အခန်း (၃၄၀)
Vol. 34 Ch. 340
အခန်း။ ၃၄၀
ဘာ…
ပါရမီစွမ်းရည် နှစ်မျိုးတောင်လား။
ချီချီလေး၏ စကားကို ကြားလိုက်ရချိန်တွင် လုချွမ်း၏ မျက်ဝန်းအိမ်မှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး အလွန်အမင်း အံ့အားသင့်သွားရသည်။
ချီချီလေးတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်သည်ဟု သူ စိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ဤကလေးမလေးမှာ တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်ဟု သံသယရှိရုံမျှသာ ဖြစ်ပြီး ပါရမီစွမ်းရည် နှစ်ခုအထိ ရှိနေလိမ့်မည်ဟုမူ သူ တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။
အဘယ်ကြောင့်ဆိုသော် သူ ယခုထက်တိုင် တွေ့ဆုံခဲ့ဖူးသမျှသော ဆင့်ကဲပြောင်းလဲသူအားလုံးမှာ ပါရမီစွမ်းရည် တစ်ခုစီသာ ပိုင်ဆိုင်ကြသောကြောင့်ပင်။ ဒုတိယစွမ်းရည်တစ်ခုကို အသုံးပြုနိုင်သူမျိုးကို သူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူများတွင် စွမ်းရည်တစ်ခုစီသာ ရှိသည်ဟု သူက သဘာဝအတိုင်း မှတ်ယူထားခဲ့ခြင်း ဖြစ်ရာ ယခုအခါ ချီချီလေးက သူမတွင် စွမ်းရည်နှစ်ခုရှိကြောင်း ဝန်ခံလိုက်ခြင်းက သူ့ကို အမှန်တကယ်ပင် မှင်တက်သွားစေခဲ့သည်။
ယခုမူ သူသည် ဗဟုသုတအသစ်တစ်ခုကို ရရှိလိုက်ပြီ ဖြစ်သည်။ လူသားဆင့်ကဲပြောင်းလဲသူတစ်ဦးသည် ပါရမီစွမ်းရည် နှစ်မျိုးစလုံးကို ပိုင်ဆိုင်နိုင်သည်မှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှပေသည်။
သို့သော်လည်း ကနဦး အံ့သြမှုကို ဖယ်လိုက်လျှင် လုချွမ်း၏ စိတ်ထဲတွင် ချီချီလေးအတွက် ဝမ်းသာပီတိဖြစ်မှုများသာ ကျန်ရှိတော့သည်။
ပါရမီစွမ်းရည် နှစ်ခုနှင့်ဆိုလျှင် ချီချီလေး၏ အနာဂတ်မှာ အတိုင်းအဆမရှိ တောက်ပနေမည်မှာ အသေအချာပင်။ ၎င်းက လုချွမ်းကို သူမအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်စေသည်။
ချီချီလေး၏ စိတ်စွမ်းအင်ဖြင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းမှာပင် ကိုင်တွယ်ရ အတော်လေး ခက်ခဲနေပြီဖြစ်ရာ ယခု အချိန်ထိန်းချုပ်ခြင်းစွမ်းရည်ပါ ထပ်မံပေါင်းစပ်လိုက်
မည်ဆိုပါက သူ၏ ချီချီလေးမှာ သူမနှင့် အဆင့်တူသူများကြားတွင် လုံးဝ အနိုင်မတိုက်
နိုင်သောသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
အတန်ကြာပြီးနောက် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး လုချွမ်းက စာရွက်ပေါ်
တွင် ရေးသားလိုက်သည်။
"ဒါဆို ချီချီလေးမှာ နောက်ထပ် ပါရမီစွမ်းရည်တစ်ခု ရှိနေတာပေါ့ အဲဒီနောက်ထပ် စွမ်းရည်က ဘာဖြစ်မလဲ ချီချီလေး ဖေဖေ သိရအောင် တစ်ခုလောက် ပြပေးလို့ ရမလား"
လုချွမ်းသည် ချီချီလေး၏ ဒုတိယမြောက် ပါရမီစွမ်းရည်နှင့် ပတ်သက်၍ အတော်လေး စိတ်ဝင်တစား ရှိနေမိသည်။
ချီချီလေး၏ ပထမစွမ်းရည်ဖြစ်သော စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်ခြင်းသည်ပင်လျှင် အလွန်အမင်း အစွမ်းထက်ပြီး လက်တွေ့ဆန်လှသည့်အပြင် အနာဂတ်တွင်လည်း ကြီးမားသော အလားအလာများ ရှိနေသည်။ ထို့ကြောင့် ဤဒုတိယစွမ်းရည်မှာလည်း ညံ့ဖျင်းနေမည် မဟုတ်ကြောင်း သူ ယုံကြည်နေသည်။
"ဖေဖေ... သမီးရဲ့ ဒုတိယ ပါရမီစွမ်းရည်ကိုတော့ အချိန်ထိန်းချုပ်ခြင်းလို့ ခေါ်တယ်။ အချိန်ကို စတင်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့ စွမ်းအားရှိတယ် တကယ့်ကို အစွမ်းထက်တာ ဖေဖေ"
"သမီး ဖေဖေ့ကို လက်တွေ့ပြမယ်နော်"
ပြောပြောဆိုဆိုဖြင့် ကျိရုရွှယ်သည် အခန်းထဲတွင် စမ်းသပ်ရန် ပစ်မှတ်တစ်ခုကို လိုက်လံရှာဖွေလိုက်ရာ နောက်ဆုံးတွင် ဘေးရှိ ရေခဲသေတ္တာပေါ်တွင် တင်ထားသည့် စိမ်းစိုနေသော ငွေပန်းပင်အိုးကို ရွေးချယ်လိုက်သည်။
ချက်ချင်းပင် ကျိရုရွှယ်ထံမှ မမြင်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုငွေပန်းပင်အိုးကို သက်ရောက်သွားတော့သည်။ တစ်ခဏအတွင်းမှာပင် ပန်းအိုးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို စွမ်းအင်များ ဖုံးလွှမ်းသွားပြီး အချိန်၏ ထူးဆန်းသော ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။
ကနဦးတွင် ရေခဲသေတ္တာပေါ်ရှိ ငွေပန်းပင်မှာ ထူးခြားမှု မရှိသေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။
ငွေပန်းပင်ကို ထည့်ထားသော မူလက ဖြူဖွေးနေသည့် ပလတ်စတစ် ပန်းအိုးမှာ တဖြည်းဖြည်း ဝါရောင်သန်းလာပြီး ဆွေးမြည့်လာကာ ပန်းအိုးပေါ်ရှိ အပြာရောင် ပန်းနွယ်ဒီဇိုင်းများမှာလည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။ ပန်းအိုး၏ အနားသတ်များမှ ပလတ်စတစ် အပိုင်းအစလေးများမှာလည်း အညိုရင့်ရောင်ပြောင်းကာ အောက်သို့ စတင်ကွာကျလာသည်။
တစ်ချိန်တည်းမှာပင် အိုးထဲရှိ အပင်သည်လည်း ကျိရုရွှယ်၏ အချိန်ထိန်းချုပ်မှုဒဏ်ကို ခံလိုက်ရပြီး ပြောင်းလဲမှုများမှာ သာမန်မျက်စိဖြင့်ပင် အထင်အရှား မြင်တွေ့နေရသည်။
မူလက လန်းဆန်းစိမ်းစိုနေသော ငွေပန်းပင်မှာ ရုတ်တရက်ဆိုသလို ရေဓာတ် အကြာကြီး ခန်းခြောက်နေသကဲ့သို့ ညှိုးနွမ်းသွားသည်ကို တွေ့ရသည်။ မြစိမ်းရောင် သစ်ရွက်များမှာ လျင်မြန်စွာ ဝါရောင်ပြောင်းသွားပြီး အပင်မှ ကြွေကျလာကာ ရေခဲသေတ္တာအောက်ခြေ ကြမ်းပြင်ပေါ်တွင် ပြည့်နှက်သွားတော့သည်။
ပင့်ကူအိမ်သဖွယ် သွယ်တန်းနေသော နွယ်ပင်စည်များမှာလည်း ရေဓာတ်များ လျင်မြန်စွာ ဆုံးရှုံးသွားပြီး ခြောက်သွေ့ကာ အစုလိုက်အပြုံလိုက် ညှိုးနွမ်းကာ လိပ်တက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲသေတ္တာ အပေါ်မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သော နွယ်ပင်ကြီးမှာ အိုးထဲတွင် ခြောက်သွေ့နေသည့် အမှိုက်ပုံလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ လေဒဏ်မိုးဒဏ်ကြောင့် ကြွေလွင့်သွားရသည့်အလားပင်။
သက်ရှိတစ်ခုသည် ထိုသို့လျှင် မျက်စိတစ်မှိတ်အတွင်း ကွယ်ပျောက်သွားခဲ့ရလေသည်။
ထို့နောက် ကျိရုရွှယ်သည် စားပွဲပေါ်ရှိ ဇလုံအတွင်းထည့်ထားသော မြွေသားတုံးများထံသို့ အကြည့်ကို ပြောင်းလိုက်ပြန်သည်။
သူမသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် အချိန်ထိန်းချုပ်ခြင်းစွမ်းရည်ကို ထုတ်ဖော်လိုက်ပြီး မြွေသားတစ်တုံးကို လွှမ်းခြုံစေခဲ့သည်။
ခဏချင်းမှာပင် လတ်ဆတ်စိုပြည်နေသော မြွေသားတုံးသည် လျင်မြန်စွာ ညှိုးနွမ်းခြောက်ကပ်သွားပြီး ၎င်း၏အရောင်သည်လည်း ဝါဖျော့ဖျော့မှ ဝါရင့်ရင့် ထိုမှတစ်ဆင့် ညိုမည်းသောအရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
မကြာမီမှာပင် ထိုမြွေသားတုံးသည် ရေဓာတ်များ ခန်းခြောက်သွားကာ လက်သီးဆုပ်ခန့်မျှသာ ကျုံ့ဝင်သွားပြီးနောက် အသားနှင့်ပင် မတူတော့ဘဲ ထောင့်တစ်နေရာတွင် မေ့လျော့ပစ်ထားခြင်းခံရသည့် ကျောက်ခဲတစ်လုံးကဲ့သို့ ခြောက်ကပ်စွာ ကျန်ရစ်ခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် သူမ၏ စွမ်းအင်အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သော ကျိရုရွှယ်သည် ထိုစွမ်းရည်ကို အသုံးပြုခြင်းအား ပြတ်သားစွာ ရပ်တန့်လိုက်သဖြင့် နက်နဲဆန်းကြယ်လှသော အချိန်၏ စွမ်းအားများက ဟင်းလင်းပြင်အတွင်းသို့ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ပင်ပန်းနွမ်းနယ်သွားသော ကျိရုရွှယ်၏ ခန္ဓာကိုယ်လေးသည် ယိုင်နဲ့သွားပြီး အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်နေရရှာသည်။
အချိန်ထိန်းချုပ်ခြင်း စွမ်းရည်ကို အချိန်အတန်ကြာ ဆက်တိုက်အသုံးပြုခဲ့ခြင်းကြောင့် သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ တကယ်ပင် ဝန်ပိသွားခဲ့ရပြီ ဖြစ်သည်။
"ဒါ... ဒါက အချိန်ထိန်းချုပ်ခြင်း စွမ်းရည်လား"
လန်းဆန်းစိမ်းစိုနေသော ငွေပန်းပင်လေး ချက်ချင်းညှိုးနွမ်းသွားသည်ကိုလည်းကောင်း လတ်ဆတ်သော မြွေသားတုံးကြီး ကျောက်ခဲကဲ့သို့ မာကျောခြောက်ကပ်သွားသည်ကိုလည်းကောင်း မျက်မြင်တွေ့လိုက်ရသည့် လုချွမ်းသည် အလွန်အမင်း တုန်လှုပ်အံ့သြသွားရသည်။
အချိန်ထိန်းချုပ်မှုသည် ဤမျှအထိ ပြင်းထန်သော အစွမ်းရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့မိပေ။ အကယ်၍ ဤစွမ်းအားကို လူသားတစ်ဦးအပေါ် အသုံးပြုလိုက်မည်ဆိုပါက ထိုသူကို ချက်ချင်းပင် အိုမင်းရင့်ရော်သွားစေနိုင်သည်။ ထိုစွမ်းအားကား...
"ဖေဖေ... ဒါက အချိန်ထိန်းချုပ်ခြင်းပါပဲ။ ဒီစွမ်းရည်ကို အသုံးပြုလိုက်ရင် တိုက်ခိုက်ခံရတဲ့ သက်ရှိက ခဏအတွင်း အားအင်ကုန်ခမ်းသွားတဲ့ အခြေအနေကို ရောက်သွားစေတာပါ"
ဖခင်ဖြစ်သူ၏ အံ့အားသင့်နေသော မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရှုကာ ကျိရုရွှယ်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခပ်တိုးတိုး ရယ်မောလျက် ရှင်းလင်းပြောကြားလေသည်။
ဤစွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ရလဒ်များမှာလည်း ထိတ်လန့်ဖွယ်ရာ ဖြစ်နေသဖြင့် ဖခင်ဖြစ်သူ တုန်လှုပ်သွားသည်မှာ မဆန်းပေ။
လုချွမ်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သော်လည်း မကြာမီမှာပင် သူ၏မျက်မှောင်များမှာ တစ်ဖန်ပြန်၍ တွန့်ချိုးသွားပြန်သည်။
အဘယ်ကြောင့်ဆိုသော် ချီချီလေးသည် အချိန်ထိန်းချုပ်ခြင်း စွမ်းရည်ကို လက်တွေ့ပြသခဲ့သော်လည်း သူ၏ရင်ထဲ၌ ရှိနေသော သံသယများမှာမူ လုံးဝပြေပျောက်သွားခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
ဒုတိယပါရမီစွမ်းရည် တစ်ခုတည်းဖြင့် အချို့သောအချက်များကို ရှင်းပြရန် မလုံလောက်သေးပေ။
ချီချီလေးတွင် ပါရမီစွမ်းရည် နှစ်မျိုးရှိနေပြီး အချိန်ထိန်းချုပ်မှုမှာ အစွမ်းထက်သလို စိတ်စွမ်းအင်မှာလည်း သာမန်ထက် ထူးကဲနေသည်မှာ မှန်သော်လည်း သတိပြုရန်အချက်မှာ ထိုဗီဇပြောင်းသင်းခွေချပ်သည် အဆင့် ၄ ရှိသော သားရဲရိုင်းတစ်ကောင် ဖြစ်နေခြင်းပင်။
ကလေးငယ်တစ်ဦးဖြစ်သော ချီချီလေးသည် ထိုမျှလောက်တိုတောင်းသော အချိန်အတွင်း၌ မည်သည့်အသံမျှ ထွက်ပေါ်ခြင်းမရှိဘဲ ဗီဇပြောင်းသင်းခွေချပ်ကို ဘယ်လိုနည်းလမ်းနဲ့ သတ်ဖြတ်နိုင်ခဲ့တာလဲ။
အဖြေကို ရှာမရနိုင်ဖြစ်နေသဖြင့် လုချွမ်းသည် သူ့ကိုမော့ကြည့်ကာ မျက်တောင်တဖြတ်ဖြတ်
ဖြင့် ပြုံးနေသော ချီချီလေးကို ကြည့်လိုက်ပြီး စာရွက်ပေါ်တွင် တိုက်ရိုက်ရေးသားလိုက်သည်။
"ချီချီလေးမှာ ပါရမီစွမ်းရည် နှစ်မျိုးရှိနေတာက ဖေဖေကို အမှန်တကယ် အံ့သြစေတယ်။ ဒါပေမဲ့ သမီး အဲဒီဗီဇပြောင်းသင်းခွေချပ်ကို ဘယ်လိုနည်းနဲ့ သတ်လိုက်တာလဲဆိုတာ ဖေဖေကို ပြောပြနိုင်မလား"
စာရွက်ပေါ်ရှိ စာသားများကို မြင်လိုက်ရသောအခါ ကျိရုရွှယ်သည် စိတ်ထဲ၌ ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤကိစ္စကို ဆက်လက်ဖုံးကွယ်ထားရန်မှာ အမှန်တကယ်ပင် ခက်ခဲတော့မည်ကို သူမ သိရှိလိုက်ပြီဖြစ်သည်။
"ဖေဖေ... အမှန်တော့ သမီးက အဆင့် ၅ ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပြီ ဒီမှာ ကြည့်နော်"
ဖခင်ဖြစ်သူက မေးမြန်းလာပြီဖြစ်သဖြင့် ကျိရုရွှယ်သည် သူမ၏စွမ်းအားကို ဆက်လက်ဖုံးကွယ်မထားတော့ဘဲ ထိန်းချုပ်ထားသော သူမ၏အရှိန်အဝါများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် ပြင်းထန်လှသော အဆင့် ၅ အရှိန်အဝါများသည် ဧည့်ခန်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါ လုချွမ်း၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ရင်ထဲ၌လည်း ပြောစရာစကားများ ပျောက်ရှသွားလောက်အောင် ထိတ်လန့်သွားရသည်။ သူသည် ချီချီလေးကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေမိတော့သည်။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
တကယ်ကြီး အဆင့် ၅ လား။