အခန်း (၄၆၄-၄၆၆)
Vol. 32 Ch. 464-466
အခန်း ၄၆၄ - လူအများအာရုံစိုက်အောင် ကပြခြင်း
အခန်း ၄၆၃ မှ ကျောက်တိုင်တွင်ပါရှိသောအဆင့်များကိုရှင်းပြပေးပါမည်
အဆင့် ၁ သူရဲကောင်း
အဆင့် ၂ ဆရာသခင်
အဆင့် ၃ စိတ်ဝိညဉ်
အဆင့် ၄ မြင့်မြတ်သောပညာရှိ
အဆင့် ၅ နတ်ဘီလူး _ ( ကျနော်သူရာလို့ပြန်ခဲ့ပါတယ် နတ်ဘီလူးလို့ပြောင်းဖတ်ပေးပါဗျ)
အဆင့် ၆ နတ်ဘုရားဘွဲ့
စတဲ့ ၆ မျိုး ဖြစ်ပါတယ်ဗျ။ (နာမည်အလွဲလေးတွေပါသွားတဲ့အတွက်စာဖတ်သူများကိုအနုးအညွတ်တောင်းပန်ပါတယ်ဗျ။)
“ငါက တကယ်ပဲ သတ်မှတ်ချက်မမီတာလား?”
သန်မာထွားကျိုင်းသော လူငယ်မှာ လက်ရှိအခြေအနေကို လက်မခံနိုင်သလို တိုးတိုးလေး ရေရွတ်နေမိသည်။ ဤသည်မှာ သူ့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်ပင်။ မဟာဧကရီ၏ လျှို့ဝှက်နယ်မြေသည် အကဲဖြတ်မှုအတွက် အဆင့်သတ်မှတ်ချက် ခြောက်မျိုး ပေးနိုင်စွမ်းရှိသည်။
ပါဝင်နေကြသော ကျင့်ကြံသူအားလုံးသည် ရှေးဟောင်းမဟာဧကရီ၏ မြင့်မားလှသော စံနှုန်းကို သိထားကြသဖြင့် ထိုသန်မာသောလူငယ် အပါအဝင် မည်သူမျှ အမြင့်ဆုံးအဆင့်ကို ရရှိရန် မျှော်လင့်မထားကြပေ။
သို့သော် သူသည် အမြင့်ဆုံးအဆင့်များကို မဆိုထားနှင့်၊ အနိမ့်ဆုံးဖြစ်သော “သူရဲကောင်း” အဆင့်ကိုပင် မရရှိခဲ့ချေ။ သူ့တွင် ပါရမီအဆင့်သတ်မှတ်ချက် လုံးဝမရှိဘဲ ‘သတ်မှတ်ချက်မမီ’ ဟုသာ အကဲဖြတ်ခံရခြင်းမှာ သူ၏အစွမ်းမှာ မဟာဧကရီ၏အမြင်တွင် အလွန်ပင် ဆိုးဝါးလွန်းနေသောကြောင့် ဖြစ်သည်။
“ဟားဟား၊ မင်းတို့ ကောင်းကင်အလင်းကျွန်းတော့ အရှက်ကွဲပြီပဲ”
လူအုပ်ထဲမှ တစ်စုံတစ်ဦးက လှောင်ပြောင်လိုက်သည်။ သူတို့သည် ကောင်းကင်အလင်းကျွန်း၏ ပြိုင်ဘက်များ ဖြစ်ကြသည်။ ထိုလူငယ် အရှက်ရသွားသည်ကို လှောင်ပြောင်နေကြသော်လည်း တစ်ဖက်တွင်မူ ရှေးဟောင်းမဟာဧကရီ၏ စံနှုန်းမှာ သူတို့ထင်ထားသည်ထက် ပို၍ မြင့်မားလွန်းနေကြောင်း လူတိုင်း နားလည်သွားကြသည်။
“ငါ စမ်းကြည့်မယ်”
ဤတစ်ကြိမ်တွင် မိန်းကလေးတစ်ဦး ရှေ့သို့ တိုးလာသည်။ သူမသည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသဖြင့် ရှေ့ထွက်လာခြင်း ဖြစ်သော်လည်း ကျောက်တိုင်ပေါ်တွင် သူမ၏သွေးဖြင့် နာမည်ရေးပြီးနောက် မည်သည့်အံ့ဖွယ်မှ ဖြစ်မလာခဲ့ပေ။ သူမ၏ အကဲဖြတ်ချက်မှာလည်း ‘သတ်မှတ်ချက်မမီ’ ဟုသာ ထွက်ပေါ်လာသည်။
ထိုအခါ လူတိုင်း မှင်တက်သွားကြတော့သည်။ စောစောက ထိုလူငယ်ကို လှောင်ပြောင်နေသူများလည်း ယခုအခါ ပါးစပ်ပိတ်သွားကြပြီ ဖြစ်သည်။ လူနှစ်ဦး ဆက်တိုက် ဤကဲ့သို့ ရလဒ်ထွက်လာခြင်းက ဤစမ်းသပ်မှု၏ ခက်ခဲမှုကို ပိုမို သိသာစေသည်။ သူတို့အားလုံးမှာ မိမိတို့ဒေသတွင် ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသော်လည်း ဤနေရာတွင်မူ အခက်အခဲများနှင့်သာ ကြုံတွေ့နေရသည်။
“ငါတော့ မယုံနိုင်ဘူး။ ရှေးဟောင်းခေတ်က ကိုယ်ခံပညာ ယဉ်ကျေးမှုက အခုထက် အများကြီး ပိုသာခဲ့တာလား”
အနက်ရောင်ဝတ်စုံနှင့် မိန်းကလေး (ကျားသစ်နက်မယ်) က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမ၏ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် အခြားအမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် ကျားသစ်နက်မယ်နှင့် ရုပ်ချင်းဆင်သော်လည်း ခန္ဓာကိုယ်အချိုးအစားမှာ ပိုမိုပြည့်ဖြိုးကာ ပို၍ ရင့်ကျက်ပုံရသည်။ သူမမှာ ကျားသစ်နက်မယ်၏ အစ်မဖြစ်သည်။
“ငါ စမ်းကြည့်မယ်”
ကျားသစ်နက်မယ်၏ အစ်မ စမ်းသပ်ရန် ရှေ့ထွက်လာသောအခါ လူတိုင်း မျှော်လင့်တကြီး ကြည့်နေကြသည်။ သူမ၏ ပါရမီမှာ ကျားသစ်နက်မယ်ထက် သာလွန်သဖြင့် သူမသည် ပါဝင်သူအားလုံးထဲတွင် အတော်ဆုံးတစ်ဦး ဖြစ်ကြောင်း အများက သိထားကြသည်။
ထိုအမျိုးသမီးသည် သူမ၏ ချွန်ထက်သော လက်သည်းများဖြင့် လက်ဖဝါးကို လှီးဖြတ်ကာ နာမည်ရေးထွင်းလိုက်သည်။ ရှေးဟောင်းကျောက်တိုင်မှ အလင်းတန်းများ သူမ၏နာမည်နောက်တွင် စုစည်းလာသည်။ ဤတစ်ကြိမ်တွင်မူ အလင်းတန်းများ ပျောက်ကွယ်မသွားဘဲ စာလုံးတစ်လုံးအဖြစ် တဖြည်းဖြည်း ပုံဖော်လာသည်။
လူတိုင်း၏ မျက်လုံးများ တောက်ပသွားသည်။ သူမ၏ ပါရမီဖြင့် နောက်ဆုံးတော့ အဆင့်သတ်မှတ်ချက်တစ်ခု ပေါ်လာပြီဖြစ်သည်။
“သူရဲကောင်း”
ထိုစာလုံး ပေါ်ထွက်လာသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူမကဲ့သို့ ထူးချွန်သူပင်လျှင် ‘သူရဲကောင်း’ အဆင့်သာ ရရှိသည်ဆိုပါက သူမထက် အစွမ်းနိမ့်သူများမှာ ရှေ့ထွက်ရန်ပင် သတ္တိမရှိတော့ချေ။
“သခင်လေး နန်ထျန်း၊ အားလုံးထဲမှာ သခင်လေးနဲ့ လင်းရှင်းထုန်က ပါရမီအမြင့်ဆုံးပဲ။ သခင်လေးတို့ဆိုရင်တော့ အဆင့်ကောင်းကောင်း ရမှာပါနော်”
တစ်စုံတစ်ဦးက ရှန်းထူနန်ထျန်းကို မြှောက်ပင့်ပြောဆိုလိုက်သည်။ ထိုအခါ လူတိုင်း၏ အကြည့်မှာ ရှန်းထူနန်ထျန်းထံသို့ ရောက်ရှိသွားသည်။ သူသည် ထျန်းယွမ်လောကကြီးတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သဖြင့် သူ၏ အဆင့်သတ်မှတ်ချက်မှာ အလွန်ပင် အရေးပါလှသည်။
ရှန်းထူနန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ သူကိုယ်တိုင်လည်း မည်သည့်အဆင့်ရမည်ကို မသေချာချေ။ ထိုစဉ် အနက်ရောင်ပုံရိပ်တစ်ခု လျှပ်ခနဲ လှုပ်ရှားသွားကာ အသားညိုညို လူငယ်မှာ မျောက်တစ်ကောင်ကဲ့သို့ ကျောက်တိုင်ဆီသို့ ခုန်တက်သွားပြီး
“ငါ အရင်စမ်းမယ်! ဟဲဟဲ” ဟု ရယ်မောလိုက်သည်။
“ဒီတောသားကတော့... လာရှုပ်ပြန်ပြီ သူက ဘာကောင်မို့လို့လဲ”
လူအများက ကျိန်ဆဲကြသော်လည်း ထိုလူငယ်က ဂရုမစိုက်ဘဲ သူ၏လက်ချောင်းကို ကိုက်ကာ နာမည်ရေးလိုက်သည်။ သူ၏ လက်ရေးမှာ ကဏန်းတွားသကဲ့သို့ ကြည့်ရဆိုးရုံသာမက မည်သူမျှ ဖတ်၍မရသော ရှေးဟောင်းစာလုံးများ ဖြစ်နေသည်။
ယီယွင်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်နေမိသည်။ ဤအသားညိုညို လူငယ်၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်။ ယီယွင်၏ စွမ်းအင်အာရုံခံစားမှုအရ ဤလူငယ်မှာ အဆင့်မြင့်ရမည်ဟု ထင်ရသော်လည်း ရလဒ်ထွက်လာသောအခါ...
“သတ်မှတ်ချက်မမီ”
ယီယွင် အံ့ဩသွားသည်။ သူ အထင်မှားသွားခြင်းလား အသားညိုညိုလူငယ်ကမူ အူကြောင်ကြောင် ရယ်မောရင်း
“အားနာပါတယ်... ဒီလောက်ခက်မယ် မထင်ထားဘူး” ဟု ပြောကာ နောက်ဆုတ်သွားသည်။
“ဒီအရူးကတော့ တစ်ဖက်သတ် အာရုံစိုက်ခံချင်နေတာပဲ” လူအများက သူ့ကို လူပြက်တစ်ဦးကဲ့သို့ သတ်မှတ်လိုက်ကြသည်။
“သခင်လေး နန်ထျန်း၊ သခင်လေးရဲ့ စွမ်းဆောင်ရည်ကို ပြလိုက်ပါဦး” ရှန်းထူနန်ထျန်း၏ နောက်လိုက်များက တိုက်တွန်းကြသည်။
ရှန်းထူနန်ထျန်းသည် ရှေ့သို့ လျှောက်လှမ်းသွားသည်။ လွန်ခဲ့သော ခြောက်လက ယီယွင် ကျွေးခဲ့သော အဆိပ်ဆေးလုံးကြောင့် သူ၏ အစွမ်းမှာ ၈၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်ကောင်းမွန်သေးသော်လည်း အခြားသူများထက် သာလွန်နေဆဲဟု သူ ယုံကြည်သည်။ သူသည် လက်ဖဝါးကို လှီးကာ ဓားအရှိန်အဝါများ ပြည့်နှက်နေသော လက်ရေးဖြင့် သူ၏နာမည်ကို ရေးထွင်းလိုက်သည်။
အခန်း ၄၆၅ - ငါစွန့်စားမယ်၊ မင်းကတော့ ဒိုင်းလုပ်ပေး
ရှန်းထူနန်ထျန်းသည် သူ၏နာမည်ကို ရေးထွင်းပြီးနောက် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသည်။ ကျောက်တိုင်ပေါ်ရှိ 'ရှန်းထူနန်ထျန်း' ဟူသော စာလုံးများနောက်တွင် အလင်းတန်းများ စုစည်းလာပြီး ဝေဝါးသော စာလုံးတစ်လုံး ပေါ်ထွက်လာသည်။
“ဆရာသခင်”
ရှန်းထူနန်ထျန်း၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ သူသည် အလွန်အမင်း ဝမ်းသာခြင်းမရှိသလို အားရကျေနပ်မှုလည်း မရှိပေ။ ၎င်းမှာ ပုံမှန်အဆင့်ဟုသာ သတ်မှတ်နိုင်သည်။
“ဆရာသခင်” အဆင့်မှာ စောစောက အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးထက် တစ်ဆင့်သာ မြင့်သည်။ ၎င်းကို အံ့ဩလောက်စရာဟု မဆိုနိုင်ပေ။ အထက်အဆင့်ဖြစ်သော “စိတ်ဝိညာဉ် ” နှင့် မည်မျှကွာခြားသည်ကိုလည်း မည်သူမျှ မသိကြချေ။ ဖြစ်နိုင်သည်မှာ ကွာခြားချက် အလွန်ကြီးမားသဖြင့် မည်သည့်ကျင့်ကြံသူမျှ “ဆရာသခင်” အဆင့်ကို မကျော်ဖြတ်နိုင်ခြင်း ဖြစ်လိမ့်မည်။
“အဲဒီကောင်လေးကြောင့်သာမဟုတ်ရင်... ငါ 'စိတ်ဝိညာဉ်' အဆင့်အထိ ရောက်နိုင်မှာ...” ရှန်းထူနန်ထျန်းက မကျေမချမ်း တွေးလိုက်မိသည်။
ထိုစဉ် “ဆရာသခင်” ဟူသော စာလုံးမှာ ပိုမိုထင်ရှားလာပြီး ရှန်းထူနန်ထျန်း၏ ပါရမီကို အတည်ပြုတော့မည့်ဆဲဆဲ... သူ၏ နှလုံးခုန်သံ ရုတ်တရက် ရပ်တန့်သွားကာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ရှန်းထူနန်ထျန်း၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အနက်ရောင် အငွေ့အသက်များ ပေါ်လာသည်။
ထိုအမည်းရောင်အငွေ့မှာ သေးငယ်သော အဆိပ်မြွေတစ်ကောင်နှင့် တူသည်။ ၎င်းသည် ရှန်းထူနန်ထျန်း၏ မျက်နှာပေါ်တွင် ပေါ်လာပြီးနောက် အရေပြားအောက်သို့ ပြန်လည် နစ်မြုပ်ပျောက်ကွယ်သွားသည်။ ရှန်းထူနန်ထျန်း ကိုယ်တိုင်လည်း မသိလိုက်သလို အခြားသူများလည်း မမြင်နိုင်ကြပေ။
ယီယွင်တစ်ယောက်သာလျှင် အထင်အရှား မြင်လိုက်ရသည်။
“အဲဒီ မိစ္ဆာစွမ်းအင်ပဲလား”
ယီယွင် အံ့ဩသွားပြီး ထူးဆန်းသော အမူအရာဖြင့် မေးစေ့ကို ပွတ်နေမိသည်။ လွန်ခဲ့သော ခြောက်လက ယီယွင်သည် ရှေးဟောင်းဧကရီ၏ ဆေးလုံးအတွင်းရှိ မိစ္ဆာစွမ်းအင်ကို သတိပြုမိပြီး ခရမ်းရောင်သလင်းကျောက် ကို သုံးကာ ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ခဲ့သည်။
ထိုစွမ်းအင်သည် သက်တမ်းကို လျော့နည်းစေသည်မှအပ လူသားများကို မည်သို့ ဒုက္ခပေးနိုင်သည်ကို ယီယွင် မသိချေ။ မည်သို့ပင်ဆိုစေ စမ်းသပ်ခံရသူမှာ ရှန်းထူနန်ထျန်း ဖြစ်နေသဖြင့် ထိုမိစ္ဆာစွမ်းအင် သောင်းကျန်းနေသည်ကို မြင်ရသည်မှာ ယီယွင်အတွက် အလွန်ဝမ်းသာစရာပင်။
ယခု ရှန်းထူနန်ထျန်း ပါရမီ စမ်းသပ်နေချိန်တွင် ယီယွင်သည် သူ၏ စွမ်းအင်မြင်ကွင်းကို ဖွင့်ကြည့်လိုက်ရာ အခြားသူများ မမြင်နိုင်သော အနက်ရောင် မြွေငယ်လေးမှာ ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်တစ်ခုကဲ့သို့ ကူးခတ်နေသည်ကို တွေ့ရသည်။
၎င်းသည် ဦးနှောက်ကို ဖြတ်သန်းကာ ကျောရိုးတစ်လျှောက်မှတစ်ဆင့် ဒန်ထျန်_ (ကျနော်ဒန်ထျန်ကို ဒီအပိုင်းကစပြီး နတ်အမြုတေလို့သုံးပါမယ်ဗျ) ထဲသို့ ဝင်ရောက်သွားပြီး ရှန်းထူနန်ထျန်း၏ အသက်ဓာတ်များကို မသိမသာ စုပ်ယူနေတော့သည်။
ထိုမြွေငယ်လေးမှာ လွန်ခဲ့သော ခြောက်လကထက် အများကြီး ပိုမိုသန်မာလာကြောင်း ယီယွင် သတိပြုမိသည်။ ၎င်းသည် ရှန်းထူနန်ထျန်း၏ ပါရမီကို အတင်းအဓမ္မ လျှော့ချပစ်လိုက်ခြင်းပင်။
ထိုမြွေငယ်လေး ပေါ်လာပြီးနောက် ကျောက်တိုင်ပေါ်ရှိ စာလုံးမှာ ထူးဆန်းစွာ ပြောင်းလဲသွားတော့သည်။ “ဆရာသခင်” ဟု ပုံဖော်လုနီးပါး ဖြစ်နေသော အလင်းတန်းများမှာ ဝေဝါးသွားပြီး ပြန့်ကျဲသွားသည်။ ထို့နောက် ပြန်လည် စုစည်းလာသောအခါ ပေါ်လာသော စာလုံးမှာ...
“သူရဲကောင်း”
ရှန်းထူနန်ထျန်း မှင်တက်သွားသည်။ သူ မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေ၏။ “ဆရာသခင်” အဆင့်မှ “သူရဲကောင်း” အဆင့်သို့ နိမ့်ကျသွားခြင်းပင်
“ဘယ်လိုဖြစ်ပြီး ငါက 'သူရဲကောင်း' အဆင့်ပဲ ရှိရတာလဲတစ်ခုခု မှားနေပြီ စောစောက 'ဆရာသခင်' လို့ ပေါ်နေတာကို ဘာလို့ ပြောင်းသွားတာလဲ”
ရှန်းထူနန်ထျန်း၏ ဒေါသမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး ကျောက်တိုင်ကိုပင် ဓားဖြင့် ခုတ်ပိုင်းချင်စိတ် ပေါ်လာသည်။ သို့သော် သူ မလုပ်ရဲပေ။
“ရှန်းထူနန်ထျန်းတောင် 'သူရဲကောင်း' အဆင့်ပဲ ရတာလား” “သူက နောက်တစ်ဆင့်ကို တက်ဖို့ နည်းနည်းလေးပဲ လိုတော့တာ။ ဒီကျောက်တိုင်ရဲ့ စံနှုန်းက မြင့်လွန်းတယ်”
လူအများက ဝေဖန်ပြောဆိုနေကြသည်။ အချို့မှာ ရှန်းထူနန်ထျန်း သူတို့နှင့် မထူးမခြားနား ဖြစ်နေသည်ကို မြင်ရ၍ ကျိတ်ပြီး ဝမ်းသာနေကြသည်။
“အရမ်းတော်တာပဲ အံ့ဩစရာပဲ” ထိုစဉ် အသားညိုညို လူငယ်မှာ လူအုပ်ထဲမှ ခုန်ထွက်လာပြီး “သခင်လေး နန်ထျန်းကတော့ တကယ်ကို ထူးခြားတာပဲ။ 'ဆရာသခင်' အဆင့် ရောက်ခါနီးအထိ ဖြစ်သွားတာပဲ လက်ခုပ်တီးကြပါဦး” ဟု အော်ဟစ်ကာ ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။ ဤလက်ခုပ်သံမှာ ရှန်းထူနန်ထျန်းအတွက်မူ လှောင်ပြောင်သံကဲ့သို့ပင်။
“မင်း သေချင်နေတာလား” ရှန်းထူနန်ထျန်း၏ မျက်လုံးများ သွေးရောင်လွှမ်းသွားသည်။ နယ်မြေ၏ စည်းကမ်းသာ မရှိလျှင် ထိုအရူး၏ ခေါင်းကို သူ ဖြတ်ပစ်လိုက်မိမည်မှာ သေချာသည်။
ရှန်းထူနန်ထျန်းသည် ကျောက်တိုင်မှ ထွက်ခွာလာစဉ် ယီယွင်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်သွားသည်။ သူ၏ ပါရမီ နိမ့်ကျသွားရခြင်းမှာ ယီယွင် တိုက်ကျွေးခဲ့သော အဆိပ်ဆေးလုံးကြောင့်ဟု သူက အပြစ်တင်နေခြင်း ဖြစ်သည်။
ယီယွင်ကမူ ကျိတ်၍ ရယ်နေမိသည်။ သူ စွန့်စားခန်းထွက်ချိန်တွင် အခြားသူများကို ဒိုင်း အဖြစ် အသုံးချရသည်မှာ သူ့အတွက်တော့ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။
အခန်း ၄၆၆ - ယီယွင်၏ အကဲဖြတ်ချက်
ယီယွင်၏ မျက်လုံးများသည် မိမိနေရာသို့ ပြန်လျှောက်သွားသော ရှန်းထူနန်ထျန်းကို အကဲခတ်နေသည်။ အစောပိုင်းကတည်းက ယီယွင်သည် ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ အနက်ရောင်စွမ်းအင်ကို အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤစွမ်းအင်သည် ပိုမိုသန်မာလာပြီး သိစိတ်ရှိသော သက်ရှိတစ်ခုအဖြစ်ပင် ပြောင်းလဲသွားနိုင်ကာ နောက်ဆုံးတွင် ရှန်းထူနန်ထျန်းကို ပြန်လည်ဝါးမြိုသွားနိုင်သည်ဟု ယီယွင် သံသယရှိနေသည်။ ၎င်းမှာ မယုံနိုင်စရာဟု ထင်ရသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်မှတစ်ဆင့် သူ၏ ယွမ်ချီကို ရှန်းထူနန်ထျန်း၏ ကိုယ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ပို့လွှတ်လိုက်သည်။ ယီယွင်၏ ပစ်မှတ်မှာ ထိုမိစ္ဆာစွမ်းအင်ပင် ဖြစ်သည်။
“ရှူး...”
ခရမ်းရောင်သလင်းတုံး၏ စွမ်းအားနှင့် ရုတ်တရက် ထိတွေ့လိုက်ရသောအခါ ထိုမိစ္ဆာစွမ်းအင်မှာ လျှပ်စစ်စီးသွားသလို ခံစားလိုက်ရပြီး ရှန်းထူနန်ထျန်း၏ နတ်အမြုတေထဲတွင် ရုန်းကန်လှုပ်ရှားကာ အင်္ဂါအစိတ်အပိုင်းများထဲသို့ အတားအဆီးမရှိ တိုးဝင်သွားတော့သည်။ ၎င်းမှာ ခရမ်းရောင်သလင်းတုံးကို အလွန်ကြောက်ရွံ့နေသော်လည်း လွတ်မြောက်နိုင်စွမ်းမရှိပေ။
ရှန်းထူနန်ထျန်းမှာ ဗိုက်ထဲတွင် တစ်ချက်တစ်ချက် အောင့်သလို ခံစားရသော်လည်း သိပ်ဂရုမစိုက်မိပေ။ သို့သော် ယီယွင်က သူ့ကို စိုက်ကြည့်နေခြင်းကိုမူ အလွန်ဒေါသထွက်နေမိသည်။ ယီယွင်က သူ့ကို လှောင်ပြောင်နေသည်ဟု သူ ထင်နေခြင်းဖြစ်သည်။
“ဒီကောင်လေး... မင်း ငါ့ကို လုပ်ခဲ့သမျှကို တစ်နေ့မှာ အဆရာပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်။ မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရုံတင်မကဘူး၊ မင်းကို မိန်းမစိုးလုပ်ပြီး ခွေးစာကျွေးပစ်မယ်” ဟု ရှန်းထူနန်ထျန်းက စိတ်ထဲမှ ကြုံးဝါးနေသည်။
ထိုခြိမ်းခြောက်မှုများကို ယီယွင်က ဂရုမစိုက်ဘဲ ကျောက်တိုင်ဆီသို့ လျှောက်လှမ်းသွားသည်။ ယီယွင် ရှေ့ထွက်လာသောအခါ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိသွားသည်။
“ဒီကောင်လေးပဲ” “ရှန်းထူနန်ထျန်းတောင် 'သူရဲကောင်း' အဆင့်ပဲ ရတာကို သူက ရှေ့ထွက်ရဲသေးတယ်နော်။ တကယ် သတ္တိရှိတာပဲ”
လူအများက ဝေဖန်နေကြသော်လည်း ယီယွင်ကမူ ဂရုမစိုက်ပေ။ သူသည် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓားမှာ အလွန်တောက်ပပြီး ထက်မြက်လှသည်။
ရှန်းထူနန်ထျန်းသည် ထိုဓားကို မြင်လိုက်ရချိန်တွင် မျက်လုံးများ သွေးရောင်လွှမ်းသွားတော့သည်။ အကြောင်းမှာ ၎င်းမှာ သူ၏ ကိုယ်ပိုင်ဓား ဖြစ်နေသောကြောင့်ပင်! ယီယွင်က လူအများရှေ့တွင် သူ၏ဓားကို သုံးပြနေခြင်းမှာ အကြီးအကျယ် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ယီယွင်သည် ကျောက်တိုင်ပေါ်တွင် သူ၏နာမည်ကို ရေးထွင်းလိုက်သည်။ သူ၏ လက်ရေးမှာ ဓားအရှိန်အဝါများ ပြည့်နှက်နေပြီး အလွန်ခန့်ညားလှသည်။ အလင်းတန်းများ စုစည်းလာပြီးနောက် ပေါ်ထွက်လာသော စာလုံးမှာ...
“သူရဲကောင်း”
လူအများ အံ့ဩသွားကြသည်။ ယီယွင်သည် ရှန်းထူနန်ထျန်းနှင့် အဆင့်တူ ရရှိသွားခြင်း ဖြစ်သည်။
ရှန်းထူနန်ထျန်းမှာမူ အလွန်ပင် စိတ်ပျက်သွားမိသည်။ “ငါက ဒီကောင်နဲ့ အဆင့်တူပဲလား...”
သို့သော် ထိုအချိန်တွင် ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သော ယန်စွမ်းအင် များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းမှာ ရှေးဟောင်းဧကရီ၏ ဆေးလုံးမှ ရရှိထားသော စွမ်းအင်များဖြစ်ပြီး ယီယွင်၏ ခန္ဓာကိုယ်ကို 'စစ်မှန်သော ယန်ခန္ဓာ' အဖြစ် ပြောင်းလဲပေးထားခြင်း ဖြစ်သည်။
ထိုအရာများကို ကျောက်တိုင်က အာရုံခံမိသွားသောအခါ ‘သူရဲကောင်း’ ဟူသော စာလုံးမှာ တုန်ခါသွားပြီး ပျောက်ကွယ်သွားတော့သည်။
ရှန်းထူနန်ထျန်း၏ နောက်လိုက်တစ်ဦးက “ဟားဟား၊ နှမြောစရာပဲ။ သူရဲကောင်း အဆင့် ရခါနီးမှ ပြုတ်ကျသွားတာလား” ဟု လှောင်လိုက်သည်။ ရှန်းထူနန်ထျန်းလည်း သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။
သို့သော် ထိုနောက်လိုက်မှာ စကားပြောရင်းနှင့်ပင် ကျောက်တိုင်ကို ကြည့်ကာ သရဲမြင်လိုက်သလို မှင်တက်သွားတော့သည်။ ရှန်းထူနန်ထျန်း လှည့်ကြည့်လိုက်သောအခါ... ကျောက်တိုင်ပေါ်တွင် အသစ်ပေါ်လာသော စာလုံးမှာ...
“ဆရာသခင်”
ရှန်းထူနန်ထျန်း မျက်မှောင်ကြုတ်သွားသည်။ ယီယွင်က ‘ဆရာသခင်’ အဆင့်ကို ရတာလား သို့သော် မပြီးသေးပေ။ ‘ဆရာသခင်’ ဟူသော စာလုံးမှာ ထပ်မံ ဝေဝါးသွားပြန်သည်။
ရှန်းထူနန်ထျန်းက ‘သူရဲကောင်း’ အဆင့်သို့ ပြန်ကျသွားလိမ့်မည်ဟု မျှော်လင့်နေစဉ်မှာပင်... စာလုံး၏ အစင်းကြောင်းများမှာ ပိုမိုရှုပ်ထွေးလာပြီး ‘သူရဲကောင်း’ အဆင့်ထက် ပိုမိုမြင့်မားသော...
“စိတ်ဝိညာဉ်” အဆင့်အဖြစ် ပြောင်းလဲသွားသည်။