အခန်း (၄၇၆-၄၇၈)
Vol. 32 Ch. 476-478
အခန်း ၄၇၆ - တတိယအဆင့်၏ စမ်းသပ်ချက်
ပြင်းထန်လှသော ဓားအလင်းတန်းမှာ နေရောင်ထက် အဆပေါင်းများစွာ ပိုမိုတောက်ပနေသည်။ ယီယွင်၏ မျက်လုံးများမှာ နီရဲလာပြီး သွေးကြောများပင် ထောင်တက်လာသည်။
သန့်စင် ယန်ဓားနန်းတော်ရှိ ဓားရာကြီးနှင့် အပြာဝတ်ဓားသမား၏ တိုက်ကွက်မှာ ယီယွင်၏ အာရုံထဲတွင် ထပ်တူကျလာသည်။ သူသည် ဓားကျိုးကို ကိုင်ကာ ပုံရိပ်ထဲမှ တိုက်ကွက်ကို လိုက်လံတုပ ကျင့်ကြံနေမိသည်။
ယခင်က သူသည် ဓားနန်းတော်ပိုင်ရှင်နှင့် ကြေးညိုရောင် ဘီလူးကြီးတို့၏ တိုက်ပွဲမှတ်တမ်းကို မြင်ဖူးခဲ့သော်လည်း ထိုစဉ်က ဓားဆန္ဒကို မခံစားခဲ့ရပေ။ ယခု ချပ်ဝိုင်း ထဲတွင်မူ ထိုဓားဆန္ဒမှာ အသက်ဝင်နေဆဲ ဖြစ်သည်။ ဓားကျိုးမှာ နဂါးဟိန်းသံကဲ့သို့ မြည်ဟည်းလာပြီး ယီယွင်၏ လက်များမှာလည်း ထိန်းမရအောင် တုန်ခါနေသည်။
“ဘယ်လို ကြောက်စရာကောင်းတဲ့ ဓားဆန္ဒလဲ”
အကယ်၍ ယီယွင်သာ ဓားကျိုးကို မပိုင်ဆိုင်ထားဘဲ၊ ဓားနန်းတော်ရှိ ဓားရာကြီးကို ကြိုတင်မမြင်ဖူးပါက ဤချပ်ဝိုင်းကို ကြည့်မိရုံဖြင့်ပင် သူ ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။ တစ်နာရီခန့် လေ့လာပြီးနောက် ယီယွင်၏ မျက်လုံးများမှာ ပူလောင်လာသဖြင့် သူသည် ရှေ့ဆက်မတိုးတော့ဘဲ ချပ်ဝိုင်းကို ပြန်သိမ်းလိုက်သည်။
ကျင့်ကြံခြင်းတွင် အလောတကြီး လုပ်ဆောင်ခြင်းမှာ အန္တရာယ်ရှိသည်ကို သူနားလည်သည်။
ယီယွင်သည် ဒုတိယထပ်၏ ကမ္ဘာငယ်လေးထဲမှ ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး တတိယထပ်သို့ ဦးတည်သော လှေကားထစ်များဆီသို့ ပြန်သွားသည်။
တတိယထပ်မှာ လင်းရှင်းထုန်တစ်ဦးတည်းသာ တိုက်ရိုက်ဝင်ခွင့်ရှိသော နေရာဖြစ်သည်။ ယီယွင် ထိုနေရာသို့ သွားရန်အတွက် မျှော်စင်၏ အသိအမှတ်ပြုမှုကို ရယူရန် လိုအပ်သည်။ သူသည် လှေကားထစ်များအတိုင်း တက်လာစဉ် လမ်းတစ်ဝက်၌ ပြင်းထန်သော တွန်းကန်အားကို ခံစားလိုက်ရသည်။
ရုတ်တရက် ယီယွင်၏ရှေ့တွင် အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ပေါ်လာသည်။ ထိုလူငယ်၏ ရုပ်ရည်မှာ ယီယွင်နှင့် ထပ်တူပင်ဖြစ်ပြီး မှန်ထဲက ပုံရိပ်တစ်ခုကဲ့သို့ပင်။
“ငါ့ကို အနိုင်ယူနိုင်ရင် တတိယထပ်ကို ဝင်ခွင့်ရမယ်” ဟု ထိုလူငယ်က အသက်မဲ့သော အသံဖြင့် ပြောလိုက်သည်။
စမ်းသပ်မှု၏ စည်းကမ်းအရ ယီယွင်သည် စွမ်းအင်ဖြင့် ပြုလုပ်ထားသော ဓားတစ်လက်ကို ရွေးချယ်လိုက်သည်။ ယီယွင်သည် ဤစမ်းသပ်မှုကို သူ၏ အစစ်အမှန် စွမ်းအားကို တိုင်းတာရန် အခွင့်အရေးအဖြစ် အသုံးချချင်နေသည်။
“သတ်စမ်း”
ယီယွင်သည် ဓားနန်းတော်မှ ရရှိခဲ့သော သိမြင်မှုများနှင့်အတူ သူ၏ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သို့သော် ထိုလူငယ်က ယီယွင်၏ သေစေနိုင်သော တိုက်ကွက်ကို အေးအေးဆေးဆေးပင် ခုခံလိုက်သည်။
“တိုက်ကွက် နှစ်ကွက်ပဲ... ဒီနှစ်ကွက်ကို မင်း ခုခံနိုင်ရင် တတိယထပ်ကို ဝင်လို့ရပြီ”
ထိုလူငယ်၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ မြင့်မားလာပြီး ပထမဆုံး တိုက်ကွက်ကို စတင်လိုက်သည်။ ၎င်းမှာ ကောင်းကင်ကို ဖြတ်သန်းသွားသော သက်တန့်ရောင် ဓားအလင်းတန်းကြီး ဖြစ်သည်။
ယီယွင်သည်လည်း သူ၏ ရှုထောင့်ပုံရိပ် ဖြစ်သော ခြေသုံးချောင်း ရွှေကျီးကန်းကို ထုတ်ဖော်ကာ အစွမ်းကုန် ခုခံလိုက်သည်။
“ဘုန်း”
စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်တွင် ယီယွင်၏ ယန်ဓားစွမ်းအင်မှာ ပျက်စီးသွားပြီး ထိုလူငယ်၏ ဓားအရှိန်အဝါက ယီယွင်ကို တိုက်ရိုက် ထိမှန်သွားသည်။ ယီယွင်သည် ပေတစ်ထောင်ခန့် လွင့်ထွက်သွားပြီး သွေးတစ်လုတ် အန်လိုက်ရသည်။
“သိပ်သန်မာတာပဲ”
ယီယွင်၏ ရင်ဘတ်ထဲတွင် အလွန်အမင်း တင်းကျပ်နေပြီး ကိုယ်တွင်းအင်္ဂါများပင် နေရာလွဲသွားသလို ခံစားရသည်။ ထိုလူငယ်က ယီယွင်ကို အံ့ဩသလို ကြည့်ကာ “ဒီတစ်ကွက်ကို မင်း ခုခံနိုင်တယ်လို့ သတ်မှတ်ပေးမယ်။ နောက်တစ်ကွက် ဆက်မလား” ဟု မေးလိုက်သည်။
ယီယွင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါလိုက်သည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရထားပြီဖြစ်ရာ ဒုတိယမြောက် တိုက်ကွက်ကို ခုခံနိုင်ရန် မသေချာပေ။ မနိုင်မနင်းဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ အောင်မြင်သွားခြင်းမှာ ယီယွင် အလိုရှိသည့်အရာ မဟုတ်ပေ။ သူသည် ပြီးပြည့်စုံစွာ အောင်နိုင်ချင်ခြင်းဖြစ်သည်။
“နောက်ဆယ်ရက်ကြာရင် ငါ မင်းကို ပြန်လာ စိန်ခေါ်မယ်”
ထိုသို့ပြောကာ ယီယွင်သည် ဒုတိယထပ်သို့ ပြန်လည် ခုန်ဆင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင်... ပထမထပ်၏ သီးခြားဟင်းလင်းပြင်တစ်ခုအတွင်း၌ ရှန်းထူနန်ထျန်းသည်လည်း သူ၏ အကန့်အသတ်ကို စိန်ခေါ်နေသည်။ ယီယွင်က တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်နေချိန်တွင် ရှန်းထူနန်ထျန်းကမူ သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို စမ်းသပ်နေခြင်းပင်။
အခန်း ၄၇၇ - နတ်ဘုရားမြှုပ်နှံရာ ချောက်နက်ကြီး၏ တုန်လှုပ်ဖွယ် အပြောင်းအလဲ
ရှန်းထူနန်ထျန်းသည် သီးခြားဟင်းလင်းပြင်အတွင်း၌ တစ်ရက်နှင့် တစ်ညတိုင်တိုင် တင်ပလ္လင်ခွေ ထိုင်ကာ တည်ငြိမ်စွာ ကျင့်ကြံနေသည်။ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်အတွက် ပါရမီနှင့် ကံတရားအပြင် စိတ်ဓာတ်ကို ကြံ့ခိုင်အောင် တည်ဆောက်ရန်လည်း လိုအပ်ပေသည်။
သူသည် စိတ်ကို အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ပြင်ဆင်ပြီးနောက် အနက်ရောင် ချပ်ဝိုင်းကို အသက်သွင်းလိုက်သည်။ ပုံရိပ်များ ပေါ်ထွက်လာပြန်သည်။ ဧရာမငါးကြီးနှင့် မြင်းကို စီးနင်းထားသော အနက်ရောင် စစ်သည်တော်၏ လှံချက်။
ထိုလှံချက်ကို မြင်လိုက်ရချိန်တွင် ရှန်းထူနန်ထျန်း၏ နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ "တောင့်ခံစမ်း... ငါ တောင့်ခံရမယ်" ဟု သူက ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အံကြိတ်ထားသည်။ သူ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်ကာ သွေးများပင် ထွက်လာသည်။
ဤချပ်ဝိုင်းကို ကြည့်ခြင်းမှာပင် ကျင့်ကြံသူတစ်ဦး၏ သတ္တိကို စမ်းသပ်ခြင်း ဖြစ်နိုင်သည်။ ရှန်းထူနန်ထျန်းသည် အားအင်ကုန်ခမ်းကာ သွေးတစ်လုတ် အန်လိုက်ရပြီး နံရံသို့ လွင့်ထွက်သွားသော်လည်း သူ လက်မလျှော့ပေ။ သူသည် ဆေးလုံးတစ်လုံးကို သောက်ကာ အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိလိုက်သည်။
"ငါဟာ သိုင်းပညာရဲ့ အထွတ်အထိပ်ကို တက်လှမ်းမယ့်သူပဲ။ ဒီလောက် အခက်အခဲလေးကို ဘာလို့ မကျော်ဖြတ်နိုင်ရမှာလဲ"
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။ မဟာဧကရီ၏ လျှို့ဝှက်နယ်မြေ ပြင်ပရှိ ပင်လယ်ပြင်တွင် မျိုးနွယ်စုကြီးများမှ အကြီးအကဲ မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
မူလက စမ်းသပ်မှုမှာ ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် တစ်လခန့်သာ ကြာမည်ဟု သူတို့ ထင်မှတ်ခဲ့သော်လည်း ယခုအခါ နှစ်လကျော် သွားပြီဖြစ်သည်။ ဒုတိယစမ်းသပ်မှုမှာ ကျင့်ကြံခြင်း အမြန်နှုန်းကို စမ်းသပ်ခြင်းဖြစ်ရာ မည်မျှကြာမည်ကို မည်သူမျှ မသိကြပေ။
ထျန်းယွမ်ကမ္ဘာမှ အကြီးအကဲများအတွက် အခက်ခဲဆုံးမှာ နတ်သင်းချိုင်းချောက်အတွင်းရှိ ပြင်းထန်သော ရေဝဲကြီး၏ ဖိအားကို တောင့်ခံထားရခြင်းပင်။
သူတို့သည် မိမိတို့၏ တပည့်များ၊ သားသမီးများ ပြန်ထွက်လာချိန်တွင် ဘေးကင်းစွာ ကြိုဆိုနိုင်ရန်အတွက် အခင်းအကျင်းများ တည်ဆောက်ကာ အလှည့်ကျ စွမ်းအင်သွင်းပြီး စောင့်ဆိုင်းနေကြရသည်။
သို့သော် အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ ရေဝဲကြီး၏ ဆွဲငင်အားမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်လာသည်။ အကယ်၍ နောက်ထပ် နှစ်လ၊ သုံးလခန့်သာ ထပ်ကြာမည်ဆိုပါက အကြီးအကဲများပင်လျှင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဖြစ်ပါက လျှို့ဝှက်နယ်မြေထဲမှ ထွက်လာသော လူငယ်များမှာ အကာအကွယ်မဲ့စွာဖြင့် ရေဝဲကြီးအတွင်းသို့ စုပ်ယူခံရပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြပေလိမ့်မည်။
အကြီးအကဲများမှာ စိုးရိမ်တကြီးဖြင့် သူတို့၏ လူငယ်များ စောစောစီးစီး ရှုံးနိမ့်ကာ ထွက်လာပါစေဟုပင် ဆုတောင်းနေကြရတော့သည်။
ထိုစဉ် လီမီးတောက်ဂိုဏ်း မှ အကြီးအကဲတစ်ဦးသည် ကံဆိုးမိုးမှောင်ကျတော့မည့် လက္ခဏာတစ်ခုကို မြင်လိုက်ရသည်။ သူသည် အဝေးရှိ အနက်ရောင် ရေဝဲကြီးဆီသို့ မတော်တဆ ကြည့်မိလိုက်ရာ... လျှပ်စီးအချက်ခံလိုက်ရသလို မှင်တက်သွားတော့သည်။
မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ထိုအနက်ရောင် ရေဝဲကြီးကြီးသည်... ဧရာမ မျက်လုံးကြီးတစ်လုံး အဖြစ် ပြောင်းလဲသွားခြင်းပင်။
၎င်းမှာ သားရဲတစ်ကောင်၏ မျက်လုံးနှင့် တူလှသည်။ ပယင်းရောင် မျက်ဝန်းနှင့် ဒေါင်လိုက်ရှိသော သူငယ်အိမ်... ထိုမျက်လုံးကြီးသည် ဟင်းလင်းပြင်ထဲမှနေ၍ သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသကဲ့သို့ပင်။ ထိုအကြီးအကဲမှာ အသက်ရှူပင် ရပ်သွားပြီး သူ၏ ဝိညာဉ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
“ဒါ... ဒါ ဘာကြီးလဲ..
အခန်း ၄၇၈ - ဓားလမ်းစဉ်ကို နားလည်ခြင်း
အငယ်တန်း အကြီးအကဲတစ်ဦးသည် အနက်ရောင်ရေဝဲကြီးထဲမှ ဧရာမမျက်လုံးကြီးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေစဉ် အခြားဂိုဏ်းများမှ အကြီးအကဲများလည်း ထိုလေထုအပြောင်းအလဲကို သတိပြုမိသွားကြသည်။
သူတို့အားလုံးမှာ ဝိညာဉ်လွင့်သွားသကဲ့သို့ တောင့်တင်းနေကြသည်။ မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ထိုမျက်လုံးကြီးသည် နတ်ဘုရားမြှုပ်နှံရာ ချောက်နက်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ကောင်းကင်ယံမှနေ၍ လောကသားအားလုံးကို အထင်မြင်သေးစွာ ကြည့်နေသည့် 'ကောင်းကင်ဘုံ၏ မျက်လုံး' ကဲ့သို့ပင်။
ထျန်းယွမ်ကမ္ဘာ၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြသည့် သူတို့သည် ထိုမျက်လုံးကြီးရှေ့တွင် ပုရွက်ဆိတ်ငယ်များကဲ့သို့ မိမိတို့ကိုယ်ကို သိမ်ငယ်စွာ ခံစားလိုက်ရသည်။
စက္ကန့် ၃၀ ခန့်အကြာတွင် ထိုမျက်လုံးကြီးမှာ တဖြည်းဖြန်း ပျောက်ကွယ်သွားသည်။ အကြီးအကဲများ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေကြသည်။
၎င်းမှာ ပုံရိပ်ယောင် သို့မဟုတ် ပုံရိပ်တစ်ခုသာ ဖြစ်နိုင်သော်လည်း ထိုမျက်လုံးပိုင်ရှင်၏ ခန္ဓာကိုယ်မှာ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးနီးပါး ကြီးမားနိုင်ကြောင်း တွေးမိကာ ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် နတ်မျှောစင်၏ ဒုတိယထပ်ရှိ ကမ်းပါးယံတစ်ခုပေါ်တွင် ယီယွင်သည် တင်ပလ္လင်ခွေ ထိုင်နေသည်။ သူ၏ ရှေ့တွင် ပထမစမ်းသပ်မှုမှ ရရှိခဲ့သော ရှေးဟောင်း ရတနာကျောက်တစ်ခု လွင့်မျောနေသည်။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက် ကို အသုံးပြုကာ ကျောက်တုံးထဲမှ သန့်စင်သော ယန်စွမ်းအင်များကို စုပ်ယူနေသည်။ သူ၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် သန့်စင်ထားပြီးဖြစ်ရာ စွမ်းအင်များကို အတားအဆီးမရှိ လက်ခံနိုင်စွမ်း ရှိနေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဖြည်းဖြည်း တိုးတက်လာနေသည်။
ကိုယ်တွင်းရှိ စွမ်းအင်များ ပြည့်လျှံလာသောအခါ ယီယွင်သည် ချပ်ဝိုင်းကို ထပ်မံ အသက်သွင်းလိုက်သည်။ အပြာဝတ်ဓားသမား၏ ဓားချက်မှာ သူ၏ မျက်ဝန်းထဲတွင် ထင်ဟပ်လာသည်။
သူသည် သူ၏ ပေါင်ပေါ်တွင် တင်ထားသော ဓားကျိုးကို ကိုင်ကာ ထိုတိုက်ကွက်ကို လိုက်လံ တုပရန် ကြိုးစားသည်။
အစပိုင်းတွင် သူ၏ လှုပ်ရှားမှုများမှာ တစ်ခုခုက တားဆီးထားသကဲ့သို့ ခက်ခဲနေသည်။ ၎င်းမှာ သူ၏ ဓားလမ်းစဉ်အပေါ် နားလည်မှု မပြည့်စုံသေးသောကြောင့်ပင်။
“ဟားဟားဟားဟား”
အပြာဝတ်ဓားသမား၏ ရယ်မောသံမှာ ပုံရိပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုရယ်သံကို ကြားရချိန်တွင် ယီယွင်သည် ယန်ဓားနန်းတော်ရှိ “သတ်ဖြတ်ခြင်း ခုနစ်ပါး ကျောက်တိုင်” ပေါ်က စာသားများကို သတိရသွားသည်။
“...နောင်တစ်ချိန် ကောင်းကင်ပြိုကျပြီး စကြဝဠာ ပျက်သုဉ်းချိန်မှာ ငါကိုယ်တိုင် ကမ္ဘာတစ်ခုအဖြစ် ရပ်တည်မယ်၊ အသက်နဲ့ သေခြင်းကို ထိန်းချုပ်မယ်၊ သံသရာကို ဖျက်ဆီးမယ်... မကောင်းဆိုးဝါး အားလုံးကို နှိမ်နင်းသတ်ဖြတ်မယ်... သတ်စမ်း....သတ်စမ်း... သတ်စမ်း...”
ယီယွင်သည် ထိုကျောက်တိုင်ပေါ်က စာသားများ၏ အဓိပ္ပာယ်ကို ပြန်လည် ဆင်ခြင်မိသည်။ ဓားလမ်းစဉ်ဆိုသည်မှာ မိမိ၏ နှလုံးသားနှင့် စရိုက်ကို လိုက်ပါလုပ်ဆောင်ခြင်းပင်။
အပြာဝတ်ဓားသမားမှာ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်သူဖြစ်ကာ၊ ဓားနန်းတော်ပိုင်ရှင်မှာမူ အရာအားလုံးကို ဖျက်ဆီးလိုလောက်သော အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ် ပြည့်ဝနေသူဖြစ်သည်။
သူတို့၏ ဓားချက်များမှာ သူတို့၏ ဘဝနှင့် သိုင်းပညာအပေါ် နားလည်မှုများ ပေါင်းစပ်ထားခြင်းပင်။
ယီယွင်သည် သူ၏ ဘဝခရီးလမ်းကို ပြန်လည် စဉ်းစားကြည့်သည်။
တောရိုင်းဒေသသို့ ရောက်ရှိလာခြင်း၊ ခရမ်းရောင်သလင်းတုံးကို ရှာတွေ့ခြင်း၊ လင်ရှင်းထုန်နှင့် ဆုံတွေ့ခြင်း၊ ကျန်းရှောင်ယုကို ဆုံးရှုံးလိုက်ရခြင်းနှင့် အကျဉ်းချခံရခြင်း... ဤအတွေ့အကြုံများထဲမှ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် နာကျင်မှုများအားလုံးကို သူ၏ စိတ်ထဲတွင် စုစည်းလိုက်သည်။
အချိန်မည်မျှ ကြာသွားသည်မသိ... ယီယွင်၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားကာ သူသည် ခုန်တက်ပြီး ဓားကျိုးဖြင့် လေထုကို ပိုင်းဖြတ်လိုက်တော့သည်။
“ယား....ဝှစ်.....”
ထိတ်လန့်ဖွယ် ဓားအလင်းတန်းကြီးတစ်ခုသည် နတ်ဘုရားတစ်ပါး၏ ဓားကဲ့သို့ မြေပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ ကျောက်ဆောင်များနှင့် မြေကြီးများ လွင့်စင်သွားကာ အဆုံးမရှိသော ချောက်ကမ္ဘာကြီးသဖွယ် ဓားရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ယီယွင်သည် စိတ်လှုပ်ရှားစွာဖြင့် ထိုဓားရာကို ကြည့်လိုက်သည်။
“ငါ အောင်မြင်သွားပြီ”
သူသည် ထိုဓားချက်၏ နက်ရှိုင်းသော အနှစ်သာရ အစိတ်အပိုင်းအချို့ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ဤတိုက်ကွက်တစ်ခုတည်းနှင့်ပင် သူသည် ထျန်းယွမ်ကမ္ဘာတွင် နေရာတစ်ခု ရရှိနိုင်ပြီဖြစ်သည်။ ယီယွင်သည် မျှော်စင်၏ တတိယထပ်သို့ ဦးတည်သော လှေကားထစ်များဆီသို့ တစ်ဖန် ပြန်သွားလိုက်သည်။
သူသည် လှေကား၏ သုံးပုံတစ်ပုံခန့်သို့ ရောက်သောအခါ အပြာဝတ်လူငယ်လေးမှာ ထပ်မံ ပေါ်လာပြန်သည်။
“မင်း နောက်တစ်ခါ လာပြန်ပြီလား” လူငယ်က အေးစက်စွာ မေးသည်။
ယီယွင်က အသာအယာ ပြုံးကာ တည်ငြိမ်စွာ ပြောလိုက်သည်
“တိုက်ကွက် ထုတ်စမ်း”