နှစ်ဖက်စလုံး၏ လှုပ်ရှားမှုများ (၂)
Vol. 31 Ch. 310
"ဒါပေမဲ့ လက်ရှိ သူတော်စင်နတ်ဘုရားအဖွဲ့က ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။ အကယ်၍ သူတော်စင်မင်းဆက်က တိုက်ရိုက် စစ်ပွဲဆင်နွှဲမယ်ဆိုရင် သူတော်စင်နတ်ဘုရားအဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေကို ချောင်ပိတ်မိသွားစေပါလိမ့်မယ်။ သူတို့တွေဟာ ကျောက်စိမ်းရော ကျောက်ခဲပါ အတူတူ ပျက်စီးသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အသေခံ တိုက်ခိုက်လာကြမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။ အဲဒီအခါမှာ သူတော်စင်မင်းဆက်ဘက်က ဆုံးရှုံးမှုတွေ ပိုများလာနိုင်ပါတယ်။"
"ကျွန်တော်မျိုးရဲ့ အမြင်အရတော့... အရှင်စစ်သူကြီးအနေနဲ့ အရှင်တို့ရဲ့ အရှိန်အဝါကို အသုံးချပြီး သူတို့ကို ဖိအားပေးသင့်ပါတယ်။ သူတော်စင်မင်းဆက်ဆိုတာ ဒီကမ္ဘာရဲ့ အမြင့်မြတ်ဆုံး အုပ်စိုးသူဖြစ်သလို စစ်မှန်တဲ့ တရားဝင်အစိုးရလည်း ဖြစ်ပါတယ်။ စစ်သူကြီးရဲ့ အရှိန်အဝါအောက်မှာ အဲဒီလူတွေဟာ သူတို့ဘက်တော်သားတွေကို ပြန်ပြီး သုံးသပ်ကြပါလိမ့်မယ်။ သူတို့တွေ နောက်ဆုံးမိနစ်မှာ ဘက်ပြောင်းလာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး။"
နှင်းမှုန်ဧကရာဇ်၏ အသံမှာ တည်ငြိမ်နေပြီး သူ၏လက်ထဲတွင် အပိုင်ဖဲတစ်ချပ် ရှိနေသကဲ့သို့ပင်။
ပြောရလျှင် သူ၏ ရာထူးနေရာကို ရရှိရန်နှင့် နှင်းမှုန်အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်နိုင်ရန်အတွက် သူ၏ ဉာဏ်ပညာနှင့် ဗျူဟာများမှာ အလွန်ပင် ထူးချွန်လှသည်။ သူသည် ခြေလှမ်းတိုင်း၏ အကျိုးအမြတ်နှင့် လက်ရှိအခြေအနေကို အလွန်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သူ၏ ဗျူဟာမှာ အလွန်ပင် ဆန်းပြားသည်ဟု မဆိုနိုင်သော်လည်း လက်တွေ့တွင် အလွန်အသုံးဝင်သဖြင့် နည်းဗျူဟာကောင်းတစ်ခုဟု ခေါ်ဆိုနိုင်သည်။
"ကောင်းပြီ"
ဒုတိယမြောက် သူတော်စင်စစ်သူကြီး၏ မျက်နှာတွင် ချီးကျူးဂုဏ်ပြုသော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် လက်ခုပ်တီးကာ ရယ်မောလိုက်ပြီး "ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ဒီကိစ္စအတွက် မင်းကိုပဲ အပြည့်အဝ တာဝန်ပေးလိုက်မယ်။ ဒါကို မင်းရဲ့ သစ္စာရှိမှုကို သက်သေပြတဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်လိုက်ပါ။"
"ကောင်းပါပြီ" ဟု နှင်းမှုန်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ မကြာမီမှာပင် သူ၏ မျက်လုံးများတွင် တောက်လောင်နေသော အလင်းတန်းများ ပေါ်လာပြီး သူ၏ သတ်မှတ်ချက်ကို ပြောလိုက်သည်။
"ဒီကိစ္စ ပြီးမြောက်သွားတဲ့အခါ နှင်းမှုန်အင်ပါယာဟာ အရှေ့ဘက်ကောင်းကင်မှာ သူတော်စင်မင်းဆက်ရဲ့ကိုယ်စားလှယ် ဖြစ်လာချင်ပါတယ်။ ကျွန်တော်တို့ဟာ သူတော်စင်မင်းဆက်အတွက် ဒီနယ်မြေကို အုပ်ချုပ်ပေးမှာဖြစ်ပြီး အရှင့်ထံမှာ ဦးညွှတ်ခစားပါ့မယ်။"
၎င်းမှာ သူ၏ သတ်မှတ်ချက်ပင် ဖြစ်သည်။
သူ၏ အမြင်အရ သူတော်စင်မင်းဆက်အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
မျှော်လင့်ထားသည့်အတိုင်း ဒုတိယစစ်သူကြီးသည် စဉ်းစားရုံပင် မရှိဘဲ သဘောတူလိုက်သည်။ သူက ပြုံးလျက် ပြောသည်။
"ဒါကလည်း ကောင်းတာပဲ။ အရှေ့ဘက်ကောင်းကင်ဟာ အတွင်းနယ်မြေနဲ့ ဝေးကွာလွန်းတယ်။ အကယ်၍ နှင်းမှုန်အင်ပါယာက သူတော်စင်မင်းဆက်အတွက် ဒီနယ်မြေကို အုပ်ချုပ်ပေးနိုင်မယ်ဆိုရင် မဆိုးပါဘူး။ အနည်းဆုံးတော့ ဒီကမ္ဘာရဲ့ စနစ်ကို ထိန်းသိမ်းနိုင်ပြီး လောကကြီးကို အေးချမ်းသာယာမှုတွေ ပြန်ပေးနိုင်တာပေါ့။"
"သွားတော့။"
ထိုစကားကို ကြားပြီးနောက် နှင်းမှုန်ဧကရာဇ်သည် ဦးညွှတ်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည်။ သူ၏ အမူအရာမှာ ယခင်ကထက်ပင် ပိုမို ရိုသေကိုင်းညွှတ်နေတော့သည်။
ထိုအချိန်မှစ၍ သူနှင့် နှင်းမှုန်အင်ပါယာတစ်ခုလုံးသည် သူတော်စင်မင်းဆက်၏ လက်အောက်ခံ အင်အားစုအဖြစ် သတ်မှတ်ခြင်း ခံရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ခန်းမထိပ်၌ ကုမျိုးနွယ်စု၏ ကောင်းကင်ဘုရင်သည် ဒုတိယစစ်သူကြီးကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "စစ်သူကြီး... ဒါက မသင့်တော်ဘူးထင်တယ်။"
ကုမိသားစု၏ ဘုရင်သည် ပထမဆုံး ကန့်ကွက်သူ ဖြစ်လာသည်။
"ဒါက မသင့်တော်ပါဘူး၊ သူတော်စင်စစ်သူကြီး ပြန်ပြီး စဉ်းစားပေးပါဦး။"
"ဒါက မသင့်တော်ပါဘူး၊ ပြန်ပြီး စဉ်းစားပေးပါဦး။"
ခဏချင်းမှာပင် ခန်းမထဲရှိ အကြီးအကဲအားလုံးက စကားဆိုလာကြသည်။ သူတို့က ပြန်စဉ်းစားရန် ပြောကြသော်လည်း တကယ်တမ်းမှာမူ ကန့်ကွက်နေခြင်း ဖြစ်သည်။
သူတော်စင်မင်းဆက်သည် သူတော်စင်ဘုရင်၏ အမိန့်ကြောင့် သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးရန် စစ်တပ်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး သူတို့တွင် လိုက်နာရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
သို့သော်... ကောင်းကင်မျိုးနွယ်စုက အဘယ်ကြောင့် ထိုသို့ လုပ်ရမည်နည်း။
ဖုန်းမျိုးနွယ်စုမှလွဲ၍ ကျန်ရှိနေသော ကောင်းကင်မျိုးနွယ်စုအားလုံးသည် သူတော်စင်နတ်ဘုရားအဖွဲ့အပေါ် နက်ရှိုင်းသော ရန်ငြိုးများ ရှိကြသည်။
သူတော်စင်နတ်ဘုရားအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန်မှာ သူတို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာပင်။
သို့သော် ၎င်းနောက်ပိုင်းမှာ ဘာဖြစ်လာမည်နည်း။
သူတို့ အနာဂတ်မှာ ဘာတွေ ရရှိမည်နည်း။ သူတို့၏ ဆုံးရှုံးမှုများကို မည်သူက ပေးလျော်မည်နည်း။ သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးခြင်းက မျိုးနွယ်စုအတွင်းရှိ ကျွမ်းကျင်သူအချို့၏ ကျဆုံးမှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။
ထိုဆုံးရှုံးမှုအတွက် လျော်ကြေးအဖြစ် သက်ဆိုင်ရာ အကျိုးအမြတ်များကို သူတို့ ရရှိရမည်ဖြစ်သည်။
အမှန်စင်စစ် ဤမတိုင်မီကပင် ကုမျိုးနွယ်စု ကောင်းကင်ဘုရင်၏ ညွှန်ကြားချက်ဖြင့် ကောင်းကင်မျိုးနွယ်စု လေးခုသည် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။
နောက်ဆုံးတွင် သူတို့သည် သဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။
အရှေ့ဘက်ကောင်းကင်ယံကို ကု၊ ချူ ၊ ယဲ့ နှင့် ယွမ် ဟူသော ကောင်းကင်မျိုးနွယ်စု လေးခုအကြား ခွဲဝေယူကြမည်ဖြစ်သည်။
ဤနယ်မြေသည် ဖုန်ထူပြီး ပျက်စီးနေသော်လည်း ၎င်းတွင် တန်ဖိုးအချို့ ရှိနေဆဲပင်။ သူတို့၏ အစီအစဉ်အရ အရှေ့ဘက်ကောင်းကင်ယံကို အနာဂတ်တွင် သူတို့က ထိန်းချုပ်မည်ဖြစ်ပြီး အရှေ့ဘက်ကောင်းကင်ရှိ အရင်းအမြစ်အားလုံးကို ခွဲဝေယူကြမည် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဒုတိယစစ်သူကြီး၏ စကားကို မည်သည့်အခါမျှ သဘောတူလိမ့်မည် မဟုတ်ပေ။
"ဘာက မသင့်တော်တာလဲ" ထိုစကားကို ကြားသောအခါ ဒုတိယစစ်သူကြီး၏ နက်ရှိုင်းသော မျက်လုံးများမှာ အနည်းငယ် မှေးစပြုလာသည်။
သူသည် ကုမျိုးနွယ်စု ကောင်းကင်ဘုရင်ကို ဘေးတိုက် စောင်းကြည့်လိုက်၏။ ဤကောင်းကင်မျိုးနွယ်စု ကျင့်ကြံသူများ ဘာတွေးနေကြသည်ကို သူ မသိဘဲ နေပါ့မည်လော။
သို့သော် ကောင်းကင်မျိုးနွယ်စု ကျွမ်းကျင်သူများ စကားမပြောမီမှာပင် ဒုတိယစစ်သူကြီးက ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံး ဘာတွေးနေလဲဆိုတာ ကျုပ် အနည်းအကျဉ်း သိပါတယ်။ သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးပြီးမှ ဒီကိစ္စကို နောက်တစ်ကြိမ် ပြန်ပြီး ဆွေးနွေးကြတာပေါ့။ အခု အရေးကြီးဆုံးအရာက သူတော်စင်ဘုရင်ရဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့နဲ့ သူတော်စင်နတ်ဘုရားအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ပဲ။"
ဒုတိယစစ်သူကြီး စကားအဆုံးတွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကောင်းကင်မျိုးနွယ်စု ကျင့်ကြံသူများသည် သူ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားပုံရသဖြင့် ဆက်လက် မကန့်ကွက်တော့ပေ။
"မိုက်မဲလိုက်တာ။"
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ဒုတိယစစ်သူကြီးက စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ အကယ်၍ မည်သည့် အကျိုးအမြတ်မျှ မပေးဘဲနှင့် နှင်းမှုန်ဧကရာဇ်က သူတို့အတွက် အလုပ်လုပ်ပေးရန် မည်သည့်အခွင့်အရေး ရှိမည်နည်း။
မျှော်လင့်ထားသည့်အတိုင်း ရောက်ရှိနေသူတိုင်းသည် လောဘကြောင့် မျက်စိကွယ်နေကြပြီး ကိုယ်ကျိုးကိုသာ ကြည့်နေကြသည်။ သူတို့သည် သူတော်စင်ဘုရင်၏ အမိန့်တော်ကို သိပ်ပြီး အလေးထားပုံ မရပေ။
…
တစ်ရက်အတွင်းမှာပင်...
အရှေ့ဘက်ကောင်းကင်ယံတွင် လေများ တိုက်ခတ်နေပြီး တိမ်တိုက်များ စုရုံးနေပြီဟု ဆိုနိုင်သည်။ အခြေအနေမှာ လှုပ်ခတ်နေပြီး မုန်တိုင်းမလာမီ တင်းမာသော အခြေအနေမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
အရှေ့ဘက်ကောင်းကင်ယံရှိ သက်ရှိသန်းပေါင်းများစွာတို့သည် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ သူတို့၏ ဦးခေါင်းထက်တွင် အချိန်မရွေး ကျဆင်းလာပြီး သူတို့၏ အသက်ကို နှုတ်ယူသွားနိုင်သည့် ထက်ရှသော ဓားတစ်လက် ရှိနေသကဲ့သို့ပင်။
ဤအရာအားလုံးကို ဖြစ်ပေါ်စေသူမှာ အခြားသူမဟုတ်ဘဲ နှင်းမှုန်ဧကရာဇ်ပင်။
သူ လှည့်လည်သွားလာနေစဉ်မှာပင် ဂိုဏ်းတံခါးပိတ်မည်ဟု ကြေညာထားခဲ့သော မြူခိုးမသေမျိုးစံအိမ်သည် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ယုတ်မာသောအဖွဲ့အစည်းဖြစ်သည့် သူတော်စင်နတ်ဘုရားအဖွဲ့ကို ဖျက်ဆီးရန်အတွက် သူတော်စင်မင်းဆက်မှ ကျွမ်းကျင်သူများကို ကူညီပေးရန် အဆင်သင့်ရှိကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။
သူတော်စင်နတ်ဘုရားအဖွဲ့၏ ကြေညာချက်သည် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို တွက်ချက်နေကြသော မရေမတွက်နိုင်သော အင်အားစုများနှင့် ကျွမ်းကျင်သူများကို တုန်လှုပ်သွားစေခဲ့သည်။
၎င်းနောက်တွင် အရှေ့ဘက်ကောင်းကင်ရှိ အင်အားစုများစွာသည် သူတော်စင်မင်းဆက်ကို ထောက်ခံရန်နှင့် ယုတ်မာသော အဖွဲ့အစည်းဖြစ်သည့် သူတော်စင်နတ်ဘုရားအဖွဲ့ကို နှိမ်နင်းရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။
ထို့တင်မကဘဲ မူလက သူတော်စင်နတ်ဘုရားအဖွဲ့နှင့် ပူးပေါင်းထားသော အင်အားစုများစွာသည်လည်း ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားကြပြီး သူတို့၏ ကျွမ်းကျင်သူများကို ဦးဆောင်ကာ သူတော်စင်မင်းဆက်ဘက်သို့ ဘက်ပြောင်းသွားကြသဖြင့် လှုပ်ခတ်နေသော အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
အရှေ့ဘက်ကောင်းကင်ယံသည် မှောင်မိုက်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသည်။ လေထုမှာ ဖိနှိပ်စရာကောင်းပြီး တင်းမာနေသည်။ ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခု စတင်တော့မည်ဖြစ်ပြီး သွေးများမှာ မြစ်ကဲ့သို့ စီးဆင်းတော့မည့်အတိုင်းပင်။
…
သူတော်စင်နတ်ဘုရားအဖွဲ့ ဌာနချုပ်အတွင်း
နန်းတော်ခန်းမအတွင်းရှိ လေထုမှာ အလွန်ပင် စိတ်ဓာတ်ကျစရာ ကောင်းလှသည်။ ထိပ်သီးနတ်ဘုရား ဆယ်ဦးစလုံး ရောက်ရှိနေကြသော်လည်း အားလုံးက တိတ်ဆိတ်နေကြသည်။
သို့သော် သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်ဂယက်များက သူတို့ တည်ငြိမ်ခြင်းမရှိကြောင်း ပြသနေသည်။
အနည်းဆုံးတော့ သူတို့ မြင်တွေ့နေရသလောက် တည်ငြိမ်ခြင်း မရှိကြပေ။
သူတော်စင်သခင်မ လော့ယွင်ရှီးသည် ပလ္လင်ပေါ်တွင် တစ်ဦးတည်း ထိုင်နေသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မတွေ့ရဘဲ လောကကြီးကို ငုံ့ကြည့်နေသော ဧကရီတစ်ပါးကဲ့သို့ပင်။ သူမ၏ နတ်ဘုရားအရှိန်အဝါမှာ ကမ္ဘာလောကကို လွှမ်းခြုံထားသော ထောင်ချောက်တစ်ခုကဲ့သို့ပင်။
ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ သူမကို တုန်လှုပ်စေရန် သို့မဟုတ် ဂရုစိုက်မိစေရန် မစွမ်းဆောင်နိုင်သကဲ့သို့ပင်။
အစမှ အဆုံးအထိ သူမသည် တည်ငြိမ်သော အမူအရာ ရှိနေသည်။ အရာဝတ္ထုများကြောင့် မပျော်ရွှင်သလို၊ မိမိကိုယ်တိုင်အတွက်လည်း ဝမ်းမနည်းပေ။
အရှေ့ဘက်ကောင်းကင်ယံရှိ အင်အားစုများစွာသည် သူတော်စင်မင်းဆက်ဘက်သို့ ကပ်ပါသွားကြသည်။ အကယ်၍ ၎င်းက လက်ရှိအခြေအနေကို ပိုမိုလှုပ်ခတ်စေမည်ဆိုလျှင် ၎င်းသည် သူတော်စင်နတ်ဘုရားအဖွဲ့အတွက် ပို၍ ဆိုးရွားလာပေလိမ့်မည်။
ထို့နောက်တွင် မြူခိုးမသေမျိုးစံအိမ် ပြန်လည် ထွက်ပေါ်လာပြီး သူတော်စင်မင်းဆက်ဘက်သို့ ဘက်ပြောင်းသွားခြင်းက ရောက်ရှိနေသူတိုင်းကို မကျေမနပ် ဖြစ်စေပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်စေသည်။
ထို့တင်မကဘဲ မြူခိုးမသေမျိုးစံအိမ်က စတင်ဦးဆောင်လိုက်ပြီးနောက် ၎င်းသည် ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်စေကာ မူလက သူတော်စင်နတ်ဘုရားအဖွဲ့နှင့် ပူးပေါင်းထားသော အင်အားစုများစွာကို ထွက်ခွာစေပြီး သူတော်စင်မင်းဆက်၏ လက်အောက်ထဲသို့ တိုးဝင်သွားစေခဲ့သည်။
"မြူခိုးမသေမျိုးစံအိမ်က လောကရေးရာတွေကနေ ကင်းကွာနေတယ်ဆိုတဲ့ အယူအဆကို အမြဲတမ်း ကိုင်စွဲထားခဲ့တာ။ အဆုံးသတ်မှာတော့ သူတို့က တကယ့်ကို ယုတ်မာလွန်းတယ်။ ကြားနေအဖြစ် နေရင်တောင် တော်သေးတယ်၊ အခုတော့ သူတော်စင်မင်းဆက်ဘက်ကို ဗြောင်ကျကျ ဘက်ပြောင်းသွားပြီ။ သူတို့မှာ ယုံကြည်ကိုးစားမှု လုံးဝမရှိသလို အရမ်းလည်း ယုတ်မာလွန်းတယ်"
တတိယမြောက် သူတော်စင်နတ်ဘုရား မုရုန်ရမ်ယန်သည် အဒေါသအထွက်ဆုံးသူ ဖြစ်သည်။ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူမ ပေါက်ကွဲထွက်လာခဲ့သည်။
သူမ၏ မျက်လုံးများမှ မီးတောက်များ ထွက်နေပြီး သူမ စဉ်းစားမိသမျှ ဆဲဆိုစကားအားလုံးကို အသုံးပြုခဲ့သည်။
ဒုတိယမြောက် သူတော်စင်နတ်ဘုရား၏ အမူအရာမှာလည်း မကောင်းဘဲ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "ဒါမျိုး ဖြစ်လာမယ်မှန်း သိရင် မြူခိုးမသေမျိုးစံအိမ်ကို အစကတည်းက ဖျက်ဆီးပစ်လိုက်ရမှာ။"
သူတော်စင်နတ်ဘုရားအဖွဲ့မှ လူများသည် မြူခိုးမသေမျိုးစံအိမ်ကို အလွန်ပင် မုန်းတီးနေကြသည်။ တစ်နည်းအားဖြင့် သူတို့သည် ၎င်းကို ကောင်းကင်မျိုးနွယ်စုနှင့် သူတော်စင်မင်းဆက်တို့ထက်ပင် ပို၍ မုန်းတီးနေကြသည်။
"ဟူး" အကြီးအကဲ ယွင်က သက်ပြင်းချလိုက်သည်။ "မြူခိုးမသေမျိုးစံအိမ်ရဲ့ ရပ်တည်ချက်ကြောင့် ငါတို့ လက်အောက်က အင်အားစုတွေ အများကြီး ဘက်ပြောင်းသွားကြပြီ။ ဒါက အဖွဲ့အစည်းရဲ့ ဆိုးရွားနေတဲ့ အခြေအနေကို ပိုပြီး ဆိုးသွားစေတယ်။"
အကြီးအကဲ ယွင်၏ စကားအဆုံးတွင် ခန်းမထဲရှိ လေထုမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ လူများစွာ၏ နှလုံးသားမှာ လေးလံနေပြီး ပြင်းထန်သော အန္တရာယ်အရိပ်အယောင်ကို ခံစားနေရသည်။
လက်ရှိအခြေအနေမှာ တကယ့်ကို အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူတော်စင်နတ်ဘုရားအဖွဲ့သည် ယခုအခါ လုံးဝ အထီးကျန်သွားခဲ့ပြီ။ သူတို့နှင့် ပူးပေါင်းထားသော အင်အားစုအားလုံး ထွက်ခွာသွားကြပြီး၊ ဝင်ရောက်ပူးပေါင်းခဲ့သော ကျွမ်းကျင်သူများစွာလည်း ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့ထဲမှ အများစုမှာ သူတော်စင်မင်းဆက်၏ စစ်တပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
အထီးကျန်ပြီး အကူအညီမဲ့နေခြင်း... ၎င်းမှာ လက်ရှိ သူတော်စင်နတ်ဘုရားအဖွဲ့၏ စစ်မှန်သော ပုံရိပ်ပင် ဖြစ်သည်။
နန်းတော်ခန်းမအတွင်းရှိ လေထုမှာ လေးလံပြီး ဖိနှိပ်စရာကောင်းလှသည်။ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေတော့သည်။
အချိန်အတော်ကြာပြီးနောက် ရှန်းချန်ကော သည် ရှေ့သို့ တက်လာပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြောသည်။ "ဒုတိယနတ်ဘုရား ပြောခဲ့သလိုပဲ... ငါတို့ဆီ ဘာပဲလာလာ ငါတို့ ရင်ဆိုင်ရမှာပဲ မဟုတ်လား ဘာကို ကြောက်နေရမှာလဲ"
"သူတော်စင်သခင်မ... ချန်ကောအနေနဲ့ သူတော်စင်နတ်ဘုရားအဖွဲ့အတွက် ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ပေးဖို့ ဆန္ဒရှိပါတယ်။"
ရှန်းချန်ကောသည် သူ၏အထက်တွင် ရှိနေသော လော့ယွင်ရှီးကို မော့ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး သူသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
သူ၏ မျက်ဝန်းများမှာ ကြယ်စင်များကဲ့သို့ တောက်ပနေပြီး ခန်းမထဲရှိ လူတိုင်း၏ စိတ်ခံစားချက်များကို လှုပ်နှိုးပေးလိုက်သကဲ့သို့ပင်။