← Chapters

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း။ ၃၃၅

ကျန်းယွမ်တောင်တန်း နတ်ဘုရားဘုရင်ခံတပ်

ကိုယ်ပျောက်ဆင့်ကဲပြောင်းလဲသူလီယွမ်သည် ဂူဝတွင် အစောင့်ကျနေသော ညီအစ်ကိုများကို ခပ်ပေါ့ပေါ့ပင် နှုတ်ဆက်လိုက်ပြီးနောက် ဂူအတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားတော့သည်။

တစ်မိနစ်ခန့်အကြာတွင်...

ခေါင်းဆောင်ဖြစ်သူ ဝမ်ထျန်းမင်သည် သတင်းပို့ရန် အပြေးအလွှား ရောက်ရှိလာသော လီယွမ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် "လီယွမ်... ဘယ်လိုလဲ သူတို့ ထွက်သွားကြပြီလား" ဟု မေးမြန်းလိုက်သည်။

"ခေါင်းဆောင်... မထွက်သွားသေးဘူး ဒါပေမဲ့ ကျွန်တော် ထူးခြားတဲ့ သတင်းကြီးတစ်ခု သိခဲ့ရတယ်။ ဒီည သူတို့တွေ သားရဲရိုင်းတွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ အဆင့် ၄ သားရဲတွေ ဖြစ်ဖို့များတယ်။ တစ်ကောင်ကတော့ အရမ်းကြမ်းတမ်းတဲ့ ဝေဟင်ပျံ သားရဲကြီးဖြစ်ပြီး နောက်တစ်ကောင်ကတော့ မြေအောက်ကနေ တိုက်ရိုက်တိုးထွက်လာတဲ့ ဧရာမ သင်းခွေချပ်ကြီးပဲ..."

လီယွမ်သည် ဦးစွာ ခေါင်းခါပြလိုက်ပြီးနောက် အံ့အားသင့်နေသော လေသံဖြင့် အလျင်အမြန် ပြန်လည်တင်ပြလိုက်သည်။

"အဆင့် ၄ သားရဲငှက်နဲ့ သင်းခွေချပ် သားရဲကြီးလား"

ဤစကားကို ကြားလိုက်ရသောအခါ ဝမ်ထျန်းမင်သည် အလွန်အမင်း တုန်လှုပ်သွားရသဖြင့် သူထိုင်နေသော နေရာမှပင် ထရပ်လိုက်မိသည်။

သူသည် ထိုလူယုတ်မာ ဟွမ်ရွှမ်းနှင့် ယခင်က ဆက်ဆံဖူးသဖြင့် တစ်ဖက်လူ၏ လက်အောက်တွင် အဆင့် ၄ သားရဲငှက်တစ်ကောင်နှင့် အဆင့် ၄ ဗီဇပြောင်း သင်းခွေချပ်တစ်ကောင် ရှိနေသည်ကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။

အကယ်၍ တစ်ကောင်တည်းသာ ပေါ်လာခဲ့မည်ဆိုပါက တိုက်ဆိုင်မှုဟု ယူဆနိုင်သဖြင့် ဟွမ်ရွှမ်းနှင့် ပတ်သက်နေမည်ဟု သူ သံသယဝင်မိမည်မဟုတ်ပေ။ သို့သော် ယခုမူ ဟွမ်ရွှမ်း၏ လက်အောက်ခံ အဆင့် ၄ သားရဲနှစ်ကောင်လုံး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်း ဖြစ်ရာ ဤကိစ္စသည် ဟွမ်ရွှမ်းနှင့် ပတ်သက်နေသည်မှာ ဧကန်မလွဲပင်။

"ကြည့်ရတာ သားရဲဘုရင်ဂိုဏ်းပျက်စီးသွားတာက တောင်ပတ်လမ်းပေါ်က အဲဒီဗီဇပြောင်း ဇွန်ဘီတွေနဲ့ ပတ်သက်နေပုံပဲ။ ဟွမ်ရွှမ်းကတော့ ကလဲ့စားချေဖို့ ရောက်လာတာပဲ ဖြစ်ရမယ်"

ခေတ္တမျှတွင် ဝမ်ထျန်းမင်သည် သူ့အနေဖြင့် ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့သည်မှာ အလွန်မှန်ကန်ကြောင်း တွေးမိကာ သက်ပြင်းချလိုက်မိသည်။

သူတို့၏ နတ်ဘုရားဘုရင်ခံတပ်ငယ်လေးအနေဖြင့် မည်သည့်ဖက်ကိုမျှ ပြစ်မှားစော်ကား၍ မရနိုင်ပေ။ အဆင့် ၄ တိုက်ခိုက်ရေးသမား တစ်ဦးတည်းနှင့်ပင် သူတို့အားလုံးကို မျက်စိတစ်

မှိတ်အတွင်း အပြတ်အသတ် ချေမှုန်းနိုင်စွမ်း ရှိသည်။

"လီယွမ်... ဇွန်ဘီတွေနဲ့ သားရဲတွေကြားက တိုက်ပွဲကို မင်း ပူပန်နေဖို့ မလိုဘူး။ မင်းရဲ့ အရေးကြီးဆုံး တာဝန်ကတော့ သူတို့တွေ တောင်ပတ်လမ်းကို ရှင်းလင်းပြီး ထွက်သွားတဲ့အထိ ဆက်လက် စောင့်ကြည့်နေဖို့ပဲ။ နားလည်လား"

ဝမ်ထျန်းမင်သည် စိတ်ကို အတတ်နိုင်ဆုံး ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီးနောက် လီယွမ်ကို ကြည့်ကာ လေးလေးနက်နက် မိန့်ကြားလိုက်သည်။

"နားလည်ပါပြီ ခေါင်းဆောင်။ ကျွန်တော် အခုချက်ချင်းပဲ သွားလိုက်ပါ့မယ်။ သူတို့ကို ကျွန်တော့်မျက်စိအောက်ကနေ အပျောက်မခံစေရဘူးလို့ ကတိပေးပါတယ်"

လီယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားသည်။ လီယွမ်အတွက်မူ စောင့်ကြည့်

ထောက်လှမ်းခြင်း တာဝန်မှာ သူအကျွမ်းကျင်ဆုံးသော အလုပ်တစ်ခုပင်။

"သတိထားရမှာက သူတို့နဲ့ အရမ်းနီးနီးကပ်ကပ် မနေဖို့ပဲ။ မင်း အမိခံလိုက်ရရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ ငါ့အတွက် ထွေထွေထူးထူး သတင်းအချက်အလက်တွေ မလိုဘူး သူတို့ ဘယ်အချိန်မှာ ဒီတောင်လမ်းကနေ ထွက်သွားမလဲဆိုတာကိုပဲ အတည်ပြုပေးရင် ရပြီ"

ဝမ်ထျန်းမင်က ထပ်လောင်း သတိပေးလိုက်သည်။ အကယ်၍ လီယွမ်၏ ခြေရာလက်ရာ ပေါ်သွားခဲ့ပါက ရန်သူသည် သူတို့ ပုန်းအောင်းရာ ဂူအထိ ရောက်ရှိလာနိုင်ပြီး ထိုသို့ဖြစ်လာပါက သူတို့အားလုံး၏ ဘဝမှာ နိဂုံးချုပ်သွားပေလိမ့်မည်။

တစ်ဖက်လူက အဆင့် ၄ ရှိသော ဗီဇပြောင်းဇွန်ဘီ တစ်ကောင်တည်း စေလွှတ်လိုက်လျှင်ပင် သူတို့ခံတပ်အတွက်မူ အသက်ရှင်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။

"နားလည်ပါပြီ ခေါင်းဆောင်"

လီယွမ်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူကိုယ်တိုင်မှာလည်း အသက်ဘေးကို ကြောက်ရွံ့သူဖြစ်ရာ ရန်သူနှင့် နီးကပ်စွာနေရန် အစီအစဉ်မရှိပေ။

အချိန်ကာလသည် တဖြည်းဖြည်း ကုန်လွန်သွားရာ ညအမှောင်ထုသည် တဖြည်းဖြည်း ဆုတ်ခွာသွားပြီး ဝေလီဝေလင်း နံနက်ခင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တောအုပ်အတွင်း၌လည်း နံနက်ခင်း မြူပါးလေးများမှာ သိသိသာသာ ထွက်ပေါ်နေတော့သည်။

ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းသည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းအစုံ၌ ဝမ်းမြောက်ရိပ်များ ယှက်သန်းသွားသည်။ မြေလျှိုး ၁ နှင့် တာဖန်းတို့အဖွဲ့၏ ကြိုးပမ်းမှုကြောင့် ပိတ်ဆို့နေသော လမ်းကြောင်းမှာ ယခုအခါ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

တစ်ညတာ ရပ်နားခဲ့ပြီးနောက် သူတို့သည် နောက်ဆုံးတွင် ခရီးစဉ်ကို ဆက်လက်ထွက်ခွါနိုင်ကြတော့မည်ပင်။

မြေလျှိုး ၁ နှင့် အခြားသော ဇွန်ဘီရုပ်သေးများ ပြန်လည်ရောက်ရှိလာပြီးနောက် လုချွမ်းသည် စိတ်အာရုံကို စုစည်းလိုက်ရာ တစ်ညလုံး ငြိမ်သက်နေခဲ့သော ကားတန်းကြီးသည် စက်သံများ ဟိန်းခနဲ မြည်ဟည်းသွားပြီး ရှေ့သို့ စတင်ရွေ့လျားတော့သည်။

သားရဲဘုရင်ဂိုဏ်းချုပ်၏ သတင်းနှင့် ပတ်သက်၍မူ တစ်ဖက်လူသည် သူတို့နောက်သို့ ဆက်လက် လိုက်လံနှောင့်ယှက်နေဦးမည်ဟု လုချွမ်းက ယုံကြည်ထားသည်။

ကားတန်းကြီး စတင်ထွက်ခွာပြီး မကြာမီမှာပင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့မှာ ကားစက်သံများကြောင့် နိုးလာကြသည်။ ကျောက်လင်းသည် သူမ၏ကိုယ်ပေါ်မှ စောင်ငယ်လေးကို ဖယ်ရှားလိုက်ပြီး အိပ်ချင်မူးတူး ဖြစ်နေသော မျက်ဝန်းများဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်သည်။

ချက်ချင်းပင် သူမ၏ မျက်ဝန်းများ တောက်ပသွားပြီး လုချွမ်းကို စိတ်လှုပ်ရှားစွာ ကြည့်လျက် ပြုံး၍ မေးမြန်းလိုက်သည်။

"လုချွမ်း... လမ်းက ပွင့်သွားပြီလား ငါတို့ ရှေ့ကို ဆက်သွားနေပြီပေါ့ ဟုတ်လား"

လုချွမ်းက ခေါင်းညိတ်၍ အဖြေပေးလိုက်သည်။

"တကယ်ကို ဝမ်းသာစရာပဲ နောက်ဆုံးတော့ ဒီလို အစွန်အဖျားနေရာမှာ ဆက်ပြီး မနေရတော့ဘူးပေါ့"

ကျောက်လင်းက ဝမ်းမြောက်ဝမ်းသာဖြင့် ပြောဆိုလိုက်သည်။

ယခင် တောင်ပတ်လမ်းမှာ စိုစွတ်ထိုင်းမှိုင်းပြီး ခြင်များလည်း ပေါလှသဖြင့် တဲထိုးရန် သင့်တော်သော နေရာတစ်ခုပင် မရှိဘဲ တကယ့်ကို ဆိုးရွားလွန်းလှသည်။

ထိုစဉ် ကျောက်လင်း၏ ဘေးတွင် ထိုင်နေသော ကျိရုရွှယ်သည်လည်း ပြုံးရွှင်စွာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်နေတော့သည်။

"လုချွမ်း... ငါတို့ တောင်တန်းမြို့ကနေ ထွက်လာပြီဆိုတော့ နောက်ထပ် ဘယ်ကို ဆက်သွားကြမှာလဲ"

ကျောက်လင်းက ရုတ်တရက် သတိရသွားကာ မေးမြန်းလိုက်သည်။

ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းသည် တိုက်ရိုက်ပြန်လည် ဖြေကြားခြင်း မပြုဘဲ ခရီးစဉ်လမ်းကြောင်းများ မှတ်သားထားသည့် မြေပုံတစ်ခုကိုသာ ကမ်းပေးလိုက်သည်။ ကျောက်လင်းသည် ထိုမြေပုံကို ယူဆောင်ကာ မှတ်သားထားသော လမ်းကြောင်းများကို စိတ်ဝင်တစား ကြည့်ရှုနေတော့သည်။

တစ်ချိန်တည်းမှာပင် ကျန်းဟိုင်အခြေစိုက်စခန်းမြို့တော်ရှိ ရိုးရှင်းသော အတွင်းပိုင်း လေဆိပ်တစ်ခု၌...

နံနက်ခင်း နေရောင်ခြည်သည် လူသူကင်းမဲ့နေသော လေယာဉ်ပြေးလမ်းပေါ်သို့ ဖြာကျနေပြီး ထိုနေရာတွင် လူတစ်စုမှာ တန်းစီ၍ ရပ်နေကြသည်။

အေးစက်သော နံနက်ခင်း လေညင်းကို အန်တုလျက် ရှေ့ဆုံးမှ ရပ်နေသူမှာ ကျန်းဟိုင် အခြေစိုက်စခန်း၏ အကြီးအကဲပင်။ သူ၏ အနောက်တွင် အခြေစိုက်စခန်းမှ အဆင့်မြင့် အရာရှိကြီးများ ရပ်နေကြပြီး ဘေးပတ်ပတ်လည်တွင် ကင်မရာနှင့် အခြားကိရိယာများကို ကိုင်ဆောင်ထားသော သတင်းအဖွဲ့သား အနည်းငယ်လည်း ရှိနေကြသည်။

ထိုလူစုသည် ဧကရာဇ်မြို့တော်မှ စေလွှတ်လိုက်သော အင်အားအကောင်းဆုံး အထူးလက်ရွေးစင်အဖွဲ့ဖြစ်သည့် နဂါးပျံအဖွဲ့ကို ကြိုဆိုရန်အတွက် ဤလေဆိပ်၌ စုရုံးရောက်ရှိနေကြခြင်းပင်။

ဧကရာဇ်မြို့တော်၌ ရက်ပေါင်းများစွာ ဆူပူသောင်းကျန်းနေခဲ့သော ဇွန်ဘီဘုရင်အား အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ နဂါးပျံအဖွဲ့၏ စွမ်းဆောင်ချက်ကြောင့်ပင်။

ယခုအကြိမ်တွင်လည်း ကျန်းဟိုင်အခြေစိုက်စခန်း၏ တာဝန်မှာ နဂါးပျံအဖွဲ့အား အကောင်းဆုံးသော ပံ့ပိုးကူညီမှုများ ပေးအပ်ရန်နှင့် ၎င်းတို့မှတစ်ဆင့် ဇွန်ဘီဘုရင်ကို သတ်ဖြတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီရန် ဖြစ်ပေသည်။

ရှေ့ဆုံးမှ ရပ်နေသော အခြေစိုက်စခန်း အကြီးအကဲသည် သတ်မှတ်ထားသော အချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အဖွဲ့သားများ ပေါ်မလာသေးသဖြင့် တစ်စုံတစ်ရာ ဖြစ်ပွားလေသလောဟု စိုးရိမ်တကြီး မျက်မှောင်ကြုတ်နေမိသည်။

"အကြီးအကဲ... နဂါးပျံအဖွဲ့က ပေးထားတဲ့ အချိန်ကို ရောက်နေပြီ။ တစ်ခုခုများ..."

အနောက်တွင် ရပ်နေသော အဆင့်မြင့်အရာရှိတစ်ဦးက နာရီကို ကြည့်လျက် မဝံ့မရဲ ပြောကြားလိုက်သည်။

"အဲဒီလို ပေါ့ပေါ့တန်တန် မပြောစမ်းနဲ့။ နဂါးပျံအဖွဲ့ဆိုတာ ဧကရာဇ်မြို့တော်ရဲ့ လက်ရွေးစင်အဖွဲ့ပဲ ဇွန်ဘီဘုရင်တစ်ကောင်ကိုတောင် နှိမ်နင်းနိုင်ခဲ့တဲ့သူတွေ။ သူတို့ရဲ့ အစွမ်းအစကို သံသယဝင်နေဖို့ မလိုဘူး။ ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့"

အခြေစိုက်စခန်း အကြီးအကဲက မျက်နှာပျက်ပျက်ဖြင့် အေးစက်စွာ ပြန်လည်ပြောပြောလိုက်သည်။

သူ၏စကားပင် မဆုံးသေးမီ ဝေးကွာလှသော ကောင်းကင်ယံထက်မှ တစီစီ မြည်ဟည်းသံတစ်ခု ပေါ်ထွက်လာသည်။ အစက်အပြောက်ကလေးများအဖြစ် မြင်တွေ့နေရသော ရဟတ်ယာဉ်အုပ်စုကြီးသည် ကျန်းဟိုင်မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေကြပြီ ဖြစ်သည်။

"အကြီးအကဲ... သူတို့ ရောက်လာကြပြီ"

တစ်စုံတစ်ဦးက ဝမ်းသာအားရ အော်ဟစ်လိုက်သဖြင့် အခြားသောအဆင့်မြင့် အရာရှိကြီးများလည်း လှမ်းကြည့်လိုက်ကြသည်။ လူစုတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး ရဟတ်ယာဉ်များ ဆင်းသက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြရာ လေဆိပ်တစ်ခုလုံးမှာလည်း ခဏချင်းပင် တိတ်ဆိတ်သွားတော့သည်။

ရဟတ်ယာဉ်အုပ်စုကို မြင်လိုက်ရသောအခါမှသာ အခြေစိုက်စခန်း အကြီးအကဲ၏ ရင်ထဲ၌ ဝမ်းသာပီတိ ဖြစ်သွားရသည်။ နောက်ဆုံးတွင်တော့ သူတို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ရဟတ်ယာဉ်များသည် အလွန်လျှင်မြန်လှပြီး လူအုပ်ကြီး၏ ရှေ့မှောက်၌ပင် ညင်သာစွာ ဆင်းသက်လိုက်ကြသည်။

ဝေါ... ဝေါ... ဝေါ...

ရဟတ်ယာဉ်၏ ပန်ကာတောင်ပံများ လည်ပတ်မှု လုံးဝ မရပ်တန့်မီမှာပင် တံခါးများ ပွင့်ထွက်လာပြီး စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ဆင့်ကဲပြောင်းလဲသူ ခုနစ်ဦးမှာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။

နဂါးပျံအဖွဲ့ဝင် ခုနစ်ဦးစလုံးသည် ရဟတ်ယာဉ်ပေါ်မှ ဆင်းပြီးနောက် အခြေစိုက်စခန်း အကြီးအကဲရှိရာသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းလာကြသည်။

"ဟားဟား... ကြိုဆိုပါတယ် ကျွန်တော်တို့ ကျန်းဟိုင်မြို့ကို လာရောက်ပြီး ဇွန်ဘီဘုရင်ကို နှိမ်နင်းပေးမယ့် နဂါးပျံအဖွဲ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဗိုလ်ကြီးလီ... ကျွန်တော် ကျန်းဟိုင် အခြေစိုက်စခန်းတစ်ခုလုံးကို ကိုယ်စားပြုပြီး ခင်ဗျာတို့အားလုံးကို ကြိုဆိုပါတယ်ဗျာ"

အခြေစိုက်စခန်း အကြီးအကဲသည် လူအုပ်ကို ဦးဆောင်ကာ ရှေ့ဆုံးမှ လျှောက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ နဂါးပျံအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ လီဟိန်ပင်။

"အကြီးအကဲ... အားနာစရာကြီးဗျာ။ အခုတစ်ခေါက် ကျွန်တော်တို့ နဂါးပျံအဖွဲ့ ဒီကိုလာရတာက ကျင်းပြည်နယ်အတွက် အန္တရာယ်ဖြစ်စေမယ့် သတ္တဝါဆိုးကို သတ်ဖြတ်ပေးဖို့ပါ ဒါက ကျွန်တော်တို့အဖွဲ့ရဲ့ တာဝန်ပဲ မဟုတ်လား"

လီဟိန်က ပြတ်သားသော အမူအရာဖြင့် ပြန်လည်ပြောဆိုကာ သူ၏အဖွဲ့သားများနှင့်အတူ ရောက်ရှိနေသူများကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်တော့သည်။

All Chapters