လောင်ကျွမ်းနေသည့်နတ်ဘုရား
Vol. 4 Ch. 364
ဆန်းလျန်နှင့် ကျိလင်တို့သည် မိုးကောင်းကင်ခုံရုံး အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက် လာကြလေသည်။ အတွင်းပိုင်းသို့ ရောက်လေလေ ဝင်ရောက်လာသည့် သူစိမ်းများ အပေါ်တွင် မနှစ်သက်သည့် အငွေ့အသက်များ ပိုပြီး ထွက်ပေါ်လာလေလေ ဖြစ်သည်ကို ဆန်းလျန် ခံစားလိုက် ရလေသည်။ သို့သော် သူ့အနေဖြင့် မအံ့သြတော့ပါ။
ယွိမင် နတ်ဘုရားမှာ လင်ရှောင် ခန်းမဆောင်ကြီး နှင့်အတူ မိုးကောင်းကင် တောင်ဘက်တံခါးမှ ပျံသန်း ဝင်ရောက် လာသည်ကို ဆန်းလျန်ရော ကျိလင် နတ်သမီးပါ တွေ့မြင် ခဲ့ကြရလေသည်။
ကျိလင် နတ်သမီးနှင့် ဆန်းလျန်တို့ နှစ်ယောက်စလုံးသည် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံခဲ့ကြသည့် သူများဖြစ်သည့် အတွက် အသက် ရှူသံခြင်းလည်း ကာရန် ညီကြသလို နတ်ဘုရား ဉာဏ်စဉ် များမှာလည်း တူညီကြလေသည်။
သူတို့က ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ အမြင် ကျဉ်းမြောင်းမှု များကို အရေးထား မနေတော့ဘဲ ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်ရန် ဆုံးဖြတ် ထားကြလေသည်။
ယခုသူတို့ ရောက်ရှိနေသည့် မိုးကောင်းကင် ခုံရုံးသည် ကောင်းကင်ဘုံ နန်းတော်များစွာ ထဲမှ တစ်ခု ဖြစ်နေခဲ့လျှင် တောင်မှ အလွန် ပျက်စီးနေသည့် ကောင်းကင်ဘုံ နန်းတော်တစ်ခု ဖြစ်လေသည်။ သို့သော် ကောင်းကင်ဘုံ နန်းတော်၏ ကျယ်ပြန့်မှုမှာ ဆန်းလျန် မခန့်မှန်း နိုင်လောက်အောင်ပင် ကျယ်ပြန့် လွန်းလေသည်။
သို့သော် အပျက်အစီး များက ဆန်းလျန်နှင့် ကျိလင် နတ်သမီးကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပါ။
တကယ်တမ်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်က သူတို့ရှေ့တွင် မြင်တွေ့ လိုက်ရသည့် လူတစ်ယောက် ကြောင့်ပင် ဖြစ်လေသည်။
အမှန်တော့ ထိုသူမှာ လူတစ်ယောက်ထက် ကြီးမားသည့် ခန္ဓာကိုယ် ရှိပြီး ကြမ်းပြင်ထက်တွင် ဒူးထောက်လျက် အနေအထားဖြင့် ထိုင်နေခြင်း ဖြစ်လေသည်။
သူ့တွင် အသက်ဓာတ် စွမ်းအားကို မတွေ့ရပေ။ သူ၏ မျက်လုံးများက ပွင့်နေသော်လည်း မျက်ဆံများက မရှိတော့ပေ။ သူ့ကိုသူ သေဆုံးမှန်းပင် မသိဘဲ သေဆုံးသွားခြင်း ဖြစ်ဟန် တူလေသည်။
"နတ်ဘီလူး မျိုးနွယ်တစ်ယောက်ပဲ၊ နတ်ဘီလူး ကျင့်စဉ်ကို ကျင့်ကြံအောင်မြင် ထားခဲ့တဲ့သူပဲ ဖြစ်ရမယ်၊ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး"
ကျိလင် နတ်သမီးက ပြောလိုက်သည်။
နတ်ဘီလူး ကျင့်စဉ်ကို ကျင့်ကြံထားသူ တစ်ဦးနှင့် ဆန်းလျန်လည်း ဆုံခဲ့ဖူးလေသည်။ ထိုသူမှာ ချွင်ယန်တာအို နန်းတော်မှ ဂိုဏ်းတူအစ်မ ကျန်းဟန်ယင်း၏ လက်ချက်ဖြင့် အသက် ပျောက်ခဲ့ရသူ ဖြစ်လေသည်။
"ဆရာဘွားဘွား လီချင်းဆွေ ဒီနေရာကို လာတုန်းကရော ဒီ နတ်ဘီလူးကို မတွေ့ခဲ့ဘူးလား"
ဆန်းလျန်က မေးလိုက်သည်။
"ဆရာဘွားဘွား လီချင်းဆွေက ဒီနေရာကို တခြားဝင်ပေါက် ကနေ ဝင်လာတာ၊ သူမက တကယ်ထူးခြားတဲ့ အဖြစ်အပျက်နဲ့ ရင်ဆိုင်ခဲ့ရတာ၊ ငါတို့က သူနဲ့ မတူဘူးလေ၊ ဒါပေမဲ့ ဆရာဘွားဘွား လီချင်းဆွေ ချန်ထားခဲ့တဲ့ တာအိုကာရံတွေ နောက်ကို ခြေရာခံပြီး ကျင်းချွယ်ကျောက်စိမ်း စာအုပ် ဘယ်နေရာမှာလဲ ဆိုတာ ရှာလို့ ရနိုင်တယ်"
ကျိလင်က ပြန်ပြောလိုက်သည်။
ကျိလင် နတ်သမီး၏ စကားကြောင့် ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကို ရှာဖွေရန် အတွက် ရဲ့လျိုယွင်က သူ့ကို အကူအညီ တောင်းရသည့် အကြောင်းကို ဆန်းလျန် နားလည် သွားလေသည်။ အမှန်တော့ ရဲ့လျိုယွင်သည် မိုးကောင်းကင် တောင်ဘက်တံခါးသို့ မဝင်ရောက် နိုင်ခြင်းထက် ဆန်းလျန် ကျင့်ကြံခဲ့သည့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှာ ကျင်းချွယ်ကျောက်စိမ်း စာအုပ်နှင့် ဆက်စပ်နေသည့် အတွက် သူက ဆန်းလျန်ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်လေသည်။
ထိုကိစ္စရပ်များ အားလုံးကို ရဲ့လျိုယွင် သိနေသည်မှာ မည်မျှ ထူးဆန်း လိုက်ပါသနည်း။ ကျိလင် နတ်သမီးသာ ပြောမပြခဲ့လျှင် ထိုအကြောင်းအရာ များကို ဆန်းလျန် ကိုယ်တိုင်ပင်လျှင် သိရှိနိုင်မည် မဟုတ်ပေ။
သို့သော် လက်ရှိအချိန်တွင် ဆန်းလျန်သည် သိပ်အများကြီး မစဉ်းစား နိုင်ခဲ့ပါ။
နတ်ဘီလူး သေဆုံး နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။
သို့သော် နတ်ဘီလူး ဆိုသည်က သာမန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေ။ သေဆုံး နေသည့်တိုင် တန်ခိုးစွမ်းအား အကြွင်းအကျန် အချို့ကတော့ ကျန်ရစ်နေဆဲ ဖြစ်လေသည်။
"ဆရာဘွားဘွား၊ နတ်ဘီလူး တွေက တောင်တွေကိုတောင် မပြီး ရွှေ့နိုင်တယ်လို့ ကျွန်တော် ကြားဖူးတယ်၊ နတ်ဘုရား တွေတောင် သူ့ကို ကြောက်ရွံ့ ကြရတယ် မဟုတ်လား"
ဆန်းလျန်က ပြောလိုက်သည်။
"ဒါပေမဲ့ သူအသက်ရှင် နေမယ်ဆိုရင် ငါတို့ နှစ်ယောက်လုံးကို နိုင်မယ်များ ထင်နေသလား"
ကျိလင် နတ်သမီးက ပြန်ပြောလိုက်လေသည်။
"အမှန်ပဲ၊ အခု သေပြီ ဆိုတော့လည်း ဘာမှ လုပ်စရာ မလိုတော့ဘူးပေါ့"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"သေပေမယ့် အသုံးဝင် နေသေးတယ်"
ကျိလင်က ပြောလိုက်လေသည်။
ထို့နောက် ကျိလင် နတ်သမီးနှင့် ဆန်းလျန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြလေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်စိတ်ကို တစ်ယောက် နားလည်နေကြပြီ ဖြစ်လေသည်။
ထိုအချိန်တွင် လင်ရှောင် ခန်းမဆောင်ကြီးသည် သူတို့ရှိရာ နေရာသို့ ပိုပြီးနီးကပ် လာလေသည်။ လင်ရှောင် ခန်းမဆောင်မှ ထွက်ပေါ်နေသည့် ကျယ်လောင်သည့် အသံကြီးကိုလည်း ကြားနိုင်လေသည်။
ဆန်းလျန်နှင့် ကျိလင် နတ်သမီးသည် နတ်ဘီလူး၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရား ဉာဏ်စဉ် ရောင်စဉ်တန်းများ ထားခဲ့ပြီး သူတို့နှစ်ယောက်က အလျင်အမြန် ကောင်းကင်ထက်သို့ တက်ကာ ပျောက်ကွယ် သွားကြလေသည်။
ကျိလင် နတ်သမီးနှင့် ဆန်းလျန်၏ အသက်ရှူသံ များသည် စည်းချက်ညီလျက် ရှိနေသည့်အတွက် တန်ခိုးစွမ်းအား ဖော်ထုတ်ရာတွင်လည်း ကွဲလွဲမှု မရှိဘဲ တိကျ သေချာလျက် ရှိလေသည်။
လင်ရှောင် ခန်းမဆောင်ကြီးသည် ကျိလင်နှင့် ဆန်းလျန်ကို တွေ့ရှိသွားပြီး အနားသို့ တိုးကပ် လာလေသည်။ ခန်းမဆောင်ကြီးသည် အသက် မရှိတော့သည့် နတ်ဘီလူးကို သိပ်ပြီး အာရုံ မစိုက်ခဲ့ပေ။
သို့သော် နတ်ဘီလူးကြီး၏ ခန္ဓာကိုယ် ပေါ်တွင် ကျိလင်နှင့် ဆန်းလျန် ထားခဲ့သည့် နတ်ဘုရား ဉာဏ်စဉ်များက အသက်ဝင် လာကာ နတ်ဘီလူးကြီး၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက် လာလေသည်။ ထို့နောက် နတ်ဘီလူးကြီးသည် ဒူးထောက်နေရာမှ မတ်တတ် ထရပ်လိုက်လေသည်။
ထို့နောက် ကြီးမားသည့် လက်သီးကြီးဖြင့် လင်ရှောင် ခန်းမဆောင်ကြီးကို ထိုးချ လိုက်လေတော့သည်။
နတ်ဘီလူး၏ လက်သီးစာ မိသွားသည့် ဆယ်ပေ ပတ်ဝန်းကျင်တွင် အက်ကြောင်းများ ထင်လာလေသည်။
လင်ရှောင် ခန်းမဆောင်မှာ လေထဲတွင် လှုပ်ယမ်း နေလေသည်။
ယွိမင် နတ်ဘုရားမှာ ဒေါသထွက် လွန်းသောကြောင့် အသားများပင် တဆတ်ဆတ် တုန်နေလေသည်။ နတ်ဘီလူး၏ လက်သီးစာ မိသွားသည့် အတွက် လင်ရှောင် ခန်းမဆောင်မှ ဝိညာဉ် စွမ်းအားများ စိမ့်ထွက်သွားပြီ ဖြစ်သည့်အတွက် ယွိမင် နတ်ဘုရားမှာ များစွာ စိတ်ထိခိုက် သွားရလေသည်။
သူက လက်စားချေ လိုသည့် မျက်ဝန်းများဖြင့် အဝေး တစ်နေရာသို့ လှမ်းကြည့် နေလိုက်လေသည်။
လင်ကွမ်း နတ်သမီးက ...
"ကောင်လေး ဆန်းလျန်နဲ့ ကျိလင် နတ်သမီးတို့ ဒီကို ရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး၊ ကိစ္စမရှိပါဘူး၊ သူတို့ကို ပြန်လမ်း မရှိအောင် လုပ်ပေးလိုက် ကြတာပေါ့"
တောက်ချင် နတ်ဘုရားက သူ၏ မုတ်ဆိတ်မွေး များကို တစ်ချက် သပ်လိုက်ရင်း ...
"ဂိုဏ်းတူ ညီမလေး၊ မလိုအပ်ဘဲ မတိုက်ခိုက်ပါနဲ့၊ ငါတို့က ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကို ရှာဖို့လာတာ မဟုတ်လား ၊ အဲဒီကိစ္စကိုပဲ အာရုံ စိုက်ကြရအောင်"
"ကျင်းချွယ်ကျောက်စိမ်း စာအုပ်နဲ့ လင်ရှောင် ခန်းမဆောင်က ဆက်စပ်နေတာ၊ အခု လင်ရှောင် ခန်းမဆောင်က ဝိညာဉ် စွမ်းအားတွေ ပျက်စီးကုန်ပြီ ဆိုတော့ ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကို အာရုံခံလို့ မရနိုင်တော့ဘူး၊ အိုး ဟုတ်ပြီ၊ လင်ရှောင် ခန်းမဆောင်ရဲ့ ဝိညာဉ်စွမ်းအား တွေကို ထိန်းထားနိုင်ဖို့ အတွက် လောင်ကျွမ်းနေတဲ့ နတ်ဘုရားကို အသုံးပြု ရမယ်"
လောင်ကျွမ်းနေသော နတ်ဘုရား ဆိုသည်မှာ မှော်ပညာ တစ်ခုဖြစ်ပြီး အားနည်းနေသော ဝိညာဉ် စွမ်းအားများကို ထိန်းသိမ်းထားပြီး သန့်စင်အောင် လုပ်သည့် နေရာတွင် အသုံးပြုခြင်း ဖြစ်လေသည်။ အချိန်တို အတွင်းတွင် ဝိညာဉ် စွမ်းအားများကို အဆမတန် ကြီးထွား လာစေလေသည်။ သို့သော် ထိုမှော်ပညာကို အသုံးပြုခြင်းဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်သော ပျက်စီးမှုများကို ဖြစ်ပေါ် စေနိုင်လေသည်။
ယွိမင် နတ်ဘုရား အနေဖြင့် ပျက်စီးသွားသည့် လင်ရှောင် ခန်းမဆောင်ကို အခြား နည်းလမ်းဖြင့် ပြုပြင်နိုင်သည့်တိုင် ဆန်းလျန်သာ ကျင်းချွယ်ကျောက်စိမ်း စာအုပ်ကို ရရှိသွားပါက သူတစ်သက်လုံး ထားရှိခဲ့သည့် စိတ်ကူးအိပ်မက်များ ပျက်စီး သွားတော့မည်ကို စိတ်ပူပန် နေသည့်အတွက် ထိုနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်နှင့် ကျိလင်တို့မှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရားများကို နှောင့်နှေး သွားစေရန်အတွက် နတ်ဘီလူး၏ ရုပ်ခန္ဓာ အပေါ်တွင် သူတို့၏ နတ်ဘုရား ဉာဏ်စဉ်များကို သက်ရောက်စေကာ တိုက်ခိုက် စေခဲ့ပြီးသည့်နောက် မိုးကောင်းကင်ခုံရုံး အတွင်းပိုင်းသို့ ဆက်လက်ထွက်ခွာ လာခဲ့ကြလေသည်။
သူတို့သည် တစ်လမ်းပြီးတစ်လမ်း ဖြတ်သန်း သွားကြပြီး ရွှေရောင်ဝတ်ရုံများ ဝတ်ဆင်ကာ သေဆုံး နေကြသည့် နတ်ဘုရား စစ်သည်များစွာ ကိုလည်း နေရာအနှံ့တွင် တွေ့ကြရလေသည်။
သို့သော် သူတို့က ထိုနေရာများတွင် မည်သည့်အရာ တစ်ခုတလေ ကိုမှ ထိကိုင်ခဲ့ခြင်းကို မပြုလုပ်ခဲ့ပေ။
ထိုအချိန်တွင် ...
အတွင်းသို့ ဝင်ရောက်လာလေလေ သူ၏ တန်ခိုးစွမ်းအားများ ပိုပြီး အားနည်းလာလေလေ ဖြစ်လာသည်ကို ဆန်းလျန် ခံစားလိုက် ရလေသည်။
သူ၏ အသက်ရှူသံမှာ ဆရာဘွားဘွားနှင့် ကာရန် ညီနေသည့် တိုင်အောင် သူ၏ တန်ခိုးစွမ်းအားများ လျော့နည်းသွားခြင်းကို မရပ်တန့် နိုင်ခဲ့ပေ။
ဆရာဘွားဘွားသာ သူ၏ လက်ကို ကိုင်ထားခြင်း မရှိလျှင် သူ၏တန်ခိုး စွမ်းအားများမှာ ပို၍ပင် လျော့နည်းသွားမည် ဖြစ်လေသည်။
သူရောက်ရှိနေသည့် နေရာတွင် သူ မရိပ်မိခဲ့သည့် ကျိန်စာတစ်ခု ရှိနေကြောင်းကို ဆန်းလျန် ရုတ်တရက် သဘောပေါက် လိုက်မိလေသည်။
***