သူတို့အားလုံး စောင့်နေကြတယ်၊ မင်းရော လာရဲလား
Vol. 51 Ch. 506
"သိပ်တော့မဆိုးဘူးပဲ"
ရှန်းယီသည် သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ၊ ထူးဆန်းသော မီးခိုးဖြူရောင်ချပ်ဝတ်တန်ဆာမှာ လွင့်ပြယ်သွားခဲ့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ မဟာအစီအရင်မှာလည်း လျင်မြန်စွာပြန်လည်ကျုံ့ဝင်သွားပြီး နှလုံးသားပေါ်တွင် အခြေချသွား၏။
အစပိုင်းတွင် သူသည် အစီအရင်ပညာရပ်ကို နက်နက်ရှိုင်းရှိုင်းလေ့လာရန် ဝန်လေးနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူကြုံတွေ့ရသမျှ အခြေအနေ အများစုတွင်၊ အစီအရင်တစ်ခုကို တည်ငြိမ်စွာခင်းကျင်းနိုင်ရန် အချိန်ဆွဲပေးမည့်သူ မရှိသောကြောင့်ပင်။
အရေးပေါ် အခြေအနေအတွက် အခြေခံအစီအရင် အချို့ကို သင်ယူထားလျှင် လုံလောက်ပြီဟု သူ တွေးခဲ့သည်။ ဤကဲ့သို့ နတ်ဆိုးသက်တမ်းကို ထိတ်လန့်ဖွယ် ကောင်းလောက်အောင် သုံးစွဲရသည့် အစီအရင်မျိုးမှာ သူ၏အမြင်တွင် ရင်းနှီးရကျိုး မနပ်လှပေ။
သို့သော် ယခု အခြေအနေမှာ သိသိသာသာ ကွဲပြားသွားပြီ ဖြစ်သည်။
ဤ ကွေရှမသေမျိုးချပ်ဝတ် အစီအရင် မှာ ခန္ဓာကိုယ်ပေါ်တွင် ရေးထွင်းထားခြင်းဖြစ်ရာ အချိန်မရွေး အသက်သွင်းနိုင်သည်။ နန်ယန်ဂိုဏ်း၏ယခင်ဂိုဏ်းချုပ်သည် အနီးကပ်တိုက်ခိုက်ရေးအတွက် အသင့်တော်ဆုံးသော အကာအကွယ်ကို ပြင်ဆင်ပေးခဲ့ခြင်းပင်။
၎င်း၏ အစွမ်းမှာလည်း အနည်းဆုံးတော့ ထျန်းယန် ၄၉ ထက် မနိမ့်ကျနိုင်ကြောင်း သူ ခံစားလိုက်ရသည်။
"ဟူး။"
ရှန်းယီသည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး ကျန်ရှိနေသော နတ်ဆိုးသက်တမ်းကို ကြည့်လိုက်၏။
[လက်ကျန် နတ်ဆိုးသက်တမ်း: ၄၂၇၀၀၀ နှစ်]
ကွေရှအစီအရင်နှင့် ထျန်းယန် ၄၉ တို့၏ အကြီးမားဆုံး ကွာခြားချက်မှာ၊ စီနီယာရွှမ်ချင်း၏ အသိဉာဏ်လမ်းပြမှု မရှိတော့ဘဲ ကိုယ့်ဘာသာ ဖော်ထုတ်သည့်အခါ ထျန်းယန် ၄၉ မှာ မည်သည့်တိုးတက်မှုမှ မရှိတော့ဘဲ နတ်ဆိုးဝိညာဉ်များပင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် ကွေရှ အစီအရင်မှာမူ... နှေးကွေးနေရုံသာ ဖြစ်သည်။
တိုးတက်မှု ရှိနေသည်ဆိုလျှင်၊ ၎င်းကို အတင်းအဓမ္မတွန်းအားပေး၍ ရသည်ဟု အဓိပ္ပာယ်ရ၏။
ရှန်းယီသည် နတ်ဆိုးသက်တမ်းကို မသုံးစွဲရသေးမီမှာပင် ရင်ထဲ၌ မအီမသာဖြစ်ကာ အန်ချင်သကဲ့သို့ ခံစားလိုက်ရ၏။ သူ မှတ်မိသလောက်ဆိုလျှင် ဤကဲ့သို့ စိတ်စွမ်းအားကို အလွန်အမင်းသုံးစွဲရသည့် ကျင့်စဉ်များကို ဖော်ထုတ်ရာတွင် အများဆုံး နှစ်ပေါင်းသောင်းဂဏန်းခန့်သာ သူ ခံနိုင်ရည်ရှိခဲ့ဖူးသည်။
သို့သော် အစစ်အမှန် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း စိတ်ဝိညာဉ်နည်းစနစ်များနှင့် ယှဉ်လိုက်လျှင် ထိုအရာများမှာ ဘာမှမဟုတ်တော့ပေ။
သူသည် တောင်ထိပ်သို့ ပြန်သွားကာ တရားထိုင်လိုက်ပြန်သည်။ များပြားလှသော နတ်ဆိုးသက်တမ်းများကို အစီအရင်အတွင်းသို့ ရူးသွပ်စွာ သွန်းလောင်းထည့်လိုက်၏။
[ပထမနှစ်တွင်၊ သင်သည် ဤအစီအရင်၏ ပိုမိုနက်နဲသော အစိတ်အပိုင်းများကို ထိတွေ့ရန် ထပ်မံ ကြိုးစားလိုက်သည်။ သင်၏ကျင့်ကြံခြင်းကို ထောက်ပံ့ပေးခဲ့ဖူးသော စီနီယာ၏ အသိဉာဏ်မှာ ယခုအခါ အသုံးမဝင်တော့ပေ။ သင်သည် နှစ်ပေါင်း သောင်းနှင့်ချီ၍ အလွတ်မှတ်သားထားခဲ့သော အစီအရင်ပုံကြမ်းများကို ပြန်လည် သတိရရန် ကြိုးစားကာ၊ ထိုငြီးငွေ့စရာကောင်းလှသော နှစ်များအတွင်းမှ ပုံစံတူ အချက်အလက်များကို ရှာဖွေရင်း ပုံဖော်ကြည့်နေခဲ့သည်။]
နတ်ဆိုးသက်တမ်းများ ကုန်ဆုံးသွားသည်နှင့်အမျှ၊
မင်ရောင်ဝတ်ရုံနှင့်လူငယ်မှာ တိတ်ဆိတ်သွားပြီး သူ၏ ချောမောသော မျက်နှာမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။ ချွေးများမှာ မိုးရေကဲ့သို့ စီးကျလာပြီး တစ်ကိုယ်လုံးကို ချက်ချင်းပင် စိုရွှဲသွားစေသည်။
သူ၏ မျက်နှာထား ပြန်လည် တည်ငြိမ်သွားချိန်တွင်မူ သူ၏ ကြည်လင်သော မျက်လုံးများမှာ ဇဝေဇဝါဖြစ်နေပြီး စိတ်လွတ်နေပုံရသည်။
မွေးရာပါ ပါရမီ မရှိဘဲ စိတ်ဝိညာဉ်နည်းစနစ်များကို ဇွတ်မှိတ်ကျင့်ကြံခြင်း... ဤသည်မှာ မသေမျိုးဂိုဏ်းများတွင် လှောင်ပြောင်ခံရမည့် အပြုအမူမျိုးပင်။
လောကရှိ သတ္တဝါတိုင်းတွင် ကိုယ်ပိုင်လမ်းစဉ် ရှိကြရာ၊ မိမိနှင့် မထိုက်တန်သော လမ်းကို အတင်းအဓမ္မလျှောက်လှမ်းခြင်းက နတ်ဝိညာဉ်ကို ပျက်စီးစေပြီး အောင်မြင်ရန် မဖြစ်နိုင်ပေ။
သာမန်လူများထက်များစွာ ပိုမိုရှည်လျားသော အချိန်ရှိနေလျှင်တော့ တစ်မျိုးပင်။
နေနှင့်လသည် အကြိမ်ကြိမ် လှည့်ပြောင်းသွားခဲ့သည်။
စနစ်၏ ဖော်ထုတ်မှုမှာ ရပ်တန့်သွားသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ရှန်းယီ၏ မျက်လုံးများမှာ ကျောက်ရုပ်တစ်ခုကဲ့သို့ အသက်ကင်းမဲ့နေဆဲပင်။
သူ၏ လက်ချောင်းထိပ်များ တုန်ရီသွား၏။
သူသည် မူးဝေစွာဖြင့် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ တာအိုဝိညာဉ်၏ ကိုယ်တွင်းအင်္ဂါများကိုပါ အန်ထုတ်တော့မည့်အလား ပြင်းထန်စွာ အန်တော့သည်။
ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများပင်လျှင် ရတနာများစွာကို သုံးစွဲမှ သက်တမ်းမှာ နှစ်ပေါင်း ငါးသောင်းထက် မပိုနိုင်ပေ။ နည်းစနစ်တစ်ခုကို တစ်ဘဝလုံး ပေးဆပ်၍ လေ့လာခြင်းမှာပင် အလွန်ဇွဲကြီးသူဟု သတ်မှတ်ခံရသည်။
ရှန်းယီမှာမူ ၂၂၀၀၀၀ နှစ်တိုင်တိုင် ငြီးငွေ့ဖွယ်ကောင်းသော ထိုင်ခြင်းနှင့် ဇဝေဇဝါ ဖြစ်ခြင်းများကိုအချိန်တိုအတွင်း ပေါင်းစည်းခံစားလိုက်ရခြင်း ဖြစ်သည်။ ၎င်းက ရှန်းယီ၏ စိတ်ကျန်းမာရေးအခြေအနေကိုပင် ပျက်စီးလုနီးပါးဖြစ်စေခဲ့၏။
အကယ်၍ စနစ်က ဖိအား၏ ၉၉ ရာခိုင်နှုန်းကို တာဝန်မယူပေးဘဲ သူ့အပေါ်သို့ အနည်းငယ်မျှသာ ရောင်ပြန်ဟပ်စေခဲ့လျှင်၊ သူသည် ယခုအချိန်တွင် ငတုံးအအတစ်ယောက် ဖြစ်နေလောက်ပြီ။
[ဟင်းလင်းပြင်လျှောက်လှမ်းခြင်း (စိတ်ဝိညာဉ်) - ကွေရှမသေမျိုးချပ်ဝတ် အစီအရင်: သေးငယ်သော အောင်မြင်မှု]
[လက်ကျန် နတ်ဆိုးသက်တမ်း: ၂၀၇၀၀၀ နှစ်]
ရှန်းယီသည် သူ၏ ပါးစပ်ကို လက်စဖြင့် သုတ်လိုက်ပြီး၊ တုန်ရီနေသော လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ချောင်းထိပ်များမှ အနက်ရောင်မြူများနှင့် ရွှေရောင်ချည်မျှင်များ ထွက်ပေါ်လာ၏။
သူသည် အသက်ကို လုရှူနေရပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစများ ထပ်မံ စွန်းထင်လာပြန်သည်။
ကံကောင်းသည်မှာ သူ၏လက်မှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။ ဤကဲ့သို့သော ခန္ဓာကိုယ်ပေါ်တွင် ရေးထွင်းရသည့် အစီအရင်မှာ အမှားအယွင်း အဖြစ်မခံပေ။
သူ၏ နှလုံးသားပေါ်တွင် အစီအရင်ကို စတင် ရေးထွင်းလိုက်သည့် အခိုက်အတန့်တွင်... ရှန်းယီသည် ဆန်းကြယ်သောနယ်ပယ်တစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်ကာ၊ သူ၏ လက်ချောင်းထိပ်များမှာ ကျောက်ဆောင်ကဲ့သို့ တည်ငြိမ်သွားပြီး ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ထားသော ရွှေရောင်ချည်မျှင်များမှာ ယခင်ကထက် အဆပေါင်းများစွာ တိကျလာခဲ့သည်။
မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ၊ ၎င်းမှာ လျှံကျနေသောမြစ်ရေကဲ့သို့ ချောမွေ့စွာ စီးဆင်းသွား၏။ အပြီးသတ်စုတ်ချက်ကို ဆွဲလိုက်သည်နှင့် မဟာအစီအရင်မှာ ပြီးဆုံးသွားတော့သည်။
ဘိုးခန်းမအတွင်း၌ လီချင်းဖုန်းသည် စိုးရိမ်တကြီးဖြင့်တိုင်ကို မှီထားရင်း နဖူးမှ ချွေးများကို အားပါပါ သုတ်နေသည်။ ဂိုဏ်းချုပ်ကို ကျင့်ကြံနေသည့် နေရာတွင် ရှာမတွေ့သလို၊ ကျောက်စိမ်းပြားဖြင့်လည်း ဆက်သွယ်၍ မရပေ။
သူ အကူအညီ တောင်းနိုင်သည့် တစ်ဦးတည်းသောသူမှာ စီနီယာရွှမ်ချင်းသာ ဖြစ်သည်။
ချန်မိသားစုမှ အကြီးအကဲနှင့် ချင်းဟိုင်စံအိမ်မှ အထောက်တော်များမှာ ရှောင်မိသားစု ခံတပ်မှ အရပ်သားများကို မဟာချန်ဆီသို့ ပြန်လည် ခေါ်ဆောင်ပြီး အခြေချပေးခဲ့ပြီးပြီ ဖြစ်သည်။
လီချင်းဖုန်းသည် ဤကိစ္စကို အစီရင်ခံရန် လာခဲ့ခြင်းဖြစ်သော်လည်း၊ မမျှော်လင့်ဘဲ ဤမသေမျိုးကျင့်ကြံသူမှာ တစ်စုံတစ်ယောက်ဆီမှ စာတစ်စောင် ရရှိပြီးနောက် ဤကဲ့သို့ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
"မင်းတို့... မင်းတို့ အရင်ထွက်သွားကြဦး။"
လီချင်းဖုန်းသည် တည်ငြိမ်ဟန်ဆောင်ကာ လက်အင်္ကျီကို ဝှေ့ယမ်း၍ အားလုံးကို ထွက်ခွာခိုင်းလိုက်၏။ နန်ယန်ဂိုဏ်း၏ အထောက်တော်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ သူတို့မှာ လူသစ်များ ဖြစ်ကြသည့်အပြင် ဂိုဏ်းအတွက် ဘာမျှ မလုပ်ပေးရသေးသဖြင့် စကားအများကြီး မမေးရဲကြဘဲ အရိုအသေပေးကာ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
"..."
လီချင်းဖုန်းသည် သက်ပြင်းချလိုက်ပြီး ရွှမ်ချင်း၏ အနားသို့ ချဉ်းကပ်ကာ "စီနီယာ... ကျွန်တော့်ကို ကူညီပြီး ဂိုဏ်းချုပ်ကို ရှာပေးလို့ ရမလား သတင်းပို့စရာ အရေးကြီးတဲ့ ကိစ္စရှိလို့ပါ။" ဟု မေးလိုက်သည်။
"သူ ကျင့်ကြံနေတာ ဖြစ်လိမ့်မယ်။"
ရွှမ်ချင်းသည် မျက်လုံးဖွင့်လိုက်၏။ စောစောက သူ ခံစားလိုက်ရသော ဝိညာဉ်စွမ်းအင်ပြောင်းလဲမှုများအရ ဂိုဏ်းချုပ်မှာ တိုးတက်မှု အသစ်များ ရရှိထားသည်မှာ ထင်ရှားသည်။ "အဆင်ပြေရင် ငါ့ကို အရင်ပြောပြလို့ ရပါတယ်။"
သူသည် များစွာ မကူညီနိုင်သော်လည်း အကြံဉာဏ်အချို့တော့ ပေးနိုင်ပေသည်။
"အဆင်ပြေ မပြေဆိုတာထက်..."
လီချင်းဖုန်းသည် အားကိုးရာမဲ့စွာဖြင့် မြေပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး သူ၏ လက်အင်္ကျီထဲမှ လျှို့ဝှက်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။ ထိုစာတွင် မည်သူမည်ဝါဖြစ်ကြောင်း အမှတ်အသား မပါရှိပေ။
သို့သော် စာ၏လေသံအရ ပို့လိုက်သူမှာ ချင်းယွဲ့ဂိုဏ်းမှ အထောက်တော် လျိုချန်းယွင်ဖြစ်ကြောင်း လီချင်းဖုန်း သိလိုက်ရ၏။