← Chapters

အခန်း (၉၃၇-၉၃၈)

Vol. 79 Ch. 937-938

အခန်း (၉၃၇-၉၃၈)

Vol. 79 Ch. 937-938

အခန်း ၉၃၇ –

ရွှမ်ဟွမ်ကြယ်စု၏ တတိယအဆင့် နတ်ဘုရားရတနာ။

“ လုံလောက်ပြီ ... မင်းက ဥပဒေနိယာမစွမ်းအားတွေကနေ မွေးလာတဲ့ စိတ်ဝိညာဉ်ငှက်တစ်ကောင်ပဲ ဘယ်လောက်ပဲ သရုပ်ဆောင်ကောင်းအောင် တုပနေပါစေ လူသားတွေကိုမီမှာမဟုတ်ဘူး။ ”

စုရီက ငှက်ကလေးကို ဟန့်တားလိုက်၏။ ငှက်ကလေးမှ အံ့အားသင့်ပြီး မကျေနမနပ်နှင့်၊

“ ငါက အသွေးအသားရှိတဲ့ သတ္တဝါမဟုတ်ပေမဲ့ အဲဒီသက်ရှိတွေထက် သာလွန်တဲ့ ဉာဏ်ပညာရှိတယ် မင်းစကားက ငါ့ကိုစော်ကားနေတာပဲ။ ”

-ဟု ဒေါသတကြီး တုန့်ပြန်လေသည်။ သို့သော် သူ့အကြည့်များသည် ကြေးညိုသေတ္တာ အတွင်းရှိ မီးခိုးရောင်နွယ်ပင်ထံသို့ ရောက်ရှိ သွားချိန်တွင် ချက်ချင်း ထိတ်လန့်လာခဲ့၏။

သူ့အမွှေးများ ပွထလာပြီး တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်တော့သည်။

“ ဒါ ... ဒါ ရွှမ်ဟွမ်ကြယ်စုရဲ့ အသက်ဝိညာဉ်အမြစ်ပဲ သခင်ဟုန်ထျန်းကျွင်း တစ်ယောက် ဒါကိုဆုအဖြစ် ထားခဲ့တယ်လား ဘယ်လောက် ရက်ရောလိုက်လဲ ...

... ဒီရတနာက ရွှမ်ဟွမ်ကြယ်စုရဲ့ နတ်ဘုရားအဆင့်ရတနာစာရင်းမှာ နံပါတ်(၃) အဆင့်ရှိတယ်။ ”

နတ်ဘုရားရတနာများသည် မဟူရာ‌ရွှေကြယ်၏ မခင်ချီပင်လယ် ဖြစ်သည့် ဖရိုဖရဲစွမ်းအင်ပင်လယ်အတွင်းမှ မေးဖွားသော သဘာဝရတာနာများဖြစ်သည်။

သာမန်နတ်ဘုရားလက်နက်များထက် အဆပေါင်းများစွာ သာလွန်၏။ ဤနွယ်ပင်သည် ပုံစံသုံးမျိုးပြောင်းနိုင်သော အစွမ်းရှိသည်။

ယင်းသည် ဓား၊ လေးနှင့် ဒိုင်း ပေပင်။ ထိုပုံစံများအတွင်း ရွှမ်ဟွမ်ကြယ်စု၏ဥပဒေကို ပေါင်းစပ်ကာ အသုံးပြုနိုင်၏။

ပျက်စီးသွားပါ အလိုအလျောက် ပြုပြင်နိုင်စွမ်းရှိနေပြီး သူ့အတွက်လိုအပ်သော အရင်းအမြစ်များရရှိနိုင်ပါက ဆင့်ကဲပြောင်းလဲမှု ရရှိနိုင်မည်။

နွယ်ပင်သည် စုရီလက်ထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအလား သူနှင့် တစ်သားတည်းဖြစ်သွားတော့၏။

“ ဝှစ် ... ။ ”

အတွေးတစ်ချက်ဖြင့် (၃)ပေ (၄)လက်မ အရွယ်၊ မီးခိုးရောင်သန်းသော ရှေးဟောင်းဓား အဖြစ် ပြောင်းလဲလာသည်။ တစ်ဆက်တည်းပင် သူ့စွမ်းအားကိုလည်း စုရီကျင့်ကြံမှုနှင့် ကိုက်ညီ လာသည်အထိ လျော့ချပေးခဲ့၏။

“ ဝှစ် ... ။ ”

ထို့နောက်တွင် မီးခိုးရောင်လေးအဖြစ် ပြောင်းလဲသွားပြီး ကြယ်များကိုပစ်ချနိုင်မည့် အရှိန်အဝါများ ပေါက်ကွဲလာပြန်သည်။

“ ဝှစ် ... ။ ”

တတိယအသွင်ပြောင်းမှုသည် (၄)ပေအရွယ်ခန့် မီးခိုးရောင်ဒိုင်းဖြစ်လေသည်။ ယင်းသည် ဒိုမိန်းအဆင့်ဥပဒေများကိုပင် ကာကွယ်ပေးနိုင်ကြောင်း ခံစားရ၏။

“ အရမ်း ကောင်းတယ်။ ”

စုရီက ချီးကျူးလိုက်သည်။ သူ၏ အတိတ်ဘဝ အတွေ့အကြုံအရ ဤရတနာမှာ ငရဲဘုံကိုးပါးဓားပြီးနောက် ဒုတိယမြောက် အကောင်းဆုံးရတနာပေပင်။

“ ဒါနဲ့ ရွှမ်ဟွမ်ကြယ်ရဲ့ ပထမအဆင့် နတ်ဘုရားရတနာနဲ့ ဒုတိယအဆင့် နတ်ဘုရား ရတနာကရော ဒီမှာရှိသေးလား ... ။ ”

စုရီက မေးလိုက်သည်။ ငှက်ကလေးမှ ခေါင်းရမ်းပြပြီး၊

“ မရှိတော့ဘူး သူတို့က ရွှမ်ဟွမ်ကြယ်စု ကပ်ဘေးသင့်ပြီးမကြာမီ ထွက်ခွာသွားကြတယ် လက်ရှိမှာ ဒီရတနာက ကြယ်စုအတွင်း ပထမအဆင့် ရတနာဖြစ်နေပြီ။ ”

နတ်ဘုရားအဆင့် ရတနာများသည် ဝိညာဉ်ရှိသဖြင့် သူတို့၏အလားအလာအတွက် နေရပ်စွန့်ခွာတတ်ကြသည်မှာ သဘာဝပေပင်။

စုရီမှခေါင်ညိတ်ပြပြီး ဆုလာဘ်ကို သိမ်းဆည်းလိုက်ကာ တတိယအဆင့်ဖြစ်သော စမ်းသပ်မှုထံ ပို့ပေးရန်တောင်းဆိုလိုက်သည်။

ဤအဆင့်တွင် ပေ(၁၀၀)ကျယ်ဝန်းသော စင်မြင့်တစ်ခုဖြစ်ပြီး ကောင်းကင်၌ကြယ်တာရာ (၁၀၈)လုံးရှိနေသည်။ စမ်းသပ်ခံသူသည် မိမိ၏ ဥပဒေစည်းမျဉ်းများစွမ်းအားကို အသုံးပြု၍ ထိုကြယ်များထံ တိုက်ခိုက်ရပေမည်။

ကြယ်ကိုထိမှန်ပါက ၎င်းမှာ အလင်းများထွန်းလင် တောက်ပလာမည်ဖြစ်၏။ ထိုကြယ်များသည် ရှေးဟောင်းနတ်ဘုရားများမှ တိုက်ပွဲဝင်ဆန္ဒဖြင့် ဖန်တီးထားခြင်း ဖြစ်သဖြင့် ထိမှန်နိုင်ရန်အလွန်ခက်ခဲသည်။

စည်းမျဉ်းအရ (၃)လအတွင်း ကြယ်(၉)ထွန်းညှိနိုင်ရပေမည်။ စုရီအသွင်သည် ထွက်ပေါ်လာသောအခါ အခြားလူတစ်ဦးလည်း ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုသူသည် အလွန်အမင်း အားစိုက်ထုတ်နေရဟန်ဖြင့် ကြယ်တစ်လုံးကို ထိန်းညှိရန်ကြိုးစားနေသည်။ သို့သော်ကြယ်မှာ ကျွမ်းကျင်သူတစ်ဦးအလား အလွယ်တကူ ရှောင်တိမ်းနေခဲ့၏။

တစ်ဖက်လူ၏ အဝတ်အစားနှင့် ရင်ဘတ်ပေါ်ရှိတံဆိပ်ကို တစ်ချက်ကြည့်ရုံဖြင့် ကြယ်မြစ်ဂိုဏ်းမှ ဖြစ်ကြောင်း သိရှိလိုက်သည်။

ကွေ့ယွီအဆင့် အစွမ်းထက်သော နယ်ပယ်ဘုရင်တစ်ပါးပေပင်။ သူသည်လည်း စုရီရောက်လာသည်ကို သိရှိသွားကာ ချက်ချင်း ရပ်တန့်လိုက်သည်။

“ မင်းက လောကသခင်ဝင်စားသူလား။ ”

ထိုသူက မျက်မှောင်ကြုတ်လျက် စုရီကိုစစ်ဆေးကြည့်ကာ မေးမြန်းလာတော့၏။ စုရီက ချက်ချင်းပြန်မဖြေသေးဘဲ ကြယ်တာရာ (၁၀၈)လုံးထံ မော့ကြည့်ကာ၊

“ ဟုတ်တယ် ... ။ ”

-ဟု ခေါင်းညိတ်လိုက်သည်။

“ ငါ့အမည်က ရွယ်ချန်ကျင်း ... ကြယ်မြစ်ဂိုဏ်းရဲ့ ကြယ်ခန်းမသခင်ပဲ ... ငါမှာ မင်းအတွက် မေးခွန်းတစ်ခုရှိတယ်။ ”

“ မင်းရဲ့လူတွေအကြောင်း မေးချင်တာ မဟုတ်လား မရှိတော့ဘူး ငါသတ်လိုက်ပြီ။ ”

စုရီက လှည့်ကြည့်ကာ ပြန်ဖြေ၏။ ထိုအဖြေကြောင့် ရွယ်ချန်ကျင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်လေသည်။

“ စိတ်မကောင်းစရာပဲ ... ဒါက စမ်းသပ်မှုလမ်းမှာဖြစ်နေတယ် ဒီမှာစမ်းသပ်ခံ အချင်းချင်း တိုက်ခိုက်တာကို စည်းမျဉ်းက တားမြစ်ထားတယ် ...

... မဟုတ်ရင် ... မင်းကို ငါကိုယ်တိုင် သတ်ပြီး သူတို့အားလုံးအတွက် လက်စားချေ ပေးမိလိမ့်မယ်။ ”

ရွယ်ချန်ကျင်းမှ လေးကန်စွာဆိုသည်။ စုရီကပြုံးလိုက်ပြီး၊

“ တိုက်ဆိုင်လိုက်တာ ... ငါလည်း မင်းကိုသတ်ဖို့စဉ်းစားနေတာ။ ”

-ဟု တုန့်ပြန်ကာ နွယ်ပင်အမြစ်ကို ထုတ်ယူလိုက်တော့၏။

“ ဟုတ်လား ဒါဆိုစည်းမျဉ်းတွေက မင်းကိုအပြစ်ပေးမှာကို မကြောက်ဘူးလား။ ”

“ ဝှစ် ... ။ ”

ရွယ်ချန်ကျင်းမှ လှောင်ပြုံးဖြင့် စိန်ခေါ်နေစဉ်မှာပင် စုရီက နွယ်ပင်အမြစ်ဖြင့် ပါးရိုက်ချလာသည်။

“ ဟမ့် ... ။ ”

“ ဘုန်း ... ။ ”

စမ်းသပ်ကွင်းရှိ အရပ်ရပ်မှ ဥပဒေစွမ်းအားများသည် စုရီကိုတားဆီးရန် ကြိုးမျှင်များအလား ထွက်ပေါ်လာသော်လည်း နွယ်ပင်အမြစ်မှ ဖြတ်တောက်ပေးလိုက်၏။

ထို့ကြောင့် နွယ်ပင်အမြစ်သည် ရွယ်ချန်ကျင်းပါးပြင်သို့ အတားအဆီးမဲ့စွာပင် ကျရောက်သွားပြီး အရေပြားများ ကွဲအက်ကာ သွေးချင်းချင်းနီသွားစေတော့သည်။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ရွယ်ချန်ကျင်းတစ်ယောက် အံ့အားသင့်တုန်လှုပ်သွား၏။ စည်းမျဉ်းများမှာ တစ်ဖက်လူကို လုံးဝတားဆီးနိုင်ခြင်းမရှိချေ။ တစ်ခုခုမှားယွင်းနေချေပြီ။

“ တကယ့်ရတနာပဲ။ ”

တစ်ဖက်တွင် စုရီသည် နွယ်ပင်အမြစ်ကို ပြန်ကြည့်ကာ ရွှင်မြူးလာ၏။ ဤနွယ်ပင်သည် ရွှမ်ဟမ်ကြယ်မိခင်ချီမှ မွေးဖွားလာသောကြောင့် သဘာဝအတိုင်း ရွှမ်ဟွမ်ဥပဒေများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိချေသည်။

“ ဘယ်လိုလဲ ... အရသာရှိလား။ ”

“ မင်း ... ။ ”

“ ဝှီး ... ။ ”

“ ဘုန်း ... ။ ”

စုရီက အပြုံးများဖြင့် လက်တစ်ဖက် နောက်ပို့ကာကျောင်းဆရာမှ ကျောင်းသားကို ဆုံးမနေသကဲ့သို့ လိုက်လံရိုက်နှက်တော့၏။

ရွယ်ချန်းကျင်းခမျာ ‌ရှောင်တိမ်း နေသော်လည်း အကြိမ်ကြိမ်ပါးရိုက်ခံရသဖြင့် ဒေါသများထွက်လာခဲ့သည်။

“ မင်းသေချင်နေတာပဲ ... ။ ”

အဆုံး၌ သည်းမခံနိုင်တော့ဘဲ ကွေ့ယွီအဆင့်ရောင်ဝါများထုတ်ဖော်ကာ စုရီကို ပြန်လည်တိုက်ခိုက်လိုက်တော့၏။

“ ဟမ့် ... ဘာလို့လဲ ... ဒါဘာလို့လဲ။ ”

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

သို့သော် စည်းမျဉ်းများသည် လျင်မြန်စွာအသက်ဝင်လာပြီး သူ့ဥပဒေများကို ချက်ချင်းဖိနှိပ်လျက် ရုန်းမထွက်နိုင်အောင် ဖြစ်လာစေခဲ့သည်။

“ စုရွှမ်ကြွယ် ... မင်းစည်းမျဉ်းတွေကို ဗြောင်ကျကျချိုးဖောက်နေတာပဲ ... မင်းဒီလို လှည့်စားဝံ့သလား။ ”

ရွယ်ချန်ကျင့်တစ်ယောက် ရူးသွပ်စွာ အော်ဟစ်လိုက်၏။ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခြင်းသည် သူ့ကို ပို၍ပင် ချုပ်နှောင် ခံလိုက်ရစေသည်။

“ ဖရူး ... ။ ”

ထိုစဉ် ရောင်စုံငှက်ကလေး ထွက်ပေါ်လာသဖြင့် ရွယ်ချန်ကျင့်တစ်ယောက် ဝမ်းသာအားရဖြင့် အားကိုးတကြီးမော့ကြည့်၏။

“ သံတမန် ... မြန်မြန် ... မြန်မြန် အရေးယူပေးပါ ... ဒီစုမျိုးရိုးနဲ့လူက ငါ့အပေါ် စည်းမျဉ်းတွေကို လှည့်စားချိုးဖောက်ပြီး ရိုက်နှက်နေပါတယ်။ ”

ရွယ်ချန်ကျင်း၏ တိုက်တမ်းမှုကြောင့် ငှက်ကလေးက အနည်းငယ် မျက်မှောင်ကြုတ် လိုက်ပြီး ‌စဉ်းစားသွား၏။ ပြီးနောက်၊

“ သူ မတရားလုပ်နေတာ မဟုတ်ဘူး ဒီတားမြစ်မြေရဲ့ ဥပဒေစည်းမျဉ်းတွေက သူ့ကို အပြစ်ပေးဖို့ ကြိုးစားပေမဲ့ မအောင်မြင်တာပါ။ ”

-ဟု ရှင်းပြလိုက်၏။

“ ဟမ့် ... ဒါက။ ”

ထိုအဖြေက ရွယ်ချန်ကျင်းကို ရူးမတတ် ဖြစ်သွားစေပြီး၊

“ ဒါ ... ဒါကို မတရားမှုလို့မခေါ်ရင် ဘာခေါ်မလဲ ... ငါတို့လို စည်းမျဉ်းလိုက်နာတဲ့ ရိုးသားတဲ့လူတွေက နှိပ်စက်ခံနေရမှာလား ...

... လုံးဝ ... လုံးဝမတရားဘူး ... ငါရွယ်ချန်ကျင်း တားမြစ်နယ်မြေကြီးကနေ လွတ်မြောက်နိုင်ခဲ့ရင် ဒီမတရားမှုအကြောင်း ကြယ်လွင်ပြင်ဒေသကြီး တစ်ခုလုံးသိအောင် ပြောပြလိုက်မယ်။ ”

-ဟု ငိုညည်းတော်၏။

ထိုမြင်ကွင်းကြောင့် ငှက်ကလေးနှင့် စုရီတို့သည် ပြောစရာစကားလုံးများ ကင်းမဲ့သွား ခဲ့ချေပြီ။ ကွေ့ယွီအဆင့် နယ်ပယ်ဘုရင်သည် ဧကရာဇ်တစ်ပါးကို သတ်ခွင့်မရသည့်အတွက် မတရားမှုဟု ညည်းတွားဝံ့သည်လော။

“ ကောင်းပြီ ... ဒီနေရာရဲ့ ဥပဒေစည်းမျဉ်းတွေကို ခဏလောက်တော့ ဖယ်ရှားပေးလိုက်ပါ ငါသူ့ကို မျှမျှတတ တိုက်ခိုက်ခွင့်ပေးမယ်။ ”

အဆုံး၌ စုရီသည် သည်းမခံနိုင်တော့ဘဲ ငှက်ကလေးကိုပြောကြားခဲ့၏။ ငှက်ကလေးမှ ခဏမျှစဉ်းစားပြီး သဘောတူကာ စည်းမျဉ်းများ ရုပ်သိမ်းပေးလိုက်တော့သည်။

“ ဟားဟားဟား ... သေလိုက်တော့။ ”

ရွယ်ချန်ကျင်းခမျာ ရွှင်မြူးသွားပြီး ကွေ့ယွီအဆင့်စွမ်းအားကို ချက်ချင်းထုတ်ဖော် တိုက်ခိုက်လိုက်လေသည်။ သို့သော် စုရီမှ ခေါင်းရမ်းလိုက်၏။

“ မင်းလိုပြိုင်ဘက်မျိုးက ငါ့အတွက် အရေးမပါတော့ဘူး။ ”

စကားဆုံးသည်နှင့် မီးခိုးရောင် အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားသည်။ ရွယ်ချန်ကျင်း၏တိုက်ခိုက်မှုမှာ ချက်ချင်း ပြိုကျလာတော့၏။

“ ဖောက် ... ။ ”

နောက်တစ်ခဏတွင် ရွယ်ချန်ကျင်း၏နဖူးတွင် အက်ကွဲရာပေါ်လာပြီး သွေးများပန်းထွက်လာတော့၏။ ရွယ်ချန်ကျင်း တစ်ယောက် တစ်ချက်မျှပင် မအော်နိုင်ခဲ့ဘဲ ပြာအဖြစ်ပြောင်းလဲသွားခဲ့ချေပြီ။

“ တကယ် အသုံးဝင်တယ်။ ”

စုရီသည် သူ့လက်ထဲရှိ မီးခိုးရောင် နွယ်မြစ်ထံငုံ့ကြည့်ခဲ့ကာ လုံးဝရတနာဖြစ်မှန်း နားလည်လိုက်တော့၏။

***

အခန်း ၉၃၈ -

လျှို့ဝှက်ဆန်းကြယ်သော အရိုးဖြူလက်နှင့် နတ်ဆိုးခေတ်မှအမျိုးသား။

စည်းမျဉ်းများကို ဖယ်ရှားပြီးနောက် တစ်ဖက်လူသည် ရွှမ်ဟွမ်သဘာဝနတ်ဘုရား နွယ်ပင်အမြစ်နှင့် ‌ကွေ့ယွီနယ်ပယ်ဘုရင်ကို တစ်ချက်တည်း သတ်ပစ်လိုက်သည့်အပေါ် ငှက်ကလေးမှာ မျက်လုံးပြူးသွား၏။

“ အတိတ်ကာလတုန်းက မရေမတွက်နိုင်နဲ့ပါရမီရှင်တွေ ဒီကိုဝင်လာတာ ငါမြင်ဖူးတယ် ဒါပေမယ့် မင်းလို ...

... ရွှမ်ဟဲဧကရာဇ်အဆင့်နဲ့ ကွေ့ယွီနယ်ပယ်ဘုရင်တစ်ပါးကို အလွယ်တကူ သတ်နိုင်လိမ့်တဲ့လူ ငါမမြင်ဖူးဘူး။ ”

“ မှန်တယ် ... ဒီလောကကြီးမှာ ငါ့လိုလူမျိုးနှစ်ယောက်မရှိဘူး ခုလည်း မရှိဘူး ... နောင်လည်း မရှိနိုင်ဘူး။ ”

“ ဟမ့် ... ကြွားလုံးထုတ်မနေနဲ့ ရှေးဦးခေတ်တုန်းက ဟုန်ထျန်းကျွင်းလည်း မင်းလိုပဲ ဧကရာဇ်နယ်ပယ်ရှိ နယ်ပယ်ဘုရင် တစ်ပါးကို သတ်နိုင်ခဲ့တယ်။ ”

“ ဟုတ်လား ... အဲဒီနယ်ပယ်ဘုရင်က ကွေ့ယွီအဆင့်လား။ ”

“ အဲဒီအဆင့်တော့ မဟုတ်ဘူး ... ။ ”

ငှက်ကလေးက တွန့်ဆုတ်သွား၏။ စုရီမှ ပြုံးလိုက်လေသည်။

“ ငါ အတွင်းပိုင်း တားမြစ်နယ်မြေထဲ ဝင်လာတုန်းက ... အဲဒီ စီရင်သူခြောက်ယောက် ဝိုင်းတိုက်ခဲ့တာကို မင်းမြင်တယ်မဟုတ်လား ...

... ဟုန်ထျန်းကျွင်း ဧကရာဇ်အဆင့်မှာ ရှိနေတုန်းက ငါလိုပဲ ... အဲဒီလိုလုပ်နိုင်မယ်လို့ မင်းထင်လား။ ”

ငှက်ကလေးမှာ ပြန်မဖြေတော့ချေ။ ဆိုလိုသည်မှာ ဟုန်ထျန်းကျွင်းသည် ဧကရာဇ် အဆင့်ဖြင့် နယ်ပယ်ဘုရင်များကို သတ်နိုင် သော်လည်း စုရီထက်နိမ့်ကျနေသေး၏။

“ မေ့လိုက်ပါ မင်းမြန်မြန်လုပ်ပြီး စမ်းသပ်မှုကိုကျော်လွှားပြပါ ဒီတတိယအကြိမ် စမ်းသပ်မှုကို မင်း အောင်မြင်နိုင်မလားဆိုတာ ငါကြည့်ချင်တယ်။ ”

ငှက်ကလေးစကားကြောင့် စုရီက အာရုံပြောင်းသွားပြီး ကောင်းကင်ပေါ်ရှိ ကြယ် (၁၀၈)လုံးထံကြည့်ကာ၊

“ အဲဒီကြယ်တစ်လုံးချင်းစီဟာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ပွဲတွင် ဆန္ဒဝိညာဉ်တွေမဟုတ်လား၊ ဒါက ...

... ရွှမ်ဟွမ်ကြယ်စုရဲ့ ‌ရွှေခေတ်တုန်းက ဒဏ္ဍာရီလာပုဂ္ဂိုလ်လို့ခေါ်တဲ့ ပုဂ္ဂိုလ်(၁၀၈)ပါး ရှိတယ်လို့ ဆိုလိုတာလား။ ”

-ဟု မေးမြန်းလိုက်၏။

“ မဟုတ်ဘူး သူတို့ထဲက (၃၆)ပါးပဲ မင်းပြောနေတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ဆိုတဲ့ဘွဲ့ကို ထိုက်တန်တယ် ... ဒဏ္ဍာရီလာပုဂ္ဂိုလ်ဆိုတဲ့ ဘွဲ့ဟာ တာအိုအားလုံးရဲ့ဘိုးဘေးလို့ ခေါ်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်ကိုပဲ အပ်နှင်းတာ ...

... သက်ရှိအားလုံးမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ တစ်ယောက်ချင်းစီဟာ ခေတ်တစ်ခုလုံးကို ဦးဆောင်နိုင်တယ် ...

... အဲဒီတုန်းက သူတို့ရဲ့ ... ကျင့်ကြံမှုအဆင့်က ကောင်းကင်ဉာဏ်အလင်း အဆင့်မှာရှိနေကြတယ်။ ”

ငှက်ကလေးမှ ပြန်ဖြေသည်။ စုရီခမျာ မျက်မှောင်ကြုတ်သွားပြီး၊

“ ဒါဆို ... ဒီကမ္ဘာကြီးမှာ ကောင်းကင် ဉာဏ်အလင်းအဆင့်ထက် ပိုမြင့်မားလှတဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေ မရှိဘူးလား။”

-ဟု မေးမြန်းလိုက်၏။

“ ရှိသင့်တယ် ... ။ ”

“ မင်းဘာကို ဆိုလိုတာလဲ။ ”

ငှက်ကလေးမှ သက်ပြင်းချလျက် မည်သည့်အရာမျှမဖုံးကွယ်ဘဲ အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောပြ လာတော့၏။

ရွှမ်ဟွမ်ကြယ်စု၏ အုပ်စိုးရှင် ဟုန်ထျန်းကျွင်းသည် ကောင်းကင်လမ်းထက် သာလွန်သောလမ်းကို နားလည်ခဲ့သည်။

ထို့ကြောင့် ရဲရင့်သောစိတ်ဓာတ်ဖြင့် သူ့ကိုယ်သူသက်သေပြနိုင်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်ထား၏။ သို့သော် သက်သေမပြနိုင်ခင် ထိုကပ်ဘေးကြီး ကျရောက်လာသည်။

“ ဟမ့် ... ဒါဆို အဲဒီကပ်ဘေးကြီးက ဟုန်ထျန်းကျွင်းအပေါ် ရည်ရွယ်ခဲ့တာများလား။ ”

“ အဲဒီလို မဟုတ်ဘူး ... တိုက်ဆိုင်မှုတစ်ခုလို့ပဲ ပြောလို့ရတယ် ။ ”

“ ငါတော့ မယုံဘူး။ ”

စုရီက ခေါင်းကို အနည်းငယ်ခါလိုက်သည်။ လောကသခင်အဖြစ် ကြယ်လွင်ပြင်အနှံ့အပြား ခရီးနှင်ကာ ထိုလမ်းကို သူ ရှာခဲ့ဖူးသည်။

အကျိုးဆက်အနေဖြင့် တံခါးဝကို ခြေချနိုင်ခဲ့၏။ သို့သော် ကံမကောင်းလှစွာဖြင့် သူ့တာအိုတွင် ချို့ယွင်းချက်တစ်ခုရှိနေခဲ့ရာ ဝင်စားခြင်းလမ်းကို ရွေးချယ်ခဲ့ရသည်။

ထိုအချိန်အတွင်း ထူးဆန်းပြီး ပုံမှန်မဟုတ်သော အရာများစွာ ကြုံတွေ့ခဲ့ရ၏။ ယင်းသည် ဒုက္ခများ၊ ကပ်ဘေးများ ကံကြမ္မာ အရှုပ်အထွေးများ စသည်တို့ဖြစ်သည်။

ဆိုလိုသည်မှာ ထိုမြင့်မြတ်သောလမ်းကို ချဉ်းကပ်ရာတွင် မမြင်ရသောလက်တစ်ဖက်မှ သူ့ကို တားဆီးထားသလိုပေပင်။

ယင်းကြောင့် ဟုန်ထျန်းကျွင်း၏ ဘဝဇာတ်ကြောင်း အတွေ့အကြုံများစွာကို ကြားသိပြီးနောက်တွင် သူ့ဖြစ်စဉ်နှင့်တူကြောင်း နားလည်လိုက်ခြင်းဖြစ်သည်။

“ ကောင်းပြီ ... အဲဒါတွေအားလုံး အတိတ်တွေပါ အခုမင်းလုပ်ရမှာက တတိယ စမ်းသပ်မှုကို အောင်မြင်ဖို့ပဲ ... ငါမင်းကို သတိမပေးဖူးလို့ အပြစ်မတင်နဲ့ ...

... မင်းဒီအဆင့်ကို ဝင်လိုက်တည်းက အချိန်စမှတ်နေပြီ မင်းအတွက် ကြိုးစားဖို့ အချိန်သိပ်မကျန်တော့ဘူး။ ”

ငှက်ကလေးသည် ဟုန်ထျန်းကျွင်း အကြောင်း မပြောချင်မှန်းနာလးည်လိုက်သဖြင့် စုရီမှ အတင်းအကျပ် စကားမဆိုတော့ချေ။ ကောင်းကင်မှ ကြယ်(၁၀၈)လုံးထံ ချက်ချင်း မော့ကြည့်လိုက်၏။

“ မင်းရဲ့ကိုယ်ပိုင် တာအိုစွမ်းအားကိုပဲ သုံးလို့ရတယ်ဆိုတာမမေ့နဲ့ ... ပြင်ပအရာတွေ အပေါ် အားကိုးခဲ့ရင် ဖယ်ရှားခံရလိမ့်မယ်။ ”

“ ဝမ် ... ။ ”

ငှက်ကလေးမှ သတိပေးစကားဆိုနေစဉ် ကောင်းကင်မှအသံတစ်သံ မြည်ဟည်းလာခဲ့ပြီး ကြယ်တစ်လုံး လင်းလက်သွားချေပြီ။

“ ဝမ် ... ။ ”

ထို့နောက် ဒုတိယကြယ် လင်းလာ၏။ ငှက်ကလေးခမျာ မယုံကြည့်နိုင်စွာဖြင့် စုရီကို ပြန်ကြည့်လိုက်လေသည်။

“ ဒီလောက် လွယ်တာလား ... ။ ”

“ ဝမ် ... ။ ”

“ မင်း ... ။ ”

“ ဝမ် ... ဝမ် ... ဝမ် ... ။ ”

ခဏအတွင်းမှာပင် ကြယ်(၁၀၈)လုံး လျင်မြန်စွာလင်းလက်လာနေသဖြင့် ထိုနေရာ၌ မှင်သပ်စွာ ငေးကြည့်နေခဲ့မိလေသည်။

စုရီ၏ ကျောက်စိမ်းရောင် ဝတ်လုံသည် တဖျပ်ဖျပ်ခတ်နေပြီး အနားတဝိုက်၌ ဥပဒေများ စီးမျောနေကာ သာလွန်မွန်မြတ်သော အသွင်မျိုးပြသနေသည်။

ကြယ်တစ်လုံးသည် စစ်မှန်သော နယ်ပယ်ဘုရင်တစ်ပါး၏ ဝိုက်ပွဲဝင်ဆန္ဒဖြစ်ကာ စုရီလုပ်ဆောင်သမျှသည် ထိုသူနှင့် တိုက်ခိုက်ခြင်းဖြစ်လေသည်။

သို့သော် ငှက်ကလေး၏အမြင်တွင် လက်တစ်ဖက်နောက်ပို့လျက် အခြားသော လက်တစ်ဖက်ဖြင့် ကြယ်မီးအိမ်များထွန်းညှိနေ သကဲ့သို့ ထင်မှားလာစေသည်။

ထို့ကြောင်ပင် တစ်ဖက်လူသည် ဟုန်ထျန်းကျွင်း၏ တာအိုအုတ်မြစ်ထက် ပို၍ပင် ခိုင်မာသော အုတ်မြစ်ရှိနေကြောင်း နားလည်လိုက်ချေပြီ။

ဤတတိယအဆင့်ရှိ ကြယ်(၁၀၈)လုံးမှာ ရှေးဦးခေတ်က ဒဏ္ဍာရီလာပုဂ္ဂိုလ် (၁၀၈)ပါး၏ တိုက်ပွဲဝင်ဆန္ဒဝိညာဉ်များ ဖြစ်သည်။

တာအိုအားလုံး၏ ဘိုးဘေးအဖြစ် တင်စားခြင်းခံရလောက်အောင် ဝိညာဉ်များ အားလုံး၌ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များဖြစ်၏။

၎င်းတို့အနက် (၃၆)ပါးသည် အုပ်စိုးရှင်များဖြစ်၏။ ထိုအချိန်က သူတို့တွေ၏ ကျင့်ကြံမှုသည် ကောင်းကင်လမ်း အထွတ်အထိပ်ပေပင်။

“ ဝမ် ... ။ ”

“ ဟမ့် ... ပြီးသွားပြီလား။ ”

ငှက်ကလေးခမျာ နစ်မျောနေဆဲမှာပင် ကောင်းကကင်၌ ကြယ်(၁၀၈)လုံး တောက်ပ နေခဲ့ပြီဖြစ်သည်။ သတ်မှတ်ကာလ (၃)လတိတိ ပေးအပ်ထားသော်လည်း မိနစ်ပိုင်းအတွင်း ပြီးဆုံးသွားခဲ့ချေပြီ။

စုရီက ဗလာဖြစ်နေသော ကျောက်တိုင်ပေါ်တွင် သူ့အမည်တစ်လုံးတည်း သည်သာ ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

များမကြာခင် အလင်းရောင်များ ဖြာထွက်လာပြီး ကြေးဝါသေတ္တာတစ်လုံး လေထဲပျံဝဲလျက် ထွက်ပေါ်လာ၏။

အတွင်း၌ အလွန်ထူးခြားသော အဖြူရောင်လက်ရိုးတစ်ဖက် ပါရှိနေသည်။ ထိုလက်ရိုးသည်နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေကာ အိပ်မက်ဆန်သော အလင်းတန်းများ ဖြာထွက်နေခဲ့၏။

၎င်းကို ကြည့်ရုံဖြင့် ပြင်းစွာသော ဖိအားများကိုခံစားလိုက်ရပြီး အတိတ်မြင်ကွင်း ပုံရိပ်လွှာများ ထွက်ပေါ်လာတော့သည်။

လောကကြီးတစ်ခုလုံး ပျက်သုဉ်းခြင်း အလင်းများဖုံးလွှမ်းနေပြီး ကြီးစွာသောတိုက်ပွဲ မြေပြင်ကို မြင်နေရသည်။

နတ်ဘုရားနှင့် နတ်ဆိုးများသည် အပြင်းအထန်တိုက်ပွဲဝင်နေခဲ့ကြကာ သွေးများ မိုးအဖြစ်ရွာသွန်းနေ၏။ ကောင်းကင်နှင့် မြေကြီး လုံးဝတုန်ဟည်းနေသည်။

“ နတ်ဘုရားတွေရဲ့ ပဋိညာဉ်ကို လောကကြီးအတွင်း ဘယ်သူမှ ချိုးဖောက်ခွင့် မရှိဘူး ... ။ ”

ကောင်းကင် အထက်တွင် အချိန်မြစ်ကြီးစီးဆင်းနေကာ လှိုင်းခုံးပေါ်တွင် တစ်စုံတစ်ဦးရပ်နေခဲ့သည်။

ထိုသူသည် အဖြူရောင်ဝတ်လုံနှင့် လှံတံကိုကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ သူသည် ယနေ့ခေတ်မှမဟုတ်ဘဲ အချိန်မြစ်ကြီးကို စီးနင်းလာသူပေပင်။

“ နတ်ဘုရားတွေရဲ့ ပဋိညာဉ်ကို လောကကြီးအတွင်း ဘယ်သူမှ ချိုးဖောက်ခွင့် မရှိဘူး ... ။ ”

ထိုသူက မြေပြင်ကို ငုံကြည့်ကာ ကျယ်လောင်စွာအော်ဟစ်နေစဉ် သွယ်လျသော အမျိုးသမီးလက်တစ်ဖက်ပေါ်လာပြီး သူ့ကို ပါးရိုက်ချသွားတော့သည်။

“ ဝူး ... ။ ”

“ ဟမ့် ... နတ်ဘုရားတွေရဲ့ပဋိညာဉ်အရ ယနေ့ခေတ် တာအိုအတက်အကျလှိုင်းကိုလည်း မင်းမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ မသိဘူး ... ။ ”

“ ဘုန်း ... ။ ”

အဖြူရောင်ဝတ်လုံနှင့် သူခမျာ ထိုပါးရိုက်ချက်ကြောင့် အချိန်မြစ်ကြီးအတွင်းသို့ နစ်မြုပ်လျက် ပျောက်ကွယ်သွားတော့၏။ ထိုသူ ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲအတွင်း ပျံ့နှံ့နေသော နတ်ဆိုးများအားလုံး လွင့်ပါး ပျောက်ကွယ်ကုန်တော့သည်။

တစ်ဆက်တည်းမှာပင် ပျက်စီးနေသော အရိုင်းမြေတစ်ခုတွင် ဒဏ်ရာများပြင်းထန်စွာနှင့် အမျိုးသားတစ်ဦး ဒူးထောက်ထိုင်နေသည်။ သူသည် ဟုန်ထျန်းကျွင်းဖြစ်၏။

သူ့နားတဝိုက် မဟာတာအိုသည် တိုက်စားခံနေရပြီ ယိုယွင်းပြိုကျမတတ်သော အရိပ်အယောင်များပြသနေ၏။ သို့တိုင် အရိုးဖြူ လက်တစ်ဖက်ကို ကြေးညိုသေတ္တာငယ်ထဲသို့ ဂရုတစိုက် ပြန်ထည့်နေခဲ့သည်။

“ ဘာနတ်ဘုရားပဋိညာဉ်လဲ ... တစ်ယောက်ယောက်က ဝင်စားခြင်းသံသရာကို ယူဆောင်မှာ မင်းတို့ ကြောက်နေကြတာ မဟုတ်လား ... ။”

သူသည် ဤစီနီယာအရိုးဖြူလက်ကို ဆက်လက်ကာကွယ် မပေးနိုင်တော့သော်လည်း တစ်နေ့တွင် ထိုစီနီယာ ပြန်လည်ရောက်ရှိ လာမည်ဟု ယုံကြည်နေခဲ့သည်။

တစ်ဆက်တည်းမှာပင် ခါးသီးသော အသွင်ဖြင့် ပြိုလဲပျောက်ကွယ်သွားကာ စုရီမှ ပြန်လည်နိုးထလာ၏။

ဤမြင်ကွင်းများအရ ရွှမ်ဟွမ်ကြယ်စု ကပ်ဘေးဖန်တီးသူသည် အချိန်မြစ်ကြီးပေါ်မှ ပါးရိုက်ခံရသည့် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသားဖြစ်သည်။

ထိုသူသည် နတ်ဘုရားပဋိညာဉ်ကို အကြောင်းပြကာ ရွှမ်ဟွမ်ကြယ်စု၏ ဥပဒေ စည်းမျဉ်းအပေါ် ဖျက်ဆီးခဲ့သူပေပင်။

သူ့ရည်ရွယ်ချက်သည် ကမ္ဘာကြီးအတွင်း ဝင်စားခြင်းသံသရာကို တားဆီးရန် ဖြစ်သည်။ အရိုးဖြူလက်ပိုင်ရှင်သည် အမျိုးသမီးဖြစ်ကာ ထိုအဖြူရောင်ဝတ်အမျိုးသားကို ပါးရိုက် သတ်ပစ်လိုက်၏။

သူမသည် ဤခေတ်မှ ဟုတ်ပုံမရချေ။ ဟုန်ထျန်းကျွင်းတစ်ယောက် ထိုလက်ကြီးကို စောင့်ရှောက်ပေးရန် တစ်စုံတစ်ဦးမှ စေခိုင်းထားပုံပေပင်။

ထို့နောက် စုရီက ဝင်စားခြင်းဥပဒေ စွမ်းအားအသုံးပြု၍ အရိုးဖြူလက်ကိုစစ်ဆေးရာ တားမြစ်တံဆိပ်နှင့် ပိတ်မိနေသော ဆန္ဒဝိညာဉ် တစ်ပါးအား မြင်လိုက်ရတော့သည်။

ထိုဝိညာဉ်ပုံရိပ်သည် မှိန်ဖျော့ဝေဝါးပြီး သူ့ကိုယ်သူ မည်သူမည်ဝါ ဖြစ်ခဲ့ကြောင်းကိုပင် မမှတ်မိနိုင်တော့ချေ။ မှတ်ဉာဏ်‌များ ပျောက်ဆုံးနေပြီဖြစ်သည်။

ဤသည်မှာ အချိန်မြစ်ကြီးပေါ်မှ ပါးရိုက်ခံရမှုကြောင့် ပျောက်ကွယ်သွားခဲ့ရသော အဖြူဝတ်အမျိုးသား၏ အကြွင်းအကျန်ဝိညာဉ် အပိုင်းအစတစ်ခုလေးပေပင်။

တစ်ဖက်တွင် ငှက်ကလေးသည် စုရီတစ်ယောက် အရိုးဖြူလက်ထံစိုက်ကြည့်ကာ ခံစားချက်များ အမျိုးမျိုးပြောင်းလဲနေသည်ကို သတိထားမိကာ မေးမြန်းလိုက်တော့၏။

“ စမ်းသပ်ခံ ... မင်း ဘာတွေ့ခဲ့လဲ။ ”

***

All Chapters