိမ့်ပြကာ "ခင်ဗျားရသင့်တဲ့ ဝေစုကို ခင်ဗျားယူထား၊ ကျန်တာပဲ ကျုပ်ကိုပေး" ဟု ဆိုလိုက်၏။
ကျင့်ကြံခြင်းအတွက် စွန့်စားပြီး ရတနာရှာရသည်မှာ မှန်သော်လည်း၊ သူ အနည်းငယ် ဆင်းရဲနေသည်ဆိုရုံနှင့် အောက်တန်းကျသော အပြုအမူမျိုးလုပ်ရန် မလိုအပ်ပေ။
"ဘာတွေ ပြောနေတာလဲ စီနီယာရယ်..."
ကျန်းယဲ့သည် သူ၏ အမြဲတမ်းသုံးနေကျ အရောင်းစကားများကို ပြောရန် ပြင်လိုက်သော်လည်း၊ ရှန်းယီ၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါ ရပ်တန့်သွားပြီး အိတ်ကိုဖွင့်ကာ ၈၀ ရာခိုင်နှုန်းခန့်ကို အခြားအိတ်တစ်ခုထဲသို့ ဂရုတစိုက် ခွဲထည့်လိုက်၏။
"စီနီယာသာကြားထဲက မပါရင် ဒီမြေကွက်ကို တခြားနေရာမှာ ရောင်းလည်း ဒီလောက်ပဲ ရမှာပါ။ ပြီးတော့ စီနီယာက မသေမျိုးဂိုဏ်းကဆိုတော့ အဆင့်အတန်းမြင့်မြတ်တဲ့သူပဲ။ စီနီယာ ရွေးပေးတဲ့ နေရာက သူတို့အတွက် ပိုပြီး သင့်တော်မှာ သေချာပါတယ်။"
ရှန်းယီသည် အဖိုးတန် ရတနာများစွာကို ရရှိလိုက်ပြီ ဖြစ်သည်။