← Chapters

အခန်း (၁၅၅၃-၁၅၅၄)

Vol. 119 Ch. 1553-1554

အခန်း (၁၅၅၃-၁၅၅၄)

Vol. 119 Ch. 1553-1554

အခန်း ၁၅၅၃ - ဟောကိန်းနှင့် သေဆုံးရမည့် နေရာ

သာမန် တစ္ဆေဆရာ တစ်ယောက်သာ မိမိကိုယ်ကို နှစ်ရက်တောင် မခံတော့ဘူး ဆိုတာ သိပါက တရုတ်တိုင်းရင်းဆေး တစ်ထုပ်ကို တွန့်ဆုတ်မနေဘဲ စားလိုက်ပြီး နောက်ဆက်တွဲ ပြဿနာများကို လုံးဝ ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော် ယန်ကျန့်မှာမူ အလွန် တည်ငြိမ်နေသည်။ ဒီလို အခြေအနေမျိုးတွင်ပင် သူသည် တရုတ်တိုင်းရင်းဆေးကို မစားဖို့ ရွေးချယ်ခဲ့သည်။ မနက်ဖြန်တွင် သူ သေဆုံးသွားမည် ဆိုသည်ကိုပင် လုံးဝ ဂရုမစိုက်သည့်ပုံ ပေါက်နေသည်။

"ဆေးစားတာက ရောဂါကို ခဏပဲ သက်သာစေတာ အရင်းအမြစ်ကို မကုသနိုင်ပါဘူး။ ငါ့ရဲ့ တစ္ဆေနိုးထမယ့် ပြဿနာက ဆေးတစ်ထုပ်နဲ့ ဖြေရှင်းလို့ ရတဲ့ ပြဿနာ မဟုတ်ဘူး။ ခင်ဗျား ပေးတဲ့ ဆေးကို စားရင်တောင် တစ္ဆေနိုးထမယ့် ပြဿနာက ရှိနေဦးမှာပဲ။ မျှခြေအသစ်တစ်ခုကို ရှာတွေ့ဖို့ နည်းလမ်း ရှာမှသာ ငါ ပိုအသက်ရှင်နိုင်မှာ။ တကယ်လို့ နည်းလမ်း ရှာမတွေ့ရင်တော့ ငါ ခေါင်းတလားထဲ ဝင်အိပ်ဖို့ ရွေးချယ်ရမှာပေါ့"

ယန်ကျန့်က ပြောလိုက်သည်။

"မင်း တိုက်ဖိန် ရှေးဟောင်းမြို့က အဲဒီ ခေါင်းတလားဆိုင်ကို သွားခဲ့တာလား"

မျက်ကန်း အဘိုးအိုက မေးလိုက်သည်။

ယန်ကျန့်က ပြန်ဖြေလိုက်သည်။

"တိုက်ဖိန် ရှေးဟောင်းမြို့ကနေ ပြန်ရောက်တာ သိပ်မကြာသေးဘူး။ ငါ ခေါင်းတလားဆိုင်ကို ဓားပြတိုက်ပြီး ခေါင်းတလား အများကြီး လုလာတယ်။"

"ကောင်းတယ် ခေါင်းတလားဆိုင်ကနေ ခေါင်းတလား လုနိုင်တယ် ဆိုတာ မင်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ စွမ်းရည် ရှိနေပြီ ဆိုတာကို ပြသနေတာပဲ။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး။ ဒီခေတ်မှာ မင်းနဲ့ ရင်ပေါင်တန်းနိုင်မယ့် အသင်းသား မရှိဘူး။ မင်းက ငါတို့လို ဒီတစ္ဆေနိုးထမှု ခေတ်ကြီးကို ခေတ္တ အဆုံးသတ်နိုင်မှာ မဟုတ်ဘူး"

မျက်ကန်း အဘိုးအို ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ နှမြောမှု အချို့ ပါဝင်သလို မတတ်သာမှု အချို့လည်း ပါဝင်နေသည်။

နှမြောစရာ ကောင်းသည်မှာ ဒီခေတ်ကြီးတွင် မနည်း ပေါ်ထွက်လာသော အရည်အချင်းရှိသူ တစ်ဦးသည် တစ္ဆေနိုးထမှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး ဒီအဆင့်ကို မကျော်ဖြတ်နိုင်ပါက သေဆုံးရမည် ဖြစ်ခြင်းကြောင့် ပေတည်း။

မတတ်သာသည်မှာ ယန်ကျန့် တကယ် အသက်ရှင်လာနိုင်လျှင်တောင် သူ တစ်ယောက်တည်းသာ တောင့်ခံထားနိုင်မည် ဖြစ်ပြီး ဒီခေတ်ကြီး၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းပိုးနိုင်မည် မဟုတ်ခြင်းကြောင့် ဖြစ်သည်။

"အခု ငါက ဒီခေတ်ကြီး ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို ဂရုမစိုက်နိုင်ဘူး။ အခု ငါ ကိုယ်တိုင် အသက်ရှင်နိုင်မလား ဆိုတာကိုပဲ စဉ်းစားရမယ်။ ငါ ဒီတစ်ခေါက် လာတာ တရုတ်တိုင်းရင်းဆေးရဲ့ အာနိသင်ကို သိချင်လို့ပဲ အခု သိရပြီ ဆိုတော့ အသက်ဆက်ဖို့အတွက် တရုတ်တိုင်းရင်းဆေးကို စားဖို့ မဖြစ်နိုင်တော့ဘူး ငါ တခြား နည်းလမ်းကိုပဲ သုံးရတော့မယ်"

ယန်ကျန့်က ပြောလိုက်သည်။

"အရမ်း ခက်ခဲတယ် တစ္ဆေဘတ်စ်ကားပေါ်က တစ္ဆေက သာမန် အဆင့် မဟုတ်ဘူး။ အရင်ခေတ်ကသာ ဆိုရင် ငါ မင်းကို နည်းနည်းပါးပါး ကူညီပေးနိုင်သေးတယ်။ ဒါပေမဲ့ အခုတော့ ငါ ဘာမှ မလုပ်ပေးနိုင်တော့ဘူး"

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

သူသည် ထိုတစ္ဆေဘတ်စ်ကား အကြောင်းကို ကောင်းစွာ သိရှိထားသည်။ ထိုသို့ သိရှိထားသောကြောင့်ပင် ယန်ကျန့်၏ အခြေအနေမှာ မည်မျှ ခက်ခဲကြောင်းကို သူ နားလည်နေခြင်း ဖြစ်သည်။

"ငါ ဒီလာတာ အကူအညီ လာတောင်းတာ မဟုတ်ဘူး အဖြေ လာရှာတာ။ အရာအားလုံးကို သေချာ နားလည်သွားမှ ငါ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချနိုင်မှာ"

ယန်ကျန့်က ပြောလိုက်သည်။

"မင်းပုံစံကို ကြည့်ရတာ ခေါင်းတလားထဲ ဝင်အိပ်ဖို့လည်း ရည်ရွယ်ထားပုံ မပေါ်ဘူး"

မျက်ကန်း အဘိုးအို၏ အိုမင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ယန်ကျန့်က ပြောလိုက်သည်။

"ခေါင်းတလားထဲမှာ အသက်ဆက်နေတာက သေတာနဲ့ ဘာမှ မကွာဘူး။ ငါ ခေါင်းတလားထဲ ဝင်မအိပ်ဘူး"

"ကောင်းတယ်။ အခု ငါက မင်း ဒီအဆင့်ကို ကျော်ဖြတ်ပြီး ထပ်ကြီးထွားလာမယ့် အချိန်ကို မျှော်လင့်နေပြီ"

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

"တကယ်လို့ မင်း အသက်ရှင်လာနိုင်ရင် ငါ့ကို လာပြဖို့ ဒီကို ပြန်လာခဲ့ဦး အဲဒီအချိန်ကျရင် ငါ ဒီအဘိုးကြီးလည်း သေလောက်မှာ မဟုတ်သေးပါဘူး ဒါပေမဲ့ မြန်မြန် လုပ်ရမယ်နော်၊ ငါ့ကို အချိန်အကြာကြီး မစောင့်ခိုင်းနဲ့"

"အဲဒါ ပြဿနာ မရှိဘူး"

ယန်ကျန့်က ပြောလိုက်သည်။

ဒီလောက် သေးငယ်သော တောင်းဆိုချက်ကို သူ ငြင်းဆန်ရန် အကြောင်းပြချက် မရှိပေ။

"တကယ်လို့ မင်း သိချင်တာ ရှိသေးရင် ငါ ပြောပြပေးလို့ ရတယ်"

မျက်ကန်း အဘိုးအိုသည် ဒီအချိန်တွင် အနည်းငယ် စိတ်အားထက်သန်လာပြီး ယန်ကျန့်ကို အကူအညီ အချို့ ပေးချင်နေပုံရသည်။

"မလိုတော့ဘူး။ ငါ့မှာ ကိုယ်ပိုင် နည်းလမ်း ရှိတယ် ပြီးတော့ ငါ သွားသင့်ပြီ ဒီမှာ အချိန်အကြာကြီး မဖြုန်းနိုင်ဘူး"

ယန်ကျန့်က ပြောလိုက်သည်။

မျက်ကန်း အဘိုးအိုက ပြန်ပြောလိုက်သည်။

"နားလည်ပါတယ် ဘာပဲဖြစ်ဖြစ် မင်းမှာ အချိန် နှစ်ရက်ပဲ ကျန်တော့တာ ဆိုတော့ အချိန်က တကယ် ကျပ်တည်းတယ် လူငယ်လေး သွားတော့၊ နောက်တစ်ခါ မင်းကို ပြန်တွေ့ရဖို့ မျှော်လင့်တယ်"

ယန်ကျန့် ခေါင်းညိတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ အိတ်ကပ်ထဲမှ အရောင်အသွေးစုံလင်သော စက္ကူပိုက်ဆံ တစ်ထပ်ကို ထုတ်ယူပြီး ဘေးရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။

"ဒါက တစ္ဆေပိုက်ဆံ တစ်ရာ အစ်မဟုန်ကို ပေးမယ်လို့ ကတိပေးထားတာ။ အခု ငါ ဒီကနေ ထွက်သွားရင် အသက်ရှင်မလား သေမလား မသိဘူး။ ဒါကြောင့် ဒီပိုက်ဆံကို သူမဆီ ရောက်အောင် ပေးပေးပါလို့ ငါ တောင်းဆိုချင်တယ်"

"ကောင်းပြီ၊ ပြဿနာ မရှိဘူး"

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

ယန်ကျန့် ကိစ္စပြီးသွားမှ ထွက်သွားခဲ့သည်။

သူသည် မည်သူ့ အကြွေးကိုမဆို တင်ထားနိုင်သော်လည်း အစ်မဟုန်၏ ဒီပိုက်ဆံကိုတော့ အကြွေးတင်ထား၍ မရပေ။ ၎င်းမှာ သူ အစ်မဟုန်ကို မစော်ကားရဲ၍ မဟုတ်ဘဲ အစ်မဟုန်၏ ဒီတစ်ရာမှာ ဘုရင်အချို့ကို သတ်ဖြတ်ပြီး ရရှိလာသော ပိုက်ဆံ ဖြစ်သောကြောင့် ဖြစ်သည်။ ဌာနချုပ်၏ ဆုကြေးငွေနှင့် အတူတူပင် ဖြစ်ရာ တရားခံ ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူသည် စည်းကမ်းကို လိုက်နာရမည် ဖြစ်ပြီး မဖျက်ဆီးသင့်ပေ။

အကယ်၍ ဒီနေ့ သူ အကြွေးလိမ်လိုက်ပါက ဌာနချုပ်သည် ယုံကြည်နိုင်စရာ လုံးဝ မရှိတော့ဘဲ နောက်ပိုင်း အခြား ကိစ္စများ ဖြစ်ပေါ်လာပါက ပြင်ပ အကူအညီကို ထပ်မံ ဖိတ်ခေါ်နိုင်တော့မည် မဟုတ်ပေ။

"ဆရာ သူ ထွက်သွားပြီလား"

ယန်ကျန့် ထွက်သွားပြီး မကြာမီ ရှောင်႐ူသည် မည်းနက်နေသော ဆေးခွက်ကို ကိုင်ကာ ထွက်လာသည်။

မျက်ကန်း အဘိုးအိုသည် ဝါးကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ပြန်လှဲချလိုက်သည်။ သူ ညင်သာစွာ ချောင်းတစ်ချက် ဆိုးလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ထွက်သွားပြီ။ ပြီးတော့ သူ နှစ်ရက်တောင် ဆက်အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး"

"ဆရာက သူ သေစေချင်နေတာလား"

ရှောင်၀ူ ဆေးခွက်ကို ချထားရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး၊ ငါက သူ အသက်ရှင်လာတာကို မြင်ချင်တာ"

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

"ဒါဆို ဆရာက ဘာလို့ ဒီနေ့ ဒီလောက် ပျော်နေရတာလဲ"

ရှောင်၀ူက မေးလိုက်သည်။

"မင်း မှားနေပြီ ဒီနေ့ ဆရာ ပျော်နေတာက ဒီယန်ကျန့် ဆိုတဲ့ ကောင်လေးက အသက်ဆက်ဖို့အတွက် တရုတ်တိုင်းရင်းဆေး စားတာကို စွန့်လွှတ်လိုက်သလို ခေါင်းတလားထဲ ဝင်အိပ်ပြီး အသက်ဆက်တာကိုလည်း စွန့်လွှတ်လိုက်လို့ပဲ။ အသက်ရှင်ဖို့ နည်းလမ်း ရှိနေလျက်နဲ့ အကုန်လုံးကို စွန့်လွှတ်လိုက်တယ် ဆိုတော့ သူက သတ္တိ အရမ်း ကောင်းတဲ့ လူတစ်ယောက်ပဲ။ တကယ်လို့ သူ အသက်ရှင်လာနိုင်ရင် ဒီခေတ်ကြီးမှာ အဲဒီ အပြောင်းအလဲနဲ့ အနီးစပ်ဆုံး ဖြစ်တည်မှု တစ်ခု ဖြစ်လာလိမ့်မယ်။ သူ့ဆီကနေ ငါ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို မြင်လိုက်ရတယ်"

မျက်ကန်း အဘိုးအိုက စကားပြောရင်း ပြုံးနေလေသည်။

"သူက အဲဒီ အပြောင်းအလဲ ဖြစ်လာမယ် ဟုတ်လား။ ကျွန်မ ကြည့်ရတာတော့ သိပ်မတူဘူး"

ရှောင်၀ူက ပြောလိုက်သည်။

"သူ့နာမည် ယန်ကျန့် ဟုတ်တယ်မလား။ ရှောင်၀ူ ဒီလူ့နာမည်ကို သေချာ မှတ်ထား။ ဆရာ့ကိုယ်စား သူ့ကို ပိုပြီး ဂရုစိုက်ပေးပါ"

မျက်ကန်း အဘိုးအိုက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

ရှောင်၀ူ ယန်ကျန့်ကို သိပ်မယုံကြည်သော်လည်း ဆရာက ပြောလာသဖြင့် သူမ သဘောတူလိုက်ရသည်။

တရုတ်တိုင်းရင်းဆေးဆိုင်မှ ထွက်ခွာလာသော ယန်ကျန့်သည်လည်း စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်သည်။

သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ တစ္ဆေသွေးကို ထိန်းချုပ်ရန်သာ ကြိုးစားကြည့်ရတော့မည် ဖြစ်သည်။

"ဒါပေမဲ့ ငါ တကယ် မလှုပ်ရှားခင် ကြိုတင် ပြင်ဆင်မှု နည်းနည်း လုပ်ထားရမယ်"

ယန်ကျန့် စိတ်ထဲမှ တွေးလိုက်သည်။

သူ ချက်ချင်း မလှုပ်ရှားသေးဘဲ သူ သေဆုံးပြီးနောက် ကိစ္စများကို အရင် စီစဉ်ထားရန် ရည်ရွယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် တကယ် ပြန်မလာနိုင်တော့သည်လည်း ဖြစ်နိုင်သည် မဟုတ်ပါလော။

ယန်ကျန့် ဖုန်းတစ်ကော ခေါ်လိုက်သည်။

မကြာမီ ဖုန်းဝင်သွားသည်။

"ခေါင်းဆောင် ကျွန်တော် လီရန်ပါ ဘာများ စီစဉ်စရာ ရှိလို့လဲ"

ဖုန်းထဲမှ လီရန်၏ အသံ ထွက်ပေါ်လာသည်။

ယန်ကျန့်က တိုက်ရိုက် ပြောလိုက်သည်။

"စကားရှည်မနေတော့ဘူး။ ဒီတစ်ခါ ငါ တစ္ဆေသင်္ဘောကို ရင်ဆိုင်ပြီးနောက်ပိုင်း ကိုယ်ပိုင် ပြဿနာ နည်းနည်း တက်နေတယ်။ မကြာခင် တစ္ဆေနိုးထတော့မယ် ငါ မြို့ပြင်က တစ္ဆေသွေးကို ထိန်းချုပ်ပြီး မျှခြေအသစ်တစ်ခု ရှာဖို့ ရည်ရွယ်ထားတယ်။ ဒီကာလအတွင်း တာချန်းမြို့ရဲ့ ကြီးငယ် ကိစ္စ အားလုံးကို မင်း တာဝန်ယူရမယ်။ ငါ ဝမ်ရှန်းရှန်း ဆီမှာ ခေါင်းတလား ၁၀ လုံး ထားခဲ့တယ်။ တကယ်လို့ အသင်းသား တစ်ယောက်ယောက်က တောင့်မခံနိုင်ဘဲ တစ္ဆေနိုးထတော့မယ် ဆိုရင် အဲဒီ ခေါင်းတလား ၁၀ လုံးကို သုံးဖို့ ငါ ခွင့်ပြုတယ်"

ထို့နောက် သူသည် အနက်ရောင်နှင့် အနီရောင် ခေါင်းတလားများ၏ အသုံးဝင်ပုံကို လီရန်အား ပြောပြလိုက်သည်။

"ခေါင်းဆောင် ခင်ဗျား..."

ဖုန်းထဲမှ လီရန် အလွန် အံ့အားသင့်သွားသည်။

ဘုရင်အဖွဲ့အစည်းကို မနည်း အနိုင်ယူပြီး တစ္ဆေသင်္ဘော ကိစ္စကို ဖြေရှင်းနိုင်ခဲ့သော်လည်း တရားခံ ခေါင်းဆောင် ဖြစ်သော ယန်ကျန့် ကိုယ်တိုင် တစ္ဆေနိုးထမည့် အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

"ငါ့အတွက် စိတ်ပူနေစရာ မလိုပါဘူး တစ္ဆေနိုးထတယ် ဆိုတာက တစ္ဆေဆရာ တိုင်း ကြုံတွေ့ရမယ့် ကိစ္စတစ်ခုပဲ တကယ်လို့ ငါ အသက်ရှင်လာနိုင်ရင် တာချန်းမြို့ကို ပြန်လာခဲ့မယ်။ တကယ်လို့ ငါ အချိန်အကြာကြီး ပြန်မလာဘူး ဆိုရင် ငါ သေသွားပြီလို့ပဲ မှတ်လိုက်ကြတော့။ နောက်ပိုင်း လမ်းခရီးကို မင်းတို့ဘာသာမင်းတို့ လျှောက်လှမ်းရတော့မယ်"

ယန်ကျန့်က ပြောလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ ခေါင်းဆောင်။ ကျွန်တော် ခေါင်းဆောင် ပြန်လာမယ့် အချိန်ကို စောင့်နေပါ့မယ်"

လီရန် ခေတ္တမျှ နှုတ်ဆိတ်သွားပြီးနောက် အသံနှိမ့်ကာ ပြန်ဖြေလိုက်သည်။

သူ၏ စိတ်အခြေအနေမှာ အလွန် လေးလံနေကြောင်း သိသာလှသည်။

"ငါ ထွက်သွားပြီးနောက်ပိုင်း တခြား ခေါင်းဆောင်တွေက ငါ့ကို လာရှာရင် ငါ့အခြေအနေကို တခြား ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြလိုက်ပါ။ ဖုံးကွယ်ထားစရာ မလိုဘူး။ ငါ ထွက်သွားလို့ မင်းတို့ ဖိအား တချို့ ခံရနိုင်ပေမဲ့ အဲဒီ ဖိအားကို မင်းတို့ ကျင့်သားရအောင် နေရမယ်"

ယန်ကျန့် ထပ်မံ ပြောလိုက်သည်။

သူ တစ္ဆေနိုးထပြီးနောက် အချိန်အကြာကြီး ပေါ်မလာပါက တာချန်းမြို့တွင် ပြဿနာများ ဖြစ်လာမည်ကို သူ သိသည်။

သို့သော် ၎င်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စ ဖြစ်သည်။

ဒီလို လုပ်မှသာ အခြား အသင်းသားများကို ကြီးထွားလာစေနိုင်မည် ဖြစ်သည်။

"ဒီတစ်ခေါက် ခေါင်းဆောင် ထွက်သွားတာ အချိန်ဘယ်လောက် ကြာမလဲ"

လီရန်က မေးလိုက်သည်။

ယန်ကျန့်က ပြောလိုက်သည်။

"မသေချာဘူး မင်း အဆိုးဆုံး အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားလိုက်"

"ကျွန်တော် သိပါပြီ ဒါပေမဲ့ ခေါင်းဆောင် သေချာပေါက် အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

လီရန်က ပြောလိုက်သည်။

"ဒီလိုပဲ မျှော်လင့်ရတာပေါ့"

ယန်ကျန့် ပြောပြီးနောက် ဖုန်းချလိုက်သည်။

ဒီဖုန်းတစ်ကောက သူ၏ နောက်ဆုံး စီစဉ်မှုပင် ဖြစ်သည်။

ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကိုမူ ယန်ကျန့် အကြိမ်ပေါင်းများစွာ စီစဉ်ထားပြီး ဖြစ်ရာ အကြိမ်တိုင်းက ဆင်တူသဖြင့် ထပ်မံ ပြောဆိုနေရန် မလိုအပ်တော့ပေ။

ထို့နောက် ယန်ကျန့် တာချန်းမြို့သို့ ထပ်မံ ပြန်လာခဲ့သည်။

ဒီတစ်ကြိမ်တွင် သူသည် မြို့ပြင်ရှိ ပိတ်ဆို့ထားသော အမြန်လမ်းမ တစ်နေရာသို့ ရောက်ရှိလာသည်။

အမြန်လမ်းမပေါ်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ ရဲရဲနီနေသော မြေမျက်နှာသွင်ပြင် တစ်ခုက သူ၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။

၎င်းမှာ တစ္ဆေသွေးများ စိမ့်ဝင်နေသော အရောင် ဖြစ်ပြီး ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိနေပြီ ဖြစ်သည်။

ထိုရဲရဲနီနေသော မြေနေရာ၏ အလယ်ဗဟိုတွင် အောက်ခြေမရှိလောက်အောင် နက်ရှိုင်းသော သွေးကန်ကြီး တစ်ခု ရှိနေသည်။

ဤနေရာမှာ သဘာဝလွန် ပရိုဂျက်တာ၏ ဟောကိန်း မြင်ကွင်းထဲရှိ နေရာ ဖြစ်သလို ယန်ကျန့် သေဆုံးရမည့် နေရာလည်း ဖြစ်နိုင်သည်။

မနက်ဖြန်မှ တစ္ဆေနိုးထမည် ဖြစ်သော်လည်း ယန်ကျန့်က တစ်ရက် ကြိုတင် ရောက်ရှိလာရန် ရွေးချယ်ခဲ့သည်။

သူ့အတွက်မူ တစ်ရက်စောခြင်းနှင့် တစ်ရက်နောက်ကျခြင်းမှာ ဘာမှ မကွာခြားပေ။ ဘာပဲဖြစ်ဖြစ် ရွေးချယ်မှု ပြုလုပ်ပြီးသား ဖြစ်သောကြောင့် ပေတည်း။

ယန်ကျန့် အမြန်လမ်းမ၏ အကာအရံကို ကျော်ဖြတ်ကာ သွေးများဖြင့် နီရဲနေသော ထိုနေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

သူ ရှေ့သို့ လျှောက်သွားနေစဉ် သူ၏ ခြေအောက်တွင် ရေအိုင်များ တစ်အိုင်ပြီး တစ်အိုင် ပေါ်လာသည်။

ယန်ကျန့်သည် မိမိကိုယ်ပေါ်ရှိ အသုံးမလိုသော ပစ္စည်းအချို့ကို ရေအိုင်ထဲသို့ ပစ်ချလိုက်ပြီး ကိုယ်ပေါ်တွင် အနီရောင်လှံရှည် တစ်လက်သာ ချန်ထားခဲ့သည်။ လှံရှည်ပေါ်ရှိ ထူးဆန်းသော ယုန်ရုပ်လေးကိုပင် ဖြုတ်ယူကာ တစ္ဆေရေကန်ထဲသို့ ပစ်ချလိုက်သည်။

ယခုအခါ သူ ဘာမှ မလိုအပ်တော့ပေ။

အခန်း ၁၅၅၄ - ငြိမ်သက်သွားခြင်း

တစ္ဆေသွေးများ အချိန်အတော်ကြာ စိမ့်ဝင်နေမှုကြောင့် ဒီနေရာသည် သဘာဝလွန် နေရာတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်လေသည်။

မြက်ရိုင်းများနှင့် မြေကြီးများမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး သွေးညှီနံ့များ ထွက်ပေါ်နေသည်။ သစ်ပင်များပင်လျှင် အနီရောင် ဖြစ်နေပြီး ပုံစံများမှာ ထူးဆန်းကာ တွန့်လိမ်နေသော အလောင်းကောင်များနှင့် တူနေပေသည်။

သို့သော် မကြာမီ သဘာဝလွန် လွှမ်းမိုးမှု ခံထားရသော ဒီနေရာတွင် မီးအကြီးအကျယ် လောင်ကျွမ်းလာသည်။

ထိုမီးတောက်မှာ အစိမ်းဖျော့ရောင် တစ္ဆေမီး ဖြစ်လေသည်။

တစ္ဆေမီးများ ပြင်းထန်စွာ လောင်ကျွမ်းလာပြီး ဒီနေရာရှိ အရာအားလုံးကို မီးရှို့ပစ်လိုက်သည်။ သွေးကဲ့သို့ ရဲရဲနီနေသော မြေကြီးများပင်လျှင် မီးလောင်နေပေသည်။

"အရင်ဆုံး ဒီနေရာကို ရှင်းလင်းလိုက်တာ ပိုကောင်းမယ်"

ယန်ကျန့်သည် မီးတောက်များကြားတွင် မလှုပ်မယှက် ရပ်နေပြီး တစ္ဆေမီးက ဒီနေရာရှိ သဘာဝလွန် အရာများကို အကုန်အစင် လောင်ကျွမ်းသွားစေရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

မီးတောက်ကြီး ပြင်းထန်စွာ လောင်ကျွမ်းနေပြီး မီးတောက်များကြားမှ ထူးဆန်းသော အသံအမျိုးမျိုး ထွက်ပေါ်လာသည်။

အချို့သော မြက်တောများထဲမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူ့အရေခွံ ဆုတ်ခွာခံထားရသကဲ့သို့ သွေးသံရဲရဲ ဖြစ်နေသော အလောင်းကောင် တစ်ခုမှာ တစ္ဆေမီး၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။

အချို့ သစ်ပင်များမှာ အပူဒဏ်ကြောင့် ဟိုဘက်ဒီဘက် ယိမ်းနွဲ့လာပြီး လူရှင်တစ်ယောက်ကဲ့သို့ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

သဘာဝလွန် ဖြစ်ရပ် အမျိုးမျိုး စတင် ပေါ်ပေါက်လာလေသည်။

သို့သော် တစ္ဆေမီးများ တဖြည်းဖြည်း ငြိမ်းသွားသည်နှင့်အမျှ ထိုသဘာဝလွန် ဖြစ်ရပ်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

သွေးသံရဲရဲ အလောင်းကောင်များမှာ မီးသွေးခဲများ ဖြစ်သွားပြီး သွေးကဲ့သို့ ရဲရဲနီကာ အလောင်းကောင်များနှင့် တူသော သစ်ပင်များမှာလည်း ခြောက်သွေ့နေသော သစ်ငုတ်တိုများ ဖြစ်သွားသည်။ ထူထပ်သော အနီရောင် မြက်ရိုင်းများလည်း လုံးဝ ပျောက်ကွယ်သွားပြီး အရာအားလုံး အကုန်အစင် လောင်ကျွမ်းသွားလေသည်။ သွေးများ အပြည့်ဖြည့်ထားသကဲ့သို့ ဖြစ်နေသော အလယ်ရှိ ရေကန်တစ်ခုသာ မီးတောက်၏ သက်ရောက်မှုကို မခံရဘဲ ကျန်ရှိနေပေသည်။

ယန်ကျန့်သည် သွေးကန်ဘေးတွင် ရပ်နေလေသည်။ သူ သွေးကန်ထဲတွင် ဘာရှိမှန်း သေချာ မမြင်ရသလို သွေးကန် မည်မျှ နက်မှန်းလည်း မသိပေ။ အကယ်၍ ထိုအထဲသို့ ကျသွားပါက မှန်းဆ၍ မရနိုင်သော အန္တရာယ်များနှင့် သေချာပေါက် ကြုံတွေ့ရမည် ဆိုသည်ကိုသာ သူ သိလေသည်။

သို့သော် အန္တရာယ်နှင့်အတူ အခွင့်အရေးလည်း ရှိနေပေသည်။

သူသည် တစ္ဆေဘတ်စ်ကားကို ထိန်းချုပ်ထားသဖြင့် သဘာဝလွန် စွမ်းအားများ၏ တိုက်စားမှုကို ခုခံနိုင်စွမ်း ရှိသည်။ အကယ်၍ ကံကောင်းပါက ထိုနှစ်ခုစလုံး၏ သဘာဝလွန် စွမ်းအားများ မျှခြေတစ်ခု ဖြစ်ပေါ်သွားပြီး သူ အသက်ရှင်ကျန်ရစ်နိုင်ပေသည်။

အကယ်၍ မျှခြေ မဖြစ်ပေါ်နိုင်ပါက ယန်ကျန့်သည် တစ္ဆေနိုးထမှုကြောင့် သေဆုံးရမည် သို့မဟုတ် တစ္ဆေသွေးထဲတွင် သေဆုံးရမည် ဖြစ်သည်။

သို့သော် သူ သေချာ စဉ်းစားပြီးပြီ ဖြစ်ရာ အများကြီး တွန့်ဆုတ်မနေတော့ဘဲ လိုအပ်သော ပြင်ဆင်မှု အချို့ကိုသာ ဆက်လက် ပြုလုပ်နေလိုက်သည်။

ယန်ကျန့်သည် အနီရောင်လှံရှည်ကို ကိုင်ကာ သွေးကန်ဘေးပတ်လည်တွင် စက်ဝိုင်းကြီး တစ်ခု ဆွဲလိုက်သည်။

ထိုစက်ဝိုင်းက သွေးကန်နှင့် သူ့ကိုယ်သူ အပါအဝင် အားလုံးကို ဝိုင်းရံထားလိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ယန်ကျန့်သည် လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တိုးညှင်းစွာ ဆုတောင်းလိုက်သည်။

"ဒီစက်ဝိုင်း အနားကို ကပ်လာတဲ့ ဘယ်လူရှင် ဒါမှမဟုတ် တစ္ဆေမဆို လှံရှည်ရဲ့ တိုက်ခိုက်မှုကို ခံရမယ်။ သက်တမ်းက တစ်နှစ် လှံရှည် မြေကြီးပေါ် ကျတာနဲ့ ဆုတောင်း ပြည့်စေ"

ဆုတောင်းပြီးသည်နှင့် သူသည် လှံရှည်ကို တွန့်ဆုတ်မနေဘဲ ပစ်ပေါက်လိုက်လေသည်။

လွင့်ထွက်သွားသော လှံရှည်သည် မလှမ်းမကမ်းရှိ မြေကြီးပေါ်သို့ ကျသွားပြီး မီးသွေးခဲလို မည်းနက်နေသော မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။

ယန်ကျန့်သည် သွေးကန်ထဲ ကျသွားသည့် အချိန်အတွင်း အနှောင့်အယှက် ခံရမည်ကို မလိုလားသလို တမင် လာရောက် ဖျက်ဆီးမည်ကိုလည်း မလိုလားသဖြင့် ဒီလို ဆုတောင်းမျိုး တောင်းခဲ့ခြင်း ဖြစ်ပြီး အချိန်ကာလကိုလည်း တစ်နှစ်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဒါက အလွန် သေချာသော အချိန်ကာလ တစ်ခု ဖြစ်ပေသည်။

အကယ်၍ တစ်နှစ်အတွင်း သူ သွေးကန်ထဲမှ ပြန်မထွက်လာနိုင်ပါက သူ သေချာပေါက် သေဆုံးသွားပြီ ဖြစ်သည်။ အကယ်၍ တစ်နှစ်အတွင်း အသက်ရှင်နိုင်ပါက သူ ကိုယ်တိုင် ဒီကန့်သတ်ချက်ကို ပြန်လည် ဖယ်ရှားနိုင်ပေသည်။

"ဘာပြဿနာမှ မရှိလောက်တော့ဘူး"

ယန်ကျန့် ခေါင်းညိတ်လိုက်ပြီး သွေးကန်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

မကြာမီ သူ၏ ခြေတစ်ဖက် သွေးကန်ထဲသို့ နင်းမိသွားလေသည်။

အေးစက်မှုနှင့်အတူ မှန်းဆ၍ မရနိုင်သော ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော လူများက သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်း ဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ ခံစားရသော်လည်း ထိုခံစားချက်မှာ ပို၍ ကြီးမားသော သဘာဝလွန် စွမ်းအားတစ်ခု၏ အပြင်ဘက်တွင် တားဆီးခြင်းကို ခံလိုက်ရသည်။

၎င်းမှာ တစ္ဆေဘတ်စ်ကား၏ စွမ်းအား ဖြစ်လေသည်။

ယန်ကျန့်သည် တစ္ဆေဘတ်စ်ကား၏ သဘာဝလွန် စွမ်းအား တစ်ဝက်ကိုသာ ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းကပင် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်ရာ တစ္ဆေသွေးက သူ့ကို လွယ်လွယ်ကူကူ တိုက်စားရန် မဖြစ်နိုင်ပေ။

"အရင်က ထိတွေ့ရတဲ့ ခံစားချက်နဲ့ မတူဘူး အရင်က တစ္ဆေလက်ဖဝါးနဲ့ ထိတုန်းက သွေးကန်က တော်တော်လေး ငြိမ်သက်နေသေးတယ်"

အရင်က တစ္ဆေကတ်ကြေးပေါ်ရှိ ကျိန်စာများကို ဆေးကြောရန် ဒီနေရာသို့ လာခဲ့စဉ်က အခြေအနေကို သူ ပြန်လည် အမှတ်ရသွားသည်။

ကြည့်ရသည်မှာ တစ္ဆေနှင့် လူရှင်က တစ္ဆေသွေးကို ထိတွေ့သည့်အခါ တုံ့ပြန်မှု မတူညီပုံရလေသည်။

သို့သော် ဘာပဲဖြစ်ဖြစ် ဂရုစိုက်နေစရာ မလိုတော့ပေ။

ယန်ကျန့် ဒီခံစားချက်ကို လျစ်လျူရှုလိုက်ပြီး ရှေ့သို့ နောက်တစ်လှမ်း ထပ်လှမ်းလိုက်ရာ သူ တစ်ကိုယ်လုံး သွေးကန်ထဲသို့ တိုက်ရိုက် ကျွံကျသွားတော့သည်။

ဒီအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှု ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရပြီး အောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားလေသည်။ မကြာမီ သူ တစ်ကိုယ်လုံး အမြင်အာရုံထဲမှ ပျောက်ကွယ်သွားပြီး သွေးကန်ထဲသို့ အပြီးတိုင် နစ်မြုပ်သွားတော့သည်။

သွေးကန်မှာ အလွန် နက်ရှိုင်းပုံရပြီး ယန်ကျန့် အောက်သို့ အဆက်မပြတ် နစ်မြုပ်နေသကဲ့သို့ ခံစားနေရသည်။

သို့သော် အောက်သို့ နစ်မြုပ်နေသည့် ခံစားချက်ထက် ပို၍ မသက်မသာ ဖြစ်စေသည်မှာ သူ၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော တစ္ဆေများ ထွက်ပေါ်လာပြီး သူ့ကို လုံခြုံစွာ ဝိုင်းရံထားကာ အရည်ပျော်သွားစေရန်နှင့် ဒီသွေးကန်ထဲရှိ သွေးရည်များအဖြစ် ပြောင်းလဲသွားစေရန် ကြိုးစားနေသကဲ့သို့ ခံစားရခြင်းပင် ဖြစ်ပေသည်။

"ငါ အရည်ပျော်နေတာလား။ ခန္ဓာကိုယ်က ဘာမှ မခံစားရတော့ဘူး။ အာရုံခံစားမှုတွေလည်း ပျောက်ကွယ်နေပြီ။"

ယန်ကျန့် လျင်မြန်စွာ သတိထားမိလိုက်သည်မှာ သူ၏ အာရုံခံစားနိုင်စွမ်းများ တဖြည်းဖြည်း ပျောက်ဆုံးလာနေခြင်းပင် ဖြစ်သည်။ သူ ဘာမှ မမြင်ရတော့သလို၊ မကြားရတော့ဘဲ၊ အနံ့လည်း မရတော့ပေ။ အထိအတွေ့ ခံစားမှုပင် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ရှိ မည်သည့် ပြောင်းလဲမှုကိုမျှ မခံစားရတော့ဘဲ ဦးတည်ရာ အာရုံပင် ပျောက်ဆုံးသွားလေသည်။

သူ လုံးဝ ငြိမ်သက်မှုထဲသို့ ကျဆင်းသွားတော့သည်။

သို့သော် ထူးဆန်းသည်မှာ သူ၏ အသိစိတ်ကတော့ ရှင်းလင်းနေဆဲ ဖြစ်လေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ အသိစိတ်ပါ တိုက်စားခံရပြီး ငြိမ်သက်သွားမည်လား ဆိုသည်ကိုမူ ယန်ကျန့် သေချာ မသိပေ။ သူ ယခု ရွေးချယ်စရာ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ နောင်တရပြီး သွေးကန်ထဲမှ ပြန်ထွက်ချင်လျှင်ပင် ယခုအချိန်တွင် မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။

သဘာဝလွန် စွမ်းအားများ၏ ပွတ်တိုက်မှု တစ်ချိန်ချိန်တွင် ပြီးဆုံးသွားမည့် အချိန်ကိုသာ သူ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

ထိုအချိန်က မြန်မြန် ရောက်လာနိုင်သလို နောက်ကျမှလည်း ရောက်လာနိုင်ပေသည်။

ထိုသို့ဖြင့် သွေးကန်သည် ယန်ကျန့်ကို မျိုချပြီးနောက် လျင်မြန်စွာ ပြန်လည် ငြိမ်သက်သွားပြီး မည်သည့် လှိုင်းဂယက်မျှ မထတော့ပေ။ သွေးကန်ဘေးတွင် စိုက်ထူထားသော အနီရောင်လှံရှည် တစ်လက်ကသာ ယန်ကျန့် ဒီနေရာသို့ ရောက်လာခဲ့ဖူးကြောင်းနှင့် ထူးဆန်းစွာ ပျောက်ကွယ်သွားခြင်း မဟုတ်ကြောင်းကို သက်သေပြနေလေသည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

မကြာမီ ပထမနေ့ ကုန်ဆုံးသွားသည်။

သို့သော် ဒုတိယနေ့တွင် သွေးကန်မှာ ငြိမ်သက်နေဆဲ ဖြစ်ပြီး ဘာမှ မဖြစ်ပေါ်လာပေ။

တတိယနေ့တွင်လည်း သွေးကန်မှာ ပြောင်းလဲမှု မရှိပေ။

သို့သော် ယန်ကျန့်၏ ယခင် အခြေအနေအရ သူသည် အလွန်ဆုံး ဒုတိယနေ့အထိသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယနေ့ ကုန်ဆုံးသည်နှင့် သူ တစ္ဆေနိုးထမှုကြောင့် သေဆုံးရမည် ဖြစ်သောကြောင့် ပေတည်း။

ထို့ကြောင့် ဒီအချိန်တွင် ယန်ကျန့်သည် တစ္ဆေဘတ်စ်ကား၏ သဘာဝလွန် စွမ်းအား နိုးထနေသည့် အခြေအနေတွင် ရှိနေရမည် ဖြစ်သည်။

သို့သော် စတုတ္ထနေ့၊ ပဉ္စမနေ့အထိ သွေးကန်မှာ ပြောင်းလဲမှု မရှိဘဲ ပူစီဖောင်း တစ်ခုပင် မထွက်လာပေ။

တစ်ခုတည်းသော ထူးခြားချက်မှာ သွေးကန်က အလွန် ငြိမ်သက်လွန်းနေပြီး မည်သည့် ထူးခြားမှုမျှ မရှိခြင်းပင် ဖြစ်သည်။ ယန်ကျန့် ဒီနေရာသို့ မရောက်လာမီကဆိုလျှင် သွေးကန်ထဲမှ သဘာဝလွန် စွမ်းအားများ စုစည်း၍ ဖြစ်ပေါ်လာသော ထူးဆန်းသည့် အရာများ တစ်ခါတစ်ရံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တိုက်စားလေ့ ရှိသော်လည်း ယခုအခါ ထိုဖြစ်စဉ်များ လုံးဝ ပျောက်ကွယ်သွားလေသည်။

အဋ္ဌမနေ့သို့ ရောက်သောအခါမှ အနီးနားရှိ အမြန်လမ်းမပေါ်တွင် ကားတစ်စီး မောင်းနှင်လာလေသည်။

ကားရပ်သွားပြီးနောက် လက်မောင်းများ ပိန်လှီကာ မျက်နှာ မည်းနက်နေသော လူငယ်တစ်ဦး ကားပေါ်မှ ဆင်းလာသည်။

သူကတော့ လီရန် ဖြစ်လေသည်။

သူသည် ယန်ကျန့် ချန်ထားခဲ့သော သတင်းအချက်အလက်များအတိုင်း အခြေအနေကို လာရောက် စစ်ဆေးခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယန်ကျန့် ပျောက်ကွယ်နေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သောကြောင့် ပေတည်း။

လူအတော်များများက သူ၏ လှုပ်ရှားမှုကို စတင် သတိထားမိနေကြပြီ ဖြစ်သည်။

လီရန်၏ အကြည့်များက သွေးကန် ရှိရာဘက်သို့ ရောက်သွားပြီး နောက်ဆုံးတွင် သွေးကန်ဘေးရှိ မြေကြီးပေါ်တွင် စိုက်ထူထားသော အနီရောင်လှံရှည်ကို မြင်တွေ့လိုက်ရသောအခါ ခေါင်းဆောင် ဘယ်မှာ ရှိနေသည်ကို သူ နားလည်သွားလေသည်။

"ခေါင်းဆောင် ပျောက်သွားတဲ့ သတင်းကို ဖုံးကွယ်ထားချင်ရင်တောင် အကြာကြီး ဖုံးကွယ်ထားလို့ မရဘူး ဒါပေမဲ့ အပြင်ကို ပြောလိုက်ရင် ဒီနေရာကို လူတွေ တမင် လာပြီး အနှောင့်အယှက် ပေးမှာ ဆိုးရတယ်။"

သူ စဉ်းစားခန်း ဝင်သွားလေသည်။

ယန်ကျန့်က သူ့အခြေအနေကို အပြင်သို့ ပြောပြခွင့် ပြုထားသော်လည်း လီရန်တွင် ကိုယ်ပိုင် အကြံအစည် ရှိသည်။

"အတတ်နိုင်ဆုံးတော့ ဖုံးကွယ်ထားသင့်တယ်လို့ ထင်တယ်။ အခုချိန်မှာ တစ္ဆေဆရာလောကက လူတွေ ခေါင်းဆောင် တစ္ဆေနိုးထနေတယ် ဆိုတာရယ်၊ သွေးကန်ထဲမှာ ငြိမ်သက်နေတယ် ဆိုတာကိုရယ် သိသွားရင် ပြဿနာ တက်နိုင်တယ်။ အချိန်အခါ သင့်မှသာ ဒီသတင်းကို အပြင်ကို ပြောသင့်တယ်။ ပြီးတော့ အရမ်း လျှို့ဝှက်ထားရမယ် လူနည်းစုလောက်ပဲ အခြေအနေကို သိခွင့်ပြုရမယ်။"

လီရန် အချိန်အတော်ကြာ ရပ်ကြည့်နေပြီးနောက် အရာအားလုံး ငြိမ်သက်နေသည်ကို မြင်သောအခါ ဆက်မနေတော့ဘဲ လှည့်ထွက်ကာ ကားမောင်းပြီး ထွက်သွားတော့သည်။

သူ ဆက်မနေချင်၍ မဟုတ်ဘဲ အလုပ် အရမ်း များနေသောကြောင့် ဖြစ်လေသည်။

ခေါင်းဆောင် မရှိသဖြင့် ယန်ကျန့်၏ အလုပ် အများအပြားကို သူ ကိုယ်စား လုပ်ဆောင်ရပြီး တာချန်းမြို့၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းထားရသည်။

လီရန် ထွက်သွားပြီးနောက် အချိန်အတော်ကြာသည်အထိ ဒီအနီးနားသို့ မည်သူမျှ ထပ်မရောက်လာတော့ပေ။

သို့သော် ယန်ကျန့် အချိန်အကြာကြီး အဆက်အသွယ် ပြတ်တောက်နေသဖြင့် လူအတော်များများက ယန်ကျန့် ဘာသွားလုပ်နေလဲ ဆိုတာကို စတင် ခန့်မှန်းနေကြပြီ ဖြစ်သည်။ သို့သော် တစ္ဆေနိုးထသည့်ဘက်သို့တော့ မတွေးမိကြသေးပေ。

အဘယ်ကြောင့်ဆိုသော် ယန်ကျန့်သည် မကြာခဏ ပျောက်ကွယ်သွားတတ်သောကြောင့် ဖြစ်လေသည်။

တစ်ခါတစ်ရံတွင် လူအတော်များများက သူ သေသွားပြီဟုပင် ထင်မှတ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သူသည် စန့်ထုံရုံးချုပ်တွင် အသက်ရှင်လျက် ပြန်လည် ပေါ်လာလေ့ ရှိသည်။

ဒီလို အကြိမ်ကြိမ် ဖြစ်ပြီးနောက်ပိုင်း ဒီတစ္ဆေဆရာလောကရှိ တစ္ဆေမျက်လုံး ယန်ကျန့်၊ ဌာနချုပ်၏ ခေါင်းဆောင်ကြီး အကြောင်းမဲ့ သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြတော့ပေ။ အထူးသဖြင့် ယခု ဘုရင်အဖွဲ့အစည်းကို ဖျက်ဆီးပြီး တစ္ဆေသင်္ဘော ကိစ္စကို ဖြေရှင်းပြီးနောက်ပိုင်းတွင် ပို၍ပင် ယုံကြည်ရန် ခက်ခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယခု ယန်ကျန့်သည် တစ္ဆေဆရာလောကတွင် နံပါတ်တစ် ဖြစ်နေပြီ ဖြစ်သောကြောင့် ပေတည်း။

လီရန်ကလည်း အမှန်တရားကို ပြောပြမည် မဟုတ်ဘဲ ယန်ကျန့် ကိုယ်ရေးကိုယ်တာ ကိစ္စ အချို့ လုပ်စရာ ရှိသဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ပျောက်ကွယ်နေလိမ့်မည်ဟုသာ ပြောပြထားသည်။

လူတိုင်းကလည်း သံသယ မဝင်ကြပေ။

တာချန်းမြို့ကို လီရန် တာဝန်ယူထားသဖြင့်လည်း ဘာပြဿနာမျှ မပေါ်ပေါက်သေးပေ။

သို့သော် ဒီအရာ အားလုံးက ယာယီမျှသာ ဖြစ်လေသည်။

All Chapters