← Chapters

အခန်း (၉၄၇-၉၄၈)

Vol. 79 Ch. 947-948

အခန်း (၉၄၇-၉၄၈)

Vol. 79 Ch. 947-948

အခန်း ၉၄၇ -

စီရင်သူကျင်းချီမှ တောင်းပန်လာခြင်း ... ။

ရွှမ်ဟွမ်ကြယ်နယ်မြေတစ်ခုလုံး၏ ကောင်းကင်ယံတွင် နတ်သက်တံအလင်းများနှင့် မင်္ဂလာရှိသော တိမ်တိုက်များ ဖုံးလွှမ်းလာနေသည်။

ထိုနေ့တွင် အရိုင်းမြေကိုးပါး၏ တာအိုစည်းမျဉ်းများ ပြောင်းလဲသွားခဲ့နေကာ ကျင့်ကြံသူများအတွက် ခေတ်သစ်တစ်ခု စတင်လိုက်ပြီဖြစ်၏။

ဖရိုဖရဲ ပင်လယ်ထက်တွင် စုရီသည် ဆယ်ရက်တိုင်တိုင် တရားထိုင်နေခဲ့ပြီးနောက် ထုံရှောက်အဆင့်သို့ တရားဝင်တက်လှမ်း နိုင်ခဲ့သည်။

သူ၏ အောင်မြင်မှုမှာ အခြားသူများနှင့်မတူဘဲ ကနဦးနယ်ပယ်ဘုရင် အဆင့်၌ပင် မူလချီပင်လယ်ကို ဖန်တီးနိုင်၏။

ဒါန်တန်အတွင်း စုပ်ယူထားသော မဟာတာအိုများသည် တွင်းနက်ကြီးအလား လည်ပတ်လျက် ဥပဒေစည်းမျဉ်းများကို အောင်မြင်စွာ သိပ်သည်းစေ၏။

ထိုဥပဒေတွင်းနက်ကြီးအလယ်၌ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးသော နတ်သစ်ပင်တစ်ပင် ပေါက်ရောက်နေသည်။

၎င်းသစ်ပင်သည် အံ့ဖွယ်အသက်ဓာတ်နှင့် ပြည့်လျှံနေကာ ဟုန်ထျန်းကျွင်းထံမှရရှိသော ထာဝရမက်မွန်သီးရနံ့များ ထုံမွှန်းနေ၏။

ယင်းသည် ထိုထာဝရမက်မွန်သီးကို သန့်စင်ကာ ရရှိထားသော အသက်သစ်ပင်ကြီး ပေပင်။ ထာဝရမက်မွန်ပင်ဟု ခေါ်၏။

“ သခင် ... ကောင်းကင်လမ်းကို တက်လှမ်းပြီး ဘုရင်တစ်ပါး ဖြစ်လာတဲ့အတွက် ... ဂုဏ်ယူပါတယ် ...

... ဒီနေ့ကစပြီး သခင်ဟာ ကောင်းကင်နဲ့ မြေကြီးလိုသက်တမ်းမျိုးပိုင်ဆိုင်ပြီး နေနဲ့လလို တောက်ပနေမှာပါ။ ”

မုချန်းယွမ်က ဦးစွာ ဂုဏ်ပြုစကားဖြင့် နှုတ်ဆက်လာ၏။ စုရီမှ မျက်ဝန်းများဖွင့်ကာ ထရပ်လျက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် လုယန်နှင့် ကုန်းစွန်း၏ ဖိတ်ကြားချက်များအရ ကံကြမ္မာနတ်တောင်၌ ရက်အနည်းငယ်နေရန် ထွက်ခွာလာခဲ့သည်။

ညရောက်သောအခါ စုရီအတွက် သောပွဲကျင်းပပေးပြီး အနာဂါတ်အစီစဉ်များကို မေးမြန်းခဲ့ကြ၏။ စုရီက ရွှမ်ဟွမ်ကြယ်စုမှ ထွက်ခွာကာ ကြယ်လွင်ပြင်သို့ ခရီးဆက် တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုစဉ် ကျင်းချီဦးဆောင်သော စီရင်သူ(၅)ယောက်သည် အပြစ်ခံယူရန်အတွက် ရောက်ရှိလာကြ၏။

အသွင်အပြင်အရ သူတို့သည် စိတ်ရင်းမှန်ဖြင့် တောင်းပန်နေခြင်းမဟုတ်ဘဲ လုယန်နှင့်ကုန်းစွန်းကို ကြောက်ရွံ့၍သာ ဖြစ်ကြောင်း မြင်သာနေခဲ့သည်။

“ တာအိုမိတ်ဆွေ ... ဒါတွေအားလုံးက ငါ့အမှားပါ သူတို့လုပ်သမျှ ငါလျစ်လျူရှုမိတယ် မင်းအပြစ်ပေးချင် ငါ့ကိုအပြစ်ပေးပါ။ ”

ကုန်းစန်းသည်လည်း စီရင်သူများ၏ အမှားအတွက် သူ့တွင်တာဝန်ရှိခဲ့ကြောင်းကို ထုတ်ဖော်တောင်းပန်လာသည်။

တစ်ဆက်တည်းမှာပင် လုယန်သည်လည်း ထရပ်လာပြီး စုရီကိုဦးညွှတ်ကာ စကားပြောရန် ပြင်လာလေသည်။ သို့သော် စုရီမှ လက်ပြကာ ပြန်ထိုင်စေလိုက်၏။

“ မင်းဘာပြောချင်လဲဆိုတာ ငါသိတယ် စီရင်သူတွေဟာ ... နတ်ဘုရားသင်္ချိုင်းတားမြစ် နယ်မြေကို နှစ်ပေါင်းများစွာ ကာကွယ် ပေးခဲ့တယ် ...

... သူတို့က အမှားတွေရှိနေပေမယ့် တကယ်ပဲ ကြိုးစားပေးခဲ့ကြတယ်ဆိုတာကို ငါနားလည်ပါတယ်။ ”

ထိုစကားကြောင့် ကုန်းစွန်းတစ်ယောက် ရှက်ရွံ့သွားတော့၏။ သူ ကြံစည်ခဲ့သမျှ စုရီ၏ အမြင်တွင် ဟာသတစ်ခုလိုပေပင်။

“ ဒီအဖြစ်အပျက်တစ်ခုလုံးက ငါဝင်မစွက်ဖက်ခဲ့လို့ ဖြစ်သွားတာ အားလုံးကို ခွင့်ပြုသလို ငါတိတ်ဆိတ်နေခဲ့မိတယ် တာအိုမိတ်ဆွေ ခွင့်လွှတ်ပေးပါ ...

... မင်းစိတ်မကျေနပ်ရင် ငါဘဝကိုပေးဆပ်ပြီး သူတို့ရဲ့ပြစ်ဒဏ်အတွက် ကျေကျေနပ်နပ်ကြီး လက်ခံဖို့ အသင့်ပါပဲ။ ”

ကုန်းစွန်း၏ ထပ်မံတောင်းပန်မှုကြောင့် စီရင်သူ(၅)ဦးမှာ ‌လက်သီးများဆုပ်လိုက်ကြ၏။ အဆုံးတွင် ကျင်းချီသည် သည်းမခံနိုင်တော့ဘဲ လေးနက်စွာဖြင့်၊

“ တတိယ မြင့်မြတ်သူ ... လူတွေဟာ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူသင့်ပါတယ် ငါတို့အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိတယ် ... ဒီအတွက် ဘယ်လိုလုပ်ပြီး ...

... ငါတို့ကိုယ်စား မြင့်မြတ်သူကို အပြစ်ရအောင် ခွင့်ပြုနိုင်မှာလဲ ကျေးဇူးပြုပြီး ငါတို့ကိုယ်စား ခေါင်းမငုံ့ပါနဲ့။ ”

-ဟု ပြောကြားလိုက်၏။

“ ဟုတ်တယ် ... ငါတို့ရဲ့ပြစ်ဒဏ်ကို လက်ခံဖို့အသင့်ပဲ မြင့်မြတ်သူ ဒီထက်ပိုပြီး ခေါင်းမငုံ့ပါနဲ့တော့။ ”

ကျန်ရှိနေသော စီရင်သူများသည်လည်း ကျင်းချီစကားကို ထောက်ခံဟန်ဖြင့် ပြောကြား လိုက်တော့၏။ သို့တိုင် ကုန်းစွန်းသည် သူတို့ကို လျစ်လျူရှုထားကာ ခေါင်းငုံ့လျက် ခါးညွှတ်ထားဆဲဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ လုယန်နှင့် အခြားသူများသည် စုရီကိုကြည့်နေခဲ့ကြသည်။ စုရီက ဝိုင်ခွက်ကို မော့သောက်လိုက်ပြီး ကျင်းချီထံ လှည့်ကြည့်သည်။

“ မင်းတို့ အပြစ်ကိုဝန်ခံဖို့ တကယ်ပဲ စိတ်ရင်းမှန်နဲ့ လာခဲ့တာပါလို့ ပြောရဲလား။ ”

စုရီက ရိုးရှင်းစွာမေးလိုက်၏။ လုယန်နှင့် ကုန်းစွန်းခမျာ နှလုံးသားတစ်ခုလုံး တုန်ခါလာ လေသည်။ မုချန်းယွမ်မှ နှာခေါင်းရှုံ့၏။

စီရင်သူများက တစ်ယောက်နှင့် တစ်ယောက်ပြန်ကြည့်လိုက်ကြပြီး အားလုံးက စိတ်မသက်မသာဖြစ်နေကြတော့သည်။

“ ဟားဟားဟား ... ။ ”

စုရီက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

“ ငါသိတယ် မင်းတို့ငါ့အပေါ် ... လုံးဝယုံကြည်မှာ မဟုတ်ဘူးဆိုတာ မင်းတို့ကို ကုန်းစွန်းနဲ့ လုယန်လက်ငှားပြီး လက်စားချေမှာ ကြောက်နေကြတာမဟုတ်လား ... ။ ”

ဤတစ်ကြိမ်တွင် ကျင်းချီမှ သက်ပြင်းချလိုက်သည်။ ထို့နောက် ခေါင်းမော့လာပြီး၊

“ မင်းမေးနေမှတော့ ငါအမှန်အတိုင်းပြောနိုင်တယ် ငါတို့က ... မင်းနဲ့ ဒီမှာငြင်းခုံဖို့မဟုတ်ဘူး ... ။ ”

-ဟု ပြန်ဖြေ၏။

တစ်ဖက်လူပြောသလိုပင် လုယန်နှင့် ကုန်းစွန်းတို့ကို ကြောက်ရွံ့မှုကြောင့် ယနေ့တွင် ဒေါသများမျိုချကာ လာရောက်ပြီး တောင်းပန်ခဲ့ခြင်းပေပင်။

သို့သော် ထိုအကြောင်းကို မည်သို့ဝန်ခံဝံ့မည်နည်း။ သူ့ကိုယ်သူပါးရိုက်ကာ အပြစ်ပေးခံခဲ့ရသည်ကို မမေ့သေးချေ။

“ ကျင်းချီ ... မင်းစိတ်ရင်းနဲ့ တောင်းပန်သင့်ပြီ ... ငါနဲ့ဒေါင်းအိုကြီးသာ ဒီမှာ မရှိရင် မင်းတို့အတွက် ကောင်းနိုင်မယ် မထင်ဘူး။ ”

လုယန်က ဒေါသထွက်လာပြီး ကျင်းချီကို လက်ညှိုးထိုးအော်ငေါက်လိုက်၏။ ကုန်းစွန်းမှာ လုံးဝခေါင်းမဖော်တော့ချေ။ ယနေ့ဖြစ်စဉ်မှာ သူ အမှားကြောင်းဖြစ်မှန်း ပို၍မြင်သာလာ၏။

စီရင်သူများမှာ တောင့်တင်းသွားကြပြီး သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲကာ မရေမရာဖြစ်ကုန်တော့သည်။

ထိုစဉ်က စုရီက လုယန်ကို လက်ကာပြလိုက်ပြီး ကျင်းချီထံ စိုက်ကြည့်ကာ၊

“ ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကို ... မင်းပိတ်ဆို့နိုင်ခဲ့ရင် မင်းတို့အားလုံး အသက်ရှင်နိုင်ပြီ မဟုတ်ရင် မင်းသေရမယ် ဘယ်လိုလဲ ... ။ ”

-ဟု မေးမြန်းလိုက်တော့၏။

“ မြင့်မြတ်သူ ငါ့ကို ခွင့်လွှတ်ပါ ... ဒီကောင်လေးက ... ငါတို့တောင်းပန်နေတာကို ကျေနပ်ပုံမရသေးဘူး ... ။ ”

ကျင်းချီက ရွှင်မြူးသွားပြီး ကုန်းစွန်းနှင့် လုယန်ထံတောင်းပန်ကာ စုရီ၏စိန်ခေါ်မှုကို လက်ခံလိုက်လေသည်။

“ မင်း ... လူမိုက်ပဲ၊ ဒီလောကကြီးမှာ သေချင်နေရင် ဘယ်သူမှတားလို့မရဘူးဆိုတာ တကယ်ပါလား။ ”

လုယန်မှ စိတ်ပျက်လက်ပျက် ညည်းတွားလိုက်တော့သည်။ ကုန်းစွန်းက လက်ဖျားများ တုန်ယင်လျက်၊

“ မင်း ... သေနိုင်ပြီ။ ”

-ဟု ပြတ်သားစွာ ဆိုလိုက်၏။

ကျင်းချီက မျက်ခုံးပင့်လိုက်သည်။ တစ်ဆက်တည်းမှာပင် လွန်ခဲ့သောရက်ပေါင်း အနည်းငယ်က ဗဟိုနယ်မြေရှိထူးခြားသည့် ပြောင်းလဲမှုများကို သူခံစားမိ၏။

ကည့်ရသည်မှာ တစ်ဖက်လူသည် နယ်ပယ်ဘုရင်အဖြစ်သို့ တက်လှမ်းနိုင်ပုံပေပင်။ သို့သော် သူသည်လည်း နှစ်ပေါင်းများစွာကပင် နယ်ပယ်ဘုရင်တစ်ပါးဖြစ်သဖြင့် သဘာဝ အတိုင်း ဝှက်ဖဲများစွာရှိ၏။

“ မင်းဒီလောက် မောက်မာနေတာ မဆန်းပါဘူး မင်းက မင်းရဲ့တာအိုကိုအောင်မြင် ထားခဲ့တာပဲ ... သတိထားပါ။ ”

ကျင်းချီက ပါးစပ်မှ သတိပေးစကားဆို လိုက်သော်လည်း သူ့လှုပ်ရှားမှုသည် ထိုမတိုင်မီ တည်းကပင် ထုတ်လွှတ်လိုက်ပြီဖြစ်သည်။

ကာကွယ်ရေး ရတနာများနှင့် လျှို့ဝှက်နည်းစနစ်များကိုလည်း အသုံးပြုကာ သူ့ကိုယ်သူဖုံးလွှမ်းလျက် အဆုံးစွန်သော ခွန်အားများ ထုတ်ဖော်ထားခဲ့၏။

တစ်ဖက်လူသည် ထူးခြားသော ဖြစ်စဉ်များနှင့်အတူ ထုံရှောက်အဆင့်သို့ တက်လှမ်းထားသူဖြစ်ရာ အနည်းငယ်မျှပင် ပေါ့ဆမှုမထားချေ။

“ ရွှပ် ... ။ ”

သို့သော် စုရီသည် ဓားအလင်း တစ်ချက်တည်းဖြင့် သူ့တိုက်ခိုက်မှုများအပေါ် ဖြတ်တောက်ချေမှုန်းပစ်လိုက်တော့၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဝုန်း ... ။ ”

ထိုဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ သူ့ကာကွယ်ရေးရတနာများကို ဖျက်ဆီးပစ်ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ဝိညာဉ်ကိုပြာအဖြစ် ပြောင်းလဲသွားစေတော့၏။

ယင်းသည် နယ်ပယ်ဘုရင်တစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်း ပေပင်။ လုယန်နှင့် ကုန်းစန်းတို့သည်ပင် တုန်လှုပ်ချောက်ချားသွားကုန်၏။

“ တာအိုမိတ်ဆွေ ... ငါတို့မှားပါတယ်။ ”

“ တာအိုမိတ်ဆွေ ငါတို့ကိုခွင့်လွှတ်ပေးပါ။ ”

“ တာအိုမိတ်ဆွေ ... ။ ”

ကျန်ရှိနေသော စီရင်သူများသည် ဆိုဖွယ်မရှိတော့ချေ။ ကြောက်ရွံ့လွန်းသဖြင့် ချက်ချင်း ဒူးထောက်ကာ တောင်းပန်တော့၏။

စုရီက သူတို့ထံတစ်ချက်ကြည့်ကာ စိတ်မဝင်စားတော့ဘဲ လက်ဝှေ့ရမ်းပြလျက် ထွက်ခွာစေလိုက်သည်။

“ မင်းတို့တွေ ငါ့အမိန့်မရဘဲ ... အတွင်းတားမြစ်ဒေသကနေ နောက်တစ်ကြိမ် လုံးဝမထွက်ပါနဲ့။ ”

လုယန်က အော်ငေါက်လျက် သူတို့အားလုံးကို တာဝန်များဆက်ထမ်းဆောင် စေလိုက်တော့သည်။

ထို့နောက်တွင် စုရီက အခြားသော ကြယ်စုများမှ စမ်းသပ်ခံများအကြောင်းမေးမြန်း လိုက်ရာ လူတိုင်း သေဆုံးကုန်ပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။

သောက်ပွဲအပြီးတွင် စုရီသည် တည်းခိုဆောင်အတွင်းသို့ ဝင်ရောက်လိုက်ကာ ကြေးသေတ္တာဖွင့်လျက် အရိုးဖြူလက်ကို ထုတ်ယူလိုက်လေသည်။

ဤအရိုးဖြူလက်အတွင်းတွင် ချင်ချုံရှ၏ ဝိညာဉ်အပိုင်းအစတစ်ခုရှိပြီး ဖရိုဖရဲပင်လယ်၌ သူ့ကိုသတ်ရန်နတ်ဆိုးလှံကို ဆွဲခေါ်ခဲ့ဖူး၏။

တစ်ချိန်က အရိုးဖြူလက်နှင့် ချင်ချုံရှ၏ တိုပ်ပွဲကိုမြင်တွေ့ပြီး ကောင်းကင်လမ်းဟူသည် ကျင့်ကြံခြင်းလမ်း၏ အဆုံးမဟုတ်သေးကြောင်း သူ နားလည်ထားသည်။

၎င်းတို့အထက်တွင် အင်မော်တယ်ဟုခေါ်သော ပိုမိုမြင့်မားသည့် နယ်ပယ်ရှိနေ၏။

အရိုးဖြူလက်အတွင်း၌ တံဆိပ်တစ်ခုဖြင့် ပိတ်ဆို့ခံထားရသော ချင်ချုံးရှဝိညာဉ်အပိုင်းအစ တစ်ခုရှိနေသည်။ ထိုဝိညာဉ်အပိုင်းအစက စုရီ ဝင်လာသည်ကိုမြင်သောအခါ ပြုံးရွှင်ပြီး ဖော်‌ရွေစွာနှုတ်ဆက်တော့၏။

တစ်ဆက်တည်းမှာပင် သူသိထားသည့် လျှို့ဝှက်ချက်များနှင့် နယ်ပယ်ဘုရင်အထက် ကျင့်ကြံခြင်း လျှို့ဝှက်ချက်များကို ဝေမျှကာ လွှတ်ပေးရန် ဆွဲဆောင်ခဲ့သည်။

သို့သော် စုရီသည် သူ့စကားများကို မယုံကြည်ခဲ့ဘဲ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရန် တံဆိပ်အတွင်း ထပ်မံဝင်ရောက်လိုက်၏။

“ ဟားဟားဟား ... ဒါဘယ်လောက် ရူးမိုက်လိုက်လဲ ထုံရှောက်အဆင့်ဘုရင်လေးက ငါ့ရှေ့ကို ရောက်လာဝံ့သလား။ ”

ဤမြင်ကွင်းကြောင့် ချင်ချုံးရှသည် အကြည့်များဝင်းလက်လာပြီး စုရီ၏ဝိညာဉ်ကို မြိုရန် ချက်ချင်းကြိုးစားတော့၏။

“ ဟမ့် ... ။ ”

နဂိုမှိန်ဖျော့နေသော သူ့ဝိညာဉ်သည် နယ်ပယ်ဘုရင်ထက် သာလွန်သောရောင်ဝါများ ဖြာထွက်လာပြီး စုရီကို အသက်ရှူကြပ်သွား စေခဲ့သည်။

“ ချွင် ... ချွင် ... ။ ”

“ အဲဒီဓား ... ။ ”

ထိုစဉ် စုရီ၏ အသိစိတ်ပင်လယ်တွင် ကိန်းဝပ်နေသော ငရဲဘုံကိုးပါးဓားထံမှ ရောင်ဝါ တစ်ချက်လက်လာပြီး ချင်ချုံးရှ၏ဝိညာဉ်ကို ခုတ်ထစ်ပစ်လိုက်၏။

“ အား ... ။ ”

ချင်းချုံးရှခမျာ ထောင်တစ်နေရာသို့ လွင့်စင်လျက် အပြင်းအထန် ဒဏ်ရာရရှိသွား၏။ စုရီက ပြုံးလျက်ဖြင့် လျှောက်လှမ်းသွားကာ ဝိညာဉ်ရှာဖွေခြင်းပြုရန် ကြိုးစားလိုက်သည်။

“ မိတ်ဆွေ ခဏနေပါဦး။ ”

***

အခန်း ၉၄၈ -

ကြယ်တာရာ နယ်နိမိတ်စစ်မြေပြင် ... ။

ရုတ်တရက် တံဆိပ်မှအလွန်လှပသော အမျိုးသမီးတစ်ယောက် တိုးထွက်လာပြီး စုရီကို ချက်ချင်းတားဆီးလာ၏။

ဤသည်မှာ လော့ယောင်ပေပင်။ သူမကချင်ချုံးရှ၏ အကြွင်းအကျန်ဝိညာဉ်ကို မသတ်ရန် တောင်းဆိုလိုက်ပြီး အနာဂတ်တွင် ဤဝိညာဉ်ကိုလမ်းပြအဖြစ်သုံးကာ ထိုခေတ်သို့ သွားရောက်နိုင်ကြောင်း ရှင်းပြလာသည်။

တစ်ဆက်တည်းမှာပင် သူမသည် နောက်သုံးနှစ်အတွင်း ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းနှင့် ထိုအချိန်တွင် စုရီသိလိုသမျှကို ပြောပြပေးမည်ဖြစ်ကြောင်း ကတိပေး၏။

ထိုကာလအတွင်း သူမ၏လက်နှင့် ဤဝိညာဉ်ကိုကောင်းမွန်စွာ ထိန်းသိမ်းပေးရန်၊ တောင်းဆိုကာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ဆက်တည်းမှာပင် အနာဂတ်တွင် ကျေးဇူးတုံ့ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့ကြောင့် စုရီသည် ချင်ချုံးရှ၏ ဝိညာဉ်အကြွင်းအကျံကိုရှာဖွေရန် မကြိုးစား တော့ဘဲ ရပ်တန့်ကာ ပြန်လည် ထွက်ခွာလာခဲ့၏။

“ ဟမ့် ... မင်းဒီလောက် မောက်မာမနေနဲ့ နတ်ဘုရားပဋိညာဉ်မှာ ပြန်လည်ဝင်စားခြင်းကို ခွင့်မပြုထားဘူး မင်းဟာ ... အဲဒီပဋိညာဉ်ကို ချိုးဖောက်ခဲ့တဲ့အတွက် ...

... နတ်ဘုရားတွေရဲ့ ရန်သူပဲ ... ဒီကပ်ဘေးကြီးကို မင်းဘယ်လိုကျော်လွှားမလဲ ငါကြည့်မယ် ဟားဟားဟား။ ”

ချင်ချုံးရှက အော်ဟစ်ကျိန်ဆဲလျက် ကျန်ရစ်ခဲ့တော့၏။ စုရီမှ လျစ်လျူရှုပြီးနောက် စိတ်မဝင်စားတော့သည်မှာ သဘာဝပေပင်။

ဤသည်မှာ ဝိညာဉ်အပိုင်းအစ တစ်ခုမျှသာဖြစ်၏။ နှစ်ပေါင်းများစွာကုန်လွန်း ပြီးနောက် သူ၏မူလမှတ်ဉာဏ်များယို့ယွင်းကာ ရှာဖွေခြင်းပြုသော်မှ အချက်အလက် အပြည့်အစုံ မရနိုင်တော့ချေ။

တစ်ဖက်တွင် အမျိုးသမီးသည် (၃)နေချိန်တွင် ရောက်ရှိလာမည်ဖြစ်သဖြင့် သိလိုသည်များကို မေးမြန်းနိုင်ပေမည်။ သို့သော် သူမ ရောက်မလာလျှင်ပင် ကိစ္စမရှိချေ။ သုံးနှစ်ဟူသည် အရာရာပေပင်။

နောက်တစ်နေ့ မနက်ရောက်သော် လုယန်နှင့် ကုန်းစန်းတို့လာရောက်တွေ့ဆုံကာ အရေးကြီးသောကိစ္စတစ်ခုကို တိုင်ပင်လာခဲ့ကြသည်။

သူတို့သခင် ဟုန်ထျန်းကျွင်းထားခဲ့သော စည်းမျဉ်းဟောင်းများ ပျက်ပြယ်သွားပြီဖြစ်ရာ တားမြစ်နယ်မြေအတွက် စည်းမျဉ်းသစ်များ လိုအပ်နေပြီဖြစ်၏။

လက်ရှိရွှမ်ဟွမ်ကြယ်စုတွင် စုရီ၏ စွမ်းဆောင်ချက်နှင့် အရည်အချင်းများသည် ပြိုင်ဘက်ကင်းချေပြီ။

ထို့ကြောင့် ဤတားမြစ်နယ်မြေ၏ အရှင်သခင်အဖြစ် တင်မြှောက်ရန်ဆန္ဒအပေါ် ကမ်းလှမ်းလာခဲ့ခြင်းဖြစ်၏။

စုရီက ငြင်းပယ်ရန် ကြိုးစားခဲ့သော်လည်း သူတို့နှစ်ဦးက စုရီသည် ရှေးခေတ်နတ်ဆိုးလှံကို နှိမ်နင်းပေးခဲ့ခြင်း၊ ခေတ်သစ်တစ်ခုကို ဖွင့်လှစ် ပေးသူဖြစ်ခြင်းနှင့် အနာဂတ်တွင် သူတို့သခင် ဟုန်ထျန်းကျွင်းထက်ပင် သာလွန်သူဖြစ်နိုင်ခြင်း စသည်တို့ကြောင့် သခင်အဖြစ်လက်ခံပေးရန် အနူးညွှတ်တောင်းဆိုလာ၏။

အဆုံးတွင် စုရီသည် ခေါင်းညိတ် လိုက်ရပြီးနောက် မထွက်ခွာမီ စည်းမျဉ်းများကို ရေးဆွဲခြင်းအား အပြီးသတ်ပေးရန် လုယန်တို့ နှစ်ဦးထံပင် ပြန်လည်တာဝန်ပေးခဲ့၏။

ဤနည်းဖြင့် တားမြစ်နယ်မြေအတွင်း ခြောက်လကျော်ကုန်လွန်သွားသည်။ လုယန်နှင့် ကုန်းစွန်းက သူတို့ရေးဆွဲထားသော စည်းမျဉ်းများကို စုရီထံတင်ပြလာ၏။

စုရီ စည်းမျဉ်းတိုင်းကို ဖတ်ရှုပြီးနောက် ခေါင်းညိတ်သဘောတူခဲ့သည်။ နတ်ဆိုးဘိုးဘေး နယ်မြေ၊ အနောက်ဘက်သုခဘုံနှင့် မြွေတစ္ဆေ မျိုးရိုးတို့ကို ဤနယ်မြေအတွင်း ဝင်ရောက်ခွင့် ပေးရန် ထပ်မံဖြည့်စွက်လိုက်၏။

တစ်နှစ်ကျော်ကြာပြီးနောက် စုရီသည် ကောင်းကင်နတ်ဆိုးဧကရာဇ်နှင့် မုချန်းယွမ်ကို ခေါ်ဆောင်ကာ တားမြစ်နယ်မြေမှ ထွက်ခွာလာခဲ့တော့သည်။

တားမြစ်နယ်မြေ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အဖိုးကြီးများသည် စုရီကို မြင်ချိန်တွင် ဝမ်းသာအားရကြိုဆိုလာ၏။

သူတို့အားလုံးသည် လွန်ခဲ့သော ခြောက်လအတွင်း တာအိုဥပဒေစည်းမျဉ်းများ ပြောင်းလဲလာခြင်းကို မေးမြန်းလာသည်။ စုရီက လူတိုင်းကို သူ့ဂိုဏ်းသို့ဖိတ်ကြားလိုက်၏။

သုံးရက်အကြာတွင် စုရီသည် အရိုင်းမြေအနှံ့အပြားမှ သက်ရှိရုပ်ကြွင်းကြီးများ နှင့်အတူ သောက်ပွဲတစ်ခု ကျင်းပခဲ့သည်။

ထိုပွဲတော်တွင် ရွှမ်ဟွမ်ကြယ်စု၏ စည်းမျဉ်းများ ပြန်လည်နိုးထလာပြီဖြစ်ကြောင်း၊ ခေတ်သစ်တစ်ခု စတင်တော့မည်ဖြစ်ကြောင်း ကြေညာပေးခဲ့၏။

ဤကာလအတွင်း သူ့မိတ်ဆွေဟောင်း အချို့ကိုလည်း တားမြစ်မြေသို့ ဝင်ရောက်ကာ တာအိုသက်သေပြရန် စီစဉ်ပေးမည်ဖြစ်၏။

အတွင်းမှ လုယန်နှင့် ကုန်းစွန်းတို့သည် သူသတ်မှတ်ပေးခဲ့သည့် အတိုင်းအတာအတွင်း အစွမ်းကုန် အကူအညီပေးပေလိမ့်မည်။

ဤနည်းဖြင့် သူထွက်ခွာသွားချိန်တွင် ခေတ်သစ်ရောက်ရှိလာပြီး ရွှမ်ဟွမ်ကြယ်စုကြီး၌ နယ်ပယ်ဘုရင်များစွာကို မြင်ရပေလိမ့်မည်။

***

“ ကလန် ... ကလန် ... ။ ”

မရဏကမ္ဘာ၊ နာကျဉ်းခြင်းပင်လယ်၊ ကောင်းကင်နှင်းမြို့တော်၊ ညလူခြံဝင်း ပန်းပဲရုံ။ ပန်းပဲရုံအတွင်း အာချန်းသည် ထုံးစံအတိုင်း သံထည်တစ်ခုကို ထုလုပ်နေပြီး မီးပွားများ တဖွားဖွားပွင့်ထွက်နေတော့၏။

“ စိတ်ဝင်စားစရာလူငယ်လေးပဲ။ ”

ထိုစဉ် နူးညံ့သောသံတစ်သံ ထွက်ပေါ်လာသည်။ အာချန်းက ရပ်တန့်သွားပြီး ပြန်မော့ကြည့်လိုက်သောအခါ ဝတ်ရုံရှည်ဝတ် အဘိုးအိုတစ်ဦးနှင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။

“ ဧည့်သည်တော်တို့ လက်နက်လာအပ်တာလား။ ”

အားချန်မှ မေးလိုက်၏။ သို့သော် အဘိုးအိုကပြုံးပြီး ခေါင်းခါပြကာ၊

“ မင်းရဲ့ဆရာနဲ့ တွေ့ချင်လို့ပါ။ ”

- ဟု ပြောကြားလိုက်သည်။

“ အားချန် အထဲဝင်လာခဲ့ ... ။ ”

ထိုစဉ် အတွင်းခြံဝင်းငယ်အထဲမှ အေးစက်မာကြောသော ညလူ၏အသံထွက်ပေါ် လာလေသည်။

သည့်နောက် မီးခိုးရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက် ပန်းပဲရုံအတွင်းမှ ထွက်ပေါ်လာတော့၏။

ညလူက အမျိုးသမီးကို တစ်ချက် ကြည့်ရုံဖြင့်မှတ်မိပြီး အဘိုးအိုသည်သူမကို ကယ်ထုတ်လာသူဖြစ်ကြောင်း နားလည် လိုက်လေသည်။

“ ငါ့ဆီလာတာ ဘာအတွက်လဲ။ ”

ညလူကအေးစက်စွာ မေးလိုက်သည်။ အဘိုးအိုမှပြုံးလျက်၊

“ အထင်မလွဲပါနဲ့ ... ဒီအဖိုးကြီးကို စုရွှမ်ကြွယ်ဆီ စကားတစ်ခွန်းပါးချင်လို့ပါ။ ”

“ မင်းကိုယ်တိုင် ဘာလို့မသွားတာလဲ။ ”

“ ငါက အမိန့်အတိုင်းလုပ်ဆောင် ပေးနေရတာမို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားလို့ မရပါဘူး။ ”

အဘိုးအိုက သက်ပြင်းချကာ ပြောသည်။

“ စုရွှမ်ကြွယ်ကို ပြောပေးပါ ... တစ်နှစ်အတွင်းမှာ ငါတို့ဂိုဏ်းချုပ်ကြီးက သူ့ကို ထျန်းချီကြယ်စုမှာ စောင့်နေမယ်လို့။ ”

စကားဆုံးသည်နှင့် အဘိုးအိုသည် အနက်ဝတ်အမျိုးသမီးကို ခေါ်ဆောင်ကာ ချက်ချင်းပျောက်ကွယ်သွားတော့၏။ ညလူခမျာ တုန်လှုပ်စွာ ကျန်ရစ်ခဲ့လေသည်။

“ အဖိုးကြီးစု ... မင်း ဘယ်လို ကြောက်စရာကောင်းတဲ့ ရန်သူမျိုးနဲ့ ရန်စ ရှိနေရတာလဲ။ ”

လေထုအလယ်တွင် ငရဲဘုရင်သည် ရှုပ်ထွေးစွာဖြင့်၊

“ ပထမလွတ်မြောက်သူ ... မင်းဘာလို့ စုရွှမ်ကြွယ်ကို ကိုယ်တိုင်သွားမတွေ့တာလဲ။ ”

- ဟု မေးမြန်းလိုက်၏။

“ ဂိုဏ်းချုပ်က မင်းကိုခေါ်လာဖို့ပဲ အမိန့်ပေးခဲ့တာ တခြားကိစ္စတွေနဲ့ ရှုပ်ထွေးတာ မလိုချင်ဘူး ... ပြီးတော့ မင်းရဲ့အဖေ အသက်ရှင်လျက် ပြန်ရောက်လာပြီ။ ”

“ ငါ့အဖေ ... အဖေ မသေဘူးလား။ ”

ငရဲဘုရင်က တုန်လှုပ်သွားသည်။ ထိုအချိန်တွင် အဘိုးအိုသည် ရွှမ်ဟွမ်ကြယ်စု၏ စည်းမျဉ်းများ ပြန်လည်နိုးထလာသည်ကို သတိပြုမိသွား၏။

ယင်းသည် စုရွှမ်ကြွယ်နှင့် တစ်စုံတစ်ရာ ပတ်သတ်နေနိုင်ကြောင်း နားလည်လာခဲ့သည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ ငရဲဘုရင်ကို ခေါ်ဆောင်သွားတော့၏။

ကောင်းကင်လှိုဏ်ဂူအတွင်း၌ စုရီတစ်ယောက် အနားယူနေစဉ် ညလူထံမှ စာတစ်စောင် ရောက်ရှိလာသည်။

စာရှိအကြောင်းအရာများသည် တစ်နှစ်အတွင်း ကောင်းကင်ကိုးပါးနန်းတော် ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန်ပေပင်။ စုရီမှ မျက်မှောင်ကြုတ်လိုက်၏။

“ ဒါက ငရဲဘုရင်ကို ဓားစာခံလုပ်ပြီး ငါ့ကိုခြိမ်းခြောက်ချင်တာလား ... မဟုတ်နိုင်ဘူး အဲဒီအဘိုးကြီးက အဲဒီလောက် မမိုက်မဲပါဘူး တခြားအကြောင်းရင်း ရှိရမယ်။ ”

စုရီမှ မုချန်းယွမ်ကိုခေါ်ဆောင်ကာ ဤနှစ်များအတွင်း ကြယ်လွင်ပြင်ဒေသကြီး၌ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းရှိ-မရှိ မေးမြန်းလိုက်၏။

မုချန်းယွမ်စကားအရ လွန်ခဲ့သော အနှစ်(၂၀)က ကောလာဟလတစ်ခု ထွက်ပေါ် လာခဲ့သည်။ ယင်းသည် ကြယ်တာရာနယ်နိမိတ် စစ်မြေပြင် ပြန်ပွင့်တော့မည်ဟူသည့် သတင်းပေပင်။

စုရီက အံ့အားသင့်သွားသည်။ ၎င်းသည် ရှေးခေတ်ကာတည်းက ပျောက်ကွယ်သွားသော နယ်နိမိတ်လမ်းတစ်ခုဖြစ်၏။ ကြယ်လွင်ပြင်များ အသီးသီးကို ဆက်သွယ်ပေးထားသည်။

အကယ်၍ ထိုလမ်းကြောင်းသည်သာ ပြန်ပွင့်လာသော် တခြားကြယ်လွင်ပြင်များမှ အင်အားစုများဝင်ရောက်နိုင်သလို အရှေ့ဘက် ကြယ်လွင်ပြင်သည်လည်း ထိုပြင်ပဒေသသို့ ထွက်ခွာနိုင်မည်ဖြစ်၏။

“ တစ်နှစ်ပဲ အချိန်ပေးတယ်ဆိုတော့ အဲဒီအဘိုးကြီးက အတော်လေး အလောတကြီး နိုင်နေပြီ ... မကြာခင် ကြယ်တာရာစစ်မြေပြင် ပွင့်တော့မယ်ထင်တယ်။ ”

စုရီက တွေးတောလိုက်သည်။ အချိန်များ လျင်မြန်စွာကုန်လွန်နေ၏။ ဤကာလအတွင်း စုရီသည် သူ့အစီအစဉ်များကို အပြီးသတ်ပြီး ဖြစ်လေသည်။

မိုးပြာတိုက်ကြီးသို့ သွားရောက်ကာ မိုးပြုမျိုးစေ့ထည့်သွင်းပေးပြီး တာအိုအုတ်မြစ် အပေါ် ပြန်လည်စုစည်းပေးခဲ့၏။

နတ်ဘုရားသင်္ချိုင်း တားမြစ်နယ်မြေမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်(၃၆)ဦး၏ အမွေကျောက်တိုင် များကိုလည်း ကောင်းကင်လှိုဏ်ဂူသို့ရွေ့ကာ ရွှမ်ဟွမ်ကြယ်စုအမွေများအဖြစ် သတ်မှတ်ကာ စမ်းသပ်ကွင်းများ ချန်ထားရစ်ခဲ့သည်။

ရွှမ်ဟွမ်ကြယ်စုအတွင်းမှ မည်သူမဆို ထိုစမ်းသပ်ကွင်းထံ လာရောက်ဖြေဆိုနိုင်ကာ အမွေများဆက်ခံနိုင်၏။ ကောင်းကင်လှိုဏ်ဂူ အ‌ပေါ် ကျေးဇူးပြုစရာမလိုချေ။

ဤနည်းဖြင့် အချိန်တစ်လကျော် ကုန်လွန်သွားခဲ့ကာ နောက်ဆုံးတွင် စုရီသည် တပည့်များကို ခေါ်ယူလိုက်တော့၏။

“ ငါ ... မနက်ဖြန်မှာ အရှေ့ဘက် ကြယ်တာရာလွင်ပြင်အနှံ့ ခရီးထွက်တော့မယ်။ ”

“ မနက်ဖြန်လား ... ။ ”

ကျင်းရှင်း၊ ကျင်းခွိုက်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် ဆရာသခင် မကြာခင် ကြယ်လွင်ပြင်ကြီးသို့ သွားရောက်မည်ကို တွက်ဆထားပြီးဖြစ်၏။

သို့သော် ဤမျှ မြန်လိမ့်မည်ဟု မထင်ထားချေ။ စုရီက တုန်လှုပ်နေသော တပည့်များထံ ကြည့်ကာ၊

“ ငါ ဘယ်နှစ်ကြိမ်ပြောပြီးပြီလဲ ... ငါမင်းတို့ကို ထာဝရနှုတ်ဆက်တာမဟုတ်ဘူး စိတ်ပူမနေကြနဲ့။ ”

-ဟု ပြုံးကာ ပြောလိုက်၏။

ထို့နောက် တစ်ဦးချင်းစီကို တာဝန်များပေးအပ်လိုက်၏။ စုရွှမ်ကြွယ်ဘဝကို ပြန်လည်ဝင်စားသောအခါ ရုတ်တရက်ဖြစ်ရပြီး ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည်။

ယင်းကြောင့် ယခုအခါတွင် ထိုအမှားမျိုး မပြုလုပ်မိစေရန်ကြိုးစားခဲ့၏။ စုဆောင်းခဲ့သမျှ ရတနာအများစုကို အမွေအဖြစ်ချန်ထားရစ်ကာ ကျင်းရှင်းမှစီမံခန့်ခွဲပေးရန် မှာကြားသည်။

“ ကျင်းခွိုက် ... ဒီသိုလှောင်အိတ်တွေကို မင်းဆီအပ်နှံထားမယ် မင်းတို့မှာဖြေရှင်းမရတဲ့ ပြဿနာတွေရှိလာရင် တစ်လုံးစီဖွင့်ကြည့်ပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ဝမ်ချွယ်က စပ်စုချင်စိတ်ဖြင့်၊

“ ဆရာ ... ဒီထဲမှာ ဘာတွေဝှက်ထားလဲ။ ”

-ဟု မေးမြန်းသည်။ စုရီက ပြုံးပြပြီး၊

“ မင်းတို့တွေ ဘယ်တော့မှ ဒီသိုလှောင်အိတ်တွေကို ဖွင့်ခွင့်မရတော့ရင် အကောင်းဆုံးပါပဲ ... ပြီးတော့ ယွီလောင် ... ။ ”

“ ဟုတ်ကဲ့ အမိန့်ရှိပါဆရာ။ ”

“ မင်းက ငါ့မိတ်ဆွေတွေ ကျင့်ကြံမှုမှာ အခက်အခဲတွေနဲ့ကြုံတွေ့ရရင် ဖြေရှင်းပေးဖို့ ငါ တောင်းဆိုပါရစေ။ ”

“ စိတ်ချပါ ဆရာ ... ။ ”

ယွီလောင်က သူ့ရင်ဘတ်ကို ပုတ်ပြလိုက်လေသည်။ စုရီက ပြုံးလျက်ဖြင့် ရွှမ်မင်ကို လှည့်ကြည့်ကာ၊

“ မင်းကိုတော့ ... ငါ့တံခါးတွေ စောင့်ကြပ်ပေးဖို့ ဆက်ပြီးတောင်းဆိုရမယ်။ ”

-ဟု ပြောကြားလိုက်၏။

“ တပည့်အတွက်ရော ဆရာ ... ။ ”

ပိုင်ရီက မစောင့်နိုင်တော့ဘဲ အလျင်လိုလာပြီး ဝင်မေးသည်။

“ မင်းလား ... ။ ”

စုရီက ခဏလောက် စဉ်းစားပြီး၊

“ ပြဿနာ မရှာနဲ့ ဒါဆိုလုံ‌လောက်ပြီ။ ”

-ဟု အမိန့်ပေးလိုက်တော့၏။

“ ဟားဟားဟား ... ။ ”

လူတိုင်း ရယ်မောလိုက်ကြသည်။ ပိုင်ရီတစ်ယောက် ရှက်ရွံ့စွာဖြင့် နှာခေါင်း ပွတ်လိုက်တော့၏။

ဆရာနှင့် တပည့်များကြား ခဏကြာ စကားစမြည်ပြောကြားပြီးနောက် လူတိုင်းကို ပြန်လည် ထွက်သွားစေလိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း ဆက်ထိုင်ကာ ဝိုင်သောက်နေတော့၏။

ယနေ့တွင် ရွှမ်ဟွမ်ကြယ်စုအတွင်း သူ့အတွက်နောက်ဆုံးဖြစ်သည်။ ကြယ်လွင်ပြင် ခရီးစဉ်တွင် လောကသခင်ဘဝ၏ ကံကြမ္မာကို ဆက်လက်ဖြေရှင်းရပေဦးမည်။

ဤလောကကြီးတွင် မည်သူမဆို ဘဝ၏စံသတ်မှတ်ချက်များဖြင့် ကိုက်ညီအောင် မနေထိုင်နိုင်ချေ။ ထိုအကြောင်းကိုပင် ရင်ဖွင့်ရန် မိတ်ဆွေတစ်ဦးမျှ ရရှိနိုင်ရန်ရှားပါးချေပြီ။

***

ကျနော့ရဲ့ စာဖတ်ပရိတ်သတ်များအားလုံး မင်္ဂလာပါ။ ကောင်းကင်ဘုံသို့ - ကူချန် ဒီတပါတ် ပြန်လည်ထွက်ရှိလာပါပြီ။ နောက်တပါတ်မှာ တစ်ပါတ်ကိုတစ်အုပ်နှုန်း ထွက်ရှိ လာပါလိမ့်မယ်။

ရွှေလက်ချောင်းပါတဲ့ ကျင့်ကြံခြင်း စာစဉ်လေးဖြစ်တာမို့ ရှန်းရှကိုပေါ့ပေါ့ပါးပါးလေး ပြုံးရယ်ပြီး ... ဖတ်ချင်သူများအတွက် အသင့်လျော်ဆုံး စာစဉ်လေးပါ။

ဇာတ်လမ်းတည်ဆောက်ပုံအရ နိမ့်ကျခြင်းမရှိဘဲ နည်းစနစ်တွေအရလည်း ထူးထူးခြားခြားလေးတွေပါရှိပါတယ်။

ကောင်းကင်တာအို ပေါင်းစည်းခြင်း၊ ကံကြမ္မာမျက်လုံး၊ ဝင်္ကပါပညာ၊ ကိုယ်ပွားတို့လို အခြားသော ပညာရပ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ခွင့်ရမှာပါ။ အားပေးကြပါဦးဗျ။ ‌ကျေးဇူးတင်ပါတယ်။

***

All Chapters