အခန်း (၇၅၇-၇၅၈)
Vol. 76 Ch. 757-758
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၇ + ၇၅၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
နောက်ထပ် အပြာရောင် အလင်းတန်းတစ်ခု လက်ကနဲ ထွက်ပေါ်လာပြီးနောက် ၊ သံခဲအမြောက်ဆန်သည် အသံ၏ အမြန်နှုန်းထက် ငါးဆမျှမြန်သော အရှိန်ဖြင့် လျှပ်စီးလက်သည့်အလား ထပ်မံ ပစ်ထွက်သွားကာ ၊ ဆွဲငင်အားကြောင့် အနည်းငယ်သာ အောက်သို့စိုက်ကျပြီး မျဉ်းဖြောင့်နီးပါး ပျံသန်းသွားလေ၏။
"ဝုန်းးးးး"
ကျယ်လောင်သော ပေါက်ကွဲသည့် အသံကြီးနှင့်အတူ ၊ သုံးကီလိုမီတာ အကွာအဝေးရှိ လိုဏ်ဂူနံရံပေါ်မှ လေဆာအနီရောင် အစက်လေးအား အမြောက်ဆန်က တိကျစွာ ထိမှန်သွားသည်။
ဤသည်ကား တကယ့်ကိုပင် အံ့မခန်း ဖြစ်ပေသည်။
ခေတ်သစ်ရုပ်ရှင်များနှင့် အချို့သော ဂိမ်းများတွင် သေနတ်များစွာ၌ လေဆာဖြင့် ချိန်ရွယ်သည့် ကိရိယာများ ပါရှိကြသည်။
ယခုမူ ထိုအရာသည် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်တွင် တကယ်တမ်း ပေါ်လာပြီ ဖြစ်၏။
စစ်ခုန်းယဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။ "ဒီလေဆာကိရိယာက မျဉ်းဖြောင့်အတိုင်း ပစ်လွှတ်ပေမဲ့ ကျွန်တော်တို့ရဲ့ ကျောက်သလင်း မှော်အမြောက်ကတော့ အကွေးသဏ္ဌာန် ပစ်ခတ်တာပါ။ ဒါပေမဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းလို့ အမြောက်ကိုယ်ထည်က ငြိမ်သက်နေပြီး အမြောက်ဆန်ရဲ့ ပျံသန်းမှုလမ်းကြောင်းကလည်း တည်ငြိမ်နေတဲ့အတွက် ၊ မျဉ်းဖြောင့်နီးပါး ပစ်ထွက်သွားတာ ဖြစ်ပါတယ်။ အဲဒီ အကွေးလမ်းကြောင်းကို တွက်ချက်ပြီးတော့ ထွက်လာတဲ့ အလင်းတန်းရဲ့ ထောင့်ချိုးကို ပြန်ချိန်ညှိလိုက်မယ်ဆိုရင် ၊ အတိအကျ ချိန်ရွယ်နိုင်မှာပါ"
ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင်ပင် အစွမ်းထက်လှပေသည်။ ယခုလက်ရှိ စစ်မြေပြင်ရှိ အမြောက်များသည် ဤပြဿနာများကို ရင်ဆိုင်နေကြရသည်။
ပထမ ပြဿနာမှာ အမြောက်ဆန်များ၏ သေစေနိုင်သော စွမ်းအားပင် ဖြစ်၏။ အရှေ့ဘက် ပြည်ထောင်စုသည် လက်ပစ်ဗုံးများကို တီထွင်နိုင်ခဲ့ပြီး ၊ ပစ်ခရစ် ပေါက်ကွဲရေးယမ်းကိုပါ တီထွင်နိုင်ခဲ့သောကြောင့် ဤပြဿနာကို လုံးဝ ဖြေရှင်းပြီးဖြစ်လေသည်။
သို့သော် တုပိုင်ကမူ ယင်းကို မဖြေရှင်းနိုင်ခဲ့သဖြင့် ၊ သူ၏ အမြောက်ဆန်များ၏ ပေါက်ကွဲနိုင်စွမ်းမှာ သာမန်အဆင့်တွင်သာ ရှိနေခဲ့သည်။
သို့သော် ယခုအခါတွင်မူ ကျောက်သလင်း မှော်အမြောက်သည် အလွန်တရာ မြန်ဆန်စွာ ပစ်ခတ်နိုင်သောကြောင့် ၊ စွမ်းအင် အလားအလာမှာ အဆပေါင်းများစွာ တိုးလာခဲ့ကာ ၊ အမြောက်ဆန်၏ သေစေနိုင်စွမ်းသည်လည်း အဆမတန် မြင့်တက်လာပြီ ဖြစ်၏။
ဒုတိယ ပြဿနာမှာ အမြောက်ဆန်များ၏ ထိရောက်သော ပစ်ခတ်နိုင်သည့် အကွာအဝေးပင် ဖြစ်သည်။
ဤအချက်တွင် အရှေ့ဘက် ပြည်ထောင်စု၏ ပြောင်းရစ်ပါသော ဟောင်ဝစ်ဇာအမြောက်သည် ထိရောက်သော အကွာအဝေး နှစ်ကီလိုမီတာမှ သုံးကီလိုမီတာကျော်အထိ ရှိနေ၏။
တုပိုင်၏ ကျောက်သလင်း မှော်အမြောက်၏ ထိရောက်သော အကွာအဝေးမှာမူ ထိုထက်ပင် ပိုမို ဝေးကွာပြီး ၊ လေးကီလိုမီတာမှ ငါးကီလိုမီတာအထိပင် ရောက်ရှိနိုင်လေသည်။
တတိယနှင့် အရေးအကြီးဆုံး ပြဿနာမှာ အမြောက်များ၏ တိကျမှုပင် ဖြစ်၏။ ယခင်က အမြောက်များ၏ တိကျမှုမှာ ကံတရားအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေခဲ့သည်။
အရှေ့ဘက် ပြည်ထောင်စုသည် ပြောင်းရစ်ပါသော ဟောင်ဝစ်ဇာအမြောက်များကို အသုံးပြုလာပြီးနောက်တွင်မူ ၊ တိကျမှုမှာ ကြီးမားစွာ တိုးတက်လာခဲ့လေ၏။
သို့သော် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်၏ တိကျမှုမှာမူ အရည်အသွေးပိုင်းအရ ခုန်ပျံကျော်လွှားသွားသည့် တိုးတက်မှုကြီးပင် ဖြစ်လေသည်။ ဖူဟုန်ပင်း ၊ လီကျန့် ၊ အမျိုးသမီးဧကရာဇ်နင်းရွှဲ့နှင့် အခြားသူများအားလုံး လုံးဝ အံ့သြမှင်တက်သွားကြရလေ၏။
သူတို့ လုံးဝ နားမလည်နိုင်ကြချေ။ ဤသည်မှာ သာမန်နှင့် ရှေးကျသော အမြောက်တစ်လက်သာ ဖြစ်နေပုံရ၏။
အဘယ်ကြောင့် ရုတ်တရက် ဤမျှလောက် အစွမ်းထက်လာရသနည်း။ တုပိုင် တစ်ဦးတည်းသာလျှင် အခြေခံသဘောတရားကို နားလည်ထားသည်။
ဤသည်မှာ လျှပ်စစ်စွမ်းအင်ကို သံလိုက်စွမ်းအားအဖြစ် ပြောင်းလဲပေးပြီး ၊ ထိုမှတစ်ဆင့် အမြောက်ဆန်ကို အပြင်သို့ တွန်းထုတ်ပေးသည့် လျှပ်စစ်သံလိုက်အမြောက်၏ အခြားကမ္ဘာမှ ဗားရှင်းတစ်ခုပင် ဖြစ်တော့သည်။
အမှန်တကယ်တွင်မူ စွမ်းအင်ယဉ်ကျေးမှုသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လွန်းလှပြီး ၊ ဤအကွေ့တွင် ကျော်တက်ခြင်းက လျှပ်စစ်သံလိုက်အမြောက်ကို တိုက်ရိုက် ကျော်တက်သွားခြင်းပင် ဖြစ်သည်။
ခေတ်သစ်ကမ္ဘာမြေ၏ လျှပ်စစ်သံလိုက်အမြောက်များ၏ အကြီးမားဆုံး ပြဿနာမှာ ကြီးမားသော စွမ်းအင်သိုလှောင်နိုင်သည့် ဘက်ထရီများ မရှိခြင်းဖြစ်ပြီး ၊ ယင်းတို့သည် အလွန်တရာ အစွမ်းထက်သော စွမ်းအင်များကို တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်လာစေရန် မစွမ်းဆောင်နိုင်ကြပေ။
သို့သော် ဤအပြာရောင်လျှပ်စစ်ကျောက်သလင်း ကိရိယာများကမူ စွမ်းဆောင်နိုင်ပေသည်။
အလင်းတန်း သံဓားတစ်လက်အတွက် အပြာရောင်ကျောက်သလင်း နှစ်ခု သို့မဟုတ် သုံးခုခန့်သာ လိုအပ်သော်လည်း ၊ ကျောက်သလင်း မှော်အမြောက်တစ်လက် ပြုပြင်မွမ်းမံရန်အတွက်မူ အပြာရောင်လျှပ်စစ်ကျောက်သလင်း ကျင် ၃၀ ခန့် လိုအပ်လေသည်။
ထိုမျှမက ကျောက်သလင်း မှော်အမြောက် ပြုလုပ်ရာတွင် အသုံးပြုသော အပြာရောင်ကျောက်သလင်း ကိရိယာသည် တစ်မုဟုတ်ချင်း စွမ်းအင်ထုတ်လွှတ်မှုနှင့် စွမ်းအားကို များစွာ ပိုမိုမြင့်မားစေမည် ဖြစ်၏။
နောက်တစ်ချက်မှာ ပြောင်းဝမှ အမြောက်ဆန် ပစ်ထွက်သွားသည့် အမြန်နှုန်းသည် လွန်စွာမှ မြန်ဆန်လွန်းလှသောကြောင့် ၊ သာမန်သံမဏိ ပြောင်းဝများအနေဖြင့် လုံးဝ ခံနိုင်ရည်မရှိဘဲ ပုံပျက်သွားခြင်း သို့မဟုတ် ပေါက်ကွဲထွက်သွားခြင်းများပင် ဖြစ်ပေါ်နိုင်လေသည်။ သို့သော် တုပိုင်၏ အမြောက်သည် ခေတ်နောက်ကျသော ပြောင်းချောအမြောက် ဖြစ်သော်လည်း ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အခြားကမ္ဘာ၏ အလင်းရွှေကို အသုံးပြုထားသောကြောင့် ခေတ်သစ်ကမ္ဘာမြေ၏ သတ္တုစပ်ပြောင်းဝများထက် လုံးဝ နောက်ကောက်ကျခြင်း မရှိချေ။
နောက်ထပ် အရေးကြီးသည့်အချက်မှာ ခေတ်သစ်ကမ္ဘာမြေ၏ လျှပ်စစ်သံလိုက်အမြောက်များသည် တစ်မိနစ်လျှင် တစ်ကြိမ် ပစ်ခတ်နိုင်ရန်ပင် ခက်ခဲလှ၏။
သို့သော် တုပိုင်၏ ကျောက်သလင်း မှော်အမြောက်ကမူ တစ်မိနစ်လျှင် အကြိမ်ပေါင်းများစွာ ပစ်ခတ်နိုင်စွမ်း ရှိ၏နေ၏။
ထို့ကြောင့် တုပိုင်သည် ပစ်ခရစ် ပေါက်ကွဲရေးယမ်းများကို အမြောက်အမြား မထုတ်လုပ်နိုင်ခဲ့သလို ၊ ပြောင်းရစ်ပါသော သေနတ်များ အမြောက်အမြား မရှိခဲ့ပေ။ ထို့ပြင် လက်ပစ်ဗုံး အများအပြားလည်း မရှိသကဲ့သို့ ၊ အရှေ့ဘက် ပြည်ထောင်စု၏ အလွန်တရာ ကြီးမားသော အမြောက်ကြီးများလည်း မရှိခဲ့ပေ။
သို့သော် သူ၏ ကျောက်သလင်း မှော်အမြောက်သည် အံ့မခန်းဖွယ် ပစ်ခတ်နိုင်သော အကွာအဝေး ၊ အံ့မခန်းဖွယ် ပစ်ခတ်မှုနှုန်းနှင့် အံ့မခန်းဖွယ် တိကျမှုတို့ ရှိနေသောကြောင့် အရှေ့ဘက် ပြည်ထောင်စု၏ အဝေးပစ် လက်နက်အင်အားနှင့် ယှဉ်လျှင် ၊ လုံးဝ နောက်ကောက်ကျနေသည့် အနေအထားမှနေ၍ အကွေ့တွင် တိုက်ရိုက် ကျော်တက်သွားနိုင်ခဲ့ပြီ ဖြစ်လေ၏။
နောက်ထပ် ပြဿနာမှာ တစ်ခုတည်းသာ ရှိတော့သည်။ ထိုအရာက အမြောက်အရေအတွက်ပင် ဖြစ်၏။
"အခု ကျောက်သလင်း မှော်အမြောက် ဘယ်လောက်ရှိပြီလဲ" တုပိုင်က မေးလိုက်သည်။
စစ်ခုန်းယဲ့က ဖြေသည်။ "ဒီတစ်လက်တည်းပါပဲ... ကျွန်တော်တို့ ခုလေးတင် ပြီးသွားတာမို့ အရှင့်ဆီ သတင်းကောင်း လာပို့တာပါ"
တုပိုင်က ပြောသည်။ "အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်အင်အား ၆၆၀,၀၀၀ က စုစည်းပြီးသွားပြီ။ မကြာခင် သူတို့တပ်တွေကို ဦးဆောင်ပြီး တိုက်ခိုက်လာတော့မယ်။ မင်းတို့ မြန်မြန်လုပ်ရမယ်... အတိုတောင်းဆုံး အချိန်အတွင်းမှာ ကျောက်သလင်း မှော်အမြောက် အလက် ၃၀၀ ကို ပြုပြင်မွမ်းမံရမယ်"
"အမိန့်အတိုင်းပါ အရှင်" စစ်ခုန်းယဲ့နှင့် ရှာမန်တို့က အားမာန်အပြည့်ဖြင့် ပြန်ဖြေကြ၏။
ဘေးဘက်မှ ဖူဟုန်ပင်းက မေးလာသည်။ "အရှင်... အမြောက် အလက် ၃၀၀ တည်းနဲ့ လုံလောက်ပါ့မလား။ ရန်သူ့ဆီမှာ အမြောက်အလက် ၁,၀၀၀ ကျော်တောင် ရှိတာနော်"
တုပိုင်က ပြော၏။ "လုံလောက်ပါတယ်။ ငါတို့ရဲ့ ကျောက်သလင်း မှော်အမြောက်က ပြောင်းချောအမြောက် ဖြစ်နေသေးပြီး သံခဲအမြောက်ဆန်ပဲ သုံးနိုင်သေးတာ မှန်တယ်။ ဒါပေမဲ့ စစ်မြေပြင်မှာ တကယ်တမ်း ဖြစ်လာမယ့်အရာကတော့... ငါတို့ရဲ့ ကျောက်သလင်း မှော်အမြောက်က အရှေ့ဘက် ပြည်ထောင်စုရဲ့ အဆင့်မြင့် အမြောက်တပ်ကြီးကို အပြတ်အသတ် ချေမှုန်းပစ်လိုက်မှာပဲ။ အဝေးပစ် တိုက်ပွဲမာ ငါတို့ ကျိန်းသေပေါက်ကို နိုင်လိမ့်မယ်"
မြို့စားမင်း ကျီရှီရှောင်က ဝင်ပြောလာ၏။ "ရန်သူ့ဆီမှာ သေနတ်ကိုင်တပ်သား အသစ်တွေလည်း ရှိသေးတယ်။ ပစ်လိုက်တဲ့ ကျည်ဆန်တွေက မြှားတွေထက် အများကြီး ပိုအစွမ်းထက်တယ်။ ကျွန်တော်တို့ရဲ့ သံချပ်ကာတွေက အဲဒါကို မတားဆီးနိုင်ဘူး။ သံချပ်ကာအားလုံးကို အလင်းရွှေနဲ့ ထုဆစ်ထားပြီး အလုံအလောက် ထူထဲမှပဲ ရလိမ့်မယ်"
စစ်ခုန်းယဲ့က ပြောသည်။ "အရမ်းနောက်ကျနေပါပြီ။ အရှင့်ဆီမှာ စစ်တပ်အင်အား သုံးသိန်းကျော်တောင် ရှိတာပါ။ အလင်းရွှေတွေကို အစွမ်းကုန် တူးဖော်ပြီး သံချပ်ကာတွေ ထုဆစ်နိုင်မယ်ဆိုရင်တောင် အချိန်မမီတော့ပါဘူး။ ဒါကြောင့် ဒီဟာကိုပဲ သုံးနိုင်ပါတော့မယ်"
စစ်ခုန်းယဲ့ ထုတ်ယူလိုက်သည့် အရာမှာ အမြင့် နှစ်ပေ ၊ အကျယ် တစ်ပေကျော်ရှိသော ဒိုင်းလွှားတစ်ခု ဖြစ်လေ၏။
"ဒီဒိုင်းလွှားရဲ့ အပြင်ဘက်မျက်နှာပြင်က အလင်းရွှေ အလွှာတစ်ခုဖြစ်ပြီး အတွင်းဘက်ကတော့ သစ်သားပါ။ ဒါက အရှေ့ဘက် ပြည်ထောင်စုရဲ့ သေနတ်ကျည်ဆန်တွေကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် စစ်သည်တွေက ဒါကိုသယ်ပြီး နည်းနည်း ပိုပင်ပန်းခံရပါလိမ့်မယ်" စစ်ခုန်းယဲ့က ရှင်းပြ၏။
သေနတ်ကို တားဆီးရန်အတွက် ဒိုင်းလွှားကို အသုံးပြုမည်လော။ ယင်းက အလွန် ခေတ်နောက်ကျနေပုံရသော်လည်း အသုံးပြုရ လွယ်ကူပေသည်။
အရှေ့ဘက် ပြည်ထောင်စု၏ အဝေးပစ် အမြောက်များကို ထိန်းချုပ်ထားနိုင်ပြီး ၊ သေနတ်ကိုင်တပ်သားများကိုလည်း တားဆီးထားနိုင်ပြီ ဖြစ်၏။
ထိုသို့ဆိုလျှင် ကျန်ရှိနေသည့် ပြဿနာမှာ ခွန်လွန်ကျွန်စစ်သည် ၈၀,၀၀၀ သာ ဖြစ်လေ၏။
တုပိုင်၌ အလင်းတန်း သံဓားများ တပ်ဆင်ထားသည့် သွေးမိစ္ဆာမြင်းတပ် ငါးထောင်ရှိပြီး ၊ သူတို့က ခွန်လွန်ကျွန်စစ်သည် ၈၀,၀၀၀ ကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဤတိုက်ပွဲသည် တကယ်ကို ကမ္ဘာမြေကို တုန်လှုပ်သွားစေမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ တကယ်ကို အထွတ်အထိပ် တိုက်ပွဲကြီးတစ်ခုပင် ဖြစ်လေ၏။
"စစ်ခုန်းယဲ့ ၊ ရှာမန်... ကျောက်သလင်း မှော်အမြောက်တွေကို ပြုပြင်မွမ်းမံတဲ့ အမြန်နှုန်းက အရမ်းမြန်ရမယ်နော်"
"အတိုတောင်းဆုံး အချိန်အတွင်းမှာ အလက် ၃၀၀ ကို ပြုပြင်မွမ်းမံရမယ်။ ဒါမှသာ ငါတို့ ရန်သူ့ရဲ့ အမြောက်တပ်ကို ချေမှုန်းပြီး ဒီတိုက်ပွဲမှာ အနိုင်ရနိုင်မှာပဲ"
"ဟုတ်ကဲ့ပါ အရှင်"
**--**--**--**--**--**--**--**
တုပိုင်သည် အနီရောင်ကျောက်သလင်းများ တူးဖော်ရန် ဟူနန်ပြည်နယ်သို့ တိုက်ရိုက် သွားရောက်မည် ဖြစ်သည်။
ယခုအခါ အပြာရောင်ကျောက်သလင်းများဖြင့် ကျောက်သလင်း မှော်အမြောက် အများအပြားကို ဖန်တီးနိုင်ပြီ ဖြစ်သော်လည်း ၊ အနီရောင်ကျောက်သလင်းများကိုမူ လက်နက်အဖြစ် မပြောင်းလဲနိုင်သေးချေ။ သို့သော် လေဆာဖြင့် ချိန်ရွယ်သည့် ကိရိယာတစ်ခုတည်းအတွက်ပင် အနီရောင်ကျောက်သလင်း အများအပြား လိုအပ်နေသေးသည်။
သို့သော် တုပိုင် ကွေ့လင်စီရင်စုသို့ အရင် သွားရမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်မ နင်းချန် ရောက်ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
"အသက်ရှင်ကျန်ရစ်သူ နင်းချန်က... ဧကရာဇ်မင်းမြတ်နဲ့ ရင်ခွင်ပိုက်မင်းသားကို ဂါရဝပြုပါတယ်" အန်နမ်ဘုရင်မ ၊ ဘုရင်မ နင်းချန်သည် နင်းရွှဲ့ဆီသို့ ဒူးထောက်ကာ အရိုအသေပေးလိုက်၏။
"ဒေါ်လေး..." နင်းရွှဲ့က အပြေးသွားကာ နင်းချန်ကို ဖက်ထားလိုက်၏။
"လီချင်းက... တာ့နင်အင်ပါယာရဲ့ ရင်ခွင်ပိုက်မင်းသားကို ဂါရဝပြုပါတယ်" ဆယ်ကျော်သက် ကောင်လေးတစ်ဦးက တုပိုင်အား အရိုအသေပေးလိုက်သည်။
ဤလီချင်းသည် အန်နမ်ဘုရင် လီချန်၏ သားအကြီးဆုံးဖြစ်ပြီး အန်နမ်နိုင်ငံ၏ မင်းသားလည်း ဖြစ်သည်။ သူ၏ အနောက်တွင် ညီနှစ်ယောက် ၊ ညီမတစ်ယောက် ရှိပြီး ၊ အငယ်ဆုံးညီမလေးမှာ အသက် ကိုးနှစ်သာ ရှိသေး၏။
တုပိုင်နှင့် အန်နမ်ဘုရင် လီချန်တို့သည် အဆက်အသွယ် သိပ်မရှိခဲ့ကြသော်လည်း ၊ သူတို့၏ ဆက်ဆံရေးမှာ လုံလောက်စွာ နက်ရှိုင်းလှပေသည်။ တုပိုင်၏ ရင်ထဲတွင်မူ အန်နမ်ဘုရင် လီချန်သည် ကောင်းမွန်သော ဘုရင်တစ်ပါး ဖြစ်ရုံသာမက ကောင်းမွန်သော သူငယ်ချင်းတစ်ဦးလည်း ဖြစ်ပေသည်။
အတိုင်းအတာတစ်ခုအထိတော့ ဘုရင်တစ်ပါးအနေဖြင့် သူသည် ဧကရာဇ် ထျန်ယွင်ထက် အများကြီး ပိုလုပ်ဆောင်နိုင်ခဲ့သည်။ သူ သေဆုံးသွားခြင်းက တုပိုင်ကို အလွန်တရာ ရင်ကွဲနာကျစေခဲ့၏။
"ယောက်ဖတော်..." တုပိုင်က မင်းသား လီချင်းကို ခေါ်လိုက်သည်။
ထို့နောက် သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဘုရင်ကြီး၏ အငယ်ဆုံး သားနှင့် သမီးကို ပွေ့ဖက်ထားလိုက်ကာ ၊ သူတို့၏ ကြောက်ရွံ့နေသော မျက်နှာများနှင့် နီရဲနေသော မျက်လုံးဝိုင်းကြီးများကို ကြည့်လိုက်သည်။
"ယောက်ဖတော်က မင်းတို့ကို ကာကွယ်ပေးမှာပါ" တုပိုင်က ညင်သာစွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ယောက်ဖတော်ရဲ့ အိမ်မှာပဲ နေကြတော့နော်"
"တုပိုင်... သန်လုံစီရင်စုလည်း ကျဆုံးသွားပြီ" ဘုရင်မ နင်းချန်က ပြောသည်။ "ကျွန်မ လူထောင်ဂဏန်းလောက်ကို ခေါ်ပြီး ရှင့်ရဲ့ နယ်မြေဆီ ထွက်ပြေးလာခဲ့ရတာပဲ။ အန်နမ်နိုင်ငံ တစ်ခုလုံး ကျဆုံးသွားပြီ... မိုဟန်က သိမ်းပိုက်သွားပြီ"
တုပိုင်က ပြောလိုက်၏။ "ဘုရင်မ... စစ်ပွဲက အခုမှ စရုံပဲ ရှိပါသေးတယ်"
ထို့နောက် သူက မင်းသား လီချင်းကို ကြည့်ကာ ပြောလိုက်သည်။ "စစ်ပွဲပြီးသွားရင်... အန်နမ်နိုင်ငံရဲ့ နယ်မြေတစ်ခုလုံးကို ပြန်ရအောင် ငါ မင်းကို သေချာပေါက် ကူညီပေးမယ်။ မင်းကို ဘုရင်ဖြစ်စေရမယ်... မင်းရဲ့ခမည်းတော် ငါ့အပေါ် မျှော်လင့်ထားတာတွေကို ငါ ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ" ပိန်ပါးသော ကောင်လေးက ဦးညွှတ်ကာ ပြော၏။ "ရင်ခွင်ပိုက်မင်းသား... ဒီတစ်ကြိမ် ကျွန်တော်တို့ သန်လုံစီရင်စုကနေ စစ်သည်ထောင်ချီ ခေါ်ဆောင်လာခဲ့ပါတယ်။ အရေအတွက် နည်းပါးပေမဲ့ ရင်ခွင်ပိုက်မင်းသားဆီကို လွှဲပြောင်းပေးအပ်ချင်ပါတယ်။ အားနည်းပေမဲ့ တိုက်ပွဲဝင်ပါရစေ"
**--**--**--**--**--**--**--**
မင်းသမီးယွီကျိန်း၏ ယခင် အပျိုဆောင်၌ တုပိုင် တံခါးကို ဖွင့်လိုက်သည်။ အခန်းထဲတွင် မှောင်မည်းနေပြီး ၊ ပြတင်းပေါက်များ အားလုံးကို တင်းကျပ်စွာ ပိတ်ထားကာ ၊ ဆွဲဆောင်မှုရှိသော ကျောပြင်လေးတစ်ခုကို ဝိုးတဝါး မြင်နေရ၏။
သူမသည် ထိုနေရာတွင် ငေးမောကာ ထိုင်နေသည်။
ကျောပြင်ကို ကြည့်လိုက်ရုံဖြင့် ဤသူကား မင်းသမီးယွီကျိန်းမှန်း သိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အခြားသောမိန်းမများတွင် ထိုမျှ ဆွဲဆောင်မှုရှိပြီး အချိုးအစားကျသော ခန္ဓာကိုယ်မျိုး လုံးဝ မရှိသောကြောင့်ပင်။
တုပိုင် ရှေ့သို့ လျှောက်သွားပြီး ၊ သူမ၏ ပခုံးကို ထိကိုင်ရန် လက်လှမ်းလိုက်၏။ မထိရသေးမီတွင်ပင် ၊ မင်းသမီးယွီကျိန်းသည် ရုတ်တရက် လှည့်လာပြီး တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
ထို့နောက် ပူနွေးသော နှုတ်ခမ်းများက သူ့ကို နမ်းရှိုက်လာ၏။ သူမ၏ တစ်ကိုယ်လုံးက သူ့ကို ရစ်ပတ်ထားလေသည်။
"တောင်းပန်ပါတယ်... မောင်လေးတုပိုင်"
"အမ မှားသွားပါတယ်... အမ မှားသွားခဲ့တာပါ"
"အမကို အပြစ်မတင်ပါနဲ့... မဆူပါနဲ့နော်"
"ခွင့်လွှတ်ပေးပါ"
"အမကို လက်ထပ်ပါ... အမနဲ့ အတူအိပ်ပါ"
ထို့နောက် သူမသည် ကျားသစ်တစ်ကောင်ကဲ့သို့ တုပိုင်အား ကုတင်ပေါ်သို့ တွန်းလှဲလိုက်ပြီး ၊ အသည်းအသန် ကြင်နာယုယကာ သူမ၏ ရင်တွင်းမှ ဝမ်းနည်းကြေကွဲမှုများကို အသည်းအသန် ဖောက်ခွဲထုတ်ပစ်လိုက်လေတော့သည်။
သူမ ယခင်က ပြုလုပ်ခဲ့သော အမှားများနှင့် အပြစ်ရှိစိတ်များကို ချေဖျက်ရန်အတွက် သူမ၏ မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်ကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
လုံးဝ သတိလက်လွတ် ဖြစ်သွားချိန်တွင် ၊ တုပိုင်သည် မင်းသမီးယွီကျိန်း၏ အတင်းအကြပ် တွန်းလှဲခြင်းကို ခံလိုက်ရလေတော့သည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ၊ အန်နမ်နိုင်ငံ သန်လုံစီရင်စုရှိ တော်ဝင်နန်းတော်၌ နန်းတက်ပွဲ အခမ်းအနားကြီးကို ကျင်းပနေလေ၏။
ရာနှင့်ချီသော နန်းတွင်းအမတ်များနှင့် စစ်ဘက်အရာရှိများ၏ ထောက်ခံမှုဖြင့် ၊ မိုဟန်က မိုမိသားစု၏ အုပ်ချုပ်မှုကို ပြန်လည်ထိန်းသိမ်းကြောင်း ကြေညာခဲ့ပြီး ၊ မြောက်အန်နမ် ဘုရင်မအဖြစ် ထီးနန်းတက်ခဲ့သည်။
သူမ၏ နန်းတက်ပွဲ အခမ်းအနားသည် မင်းသမီးနင်းရွှဲ့နှင့် ဧကရာဇ်ယုံချန်တို့၏ နန်းတက်ပွဲထက် များစွာ ပိုမို ခမ်းနားကြီးကျယ်လှပေသည်။
နိုင်ငံပေါင်း ငါးဆယ်ကျော်မှ သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြ၏။ ဘုရင်လီချန်ကို ပုန်ကန်ခဲ့သော တောင်အန်နမ်မှ ငုယင်မိသားစု၏ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် မိုဟန်၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
တုပိုင်မှလွဲ၍ ၊ အရှေ့အာရှရှိ နိုင်ငံအားလုံးက ဘုရင်မ မိုဟန်၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြလေသည်။
ဧကရာဇ်ယုံတယ် စေလွှတ်လိုက်သော သံတမန်တစ်ဦးက တော်ဝင်အမိန့်စာဖြင့် မိုဟန်အား မြောက်အန်နမ် ဘုရင်မအဖြစ် ဘွဲ့နှင်းသဘင် ဆင်ယင်ပေးခဲ့၏။
အနောက်ကမ္ဘာမှ သံတမန်များလည်း လူတစ်ရာကျော် ရောက်ရှိလာခဲ့ကြပြီး ၊ မူလက လူဇွန်းမြို့တွင် စေ့စပ်ဆွေးနွေးခဲ့သော ဗိုက်ကင်းနိုင်ငံမှ သံတမန်ပင်လျှင် ဗိုက်ကင်းဘုရင်ကို ကိုယ်စားပြု၍ ဘုရင်မ မိုဟန်၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မိုဟန်၏ စေ့စပ်ထားသူမှာ တစ်ကမ္ဘာလုံးရှိ သြဇာအကြီးမားဆုံး အရှင်သခင်များထဲမှ တစ်ဦးဖြစ်သည့် အရှေ့ဘက် ပြည်ထောင်စု၏ ဧကရာဇ်လေး ဖန်းချန် ဖြစ်နေသောကြောင့်ပင်။
အရှေ့ဘက် ပြည်ထောင်စု၏ ရာနှင့်ချီသော စစ်တပ်ကြီးနှင့် ခွန်လွန်ကျွန်စစ်သည် ၃၀,၀၀၀ တို့က ဘုရင်မ မိုဟန် နန်းတက်ခြင်းကို ဂုဏ်ပြုရန်အတွက် ရင်ပြင်ပေါ်တွင် ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။
လက်ရှိအချိန်၌ ဘုရင်မ မိုဟန်သည် စစ်မှန်သော ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ စစ်မှန်သော ရွှေသရဖူကို ဆောင်းထားလေ၏။
သူမသည် ရွှေထီးနန်းပေါ်တွင် မြင့်မားစွာ ထိုင်နေပြီး ၊ ခန်းမဆောင်နှင့် နန်းတွင်းအမတ်များကို အပေါ်စီးမှ ငုံ့ကြည့်နေလေလျက်ရှိသည်။
"မိုမိသားစုရဲ့ ဘိုးဘေးတွေ ၊ ချစ်လှစွာသော ခမည်းတော်... မြင်တော်မူရဲ့လား။ မျိုးနွယ်စုက နှစ်ရာနဲ့ချီပြီး မလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတစ်ခုကို ကျွန်မ လုပ်ဆောင်နိုင်ခဲ့ပြီ။ မိုမိသားစုကို ကျွန်မ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီ" ဘုရင်မ မိုဟန်က လေကို ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။
နန်းတော်ထဲရှိ လေထုမှာ ထူးခြားနေပုံရ၏။
ထီးနန်းတက်မည့် ဘုရင်တိုင်းသည် သွေး ၊ သတ်ဖြတ်ခြင်းနှင့် ကြီးမြတ်သော စွမ်းဆောင်ရည်များ လိုအပ်ပြီး ၊ ဘုရင်၏ ဓားသည် သွေးကို မြင်တွေ့ရန် လိုအပ်လေသည်။
"တုပိုင်... ရှင့်ရဲ့ အာဏာက ကြီးလွန်းတာလည်း မဟုတ်သလို သေးလွန်းတာလည်း မဟုတ်ဘူး။ ငါ့ရဲ့ ဘုရင့်ဓား ဘယ်လောက် ထက်မြက်သလဲဆိုတာ စမ်းသပ်ခံလိုက်စမ်း။ ငါတို့ မိုမင်းဆက်ရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေက ရှင်နဲ့ စတင်ခဲ့ပြီး ၊ ရှင်က ငါ မိုဟန် ဘုရင်မရဲ့ ကြီးစိုးမှုအတွက် ပထမဆုံး နင်းတက်ရမယ့် ခဲကျောက်တစ်ခု ဖြစ်လာပြီပေါ့လေ"
ထို့နောက် မိုဟန်သည် ဘုရင်၏ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး ကျယ်လောင်စွာ ကြွေးကြော်လိုက်၏။ "စစ်တပ်က မြောက်ဘက်ကို ချီတက်ပြီး မိုမင်းဆက်ရဲ့ ဇာတိမြေကို ပြန်လည်သိမ်းပိုက်မယ်။ ပုန်ကန်သူ တုပိုင်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ် ၊ ကျန်းဝူ ဧကရာဇ်အတုကိုလည်း အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်။ တုပိုင်ရဲ့ သူခိုးစစ်တပ်ကို သေတဲ့အထိ ခုတ်သတ်ပြီး တုပိုင်ရဲ့ နယ်မြေကို အပျက်အစီးပုံကြီး ဖြစ်သွားအောင် လုပ်ပစ်မယ်"
"မဟာစစ်တပ်ကြီး မြောက်ဘက်သို့ ချီတက်လော့"
"စစ်တပ်က မြောက်ဘက်ကို ချီတက်ပြီး တုပိုင်ကို အပြတ်အသတ် သတ်ပစ်မယ်"
"တုပိုင်ရဲ့ နယ်မြေကို ဝင်ရောက်ပြီး အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲပစ်မယ်"
အရှေ့ဘက် ပြည်ထောင်စု၏ သိန်းနှင့်ချီသော စစ်တပ်ကြီးက တစ်ခဲနက် ဟစ်ကြွေးလိုက်ကြရာ ၊ သူတို့၏ အသံများသည် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေ၏။
ထို့နောက် စစ်ရေးပြပွဲတွင် ပါဝင်နေသော သိန်းနှင့်ချီသည့် စစ်တပ်ကြီးသည် နန်းတော်ရင်ပြင်မှနေ၍ မြောက်ဘက်သို့ တိုက်ရိုက် ချီတက်သွားကြပြီး ၊ တုပိုင်၏ ကွမ်ရှီး လျန်ကျိုးစီရင်စုဆီသို့ ပြင်းထန်စွာ ဦးတည်သွားကြလေသည်။
အခြားသော သိန်းနှင့်ချီသည့် စစ်တပ်ကြီးသည်လည်း အန်နမ်နိုင်ငံ၏ အနောက်ဘက်ပိုင်းမှနေ၍ တုပိုင်၏ ပိုင်ဆယ်မြို့ဆီသို့ ပြင်းထန်စွာ ချီတက်သွားကြ၏။
စစ်တပ်အင်အား သုံးသိန်း။ မရေမတွက်နိုင်သော အမြောက်များ ၊ အံ့မခန်းဖွယ် အလွန်ကြီးမားသော အမြောက်ကြီးများ ၊ အစွမ်းထက်သော သေနတ်ကိုင်တပ်သားများနှင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည့် ခွန်လွန်ကျွန်စစ်သည်များတို့သည် ခန့်ညားထည်ဝါပြီး အဆုံးအစမရှိ အလွန်များပြားလှကာ ၊ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားစေနိုင်လောက်အောင် တုပိုင်၏ ကွမ်ရှီးဆီသို့ လှိုင်းလုံးကြီးများအလား ချီတက်လာကြလေ၏။
ဤသည်မှာ ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော အင်အားတစ်ခုပင် ဖြစ်သည်။ ဘုရင်မ မိုဟန်သည် နန်းတော်ထဲတွင် မြေကြီး တုန်ခါနေမှုကို ခံစားနေရ၏။
"တုပိုင်... ရှင် ကြားလား။ ဒါဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး အင်အားပဲ။ ပုရွက်ဆိတ်တစ်ကောင်လို အားနည်းတဲ့ ရှင့်ကို အကြိမ်တစ်ရာလောက် ဖျက်ဆီးပစ်ဖို့တောင် လုံလောက်တယ်"
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် မြေပြင်စစ်တပ်ထက် ပိုမို မြန်ဆန်နေသည်မှာ ဘုရင်မ မိုဟန်၏ အစွမ်းထက်သော ရေတပ်ကြီးပင် ဖြစ်၏။
စစ်သင်္ဘောကြီး သုံးစင်း ၊ ခရူဇာ စစ်သင်္ဘော လေးစင်းနှင့် ဖရီးဂိတ်စစ်သင်္ဘော ခုနစ်စင်းတို့ပါဝင်သည့် လွန်စွာ အစွမ်းထက်လှသော ရေတပ်ကြီးသည် တုပိုင်၏ ပိုင်နက်ရေပိုင်နက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာ၏။
**--**--**--**--**--**--**--**
ထိုအချိန်၌ ကွမ်ရှီး ၊ ကွေ့လင်စီရင်စုတွင် လီဝမ်ဝမ်၏ လှပသော မျက်လုံးများက တုပိုင်ကို မြတ်နိုးစွဲလမ်းစွာ စိုက်ကြည့်နေပြီး ၊ ညင်သာစွာ ပြောလာသည်။ "ခင်ပွန်း... ရှင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ပြီးခဲ့တဲ့အကြိမ် ရှင် ကျွန်မကို သတ်လိုက်ကတည်းက ကျွန်မ ရှင့်ကို နေ့တိုင်း အိပ်မက်မက်နေတုန်းပဲ။ ဒါပေမဲ့ အဲဒါတွေအကုန်လုံးက ချစ်ခြင်းအိပ်မက်တွေချည်းပါပဲ။ အိပ်မက်ထဲမှာ ရှင် ကျွန်မကို ဘယ်တော့မှ ထပ်မသတ်တော့ဘူး"
"ခင်ပွန်း... ကျွန်မ သွားတော့မယ်။ ဒီတစ်ခါသွားရင် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ထင်တယ်။ ဂရုစိုက်ပါ ခင်ပွန်း"
လီဝမ်ဝမ် ပြောသည်ကို ကြားလိုက်ရသောအခါ ၊ တုပိုင် လုံးဝ အံ့သြမှင်တက်သွားရလေ၏။
ဤသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းနည်း။
လီဝမ်ဝမ်က ပြောသည်။ "ခင်ပွန်း... ရှင် တိုက်ပွဲဝင်နေရတဲ့ တာဝန်က ဘာလို့ ထင်လဲ။ အဆုံးစွန်သော တာဝန် ၊ အမြင့်ဆုံးတာဝန်လေ"
တုပိုင် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြော၏။ "ကမ္ဘာကြီးကို ကယ်တင်ဖို့ ဖြစ်ရမယ်။ မိစ္ဆာတွေရဲ့ ဖျက်ဆီးမှုကို မခံရဖို့နဲ့ သေဆုံးနေတဲ့ ဂြိုဟ်တစ်ခု ဖြစ်မသွားဖို့ပေါ့"
ဤသည်မှာ သူ၏ တာဝန်ကို ပထမဆုံးအကြိမ် တရားဝင် ရင်ဆိုင်ပြီး စကားလုံးများဖြင့် ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
သေချာပေါက်ပင် သူကိုယ်တိုင်လည်း ဤအရာကို အပြည့်အဝ နားမလည်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အိပ်မက်စနစ်က ထိုအကြောင်းကို တစ်ခါမျှ မပြောပြခဲ့ဖူးဘဲ ၊ တုပိုင်ကိုယ်တိုင် ခန့်မှန်းပြီး ကောက်ချက်ချထားခဲ့ခြင်းသာ ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင့်ခြောက်ရာခန့်က ၊ နယ်ပယ်များ ဆုံစည်းသွားချိန်တွင် ၊ အခြားကမ္ဘာများမှ စွမ်းအင် ဥက္ကာပျံများသည် ကမ္ဘာမြေပေါ်သို့ ပျက်ကျလာခဲ့ပြီး ၊ ကမ္ဘာမြေ၏ အပြိုင်နယ်ပယ်နှစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၇ + ၇၅၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team