← Chapters

အခန်း (၉၄၁-၉၄၂)

Vol. 79 Ch. 941-942

အခန်း (၉၄၁-၉၄၂)

Vol. 79 Ch. 941-942

အခန်း ၉၄၁ -

နတ်ဘုရားပဋိညာဉ်၏ တားမြစ်ချက်နှင့် ... ရွှမ်ဟွမ်ကြယ်စုပိုင် ဝင်စားခြင်းဥပဒေ။

ကံကြမ္မာနတ်ဘုရားတောင်ပေါ်တွင် ငြင်းခုန်သံများ ဆူညံပွက်လောရိုက်နေသည်။ ရှေးဦးခေတ်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများသည် မိမိတို့၏ အမွေအနှစ်များကို ပေးအပ်ရန် အပြိုင်အဆိုင်ဖြစ်နေ၏။

အနက်ရောင်ဝတ်ရုံဝတ်လူနှင့် ဝိညာဉ်ငှက်ကလေးသည်ပင် ရှက်ရွံ့စွာမျက်နှာ လွှဲလိုက်ရသည်။ ဤမျှ ကျော်ကြားလှသော ပုဂ္ဂိုလ်များသည် သိက္ခာမဲ့စွာ ကလေးများကဲ့သို့ ပြုမူနေကြလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုစဉ် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော ဝတ်ရုံနီအဘိုးကြီးတစ်ဦးက ကြားဖြတ်ပြောဆိုလာ၏။

“ အားလုံးပဲ မငြင်းကြပါနဲ့တော့ ငါတို့အားလုံးရဲ့ အကောင်းဆုံးအမွေတွေကို ထုတ်ပြလိုက်ရအောင် ဒီမိတ်ဆွေကိုယ်တိုင် ‌ရွေးချယ်ပါစေ။ ”

“ ဒါကောင်းတယ် တရားမျှတတယ် ... ။ ”

ဤအဆိုပြုချက်ကို အဖိုးကြီးအားလုံးမှ ထောက်ခံသော်လည်း စုရီသည် ခံတွင်းချဉ်လာ သဖြင့် ဝိုင်အိုးကို မော့သောက်လိုက်ရ၏။ ထို့နောက် လူတိုင်းထံကြည့်ကာ၊

“ အားလုံးပဲ ငါ့စကားကို နားထောင်ပေးကြပါဦး ... ။ ”

-ဟု ပြောကြားလိုက်သည်။ စကားသံများရုတ်တရက် တိတ်ကျသွားပြီး အကြည့်အားလုံးသည် စုရီထံသို့ ကျဆင်းသွားတော့၏။

“ ပြောပါ ... တာအိုမိတ်ဆွေ ... ။ ”

“ မင်းရဲ့ အမြင်ကို လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ် မိတ်လေး ... ။ ”

ဝတ်ရုံနီအဘိုးကြီးနှင့် အခြားလူများက အလွန်ပင် ယဉ်ကျေးပျူငှာစွာ ပြုံးပြလာသည်။ ဤဝတ်ရုံနီအဘိုးကြီးသည် ရှေးဦးခေတ်အချိန်၌ ရက်စက်ကြမ်းကြုတ်လွန်းသော နတ်ဆိုးကြီးတစ်ပါးပေပင်။

ယခုမူ စုရီရှေ့တွင် အလွန်ပင် နူးညံ့သိမ်မွေ့ နေခဲ့၏။ ယင်းကြောင့် အနက်ဝတ်အမျိုးသားက စိတ်မသက်မသာဖြင့် တတိယအကြီးအကဲထံ ကြည့်လိုက်မိသည်။ တစ်ဖက်လူ၏ရင်ထဲတွင် မည်သို့ခံစားနေရမည်ကို မြင်နိုင်ချေပြီ။

“ ပွင့်ပွင့်လင်းလင်း ပြောပါရစေ ... ငါမှာ ဘယ်သူ့အမွေကိုမှ ရွေးချယ်ဖို့စိတ်ကူးမရှိဘူး။ ”

ဤစကားသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသလို လူတိုင်းမှင်သပ်သွားခဲ့၏။

“ ငါ့မှာ ကိုယ်ပိုင်လမ်းရှိတယ် ... ငါ ဘာလိုချင်တယ်ဆိုတာ ငါသိတယ် အားလုံးရဲ့ စေတနာကိုတော့ ကျေးဇူးတင်စွာနဲ့ပဲ ငြင်းပယ်ပါရစေ။ ”

“ ဟမ့် ... တာအိုမိတ်ဆွေ ... ငါတို့ရဲ့ အမွေအနှစ်တွေက မင်းမျက်စိထဲ မဝင်ဘူးဆိုရင် ဟုန်ထျန်းဇွန်ရဲ့ အမွေအနှစ်ကရော မင်းကို မဆွဲဆောင်နိုင်ဘူးလား။ ”

အဖိုးကြီးတစ်ဦးမှ မေးလာသည်။ စုရီက တွန့်ဆုတ်မနေဘဲ ခေါင်းခါပြလိုက်တော့သည်။

“ မဟုတ်ပါဘူး ... အားလုံးရဲ့ အမွေအနှစ်တွေက မကောင်းလို့ မဟုတ်ပါဘူး ငါက ကိုယ်ပိုင်လမ်းကို ရှာဖွေနေသူဖြစ်လို့ပဲ ... အမွေတွေရဲ့ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ ”

ဤစကားကြောင့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများ၏မျက်နှာတွင် ခံစားချက်မျိုးစုံ ဖြတ်သန်းသွားလေသည်။ မိမိတို့ဘက်မှ ဤမျှ လျှော့ပေါ့ပေးပါသော်လည်း အဆုံးတွင် စုရီ၏ ငြင်းပယ်ခြင်းကိုသာ ခံလိုက်ရချေ၏။

အထူးသဖြင့် တတိယအကြီးအကဲ ကုန်းစွန်းသည် သူ့အတွက်အကြီးမားဆုံးသော ရှုံးနိမ့်မှုကို ခံစားလိုက်ရချေပြီ။ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရ၏။

“ မဟာတာအိုမှာ ဒီလောက်အထိ အောင်မြင်မှုတွေရထားတဲ့ တာအိုမိတ်ဆွေက မင်းတို့ရဲ့ အမွေတွေကို လိုပါ့ဦးမလား ... ။ ”

ထိုစဉ် ခန့်ညားထည်ဝါလှသော အသံကြီးတစ်သံ ချက်ချင်းဟိန်းထွက်လာသည်။ နတ်တောင်ကြီးတုန်ခါလျက် ကောင်းကင်တွင် လျှပ်စီးများသိုင်းခြုံထားသော ပုံရိပ်တစ်ရိပ် ပေါ်လာတော့၏။

အင်္ကျီလက်မောင်းဝအကျယ်ကြီးမှာ တဖျပ်ဖျပ်ခတ်လျက် ဆံပင်ရှည်များ ဖားလျား ချထားပြီး နေနှင့်လကိုပင် အမိန့်ပေးနိုင်သည့် သခင်တစ်ပါးကဲ့သို့ပေပင်။

“ သခင် ... ။ ”

အနက်ဝတ်လူနှင့် တတိယ အကြီးအကဲ ကုန်းစွန်းသည် တုန်လှုပ်စွာ ချက်ချင်းဒူးထောက် အရိုအသေပေးလိုက်ကြသည်။ ဤသည်မှာ ရွှမ်ဟွမ်ကြယ်စုသခင် ဟုန်ထျန်းကျွင်းပေပင်။

စုရီက ထိုသူကိုတစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။ ယခင်က အရိုးဖြူလက် မြင်ကွင်းထဲတွင် သူမြင်ခဲ့ဖူးချေပြီ။

သို့သော် ထိုစဉ်က ဟုန်ထျန်းကျွင်းသည် ဒဏ်ရာဗရပွနှင့် သနားစဖွယ်ဖြစ်နေလေသည်။ ယခုမူ သူ့ဆန္ဒဝိညာဉ်သည် အရှိန်အဝါများ အပြည့်ဖြင့် ကြီးစိုးနေ၏။

“ မင်္ဂလာပါ မိတ်ဆွေ ... ။ ”

ဟုန်ထျန်းကျွင်းက စုရီကိုရွယ်တူ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ရိုသေစွာနှုတ်ဆက်လိုက်ရာ လူတိုင်း မှင်သပ်ကုန်လေသည်။

“ ငါဘယ်သူလဲဆိုတာ မင်းသိတယ် ဒါပေမယ့် ငါကတော့ မင်းကိုအပြင်ထွက်လာပြီး နှုတ်ဆက်လို့မရတော့ဘူး ... ဒီလိုယဉ်ကျေးမှု ပေါ့လျော့တဲ့အတွက် ခွင့်လွှတ်ပေးပါ။ ”

“ ယဉ်ကျေးမှု ပျက်ယွင်းတာလား ... ငါတော့အဲဒီလို မထင်ဘူး ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို အကြမ်းဖျင်း ငါနားလည်ပါတယ် ... ပြီးတော့ မင်းရဲ့ရပ်တည်မှုက လေးစားစရာပဲ။ ”

စုရီက ခေါင်းညိတ်ပြကာ ဦးညွှတ် နှုတ်ဆက်သည်။ ဤပုဂ္ဂိုလ်သည် ရှေးဦးခေတ် ကပ်ဘေးကြီးကို အသက်ပေးခုခံခဲ့သူဖြစ်၏။ လေးစားဖွယ်ပေပင်။

ခေတ္တအကြာတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများသည်လည်း ဟုန်ထျန်းကျွင်း၏ အတွေးများကို မှန်းဆလျက် တိတ်ဆိတ်စွာ နားလည်သွားကြတော့သည်။

တစ်ဖက်လူသည် သူတို့အားလုံးထက် သာလွန်သောအလားအလာနှင့် အုတ်မြစ်ကြီး ရှိနေပေမည်။ ထိုစဉ် ဝတ်ရုံနီနှင့်အဘိုးကြီးက သက်ပြင်းချကာ တောင်းဆိုချက်တစ်ခု ပြုလုပ်လာတော့သည်။

“ တာအိုမိတ်ဆွေ ... ငါတို့ရဲ့ အမွေတွေကို သမိုင်းမြစ်ကြီးထဲမှာ ပျောက်ကွယ်မသွားအောင် တစ်ခုလောက် မင်း ... ကူညီပေးနိုင်မလား ...

... ဒီအမွေအနှစ်တွေကို မိတ်ဆွေနဲ့အတူ ယူသွားပေးပြီး သင့်လျော်တဲ့သူဆီ ဝေမျှပေး စေလိုပါတယ် ကျေးဇူးပြုပြီး ... ။ ”

စုရီက ခဏမျှ စဉ်းစားပြီးနောက်၊

“ ကောင်းပြီ ... ငါသဘောတူပါတယ်။ ”

-ဟုဆိုလိုက်၏။ ဤသည်မှာ ရွှမ်ဟွမ်ကြယ်စု၏ အထွတ်အထိပ်အမွေများကို တဖန်ပြန်လည်ထွန်းကားစေမည်ဖြစ်သည်။

လောကအတွက် ကောင်းကျိုးလည်း ဖြစ်ပေ၏။ သူ့ကတိစကားကြောင့် အမွေအနှစ် ကျောက်တိုင်များမှ အလင်းလုံးများပေါ်လာပြီး စုရီထံသို့ တိုးဝင်လာတော့သည်။

“ ကျေးဇူးတင်ပါတယ် ... မိတ်ဆွေ ... ။ ”

“ ကျေးဇူးတင်ပါတယ် ... မိတ်ဆွေ ... ။ ”

“ ကျေးဇူးတင်ပါတယ် ... မိတ်ဆွေ ... ။ ”

ကျေးဇူးတင်သံများ ဆူညံသွားသည်။ ထို့စဉ်ဟုန်ထျန်းကျွင်းမှ တတိယအကြီးအကဲ ကုန်းစွန်းထံကြည့်ကာ သက်ပြင်းချ၏။

“ ကုန်းစွန်း ... မင်း ငါ့စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ပေမဲ့ .. ဒီနေ့မင်းလုပ်ခဲ့သမျှတွေက မလုပ်သင့်တဲ့အရာတွေပဲ။ ”

တတိယအကြီးအကဲ ကုန်းစွန်းက မြေပြင်ပေါ် ချက်ချင်းဒူးထောက်ချလိုက်ကာ၊

“ သခင် ... မှားမှန်းသိပေမယ် ... ဘယ်တော့မှနောင်တမရပါဘူး အဲဒီတုန်းက သခင်ရဲ့စကားအရ ငါတို့ကြယ်စုမှာ ...

... ကောင်းကင်တာအိုဥပဒေရဲ့ ... အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားတဲ့အတွက် ကြယ်ဥပဒေက မပြည့်စုံတော့ဘူး ...

... ဒါကြောင့် ဝင်စားခြင်းဥပဒေကို ပိုင်ဆိုင်ထားတဲ့ သခင့်ရဲ့သူငယ်ချင်းဆိုသူထံမှာ သခင် အကူအညီတောင်းနေခဲ့တာ ဒီအဖိုးကြီး သိပါတယ် သူကလည်း ကူညီမယ်လို့ ကတိပေးခဲ့ပါတယ် ...

... အဲဒီလူသာ ဒီကပ်ဘေးကြီးအတွင်းမှာ ပါဝင်ကူညီခဲ့မယ်ဆိုရင် ငါတို့ရှုံးနိမ့်မှာမဟုတ်ဘူး ဒါပေမယ့် ... သူ ... ငါတို့ကိုသစ္စာဖောက်ပြီး ...

... ထွက်ပြေးသွားတာမို့ ရွှမ်ဟွမ်ကြယ်စုတစ်ခုလုံး အခုလိုတွေ ဖြစ်ကုန် ရတာပါ ... ဂိုဏ်းကြီးတွေ ထောင်သောင်းမက ပျက်စီးကုန်ပြီး အထွတ်အထိပ်ပညာရှင်တွေ ပျောက်ကွယ်ကုန် ...

... တာအိုဘိုးဘေးအဆင့် ကြယ်စုကြီး တစ်ခုလုံးဆိတ်သုဉ်းပြီး စွမ်းပစ်မြေဖြစ်ရတယ် ပြီးတော့ ... ပြီးတော့ သခင်ရဲ့အသက်တောင် ပေးဆပ်ခဲ့ရတယ်မဟုတ်လား။ ”

-ဟု နာကြည်းစွာ ဆိုသည်။

ထိုအခါမှသာ ဤအဘိုးကြီးသည် သူ့ကိုအဘယ့်ကြောင့် ရန်လိုနေရသည်ကို စုရီမှ နားလည်သွားခဲ့၏။ အရာအားလုံး ဝင်စားခြင်း ဥပဒေနှင့် ပတ်သက်နေခြင်းပေပင်။ သို့သော် ဟုန်ထျန်းကျွင်းမှ ခေါင်းခါလိုက်သည်။

“ မင်းမှားနေပြီ ... အဲဒီတုန်းက အမှန်တရားကို မင်းမသိခဲ့ဘူး။ ”

“ အမှန်တရားလား ... ။ ”

တတိယအကြီးအကဲကုန်းစွန်းမှ မျက်ခုံးပင့်လိုက်သည်။ အနက်ဝတ်အမျိုးသား သည်လည်း စိတ်ဝင်စားသွား၏။

“ ဟုတ်တယ် ... အဲဒီတုန်းက စီနီယာရဲ့ ဆန္ဒကြောင့် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ငါတို့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး ... ဒါပေမယ့် အခုတော့ အမှောင်ခေတ်ဟာ ကုန်ဆုံးသွားပါပြီ မင်းဆီဖုံးကွယ်ထားဖို့ မလိုအပ်တော့ပါဘူး။”

ဟန်ထျန်းကျွင်းက သက်ပြင်းချကာ အဝေးသို့ငေးလိုက်သည်။ ထိုစဉ်က ဖြစ်ရပ်များ သူ့အတွေးထဲ ပေါ်လာပုံရ၏။

“ ဒီခေတ်ကမဟုတ်တဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ပါးကနေ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကပ်ဘေးကြီးစတင်ခဲ့တာ သူ့ရဲ့ပန်းတိုင်က ...

... ငါတို့ရဲ့ ကြယ်စုရဲ့ ဥပဒေကို ဖျက်ဆီးပစ်ဖို့မဟုတ်ဘူး အဲဒီကပ်ဘေးကလဲ ငါတို့ကို ရည်ရွယ်တာမဟုတ်ပါဘူး ... သူ့ရဲ့ ရည်ရွယ်ချက်က ဝင်စားခြင်းပဲ ...

... ဒါကြောင့် ငါက မြေအောက်ကမ္ဘာ ငရဲဘုရင်ကို ငရဲမှတ်တမ်း၊ ဝင်စားခြင်းစက်ဝန်း တံဆိပ်နဲ့ အခြားတန်ဖိုးရှိတဲ့ အရာတွေယူပြီး ဒီကြယ်စုကနေ ထွက်ခွာခိုင်းလိုက်တာ ...

... သူသာ အဲဒီတုန်းက တိုက်ပွဲကြီးမှာ ပါဝင်ခဲ့ရင် ယနေ့ ... မင်းမြင်နေရတဲ့ ဝင်စားခြင်း ဥပဒေဆိုတာ ဒီကမ္ဘာမှာရှိတော့မှာ မဟုတ်ဘူး အဲဒီတည်းက လုယူတာခံရလိမ့်မယ်။ ”

အမှန်တရားကို ကြားလိုက်ရချိန်တွင် လူတိုင်းဆွံ့အသွားကြသည်။ ရှေးဦးခေတ်ကြီး၏ ပျက်စီးခြင်းကပ်ဘေးကြီးသည် အမှန်စင်စစ် ဝင်စားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းသည်ပင်။

ယနေ့ခေတ်မှ မဟုတ်သော တစ်စုံတစ်ဦးသည် ဤကြယ်စုတွင် ဝင်စားခြင်း ပြုလုပ်ရန် ခေတ်များ၏အတားအဆီးကို ကျော်ဖြတ်ကာ ဆင်းသက်ခဲ့သည်။

သို့သော် ဝင်စားခြင်းဥပဒေသည် နတ်ဘုရားပဋိညာဉ်တွင် တားမြစ်ထားသော ဥပဒေဖြစ်သည်။ ထို့ကြောင့် အဆိုပါစီနီယာနှင့် အတူ ဝင်စားခြင်းဥပဒေကို ဖျက်ဆီးလိုသော ကပ်ဘေးကြီးသည် ရွှမ်ဟွမ်ကြယ်စုထံသို့ သက်ဆင်းလာခဲ့ခြင်းပေပင်။

ယင်းသည် ထိုစီနီယာကိုသာ ရည်ရွယ်သော်လည်း ဟုန်ထျန်းကျွင်းမှကူညီရန် ဆန္ဒရှိခဲ့ကာ ဝင်စားခြင်းဥပဒေကို သူ့မိတ်ဆွေ မြေအောက်ကမ္ဘာဧကရာဇ်နှင့်အတူ ထွက်ခွာ ရှောင်တိမ်းထားစေခဲ့သည်။

ထို့ကြောင့် ကပ်ဘေးကြီးအတွင်း ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်တာအိုပျက်စီးပြီး ဟုန်ထျန်းကျွင်းနှင့် သူ့မိတ်ဆွေများ အသက်ပေးလိုက်ရသည်။

အကျိုးဆက်အနေဖြင့် ထိုကပ်ဘေးအပြီး ရွှမ်ဟွမ်ကြယ်စုသည် တာအိုများပျက်စီးကုန်ကာ အထွတ်အထိပ်ပုဂ္ဂိုလ်များအားလုံး ပျောက်ကွယ်သွား၏။

တစ်ချိန်က တာအိုများ၏ ဘိုးဘေးနယ်မြေသည် ကောင်းကင်တာအိုများ ချို့ယွင်းပြီး စွန့်ပစ်မြေအဖြစ်လျော့ကျကာ ကောင်းကင်လမ်း ပြတ်တောက်သွား၏။

ရွှမ်ဟွမ်ကြယ်စုအပိုင် ဝင်စားခြင်း ဥပဒေသည်လည်း ယနေ့တိုင် မြေအောက်ကမ္ဘာ ဧကရာဇ်နှင့်အတူ ပျောက်ဆုံးသွားခဲ့သည်။

စီနီယာဆိုသူသည်လည်း အောင်မြင်စွာ ပြန်လည်ဝင်စားနိုင်ခြင်းရှိ-မရှိ မည်သူမျှမသိခဲ့ ကြချေ။ သို့သော် တစ်နေ့တွင် ထိုစီနီယာသည် ရွှမ်ဟွမ်ကြယ်သို့ ပြန်လာနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့တော့၏။

***

အခန်း ၉၄၂ -

သုံးဘဝတာအိုများ ပေါင်းစည်းခြင်း။

“ ဒါဆို... ငါ ကမ္ဘာမီးလောင်သလောက် နာကျည်းခဲ့ရတာတွေက ငါ့ရဲ့တစ်ကိုယ်တော် အထင်မှားမှုတွေပဲပေါ့ ... ။ ”

ဟုန်ထျန်းကျွင်းစကားကြောင့် ကုန်းစန်းဟုခေါ်သော တတိယအကြီးအကဲခမျာ တစ်ယောက်တည်း အသက်မဲ့သွားတော့၏။

မျက်ဝန်းများ ဗလာဖြစ်နေပြီး အိုမင်းရင့်ရော်နေသော မျက်နှာပြင်ထက်တွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။

ရင်ထဲ၌စွဲကပ်နေသော မာန်မာနနှင့် အာဃာတများသည် အဆုံး၌အရေးမပါသည့် အမှုန်များသာဖြစ်နေခဲ့ချေပြီ။

ဤထိုးနှက်ချက်သည် အလွန်ပင် ပြင်းထန်လွန်းပြီး တာအိုနှလုံးသားကို များစွာ တုန်ခါသွားစေတော့၏။

“ ဒေါင်းအိုကြီး ... သတိပြန်ကပ်စမ်း။ ”

အနက်ရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ ဟစ်အော်သတိပေးလေသည်။ သူ့အသံတွင် စိတ်ဝိညာဉ်ကိုနိုးကြားစေသော တာအိုစွမ်းအားများ ပါဝင်နေ၏။

သို့တိုင် ဒေါင်းအိုကြီးတစ်ကောင်ဖြစ်သော တတိယအကြီးအကဲကုန်းစွန်းသည် လုံးဝမကြား သကဲ့သို့ ငေးမှိုင်နေဆဲဖြစ်သည်။

“ ဒီအဆင့်က သူကိုယ်တိုင် ဖြတ်ကျော်ရမယ့်အတားအဆီးပဲ ... ဘယ်သူမှ ကူညီလို့မရဘူး။ ”

စုရီက တည်ငြိမ်စွာ ပြောကြားလိုက်သည်။ ထိုစဉ်ကုန်းစွန်းသည် ရုတ်တရက်လှည့်ကြည့်ပြီး၊

“ မင်းခုနက ပြောခဲ့တာ ... ငါ့ရဲ့ဓားက နိမ့်ပါးတာမို့ မင်းနဲ့ပြိုင်ဖို့တောင်မထိုက်တန်ဘူး ဆိုတာ ... အဲဒါ ဘာကိုဆိုလိုတာလဲ။ ”

-ဟု မေးမြန်းတော့၏။

“ ဓားသမား တစ်ယောက်အနေနဲ့ စွဲလမ်းရမှာက ကိုယ့်ရဲ့ဓားတာအိုပဲဖြစ်ရမယ် ဒီလိုအတိတ်က အာဃာတတွေမဟုတ်ဘူး ...

... မင်းကတော့ ဓားသမားအမည်ခံပြီး အချိန်အတော်ကြာအောင် အမုန်းတရားထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်ထားခဲ့တယ် ဒီလိုဓားက ငါ့အတွက် ကြည့်ဖို့တောင် မထိုက်တန်ဘူး ...။ ”

စုရီ၏ စကားမှာ အလွန်ပင် ရိုးရှင်း ပြတ်သားလှသည်။ ကုန်းစွန်းခမျာ တစ်ကိုယ်လုံး တုန်ရီလျက် မျက်နှာပျက်သွား၏။

“ တာအိုမိတ်ဆွေ ... ဒီထက် နည်းနည်းလောက် နားဝင်ချိုအောင် ပြောလို့ မရဘူးလား။ ”

အနက်ဝတ်အမျိုးသားက ကုန်းစွန်းထံ စိုးရိမ်တကြီးကြည့်ကာ ဝင်ပြောလိုက်လေသည်။ စုရီမှ ခေါင်းခါလိုက်ပြီး၊

“ ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန်မြင်မှ လှောင်အိမ်ကနေ လွတ်မြောက်နိုင်မယ် .. သူ့မှာ ဓားသမားရဲ့ မာန်မာနမျိုး ကျန်နေသေးလို့သာ ငါ လမ်းညွှန်ပေးနိုင်တာ မဟုတ်ရင်အမှိုက်ပဲ။ ”

“ ဟားဟားဟား ... ။ ”

ထိုစကားကြောင့် ကုန်းစွန်းခမျာ အသိစိတ်လွတ်သွားသူကဲ့သို့ တဟားဟားပင် အော်ဟစ်ရယ်မောလိုက်၏။

“ လမ်းမှားခဲ့ပြီ ... ငါလမ်းမှားသွားပြီ အားလုံးကအမှားတွေ ... ဟားဟားဟား ... ။ ”

“ ဒေါင်းအိုကြီး ... သတိထားပါ။ ”

သည့်နောက် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ရေရွတ်လျက် ခန္ဓာကိုယ်ယိမ်းထိုးပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။ အနက်ဝတ် အမျိုးသားက သတိပေး၏။ ဟုန်ထျန်းကျွင်းမှ သက်ပြင်းချလိုက်သည်။

“ လုယန် ... သူ့ကို မတားနဲ့တော့ ... တာအိုမိတ်ဆွေပြောသလိုပဲ ... ဒါသူကိုယ်တိုင် ကျော်ဖြတ်ရမယ့် အခက်အခဲပဲ။ ”

“ မှန်တယ် ... သူ့မှာဓားသမား မာန်မာနရှိနေသေးတာမို့ အရမ်းအဆိုးကြီးတော့ ဖြစ်လာမှာမဟုတ်ဘူး ဒီအဆင့်ကိုကျော်နိုင်ရင် သူ့ဓားက အဆင့်သစ် ရောက်သွားလိမ့်မယ်။ ”

စုရီက မှတ်ချက်ပေးလိုက်သည်။ များမကြာမီမှာပင် ကုန်းစွန်းပုံရိပ်ပျောက်ကွယ် သွားခဲ့ပြီး ဟုန်ထျန်းကျွင်းမှ စုရီထံလှည့်ကြည့် လိုက်တော့၏။

“ ငါ့ရဲ့ဆန္ဒဝိညာဉ်က အချိန်ကုန်ဆုံးတော့မယ် မင်းမှာဘာတွေ မေးစရာရှိသေးလဲ။ ”

စုရီက ခေါင်းညိတ်ကာ အရေးကြီးသော မေးခွန်းများကို မေးမြန်လိုက်သည်။ ထို့ကြောင့် လျှို့ဝှက်ချက် (၃)ခုကို သိရှိလိုက်ရ၏။

အတိတ်တွင် ထိုကပ်ဘေးကို ယူဆောင်လာသူသည် အချိန်မြစ်ကြီးပေါ်တွင် ရပ်နေသော အဖြူဝတ်အမျိုးသားဖြစ်၏။ သူ့ အမည်မှာ ချင်ချုံရှဖြစ်ပြီး ပုံရိပ်ယောင်ခေတ်မှ လာသူပေပင်။

ထိုချင်ချုံရှကို ပါးရိုက်ခဲ့သူသည် အရိုးဖြူလက်ပိုင်ရှင် လော့ယောင်အမည်ရှိသော အမျိုးသမီးကြီးဖြစ်သည်။ သူမသည် ဝင်စားခြင်း ဥပဒေကိုရှာဖွေနေသူဖြစ်ပြီး မူလကို မသိချေ။

သို့တိုင် ဟုန်ထျန်းကျွင်းမှ တာအို လမ်းပြသူအဖြစ် အလေးထားခဲ့၏။ ထိုအရိုးဖြူ လက်တစ်ဖက်သည် ချင်ချုံရှကို ပါးရိုက်လိုက်စဉ် အချိန်မြစ်ကြီး၏ တုန့်ပြန်မှုကြောင့် ပြတ်ကျကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ယင်းက သူမကို ပြန်လည် ဆုတ်ခွာရန်မှတပါး ရွေးချယ်စရာမရှိခဲ့ချေ။ ဤနည်းဖြင့်ကပ်ဘေးကြီးပြီးဆုံးသွားခဲ့ကာ သူမ သည်လည်း ပေါ်မလာတော့ချေ။

မြေအောက်ကမ္ဘာဧကရာဇ်သည် ထွက်ပြေးခြင်းမဟုတ်ဘဲ ဝင်စားခြင်းဥပဒေကို မရဏကမ္ဘာတွင်ဝှက်ကာ ကပ်ဘေးအတွင်း ပြန်လာပြီး အသက်ပေးသွားခဲ့၏။

အထက်ပါ အချက်အလက်များ ပြောကြားပြီးနောက် ဟုန်ထျန်းကျွင်းပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့လာလေသည်။

“ ဝင်စားခြင်းလမ်းကို အမှန်တကယ် ဖွင့်လှစ်ပြီး ... ပြန်လည်မွေးဖွားလာနိုင်သူဆိုလို့ ဒီလောကကြီးမှာ ...

... မင်းတစ်ယောက်ပဲရှိသေးတယ် တာအိုမိတ်ဆွေ၊ ဒါကြောင့် ... အဲဒီစီနီယာရဲ့ လက်ကို ကောင်းကောင်းသိမ်းထားပါ တနေ့ သူလာယူမယ်ဆိုတာ ငါသိတယ်။ ”

အဆုံးတွင် ဟုန်ထျန်းကျွင်း၏ ဆန္ဒဝိညာဉ်သည် လုံးဝပျောက်ကွယ်သွားချေပြီ။ သူ့အမွေကို စုရီမှ ဆက်လက်ထိမ်းကြောင်းကာ သင့်လျော်သူများတွေ့က ပေးအပ်ရန် မှာကြား သွားတော့သည်။

စုရီက အမွေများကိုသိမ်းဆည်းကာ နယ်ပယ်ဘုရင်အဆင့်သို့ တက်ရောက်နိုင်ရန် ဖရိုဖရဲပင်လယ်အရပ်ကို မေးမြန်းလိုက်၏။

လုယန်က ဝမ်းသာအားရဖြင့် စုရီကိုလမ်းပြပေးသည်။ လမ်းတလျှောက်ခရီး၌ ထိုခေတ်ကကပ်ဘေးကြီး မည်မျှပြင်းထန် ခဲ့ကြောင်းကို ခံစားလာရ၏။

“ တာအိုမိတ်ဆွေ ... ဟိုးအရှေ့မှာ မြင်နေရတာက ဖရိုဖရဲပင်လယ်ပဲ ... ဒါဟာ ရွှမ်ဟွမ်မိခင်ချီပင်လယ်ကြီးပါ။ ”

လုယန်က ညွှန်ပြလိုက်သည်။ မျက်စိရှေ့တွင် ဟိန်းဟောက်နေသော လျှပ်စီး လှိုင်းများနှင့်အတူ မိခင်ချီများထူထပ်နေသည့် ပင်လယ်ကြီး ပေါ်လာ၏။

ဤသည်မှာ နယ်ပယ်ဘုရင်တစ်ပါး အတွက်ပင် အကျိုးသက်ရောက်မှုပေးနိုင်သော စွမ်းအင်ရင်းမြစ်ကြီးဖြစ်လေသည်။

ကောင်းကင်ကြီးအောက်တွင် ဟိန်းဟောက်နေသော လျှပ်စီးနဂါးများသည် မိုးကြိုးမုန်တိုင်းများ ယှက်နွှယ်နေကြ၏။

ပြင်းထန်လှသော ဥပဒေစည်းမျဉ်းများ ပေါက်ကွဲထွက်ပေါ်မှုကြောင့် ကောင်းကင်ကြီး သည်ပင် ပြိုကျတော့မယောင် တုန်ခါနေတော့သည်။

လုယန်သည် သားရေဖြင့်ပြုလုပ်ထားသော ရတနာတစ်ခုကို ထုတ်ဖော်လိုက်ရာ ပေ(၆၀)ခန့် ကျယ်ဝန်းသော အကာအကွယ်ဖြစ်ပေါ်လာ၏။

“ ဂျိန်း ... ။ ”

ထို့နောက် သူနှင့် စုရီကို ဖုံးအုပ်ကာ ခရီးဆက်လာခဲ့သည်။ ရံဖန်ရံခါ တိုးဝင်လာသော မိုးကြိုးစက်ကွင်းများနှင့် ဥပဒေစည်မျဉ်းများကို ထိုသားရေချပ်မှ ချက်ချင်းပယ်ဖျက်ပေး၏။

“ ဒီနေရာရဲ့ ဥပဒေတွေက အရင်က ကပ်ဘေးကြီးကြောင့် တော်တော်လေး ပျက်စီး သွားခဲ့တာ ... မဟုတ်ရင် တုံယွီအဆင့်တောင် ဒီပင်လယ်မှာ အသက်ရှင်ဖို့ မလွယ်ဘူး။ ”

လုယန်က ရှင်းပြလျက် စုရီကို ကျွန်းငယ်လေးတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုကျွန်းသည် ကျောက်ဆောင်တစ်ခုသဖွယ် ပေရာဂဏန်းမျှသာ ကျယ်ဝန်း၏။

မြက်ပင်တစ်ပင်မျှပင် မပေါက်သော ကန္တာရကျွန်းဖြစ်သည်။ ထို့နောက်လုယန်နှင့် စုရီက ကျွန်း‌ပေါ်ဆင်းသက်လိုက်၏။

“ ဒီနေရာက အတော်လေး လုံခြုံပါတယ် တစ်ခါတစ်ရံမှာ ဥပဒေစည်းမျဉ်းတွေရဲ့ပေါက်ကွဲ စွမ်းအားတွေ ပေါ်လာနိုင်ပေမယ့် မင်းရဲ့ အသက်ကို ခြိမ်းခြောက်ဖို့တော့ မလုံလောက်ပါဘူး။ ”

လုယန်က ရှင်းပြလိုက်သည်။ ဖရိုဖရဲပင်လယ်ပြင်အနှံ့ ဤသို့ဘေးကင်းသော ကျွန်းငယ်လေးများ များစွာရှိချေပြီ။

“ အရင်တုန်းက တာအိုအစေခံတွေက ဒီလိုဘေးကင်းတဲ့နေရာတွေမှာ ကျင့်ကြံကြပြီး ကမ္ဘာ့ဘုရင်တွေဖြစ်လာချိန်မှာ တားမြစ်မြေကို ကာကွယ်ဖို့ ဗဟိုနှလုံးသားဆီသွားကြရတယ်။ ”

“ အဲဒီဗဟိုဒေသက ဒီကနေ ဘယ်လောက်ဝေးလဲ။ ”

စုရီမှ မေးမြန်းလိုက်သည်။

“ မိုင်ရှစ်ထောင်လောက်ဝေးတယ်၊ လမ်းက အန္တရာယ်များတယ် ခြေလှမ်းတစ်ချက်မှားတာနဲ့ ငါတို့ဖုန်မှုန့်တွေအဖြစ် လွယ်လွယ်ပျောက်ကွယ် သွားနိုင်တယ် ...

... အရင်တုန်းက ဒေါင်းအိုကြီးက တာအိုအစေခံအသစ်တွေကို အဲဒီဗဟိုဒေသမှာ တာဝန်ထမ်းဆောင်ဖို့ ဒီတာဝန်ယူထားတာ။ ”

“ အဲဒီမှာ ဘာရှိလဲ ... ။ ”

“ လှံတစ်စင်း ... ။ ”

“ ဟမ့် လှံတစ်စင်းလား ... ။ ”

စုရီက မျက်ခုံးပင့်လိုက်သည်။

“ ဟုတ်တယ် အဲဒီနေရာမှာ အခုထိ ကပ်ဘေးရဲ့အရိပ်အယောင်တွေ ရှိနေတုန်းပါပဲ အထူးသဖြင့် အဲဒီလှံ .. သူကဒီဘက်ခေတ်ရဲ့ လက်နက်မဟုတ်ဘူး ...

... သူ့မှာ အခုချိန်ထိတောင် ကပ်ဘေးရောင်ဝါစွမ်းအားနဲ့ ဒီဒေသကြီးကို ပျက်စီးစေနိုင်တုန်းပဲ။ ”

ဤသည်မှာ အချိန်မြစ်ကြီးကို စီးနင်းလာသော ထိုအမျိုးသား၏ လက်နက် ဖြစ်လေသည်။

ထို့နောက် လုယန်သည် စုရီကိုကျွန်းတွင် ထားရစ်ကာထွက်ခွာရန်ပြင်၏။ အပြန်လမ်းတွင် စုရီ၏တောင်းဆိုချက်အရ ကောင်းကင်နတ်ဆိုး ဧကရာဇ်နှင့် မုချန်းယွမ်ကို ခေါ်ဆောင်သွားပြီး စမ်းသပ်မှုဖြေဆိုရန် စီစဉ်ပေးခဲ့တော့သည်။

စုရီက ကျွန်းပေါ်တွင် တစ်ယောက်တည်း ရပ်လျက် ပတ်ဝန်းကျင်ကို ငေးမောနေခဲ့မိသည်။ ဥပဒေစည်းမျဉ်းများသည် ထူထပ်လွန်းသဖြင့် ပတ်ဝန်းကျင်တွင် ပင်လယ်ရေလှိုင်းများသဖွယ် ဟိန်းဟောက်လှိုင်းထနေ၏။

ကောင်းကင်နှင့် မြေကြီးကြားတွင် ထူထပ်သော ဖရိုဖရဲစွမ်းအင်များကမြူထုသဖွယ် ဝေ့ဝဲနေချေပြီ။ စုရီက ကုလားထိုင်ထုတ်ယူကာ သက်သောင့်သက်သာ လှဲလျောင်းလိုက်၏။

တတိယအကြီးအကဲကုန်းစန်းနှင့် တိုက်ခိုက်ခဲ့စဉ် ဓား(၃)ချက်သာဖြစ်သော်လည်း သူ့စိတ်စွမ်းအင်ကို များစွာသုံးစွဲခဲ့ရသည်။

ထို့‌ကြောင့် ပင်လယ်ပြင်မှ တိုက်ခတ်လာသောလေပြေများကို ရှူရှိုက်ကာ ပင်ပန်းနွမ်းနယ်မှု ဖြေဖျောက်နေခဲ့၏။

တစ်ဆက်တည်းမှာပင် ဝိုင်တစ်ကျိုက် မော့သောက်ကာ ခွန်အားအပေါ် ပြန်လည်၍ ဆန်းစစ်ကြည့်လိုက်သည်။

လက်ရှိအခြေအနေအရ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေစည်းမျဉ်းမှာ ထုံရှောက်အဆင့်ကို သတ်ပစ်ရန် လွယ်ကူလှ သော်လည်း ကွေ့ယီအဆင့်ကိုမူ မလွယ်ချေ။

ဝင်စားခြင်းတာအိုသည်လည်း ကနဦး ကျွမ်းကျင်မှုသာရှိသဖြင့် များစွာအားကိုးနိုင်ခြင်း မရှိသေးသော်လည်း အနည်းငယ် အသုံးဝင်နေသေးသည်။

ငရဲဘုံကိုးပါးဓားရောင်ဝါ၊ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေနှင့် မဟူရာ ‌ရွှေနွယ်မြစ်တို့ ပေါင်းစပ်သော် တုံ့ယွီအဆင့်ကို ရင်ဆိုင်နိုင်၏။ ဆုတ်ခွာရန်လမ်းမထားတော့ဘဲ အဆုံးထိလိုက်ပါစေသော် သတ်နိုင်ပေမည်။

ထို့ကြောင့် နယ်ပယ်တစ်ခုလုံးကျော်ကာ ရန်သူကိုသတ်ဖြတ်ခြင်းသည် များစွာခက်ခဲမှန်း သိရှိလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ ဝင်စားခြင်း ဥပဒေနှင့်၊ အရာခပ်သိမ်းဖျက်သိမ်းခြင်း ဥပဒေ တို့သည် တားမြစ်အဆင့် ဒိုမိန်းဥပဒေနှစ်ရပ် ပေပင်။ လောကသခင်ဘဝ စကြာဝဠာအလင်း ဥပဒေသည်လည်း ရှိနေသေး၏။

ထို့ကြောင့် ထုံရှောက်အဆင့်သို့ တက်လှမ်းရန် အလျင်မလိုဘဲ ဤကျွန်းပေါ်တွင် သုံးဘဝတာအိုအမွေများကို စုစည်းထားရန် ဆုံးဖြတ်လိုက်တော့သည်။

များမကြာခင် စွမ်းအင်စုစည်းခြင်းနှင့် ဖုံးကွယ်ဝင်္ကပါတစ်ခုကို တည်ဆောက်လိုက်၏။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ သုံးဘဝတာအို ကျင့်ကြံမှုကို ပေါင်းစည်းရန် စတင်ခဲ့သည်။

ဝင်စားပြီးနောက် သူသည် လက်ရှိအမြင့်သို့ရောက်ရှိရန် (၃)နှစ်ကျော်သာ အချိန်ယူခဲ့ရသည်။ ဤခရီးတွင် ငရဲဘုံကိုးပါး ဓားရောင်ဝါနှင့် အတိတ်ဘဝ အတွေ့အကြုံ များမှာ အရေးကြီးသော ကဏ္ဍမှလိုက်ပါလာ၏။

အချိန်ကာလသည် မြစ်ရေသဖွယ် စီးဆင်းသွားနေရာ (၆)လဟူသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

အတွင်းတားမြစ်နယ်မြေဒေသကြီး၏ ကံကြမ္မာနတ်တောင်တွင် မိုးကြိုးတိမ်တိုက်များ ရစ်သိုင်းလျက် ကောင်းကင်နတ်ဆိုး ဧကရာဇ် ခမျာ ကပ်ဘေးခံယူရန်ပြင်နေ၏။

စမ်းသပ်မှုအတွင်း သူမသည် တတိယအဆင့်၌ကျရှုံးခဲ့သော်လည်း အကျိုး ကျေးဇူးများရရှိခဲ့သည်။ ထို့ကြောင့် ယနေ့တွင် သူမသည် လုယန်ကို တာအိုကာကွယ်သူအဖြစ် အကူအညီတောင်းကာ ကပ်ဘေးခံယူ၏။

“ ဂျိန်း ... ။ ”

ကောင်းကင်မှ ကပ်ဘေးတိမ်တိုက်များ ပေါက်ကွဲထွက်ပေါ်လာပြီး မိုးကြိုးနဂါးများစွာ ဆင်းသက်လာကြသည်။

ဤမြင်ကွင်းကြောင့် လုယန်သည်ပင် မျက်ခုံးပင့်လိုက်၏။ ဤမိန်းကလေးသည် အရည်အချင်းမနည်းလှချေ။

သူမ၏ ပထမကပ်ဘေးတစ်ခုပင် ထုံ‌ရှောက်အဆင့်ကပ်ဘေးနီးပါး ပြင်းထန်၏။ ဤနည်းဖြင့် ကပ်ဘေးကြီးကိုးပါးကို သွေးများ အလိမ်းလိမ်းဖြင့် ခံယူနေစဉ် စုရီတည်ရှိရာ ဖရိုဖရဲပင်လယ်သည် လုံးဝတိတ်ဆိတ် ငြိမ်သက်နေခဲ့တော့သည်။

***

All Chapters