အခန်း (၉၄၅-၉၄၆)
Vol. 79 Ch. 945-946
အခန်း ၉၄၅ -
ခေတ်သစ်တစ်ခု၏ နိဒါန်း။
ပေအနည်းငယ်မျှသာ ကျယ်ဝန်းသော လူသူကင်းမဲ့နေသည့် ထိုကျွန်းငယ်လေးပေါ်သို့ စုရီတစ်ယောက် ပြန်ရောက်နေခဲ့သည်။
လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်ပေါ် မော့ကြည့်လျက် ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်နေခဲ့သည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကောင်းကင်၌မည်းနက်သော မိုးကြိုးတိမ်တိုက် အချို့ တိတ်တဆိတ် စုရုံးလာနေ၏။ ၎င်းမှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး ဝဲကယက်ကြီး တစ်ခုသဖွယ် လည်ပတ်နေချေပြီ။
အသက်ရှူကျပ်စရာကောင်းသော သေမင်းတမန်တိတ်ဆိတ်ခြင်းများ ပင်လယ်ပြင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ အရင်အတိုင်းပါပဲ ... ငါ့ကို အသက်ရှင်ဖို့အခွင့်အရေး လုံးဝမပေးချင်ဘူးပဲ။ ”
စုရီမှ ပြုံးလျက် ဝိုင်အိုးကို ထုတ်ကာ မော့သောက်လိုက်သည်။ လက်ရှိဘဝတွင် သူ အဆင့်ချိုးဖြတ်ချိန်တိုင်း မတူကွဲပြားသော ကပ်ဘေးများကို ရင်ဆိုင်ရလေ့ရှိ၏။
ဖျက်ဆီးလိုသော စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ရှင်သန်လမ်းကိုဖြတ်တောက် ထားတတ်သည်။
အတိတ်ဘဝ အတွေ့အကြုံများဖြင့်ပင် ဤကဲ့သို့ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော ကပ်ဘေးမျိုး တစ်ခါမျှ မကြုံခဲ့ဖူးချေ။
အကယ်၍သာ ဤကပ်ဘေးသည် အခြားသောကျင့်ကြံသူကို ပစ်မှတ်ထားခဲ့ပါက သေချာပေါက် ထိုသူသည် ပျက်စီးသွား ပေလိမ့်မည်။
သို့သော် ကပ်ဘေးသည် မည်မျှပင် ထူးဆန်းနေပါစေ သူ့အတွက်ယဉ်ပါးနေပြီဖြစ်၍ မတုန်လှုပ်တော့ချေ။ တစ်ဖက်တွင်လည်း သူ လျှောက်လှမ်းနေသောလမ်း မှန်ကန်ကြောင်း သက်သေပေပင်။
ငရဲဘုံကိုးပါးဓားသည် ဘဝကိုးခုအပေါ် ချိပ်ပိတ်ခဲ့ကာ ကြုံသမျှသောကပ်ဘေးတိုင်းကို ဖြေရှင်းရန် ကူညီပေးသည်။
တစ်နေ့တွင် ထိုကပ်ဘေးများကို သူ့ကိုယ်ပိုင်ခွန်အားများဖြင့် ရင်ဆိုင်နိုင်ပါက ဤဓားကို ပိုင်ဆိုင်မည်ဖြစ်၏။
ယနေ့သည် နတ်ဆိုးလှံကို ငရဲဘုံကိုးပါးဓားဝါးမြိုခဲ့သော (၁၅)ရက်မြောက် နေ့ဖြစ်သည်။ ထိုလဝက်အတွင်း သုံးဘဝတာအို အမွေများအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီး တာအို နှလုံးသားကို တည်ငြိမ်စေခဲ့သည်။
သည့်ပြင် ဤနေရာရှိ ရွှမ်ဟွမ်ဥပဒေစည်းမျဉ်းများကို လေ့လာကာ သူ့ကျင့်ကြံမှုနှင့် ပေါင်းစပ်ထားသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် သူသည် လောကသခင်ဘဝ၌ ဖြစ်ခဲ့ဖူးသောအမှားမျိုး မကျူးလွန်မိတော့ချေ။
“ ဝှစ် ... ။ ”
လုယန်နှင့် တာအိုအစေခံများသည် အဝေးမှအပြေးအလွှား ရောက်ရှိလာကြသည်။ ထို့နောက် လုယန်က ပြုံးလျက် လက်သီးဆုပ်ပြကာ၊
“ တာအိုမိတ်ဆွေ ... မင်းရဲ့ကပ်ဘေး ကျရောက်တော့မယ် ငါတို့ကိုတာအိုကာကွယ်သူ အဖြစ် ကူညီပေးစေချင်လား။ ”
-ဟု မေးမြန်းလိုက်၏။
သူသည် ဒုတိယမြောက် မြင့်မြတ်သူ ဖြစ်သော်လည်း စုရီအပေါ် အလွန်ပင် လေးစား နေခဲ့သည်။ ထိုမြင်ကွင်းက တာအိုအစေခံများကို ပို၍တိတ်ဆိတ်လာစေ၏။
“ မလိုဘူး ... ။ ”
“ ဒါဆို ငါတို့ကို စောင့်ကြည့်ခွင့်ပေးပါ။ ”
စုရီက ခေါင်းရမ်းသည်။ လုယန်မှ ခေါင်းညိတ်ပြကာ ပြုံးရွှင်စွာဖြင့် အနည်းငယ် ပြန်လည် ဆုတ်ခွာလိုက်တော့၏။
“ ဂျိန်း ... ။ ”
သူတို့စကားမဆုံးခင် မိုးကြိုးတိမ်တိုက်များ ပေါက်ကွဲထွက်လာကာ လျှပ်စီးတန်းကြီးများက ရှုပ်ထွေးစွာ ယှက်သိုင်းနေ၏။ ပတ်ဝန်းကျင်အနှံ့ ပျက်စီးခြင်းရောင်ဝါများ ဖုံးလွှမ်းသွားချေပြီ။
ရပ်ကြည့်နေသော လုယန်နှင့် တာအိုအစေခံများမှာ နှလုံးသားများ တုန်လှုပ် သွားကြတော့သည်။
“ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီးလဲ ဒါက ကောင်းကင်သက်ရှည်ကပ်ဘေးကြီးပဲ။ ”
လူကိုယ်တိုင် မမြင်ရပါက ဧကရာဇ်တစ်ဦးသည် ဤမျှ ပြင်းထန်လွန်းသော ကပ်ဘေးကြီးကို ဆွဲဆောင်ခဲ့ကြောင်း ယုံနိုင်မည်မဟုတ်ချေ။
ဤသည်မှာ သမိုင်းတစ်လျှောက် မကြုံဖူးသော အဆင့်ပေပင်။ ထိုစဉ် နောက်ထပ် လူရိပ်များ ထပ်မံရောက်ရှိလာ၏။
ဦးဆောင်သူသည် ဓားသေတ္တာကို ကျောတွင်လွယ်ထားသော ကုန်းစန်းဖြစ်ပြီး သူ့နောက်တွင်၊ ကောင်းကင်နတ်ဆိုးဧကရာဇ် နှင့် မုချန်းယွမ် လိုက်ပါလာသည်။
“ အစ်ကိုစု ငါခြေတစ်လှမ်း နောက်ကျသွားပြန်ပြီ။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က စိတ်ပျက်သွားဟန်ဖြင့် ညည်းတွားလိုက်၏။ သူမခန္ဓာကိုယ်မှ နယ်ပယ်ဘုရင်တစ်ပါး၏ ရောင်ဝါများ တောက်ပစွာ ဖြာထွက်နေသည်။
ဤမတိုင်မီ သူမသည် စုရီကို အနိုင်ယူရာ တာအိုအဖော်အဖြစ်သိမ်းပိုက်ရန် စိတ်ကူးများ လွင့်ပါးကုန်ပြီဖြစ်၏။
“ ဒေါင်းအိုကြီး ... မင်း ပြန်ကောင်းလာပြီလား။ ”
လုယန်က ဝမ်းသာအားရမေးလိုက်သည်။ ဤကာလအတွင်းကုန်းစွန်းသည် အရူးကဲ့သို့ပင် ပြုမူနေခဲ့သဖြင့် သူ စိုးရိမ်နေခဲ့ရသည်။
ယခုမူ တစ်ဖက်လူသည် ရတနာဓားတစ်လက်ကဲ့သို့ ထက်ရှလွန်းသော ရောင်ဝါများဖြင့် ရောက်ရှိလာခြင်းဖြစ်၏။
“ အင်း ... ။ ”
ကုန်းစွန်းက ခေါင်းညိတ်သည်။ ထို့နောက် ချက်ချင်းပင် စုရီကိုဦးညွှတ်ကာ၊
“ တာအိုမိတ်ဆွေ ... မိတ်ဆွေရဲ့ ကျေးဇူးတော်ကြောင့် ဒီအဖိုးကြီးအသစ်တဖန် မွေးဖွားခွင့်ရခဲ့ပါပြီ။ ”
-ဟု နှုတ်ဆက်လိုက်၏။
သူ့အသံတွင် လေးနက်ပြီး အလွန်ပင် ရိုသေနေသည်။ စီနီယာတစ်ဦးရှေ့မှ ဂျူနီယာ ကဲ့သို့ပေပင်။ ဤမြင်ကွင်းကြောင့် တာအို အစေခံများမှာ အံ့အားသင့်သွားသည်။
လုယန်တစ်ယောက်သာလျှင် ရင်ထဲမှ အလေးကြီး ကျသွားသကဲ့သို့ ပြုံးနေလေသည်။
“ ဒေါင်းအိုကြီး နောက်ဆုံးတော့ မင်းလမ်းမှန်ပေါ် ပြန်ရောက်လာပြီ ... ။ ”
ထိုအချိန်တွင် စုရီသည် ကောင်းကင်ပေါ် မော့ကြည့်နေရာမှ အနည်းငယ်ခေါင်းငြိမ့်ပြပြီး၊
“ ဒါက မင်းအတွက် အသစ်တစ်ဖန် မွေးဖွားခြင်းဖြစ်နိုင်ပေမယ့် ... ငါ့အတွက်တော့ လမ်းညွှန်ချက် အနည်းငယ်ပေးရုံပါပဲ ...
... ကျေးဇူးတင်တယ်ဆိုရင်တောင် ဒီလောက်ကြီး ရိုသေနေဖို့မလိုပါဘူး ... မင်းက ဓားသမားပဲ ဓားသမားတစ်ယောက်လိုပြုမူပါ မမေ့ပါနဲ့ ... ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုစကားကြောင့် ကုန်စွန်းတစ်ယောက် အနည်းငယ် တောင့်တင်းသွားကာ ကျောပြင်ကို ဆန့်ထုတ်လိုက်၏။
“ မိတ်ဆွေရဲ့ လမ်းညွှန်မှုကို ဒီအဖိုးကြီးနှလုံးသားထဲမှာ စွဲမြဲအောင် မှတ်သားထားပါ့မယ်။ ”
ထိုစဉ် မုချန်းယွမ်က အလောတကြီး ဝင်ပြောလာခဲ့သည်။
“ သခင် ... သတိထားပါ ... ဒီအဖိုးကြီးကတော့ သခင့်ကိုဂုဏ်ပြုဖို့အတွက် အကောင်းဆုံး စပျစ်ရည်တွေကို အဆင်သင့် ပြင်ထားပါတယ်။ ”
သူသည် စုရီထံလက်နက်ချခဲ့သည်မှာ ကြာပြီဖြစ်၏။ သူ့ပုံစံသည် အလွန်ပင်နှိမ့်ချပြီး ရိုးသားနေခဲ့သည်။ စုရီမှ ပြုံးမိ၏။
“ ဂျိန်း ... ။ ”
ဤအဖိုးကြီးသည် မြှောက်ပင့်ရန် အခွင့်အရေးများကို လုံးဝအလွတ်မပေးခဲ့ချေ။ ထိုစဉ် ကြာမြင့်စွာ စုရုံးနေခဲ့သောကပ်ဘေးမှာ ကျရောက်လာပြီဖြစ်၏။
ပထမဆုံးသော ကြောက်မက်ဖွယ် ကပ်ဘေးအလင်းတန်းကြီး ကျဆင်းလာချိန်၌ပင် လုယန်၊ ကုန်းစွန်းနှင့် တာအိုအစေခံများမှာ အသက်ရှူကြပ်ကုန်၏၏။
သူတို့အတွက် ထိုစဉ်ကပြင်းထန်လွန်းသော ကပ်ဘေးကာလထဲသို့ ပြန်လည်ရောက်ရှိသွား သကဲ့သို့ ခံစားလိုက်ရသည်။
ယင်းသည် ထိုစဉ်ကကပ်ဘေးထက်ပင် ပို၍ထူးဆန်းပြီး တုန်လှုပ်စရာကောင်းနေချေပြီ။ လူတိုင်းဆံပင်များ ချက်ချင်းထောင်ထလာကာ နှလုံးသားများ တုန်လှုပ်သွား၏။
သူတို့အားလုံးသည် နယ်ပယ်ဘုရင်များ ဖြစ်ကြသည်။ သူတို့သည်ပင် ဤကပ်ဘေးမျိုး မကြုံဖူးသဖြင့် မည်မျှ ကြောက်စရာကောင်း မည်ကို ခန့်မှန်းကြည့်နိုင်၏။
“ ဟိတ် ... ။ ”
သို့သော် စုရီသည် သူတို့အမြင်နှင့် ကွဲပြားစွာတည်ငြိမ်နေသည်။ ငရဲဘုံကိုးပါးဓား ရောင်ဝါများကို စုစည်းလျက် ကောင်းကင်ပေါ် ပျံတက်သွားပြီး ထိုမိုးကြိုးအပေါ်တိုက်ရိုက် ရင်ဆိုင်တော့၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
မိုးကြိုးလျှပ်စီးနှင့် မျက်နှာချင်းဆိုင်ပြီး ဓားအလင်းတစ်ချက် ပစ်လွှတ်လိုက်တော့သည်။ မိုကြိုးကပ်ဘေးမှာ ချက်ချင်းပေါက်ကွဲလျက် အမှုန်များအဖြစ် မိုးရွာကျချေ၏။
“ ဝုန်း ... ။ ”
ဓားအလင်းသည် ထိုမျှဖြင့် မရပ်တန့်ခဲ့ဘဲ လည်ပတ်နေသော မိုးကြိုးဝဲကယက်ကြီးအပေါ် ဝုန်းခနဲပြုတ်ကျသွားတော့သည်။
“ ဝူး ... ။ ”
မိုင်ပေါင်းသောင်းဂဏန်းခန့် စုစည်းရစ်ဝဲနေသော မိုးကြိုးမုန်တိုင်းများသည် ရွှေမှုန်များအဖြစ်ပြောင်းကာ စုရီခန္ဓာကိုယ်ထဲ အရူးအမူးပြေးဝင်သွားချေ၏။
“ ဟမ့် ... ပြီးသွားတာလား ... ။ ”
“ ဒါက ... ။ ”
ဓားချက်တစ်ချက်တည်းဖြင့် ပြင်းထန်သောကပ်ဘေးကြီးမှာ ပျက်ပြယ်သွား ခဲ့သည်လော။ တစ်စုံတစ်ဦးမှ နယ်ပယ်ဘုရင်သို့ တက်လှမ်းရာတွင် ဤမျှလွယ်ကူသည်လော။
အစောပိုင်း စိုးရိမ်ကြောက်ရွံ့နေသမျှသည် တစ်ဖက်လူအမြင်၌ မည်မျှရယ်စရာကောင်းနေ သနည်း။
ကြာမြင့်စွာတည်းက စုရုံးနေခဲ့သော ဤကပ်ဘေးကြီးသည် အရှိန်အဝါတစ်ခုတည်း နှင့်ပင် သည်နေရာရှိ နယ်ပယ်ဘုရင်များအပေါ် စိတ်ပျက်အားငယ်စေ၏။
မျက်မှောက်ခေတ်တွင် မည်သူမဆို ဤကပ်ဘေးမှကျော်လွှာရန် ရတနာများနှင့် တာအိုကာကွယ်သူများ လိုအပ်ပေမည်။ သို့သော် စုရီအတွက်မူ။
အက်ကွဲသွားသော မိုးကြိုး တိမ်တိုက်များသည် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲကာ ရေတံခွန်ကြီးသဖွယ် စုရီ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေသည်။
ယင်းသည် ဆည်ကျိုးကျလာသော ရေများသဖွယ် အရှိန်အဟုန်နှင့် တိုးဝင်လာကာ တာမြစ်မြေတစ်ခုလုံးကိုပင် တုန်ခါသွားစေ၏။
လွန်ခဲ့သော လဝက်ခန့်က သူသည် ဧကရာဇ်အထွတ်အထိပ်အဆင့် ပြီးပြည့်စုံသော အုတ်မြစ်ကို ရရှိထားပြီးဖြစ်သည်။
လွန်ခဲ့သော ခြောက်လခန့်က ကျင့်ကြံမှုအတွင်း ရွှမ်ဟွမ်မိခင်ချီကို အပြည့်အဝ ပေါင်းစပ်ထားပြီးဖြစ်၏။
ထို့ကြောင့် ယခုအခါတွင် ကပ်ဘေးကို အောင်မြင်စွာကျော်ဖြတ်ပြီး ကောင်းကင်လမ်း အပေါ် ခြေချနိုင်လိုက်ပြီဖြစ်၏။
ခန္ဓာကိုယ်အတွင်းမှ တာအိုတေးသံများ ညံလာပြီး ခေါင်းလောင်းသံကဲ့သို့ ပြင်ပသို့တိုင် ပဲ့တင်ထပ် လာတော့သည်။
အရေပြား၊ အသား၊ သွေး၊ အကြောအခြင်၊ အာရုံကြောနှင့် အင်္ဂါအစိတ်အပိုင်း အားလုံးသည် လျင်မြန်စွာ အသွင်ပြောင်းလဲနေ၏။
ဒန်တျန်တွင် တွင်းနက်ပေါ်လာပြီး အလင်းမှုန်များကို စုပ်ယူသိပ်သည်းနေခဲ့သည်။ ဤသည်မှာ တာအိုတွင်းနက်ဖြစ်ပြီး ဖြစ်စဉ်အရ ကြယ်စုတစ်ခု မွေးဖွားနေခြင်းနှင့်ဆင်တူ၏။
တစ်ချိန်တည်းမှာပင် ဝိညာဉ်သည်လည်း နေမင်းသဖွယ် သန့်စင်လာကာ နတ်မီးလျှံများ တောက်လောင်လျက် အဆက်မပြတ် သန်မာလာ၏။
ကောင်းကင်အပြည့် ကျဆင်းနေသော ကပ်ဘေးအလင်းမှုန်များသည် အစွမ်းထက်ပြီး အတိုင်းအဆမဲ့ အသက်စွမ်းအားများပေပင်။
၎င်းအတွင်း ထာဝရမပျက်စီးနိုင်သော တာအိုစွမ်းအားများ ကိန်းအောင်းနေပြီး စုရီ၏ ခန္ဓာကိုယ်မှ စုပ်ယူကာ အသွင်ပြောင်းနေ၏။
“ ဝုန်း ... ။ ”
ဖရိုဖရဲပင်လယ်ကြီး ဆူပွက်လာပြီး ဥပဒေစည်းမျဉ်းများဖြင့် သိပ်သည်းထားခဲ့သော မူလချီပင်လယ်သည် လှိုင်းဂယက်အဖြစ် တုန်ခါလာတော့သည်။
ရုတ်တရက် ပတ်ဝန်းကျင်အနှံ့အပြားတွင် ထူးဆန်းသော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။ ကောင်းကင်ယံမှ ရွှေရောင်မိုးများရွာချလာပြီး မြေပြင်တွင် ရွှေကြာပန်းများ ပွင့်လန်းလာ၏။
နတ်ဘုရားအလင်းများ ဖြာကျလျက် အမျိုးမျိုးသောတာအိုများသည် လှိုင်းတံပိုးများ သဖွယ် အတက်အကျဖြစ်လာသည်။
ထိုသို့ခမ်းနားပြီး သန့်ရှင်းလှသော မြင်ကွင်းများကြောင့် လူတိုင်းငေးမောမိကုန်၏။ ဤသည်မှာ ခေတ်သစ်တစ်ခုပင်လော။
***
အခန်း ၉၄၆ -
ကောင်းကင်နှင့် မြေကြီးသဖွယ် ရှည်လျားသော သက်တမ်းကိုရရှိခြင်း။
အိပ်စက်နေသော ရွှေပင်လယ်ကြီး နိုးထလာသလိုပင်။ နေရာတိုင်း၊ ထောင့်တိုင်း၌ တင်းကြပ်သော စွမ်းအားများပြည့်လျှံလာ၏။
“ ဒေါင်းအိုကြီးကုန်းစွန်း ... မင်း ထုံရှောက်အဆင့်ကို တက်လှမ်းတုန်းက ဒီလို ဖြစ်စဉ်တွေပေါ်လာဖူးလား။ ”
လုယန်က မှင်သပ်စွာဖြင့် မေးလိုက်သည်။ ဤမျှခမ်းနားသောဖြစ်စဉ်မျိုးသည် သူ့ဝိညာဉ်ကို ဝေဝါးလာခဲ့စေ၏။ ကုန်းစွန်းမှ ခေါင်းခါလိုက်ပြီး၊
“ ဒါဟာ ... ဒီဖရိုဖရဲပင်လယ်ပြင်မှာ တာအိုကိုအောင်မြင်ခဲ့လို့ ဖြစ်နိုင်သလို ... သူက ဒီတားမြစ်နယ်မြေရဲ့ နိယာမတရားတွေထဲက အခြေခံအကျဆုံး လျှို့ဝှက်ချက်တွေအပေါ် နားလည်ခဲ့လို့လည်း ဖြစ်နိုင်တယ် ...
... ဒါကြောင့်လည်း သူ့ခန္ဓာကိုယ်က တာအိုတေးသံအတိုင်း ဒီဖရိုဖရဲပင်လယ်ကြီးက ဟန်ချက်ညီညီတုန့်ပြန်နေခဲ့တာ။ ”
ထိုစကားကြောင့် လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားသည်။ ထိုသို့ဆိုလျှင် စုရီ၏ အုတ်မြစ်သည် မည်မျှပင် ကြောက်စရာကောင်းနေသနည်း။
သူတို့အားလုံးသာမက သမိုင်းတလျှောက် နယ်ပယ်ဘုရင်များအားလုံး ကောင်းကင်လမ်းသို့ တက်လှမ်းစဉ် မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့သောဖြစ်စဉ်ကို မခေါ်နိုင်ချေ။
“ သူက မကြုံစဖူးကပ်ဘေးကြီးကို ကျော်ဖြတ်ခဲ့တာပဲ ဒါကြောင့် ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာတာ မဆန်းပါဘူး။ ”
လုယန်မှ သက်ပြင်းချလျက်ဆိုသည်။
“ ငါ့ရဲ့ အတွေ့အကြုံက နည်းပါးပေမဲ့ ငါသိသလောက် ဒီအရှေ့ဘက်ကြယ်လွင်ပြင်မှာ ဒီလိုမျိုးဖြစ်ရပ်မျိုး ပေါ်လာတာ တစ်ခါမျှ မကြားဖူးဘူး ဒါဟာ အံ့ဖွယ်တစ်ပါးပဲ။ ”
မုချန်းယွင်က စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ဘဲ ဝင်ရောက်ပြောကြားလိုက်၏။ သို့သော် ချက်ချင်းပင် လေးနက်စွာဖြင့်၊
“ ဒါပေမယ့် ဒီလောက်အထိ အံ့သြနေဖို့လည်း မလိုပါဘူး ... ငါ့သခင်ဟာ ကြယ်တာရာဒေသကြီးရဲ့ လောကသခင်ပဲ ...
... လူသားနန်းတော်ရဲ့ သခင်လည်း ဖြစ်တာမို့ သူ့အတွက်တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာမျိုးပါ။ ”
-ဟု ပြောင်းလဲ မှတ်ချက်ပေးလိုက်သည်။
“လောကသခင် ဟုတ်လား။ ”
လုယန်မှ စဉ်းစားဟန်ဖြင့်၊
“ တာအိုမိတ်ဆွေ ... တာအိုစုရဲ့ အကြောင်းကို ငါတို့ဆီအသေးစိတ်ပြောပြလို့ ရနိုင်မလား။ ”
-ဟု စူးစမ်းလိုက်၏။
အခြားသူများလည်း စိတ်ဝင်တစား နားစွင့်ကုန်ကြသည်။ သူတို့သိသည်မှာ စုရီသည် စုရွှမ်ကြွယ်ဖြစ်သည်။ ယခုမူ လူသားနန်းတော် သခင်ဟု ဆိုနေတော့၏။ မုချန်းယွမ်က ချက်ချင်း တုံ့ဆိုင်းသွားပြီး၊
“ ငါ့သခင်အကြောင်း မင်းတို့မသိရင် ... ငါ့သခင်ကမသိစေချင်လို့ပဲ ဒါကြောင့် ငါလည်း မပြောဝံ့ဘူး။ ”
-ဟု တုန့်ပြန်လိုက်၏။
ဤစကားသည် လူအုပ်ကြီးကို ပို၍ သိချင်စိတ်ပြင်းပြသွားစေ၏။ ထုံရှောက်အဆင့် ဤအဖိုးကြီးသည် စုရီအပေါ် ဤမျှအထိ ရိုသေ ကြောက်ရွံ့နေသည်မှာ ထူးခြားလှချေပြီ။
“ စိတ်အေးအေးထားပါ ... စီနီယာ ပြောလို့ရမယ့်အပိုင်းလေးတွေကိုပဲ ရွေးပြောပါ အစ်ကိုစုက မင်းကိုအပြစ်တင်ရင် ငါတာဝန်ယူပေးမယ်။ ”
ကောင်းကင် နတ်ဆိုး ဧကရာဇ်မှ တိုက်တွန်းလိုက်သည်။ အမှန်စင်စစ် သူမလည်း လောကသခင်အကြောင်း သိလို၏။ နာမည်မှ တပါး များစွာ မသိချေ။
“ မိန်းကလေး ... ငါ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ”
မုချန်းယွင်မှ ခေါင်းရမ်းပြသည်။ သူသည် အသက်ကြီးလာသည်နှင့်အမျှ ပို၍ပါးနပ်လာသူ ဖြစ်၏။ ဤမိန်းကလေးနှင့် သူ့သခင်ကြား ထူးခြားသောပတ်သက်မှုကို ခန့်မှန်းနိုင်သည်။ သို့သော် သူ မလုပ်ဝံ့ချေ။
“ မကြာခင်မှာ ရွှမ်ဟွမ်ကြယ်စုရဲ့ ခေတ်သစ်ရောက်လာပြီမို့ လောကသခင်ဆိုတာ ဘယ်လောက်တောင် ဒဏ္ဍာရီဆန်ခဲ့တဲ့ ပုဂ္ဂိုလ်လဲဆိုတာ သိရပါလိမ့်မယ် ...
... ဒီကြယ်လွင်ပြင်ကြီးထဲမှာ လောကသခင်ကွမ်းကျိုးကို မသိကြဘူးဆိုရင် အဲဒီလူဟာ ကျင့်ကြံသူတစ်ယောက်အနေနဲ့ နုံအနိမ့်ကျလွန်းတယ်လို့ သတ်မှတ်ရမယ်။ ”
ထိုစကားကြောင့် လုယန်အပါအဝင် လူတိုင်းတိတ်ဆိတ်ကုန်၏။ ကောင်းကင်တွင် စုရီသည် မျက်ဝန်းများမှိတ်ပြီး အသွင်ပြောင်းမှု အပေါ် ခံယူနေသည်။
ဖြစ်စဉ်များသည်လည်း ပို၍ပင် ထူးဆန်းလာပြီး အံ့အားသင့်ဖွယ်ကောင်းနေ၏။ ကောင်းကင်အပြည့် ရွှေရောင်များလင်းနေကာ အတိုင်းအဆမဲ့ အလင်းတန်းများ တောက်ပလာ၏။
တစ်ချိန်တည်းမှာပင် သူ့ဝိညာဉ်သည် ရွှမ်ဟွမ်ကြယ်စုကိုစွန့်ခွာကာ စကြာဝဠာအတွင်း ရောက်ရှိသွားသကဲ့သို့ မြင်ကွင်းများ ပေါ်လာသည်။
ကြယ်သိမ်ကြယ်မွှားပေါင်း များစွာနှင့် ကမ္ဘာကြီးငယ်များစွာတို့ကို သူ့စိတ်အာရုံထဲတွင် အသေးစိတ်မြင်တွေ့လာရချေ၏။
“ ဒါ အရိုင်းမြေကိုးပါးလား ... ။ ”
နယ်မြေကြီးကိုးပါးကို ဗဟိုပြုသော ကမ္ဘာပေါင်း(၃၆)လုံးသည် လမင်းကိုကြယ်များ ဝိုင်းရံထားသကဲ့သို့ တည်ရှိသည်။ ဤသည်မှာ ပြိုကွဲနေသော ရွှမ်ဟွမ်ကြယ်စုကြီးပေပင်။
အရိုင်းမြေကိုးပါး ဟူသည် အတိုင်းအဆမဲ့ကျယ်ပြောသော ဟင်းလင်းပြင် အလယ်တွင်တည်ရှိနေသော ကုန်မြေများဖြစ်ပြီး သူ့ဝန်းကျင်တဝိုက် ကမ္ဘာအနည်းငယ်ရှိနေ၏။
များမကြာခင် မိုးပြာတိုက်ကြီးကို ရှာတွေ့လိုက်သည်။ ၎င်းသည် နိယာမများ ပျက်စီးကာ လေထုသည် ဝရုန်းသုန်းကား ဖြစ်နေ၏။
ထို့နောက် အခြားသော ကမ္ဘာများထံ အကြည့်များရွေ့လိုက်၏။ များမကြာခင် အဆုံးမဲ့ ရှေးဆန်သော မည်းမှောင်နေသည့် ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။
ဤသည်မှာ အဆုံးအစမရှိ ကျယ်ဝန်းပြီး မီးခိုးရောင်မြူများဖြင့် ဖုံးလွှမ်းနေသည့် မရဏ ကမ္ဘာကြီးပေပင်။
“ ဟမ့် ... ။ ”
ရုတ်တရက် သူ့ဝိညာဉ်တုန်ခါသွားပြီး မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားရကာ ဥပဒေနိယာများ ပြည့်လျှံနေသော အလင်းတန်း အလွှာကြီးတစ်ခု ပေါ်လာသည်။
၎င်းသည် ပရမ်းပတာ အလင်းရောင်များကြားတွင် လွင့်မျောနေသော တိမ်တိုက်အလွှာကြီးကဲ့သို့ပင်။
ဤသည်ကား မဟူရာရွှေကြယ်စု၏ ကောင်းကင်ဥပဒေနိယာမများပင် ဖြစ်ချေသည်။ စုရီအတွက် ဤမျှ ရှင်းလင်းစွာ ပထမဆုံးအကြိမ် ခံစားနိုင်ခဲ့ခြင်းဖြစ်၏။
၎င်းဥပဒေသည် အရိုင်းမြေကိုးပါးနှင့် အခြားသောကမ္ဘာငယ်များအကြား ပတ်ခွေပြီး ရစ်သိုင်းနေတော့၏။
သို့သော် ထိုဥပဒေနိယာမများသည် နေရာအနှံ့အပြား၌ အက်ကြောင်းများထင်နေပြီး ကြွေထည်တစ်ခုသဖွယ် ပျက်စီးနေသည်ကို ခံစားလာရသည်။
ထိုအရာများသည် လွန်ခဲ့သော ကပ်ဘေးကြီးမှ ချန်ထားခဲ့သော ဒဏ်ရာများပင် ဖြစ်လေသည်။
စုရီက စိတ်ဆန္ဒကို စုစည်းကြည့်လိုက် သည့်အခါ မယုံနိုင်စရာကောင်းသောအရာတစ်ခု ဖြစ်ပျက်လာသည်။ ယင်းသည် မြူအလွှာအဖြစ် ရစ်သိုင်းနေသော ဥပဒေများသည် သူနှင့်အတူ တုန်ခါလာခြင်းဖြစ်၏။
“ ဟမ့် ... ဥပဒေနိယာမတွေကို ပေါင်းစည်းနိုင်လိုက်ပြီလား ... ဒါကငါ့တာအိုကို ရွှမ်ဟွမ်ကြယ်စုနဲ့ ပေါင်းစည်းသွားပြီလို့ ဆိုလိုတာပဲ မဟုတ်လား။ ”
ဤသည်မှာ ရွှမ်ဟမ်ကြယ်စုကို ကိုယ်စားပြုသောဘုရင်တစ်ပါး ဖြစ်ကြောင်း သက်သေပေပင်။
ရွှမ်ဟွမ်ကြယ်ကမ္ဘာကြီးတွင် တစ်မှန်သော ဘုရင်တစ်ပါး မွေးဖွားခြင်းဖြစ်၏။ ယင်းသည် ကောင်းကင်လမ်းကို အနာဂါတ်တွင် ပြီးပြည့်စုံစေပေမည်။
လောကသခင် စကားမှာ မှန်ချေပြီ။ ကြယ်နယ်မြေတစ်ခု၏ နိယာမတရားများကို ပေါင်းစည်းနိုင်မှသာ ကမ္ဘာ့ဘုရင်ဟုခေါ်၏။
“ ဝုန်း ... ။ ”
ခန္ဓာကိုယ်အတွင်းသို့ ဥပဒေ စည်းမျဉ်းများစွာကို စုပ်ယူသိပ်သည်းနေသော ဒါန်တမ်သည်တုန်ခါလာပြီး ထာဝရအသက်ကို ပေးရန် ရွှေမှုန်များ ရွာသွန်းတော့၏။
ချက်ချင်း လေထုအလယ် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ ကျင့်ကြံမှုကိုတည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်ပသော အလင်းများဖုံးလွှမ်းလျက် ထုံရှောက်အဆင့်သို့ တက်လှမ်းသွားတော့၏။
“ သူ လုပ်နိုင်ပြီ ... ။ ”
လုယန်တစ်ယောက် ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ အခြားသူများသည်လည်း စိတ်လှုပ်ရှားကုန်၏။
သူတို့အားလုံးသည် နယ်ပယ်ဘုရင်များ ဖြစ်နေကြသဖြင့် ထာဝရကောင်းကင်ဟူသော အဆင့်သို့ စုရီတက်လှမ်းသွားကြောင်းကို ပြောနိုင်ချေပြီ။
ကောင်းကင်လမ်းတွင် ထုံရှောက်-ထာဝရကောင်းကင်၊ ကွေ့ယီ- ကောင်းကင် ပေါင်းစည်းခြင်း၊ တုံ့ယွီ-ကောင်းကင် ဉာဏ်အလင်း ဟူ၍ဖြစ်သည်။
ထာဝရကောင်းကင်ဟူသည် ကျင့်ကြံသူတစ်ဦး၏သက်တမ်းကို ကောင်းကင် နှင့် မြေကြီးကဲ့သို့ ထာဝရတည်မြဲစေခြင်းပေပင်။
ဤအဆင့်သို့ ရောက်ရှိလျှင် ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများသည် တာအိုအဖြစ် ပြောင်းလဲသွားပြီး ကြယ်တစ်ပွင့် ပေါက်ဖွားကဲ့သို့ မွေးဖွာလာပေမည်။
နက်နဲတာအိုအဆင့် နိယာမများ အားလုံးသည် ကောင်းကင်နိယာမများအဖြစ် ပြောင်းလဲသွားပေမည်။
အထူးသဖြင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် မြေလှန်လိုက်သကဲ့သို့ အသွင်ပြောင်းလဲမှုကို များစွာကြုံတွေ့ရ၏။
နယ်ပယ်ဘုရင်ဟူသည် ကြယ်စုတစ်ခုအတွင်း ဘုရင်အဖြစ်စိုးမိုးနိုင်သူကို ဆိုလိုသည်။ ကြယ်စုတစ်ခုတွင် ကမ္ဘာငယ် မြောက်များစွာ ပါဝင်၏။
နယ်ပယ်ဘုရင်အဆင့်သို့ ရောက်ရှိသူများသည် ထိုကြယ်စုတစ်ခုလုံး၏ ထိပ်ဆုံးတွင်ရပ်တည်နေသူဖြစ်၏။
စုရီအတွက်မူ ထို့ထက်သာလွန်ချေပြီ။ သူသည် ရွှမ်ဟွမ်ကြယ်စု၏ ဥပဒေစည်းမျဉ်းကို ပေါင်းစည်းထားနိုင်သည်။
ထို့ကြောင့် ရွှမ်ဟွမ်ကြယ်စုအတွင်းရှိ ဥပဒေစည်းမျဉ်းများကို ရွှမ်ဟွမ်ကြယ်အတွင်းမှ နယ်ပယ်ဘုရင်တိုင်းထက် သာလွန်သော နားလည်နိုင်မှုရှိနေ၏။
အခြားသော ကြယ်စင်စုတစ်ခုမှ သူ့အဆင့်နယ်ပယ်ဘုရင်မျိုးနှင့် မတွေ့မချင်း ဥပဒေစည်းမျဉ်းများအပေါ် အသုံးချနိုင်မှုတွင် သူသည်ဘုရင်တစ်ပါး ဖြစ်နေဆဲပေပင်။
ဖရိုဖရဲပင်လယ်ပြင်ကြီးသည် ပွက်ပွက်ဆူလာကာ သူ့လက်တံများဆန့်လိုက် သကဲ့သို့ ထူးခြားသောရောင်ဝါတစ်ခု ပြန့်ကားသွား၏။
နေရာတိုင်း ထောင့်တိုင်း၌ ရွှေမှုန်များဖြင့် ပြည့်လျှံနေသည်။ တစ်စုံတစ်ဦးမှ ရွှေမှုန်များကို စုပ်ယူနိုင်သော်လည်း ပါးလွှာပြီးအားနည်းလွန်း သဖြင့် ထိရောက်မှု နည်းပေမည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် အရိုင်းမြေကိုးပါးလုံး၏ ကောင်းကင်ယံသည် နတ်သက်တံများဝေဖြာလျက် ကောင်းချီးများ ရရှိလာခဲ့သည်။
ကျင့်ကြံသူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကြောင့် အံ့သြမှင်သပ်ကုန်သည်။ ကောင်းသော နိမိတ်တစ်ခုပေပင်။
“ ကောင်းကင်ကနေ ကောင်းချီးတွေ ကျလာနေတယ် ပတ်ဝန်းကျင်ကနိယာမတွေလဲ ပြောင်းလဲလာနေတယ် ...
... ဒါက ကောင်းကင်ဥပဒေကိုတောင် သက်ရောက်စေတဲ့ အပြောင်းအလဲကြီးတစ်ခုခု ဖြစ်ပျက်ခဲ့တာများလား။ ”
ကျောက်တုံးနှလုံးသားက ဗောဓိပင်အောက်၌ရပ်နေပြီး သူ့မျက်နှာတွင် ထူးထူးခြားခြား အံ့သြဟန်များပေါ်နေ၏။
အရိုင်းမြေကိုးပါးကို လွှမ်းခြုံထားသော နိယာမစွမ်းအားများသည် တစ်ဖန်နိုးထလာကာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
“ ဒါဟာ မကြုံစဖူး ထူးကဲတဲ့ ကံကောင်းခြင်းတွေပဲ ကောင်းကင်အောက်က အရာအားလုံးနဲ့ သက်ရှိတိုင်းကို အကျိုးပြုနိုင်မယ်။ ”
ဤကောက်ချက်သည် သူ့ကို ရွှင်မြူးစိတ်လှုပ်ရှားစေ၏။ မည်သို့သောလူသည် ဤကဲ့သို့သော အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်သနည်း။
“ အဖိုးကြီးစုလား။ ”
ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော မျက်ခုံးမွှေးနှစ်ဖက် မြင့်တက်သွားလေသည်။ ယင်းသည် မဖြစ်နိုင်သောအရာ မဟုတ်ချေ။
လွန်ခဲ့သော နှစ်ဝက်ကစုရီသည် နတ်ဘုရားသင်္ချိုင်းသို့ သွားရောက်တော့မည့် အကြောင်း စာတစ်စောင်ပေးပို့ခဲ့သည်။
သူ မရှိခိုက်တွင် ကောင်းကင်လှိုဏ်ဂူကို စောင့်ရှောက်ပေးရန်လည်း အကူအညီတောင်းခဲ့ သေးသည်။ ယခု စုရီထွက်သွားသည်မှာ ခြောက်လကြာနေပြီဖြစ်၏။
ထိုအချိန်အတွင်း မည်သည့် သတင်းမျှ မကြားခဲ့ရချေ။ အကယ်၍သာ စုရီသည်ဤခရီး၌ တာအိုကိုအောင်မြင်ခဲ့ပါက နယ်ပယ်ဘုရင် တစ်ပါးဖြစ်နေပေလိမ့်မည်။
ယင်းကြောင့် ဘီလူးစု ပြန်မရောက်သေးသော်လည်း ယနေ့ဖြစ်ပျက်နေ သမျှ အပြောင်းအလဲများသည် သူနှင့် ပတ်သက် နေသည်ဟု ခံစားနေရသည်။
နေရာအနှံ့အပြားတွင်လည်း သက်ရှိရုပ်ကြွင်း အဖိုးကြီးများစွာသည် တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီး ကောင်းကင်ပေါ် မော့ကြည့်၏။
ကောင်းကင်တခွင် ရွှေရောင်သမ်းနေပြီး နတ်သက်တံများစွာသည် လွင့်မျောနေသည်ကို မြင်လိုက်ရသည်။ တိမ်တိုက်များသည် လေနှင့် အတူ ရွေ့လျားလျက် နိယာမစွမ်းအားများမှာ အသွင်ပြောင်းလဲနေ၏။
“ နှစ်ပေါင်းများစွာ ပျက်စီးနေတဲ့ နိယာမတွေက နွေဦးမှာသစ်ရွက်တွေဝေသလို ပြန်လည် နိုးထလာတော့မှာလား။ ”
ရွှမ်ဟဲအထွတ်အထိပ် နယ်ပယ်တွင် ကြာမြင့်စွာရပ်တန့်နေခဲ့သော ကျင့်ကြံမှုသည် အနည်းငယ် လှုပ်ရှားလာကာ တစ်စုံတစ်ရာကို အာရုံခံနေကြောင်း သတိထားမိကုန်၏။
ထိုအပြောင်းအလဲသည် သေးငယ်လှသော်လည်း တိကျပြီးထင်ရှားသည်။ ယင်းကြောင့် တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး စိတ်လှုပ်ရှားစွာ မျက်ရည်များစီးကျလာခဲ့၏။
ဤသို့ ရုတ်တရက် ပြောင်းလဲမှုသည် ကြာမြင့်စွာတည်းက ပြတ်တောက်နေခဲ့သော ကောင်းကင်လမ်းသည် လောကကြီးသို့ ပြန်လည်ရောက်ရှိလာပေတော့မည်။
***