မိုးနတ်မင်း
Vol. 4 Ch. 362
တောက်ချင် နတ်ဘုရားနှင့် လင်ကွမ်း နတ်သမီးတို့က ယွိမင် နတ်ဘုရား၏ စကားကို ခေါင်းညိတ် သဘောတူ လိုက်ကြလေသည်။ ဟွမ်ကျန်း အပါအဝင် ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါး ပျောက်ဆုံး သွားပြီးသည့် နောက်ပိုင်း ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ အားနည်း သွားရသလို အနာဂတ် အတွက်လည်း မျှော်လင့်ချက် ကင်းမဲ့ သွားရလေသည်။
သူတို့သာ ကောင်းကင်ဘုံ နန်းတော်ကို ပြန်လည် မတည်ဆောက် နိုင်ပါက သူတို့ အနာဂတ်သည် အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်လေသည်။
ယွိမင်နတ်ဘုရား၏ မျက်နှာက တည်ကြည် လေးနက်နေလေသည်။ သူက လက်နှစ်ဖက်ကို လင်ရှောင် ခန်းမဆောင် ကြမ်းပြင်ဆီသို့ ဆန့်တန်းကာ နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ် လိုက်လေသည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် လင်ရှောင် ခန်းမဆောင် ကြမ်းပြင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာပြီး ကျယ်လောင်သည့် အသံကြီး တစ်သံလည်း ထွက်ပေါ် လာလေသည်။
လင်ရှောင် ခန်းမဆောင်ကြီးသည် ချက်ချင်းပင် လေထဲတွင် ပျံသန်းထွက်ခွာ သွားလေတော့သည်။ ခန်းမဆောင်ကြီးမှာ နတ်ဘုရား နန်းတော်ကြီး တစ်ခုအလား ရင်သပ် ရှုမောဖွယ်ရာ ခမ်းနား လွန်းလှလေသည်။
ပျံသန်းနေသည့် ခန်းမဆောင်ကြီးကို မည်သူမျှ မတားဆီး ရဲကြပေ။ ကံမကောင်းသည့် ငှက်များမှာ ပျံသန်းနေသည့် ခန်းမဆောင်ကြီးကို ဝင်ရောက် တိုက်ခတ်မိပြီး တစ်စစီ ဖြစ်ကာ ပျောက်ကွယ် သွားကြရလေသည်။
လင်ရှောင် ခန်းမဆောင်ကြီးမှာ စွမ်းအားအပြည့်ဖြင့် ပျံသန်း နေလေရာ လောက နတ်ဘုရား တစ်ပါး ခရီးနှင်သည် ထက်ပင် လျင်မြန် လွန်းနေသေးသည်။
တောက်ချင် နတ်ဘုရားနှင့် လင်ကွမ်း နတ်သမီးတို့၏ မျက်နှာများမှာ တည်ကြည်လေးနက် နေလေသည်။ သူတို့၏ မျက်ဝန်းများက လျှို့ဝှက် ဆန်းကြယ်လွန်းသည့် မိုးကောင်းကင် တောင်ဘက်တံခါးကို စူးစိုက် ကြည့်နေကြလေသည်။
ပျံသန်းလာသည့် လင်ရှောင် ခန်းမဆောင်ကြီးသည် မိုးကောင်းကင် တောင်ဘက်တံခါးသို့ ရောက်ခါနီး အချိန်တွင် ကျိလင်က ဆန်းလျန်၏ လက်ကိုဆွဲကာ မိုးကောင်းကင် တံခါးအတွင်းသို့ ဝင်ရောက်သွားခြင်း ဖြစ်လေတော့သည်။
ကျိလင် နတ်သမီးသည် ဆန်းလျန်၏ လက်ကို ကိုင်ထားလေသည်။
မိုကောင်းကင် ခုံရုံးသည် အထီးကျန် ဆန်သည့် နေရာတစ်ခု ဖြစ်လေသည်။ လေလည်း မရှိသလို အသက်ဓာတ် စွမ်းအားများလည်း မရှိပေ။
သို့သော် ထိုအရာများ အားလုံးက ဆန်းလျန်ကို စိတ်အနှောင့်အယှက် မဖြစ်စေပါ။ ဆရာဘွားဘွား၏ လက်မှ အေးမြသည့် အထိအတွေ့က ဆန်းလျန်၏ စိတ်ကို ကြည်နူး စေလေသည်။ နွေရာသီတွင် စမ်းချောင်းထဲတွင် ရေစိမ်ရသည် ထက်ပင် အေးမြသည့် ခံစားချက်ကို ပေးလေသည်။
တစ်ချိန်တည်း မှာပင် ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာမှ တန်ခိုး စွမ်းအားများက ကျိလင် နတ်သမီး၏ မူလဝိညာဉ် ခန္ဓာထဲသို့ စီးဝင်နေသလို ကျိလင် နတ်သမီး၏ တန်ခိုးစွမ်းအား များကလည်း ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာထဲသို့ စီးဝင် နေလေသည်။
ဆန်းလျန်သည် ဆရာဘွားဘွားကို မလေးမစား ပြုမိသလို ဖြစ်မည်ကို စိုးရိမ်မိသည့် အတွက် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ရန် စဉ်းစား လိုက်မိလေသည်။
မူလဝိညာဉ် ခန္ဓာဆိုသည်က ရုပ်ခန္ဓာနှင့် ခြားနားခြင်း မရှိလှပေ။ ထို့ကြောင့် အထိအတွေ့ များသည် ရုပ်ခန္ဓာ အထိအတွေ့များ အတိုင်း ခံစား နေရလေသည်။ ဆန်းလျန်မှာ ဆရာဘွားဘွား ဆုပ်ကိုင်ထားသည့် သူ၏လက်ကို ရုန်းလိုက်ရန် စဉ်းစားမိသော်လည်း ဆရာဘွားဘွား၏ အထိအတွေ့ကြောင့် ခံစား နေရသည့် စိတ်ကြည်နူးမှုလေး ကိုလည်း သဘောကျ နေမိလေသည်။
ထိုသို့ ဖြစ်ရသည်မှာ ဆန်းလျန်၏ ကိုယ်ကျင့်တရားက မခိုင်မာသောကြောင့် မဟုတ်ပါ။ သို့သော် ဆန်းလျန်နှင့် ကျိလင် နတ်သမီး၏ အသက်ရှူသံများ ကာရန် ညီသွားသည့်အခါ သူတို့နှစ်ယောက်သည် ချစ်သူစုံတွဲများ ထက်ပင် ပိုပြီး ရင်းနှီးသလို ခံစားလိုက်ရပြီး ဆန်းလျန်၏ သွေးများပင် ဆူပွက် လာသလို ခံစားလိုက် ရလေသည်။
"ဒီနေရာက အရမ်း အန္တရာယ် များတယ် ၊ မင်းရဲ့လက်ကို မရုန်းနဲ့"
ကျိလင်က အေးဆေးစွာပင် ပြောလိုက်သည်။
ကျိလင်မှာ တည်ငြိမ် အေးဆေးနေပြီး သူကသာ စိတ်လှုပ်ရှား နေမိသည့် အတွက် ဆန်းလျန်မှာ အပြစ်ရှိသလို ခံစားလိုက် မိလေသည်။
ထို့ပြင် မိုးကောင်းကင် တောင်ဘက်တံခါးသို့ ဆရာဘွားဘွား အဘယ်ကြောင့် ရောက်ရှိ နေရသည်ကို ဆန်းလျန် သိချင်သွားမိသည်။
"မင်းက အရမ်း ငယ်သေးတယ်၊ ပြီးတော့ မင်းကို ငါက သိပ်ပြီး သင်ပြ ပေးရတာမျိုးလည်း မရှိခဲ့ဘူး၊ အချိန် ခဏလေးနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပေမယ့် ချင်းရွှမ် နတ်တံခါးရဲ့ လျှို့ဝှက်ချက် အားလုံးကို မင်းမသိနိုင်ဘူး၊ တကယ်တော့ စကြဝဠာ တစ်ခုလုံးမှာ မင်း မသိနိုင်တာတွေ အများကြီးပါပဲ၊ မင်း ဒီလိုဖြစ်ရတာ ငါ့ရဲ့ အမှားတွေကြောင့်လည်း ပါပါတယ်လေ"
ကျိလင်က သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်လေသည်။
စကားပြော နေရင်း သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူတို့ နှစ်ယောက်လုံးမှာ မူလဝိညာဉ် ခန္ဓာများ ဖြစ်ကြသည့် အတွက် တစ်ယောက်၏ စိတ်ခံစားချက်က အခြားတစ်ယောက်ကို များစွာ သက်ရောက်မှု ရှိလေသည်။
ကျိလင် နတ်သမီးသည် ဆရာသခင် ပိယွင်နှင့် ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့တို့ ကဲ့သို့ နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ချင်းရှောင်း နတ်သမီးကတော့ ထိုသို့ မဟုတ်ပေ။
ကျိလင် နတ်သမီးသည် စိတ်သဘောထား မြင့်မြတ်ပြီး ကိုယ်ချင်းစာစိတ် ရှိသူ တစ်ဦးဖြစ်လေသည်။ ဆန်းလျန်သည် ဆရာဘွားဘွား ဖြစ်သူ ကျိလင် နတ်သမီးကို ပိုပြီး နားလည် သဘောပေါက်သည်ဟု ခံစား နေရလေသည်။
"ဆရာဘွားဘွား၊ ဆရာဘွားဘွား ကျွန်တော့်အပေါ် အရမ်း ကောင်းခဲ့ပါတယ်၊ ဆရာဘွားဘွားသာ မကယ်ခဲ့ရင် ကျွန်းပေါ်ကို ရောက်တဲ့နေ့က ဝိညာဉ်မြစ်ကမ်းမှာ ကျွန်တော် ဒဏ်ရာ အပြင်းအထန် ရခဲ့မှာပါ၊ အဲဒါဆိုရင် ချင်းရွှမ် နတ်တံခါးကိုတောင် ဝင်ခွင့် ရခဲ့မှာ မဟုတ်ပါဘူး"
ဆန်းလျန်က ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။
"ဆန်းလျန်၊ မင်းက ကရုဏာ တရားနဲ့ အမုန်းတရားကို ခွဲခြားနားလည်ပြီး သစ္စာရှိတဲ့ ယောက်ျားကောင်း တစ်ယောက်ပါ၊ ဘဝမှာ အရေးကြီးတဲ့ အခြေအနေ တွေနဲ့ ကြုံတွေ့ရရင် တောင်မှ မင်းက သစ္စာပျက်မယ့် သူမျိုးမဟုတ်ဘူး၊ မင်းမှာသာ ဒီလို အရည်အချင်း မရှိရင် ကျန်းရော့ရွှီးက မင်းကို လက်ခံမှာတောင် မဟုတ်ဘူး၊ ဒါနဲ့ ငါ ဒီနေရာကို ဘာလို့ ရောက်လာရလဲ ဆိုတာ မင်းသိချင်တယ် မဟုတ်လား၊ ငါကလည်း မင်းကို ဖုံးကွယ် ထားစရာ မရှိပါဘူး၊ ငါ ဒီကိုရောက်လာရတဲ့ အကြောင်းက ဒီနေရာက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ရဲ့ မူလဇာစ်မြစ်နဲ့ ဆက်စပ်နေတဲ့ နေရာမို့လို့ပဲ"
ကျိလင်က ပြန်ပြောလိုက်သည်။
"ဆရာဘွားဘွား လီချင်းဆွေက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို တီထွင်ခဲ့တဲ့သူ မဟုတ်ဘူးလား"
ဆန်းလျန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ရှေးခေတ်မှာရော ယခုခေတ်မှာရော ဆရာဘွားဘွား လီချင်းဆွေက အခြေခံကျတဲ့ တာအိုဆရာ သခင်တစ်ပါး ပါပဲ၊ ဒါပေမဲ့ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဆိုတာ အလိုလိုနေရင်း ပေါ်ပေါက်လာတဲ့ ပညာရပ်မျိုးတော့ မဟုတ်ဘူး၊ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဟာ လောက ပထမထိပ်တန်း ကျင့်စဉ်တစ်ခုလို့ ကျော်ကြားတာဟာ တန်ခိုးစွမ်းအား မြင့်မားတဲ့ အပြင် အံ့သြစရာ ဇာစ်မြစ် တစ်ခုလည်း ရှိခဲ့လို့ပဲ၊ ပြောရရင် အရှည်ကြီးပဲ"
ကျိလင်က ပြန်ပြောလိုက်သည်။
ထို့နောက် ကျိလင် နတ်သမီးသည် သက်ပြင်းရှည်ကြီးကို ချရင်း မိုးကောင်းကင် ခုံရုံးကို ငေးကြည့် နေလေသည်။
ကျိလင်သည် ဆန်းလျန်၏ လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ရင်း မိုကောင်းကင် တောင်ဘက်တံခါး အတွင်းပိုင်းသို့ ဝင်ရောက် လာခဲ့လေသည်။
"စကြဝဠာ ဘယ်က စခဲ့သလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး၊ ဘယ်သူမှလည်း အတည် မပြုနိုင်ဘူး၊ လူ့လောကရဲ့ ပထမဆုံး ကျမ်းစာတစ်ခုဟာ စကြဝဠာ ဖြစ်ပေါ်လာခြင်းနဲ့ အတူ ပေါ်ပေါက် လာတယ်လို့ အဆိုရှိတယ်၊ အဲဒီကျမ်းစာကို မိုးကောင်းကင် ကျမ်းစာလို့ ခေါ်တယ်၊ ဒါပေမဲ့ အဲဒီကျမ်းစာကို ဘယ်သူမှ မမြင်ဖူးကြဘူး။
အဲဒီကျမ်းစာရဲ့ တာအိုတရား ဓမ္မဟာ သဘာဝ ကောင်းကင်ဘုံ နန်းတော်ပဲ၊ အဲဒီစာအုပ် ထဲမှာ တာအိုဝါဒရဲ့ မဟာလမ်းစဉ်ကို ရေးသားထားခဲ့တယ်၊ အဲဒီကျမ်းစာကို မိုးကောင်းကင် ကျမ်းစာလို့လည်း ခေါ်သလို မူလတာအို ကျမ်းစာလို့လည်း ခေါ်တယ်၊ ဒါပေမဲ့ မိုးကောင်းကင် ကျမ်းစာဟာ လောကအလယ်မှာ ပေါ်ထွက် လာခဲ့သေးတယ်၊ ဒါပေမဲ့ သိပ်မကြာခင် မှာပဲ ချက်ချင်း ပျောက်ကွယ် သွားခဲ့ပြန်တယ်၊ တကယ်တော့ အဲဒီကျမ်းစာဟာ ဗောဓိဿကျ တစ်ပါးရဲ့ လက်ထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် ရှိနေခဲ့တာ၊ အဲဒီနောက်တော့ အဲဒီ ဗောဓိဿကျဟာ လောကကို ကျော်လွန်သွားပြီး စကြဝဠာကို ကျော်လွန်တဲ့ တန်ခိုးရှင်တစ်ပါး ဖြစ်သွားခဲ့တယ်။
ဗောဓိသကျက အဲဒီကျမ်းစာကို စကြဝဠာ မူဝါဒ အစစ်အမှန် ကျမ်းဆိုပြီး အမည် ပေးထားခဲ့တယ်။
မင်းအနေနဲ့ အဲဒီကျမ်းစာကို မဖတ်ရဘူး ဆိုရင်တောင် ကျမ်းစာကို မြင်တွေ့ရရုံနဲ့ မယုံကြည်စရာ ကောင်းလောက်အောင် တန်ခိုးစွမ်းအားတွေ မြင့်မား လာလိမ့်မယ်။
အဲဒီလို တန်ခိုး စွမ်းအားတွေကို လိုချင်လို့ပဲ အဲဒီကျမ်းစာကို ရဖို့ လူတွေ အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်၊ အဲဒါကြောင့် အဲဒီကျမ်းစာဟာ လောကကနေ ပျောက်ကွယ် သွားခဲ့တာပဲ။
အဲဒီနောက်မှာတော့ မိုးကောင်းကင် ကျမ်းစာရဲ့ အစိတ်အပိုင်း တစ်ခုဟာ တာအိုဆရာ တစ်ပါးရဲ့ လက်ထဲကို ရောက်သွားခဲ့တယ်၊ အဲဒီ တာအိုဆရာဟာ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံ ခဲ့ပြီးတဲ့နောက် တရားအလင်း ရသွားခဲ့တယ်။
အဲဒီ တာအိုဆရာဟာ တန်ခိုးစွမ်းအား အရမ်းမြင့်မားလို့ ဗောဓိသကျ နဲ့တောင် ယှဉ်ပြိုင် နိုင်ခဲ့တယ်၊ သူက တန်ခိုးစွမ်းအား မြင့်မားလွန်းတဲ့ အတွက် မိုးကောင်းကင် ခုံရုံးကို တည်ထောင်ခဲ့ပြီး သတ္တဝါ အားလုံးကို အုပ်စိုးနိုင်ခဲ့တယ်"
ကျိလင် နတ်သမီးက ဆန်းလျန်ကို ရှည်လျားစွာ ရှင်းပြလေသည်။
ဆန်းလျန် အနေဖြင့် ကောင်းကင်ဘုံ နန်းတော်နှင့် မိုးကောင်းကင် ခုံရုံးများ အကြောင်းကို ကြားခဲ့ဖူးသည့်တိုင် ထိုကဲ့သို့သော အကြောင်းများ ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပေ။
"ဒီမိုးကောင်းကင် ခုံရုံးမတိုင်ခင် ကောင်းကင်ဘုံ နန်းတော်ဆိုတာ ရှိသေးတယ် မဟုတ်လား၊ အဲဒါကရော ဘာလဲဗျ"
ဆန်းလျန်၏ အမေးကို ကျိလင် နတ်သမီးက စိတ်ရှည်စွာဖြင့် အဖြေပေးသည်။
"ကောင်းကင်ဘုံ နန်းတော်ဆိုတာက အရမ်း ရှေးကျတယ်၊ အဲဒီ ကောင်းကင်ဘုံ နန်းတော်ကို တည်ထောင်ခဲ့တုန်းက ဗုဒ္ဓလည်း မပွင့်သေးသလို တာအို ဆရာသခင်ကြီး ဆိုရင် မွေးတောင် မမွေးသေးဘူး၊ ဒါပေမဲ့ ကောင်းကင်ဘုံ နန်းတော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရေးသားထားတဲ့ စာပေတွေ အားလုံးက ဖျက်ဆီး ခံလိုက်ရတယ်၊ လူသိများတဲ့ အချက်တစ်ခု ကတော့ အဲဒီခေတ်ကို မိုးနတ်မင်း အုပ်ချုပ်တဲ့ ခေတ်လို့ လူသိများတယ်၊ မိုးနတ်မင်းဟာ ကောင်းကင်ဘုံ နန်းတော်ရဲ့ အရှင်သခင်ပဲ၊ သူက မသေဆုံးနိုင်တဲ့ ထာဝရ အသက်ကိုလည်း ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်"
ဆန်းလျန်မှာ ထိုအကြောင်းအရာ များကို မနေနိုင် မထိုင်နိုင် စိတ်ဝင်စား နေမိလေတော့သည်။ မိုးနတ်မင်း အုပ်ချုပ်သည့် ထိုခေတ် ထိုအခါတွင် အဘယ်ကြောင့်များ လူမဖြစ်ခဲ့ ရပါလိမ့်ဟု တွေးတော နေမိလေသည်။
ကျိလင် နတ်သမီးက စကားဆက် ပြောလိုက်သည့် အတွက်ကြောင့် ဆန်းလျန်၏ အတွေးများက ရပ်တန့် သွားရသည်။
"မိုးနတ်မင်းဟာ အသေဆုံး နိုင်ပေမယ့်လည်း မိုးနဲ့မြေမှာ သူ့ရဲ့ ပြိုင်ဘက်တွေ ကလည်း အများကြီးပဲ၊ ဒါကြောင့် ကောင်းကင်ဘုံ နန်းတော်မှာ မိုးနတ်မင်းကို ကူညီဖို့ အတွက် နတ်မင်းလေးပါးလည်း ရှိခဲ့တယ်၊ ဒါကြောင့် ကောင်းကင်ဘုံ နန်းတော်ရဲ့ တန်ခိုးစွမ်းအား တွေဟာ တဖြည်းဖြည်းနဲ့ ပြိုင်ဘက်မရှိ မြင့်မားလာပြီး အထွတ်ထိပ်ကို ရောက်လာခဲ့တယ်"
***