အခန်း (၉၃၉-၉၄၀)
Vol. 79 Ch. 939-940
အခန်း ၉၃၉ –
အရာခပ်သိမ်းဖျက်သိမ်းခြင်း ငရဲဓားဥပဒေ။
“ ပြောပြလည်း မင်းနားလည်မှာ မဟုတ်ဘူး။ ”
စုရီက ကြေးသေတ္တာကို သိမ်းဆည်းလျက် တုန့်ပြန်လိုက်သည်။ သူသည် နယ်ပယ်ဘုရင်သို့ တက်လှမ်းပြီးမှသာ ဤလက်အရိုးအတွင်းရှိ ဝိညာဉ်ထံစူးစမ်းရန် ဆုံးဖြတ်ထားခဲ့၏။
“ ငါက နားမလည်နိုင်ဘူးလား။ ”
ငှက်ကလေးမှာ ဒေါသထွက်သွား သော်လည်း တစ်ဖက်လူမှမပြောလိုသည့်နောက် သူ လုပ်နိုင်စရာမရှိတော့ချေ။
များမကြာမီ အလင်းစက်များ ဖြာထွက်လာပြီး စုရီခန္ဓာကိုယ်ကိုပင့်မလိုက်ကာ နောက်ထပ်စမ်းသပ်မှုဆီသို့ ခေါ်ဆောင် သွားတော့သည်။
အချိန်အတော်ကြာပြီး ခန္ဓာကိုယ် ပေါ့ပါးသွားပြီး မူလစွမ်းအင်များဖုံးလွှမ်းနေသည့် မည်းနက်သောတောင်ကြီးတစ်လုံး ရှေ့သို့ ရောက်ရှိလာသည်။
တောင်ထိပ်သည် တိမ်တိုက်များထဲ ထိုးဖောက်ဝင်ရောက်နေပြီး တာအိုဥပဒေသည် ရေတံခွန်ကဲ့သို့သော စီးကျနေသဖြင့် ခန့်ညားထည်ဝါလှ၏။
“ ဒါက စတုတ္ထမြောက် စမ်းသပ်မှု အံ့ဖွယ်ကံကြမ္မာတောင်ပဲ ... ။ ”
ငှက်ကလေးက စုရီအနားတွင် ပေါ်လာပြီး ရှင်းပြသည်။
“ ဒီတောင်ပေါ်မှာ အမွေကျောက်တိုင် (၃၆)တိုင်ရှိတယ် ဒါတွေအားလုံးရှေးဦးခေတ်မှာ သခင်ဟုန်ထျန်းကျွင်းအမှူးပြုတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်(၃၆)ပါးချန်ထားခဲ့တဲ့ အမွေအနှစ်ပဲ ကံကြမ္မာပါသူတွေသာ ရနိုင်လိမ့်မယ်။ ”
“ ဒါဆို ဟုန်ထျန်းကျွင်းရဲ့ အမွေအနှစ်ကလည်း ဒီတောင်ပေါ်မှာပဲလား။ ”
စုရီက တောင်ကြီးကို ကြည့်ကာ မေးလိုက်သည်။
“ မှန်တယ် ... ဒါပေမဲ့ သူက ကျောက်တိုင်တွေထဲမှာ မဟုတ်ဘူး ဒီတောင်ရဲ့ ဥပဒေစွမ်းအားတွေထဲမှာ ပျော်ဝင်နေတယ်။ ”
“ အဟမ်း ... ။ ”
ထိုစဉ် အေးစက်လှောင်ပြောင်လိုသော အသံအိုကြီးတစ်သံ ရုတ်ချည်းထွက်ပေါ်လာ၏။ စုရီက လှည့်ကြည့်လိုက်သည်။
“ ဒီအဆင့်က ကံကြမ္မာပေါ်မူတည်တယ် ကံကြမ္မာမရှိရင် အတင်းအကျပ်ကြိုးစားလည်း အပိုပဲ ... ကံကြမ္မာပါရင်တော့ အားစိုက်စရာ မလိုဘဲ ရလိမ့်မယ်။ ”
တောင်ခြေရှိ မြူခိုးများကြားမှ ဖျင်ကြမ်းအင်္ကျီဝတ် အဘိုးအိုတစ်ဦး လှမ်းတက် လာနေသည်။ သူ့ကျောပေါ်တွင် သွေးရောင် ဓားသေတ္တာတစ်လုံးကို ထမ်းပိုးထား၏။
သူပေါ်လာသည်နှင့်အမျှ သဏ္ဍာန်မဲ့ပြီး ဂုဏ်သိက္ခာရှိသောလေထုသည် အရပ်ရပ်ဆီသို့ ပျံ့နှံ့သွားချေပြီ။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွားသည်။
စကြဝဠာ ဉာဏ်အလင်းနယ်ပယ် ဘီလူးအိုတစ်ကောင်ဖြစ်၏။ ငှက်ကလေးပင် စူးရှသော ခံစားချက်များ ရရှိလာခဲ့သည်။
“ သူက တတိယအကြီးအကဲပဲ သခင်ဟုန်ထျန်းကျွင်းရဲ့ လက်အောက်ထံပါးမှာ အသန်မာဆုံး ဓားသမားတစ်ယောက်ပါ။ ”
ငှက်ကလေးက စုရီကိုမိတ်ဆက်ပေးသည်။ အဖိုးအိုမှစကားမဆိုဘဲ အချိန်အတော်ကြာသည် အထိ စုရီကိုစိုက်ကြည့်နေ၏။ ထိုအကြည့်သည် လည်ပင်းကို အေးစက်သောဓားသွားဖြင့် ဖိတေ့ထားသကဲ့သို့ ခံစားရစေသည်။
“ မင်း ... ဒီနယ်မြေထဲ ခြေချလိုက်တည်းက မင်းရဲ့လှုပ်ရှားမှုတိုင်းကို ငါစောင့်ကြည့်နေခဲ့တာ ငါမင်းကို လုံးဝသဘောမကျဘူး .. စည်းမျဉ်းသာ မရှိရင် ငါမင်းကို ချက်ချင်းသတ်ပစ်ပြီးပြီ။ ”
“ ဘာလို့လဲ ... ။ ”
စုရီမှ အံ့အားသင့်သွား၏။
“ အကြောင်းပြချက် မင်း သိစရာမလိုဘူး မင်းအတွက် ရွေးချယ်စရာနှစ်ခုရှိတယ် တစ်ခုက ငါ့ရဲ့ ဓားချက်သုံးချက်ကိုခံနိုင်ရင် စမ်းသပ်မှု အောင်မြင်မယ် ...
... နောက်တစ်ခုက ... လက်လျှော့ပြီး ဒီနေရာမှာ စီရင်သူအဖြစ် မင်းဘဝတသက်လုံး နေထိုင်ပါ။ ”
“ဝှစ် ... ။ ”
ထိုစဉ် ဝတ်ရုံနက်အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ဤသည်မှာဒုတိယမြောက် အကြီးအကဲဖြစ်၏။ သူက ရောက်ရှိလာသည်နှင့် တတိယအကြီးအကဲကိုကြည့်ကာ၊
“ အဘိုးကြီး ... မင်းရဲ့ပုဂ္ဂိုလ်ရေး အာဃာတတွေကို အပြစ်မရှိတဲ့စမ်းသပ်ခံအပေါ် မပုံချပါနဲ့။ ”
-ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
သိသိသာသာပင် ဤအကြီးအကဲ နှစ်ဦးကြားတွင် သဘောထားကွဲလွဲမှုရှိကြောင်း မြင်သာနေ၏။
“ စမ်းသပ်ခံ ... သူက ဒုတိယမြောက် အကြီးအကဲပါ မင်းကိုကျင်းချီထံကနေကူညီဖို့ ငါ့ကိုတာဝန်ပေးခဲ့တာ သူပဲ။ ”
စုရီက နားလည်စွာ ခေါင်းညိတ်ပြသည်။ တစ်ဆက်တည်းမှာပင် တတိယအကြီးအကဲထံ လှည့်ကြည့်ကာ၊
“ အဲဒီရွေးချယ်မှု နှစ်ရပ်လုံးကို ငါလက်မခံဘူး။ ”
-ဟု ဆိုလိုက်သည်။
“ ဒါဆို မင်းက အရှုံးပေးပြီး ထွက်သွားမှာလား။ ”
သူ့စကားကြောင့် တတိယမြောက် အကြီးအကဲက မေးမြန်းလိုက်သည်။ ဤသို့သာ အရှုံးပေးခဲ့ပါက ရရှိထားသော ဆုလာဘ်များ အားလုံး အသိမ်းခံရမည်ဖြစ်၏။
“ အဟက် ... ငါ ဒီအမွေတွေကို စိတ်မဝင်စားဘူး ... မင်းပြောတဲ့ ဓားသုံးချက်ကို ဖြေရှင်းဖို့လည်း ဆန္ဒမရှိဘူး ... တစ်ခုပဲ မင်းနဲ့ငါ သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်ကြရအောင်။ ”
ရတ်တရက် ကြားလိုက်ရသော စကားကြောင့် ဒုတိယအကြီးအကဲနှင့် ငှက်ကလေးသည် ဆွံ့အသွားလေည်။
ဧကရာဇ်တစ်ပါးသည် တုံ့ယွီအဆင့်မှ နယ်ပယ်ဘုရင်တစ်ပါးကို စိန်ခေါ်နေသည်မှာ ရူးသွပ်စရာပေပင်။
“ သတ္တိရှိတယ် ... ။ ”
တတိယအကြီးအကဲမှ ခေါင်းညိတ် သဘောတူလိုက်၏။ စုရီက စကားမဆိုတော့ဘဲ ရှေ့သို့ လှမ်းတက်လိုက်လေသည်။
သူ့ခန္ဓာကိုယ်မှ ဝင်စားခြင်းသံသရာ ဥပဒေနှင့်ပေါင်းစပ်ထားသော ဓားရောင်ဝါများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားစေတော့၏။
“ ဝှစ် ... ။ ”
တစ်ဆက်တည်းမှာပင် ရွှမ်ဟွယ်ကြယ်စု၏ မဟူရာရွှေနွယ်အမြစ်ကို ထုတ်ယူကာ ဓားအဖြစ် ပြောင်းလဲလိုက်သည်။
၎င်းသည် ရှေးရိုးဆန်ပြီး အရောင်အဆင်း ကင်းမဲ့သော်လည်း ဝင်စားခြင်းဥပဒေစွမ်းအား တိုးဝင်လာသည်နှင့်အမျှ ထက်ရှသော အလင်းများဖြာကျလာသည်။
ထိုအခိုက်အတန့်တွင် လျှော်တတိယအကြီးအကဲ၏ အေးစက်သော မျက်ဝန်းများ တုန်လှုပ်သွား၏။
“ မဟူရာရွှေနွယ်အမြစ် ... ။ ”
သူသည် ဟုန်ထျန်းကျွင်းလက်အောက်ရှိ အသန်မာဆုံးဓားသမားတစ်ဦးဖြစ်ရာ အဆင့်(၃) ဤနတ်ဘုရားရတနာကို သိရှိနေ၏။
“ ဝှစ် ... ။ ”
စုရီက သူ့ဓားကိုဝှေ့ယမ်းကာ ခုတ်ပိုင်းချလိုက်သည်။ သူ့နောက်ကျောတွင် ဝင်စားခြင်းအလင်းစက်ဝန်း လည်ပတ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမြိုတော့၏။
ဝင်စားခြင်းဥပဒေနိယာမနှင့် မဟူရာရွှေနွယ်ပင်၏ စွမ်းအားပူးပေါင်းမှုသည် တားမြစ်နယ်မြေ၏ ဥပဒေများကို တုန်ခါ လာစေခဲ့သည်။
ဒုတိယအကြီးအကဲ ငှက်ကလေးမှာ အံ့အားသင့်သွားသည်။ ဧကရာဇ်တစ်ပါးသည် ဤမျှ အစွမ်းထက်သော ဓားချက်ကို ထုတ်ဖော်နိုင်သည်လော။
တတိယအကြီးအကဲက မျက်နှာ အမူအရာပြောင်းလဲခြင်း မရှိခဲ့ဘဲ သူ့လက်ကို ဝှေ့ယမ်းကာ ချက်ချင်းကာကွယ်လိုက်သည်။
“ ဝုန်း ... ။ ”
ဝင်စားခြင်းဥပဒေများသည် သူနှင့် ဆယ်ပေခန့်အကွာတွင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပျက်ပြယ်သွားတော့၏။
တစ်ဆက်တည်းမှာပင် တတိယ အကြီးအကဲသည် လက်ဖဝါးကိုအသာအယာ တွန်းချလိုက်ရာ တောင်ပြိုလှိုင်းတံပိုးများအလား ဓားရောင်ဝါများ ပြိုဆင်းကျသွားသည်။
“ ဘန်း ... ။ ”
စုရီတစ်ယောက် ပေတစ်ရာခန့် နောက်သို့လွင့်စင်သွားရ၏။ ပြင်းထန်လှသော ဓားစွမ်းအင်သည် သူ့သွေးနှင့်ချီကို ဆူပွက်လာစေသည်။
“ အဟွတ် အဟွတ် ... ။ ”
သွေးများပျို့တက်လာသဖြင့် အံကြိတ်ကာပြန်လည် မြိုချလိုက်ရလေသည်။ လက်ထဲရှိဓားကို ဒိုင်းအသွင်ပြောင်းလဲကာ ခုခံလိုက်၍သာ ဒဏ်ရာမရရှိခဲ့ခြင်းပေပင်။
“ ဟမ့် ... ချေဖျက်သွားတာလား။ ”
ထိုမြင်ကွင်းကြောင့် ငှက်ကလေးမှာ အံ့သြတကြီးအော်ဟစ်လိုက်၏။ စမ်းသပ်ခံသည် အမှန်ပင် ဘီလူးဆန်ချေပြီ။ သူ့သက်တမ်း တလျှောက် မမြင်ဖူးချေ။
“ အဘိုးကြီး ... မင်း တကယ်ပဲ အညှိုးကြီးလှချည်လား ဒီမှာတင်ရပ်လိုက်ပါ။ ”
ဒုတိယအကြီးအကဲက မျက်နှာပျက်ယွင်းသွားကာ အော်ဟစ်သတိပေး လိုက်လေသည်။ အဘိုးအိုသည် အင်အားအပြည့် သုံးလိုက်ခြင်းကို သူ ရိပ်မိခဲ့၏။
“ မင်း ပါးစပ်ပိတ်ထား ... ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်။ ”
ထိုစဉ် စုရီသည် အသာအယာ ပြုံးပြီး ဒုတိယအကြိမ် တိုက်ခိုက်တော့၏၊ ဤသတ္တိကို တတိယအကြီးအကဲသည်ပင် ကြည့်မရသော်မှ ချီးကျူးလိုက်မိသည်။
တစ်ဆက်တည်းမှာပင် သူ့လက်ကို ဓားသွားကဲ့သို့အသုံးပြုကာ ပြန်လည်ထိုးနှက် လိုက်တော့၏။ ကောင်းကင်အပြည့် စူးရှသော အလင်းများ ဖြတ်သန်းသွားသည်။
ယင်းသည် ဥက္ကာပျံကြီတစ်စင်းကဲ့သို့ အရှိန်အဟုန်ပြင်းလှ၏။ ထိုအခိုက် စုရီသည် ဓားဖြင့် လှမ်းထိုးလာခဲ့၏။
“ ဝုန်း ... ။ ”
ဓားဖျားမှ ဥပဒေစွမ်းအားတစ်ခု ထွက်ပေါ်လာကာ အဘိုးအို၏တိုက်ခိုက်မှုကို ချေဖျက်ပစ်လိုက်သည်။ အကျိုးဆက်အနေဖြင့် စုရီတစ်ယောက် ခြေကိုးလှမ်း ပြန်ဆုတ်လိုက်ရ၏။
“ ဟမ့် ... ။ ”
ဒဏ်ရာကား မရရှိချေ။ တတိယအကြီးအကဲက နှာခေါင်းရှုံ့လိုက်သည်။
“ ဒါ မင်းရဲ့ အစွမ်းအထက်ဆုံးပုံစံလား မလုံလောက်သေးဘူး။ ”
“ မဟုတ်ဘူး ... ဒီဥပဒေက ငါအခုမှ နားလည်ခါစ နိယာမတစ်ခုပဲ ရှိသေးတယ် အလျင်မလိုနဲ့။ ”
စုရီမှ အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။ ထိုအဖြေကြောင့် လူတိုင်း မျက်ခုံးပင့်သွား၏။ ဤသည်မှာ ကနဦးအဆင့် ကျွမ်းကျင်မှု ဥပဒေပင်လော။ ကြောက်စရာ ကောင်းလွန်းချေပြီ။
“ ဒါဆို ငါ့ရဲ့တတိယမြောက်ဓားကို ခံယူကြည့်ပါ။ ”
တတိယအကြီးအကဲ ခန္ဓာကိုယ်မှ သွေးရောင်ဓားရည်ရွယ်များ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။ စကြဝဠာကြီးကို အုပ်စိုးသော ဓားတစ်လက်အလားပေပင်။ တုံ့ယွီအဆင့် စစ်မှန်သောခွန်အားဖြစ်၏။
ဒုတိယအကြီးအကဲမှာ ချက်ချင်း ဒေါသလာပြီး စုရီကိုကာကွယ်ရန် ပြေးတက်လာ တော့သည်။ အတိတ်မှ ဖြစ်ရပ်တစ်ခုကြောင့် စုရီကဲ့သို့ အရည်အချင်းရှိသူကို အသေမခံနိုင်ချေ။
“ အဖိုးကြီး မင်းရပ်လိုက်စမ်း ... ။ ”
ထိုလုပ်ရပ်ကြောင့် စုရီက အံ့အားသင့်သွားသည်။ သူနှင့် ဤအကြီးအကဲ၌ မည်သည့် ပတ်သက်မှုမျှ မရှိချေ။ သည်မျှအထိ ကာကွယ်ပေးရန် မလိုဟုမြင်၏။
“ ဖယ်ပါ ... မင်းရဲ့စေတနာကို ငါနားလည်ပါတယ် ... ဒါပေမဲ့ အခုလိုမျိုး မင်း လုပ်နေတာတွေက ငါ့ကိုနှောင့်ယှက်သလို ဖြစ်နေပြီ။ ”
စုရီက တည်ငြိမ်စွာပင် ပြောကြားလိုက်သည်။ ဒုတိယအကြီးအကဲမှာ မှင်သပ်သွားပြီး၊
“ ငါက နှောင့်ယှက်နေတာ ဟုတ်လား။”
- ဟု ပြန်မေးလာတော့၏။
“ ဟုတ်တယ် ... ။ ”
စုရီက ခေါင်းညိတ်ပြလိုက်သည်။
“ ကောင်းပြီ ... ဒါဆိုငါဖယ်ပေးမယ်။ ”
ဒုတိယအကြီးအကဲက ကူကယ်ရာမဲ့စွာဖြင့် ပြန်ဆုတ်ခွာလိုက်သည်။ တတိယအကြီးအကဲမှ ပြုံးရယ်လျက်၊
“ မင်းတွေ့ပြီလား ... မင်းလုပ်သမျှ သူ့ကိုအနှောက်အယှက် ဖြစ်စေတယ် ... အခု ဘေးကနေ ငြိမ်ငြိမ်လေးရပ်ကြည့်သင့်ပြီ။ ”
-ဟု ပြောကြားလာတော့၏။
တစ်ဆက်တည်းမှာပင် အပြုံးများ ပျောက်ကွယ်ကွယ်လျက် တတိယမြောက် ဓားချက်ကို ထုတ်ဖော်လိုက်လေသည်။
“ သေလိုက်တော့ ... ။ ”
သွေးရနံ့များ ထုံမွှန်းသော ဓားရောင်ဝါများ ဆင်းသက်လာချေပြီ။ ၎င်းနှင့်အတူ ငရဲဘုံကဲ့သို့ ဖြစ်စဉ်များ လိုက်ပါလာ၏။
ဧကရာဇ်များစွာတို့သည် ကောက်ရိုးမျှင်များအလား ဤဓားအောက်တွင် ရိတ်သိမ်းခံနေရပြီး နယ်ပယ်ဘုရင်များမှာ အသက်ပျောက်ကုန်၏။
“ ဘယ်လောက် ပြင်းထန်လိုက်လဲ။ ”
ထိုခဏတွင် စုရီသည်လည်း တုန့်ဆိုင်းခြင်းမရှိ၊ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေထည့်သွင်းကာ ငရဲဘုံကိုးပါးဓားရောင်ဝါ ပေါင်းစပ်ပြီး ပစ်ခတ်လိုက်တော့၏။
“ အရာခပ်သိမ်းဖျက်ဆီးခြင်း ငရဲဓား။ ”
ဤဓားချက်အောက်တွင် ကောင်းကင်နှင့် မြေကြီးမှောင်မိုက်သွားပြီး အချိန်နှင့် အာကာသ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
တတိယအကြီးအကဲ၏ သွေးငရဲ ဓားဒိုမိန်းသည် နေပူရှိန်အောက်မှနှင်းပြင်ကဲ့သို့ ချက်ချင်းအရည်ပျော် ပျက်ပြယ်နေခဲ့ချေပြီ။
အရေးအကြီးဆုံးမှာ ပျက်ပြယ်နေသော ဓားဒိုမိန်းအတွင်းမှ ပြိုင်ဘက်ကင်းဓားတစ်လက် သူ့ထံတိုးဝင်လာနေခြင်းပေပင်။ ယင်းဓားသည် ထူးဆန်းသော ဥပဒေအတက်အကျများပါသော ငရဲဓားတစ်လက်နှင့်တူနေချေ၏။
“ ဘယ်လောက်တောင် ... ကြောက်စရာ ကောင်းလိုက်လဲ။
***
အခန်း ၉၄၀ -
ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဆင်းသက်လာြခင်း။
“ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဓားအရှိန်အဝါလဲ ... ။ ”
တတိယအကြီးအကဲ မျက်ဝန်းအစုံ တုန်လှုပ်စွာ ကျုံ့သွားသည်။ ဦးရေပြားတစ်ခုလုံး စိမ့်တက်လာကာ ရင်ဘတ်ထဲ၌ ထိတ်လန့်မှုတို့ လှိုင်းထကုန်၏။
သူသည် တတိယအကြိမ်မြောက် ဓားချက်တွင် အပြင်းထန်ဆုံးသော ဥပဒေကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လက်စားချေရန် လမ်းစပင် မကျန်စေဘဲ အလဲထိုးရန် ရည်ရွယ်ထား၏။
သို့သော် အခြေအနေသည် ပြောင်းပြန်ဖြစ်ခဲ့ရသည်။ တတိယဓားချက်သည် စတင်လိုက်တည်းကဖရိုဖရဲဖြင့် ပျက်စီးသွားကာ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းခံရ၏။
“ သွား ... ။ ”
ထို့ကြောင့် တွန့်ဆုတ်မနေတော့ဘဲ တုန်ရီနေသောလက်အစုံမြှောက်ကာ အားကုန် အော်ဟစ်လိုက်သည်။
သွေးဆာနေသော ဓားရည်ရွယ်ချက်သည် နတ်တောင်ကြီးတစ်လုံးသကဲ့သို့ သူ့အပေါ်တွင် ချက်ချင်းကာကွယ်ပေးလာ၏။
ယင်းသည် ကောင်းကင်ယံသို့ တိုးဝင်သွားကာ မြေပြင်နှင့် တသားတည်း ချိတ်ဆက်ထားသကဲ့သို့ ခိုင်မာလှ၏။
ဓားတောင်ကြီးအလယ်၌ ရှေးဟောင်းသင်္ကေတများနှင့် တာအိုပုံစံများ ရစ်ပတ်နေပြီး မိုင်ထောင်ချီ ရှည်လျားသော တောင်တန်းကြီးသဖွယ် လေးလံသည်။
“ ဝုန်း ... ။ ”
သို့သော် စုရီ၏ ဓားစွမ်းအင်များ ကျရောက်လာသောအခါတွင်မူ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး ဓားတောင်ကြီးခမျာ စက္ကူတစ်ချပ်ကဲ့သို့ အလွယ်တကူ ပြိုကွဲ ပျက်စီးသွားတော့၏။ ခုခံနိုင်စွမ်းအလျှင်း မရှိခဲ့ချေ။
“ ဘန်း ... ။ ”
တတိယအကြီးအကဲသည် ထိတ်လန့်တကြားဖြစ်ကာ သူ့ကျောကုန်းပေါ်မှ သွေးနီရောင်ဓားသေတ္တာကို အရှေ့သို့ဆွဲယူပြီး ဒိုင်းအဖြစ် ခံယူလိုက်လေသည်။
ပြင်းထန်လှသော ဓားအရှိန်အဝါသည် ဓားသေတ္တာကိုရိုက်ခတ်ပြီး မြေပြင်ထံဆင်းသက် သွားတော့၏။
“ ဖရူး ... ။ ”
မြေပြင်၌ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာကာ တတိယအကြီးအကဲနှင့် သူ၏ ဓားသေတ္တာသည် အရှိန်ပြင်းစွာ နောက်သို့ လွင့်စင်သွားရလေသည်။
သူတို့ ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် နက်ရှိုင်းသော မြေစွပ်ကြောင်းကြီးတစ်ခု ဖြစ်ကျန်ခဲ့ပြီး ဖုန်မှုန့်များ လွင့်ပျံ့လာတော့၏။
ထိုဖုန်မှုန့်များနှင့် အပျက်အစီးများ ငြိမ်သက်သွားချိန်တွင် တတိယအကြီးအကဲမှာ ဒူးတစ်ဖက် ထောက်လျက်သား လဲကျနေ၏။
ဖြူဖွေးသော ဆံပင်များသည် ဖရိုဖရဲ ဖြစ်နေကာ လက်ဖဝါးမှ သွေးများစီးကျလျက် ဓားသေတ္တာပေါ် စွန်းထင်ကုန်သည်။
ပိန်ချုံးသောခန္ဓာကိုယ်ခမျာ တုန်ရီနေပြီး ဖြူဖျော့သောမျက်နှာတွင် အသက်ရှူသံများမှာ မူမမှန်တော့ချေ။
ကောင်းကင်ဉာဏ်အလင်းအဆင့်၏ အပြင်းထန်ဆုံးဓားသမားသည် ဓားသေတ္တာကို အားပြုကာ မနည်းထရပ်နေရသည့် အခြေအနေ ဆိုက်ရောက်သွား၏။
“ တတိယအကြီးအကဲ ... ဒဏ်ရာရသွားတာလား။ ”
ငှက်ကလေးက အံ့အားသင့်ကာ ရေရွတ်လေသည်။ ယခင်က စုရီတစ်ယောက် ဤဓားချက်အောက်တွင် သေဆုံးမည် သို့မဟုတ် ဒုက္ခရောက်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။
ယခုမူ ရလဒ်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားခဲ့ချေပြီ။ တတိယမြောက် အကြီးအကဲ၏ အပြင်းထန်ဆုံးသောဓားသည် စုရီရှေ့တွင် ရယ်စရာကောင်းနေခဲ့တော့၏။
“ ဒါက သူ့ရဲ့ယုံကြည်မှုလား။ ”
အနက်ဝတ်အမျိုးသားက မျက်ခုံးပင့်လျက် မယုံကြည်စွာ ရေရွတ်၏။
“ ငါ ... ငါတကယ် ရှုံးသွားတာပဲ ... ။ ”
တတိယအကြီးအကဲခမျာ တိုးညင်းပြီး ခံရခက်သောဝေဒနာဖြင့် ညည်းတွားလေသည်။ တုံ့ယွီအဆင့် ဓားသမားတစ်ယောက်သည် မိမိထက်ကျင့်ကြံမှုနိမ့်ကျသော ပြိုင်ဘက်ထံ၌ လဲကျခဲ့ချေပြီ။
ယင်းသည် သူ့ဂုဏ်သိက္ခာကို အပိုင်းပိုင်း ချေမွလိုက်ခြင်းဖြစ်၏။ စုရီက အဝေးမှနေပြီး ခေါင်းရမ်းပြကာ၊
“ ဒီတိုက်ပွဲက ဓားသုံးချက် သဘောတူညီချက် မလိုဘူးလို့ ငါပြောပြီးသားပဲ သေခြင်းနဲ့ရှင်ခြင်းကို တစ်ခါတည်း ဆုံးဖြတ်ရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
သူ့အသွင်သည် တည်ငြိမ်နေပြီး မည်သည့်ဒဏ်ရာမျှမရရှိချေ။ သို့သော်ရင်ထဲ၌မူ အနည်းငယ် အံ့အားသင့်နေမိသည်။ သူသည် မဟူရာရွှေနွယ်မြစ်၏ စွမ်းအား၊ အရာခပ်သိမ်း ဖျက်သိမ်းခြင်းဥပဒေနှင့် ငရဲဘုံကိုးပါးဓား ရောင်ဝါတို့ကို ပေါင်းစပ်ခဲ့၏။
ယင်းကြောင့် မှန်းဆချက်အရ ပြိုင်ဘက်သည် ပြင်းထန်သည့် ဒဏ်ရာများကို ရသင့်သော်လည်း တစ်ဖက်လူမှာ အပေါ်ယံ ဒဏ်ရာဖြင့်သာ ရပ်တန့်သွားသည်။
အခြေခံအုတ်မြစ်နှင့် စွမ်းအားသည် သာမန်မဟုတ်တော့သည်မှာ ထင်ရှားလှချေပြီ။ တတိယအကြီးအကဲက ဆတ္တတိတ်ဆိတ်သွား ပြီးနောက် အသက်ပြင်းပြင်းရှူကာ၊
“ စည်းမျဉ်းတွေအရ မင်း ဒီစတုတ္ထစမ်းသပ်မှုကို အောင်မြင်သွားပြီ ငါတို့ ထပ်တိုက်စရာ မလိုတော့ဘူး။ ”
-ဟု ဝန်ခံလိုက်၏။
“ ဒါဆိုရင် စည်းမျဉ်းတွေကို မေ့လိုက်ပါ ဓားသမားတစ်ယောက်အနေနဲ့ ငါ့ရဲ့စိန်ခေါ်မှုကို မင်းလက်ခံရဲသလား။ ”
စုရီအကြည့်က တတိယအကြီးအကဲထံ ကျရောက်သွား၏။ ဤသည်မှာ လူတိုင်းအပေါ် အံ့အားသင့်စေသည်။ တတိယအကြီးအကဲက စုရီကို ပြန်ကြည့်လျက် သူ့ကိုယ်သူ လှောင်ပြုံးပြုံးလိုက်ကာ၊
“ ငါ့လို နယ်ပယ်ဘုရင်တစ်ပါးက မင်းလို လူငယ်တစ်ယောက်ကိုထပ်ပြီး ပစ်မှတ်ထားရင် ငါ့ကိုယ်ငါ ဓားသမားလို့ခေါ်ဖို့ ဘယ်မျက်နှာ ကျန်တော့မှာလဲ ငါ့ဓားနှလုံးသားက ညစ်နွမ်းသွားရလိမ့်မယ်။ ”
-ဟု သက်ပြင်းချကာ ဆိုရှာ၏။
“ ဟမ့် ... ဂုဏ်သိက္ခာအတွက်လား ... ဓားနှလုံးသားညစ်နွမ်းမှာလား ဒီလောက်နှစ်တွေ အကြာကြီးနေပြီးတာတောင် ... မင်းရဲ့ဓားက ဒီလောက်ပဲရှိနေခဲ့တာ အံ့သြစရာမရှိပါဘူး ... ငါသာ မင်းလိုဉာဏ်အလင်းအဆင့်မှာဆိုရင် ငါ့ဓားကို ဆွဲစရာတောင်မလိုဘူး ... ။ ”
စုရီအသံတွင် လှောင်ပြောင်မှုထက် စိတ်ပျက်မှုများ ပိုမိုများပြားနေသည်။ တတိယ အကြီးအကဲခမျာ ဒေါသကြောင့် မျက်နှာနီမြန်း လာသော်လည်း စုရီမှ လျစ်လျူရှုလျက် တိုက်ပွဲကို ရုတ်သိမ်းလိုက်တော့၏။
“ အဟမ်း ... စမ်းသပ်ခံ မင်းအောင်မြင်ပြီ။ ”
အနက်ဝတ်လူသည် သူတို့နှစ်ဦးကြား ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားလာ၏။ တတိယ အကြီးအကဲကို အလွန်အကျွံ ဒေါသထွက်အောင် လုပ်နေခဲ့ခြင်းသည် ကောင်းသောအရာမျိုး မဟုတ်ချေ။
“ ဒေါင်းကလေး ... မင်းမယုံပေမယ့် ငါယုံတယ်။ ”
ထိုစဉ် ကောင်းကင်မှ အသံတစ်သံ ပဲ့တင်ထပ်လာ၏။ လူတိုင်းမော့ကြည့်လိုက်ရာ ကံကြမ္မာတစ်သောင်း နတ်တောင်ကြီးပေါ်ရှိ ကျောက်တိုင်တစ်တိုင်မှာ အလင်းရောင်များ ဖြာထွက်လာချေပြီ။
များမကြာခင် ခန့်ညားသော ပုံရိပ်တစ်ခု ပေါ်လာ၏။ ယင်းသည် ကျောတွင် ဓားနှစ်လက် လွယ်ထားသော ရေနက်နယ်မြေသခင်ပေပင်။ သူသည် ဟုန်ထျန်းကျွင်းနှင့် ခေတ်ပြိုင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးဖြစ်သည်။
“ တာအိုမိတ်ဆွေ ... ငါ့ရဲ့အမွေကို လက်ခံဖို့မင်းမှာ ဆန္ဒရှိလား။ ”
ရေနက်နယ်မြေသခင်က ထွက်ပေါ်လာသည်နှင့် လူတိုင်းကိုလျစ်လျူရှုပြီး စုရီထံ တိုက်ရိုက်ကြည့်ကာ ဖိတ်ခေါ်လိုက်၏။
ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ပါးသည် ပြုံးရွှင်စွာကမ်းလှမ်းနေသည့် မြင်ကွင်းကြောင့် တတိယအကြီးအကဲမှာ မျက်ခုံးပင့်လေသည်။
“ အရှက်မဲ့လိုက်တာ ... အဖိုးကြီး သူက မင်းအမွေကိုတစ်ချက်တောင် မကြည့်ရသေးဘူး ဘယ်လိုလုပ် ဖိတ်ခေါ်ဝံ့တာလဲ။ ”
ရုတ်တရက် အခြားသော ကျောက်တိုင် တစ်တိုင် လင်းထိန်လာပြီး အဖိုးကြီးတစ်ဦးက လှမ်းထွက်လာ၏။
“ မင်းတို့ ကြွက်အိုကြီးနှစ်ကောင် ... ဘယ်လောက် ရွံစရာကောင်းလိုက်လဲ ငါတို့ရဲ့ မိတ်ဆွေလေးက ရွေးချယ်မှု မလုပ်ရသေးဘူး မင်းတို့က ဒီမှာလာပြီး အခွင့်အရေး ယူနေတာလား ... မိတ်ဆွေလေး ...
... မင်းသာ ငါ့ရဲ့အမွေကို လက်ခံနိုင်မယ်ဆိုရင် ဓားတာအိုမှာ နောက်ထပ် ထိုးထွင်းသိမြင်မှုတွေရနိုင်မယ်။ ”
“ ဟမ့် ... မင်းတို့ရဲ့ အမွေတွေက ကြွက်တွင်းတွေပဲ ဘယ်လိုလုပ်ပြီး ဓားသမား တစ်ယောက်ကို မျက်စိကျစေမှာလဲ ... မိတ်ဆွေ ငါကဆေဘာဓားသခင်ပဲ ... မင်းငါ့အမွေကို စိတ်ဝင်စားမယ်ဆိုတာ ငါယုံတယ်။
ဆက်တိုက်ဆိုသလို ကျောက်တိုင်များ တစ်တိုင်ပြီးတစ်တိုင်လင်းပြီး အော်ဟစ်ဆူညံ နေတော့သည်။
“ ဟမ့် မင်းတို့ရဲ့ အမွေက ငါ့လောက်အစွမ်းထက်လို့လား ... ။ ”
“ အဖိုးကြီး မင်းမယုံရင် ငါနဲ့လာတိုက်ပါ။ ”
“ ငါမင်းကို ကြောက်နေမယ်ထင်လား။ ”
ဤသည်မှာ ရွှမ်ဟွမ်ကြယ်စုကြီး၏ ရှေးဦးခေတ်ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများစွာ၏ ဆန္ဒဝိညာဉ်များဖြစ်သည်။
ယခုကဲ့သို့ လူတိုင်းထွက်ပေါ်လာပြီး အချင်းချင်းတိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြသော မြင်ကွင်းသည် အကြီးအကဲနှစ်ယောက်နှင့် ငှက်ကလေးကို အသက်မဲ့သွားစေသည်။
ဤမျှထူးဆန်းပြီး မယုံနိုင်စရာ မြင်ကွင်းများကြောင့် တတိယအကြီးအကဲခမျာ သူ့ကိုယ်သူ နာကျည်းသွား၏။ ဤသည်မှာ လောကကြီး၏ ဘက်လိုက်မှုပေပင်။
***