← Chapters

အခန်း (၃၃၉)

Vol. 34 Ch. 339

အခန်း (၃၃၉)

Vol. 34 Ch. 339

အခန်း။ ၃၃၉

အသားထဲသို့ လက်သီးချက်များ စိုက်ဝင်သွားသည့် တဘုန်းဘုန်းမြည်သံများနှင့်အတူ စူးရှသော အော်ဟစ်သံမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ကားတန်းကြီးသည် အသက်ထွက်သွားရှာပြီဖြစ်သော အကြေးခွံနက်မြွေကြီး၏ အနီးသို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပြင်းထန်လှသော သွေးညှီနံ့မှာ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ လုချွမ်းသည် သူ၏ရှေ့မှ အကြေးခွံနက်မြွေကြီး၏ အသေဆိုးဖြင့် သေဆုံးနေသော အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါက... တကယ်ကို ကြည့်ရတာ အတော်လေး ဆိုးတာပဲ။

ယခုအခါ တာဖန်းနှင့် အခြားဇွန်ဘီရုပ်သေးများ၏ ရက်စက်စွာ ထုနှက်ခြင်းကို ခံလိုက်ရသော မြွေကြီးမှာ မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေပြီဟုပင် ဆိုနိုင်သည်။

ယခင်က ကြောက်မက်ဖွယ်ကောင်းခဲ့သော မြွေဦးခေါင်းကြီးမှာ ယခုအခါတွင်မူ ရိုက်ခွဲခံထားရသော ဖရဲသီးအမည်းကြီးတစ်လုံးနှင့် တူနေပြီး အနက်ရောင်အကြေးခွံများနှင့် သွေးစိုနေသော အသားစများမှာ အတွင်းဘက်သို့ လိပ်ဝင်သွားတော့သည်။

တာဖန်းနှင့် အခြားရုပ်သေးများ၏ ပြင်းထန်သော လက်သီးချက်များအောက်တွင် မြွေကြီး၏ မာကျောလှသော ဦးခေါင်းခွံမှာ အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရသည်။ မျက်တွင်းများ နဖူးရိုးများနှင့် အခြားသော မျက်နှာရိုးများမှာ ရစရာမရှိအောင် ကြေမွသွားပြီး သွေးအလိမ်းလိမ်း ဖြစ်နေသော အသားစများ အနံ့ဆိုးထွက်နေသော ဦးနှောက်အမြှေးများနှင့် ရောနှောနေသည်မှာ အလွန်ပင် ရွံရှာဖွယ် ကောင်းလှပေသည်။

လုချွမ်းသည် စိတ်မသက်မသာ ဖြစ်မှုကို အံကြိတ်ထိန်းချုပ်လိုက်ပြီးနောက် ဇွန်ဘီရုပ်သေးများကို မြွေအသေကောင်အား စနစ်တကျ ခွဲစိတ်ရန် ညွှန်ကြားလိုက်တော့သည်။

အဆင့် ၄ သားရဲရိုင်းတစ်ကောင်၏ ခန္ဓာကိုယ်မှာ လက်လွှတ်မခံသင့်သော ရတနာတစ်ခုပင်။

ထို့နောက်တွင်မူ ဧရာမဇွန်ဘီ ၁၊ လျှပ်စီး ၁ နှင့် ချွန်ထက်သော သံမဏိလက်သည်းများ ပိုင်ဆိုင်သည့် အခြားရုပ်သေးများက ပါဝင်ကူညီကြသည်။ သူတို့သည် မြွေကြီး၏ ကိုယ်ပေါ်မှ အနက်ရောင် အကြေးခွံသံချပ်ကာများကို လျင်မြန်စွာ ဆွဲဖြဲလိုက်ကြရာ အတွင်းပိုင်းမှ နူးညံ့လှသော မြွေသားများကို မြင်တွေ့လိုက်ရသည်။

ဆက်လက်၍ မြွေကိုယ်ထည်ကြီးကို အညီအမျှ အပိုင်းပိုင်း ဖြတ်တောက်ကာ ဇွန်ဘီရုပ်သေးများအတွက် အနာဂတ် ရိက္ခာများအဖြစ် စုပုံထားလိုက်ကြသည်။

ထို့နောက်တွင်မူ မြွေ၏ ကျောရိုးမကြီးတစ်လျှောက်မှ ကျုံ့ဆန့်နိုင်စွမ်း အလွန်ကောင်းသော အသားတုံးကြီး နှစ်တုံးကို အလျင်အမြန် လှီးဖြတ်ယူလိုက်သည်။ ထိုအသားများကို လက်ဖဝါးခန့် အရွယ်အစားများအဖြစ် ပိုင်းဖြတ်ကာ ချီချီလေးနှင့် အခြားသူများအတွက် ဟင်းလျာချက်ပြုတ်ရန် ပလတ်စတစ် ဇလုံတစ်ခုအတွင်းသို့ ထည့်လိုက်သည်။

ထိုအချိန်တွင် ကျောက်လင်းသည် ကျိရုရွှယ်ကို ဆွဲခေါ်လျက် ကားပေါ်မှ ဆင်းလာပြီးနောက် စပ်စုလိုသော မျက်လုံးများဖြင့် အနီးသို့ လျှောက်လာခဲ့သည်။

"မြွေကြီးကလည်း အကြီးကြီးပဲ ဒီညတော့ ငါတို့ မြွေသားစွပ်ပြုတ် သောက်ရတော့မယ်ထင်တယ်"

ဧရာမမြွေဘီလူးကြီးကို အပိုင်းပိုင်း အမြန်ဖြတ်တောက်နေသည်ကို ကြည့်ကာ ကျောက်လင်း၏ မျက်လုံးများမှာ တောက်ပလာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

ကမ္ဘာပျက်ကပ်မတိုင်မီက သူမသည် မွေးမြူရေးခြံမှ မြွေသားဖြင့် လုပ်ထားသော မြွေသားစွပ်ပြုတ်ကို သောက်ဖူးရာ ထိုအရသာမှာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်အောင်ပင် ကောင်းမွန်လှသည်။ ယခုမူ ဤမြွေကြီးမှာ အဆင့် ၄ တောင် ဖြစ်နေသဖြင့် ၎င်း၏အသားနှင့် လုပ်ထားသော စွပ်ပြုတ်မှာ ပို၍ပင် အရသာရှိနေမည်မှာ အသေအချာပင်။

"အန်တီကျောက်လင်း... ဒါက မြွေမဟုတ်ဘူး စပါးအုန်းမြွေလေ"

ဘေးတွင် ရှိနေသော ကျိရုရွှယ်က သူမကို မော့ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြင်ပေးလိုက်သည်။

မြွေနဲ့ စပါးအုန်းမြွေကိုတောင် မခွဲတတ်ဘူးလား။ အရင်က ရဲအရာရှိတစ်ယောက် ဖြစ်ခဲ့ပြီးတော့ ဝန်ထမ်းစာမေးပွဲကို ဘယ်လိုများ အောင်ခဲ့ပါလိမ့်။

"အားလုံးအတူတူပါပဲ ဘယ်ဟာပဲဖြစ်ဖြစ် ဗိုက်ထဲရောက်သွားရင်တော့ အတူတူပဲ"

ဤစကားကို ကြားသောအခါ ကျောက်လင်းသည် နှုတ်ခမ်းဆူလိုက်ပြီး ကျိရုရွှယ်၏ မှတ်ချက်ကို မကျေနပ်သည့်အလား ကျိရုရွှယ်၏ ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲလိုက်တော့သည်။

ကျိရုရွှယ်မှာ လန့်သွားကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီးနောက် ကျောက်လင်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။

"အန်တီကျောက်လင်း... အန်တီ သမီးကို အနိုင်ကျင့်နေတာပဲ။ စောင့်ကြည့်နေလိုက် သမီး အခုပဲ ကားပေါ်သွားပြီး အန်တီ စုထားတဲ့ အာလူးကြော်တွေအားလုံးကို လိပ်ကလေးကို ကျွေးပစ်မယ်"

ပြောပြောဆိုဆိုဖြင့် ကျိရုရွှယ်သည် သူမ၏ ခြေတံတိုတိုလေးများဖြင့် ရိက္ခာတင်ကားများရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

"အား ချီချီလေး... မင်း တကယ်လုပ်ရက်မှာ မဟုတ်ပါဘူးနော်"

ကျောက်လင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အခြေအနေကို ရိပ်မိသွားကာ သူမ၏ ဆံပင်များ မီးလောင်နေသကဲ့သို့ အသည်းအသန် အပြေးလိုက်ပါသွားတော့သည်။

အဝေးဆီမှ ကျောက်လင်းနှင့် ချီချီလေးတို့၏ ဆူညံစွာ စနောက်နေသံများ ထွက်ပေါ်လာသည်။ လုချွမ်းမှာမူ သူ၏လက်ဖဝါးပေါ်ရှိ သွေးစွန်းနေသော အဆင့် ၄ စွမ်းအင်သလင်းခဲကို ကြည့်ကာ စိတ်ကျေနပ်နေမိသည်။

သားရဲဘုရင်ဂိုဏ်းချုပ်ထံမှ ရရှိထားသော အဆင့် ၄ သားရဲ သလင်းခဲနှစ်ခုနှင့် ယခုတစ်ခုကို ပေါင်းလိုက်ပါက သူ၏ လက်အောက်ခံ အဆင့် ၄ ဇွန်ဘီရုပ်သေးတစ်ကောင်ကို အဆင့် ၅ သို့ မြှင့်တင်ရန် လုံလောက်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် သူ၏လက်အောက်ရှိ အဆင့် ၅ ဇွန်ဘီရုပ်သေး အရေအတွက်မှာ လေးကောင်အထိ ရှိလာတော့မည်ပင်။

မကြာမီမှာပင် အကြေးခွံနက်မြွေကြီး၏ အလောင်းကို အားလုံး စီမံပြီးသွားပြီး ပိတ်ဆို့နေသော လမ်းကြောင်းကိုလည်း ရှင်းလင်းလိုက်သဖြင့် ကားတန်းကြီးမှာ ပြန်လည်ထွက်ခွာလာခဲ့သည်။ သူတို့သည် လီမြစ်ကူးတံတားကို ဖြတ်ကျော်ကာ လီမြစ်မြို့ဧရိယာအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။

ယခင်က သူတို့ဖြတ်သန်းခဲ့ဖူးသော ပိုင်ချန်မြို့နှင့် အခြားရပ်ကွက်များကဲ့သို့ပင် လီမြစ်မြို့သည်လည်း အလားတူပင် ခြောက်ကပ်နေသည်။ ပိတ်ဆို့နေသော လမ်းများ စွန့်ပစ်ထားသော ကားများ သွေးစွန်းနေသော လမ်းဘေးဆိုင်ခန်းများနှင့် ဟိုဟိုဒီဒီ လွင့်မျောနေသော ဇွန်ဘီအုပ်စုများကို မြင်တွေ့နေရသည်။

ဂျုန်း... ဂျုန်း...

လမ်းမကြီးအတိုင်း ကားတန်းကြီး ချီတက်လာစဉ် လမ်းရှင်းပေးနေသော ဗီဇပြောင်း လိပ်ကြီးဆီမှ ထွက်ပေါ်လာသည့် ဆူညံသံကြီးမှာ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုအသံကြောင့် အရပ်မျက်နှာအသီးသီးမှ ဇွန်ဘီများသည် ကားတန်းရှိရာသို့ စုရုံးရောက်ရှိလာကြတော့သည်။

မကြာမီမှာပင် လီမြစ်မြို့၏ ရပ်ကွက်ငယ်တစ်ခုအတွင်း၌ အသေးစား ဇွန်ဘီလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝေါ... ဝေါ... ဝေါ...

ဇွန်ဘီများ၏ ဟိန်းဟောက်သံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာသည်။ လမ်းကြားများအတွင်းမှ ထွက်ပေါ်လာသော ဇွန်ဘီအုပ်စုကြီးမှာ အနက်ရောင် မြွေလိမ်မြွေကောက် ပုံသဏ္ဌာန်ကြီးသဖွယ် လမ်းမများအတိုင်း လှိမ့်ဝင်လာကြပြီး ကားတန်းနှင့် ပိုမိုနီးကပ်လာကြသည်။

သို့သော်လည်း လုချွမ်းနှင့် ကျောက်လင်းတို့မှာမူ လုံးဝ တုန်လှုပ်ခြင်း မရှိကြပေ။ အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့အတွက်မူ ဤမြင်ကွင်းမှာ အသေးအဖွဲမျှသာ ဖြစ်သည်။

လုချွမ်း၏ အမိန့်ပေးမှုအောက်တွင် ကားတန်း၌ ပါရှိသမျှ အဆင့် ၄ ဇွန်ဘီရုပ်သေးအားလုံးနီးပါးသည် ဇွန်ဘီလှိုင်းကြီးကို စတင်ခုတ်ထစ်ချေမှုန်းရန် စုရုံး၍ ထွက်ခွာသွားကြသည်။

တိုက်ခိုက်ရေးထွက်လာသော ဇွန်ဘီရုပ်သေးများသည် ဂျုံပင်များကို ရိတ်သိမ်းသကဲ့သို့ ဇွန်ဘီများကို တရစပ် သတ်ဖြတ်နေကြရာ ၎င်းတို့၏ အသက်များမှာ ခဏချင်းပင် ဆုံးရှုံးသွားရတော့သည်။ ဇွန်ဘီရုပ်သေးများသည် မလှုပ်မယှက်နိုင်သော ဧရာမ ဆည်တံခါးကြီးတစ်ခုသဖွယ် အားကောင်းလှပြီး ထိုဆည်ကို လာရိုက်ခတ်သည့် ဇွန်ဘီလှိုင်းများမှာမူ အားကိုးရာမဲ့စွာဖြင့် ဦးခေါင်းနှင့် ခြေလက်များ လွင့်စင်ကာ လဲပြိုကျကုန်ကြသည်။ မည်သည့်ဇွန်ဘီမျှ ထိုဆည်တံခါးကို ကျော်ဖြတ်နိုင်ခြင်း မရှိပေ။

ဤဇွန်ဘီလှိုင်းကို လုချွမ်းက လျင်မြန်စွာပင် ရိတ်သိမ်းခြေမှုန်းလိုက်သည်။ ဇွန်ဘီများ ကျဲပါးသွားသည်နှင့် သူသည် ဇွန်ဘီရုပ်သေးများကို အဆင့် ၂ နှင့် အဆင့် ၃ စွမ်းအင်သလင်းခဲများ စုဆောင်းခိုင်းလိုက်ပြီးနောက် ကားတန်းကြီးမှာ မြို့ထဲသို့ ပိုမိုနက်ရှိုင်းစွာ စတင်ဝင်ရောက်လာခဲ့သည်။

ခရီးစဉ်တစ်လျှောက်တွင်လည်း ဆူညံသံကြောင့် ဆွဲဆောင်ခြင်းခံရသော ဇွန်ဘီများ ဆက်တိုက်ဆိုသလို ချဉ်းကပ်လာသော်လည်း လမ်းဘေးတစ်လျှောက် လျင်မြန်စွာ ခုန်ပျံနေသည့် လျှပ်စီး ၁ နှင့် အခြားရုပ်သေးများ၏ လက်ချက်ဖြင့် ချက်ချင်းပင် ရှင်းလင်းခြင်း ခံလိုက်ရသည်။

မကြာမီမှာပင် လုချွမ်းသည် အနေအထား အတော်အတန်ကောင်းမွန်သော လူနေရပ်ကွက်တစ်ခုကို ရွေးချယ်လိုက်ပြီး ခြံဝင်းတံခါးရှေ့ရှိ ဇွန်ဘီများကို အကုန်အစင် ရှင်းလင်းစေကာ ကားတန်းကို အထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လိုက်သည်။

အဆောက်အအုံ တစ်ခုလုံးကို ဇွန်ဘီရုပ်သေးများအား သန့်ရှင်းရေးလုပ်ခိုင်းပြီးနောက် လုချွမ်းနှင့် အခြားသူများသည် တည်းခိုရန် အခန်းတစ်ခုကို ရွေးချယ်လိုက်ကြသည်။

"အို... အန်တီကျောက်လင်းရယ် ဘာလို့ မုန့်အိတ်ကြီးတွေ ဒီလောက်အများကြီး အပေါ်ကို သယ်လာရတာလဲ"

ကျိရုရွှယ်သည် သူမ၏ရှေ့တွင် ကျောပိုးအိတ်ကြီးတစ်လုံးကို ဆွဲလျက် ယိုင်တိုင်တိုင် လျှောက်လာသော ကျောက်လင်းကို ကြည့်ကာ စိတ်ပျက်လက်ပျက် မေးလိုက်သည်။

"ဒါတွေအားလုံးက မင်းကြောင့်လေ မြောက်စုတ်လေးရဲ့။ မင်းသာ ငါ့မုန့်တွေကို လိပ်ကြီးကို ကျွေးပစ်မယ်လို့ မပြောခဲ့ရင် ငါ ဒါတွေအားလုံးကို အပေါ်အထိ သယ်လာပါ့မလား"

ကျောက်လင်းက ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။

"အဲဒါဆိုရင်တော့ နောက်ဆုံးမှာ အန်တီက ကိုယ့်ဘာကိုယ်ပဲ ပြန်စောင့်ရှောက်နေရတာပေါ့"

ကျိရုရွှယ်က စကားမရှိ စကားရှာ ပြောလိုက်ပြီး ထိုလိပ်ကြီးပင်လျှင် ဤမုန့်များကို စားလိမ့်မည်မဟုတ်ကြောင်း နောက်ပြောင်လိုက်သည်။

ညဖက်အချိန် ညစာ စားသောက်ပြီးနောက် ချီချီလေးမှာ အိပ်ရာမဝင်သေးဘဲ တစ်စုံတစ်ခုကို စဉ်းစားနေသည်ကို လုချွမ်း သတိပြုမိသွားသည်။ ထို့ကြောင့် သူက စာရွက်ပေါ်တွင် "ချီချီလေး... မိုးချုပ်နေပြီလေ ဘာလို့ အိပ်ရာမဝင်သေးတာလဲ" ဟု ရေးသားကာ မေးမြန်းလိုက်သည်။

ဝေခွဲမရ ဖြစ်နေသော ကျိရုရွှယ်သည် ရုတ်တရက်ဆိုသလို သူမ၏ မျက်နှာကို တင်းမာအောင် ထားလိုက်ပြီး လုချွမ်းကို လေးနက်စွာ ကြည့်လျက် "ဖေဖေ... သမီး ဖေဖေကို ပြောစရာ ရှိတယ်" ဟု ခိုင်မာသော လေသံဖြင့် ဆိုလိုက်သည်။

သေချာစွာ စဉ်းစားပြီးနောက် ကျိရုရွှယ်သည် သူမ၏ လျှို့ဝှက်ချက်အချို့ကို ဖခင်ဖြစ်သူအား ဝန်ခံရန် ဆုံးဖြတ်လိုက်ခြင်းပင်။ အချို့သောအရာများကို အမြဲတမ်း ဖုံးကွယ်ထား၍ မရနိုငသလို ကိုယ်ကိုကိုယ် ဆက်လက် လိမ်ညာနေခြင်းကလည်း သူတို့ သားအဖ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။

၎င်းကို ကြားရသောအခါ လုချွမ်းသည် တည်ကြည်လေးနက်နေသော ချီချီလေးကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ခုကို ကြိုတင် ခန့်မှန်းမိနေပြီးသားပင်။

"ဖေဖေ... အမှန်တော့ သမီးမှာ နောက်ထပ် စွမ်းရည်တစ်ခု ရှိသေးတယ်။ အဲဒီတုန်းက သမီးရဲ့ ပါရမီစွမ်းရည်နှစ်ခုစလုံးက တစ်ပြိုင်တည်း နိုးထလာခဲ့တာပါ"

All Chapters