အခန်း (၇၀၉-၇၁၀)
Vol. 51 Ch. 709-710
အပိုင်း (၇၀၉) - လိုင်ဝမ်ဟဲ၏ ထိတ်လန့်မှု
စီနီယာတဲ့လား။
ဟန်လိသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။
ထိုဝဖြိုးသောအဘိုးအိုမှာ ယခင်က ဆေးပင်များကို ဆေးနည်းဖော်စပ်ပုံများနှင့် လဲလှယ်ခဲ့ဖူးသည့် စီနီယာဦးလေးလိုင်ပင် ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းလောက၏ ထုံးတမ်းစဉ်လာများကို လိုက်နာနေခြင်းဖြစ်သော်လည်း ဟန်လိအနေဖြင့် ဤလုပ်ရပ်ကို ထူးဆန်းသည်ဟု မခံစားရဘဲ မနေနိုင်ချေ။
နီယင်အမည်ရှိ လှပသောအမျိုးသမီးနှင့် ပတ်သက်၍မူ သူသည် သူမအား အဝါရောင်မေပယ်တောင်ကြား တွင် ရှိစဉ်ကာလက မြောင်ညီအစ်ကိုများအား စီနီယာအစ်ကိုလု၏ ရန်မှ ကာကွယ်ပေးခဲ့သည့် စီနီယာအစ်မနီ အဖြစ် တစ်ကြိမ်သာ ဆုံတွေ့ဖူးခြင်း ဖြစ်သည်။ သူမနှင့် ရင်းနှီးသော ပတ်သက်မှု မရှိသော်လည်း သူမ၏ အရည်အချင်းနှင့် ရုပ်ရည်၊ စိတ်ထားလှပမှုတို့နှင့် ပတ်သက်၍ သူအများကြီး ကြားဖူးခဲ့သည်။ အတိတ်က သူမအား လေးစားအားကျ ဝိုင်းဝန်းခဲ့ကြသည့် အမျိုးသားတပည့်များမှာ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဟန်လိသည် တိတ်ဆိတ်စွာပင် လိုင်ဝမ်ဟဲနှင့် နီယင်တို့နှစ်ဦးအား ခံစားချက်မျိုးစုံဖြင့် ကြည့်ရှုနေသဖြင့် လိုင်ဝမ်ဟဲမှာ ဇဝေဇဝါ ဖြစ်လာတော့သည်။ ဤ စီနီယာ မှာ အင်မတန် ငယ်ရွယ်နေရုံတင်မကဘဲ မည်သည့်အကြောင်းကြောင့်မှန်းမသိ လိုင်ဝမ်ဟဲအနေဖြင့် သူ၏မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးသယောင် ရင်းနှီးနေမိသည်။ ဤသည်က သူ့အား ထိတ်လန့်သွားစေသလို စိုးရိမ်ပူပန်မှုလည်း ဖြစ်လာစေသည်။
နီယင်သည်လည်း ဟန်လိကို ကြည့်ရင်း သူမ၏မျက်ဝန်းများအတွင်း၌ ဝေခွဲမရသည့် အမူအရာများ ပေါ်ပေါက်လာသည်။
ဟန်လိသည် ဤသို့ တိတ်ဆိတ်နေခြင်းဖြင့် အချိန်မဖြုန်းလိုတော့သဖြင့် နောက်ဆုံးတွင် ဆိုလိုက်သည်။ "ဦးလေးလိုင်က ကျွန်တော့်ကို တကယ်ပဲ မမှတ်မိတော့ဘူး ထင်တယ်။ ဒါပေမဲ့ အဲဒီနှစ်က ဦးလေးပေးခဲ့တဲ့ ဆေးနည်းတွေက ကျွန်တော့်အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်..."
ဟန်လိက သူ့အား ဦးလေး ဟု ခေါ်လိုက်သည်ကို ကြားသောအခါ လိုင်ဝမ်ဟဲမှာ အံ့အားသင့်လွန်းသဖြင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတော့သည်။ သို့သော် ဆေးနည်းများအကြောင်း ကြားလိုက်ရသည့်အခါ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလိုက်သည်။
"ဦးလေး ဆေးနည်းတွေ မင်း... မင်းက..."
အခြားသူများမှာလည်း ဤသည်ကို ကြားသောအခါ ဆွံ့အသွားကြတော့သည်။ စဦးစိတ်ဝိညာဉ်အဆင့် စီနီယာတစ်ဦးက လိုင်ဝမ်ဟဲအား ဦးလေး ဟု ခေါ်ဆိုနေခြင်းမှာ ၎င်းတို့၏ စိတ်ကို ရှုပ်ထွေးသွားစေသည်။
သို့သော် နီယင်ကမူ ဤစကားကို ကြားလိုက်ရသည့်အခါ ဟန်လိကို အံ့ဩတကြီးဖြင့် ထပ်မံစစ်ဆေးကြည့်ပြီးနောက် ဆိုလိုက်သည်။
"မင်းက ဦးလေးလီရဲ့ တပည့် ဟန်လိ... ဂျူနီယာမောင်လေးဟန် မဟုတ်လား"
သူမ၏အသံမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဟန်လိသည် တကယ်ပင် အံ့ဩသွားမိသည်။ "မိတ်ဆွေနီက ကျွန်တော့်ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ဟန်လိသည် ချီစုဆောင်းခြင်းအဆင့်တွင် ရှိစဉ်က လူမသိအောင် နေထိုင်ခဲ့ပြီး ကျင့်ကြံမှု နိမ့်ကျခဲ့သဖြင့် သူ့အား သိသူ အင်မတန် နည်းပါးခဲ့သည်။ သို့သော် သူသည် သွေးနှင့်မီးစမ်းသပ်ပွဲမှ အသက်ရှင်လွတ်မြောက်လာပြီးနောက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကာ လီဟွာယွမ်၏ တပည့်ဖြစ်လာသည့် အချိန်မှစ၍ ပါးနပ်သူအများအပြားက သူ့အား သတိထားမိလာခဲ့ကြသည်။ ဤစီနီယာအစ်မနီမှာလည်း တစ်ဦးအပါအဝင် ဖြစ်၏။
မိစ္ဆာတာအို ခြောက်ဂိုဏ်းသည် ယွဲ့ပြည်နယ်သို့ ကျူးကျော်လာစဉ်က သူသည် မိစ္ဆာတာအို ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အဆင့်နိမ့်တပည့်များအကြားတွင် သူ၏ဂုဏ်သတင်းမှာ ကြီးကျယ်ခဲ့ဖူးသည်။ သူမသည် ထိုအချိန်မှစ၍ သူ၏မျက်နှာကို မမြင်တွေ့ခဲ့ရသော်လည်း သူသည် သူမ၏စိတ်တွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ဟန်လိ၏ ရုပ်ရည်မှာ အတိတ်ကအတိုင်း ပြောင်းလဲခြင်း မရှိသဖြင့် သူမသည် အတိတ်က ကျော်ကြားခဲ့သော ဂျူနီယာမောင်လေးဟန်ကို သတိရသွားကာ ထိတ်လန့်တကြားဖြင့် သူ၏အမည်ကို အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
"မင်းက တကယ်ပဲ တူတော်ဟန် ဖြစ်နေတာကိုး…"
လိုင်ဝမ်ဟဲမှာ လည်ချောင်းများ ခြောက်သွေ့သွားပြီး စိတ်ထဲတွင် ဗလာကျင်းသွားသည်။
ကျင့်ကြံခြင်းလောကတွင် ထူးဆန်းသော ကိစ္စများစွာ ဖြစ်ပေါ်နိုင်သည်ဟု ဆိုကြသည်။ ထူးချွန်သော တပည့်များမှာ စီနီယာများနှင့် အဆင့်တူ ဖြစ်လာခြင်းမှာ ပုံမှန်ကိစ္စဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ဂျူနီယာတစ်ဦးက ရုတ်တရက် စဦးစိတ်ဝိညာဉ်အဆင့် အနေဖြင့် ပြန်လည်ပေါ်လာခြင်းမှာ လိုင်ဝမ်ဟဲကဲ့သို့ အတွေ့အကြုံရှိသူကိုပင် ဆွံ့အသွားစေသည်။
ဟန်လိက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးဆေးစွာ ဆိုလိုက်သည်။
"ဦးလေးလိုင်... ဒီလောက်အထိ အံ့ဩနေဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ ငါတို့ ခရီးသွားရင်း စကားပြောကြတာပေါ့..."
လိုင်ဝမ်ဟဲ၏ အမူအရာမှာ အကြိမ်အကြိမ် ပြောင်းလဲသွားပြီးနောက် ခါးသီးစွာ ရယ်မောလျက် ဆိုလိုက်သည်။
"ကျွန်တော် ဦးလေးဆိုတဲ့ ဘွဲ့ကို မခံယူရဲတော့ပါဘူး။ စီနီယာဟန်က စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ ကျွန်တော်က စီနီယာရဲ့ ဂျူနီယာပါပဲ။"
သူ၏ စကားများတွင် အစကတည်းက ရှိခဲ့သော ရိုသေမှုမှာ ပျက်ပြားခြင်း မရှိချေ။
ဟန်လိ၏ အတိတ်က မည်သူမည်ဝါ ဖြစ်သည်ဖြစ်စေ လက်ရှိ ကျင့်ကြံမှုမှာ သူ့ထက် အများကြီး သာလွန်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့ မသင့်တော်သော အခေါ်အဝေါ်ဖြင့် အခေါ်မခံရဲတော့ချေ။
ကျန်ရှိသော ကျင့်ကြံသူ သုံးဦးမှာလည်း ဟန်လိနှင့် လိုင်ဝမ်ဟဲတို့အကြား ဆက်ဆံရေးကို သဘောပေါက်သွားကြတော့သည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်ကြပြီးနောက် မျက်နှာများတွင် ထူးဆန်းသော အမူအရာများ အသီးသီး ပေါ်ပေါက်လာတော့သည်။
ဟန်လိသည် ဤသည်ကို အာရုံမစိုက်ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "မိတ်ဆွေလိုင်က အဲဒီလိုပြောမှတော့ ကျုပ်လည်း အားနာမနေတော့ဘူး။ ကျုပ်တို့ ဒီနေရာကနေ ချက်ချင်း ထွက်ခွာကြစို့။ မင်းတို့ရဲ့ အရှိန်က အင်မတန် နှေးနေတာကြောင့် ကျုပ်ပဲ ခေါ်သွားပါ့မယ်..."
ထိုသို့ပြောပြီးနောက် ဟန်လိသည် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သေသပ်လှပသော ပစ္စည်းငယ်လေး တစ်ခု ထွက်ပေါ်လာသည်။ သူက ၎င်းကို လေထဲသို့ ပစ်တင်လိုက်သည့်အခါ နီရဲသော အလင်းတန်းတစ်ခုနှင့်အတူ လေးထောင့်ပုံစံ ပစ္စည်းကြီးတစ်ခု ပေါ်လာတော့သည်။
မန္တာန်တံဆိပ်များ၏ ထိန်းချုပ်မှုအောက်တွင် လေဟုန်စီးရထားလုံး မှာ လျင်မြန်စွာ ကြီးမားလာပြီး ပေတစ်ရာကျော်အထိ ကျယ်ဝန်းလာတော့သည်။
"ရထားလုံးပေါ် တက်ကြဟေ့"
ဟန်လိက ၎င်းတို့အား အမိန့်ပေးလိုက်သည်။ လိုင်ဝမ်ဟဲနှင့် အခြားသူများမှာလည်း ကန့်ကွက်ခြင်း မရှိဘဲ ရထားလုံးပေါ်သို့ ပျံတက်လိုက်ကြတော့သည်။
ဟန်လိသည် ရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သည်။ ရထားလုံးမှာ ခဏမျှ တုန်ခါသွားပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ယံကို ဖြတ်ကျော် ပျံသန်းသွားတော့သည်။ ၎င်း၏ အံ့မခန်းလှသော အရှိန်ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ရထားလုံး၏ အရှိန်ကြောင့် အခြားသူများမှာ ဝမ်းသာသွားကြသည်။ ဤအရှိန်ဖြင့်ဆိုလျှင် မောက်လန်မန္တာန်စစ်သည်များမှာ ၎င်းတို့အား လိုက်မီနိုင်မည် မဟုတ်သဖြင့် စိုးရိမ်ပူပန်မှုများ လျော့ကျသွားတော့သည်။
ဟန်လိသည် ရထားလုံးကို မောင်းနှင်နေရင်း အမှတ်မထင် မေးလိုက်သည်။
"မိတ်ဆွေတို့ ဖုန်းယွမ်ပြည်နယ်က မောက်လန်မန္တာန်စစ်သည်တွေရဲ့ လက်ထဲကို ကျရောက်နေတာ ကြာပြီပဲ။ မင်းတို့ ဘာလို့ အဲဒီမှာ ရှိနေကြတာလဲ၊ ပြီးတော့ စဦးစိတ်ဝိညာဉ် မန္တာန်စစ်သည်တစ်ဦးနဲ့ ဘယ်လိုဖြစ်ပြီး ပိတ်ဆို့ခံလိုက်ရတာလဲ။ တကယ်လို့ အဲဒီနေရာက လူသူကင်းမဲ့တဲ့ နေရာမဟုတ်ရင် ငါဝင်ကူညီခဲ့ရင်တောင် လွတ်ဖို့ လွယ်မှာ မဟုတ်ဘူး..."
ဤစကားကို ကြားသောအခါ ငါးဦးလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အုပ်စု၏ ခေါင်းဆောင်ဖြစ်သော လိုင်ဝမ်ဟဲက ခဏမျှ တွေဝေသွားပြီးမှ ပြန်ဖြေလိုက်သည်။
"စီနီယာ မသိတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ကိုယ် သွားခဲ့တာ မဟုတ်ပါဘူး။ ကိုးနိုင်ငံမဟာမိတ်ဆီက အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အမိန့်ပေးခံခဲ့ရတာပါ။ ဒါကြောင့် ရက်အနည်းငယ် ကြာသွားခဲ့ပြီး မောက်လန်တွေ ကျူးကျော်လာတဲ့အချိန်မှာ အဲဒီမှာ ရှိနေခဲ့တာပါ။"
"မတတ်သာတဲ့အဆုံး လူသူကင်းမဲ့တဲ့ လမ်းကြောင်းကို ရွေးပြီး ပြန်လာခဲ့ကြတာပါ။ ဒါပေမဲ့ လမ်းမှာ အဆင့်နိမ့် မောက်လန်မန္တာန်စစ်သည် တစ်ချို့နဲ့ တွေ့ခဲ့လို့ သတ်ပစ်ခဲ့ရတယ်။ ဒါပေမဲ့ အနီးအနားမှာ စဦးစိတ်ဝိညာဉ်အဆင့်မန္တာန်စစ်သည်တစ်ဦး ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ နောက်ဆုံး အဆင့်နိမ့် မန္တာန်စစ်သည်ကို သတ်ပြီးတာနဲ့ အဲ့ကျင့်ကြံသူကြီးရဲ့ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပြီး လိုက်လံတိုက်ခိုက်ခံခဲ့ရတာပါ။ ကျွန်တော်တို့ မယှဉ်နိုင်မှန်း သိပေမဲ့ တကွဲတပြားစီ ထွက်ပြေးရင်လည်း ပိုပြီး မြန်မြန် သေရမှာမို့လို့ အစွမ်းကုန် ပြန်တိုက်နေခဲ့ကြတာပါ။ စီနီယာဟန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့လို့သာပေါ့ မဟုတ်ရင် ကျွန်တော်တို့အားလုံး သေကြရမှာ သေချာတယ်။"
လိုင်ဝမ်ဟဲသည် ကျေးဇူးတင်စကား ပြောဆိုနေရင်း ဤ တူတော်ဟန် အား အသေအချာ စစ်ဆေးကြည့်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် ဖြစ်ပျက်ခဲ့သမျှမှာ အိမ်မက်တစ်ခုအလား သူခံစားနေရဆဲ ဖြစ်သည်။
ဟန်လိသည် ဤသည်ကို ကြားလိုက်ရသည့်အခါ စိတ်ဝင်စားမှု လျော့ကျသွားပြီး မတုန်မလှုပ် တုံ့ပြန်လိုက်သည်။ ခဏအကြာတွင် သူက ထပ်မံမေးမြန်းလိုက်၏။
"မိတ်ဆွေလိုင် ကျွန်တော့်ရဲ့ ဆရာ လီဟွာယွမ်ကော နေကောင်းရဲ့လား"
ဤကိစ္စကို ဖုံးကွယ်ထားရန် အကြောင်းမရှိသဖြင့် လိုင်ဝမ်ဟဲက အမှန်အတိုင်း ဖြေကြားလိုက်သည်။ "စီနီယာဟန်…ဂျူနီယာညီအစ်ကိုလီက လွန်ခဲ့တဲ့ နှစ်တစ်ရာက မောက်လန်မန္တာန်စစ်သည်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူရဲ့ဇနီးကတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် ကို မရောက်ရှိနိုင်ခဲ့လို့ သူမရဲ့ သက်တမ်းကုန်ဆုံးကာ ကွယ်လွန်သွားခဲ့ပါပြီ။"
ဟန်လိသည် ထိုစကားကြောင့် အနည်းငယ် တုန်လှုပ်သွားပြီး ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူက မေးမြန်းလိုက်၏။
"ကျွန်တော့်ရဲ့ စီနီယာ ညီအစ်ကိုတွေနဲ့ ညီမတွေကော အမြုတေဖွဲ့စည်းခြင်းအဆင့် ကို ရောက်ခဲ့ကြလား"
လိုင်ဝမ်ဟဲက သက်ပြင်းချကာ ဆိုလိုက်သည်။
"မရောက်ခဲ့ကြပါဘူး။ ဂျူနီယာညီအစ်ကိုလီရဲ့ တပည့် သုံးဦးက ထူးခြားတဲ့ အရည်အချင်းရှိပြီး ဝိညာဉ်အမြုတေတု အဆင့်အထိ ရောက်ခဲ့ကြပေမဲ့ အစစ်အမှန် အမြုတေကို ဖွဲ့စည်းနိုင်ဖို့ ကံမပါခဲ့ကြဘူး။"
ဟန်လိမှာ ခဏမျှ တိတ်ဆိတ်သွားတော့သည်။ ယွီကွန်၊ စုန့်မုန့်၊ ကျန်းဝေနင်းနှင့် အခြားသူများ၏ ပုံရိပ်များမှာ သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာပြီး အတိတ်က အဖြစ်အပျက်များမှာ တဖြည်းဖြည်း ပြန်လည် မြင်ယောင်လာသည်။
ခဏအကြာတွင် သူက အသက်ပြင်းပြင်း ရှူလိုက်၏။ သူ၏ စီနီယာ ညီအစ်ကို ညီမများမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် သို့ မရောက်ရှိနိုင်ခဲ့သဖြင့် သူတို့အကြောင်းကို ထပ်မံမမေးမြန်းတော့ချေ။ ၎င်းတို့မှာ တရားထိုင်ကျင့်ကြံနေစဉ်မှာပင် ကွယ်လွန်သွားခဲ့ကြခြင်း ဖြစ်နိုင်ခြေ များပေသည်။ အဝါရောင်မေပယ်တောင်ကြားတွင် သူဖြတ်သန်းခဲ့သည့် အချိန်များမှာ အိမ်မက်ဟောင်းတစ်ခုအလားပင် ဖြစ်နေတော့သည်။
ထိုအချိန်တွင် နီယင်က ရုတ်တရက် ဆိုလိုက်သည်။
"စီနီယာဟန် စီနီယာအနေနဲ့ အဝါရောင်မေပယ်တောင်ကြား ကို ပြန်ဝင်ဖို့ စိတ်ဝင်စားပါသလား"
ဟန်လိက မျက်ခုံးပင့်ကာ ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"အဝါရောင်မေပယ်တောင်ကြား ကို ပြန်သွားဖို့လား ငါ့မှာ အဲဒီလို စိတ်ဆန္ဒ မရှိပါဘူး။ ငါက အခု ကောင်းကင်တာအိုမဟာမိတ် ရဲ့ မျောလွင့်တိမ်တိုက်ဂိုဏ်းမှာ အကြီးအကဲ ဖြစ်နေပြီ။ အဲဒီမှာပဲ နေရတာ ငါ အဆင်ပြေပါတယ်။"
နီယင်၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာ ပေါ်လာပြီး လိုင်ဝမ်ဟဲ၏ မျက်နှာမှာလည်း လှုပ်ရှားသွားသည်။
ကျန်ရှိသော ကျင့်ကြံသူ သုံးဦးမှာမူ ဟန်လိနှင့် မရင်းနှီးသဖြင့် စကားပြောရန် မရဲကြချေ။
ခဏမျှ တွေဝေပြီးနောက် နီယင်က ထပ်မံမေးမြန်းလိုက်သည်။ "စီနီယာက ရှောင်းချိုက်အာကို သိပါသလား"
ဟန်လိသည် ခဏမျှ ကြောင်သွားပြီး ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"ရှောင်းချိုက်အာ သိတာပေါ့ မင်းက အဲဒီကောင်မလေးကို သိတာလား"
ထိုအချိန်မှာပင် ထူးဆန်းထက်မြက်လှသော ထိုကောင်မလေး၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ပေါ်လာတော့သည်။
(ဘာသာပြန်သူမှတ်ချက်…ဟန်လိသည် သေမျိုးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ချင်းဂိုဏ်းကို စောင့်ကြပ်ပေးခဲ့စဉ်က ရှောင်းချိုက်အာ အကြောင်း စပါခြင်းပင်။ (အပိုင်း ၂၉၁ ) တွင် ပြန်ဖတ်ကြည့်နိုင်ပါသည်။ ထိုအချိန်တုန်းက ရှောင်းချိုက်အာနှင့်သူမ၏အဘိုးဖြစ်သူတို့မှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ခဲ့ပြီး အမည်မဲ့ချီထိန်းချုပ်ခြင်းပညာရပ်အတွက် ဟန်လိသည် သူမကို အဝါရောင်မေပယ်တောင်ကြားရှိ စီနီယာအစ်ကိုမာထံ တပည့်အဖြစ် အပ်ပေးခဲ့ဖူးပါသည်။)
အပိုင်း (၇၁၀) - နန်ကုန်းဝမ်၏ သတင်း
ဟန်လိသည် သူ အဝါရောင်မေပယ်တောင်ကြားသို့ ဝင်ရောက်ရန် အကြံပြုခဲ့သော ထိုမိန်းမပျိုလေးကို အမှတ်ရနေဆဲ ဖြစ်သည်။ သို့သော် မကြာမီမှာပင် သူမအား တပည့်အဖြစ် လက်ခံခဲ့သော အရပ်ပုပု အဘိုးအို စီနီယာအစ်ကိုမာ ကို သူ သတိရသွားသည်။ စီနီယာအစ်ကိုမာအကြောင်း တွေးမိသည့်အခါ သူ စိတ်မကောင်း ဖြစ်သွားမိ၏။
ထိုအရပ်ပုပုအဘိုးအိုမှာ သူ၏အသက်အရွယ်အရ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်သော်လည်း သူသည် ဟန်လိ အဝါရောင်မေပယ်တောင်ကြားတွင် ရှိစဉ်က အရင်းနှီးဆုံး မိတ်ဆွေတစ်ဦး ဖြစ်ခဲ့သည်။ ထိုသူ ကွယ်လွန်သွားခဲ့လောက်လေပြီ။
နီယင်သည် ဟန်လိ၏စကားကြောင့် ဟန်ဆောင်၍ စိတ်ကောက်ပြကာ ပြုံးလျက် ဆိုလိုက်သည်။
"မိန်းမပျိုလေး ဟုတ်လား။ ဂျူနီယာညီမလေးရှောင်းက အခုတော့ မိန်းမပျိုလေး တစ်ယောက် မဟုတ်တော့ပါဘူး။ သူမက အိမ်ထောင်ကျသွားခဲ့ပြီ ဖြစ်သလို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ကို ရောက်ရှိသွားခဲ့ပြီလေ…"
ဟန်လိသည် အံ့အားသင့်သွားရာမှ ပြန်လည်သတိဝင်လာပြီး ပြုံးလိုက်သည်။
"အို။ သူမလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကို ရောက်သွားပြီပေါ့။ ဒါက တကယ့်ကို အံ့ဩစရာပဲ…"
နီယင်က ညင်သာစွာ ဆိုလိုက်သည်။
"ဂျူနီယာညီမလေးရှောင်းက စီနီယာ သူမကို ဂိုဏ်းထဲကို ဘယ်လို ခေါ်ဆောင်လာခဲ့တယ်ဆိုတာ အမြဲတမ်း ပြောပြလေ့ရှိပါတယ်။ ဂျူနီယာညီမလေးရှောင်းက စီနီယာဟန်အပေါ် အမြဲတမ်း ကျေးဇူးတင်ပြီး သတိရနေခဲ့တာပါ…"
ဟန်လိ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူက ခပ်အေးအေးပင် ဆိုလိုက်သည်။
"အဲဒီတုန်းက သူမရဲ့ အရည်အချင်းက ကောင်းမွန်နေလို့ စီနီယာအစ်ကိုမာ နဲ့ မိတ်ဆက်ပေးခဲ့ရုံပါပဲ။ ဘာမှ မဟုတ်ပါဘူး။ ဒါတွေက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ…"
နီယင်နှင့် လိုင်ဝမ်ဟဲတို့မှာ ဟန်လိအား ဂိုဏ်းထဲသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ကြသည်။
ဟန်လိ ဂိုဏ်းသို့ ပြန်မဝင်လိုရခြင်း အကြောင်းရင်းကို သူတို့နှစ်ဦး ခန့်မှန်းနိုင်ကြသည်။ အဓိကတပည့်များ ကိုးနိုင်ငံမဟာမိတ် ထံသို့ သွားရောက်ပူးပေါင်းသည့်နှစ်တွင် ဟန်လိမှာ အရေးမပါသော အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်လေး တစ်ဦးသာ ဖြစ်ခဲ့သဖြင့် ရန်သူကို ဆွဲဆောင်ရန် ငါးစာအဖြစ် အုပ်စုဖွဲ့ စေလွှတ်ခြင်း ခံခဲ့ရကာ ဂိုဏ်း၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သူသည် အဝါရောင်မေပယ်တောင်ကြားအပေါ် စိမ်းကားနေပြီး ပြန်လာရန် စိတ်မကူးခြင်းမှာ အံ့ဩစရာ မဟုတ်ချေ။
သူတို့နှစ်ဦး ဘာပြောရမှန်း မသိဖြစ်နေစဉ်မှာပင် ဟန်လိက လမျက်နှာဖုံးဂိုဏ်းမှ လူလတ်ပိုင်းကျင့်ကြံသူထန်မင်ဟွာ ကို ရုတ်တရက် မေးမြန်းလိုက်သည်။
"မင်းတို့ဆီမှာ နန်ကုန်းဝမ် ဆိုတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ဦး ရှိခဲ့လား။ သူမ အခု ဘယ်လိုနေသေးလဲ…"
ဟန်လိ၏ အသံမှာ ရုတ်တရက် တည်ကြည်သွားသည်။
ထန်မင်ဟွာမှာ အံ့အားသင့်သွားပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။
"အာ။ စီနီယာက ဒေါ်လေးနန်ကုန်း ကို သိတာလား။ သူမက လက်ရှိမှာ ဂိုဏ်းကို အုပ်ချုပ်နေပြီး နေကောင်းပါတယ်ခင်ဗျ…"
ဟန်လိသည် အံ့အားသင့်သွားသော်လည်း ဝမ်းသာရိပ်များကို ဖုံးကွယ်မထားနိုင်ချေ။ "ဒေါ်လေး ဟုတ်လား။ သူမက စဦးစိတ်ဝိညာဉ်အဆင့် ကို ရောက်နေပြီလား…"
"ဒေါ်လေးနန်ကုန်းက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကတည်းက စဦးစိတ်ဝိညာဉ်အဆင့် ကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီး အခုတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်နေပါပြီ။ စီနီယာက ဒေါ်လေးနန်ကုန်းရဲ့ မိတ်ဟောင်းဆွေဟောင်း တစ်ဦးလား…"
ဟန်လိသည် သက်ပြင်းချလိုက်ပြီး သူ၏ မျက်ဝန်းများမှာ မှိန်ဖျော့သွားသည်။ "မိတ်ဟောင်းဆွေဟောင်း ဟုတ်လား။ အဲလို ပြောလို့ရပါတယ်။ အတိတ်တုန်းက မင်းတို့ရဲ့ ဒေါ်လေးအပေါ် ကျေးဇူးကြွေးတွေ တင်ဖူးလို့ သူမနဲ့ ပြန်ဆုံချင်နေခဲ့တာပါ။ ဒီနှစ်တွေအတွင်းမှာ ကိစ္စတွေများနေလို့ ပြန်တွေ့ဖို့ အခွင့်အရေး မရခဲ့တာကတော့ နှမြောစရာပဲ…"
"ဒေါ်လေးနန်ကုန်းက ဧည့်သည်တွေနဲ့ တွေ့ဆုံလေ့ မရှိပေမဲ့ စီနီယာ အနေနဲ့ကတော့ အလွယ်တကူ တွေ့နိုင်မှာပါ။ နောက်သုံးလနေရင် ဒေါ်လေးနန်ကုန်းက စိတ်အလျင်ဂိုဏ်းက အကြီးအကဲ ဝေလီချန်း နဲ့ လက်ထပ်တော့မှာပါ။ သူတို့ရဲ့ တာအိုလက်တွဲဖော်အခမ်းအနားကိုလည်း တရားဝင် ကျင်းပသွားမှာပါ။ ဒီပွဲကို ကိုးနိုင်ငံမဟာမိတ် ထဲက အဆင့်မြင့်ကျင့်ကြံသူတွေကိုပဲ ဖိတ်ကြားတာ ဖြစ်ပေမဲ့ စီနီယာက သူမရဲ့ မိတ်ဆွေဟောင်း ဆိုရင်တော့ သေချာပေါက်…"
ဟန်လိ စိတ်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး ထန်မင်ဟွာ ဆက်ပြောနေသည့် စကားများကို ဘာမှ မကြားရတော့ချေ။ သူသည် လမျက်နှာဖုံးဂိုဏ်း ကျင့်ကြံသူကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။
"တာအိုလက်တွဲဖော်အခမ်းအနား ဟုတ်လား…"
"ဟုတ်ပါတယ်၊ သူမက စိတ်အလျင်ဂိုဏ်း က အကြီးအကဲ ဝေလီချန်း နဲ့ လက်ထပ်ဖို့ စီစဉ်ထားတာပါ။ သူက လွန်ခဲ့တဲ့ နှစ်သုံးရာကတည်းက စဦးစိတ်ဝိညာဉ်အဆင့် ကို ရောက်ခဲ့ပြီး အင်မတန် အစွမ်းထက်သူ ဖြစ်ပါတယ်။ သူက ကောင်းကင်တောင်ပိုင်း က မဟုတ်ဘဲ ပြင်ပကနေ ရောက်လာတဲ့ ကျင့်ကြံခြင်း ပါရမီရှင် တစ်ဦးပါ။ ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းလုံးက ဒီကိစ္စ အောင်မြင်ဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာပါ…"
ဟန်လိ၏ အေးစက်လှသော အမူအရာကြောင့် ထန်မင်ဟွာမှာ ကြောက်လန့်သွားသည်။ သူ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးမျိုးစုံ ပေါ်လာသော်လည်း ဟန်လိ၏ စူးရှလှသော အကြည့်အောက်တွင် သူက ဆက်လက်ပြောဆိုနေရသည်။
လိုင်ဝမ်ဟဲနှင့် အခြားသူများမှာမူ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေကြသည်။ လူအ တစ်ယောက်တောင်မှ ဟန်လိနှင့် နန်ကုန်းဝမ်တို့အကြားက ဆက်ဆံရေးမှာ မရိုးရှင်းမှန်း သိနိုင်ပေသည်။ မဟုတ်ပါက ဤသတင်းကို ကြားလိုက်ရသည့်အခါ ဟန်လိ ဘာကြောင့် ဤမျှ ပြင်းထန်သော တုံ့ပြန်မှု ရှိနေပါမည်နည်း။
အခြားသူများ အံ့ဩသွားရသည်မှာ ဟန်လိ၏ အေးစက်သော အမူအရာမှာ ခဏမျှသာ ကြာပြီးနောက် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ သူက ညင်သာသော လေသံဖြင့် ဆိုလိုက်သည်။
"မိတ်ဆွေထန် ကြောက်နေဖို့ မလိုပါဘူး။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အတိတ်တုန်းက သံယောဇဉ်ရှိခဲ့ဖူးသူတစ်ဦးက အခုတော့ တခြားတစ်ယောက်ရဲ့ ဇနီးမယား ဖြစ်တော့မယ်ဆိုတာ ကြားလိုက်ရလို့ ငါ နည်းနည်း စိတ်မငြိမ်ဖြစ်သွားတာပါ။ အခု ငါ ဒီကိစ္စကို သိသွားပြီဆိုတော့ ငါသူ့ရဲ့ အခမ်းအနားကို သွားရောက် ဂုဏ်ပြုရမှာပေါ့…"
ထန်မင်ဟွာသည် ဟန်လိ တည်ငြိမ်သွားသည်ကို မြင်ရသဖြင့် သက်ပြင်းချကာ ဝမ်းပန်းတသာ ကြိုဆိုကြောင်း ထပ်ခါတလဲလဲ ပြောဆိုတော့သည်။ သို့သော် ဟန်လိကမူ ပြုံး၍သာ တုံ့ပြန်ခဲ့သည်။
ရထားလုံးပေါ်ရှိ အခြားသူများလည်း စိတ်သက်သာရာ ရသွားကြသည်။ ယခုအခါ ယွဲ့ပြည်နယ်၏ ဂိုဏ်းခြောက်ဂိုဏ်းမှာ လက်တွေ့ကျကျပြောရလျှင် အဖွဲ့အစည်းတစ်ခုတည်းကဲ့သို့ ဖြစ်နေသဖြင့် တစ်ဦးနှင့်တစ်ဦး ပြဿနာဖြစ်ပွားမည်ကို မလိုလားကြချေ။
ထို့နောက်တွင် ဟန်လိသည် ယွဲ့ပြည်နယ် ဂိုဏ်းခြောက်ဂိုဏ်းနှင့် ပတ်သက်သည့် မေးခွန်းအချို့ကို အမှတ်မထင် မေးမြန်းခဲ့သည်။ ဤကိစ္စများမှာ အရေးမကြီးသဖြင့် ငါးဦးလုံးက ပြန်လည်ဖြေကြားနိုင်ခဲ့ကြသည်။ သို့သော် အဝါရောင်မေပယ်တောင်ကြားမှ ဘိုးဘေးလင်းဟူ သက်တမ်းကုန်ဆုံးခါနီးပြီဟု ကြားလိုက်ရသည့်အခါ ဟန်လိက ခဏမျှ မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမကြားလိုက်သည့်အလား မျက်နှာအမူအရာကို ချက်ချင်း ပြန်လည်ဖြေလျှော့လိုက်သည်။
ဟန်လိသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
"အာ။ ဟုတ်သားပဲ။ မင်းတို့ရဲ့ ဒေါ်လေးနန်ကုန်း မှာ နန်ကုန်းပင်း ဆိုတဲ့ ညီမဝမ်းကွဲ တစ်ယောက် ရှိရမယ်။ သူမကလည်း လမျက်နှာဖုံးဂိုဏ်းက ကျင့်ကြံသူ ဖြစ်ရမယ်…"
ထန်မင်ဟွာမှာ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ "နန်ကုန်းပင်း ဟုတ်လား။ စီနီယာ တစ်ခုခု မှားကြားခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒေါ်လေးနန်ကုန်းက အမြဲတမ်း တစ်ကိုယ်တည်းပဲ နေတာပါ။ သူမမှာ ညီမဝမ်းကွဲ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ စီနီယာ အမှတ်မှားနေတာနေမယ်…"
ဟန်လိသည် ဤသည်ကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားတော့သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်ပူတကြီး ထပ်မံမေးမြန်းလိုက်သည်။
"နန်ကုန်းပင်းက မင်းတို့ဂိုဏ်းက အမြုတေဖွဲ့စည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူ တစ်ဦး ဖြစ်ရမယ်။ မင်း တကယ်ပဲ မမှတ်မိတာလား…"
ထန်မင်ဟွာက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
"တကယ်လို့ အဲဒီလူက ကျွန်တော်တို့ဂိုဏ်းကသာ ဆိုရင် ဂျူနီယာ သေချာပေါက် သိမှာပါ။ ကျွန်တော်တို့ဂိုဏ်းမှာ အဲဒီလို အမျိုးသမီး မရှိဘူးဆိုတာကို ကျွန်တော် သေချာပေါက် အာမခံနိုင်ပါတယ်…"
လိုင်ဝမ်ဟဲလည်း အံ့အားသင့်သော အမူအရာဖြင့် ကြားဖြတ်ပြောဆိုလိုက်သည်။
"မိတ်ဆွေထန် ပြောတာ အမှန်ပါပဲ။ လမျက်နှာဖုံးဂိုဏ်းမှာ အဲဒီလို အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ သိမှာပါ။ စီနီယာက သူ့အကြောင်း ဘယ်ကနေ ကြားခဲ့တာလဲ…"
"ဘာမှ မဟုတ်ပါဘူး။ ငါ တစ်ခုခု အမှတ်မှားသွားတာ ဖြစ်လိမ့်မယ်…"
ဟန်လိက ဤသို့ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ တစ်ခုခုဆုံးရှုံးသွားရသည့်အလား ခံစားမိနေ၏။
နန်ကုန်းပင်းသည် နန်ကုန်းဝမ်၏ ညီမဝမ်းကွဲ မဟုတ်ဘဲ ရုပ်ဖျက်ထားသည့် နန်ကုန်းဝမ် ကိုယ်တိုင် ဖြစ်ကြောင်း ဟန်လိ အခုမှ သိလိုက်ရသည်။ သူမ ဘာကြောင့် သူ့အပေါ် ရက်စက်စွာ မဆက်ဆံခဲ့တာလဲ၊ သူမ ထွက်ခွာသွားစဉ်က ဘာကြောင့် ထူးဆန်းသော အမူအရာ ရှိနေခဲ့တာလဲ ဆိုသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
ထိုအချိန်မှစ၍ ဟန်လိသည် ဆက်လက် စကားပြောရန် စိတ်ပါဝင်စားမှု မရှိတော့ဘဲ သုန်မှုန်သော မျက်နှာထားဖြင့် ရထားလုံးကိုသာ ရှေ့သို့ မောင်းနှင်နေတော့သည်။ အခြားသူများလည်း ဤ စီနီယာဟန် မှာ စိတ်အခြေအနေ မကောင်းမှန်း မြင်ရသဖြင့် မဆင်မခြင် စကားမပြောရဲကြတော့ချေ။
ဤအခိုက်တွင် လေဟုန်စီးရထားလုံး ပေါ်တွင် လုံးဝ တိတ်ဆိတ်သွားတော့သည်။ နေ့ဝက်ခန့် ကြာပြီးနောက်တွင် ဟန်လိသည် အမည်မသိ တောင်တန်းတစ်ခု၌ လေဟုန်စီးရထားလုံး ကို ရပ်တန့်လိုက်သည်။
ဟန်လိသည် ထရပ်လိုက်ပြီး အေးဆေးစွာ ဆိုလိုက်သည်။
"ငါတို့ ဒီနေရာမှာပဲ လမ်းခွဲကြရအောင်။ ဒီနေရာကနေ ဖုန်းယွမ်ပြည်နယ် နယ်စပ်ကို သွားရင် တစ်ရက်ပဲ ကြာတော့မှာပါ။ ဒီနေရာမှာ ဘေးကင်းပါတယ်။ ငါ့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးလို့ မင်းတို့နဲ့အတူ ဆက်မလိုက်နိုင်တော့ဘူး…"
လိုင်ဝမ်ဟဲနှင့် အခြားသူများမှာ ဘာမှ ထပ်မပြောရဲကြဘဲ ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ဟန်လိအား တစ်ဖန် ကျေးဇူးတင်စကား ပြောဆိုပြီးနောက် လေဟုန်စီးရထားလုံး ပေါ်မှ ပျံထွက်သွားကြတော့သည်။
ဟန်လိသည်လည်း ဘာစကားမျှ ထပ်မဆိုတော့ဘဲ ရထားလုံးကို ချက်ချင်း လှည့်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။
ကျင့်ကြံသူချန်းသည် လေဟုန်စီးရထားလုံး ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"မိတ်ဆွေလိုင်။ စီနီယာဟန်က အရင်တုန်းက မင်းတို့ အဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်ဖြစ်ခဲ့ပြီး မင်းရဲ့ တူတော် ဖြစ်ခဲ့တာ တကယ်ပဲလား…"
လိုင်ဝမ်ဟဲက မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။
"ဘာလဲ။ ငါက စကားကို ဗရမ်းဗတာ ပြောတတ်တဲ့သူလို့ မင်း ထင်နေတာလား…"
ဟန်လိက သူ၏ အသက်ကို ကယ်တင်ပေးခဲ့သော်လည်း အတိတ်က သူ၏ ဂျူနီယာလေးက ယခုအခါ ကျင့်ကြံမှုမှာ သူ့ထက် အများကြီး သာလွန်သွားကာ စစ်မှန်သော စီနီယာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူ အင်မတန် ဂရုတစိုက် ဆက်ဆံရမည်ကို တွေးလိုက်သည့်အခါ သူ၏ စိတ်အခြေအနေမှာ မကောင်းဖြစ်နေရသည်။
"ဟဲဟဲ။ မိတ်ဆွေလိုင် စိတ်မဆိုးပါနဲ့။ ငါက ထူးဆန်းလို့ မေးလိုက်တာပါ။ တကယ်လို့ မိတ်ဆွေ ပြောတာ အမှန်ဆိုရင် စီနီယာဟန်က မိတ်ဆွေနီယင် နဲ့ အသက်အရွယ် တူတူလောက်ပဲ ဖြစ်ရမှာပေါ့။ မိတ်ဆွေနီယင် မင်း ကျင့်ကြံလာတာ ဘယ်လောက် ကြာပြီလဲ…"
ကျင့်ကြံသူချန်းက အလေးအနက် မေးမြန်းလိုက်သည်။
နီယင်သည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား အမူအရာ ပြောင်းလဲသွားပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မ အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းကို ရောက်ဖို့ နှစ်ပေါင်း နှစ်ရာလောက် ကျင့်ကြံခဲ့ရပါတယ်…"
ကျင့်ကြံသူချန်းက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တည်ကြည်စွာ ဆိုလိုက်သည်။ "ဒါဆိုရင် စီနီယာဟန်က စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ နှစ်ပေါင်းနှစ်ရာလောက်ပဲ အချိန်ယူခဲ့ရတာပေါ့။ ဒါက ဘာကို ဆိုလိုတာလဲဆိုတာ မင်းတို့ သိလား…"
ဓားဘီလူးဂိုဏ်းမှ ကျင့်ကြံသူက မနေနိုင်ဘဲ အံ့ဩတကြီး အော်ဟစ်လိုက်သည်။
"မိတ်ဆွေချန်း ဆိုလိုတာက…"
"ဟုတ်တယ်။ ဒီလူက နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိနိုင်မယ့် ဖြစ်နိုင်ခြေ အများကြီး ရှိတယ်။ ဒါမျိုး ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီကတည်းကပါ…"
ကျင့်ကြံသူချန်းက အလေးအနက် ဆိုလိုက်သည်။
"နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကို ရောက်တဲ့ ကျင့်ကြံသူတွေက ဒီလောကကနေ မကြာခင် ပျောက်ကွယ်သွားတတ်ကြပေမဲ့ သူတို့ ဒီမှာ ရှိနေတဲ့ အချိန်ကာလတစ်ခုအတွင်းမှာတော့ သူတို့က ပြိုင်ဘက်ကင်းတွေပဲ။ ကောင်းကင်တောင်ပိုင်း တစ်ခုလုံးက လမ်းမှန်တာအိုဘက်မှဖြစ်ဖြစ်၊ မိစ္ဆာတာအိုဘက်မှဖြစ်ဖြစ် ဒါမှမဟုတ် ကြားနေတွေပဲ ဖြစ်ဖြစ် နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်လို့ အဲဒီအချိန်ကျရင် အားလုံးက စည်းလုံးသွားကြလိမ့်မယ်…"