ကောင်းကင်ဘုံနန်းတော်ကို စစ်ချီခဲ့သည့် နတ်မိစ္ဆာမဟာတန်ခိုးရှင်
Vol. 4 Ch. 363
"ဒီလောက် တန်ခိုးစွမ်းအား မြင့်မားနေတာ ဘာလို့ ကောင်းကင်ဘုံ နန်းတော်က ပျက်စီး သွားရတာလဲ"
ဆန်းလျန်က မေးလိုက်သည်။
ကျိလင် နတ်သမီးက ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။
"မိုးနတ်မင်းဟာ ကောင်းကင်ဘုံ တစ်ခုလုံးနဲ့ သက်ရှိ သတ္တဝါတွေ အားလုံးအပေါ်မှာ သြဇာလွှမ်းမိုး ချင်ခဲ့တယ်၊ ဒါကြောင့် အချို့လူတွေက သူ့ကို မကြိုက်ကြဘူး၊ လူ့လောကမှာ အဲဒီလိုလူတွေ များပြားလာပြီး ပုန်ကန်မှု စတင် ဖြစ်ပေါ်လာတယ်၊ ပြီးတော့ ဗုဒ္ဓဘာသာ ကျောင်းတော်တွေ၊ တာအိုကျင့်ကြံသူ ဂိုဏ်းတွေနဲ့ နတ်မိစ္ဆာဂိုဏ်း တွေကလည်း ကောင်းကင်ဘုံ နန်းတော်ကို အဆက်မပြတ် ပုန်ကန် ခဲ့ကြတယ်၊ တစ်နေ့မှာတော့ ကောင်းကင်ဘုံ နန်းတော်အထိ စစ်ချီခဲ့တဲ့ နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ပါး ပေါ်ထွက် လာခဲ့တယ်"
"မိုးနတ်မင်းက မသေနိုင်တဲ့ နတ်ဘုရား တစ်ပါးပဲ၊ အဲဒီ နတ်မိစ္ဆာ မဟာ တန်ခိုးရှင်က မိုးနတ်မင်းကို ပုန်ကန်နိုင်တယ် ဆိုတော့ သူ့ရဲ့အဆင့်က မိုးကောင်းကင် နတ်ဘုရား တစ်ပါးနီးပါး တန်ခိုး စွမ်းအားကြီး နေလို့ပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ မိုးနတ်မင်း အနေနဲ့ နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ပါးကို ဘာလို့ မနှိမ်နင်း နိုင်ရမှာလဲ၊ ပြီးတော့ အဲဒီနတ်မိစ္ဆာ ကလည်း ကောင်းကင်ဘုံ နန်းတော်အထိ ဘယ်လိုလုပ် စစ်ချီ နိုင်ရတာလဲ"
ဆန်းလျန်က မေးလိုက်လေသည်။
ဆန်းလျန်၏ အမေးကြောင့် ကျိလင် နတ်သမီးက ပြုံးလိုက်မိသည်။
"နတ်မိစ္ဆာ မဟာတန်ခိုးရှင် ဆိုတာ ထိပ်တန်းအဆင့် နတ်မိစ္ဆာကို ပြောတာပဲ၊ အဲဒီအဆင့်ကို ရောက်တဲ့အထိ ကျင့်ကြံနိုင်ရင် သူတို့ရဲ့ တန်ခိုးစွမ်းအား တွေက အကန့်အသတ် မရှိတော့ဘူး၊ တကယ်တော့ နတ်မိစ္ဆာ မဟာတန်ခိုးရှင် တစ်ပါးဟာ တာအိုဆရာ သခင်ကြီးနဲ့ ဗောဓိသကျ ကိုတောင် စိန်ခေါ်နိုင်တဲ့ အစွမ်း ရှိတယ်ကွယ်"
"ပြီးတော့ နတ်မိစ္ဆာ မဟာတန်ခိုးရှင်က ဆင်းသက်လာတဲ့ နတ်မိစ္ဆာတွေ ကိုလည်း တော်ဝင် နတ်မိစ္ဆာသွေး အဖြစ် အသိအမှတ် ပြုထားကြတယ်၊ အဲဒီ အချိန်တုန်းက အဲဒီနတ်မိစ္ဆာ မဟာတန်ခိုးရှင်ဟာ ဘယ်လောက်တောင် တန်ခိုးစွမ်းအား မြင့်မားသလဲ ဆိုရင် တာအိုကျင့်စဉ် တွေရော ဗုဒ္ဓဘာသာ ကျင့်စဉ်တွေကိုပါ လေ့လာပြီး ကျင့်စဉ်လမ်း တစ်ခုလုံးရဲ့ ခေါင်းဆောင်တောင် ဖြစ်လာခဲ့တယ်၊ စကြဝဠာ တစ်ခုလုံးမှာ သူ့လို တန်ခိုးရှင်မျိုးက ရှာမှရှားပဲ၊ ကောင်းကင်ဘုံ နန်းတော်မှာ အရည်အချင်း ပြည့်ဝတဲ့ နတ်ဒေဝါတွေ အမြောက်အမြား ရှိတာတောင်မှ အဲဒီနတ်မိစ္ဆာ မဟာတန်ခိုးရှင်ကို မတားဆီး နိုင်ခဲ့ကြဘူး၊ ပြီးတော့ အဲဒီနတ်မိစ္ဆာ မဟာတန်ခိုးရှင်မှာ သူ့လိုပဲ တန်ခိုးစွမ်းအား မြင့်မားတဲ့ သွေးသောက် ညီအစ်ကို ခြောက်ယောက်လည်း ရှိသေးတယ်၊ သူတို့အားလုံး ကလည်း နတ်မိစ္ဆာ မဟာတန်ခိုးရှင်တွေ ချည်းပဲ၊ သူတို့အားလုံး ပေါင်းပြီး ကောင်းကင်ဘုံ နန်းတော်ကို တိုက်ခိုက်ခဲ့တာ မဟုတ်ပေမယ့် ကောင်းကင်ဘ နန်းတော်က သူတို့အားလုံးရဲ့ စွမ်းအားတွေကို ကြောက်ရွံ့ကြတယ်၊ သူတို့ကို နှိမ်နင်းဖို့ နတ်စစ်သည် တပ်ဖွဲ့ကိုတောင် စေလွှတ် ခဲ့ကြတယ်"
"ဒါပေမဲ့ အဲဒီ နတ်မိစ္ဆာ မဟာတန်ခိုးရှင်က ကောင်းကင်ဘုံ နန်းတော်ကိုတော့ အနိုင်မယူ နိုင်ခဲ့ဘူး မဟုတ်လား၊ အဲဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်လဲဟင်"
ဆန်းလျန်က မေးလိုက်သည်။
ကျိလင် နတ်သမီးက သက်ပြင်းတစ်ချက် ချလိုက်သည်။
"အဲဒီ နတ်မိစ္ဆာ မဟာတန်ခိုးရှင်က နှိမ်နင်း ခံလိုက်ရတယ်၊ ဒါပေမဲ့ မိုးနတ်မင်းက နှိမ်နင်းလိုက်တာတော့ မဟုတ်ခဲ့ဘူး၊ ဘယ်သူက နှိမ်နင်းလိုက်လဲ ဆိုတာတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ အဲဒီအချိန် ကစပြီး ကောင်းကင်ဘုံ နန်းတော်ဟာ တဖြည်းဖြည်း ဆုတ်ယုတ် ကျဆင်း သွားခဲ့ပြီး တစ်နေ့မှာတော့ မိုးနတ်မင်းလည်း ပျောက်ဆုံး သွားခဲ့တယ်၊ အဲဒီနောက်ပိုင်း ကောင်းကင်ဘုံ နန်းတော်အတွင်းမှာ အချင်းချင်း ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်၊ ဒါဟာ မင်းသိချင်နေတဲ့ ကောင်းကင်ဘုံ နန်းတော် ကျဆုံးသွားရတဲ့ အကြောင်းတွေပဲ"
"ကောင်းကင်ဘုံ နန်းတော်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တာက မိုးကောင်းကင် ကျမ်းစာနဲ့ ပတ်သက်နေမယ် ထင်တယ်"
ဆန်းလျန်က သံသယ များစွာဖြင့် ထင်မြင်ချက် ပေးလိုက်လေသည်။
"အမှန်ပဲ၊ ကောင်းကင်ဘုံ နန်းတော် ပျက်စီးသွားရတဲ့ အဓိက အကြောင်းရင်းက မိုးကောင်းကင် ကျမ်းစာကြောင့်ပဲ၊ မိုးနတ်မင်းဟာ မိုးကောင်းကင် ကျမ်းစာကို ကျင်းချွယ် ကျောက်စိမ်းစာအုပ်လို့ အမည်ပေးခဲ့ပြီး မှော်ဝင်အင်း သင်္ကေတ ပေါင်းများစွာ ဖန်ဆင်းခဲ့တယ်၊ ကျင်းချွယ်ကျောက်စိမ်း စာအုပ်ဟာ ကောင်းကင်ဘုံ နန်းတော် အဓိက မဏ္ဍိုင်လို့ ပြောလို့ရတယ်၊ အဲဒီစာအုပ်ကို ရတဲ့သူ ဘယ်သူမဆို မိုးနတ်မင်း ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ အဲဒီလို ဖြစ်ချင်တဲ့ ဆန္ဒတွေကြောင့်ပဲ ကပ်ဘေးကြီးတွေ ဖြစ်ပေါ် လာရတာပဲ၊ ဒီအကြောင်းတွေကို မင်းကတော့ သိချင်မှ သိမှာပေါ့၊ ဒါပေမဲ့ ငါတို့အခု ရောက်နေတဲ့ မိုးကောင်းကင် ခုံရုံးဆိုတာ ကလည်း ကောင်းကင်ဘုံ နန်းတော်တွေထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ ကောင်းကင်ဘုံ နန်းတော် တစ်ခုပဲလေ"
"ကောင်းကင်ဘုံ နန်းတော်တွေထဲမှာ တစ်ခု အပါအဝင် ဟုတ်လား"
ဆန်းလျန်မှာ အံ့သြမှင်တက် သွားရလေသည်။
ကျိလင်က ဆန်းလျန်၏ ပုံစံကိုကြည်ပြီး ပြုံးလိုက်ပြန်သည်။
"နဂါးငွေ့တန်း တစ်လျှောက်မှာ နတ်ဘုရားတွေ နေထိုင်တဲ့ နေရာက ဒီတစ်နေရာပဲ ရှိတယ်လို့များ မင်းက ထင်နေတာလား၊ ဒီနေရာလိုမျိုး နေရာတွေဟာ မရေမတွက် နိုင်အောင်ရှိတယ် ဆန်းလျန်၊ တန်ခိုးစွမ်းအား မြင့်မားသူတွေဟာ အဲဒီနေရာ တွေမှာ မွေးဖွားလာကြပြီး အသက်လည်း အရမ်း ရှည်ကြတယ်၊ မိုးနတ်မင်းဟာ ဘယ်လောက်တောင် ရည်မှန်းချက် ကြီးခဲ့လဲ ဆိုရင် အဲဒီနေရာတွေ အားလုံးကို သူ့ရဲ့ သြဇာအာဏာ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့တာသာ ကြည့်တော့လေ"
ဆန်းလျန်က တံတွေးတစ်ချက် မျိုချကာ ခေါင်းညိတ် ပြလိုက်လေသည်။
"မိုးနတ်မင်းရဲ့ နယ်မြေက ဘယ်လောက်ကျယ်ပြန့်လဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ သူ့ရဲ့ အာဏာတည်မြဲဖို့ အတွက် မူလကောင်းကင်ဘုံ နန်းတော်နဲ့ ပုံစံတူတဲ့ ကောင်းကင်ဘုံ နန်းတော်တွေကို တည်ဆောက်ချင်လည်း တည်ဆောက် ခဲ့မှာပေါ့၊ ဒါပေမဲ့ သူတည်ဆောက်ခဲ့တဲ့ နေရာတွေထဲမှာ ဒီကောင်းကင်ဘုံ နန်းတော်ကတော့ လူသိများ ခဲ့တယ်လေ"
နဂါးငွေ့တန်း ဆိုသည်မှာ မိုးကောင်းကင် ခုံရုံးဟုလည်း ခေါ်ဆိုနိုင်သည့် ကောင်းကင်ဘုံ နန်းတော်များကို အချင်းချင်း ဆက်သွယ်နိုင်ရန် ချိတ်ဆက် ပေးထားသည့် အရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် နဂါးငွေ့တန်းကို မြင်တွေ့ နိုင်သည့်တိုင် သွားရောက်ရန်မှာ အလွန် ခက်ခဲခြင်း ဖြစ်လေသည်။ သို့သော် မိုးနတ်မင်း၏ တန်ခိုးစွမ်းအား မြင့်မားလာလေလေ နဂါးငွေ့တန်းသည် စကြဝဠာ ထောင့်စွန်းတိုင်းသို့ ရောက်ရှိသွားပြီး ကောင်းကင်ဘုံ နန်းတော်၏ လွှမ်းမိုးမှုကို တိုးချဲ့နိုင်လေလေ ဖြစ်လေသည်။
မိုးနတ်မင်းနှင့် နတ်မင်းကြီး လေးပါးမှာ ရှန်ဝါဒ နတ်ဘုရားများနှင့် တာအိုဝါဒမှ နတ်ဘုရားများကို စုစည်း ခဲ့ကြလေသည်။ ထိုအခါ ကောင်းကင်ဘုံ နန်းတော်လည်း အင်အား ကြီးမားလာမည် ဖြစ်သလို လောက နတ်ဘုရားများ အနေဖြင့် မိုးကောင်းကင် တရားစီရင်မှု မှလည်း လွတ်မြောက်နိုင်မည် ဖြစ်လေသည်။ သို့သော် မိုးနတ်မင်း ထံတွင် ခိုလှုံ လိုက်သည်နှင့် နတ်ဘုရားများသည် လွတ်လပ်မှုကို ဆုံးရှုံး သွားကြရမည် ဖြစ်လေသည်။
ထို့ကြောင့် နတ်ဘုရား အများစုသည် မိုးကောင်းကင်ခုံရုံး သို့မဟုတ် ကောင်းကင်ဘုံ နန်းတော်သို့ လောကကို ကျော်လွန်ရန် အတွက် ရောက်ရှိလာကြပြီး ကျင့်စဉ် အောင်မြင်သည်နှင့် မိုးနတ်မင်းနှင့် အချည်အနှောင် မခံလိုကြသည့် အတွက် ချက်ချင်းပင် ပြန်လည် ထွက်ခွာလေ့ ရှိကြလေသည်။ ထို့နောက် လွတ်လပ်စွာ နေထိုင်နိုင်ရန် နေရာတစ်ခုကို ရှာဖွေကြလေသည်။
ဤသည်မှာ တဖြည်းဖြည်း အစဉ်အလာ ကဲ့သို့ ဖြစ်သွားလေသည်။
ဆန်းလျန်သည် မိုးနတ်မင်း၏ ရည်မှန်းချက် ကြီးမားမှု အကြောင်းများကို စဉ်းစားနေလေသည်။ မိုးနတ်မင်းသည် ခေတ်အဆက်ဆက်တွင် အလွန်မှ ရှားပါးသူ တစ်ယောက် ဖြစ်လေသည်။
မိုးနတ်မင်းသည် လူသားအားလုံးကို အုပ်ချုပ်ပြီး ထာဝရ အာဏာရှင် ဖြစ်ချင်ခဲ့သလို တာအိုကျင့်စဉ် များကိုလည်း လေ့လာခဲ့သည်။
"အခု မင်းမြင်နေရတဲ့ မိုးကောင်းကင် ခုံရုံးလို့ သိထားတဲ့ ကောင်းကင်ဘုံ နန်းတော်ပျက်စီး သွားတဲ့အခါ ဆရာဘွားဘွား လီချင်းဆွေက ဒီနေရာကို ရောက်လာခဲ့တယ်၊ ဆရာဘွားဘွားဟာ ဒီနေရာမှာပဲ ကျင်းချွယ် ကျောက်စိမ်းစာအုပ်ကို တွေ့မြင်ခဲ့ရပြီး ထိုက်ရွှီး နည်းဗျူဟာကို တီထွင်ဖန်တီးဖို့ စိတ်ကူး ရခဲ့တယ်၊ သူက စီမံချက်ချပြီး ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို အမြန်ဆုံး ရေးသားခဲ့တာပဲ"
ကျိလင ်နတ်သမီးက ဆက်ပြောပြလိုက်သည်။
ဆန်းလျန်၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ လှည့်ပတ် ပြေးလွှားနေလေသည်။
မိုးနတ်မင်း ပျောက်ဆုံး သွားပြီးသည့်နောက် ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကိုရရှိရန် အတွက် နတ်ဒေဝါများ အချင်းချင်း ပဋိပက္ခများ ဖြစ်ခဲ့ကြလေသည်။ ထို့နောက် ကောင်းကင်ဘုံ နန်းတော် ပျက်စီးခဲ့ရသည်။ အမှန်တော့ ကောင်းကင်ဘုံ နန်းတော်သည် ထိုသို့ ပျက်စီး သွားစရာ အကြောင်း မရှိခဲ့ပေ။
ထို့ပြင် တန်ခိုးစွမ်းအား မြင့်မားလွန်းသည့် မိုးနတ်မင်းသည် အဘယ်ကြောင့် လွယ်လွယ်ကူကူ ပျောက်ဆုံး သွားရပါသနည်း။ အလွန်မှ ထူးဆန်းလွန်းသည့် ကိစ္စများ ဖြစ်လေသည်။
ကျိလင်နတ်သမီး ကလည်း ကိစ္စရပ် တစ်ခုလုံးကို သိရှိခဲ့သူ မဟုတ်ပေ။ သူမကလည်း သူမ သိသလောက်သာ ဆန်းလျန်ကို ပြောပြနိုင်ခြင်း ဖြစ်လေသည်။
ထို့ပြင် ကျင်းချွယ် ကျောက်စိမ်းစာအုပ်မှာ အလွန် အဖိုးတန်သည့် စာအုပ်တစ်ခု ဖြစ်လေသည်။ ဆရာဘွားဘွား လီချင်းဆွေသည် စာအုပ်ကို တွေ့မြင်ရုံမျှဖြင့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ရေးသား နိုင်ခဲ့သည်။ ရဲ့လျိုယွင်သည် ထိုစာအုပ်ကို ဆန်းလျန် ရယူသွားမည်ကို စိုးရိမ်ခဲ့ခြင်း မရှိခဲ့လေ သလား။ သို့မဟုတ် ရဲ့လျိုယွင်သည် သူ့ကို အကြွင်းမဲ့ ယုံကြည်ခဲ့ခြင်း များလား။
ဆန်းလျန်မှာ နားမလည်နိုင်ခြင်း များစွာဖြင့် စိတ်ရှုပ်ထွေးလျက် ရှိလေသည်။
ထိုအချိန်မှာပင် ကျိလင် နတ်သမီးက ဆန်းလျန်၏ လက်ကိုကိုင်ကာ အလင်းတန်း တစ်ခုအဖြစ် လျင်မြန်စွာ ထွက်ခွာ သွားလေသည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီ သူတို့ ရှိနေခဲ့သည့် နေရာတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာပြီး ပေါက်ကွဲသံကြီး တစ်သံလည်း ထွက်ပေါ် လာလေသည်။ သိပ်မကြာမီပင် ခန်းမဆောင်ကြီး တစ်ခုသည် မိုးကောင်းကင် ခုံရုံးအတွင်းတွင် ထွက်ပေါ် လာလေတော့သည်။
ယွိမင် နတ်ဘုရား၏ လင်ရှောင် ခန်းမဆောင်ကြီးပင် ဖြစ်လေသည်။
လင်ရှောင် ခန်းမဆောင်သည် ကောင်းကင်ဘုံ နန်းတော်နှင့် ဆက်နွှယ်မှု ရှိလေသည်။ ကျင်းချွယ်ကျောက်စိမ်း စာအုပ်သည် လင်ရှောင် ခန်းမဆောင် ဖြစ်တည်လာခြင်း၏ အဓိက မဏ္ဍိုင်တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ယွိမင် နတ်ဘုရားသာ ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကို ရရှိသွားလျှင် ကောင်းကင်ဘုံ နန်းတော်ကို ပြန်လည် တည်ဆောက်နိုင်ပြီး မိုးနတ်မင်း ဖြစ်လာမည် ဖြစ်လေသည်။
ယွိမင် နတ်ဘုရားသာ မိုးနတ်မင်း ဖြစ်လာလျှင် ယခင် မိုးနတ်မင်းလောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသည့်တိုင် အလွန်အင်အား ကြီးမားပြီး လောကပထမ ရှန်ဆန်းကျန်းရန် လုကျိုးယွမ် ကိုပင် ခြိမ်းခြောက် လာနိုင်မည် ဖြစ်လေသည်။
ထို့ပြင် ကောင်းကင်ဘုံ နန်းတော်ကို ပြန်လည် တည်ဆောက်နိုင်လျှင် တာအို ကျင့်စဉ်လမ်းတွင် မိုးကောင်းကင် တရား စီရင်မှုကို ကြောက်စရာ မလိုတော့ဘဲ ထာဝရ အေးအေးချမ်းချမ်း အသက်ရှင်သန် သွားနိုင်မည် ဖြစ်လေသည်။
***