အခန်း (၃၃၇)
Vol. 34 Ch. 337
အခန်း။ ၃၃၇
နာရီဝက်ခန့် ကြာပြီးနောက် အစည်းအဝေးခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
အခြေစိုက်စခန်း၏ အဆင့်မြင့်အရာရှိကြီးများအားလုံး တက်ရောက်လာကြပြီး နဂါးပျံအဖွဲ့မှ အဖွဲ့ဝင်ခုနစ်ဦးသည်လည်း အခြေစိုက်စခန်း အကြီးအကဲ၏ ဝဲယာတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြသည်။
"အကြီးအကဲ... အခြေစိုက်စခန်းအနေနဲ့ ဇွန်ဘီဘုရင် ရှိနေတဲ့ အတိအကျနေရာကို ရှာဖွေတွေ့ရှိထားပြီလို့ ကျွန်တော် ကြားသိရပါတယ်။ အဲဒါ ဘယ်နေရာမှာလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးပါ။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ မဖြစ်ရအောင်နဲ့ သူ ထွက်ပြေးမလွတ်မြောက်နိုင်အောင် ကျွန်တော်တို့ နဂါးပျံအဖွဲ့က အခုချက်ချင်းပဲ ထွက်ခွာပြီး နှိမ်နင်းပါ့မယ်"
အသားညိုညိုနှင့် စစ်သားကေသာ ညှပ်ထားသော လီဟိန်သည် အခြေစိုက်စခန်း အကြီးအကဲ၏ ဘယ်ဘက်တွင် ထိုင်လျက် အနည်းငယ် စိုးရိမ်ပူပန်သော လေသံဖြင့် မေးမြန်းလိုက်သည်။
အမှန်စင်စစ် ဇွန်ဘီဘုရင်ဆိုသည်မှာ အလွန်ကောက်ကျစ်လှသူ ဖြစ်သည်။ တစ်ကြိမ်တစ်ခါ တည်နေရာ ပေါက်ကြားသွားသည်နှင့် သူသည် အခြားတစ်နေရာသို့ လျင်မြန်စွာ ပြောင်းရွှေ့သွားနိုင်ပြီး အချိန်ဆွဲနေပါက သူ၏ ခြေရာလက်ရာကို ပြန်လည်ခြေရာခံရန်မှာ အလွန်ခက်ခဲသွားပေလိမ့်မည်။
"ဗိုလ်ကြီး လီဟိန်... ဇွန်ဘီဘုရင်ရဲ့ လက်ရှိတည်နေရာကတော့ ရှန်းချွမ်းမြို့ ကျန်းယွမ်
တောင်တန်းရဲ့ တောင်ပတ်လမ်းပေါ်မှာပါ။ ဒါပေမဲ့ ဗိုလ်ကြီး သိပ်ပြီး စိုးရိမ်နေဖို့တော့ မလိုပါဘူး။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရ တစ်ဖက်ကားတန်းဟာ တောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့နေတာနဲ့ တိုးနေလို့ ခေတ္တခဏတော့ အဲဒီနေရာကနေ ရွေ့လျားနိုင်မှာ မဟုတ်ပါဘူး"
အခြေစိုက်စခန်း အကြီးအကဲသည် ပြောပြောဆိုဆိုဖြင့် လီဟိန်အား ခေါင်းညိတ်ပြလိုက်ပြီး သတင်းအချက်အလက်များ ပါဝင်သော မှတ်တမ်းစာအုပ်ငယ်ကို ကမ်းပေးလိုက်သည်။
လီဟိန်သည် စာအုပ်ကို ရယူပြီးနောက် အခြေအနေအရပ်ရပ်ကို ပိုမိုနားလည်သဘောပေါက်စေရန် သေသေချာချာ ဖတ်ရှုစစ်ဆေးလိုက်ရာ အတန်ငယ် စိတ်အေးသွားရသည်။ စာအုပ်ပါ အချက်အလက်များသာ မှန်ကန်ပါက ဇွန်ဘီဘုရင်၏ ကားတန်းမှာ လောလောဆယ်တွင် ထွက်ပြေးနိုင်ဦးမည် မဟုတ်ပေ။
ထို့နောက် လီဟိန်သည် အခြေစိုက်စခန်း အကြီးအကဲကို မော့ကြည့်ကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်ပြန်သည်။
"အကြီးအကဲ... သတင်းပေးတဲ့ မျက်မြင်သက်သေကော ရှိပါသလား ကျန်းယွမ်တောင်တန်းရဲ့ အခြေအနေကို အသေးစိတ် သိရှိနိုင်ဖို့ ကျွန်တော် သူနဲ့ တွေ့ဆုံမေးမြန်းချင်ပါတယ်"
"ဒီသတင်းကို ဆင့်ကဲပြောင်းလဲသူတစ်ဦးက လျှို့ဝှက်ပေးပို့ခဲ့တာပါ။ အခြေစိုက်စခန်းအနေနဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကို ခုထိ ရှာမတွေ့သေးပါဘူး"
အခြေစိုက်စခန်း အကြီးအကဲက ခေါင်းခါလျက် ပြန်လည်ဖြေကြားလိုက်သည်။
"တကယ့်ကို နှမြောစရာပဲ..."
လီဟိန်သည် ထိုစကားကို ကြားရသောအခါ စိတ်ပျက်သွားသည့်ဟန် ပေါ်လွင်နေသည်။ အကယ်၍ သူသည် ထိုမျက်မြင်သက်သေနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါက ဇွန်ဘီဘုရင်၏ လက်ရှိအခြေအနေနှင့် ကျန်းယွမ်တောင်တန်း၏ မြေမျက်နှာသွင်ပြင် အသေးစိတ်ကို သေသေချာချာ သိရှိနိုင်မည် ဖြစ်သည်။
ယခုအခါ ထိုသက်သေကို ရှာမတွေ့နိုင်တော့သဖြင့် သူ၏ အစီအစဉ်မှာ အဟန့်အတား ဖြစ်သွားရသည်။
"အကြီးအကဲ... အခုတော့ ဇွန်ဘီဘုရင်ရဲ့ တည်နေရာက အတည်ပြုပြီးသား ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ နဂါးပျံအဖွဲ့အနေနဲ့ ဒီသတ္တဝါဆိုးကို အမြစ်ပြတ်ချေမှုန်းဖို့ အခုချက်ချင်းပဲ ထွက်ခွာပါတော့မယ်"
လီဟိန်က အလွန်လေးနက် တည်ကြည်သော လေသံဖြင့် ပြောကြားလိုက်သည်။
ယခုအကြိမ်တွင် နဂါးပျံအဖွဲ့၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာ ရှိသည် ၎င်းမှာ ဇွန်ဘီဘုရင်ကို သတ်ဖြတ်ရန်ပင်။ ယခုအခါ ပစ်မှတ်မှာ ပေါ်ထွက်လာပြီဖြစ်ရာ နဂါးပျံအဖွဲ့အနေဖြင့် ဆိုင်းငံ့မနေဘဲ ချက်ချင်း အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။
"ဗိုလ်ကြီးလီ... ခင်ဗျာတို့ကို ကူညီဖို့ ကျွန်တော်တို့ အခြေစိုက်စခန်းက ဆင့်ကဲပြောင်းလဲသူအဖွဲ့အချို့ကို ထည့်ပေးဖို့ လိုအပ်မလား"
အခြေစိုက်စခန်း အကြီးအကဲက ခေါင်းညိတ်လျက် မေးမြန်းလိုက်သည်။
"မလိုပါဘူး အကြီးအကဲ။ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ နဂါးပျံအဖွဲ့ကပဲ လျှပ်တပြက် စစ်ဆင်ရေးအနေနဲ့ အပြတ်ရှင်းပစ်ပါ့မယ်"
လီဟိန်က ခေါင်းခါလျက် ငြင်းပယ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ကျန်းဟိုင်ရှိ အခြေစိုက်စခန်းမှ ဆင့်ကဲပြောင်းလဲသူအဖွဲ့များကို အထင်ကြီးခြင်း မရှိပေ။ ၎င်းတို့ကို ခေါ်ဆောင်သွားခြင်းက စစ်ဆင်ရေးအတွက် အကူအညီမဖြစ်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာနိုင်သည်ဟု သူ ယူဆထားသောကြောင့်ပင်။
လီဟိန်၏ စကားကို ကြားသောအခါ အခြေစိုက်စခန်း အကြီးအကဲမှာ စိတ်သက်သာရာ ရသွားသည်။ သူက တွန့်တိုလွန်း၍ မဟုတ်ဘဲ ယခင်က ဇွန်ဘီဘုရင်နှင့် ရင်ဆိုင်ခဲ့စဉ်တွင် အခြေစိုက်စခန်း၏ ဆင့်ကဲပြောင်းလဲသူအဖွဲ့များမှာ အပြင်းအထန် ထိခိုက်ပျက်စီးထားခဲ့ရပြီး ယခုထက်တိုင် အင်အားပြန်မပြည့်သေးသောကြောင့်ပင်။
ယခုတစ်ကြိမ်တွင် နဂါးပျံအဖွဲ့နောက်သို့ အဖွဲ့အချို့ ထပ်မံစေလွှတ်လိုက်၍ အောင်မြင်သွားပါက ဝမ်းသာစရာဖြစ်သော်လည်း အကယ်၍သာ ထပ်မံ ကျရှုံးခဲ့မည်ဆိုပါက...
ဆယ်မိနစ်ခန့်အကြာတွင် ရဟတ်ယာဉ်သုံးစင်း ပါဝင်သော လေယာဉ်အုပ်စုငယ်သည် ကျန်းဟိုင် အခြေစိုက်စခန်းမှ လျင်မြန်စွာ ပျံတက်သွားပြီး ရှန်းချွမ်းမြို့ရှိရာသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။
ကောင်းကင်ယံထက်တွင်မူ အလယ်မှ ပျံသန်းနေသော ရဟတ်ယာဉ်အတွင်း၌ နဂါးပျံအဖွဲ့ဝင် ခုနစ်ဦးက လျှို့ဝှက်အစည်းအဝေးတစ်ခု ပြုလုပ်နေကြသည်။
"မင်းတို့အတွက် ဇွန်ဘီဘုရင်နဲ့ ရင်ဆိုင်ရတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ ငါ အများကြီး ထပ်မပြောတော့ဘူး ဒါပေမဲ့ အမြဲသတိရှိကြပါ။ ပြီးတော့ အမိန့်ကို တိတိကျကျ လိုက်နာကြ နားလည်လား"
လီဟိန်သည် သူ၏ရှေ့မှ အဖွဲ့ဝင်ခြောက်ဦးကို ကြည့်ကာ လေးနက်တည်ကြည်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။
"နားလည်ပါပြီ"
အဖွဲ့ဝင်ခြောက်ဦးစလုံးက တစ်ပြိုင်နက် ခေါင်းညိတ်ကြသည်။ ဇွန်ဘီဘုရင်နှင့် ပတ်သက်လာလျှင် အခြေအနေ မည်မျှအထိ စိုးရိမ်ရသည်ကို သူတို့အားလုံး ကောင်းစွာ နားလည်ထားကြသည်။
"ဒီစစ်ဆင်ရေးရဲ့ အစီအစဉ်က အရင်တစ်ခေါက်အတိုင်းပဲ။ ကျောက်ဘင်း... ငါတို့ ကျန်းယွမ်တောင်တန်းကို ရောက်လို့ ကားတန်းရဲ့ တည်နေရာ အတိအကျကို သိပြီဆိုတာနဲ့ မင်း အရင်တစ်ခေါက်ကလိုပဲ အတွင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဇွန်ဘီဘုရင် ဘယ်နေရာမှာ ရှိနေသလဲဆိုတာကို အရင်ရှာ။
ငါတို့ကတော့ အပြင်ဘက်ကနေ ရန်သူ့အာရုံကို လွှဲထားပေးမယ်။ အခွင့်အရေးရတာနဲ့ ဇွန်ဘီဘုရင်ကို အပြတ်ရှင်းပစ်လိုက် အောင်မြင်တာနဲ့ ချက်ချင်းပြန်ဆုတ် တိုက်ပွဲထဲမှာ အချိန်ဆွဲမနေနဲ့။ မင်းကို ကူညီဖို့ ငါတို့ အသင့်ရှိနေမယ်"
လီဟိန်သည် သူ၏ ဘယ်ဘက်တွင်ထိုင်ကာ တိုက်ပွဲဝင်ဓားကို အာရုံစိုက်ကာ တိုက်ချွတ်နေသော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်ကို ကြည့်၍ မှာကြားလိုက်သည်။
"စိတ်ချပါ ဗိုလ်ကြီး ကျွန်တော့်ကိုပဲ ကြည့်နေလိုက်တော့"
ကျောက်ဘင်းက ခေါင်းမော့ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် ပြန်လည်ဖြေကြားသည်။
ထိုအမူအရာကို မြင်သောအခါ လီဟိန် ခေါင်းညိတ်၍ ကျေနပ်သွားသည်။
ကျောက်ဘင်းသည် နဂါးပျံအဖွဲ့၏ အဖွဲ့ဝင်သစ်ဖြစ်သလို ဧကရာဇ်မြို့တော်ရှိ ဇွန်ဘီဘုရင်ပြဿနာကို ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။ သူသည် အခြားသက်ရှိ သတ္တဝါများအဖြစ်သို့ ပုံဖျက်နိုင်သော ရုပ်ဖျက်သူအစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ၎င်း၏ စွမ်းရည်မှာ တူညီသော သတ္တဝါချင်းပင် ခွဲခြား၍ မရနိုင်လောက်အောင် ကောင်းမွန်လှသည်။
ယခင်တစ်ခေါက်ကလည်း ကျောက်ဘင်းသည် ဗီဇပြောင်းဇွန်ဘီတစ်ကောင်အဖြစ် ရုပ်ဖျက်ကာ ဇွန်ဘီအုပ်စုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဇွန်ဘီစောင့်ကြပ်မှု အဆင့်ဆင့်ကို လှည့်စားကျော်ဖြတ်ကာ ဇွန်ဘီဘုရင်၏ တည်နေရာကို ရှာဖွေနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ၎င်းကို အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်လည်း နဂါးပျံအဖွဲ့သည် ထိုဗျူဟာကိုပင် ထပ်မံအသုံးပြု၍ ကျင်းပြည်နယ်မှ ဤဇွန်ဘီဘုရင်ကို သတ်ဖြတ်ရန် စီစဉ်နေကြခြင်းပင်။
အချိန်ကာလသည် တစ်စတစ်စ ကုန်လွန်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာမျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ဂျုန်း... ဂျုန်း...
နောက်ဆုံးတွင်တော့ ကားတန်းကြီးသည် တောင်ပတ်လမ်းမှ ထွက်ခွာနိုင်ခဲ့ပြီး ကတ္တရာလမ်းမပေါ်သို့ ရောက်ရှိလာခဲ့သည်။ တစ်ချိန်တည်းမှာပင် လုချွမ်းနှင့် အခြားသူနှစ်ဦးတို့သည် ရှန်းချွမ်းမြို့နယ်နိမိတ်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး အိမ်နီးချင်းမြို့တစ်မြို့၏ နယ်မြေအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။
"နောက်ဆုံးတော့ တောင်လမ်းကနေ လွတ်လာပြီ တကယ့်ကို ဒုက္ခများလိုက်တာ ဒီနေ့တော့ ငါ တကယ်ပျော်တယ် ဗိုက်ဝအောင် အများကြီး စားပစ်ဦးမယ်"
နောက်ခန်းတွင် ထိုင်နေသော ကျောက်လင်းသည် ပျော်ရွှင်စွာဖြင့် အပျင်းကြောဆန့်ရင်း ပြောလိုက်သည်။
ပြီးခဲ့သည့် နှစ်ရက်အတွင်း တောင်ပတ်လမ်းတွင် သွားလာခဲ့ရသည်မှာ သူမကို အလွန်အမင်း မူးဝေစေခဲ့ပြီး စားချင်သောက်ချင်စိတ်ကိုပါ ပျောက်ဆုံးစေခဲ့ခြင်းပင်။
ရှေ့ခန်းတွင် ထိုင်နေသော လုချွမ်းမှာလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ ယုတ္တိဗေဒအရ ဆိုပါက ရှန်းချွမ်းမြို့နှင့် အိမ်နီးချင်းမြို့မှာ အလွန်အမင်း ဝေးကွာလှသည် မဟုတ်ရာ တောင်လမ်းခရီးအတွက် နှစ်ရက်တာမျှ အချိန်ကုန်ဆုံးရန် မလိုအပ်ပေ။
သို့ရာတွင် ရှန်းချွမ်းမြို့၏ တောင်ပတ်လမ်းများမှာ ကွေ့ကောက်လွန်းလှရုံမက တောင်တစ်လုံးတည်းကိုပင် ပတ်ချာလည်ကာ ဝိုက်၍ သွားနေရသဖြင့် အချိန်များစွာ ပိုမိုကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
"အန်တီကျောက်လင်း... နည်းနည်းလောက် လျှော့စားပါဦး။ ခဏလေးအတွင်းမှာပဲ အန်တီ့မျက်နှာက ဝိုင်းစက်လာပြီး အတော်လေး ဝလာတယ်နော်"
ကျိရုရွှယ်သည် သိသိသာသာ ဝိုင်းစက်လာသော ကျောက်လင်း၏ မျက်နှာကို ကြည့်ကာ သူမ၏ ကိုယ်ပိုင်ပါးလေးကို လက်ညှိုးထိုးပြလျက် စနောက်လိုက်သည်။
"ချီချီလေး... မင်း ဘာတွေပြောနေတာလဲ အန်တီက အရင်တုန်းက အရမ်းပိန်နေလို့ပါ။ အခုမှ အသားလေး နည်းနည်း ပြည့်လာတာ ဝတာ မဟုတ်ပါဘူးနော်"
"ကဲ... ပြောဦးမလား"
ဝတယ်ဟု အပြောခံလိုက်ရသဖြင့် ကျောက်လင်းသည် ချက်ချင်းပင် မျက်နှာပျက်သွားကာ ကိုယ်ကိုကိုယ် အသည်းအသန် ကာကွယ်ပြောဆိုရင်း ကျိရုရွှယ်၏ ဂျိုင်းကို ကလိထိုးရန် လှမ်းလိုက်တော့သည်။
ချက်ချင်းပင် ထိုနှစ်ဦးမှာ ကားနောက်ခန်း၌ တစ်ဦးကိုတစ်ဦး စနောက်ရင်း ဆူညံသွားကြပြီး တစ်ဦးက ရယ်မောရင်း အရှုံးပေးရန် တောင်းပန်နေတော့သည်။
အတန်ကြာ စနောက်ပြီးနောက် ကျောက်လင်းသည် ချီချီလေးကို လွှတ်ပေးလိုက်ကာ ရှေ့မှ လုချွမ်းကို လှမ်းမေးလိုက်သည်။
"လုချွမ်း... ငါ အရင်က မြေပုံထဲမှာ ကြည့်ထားတာတော့ ငါတို့ အခုဆို လီမြစ်မြို့ထဲကို ဝင်နေပြီ မဟုတ်လား
အဲဒီရောက်ရင်တော့ တကယ့်ကို အရသာရှိတဲ့ မြစ်ငါးတွေ ရှာစားရမယ်။ ဗီဇပြောင်း မြစ်ငါးတွေရဲ့ အရသာက ဘယ်လိုနေမလဲဆိုတာ ငါ တကယ် သိချင်နေပြီ"
လုချွမ်းသည် ကျောက်လင်း၏ စကားကို ကြားသောအခါ ပြုံးမိသွားသည်။ ဤအမျိုးသမီးမှာ အမြဲတမ်း စားဖို့တစ်ခုသာ စဉ်းစားနေတတ်သူ ဖြစ်သည်။
သို့သော်လည်း သူတို့သည် လီမြစ်မြို့၏ နယ်မြေအတွင်းသို့ အမှန်တကယ်ပင် ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
လီမြစ်မြို့သည်လည်း ကျင်းပြည်နယ်ရှိ မြို့ကြီးများထဲမှ တစ်မြို့ဖြစ်ပြီး နဂါးနိုင်ငံ၏ အရှည်လျားဆုံး မြစ်ဖြစ်သော လီမြစ်သည် ထိုမြို့ကို ဖြတ်သန်းစီးဆင်းနေခြင်းကြောင့် ဤအမည်တွင်လာခြင်းပင်။