အခန်း (၇၅၉-၇၆၀)
Vol. 76 Ch. 759-760
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၉ + ၇၆၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
တစ်ခုက တုပိုင် ယခင်ဘဝက နေထိုင်ခဲ့သည့် ကမ္ဘာမြေဖြစ်ပြီး ၊ အောက်တန်းစားကောင် တုပိုင်က သူ၏ချစ်သူကောင်မလေးကို သစ္စာဖောက်ကာ ဖောက်ပြန်ခဲ့သော ကမ္ဘာမြေပင် ဖြစ်သည်။ နောက်တစ်ခုကတော့ လက်ရှိ ကမ္ဘာမြေပင် ဖြစ်လေ၏။
ထို့နောက် တုပိုင်သည် သူ၏ အဆုံးစွန်သော တာဝန်မှာ အခြားကမ္ဘာမှ နောက်ထပ် စွမ်းအင်ကျူးကျော်မှုကို တားဆီးရန် မဟုတ်ကြောင်း ကောက်ချက်ချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ ထိုနေရာရှိ ကမ္ဘာကြီး အက်ကွဲသွားမှုမှာ အခြားကမ္ဘာမှ ပြီးခဲ့သော စွမ်းအင်ကျူးကျော်မှုကြောင့် ကျန်ရစ်ခဲ့သည့် အမာရွတ်တစ်ခုပင် ဖြစ်လေသည်။
ထို့ပြင် နောက်ထပ် မိစ္ဆာများ၏ အကြီးစား ကျူးကျော်မှုသည် ဥက္ကာပျံ အနည်းငယ်မျှ မဟုတ်နိုင်သကဲ့သို့ ၊ ကမ္ဘာကြီးကို အက်ကွဲကြောင်းများ ဖြစ်ပေါ်စေရုံမျှသာ မဟုတ်ဘဲ ၊ ကမ္ဘာကြီး တစ်ခုလုံးကို အလုံးစုံ ပျက်စီးသွားစေလိမ့်မည် ဖြစ်၏။
လီဝမ်ဝမ်က ပြောလာသည်။ “ခင်ပွန်း... ဒါဆို သခင်လေး ဖန်းချန်က အခြားကမ္ဘာက မိစ္ဆာတစ်ကောင်ရဲ့ လက်ပါးစေလို့ ရှင် ထင်နေတာလား”
တုပိုင် ဤပြဿနာနှင့် ပတ်သက်၍ တစ်ကြိမ်မက တွေးတောခဲ့ဖူးသည်။
ကမ္ဘာကြီး၏ အက်ကွဲကြောင်းထဲ၌ ၊ ဤကမ္ဘာမြေသို့ ဝိညာဉ်မိစ္ဆာ လေးကောင် ရောက်ရှိလာခဲ့ကြောင်းကို သူ သိရှိခဲ့ရ၏။
ဝိညာဉ်မိစ္ဆာများသည် လောကတွင် ဉာဏ်အကောင်းဆုံးနှင့် အကောက်ကျစ်ဆုံး သတ္တဝါများဖြစ်ပြီး ၊ မည်သူ့ရုပ်သွင်ကိုမဆို ပြောင်းလဲယူနိုင်စွမ်း ရှိကြသည်။
ထို သခင်လေး ဖန်းချန်ကရော ဝိညာဉ်မိစ္ဆာ တစ်ကောင်များလား။ တုပိုင် တကယ်ကို မသိသလို ဆုံးဖြတ်ချက်လည်း မချနိုင်ခဲ့ချေ။ အနည်းဆုံး ယခုအချိန်အထိတော့ တုပိုင် ဝိညာဉ်မိစ္ဆာ တစ်ကောင်ကိုမျှ မတွေ့ရှိခဲ့ရသေးပေ။
လီဝမ်ဝမ်က ပြောသည်။ “ခင်ပွန်း... ရှင့်ရဲ့ တာဝန်က လုံးဝ တရားမျှတတယ်လို့ ရှင် ထင်လား”
တုပိုင်က ဖြေလိုက်၏။ “အင်း”
သေချာပေါက် တုပိုင်က သူ တရားမျှတသည်ဟု ခံစားနေရသည်။
ထို့နောက် သူက ဆက်ပြောသည်။ “ဒါပေမဲ့ ပိုဝမ်းနည်းစရာကောင်းတာက ငါတို့မှာ တရားမျှတမှုအကြောင်း တွေးဖို့ အချိန်တောင် မရှိဘူး။ ငါ သိတာတစ်ခုကတော့... ငါ သူတို့ကို အနိုင်မယူနိုင်ဘူးဆိုရင် ၊ အရှေ့ဘက် ပြည်ထောင်စုကို ငါ အနိုင်မယူနိုင်ဘူးဆိုရင် ငါ့ရဲ့ အနောက်တောင်ဘက် ပြည်နယ်ငါးခု ကျဆုံးသွားရုံတင်မကဘူး ၊ ငါ ဂရုစိုက်ရတဲ့သူတွေ အားလုံး သေကုန်ကြလိမ့်မယ်။ ငါ့ဇနီး နီရှန် ၊ နင်းရွှဲ့ နဲ့ နီရှန့် ဗိုက်ထဲက ကလေးလေးတွေ အပါအဝင်ပေါ့”
ဟုတ်ပေသည် ၊ ယခုအချိန်၌ တရားမျှတမှုအကြောင်း တွေးတောနေရန် အချိန်မရှိတော့ချေ။
သူ၏ ဘေးနားရှိ လူများကို ကာကွယ်ရန်အတွက် ၊ အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်ကြီးကို မဖြစ်မနေ အနိုင်ယူရမည် ဖြစ်၏။
“ပြီးတော့ ကျွန်မရော...” လီဝမ်ဝမ်က ပြောလာသည်။ “ကျွန်မလည်း ရှင့်ဇနီးပဲလေ။ တကယ်လို့ ရှင်သာ သခင်လေး ဖန်းချန်ကို ရှုံးသွားခဲ့ရင် ၊ ကျွန်မလည်း သေရလိမ့်မယ် ထင်တယ်။ သေချာတာပေါ့... ကျွန်မက တစ်ခါ သေဖူးပြီးသားပါ။ ပြီးတော့ ရှင့်လက်နဲ့ကိုယ်တိုင် အသတ်ခံခဲ့ရတာလေ”
တုပိုင်သည် လီဝမ်ဝမ်၏ လှပပြီး ဆွဲဆောင်မှုရှိလှသော မျက်နှာလေးကို ကြည့်ကာ ပြောလိုက်သည်။ “ဝမ်ဝမ်... ဒီတစ်ခါ မင်းပေါ်လာတာက ငါ့ကို အများကြီး အကူအညီဖြစ်စေခဲ့တယ်။ ပထမဆုံးအနေနဲ့ ဧကရာဇ်ယုံတယ်ရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံကို မင်း ငါ့ကို ပြောပြခဲ့တယ်။ ပြီးတော့ မင်းက နင်းရွှဲ့နဲ့ မင်းသမီးယွီကျိန်းတို့ကိုလည်း ကယ်တင်ပေးခဲ့တယ်”
လီဝမ်ဝမ်က သူမ၏ လက်ချောင်းလေးကို ဆွဲဆောင်မှုရှိစွာ ကိုက်လိုက်ရင်း မေးလိုက်၏။ “အဲဒီနောက်ကော ဘာရှိသေးလဲ”
တုပိုင်က ပြောသည်။ “ဒါပေမဲ့ မင်း အခုလို ပေါ်လာတာက ဒီကိစ္စတွေအတွက် သက်သက်ပဲတော့ သေချာပေါက် မဟုတ်ဘူးလေ။ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေရမယ် မှတ်လား”
လီဝမ်ဝမ်က ပြော၏။ “ဟုတ်ပါတယ်။ ဒါက မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီးရဲ့ ထိပ်တန်း လျှို့ဝှက်ချက်ပါ”
တုပိုင်က ဆိုသည်။ “ငါလည်း မင်းကို ဖုံးကွယ်ထားတဲ့ ကိစ္စတွေ ရှိသလို ၊ မင်းလည်း ငါ့ကို ဖုံးကွယ်ထားတာတွေ ရှိတာပဲလေ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လီဝမ်ဝမ်က ပြောလာသည်။ “ခင်ပွန်း... ကျွန်မရဲ့လက်က ရှင့်ရဲ့ ငရဲမီးတောက်နဲ့ လောင်ကျွမ်းခံလိုက်ရတာလေ။ ဒါကြောင့် အသက်ရှင်သန်ဖို့နဲ့ လွတ်မြောက်ဖို့အတွက် ကျွန်မ ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘူး။ အဲဒီနောက် ကျွန်မက မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီးဆီကို သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်မ ဘယ်လို ခံစားနေရလဲ ရှင် သိလား”
တုပိုင်က ပြန်ဖြေ၏။ “စိတ်ပျက်အားငယ်မှု ၊ နာကြည်းမုန်းတီးမှုတွေပေါ့”
လီဝမ်ဝမ်က ပြောသည်။ “ဟုတ်ပါတယ်။ စိတ်ပျက်အားငယ်မှုနဲ့ နာကြည်းမုန်းတီးမှုတွေပါ။ ဒါပေမဲ့ ပိုများတာက စိတ်ပျက်အားငယ်မှုတွေပဲ။ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ့်ခန္ဓာကိုယ်နဲ့ အလှအပကို အရမ်း တန်ဖိုးထားလွန်းလို့လေ။ မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီး တစ်ယောက်တည်းကသာ ကျွန်မကို လက်အသစ်တစ်စုံ ပေးနိုင်မယ်ဆိုတာ ကျွန်မ သိတယ်။ တကယ်တမ်းလည်း သူတို့ လုပ်ပေးခဲ့ပါတယ်။ ကျွန်မကို လက်တစ်စုံ ပေးခဲ့ရုံတင်မကဘူး ၊ ပိုအရေးကြီးတာက ဘဝသစ်တစ်ခုကိုပါ ပေးခဲ့တာပါ”
တုပိုင် ဘာမျှဝင်မပြောဘဲ ၊ လီဝမ်ဝမ် ဆက်ပြောလာမည့် စကားများကိုသာ နားထောင်နေလိုက်၏။
“အဲဒီနောက် ကျွန်မ မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီးကို တွေ့ခဲ့ရတယ်...” လီဝမ်ဝမ်က ပြောသည်။ “သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာက ဘာလဲဆိုတာကို ရှင် သိလောက်မှာပါ”
သေချာပေါက် သူ သိပေသည်။ မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီးဆိုသည်မှာ ဧကရာဇ်လေး ဖန်းချန်နှင့် နင်တောက်ရွှမ်တို့၏ အဆင့်အတန်း ပေါင်းစပ်ထားမှုမျိုးနှင့် အတန်ငယ် ဆင်တူနေသည်။
သူသည် ကမ္ဘာကြီး၏ သုံးပုံတစ်ပုံရှိ နိုင်ငံပေါင်းများစွာ၏ အထွတ်အထိပ် ခေါင်းဆောင်ကြီးပင် ဖြစ်လေ၏။ ဧကရာဇ်တို့၏ ဧကရာဇ် ၊ ဘုရင်တို့၏ ဘုရင်ပင် ဖြစ်လေသည်။
လောကကြီး၏ တော်ဝင်ရောမအင်ပါယာ ဧကရာဇ်မှာ လောကီရေးရာ ခေါင်းဆောင်ဖြစ်ပြီး ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်း ဧကရာဇ်ကမူ ဝိညာဉ်ရေးရာ ခေါင်းဆောင် ဖြစ်ပေလိမ့်မည်။
ဤမီးနတ်ဘုရားဂိုဏ်း ခေါင်းဆောင် တစ်ဦးတည်းကသာ တစ်ခုလုံးသော မီးနတ်ဘုရားလောကရှိ လောကီရေးရာ ၊ ဝိညာဉ်ရေးရာနှင့် သိုင်းပညာဟူသော ခေါင်းဆောင်မှု သုံးရပ်လုံးကို ပိုင်ဆိုင်ထားသူ ဖြစ်လေ၏။
သူသည် တကယ်ကို ကမ္ဘာကြီး၏ ထိပ်ဆုံးတွင် ရှိနေသော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။
လီဝမ်ဝမ်က ပြောလာသည်။ “ကျွန်မရဲ့ ဆရာသခင်ကို ရှင် သိတယ် မှတ်လား။ သူက ရှင့်လိုပဲ ကူးပြောင်းလာတဲ့သူ တစ်ယောက်လေ”
တုပိုင် ခေါင်းညိတ်ပြလိုက်၏။
ထိုအစွမ်းထက်လှသော ယခင် စနစ်ရှင်သည် ယခုကဲ့သို့ အစွမ်းထက်လှသည့် လီဝမ်ဝမ် ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။
ထို့ပြင် ထိုယခင်စနစ်ရှင်သည် တစ်ချိန်က မီးနတ်ဘုရားဂိုဏ်း၏ ဒုတိယဆရာသခင်ချုပ် ရာထူးအထိပင် ရောက်ရှိခဲ့ဖူးပြီး ၊ လူတစ်ယောက်တည်း၏ အောက်နှင့် သန်းရာနှင့်ချီသော လူများ၏ အထက်တွင် ရှိနေခဲ့ဖူးသူ ဖြစ်၏။
လီဝမ်ဝမ်က ပြောသည်။ “ခင်ပွန်း... မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ချုပ်ကြီးက အရမ်းကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ ကြီးမြတ်တဲ့ တရားမျှတမှုကြီးတစ်ခုလိုမျိုးပေါ့။ သူ့ရဲ့ ရည်မှန်းချက်ကလည်း ရှင့်လိုပါပဲ... တစ်ကမ္ဘာလုံးကို ကယ်တင်ဖို့ပါ”
ထိုစကားသည် အဓိကအချက် မဟုတ်ပေ ၊ အဓိကအချက်မှာ လီဝမ်ဝမ် ဆက်ပြောမည့် စကားပင် ဖြစ်လေ၏။
လီဝမ်ဝမ်က ပြောလာသည်။ “ဒါပေမဲ့ မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ကြီးရဲ့ အပြောအရဆိုရင်တော့... ကျွန်မရဲ့ ဆရာသခင်က သိပ်ပြီး ဂုဏ်ယူစရာကောင်းတဲ့သူ မဟုတ်ဘူးတဲ့”
အိပ်မက်စနစ်၏ ယခင် စနစ်ရှင်သည် သိပ်ပြီး ဂုဏ်ယူစရာကောင်းသူ မဟုတ်ဘူးလော။
လီဝမ်ဝမ်က ပြောသည်။ “ခင်ပွန်း... ကျွန်မ အနာဂတ်ကို အိပ်မက်မက်နိုင်တယ်။ ဒါပေမဲ့ အနာဂတ်က ကျွန်မအတွက် မြူခိုးတွေလို ဝေဝါးနေတုန်းပဲ။ ကျွန်မ အမှန်တရားကို ရှာဖွေချင်တယ်... ကျွန်မအတွက်တင် မကဘူး ၊ ရှင့်အတွက်လည်း ပါတာပေါ့”
လီဝမ်ဝမ်၏ စကားများက ရှင်းလင်းမှု မရှိလှသော်လည်း ၊ သတင်းအချက်အလက် ပမာဏမှာ အလွန်တရာ ကြီးမားလှပြီး ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဖြစ်လေ၏။
သတင်းအချက်အလက် ပမာဏမှာ အလွန် ကြီးမားလွန်းလှသဖြင့် တုပိုင် နက်နက်ရှိုင်းရှိုင်းပင် မတွေးတောနိုင်တော့ချေ။
လီဝမ်ဝမ်က ပြောသည်။ “ခင်ပွန်း... ဒါဆို ကျွန်မ သွားတော့မယ်နော်။ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ ဆုတောင်းပေးပါဦး”
သူမ မည်သည်ကို သွားလုပ်မည်ဆိုသည်ကို တုပိုင်အား မပြောပြပေ။
တုပိုင် မေးလိုက်၏။ “ဝမ်ဝမ်... မင်းတို့ မီးနတ်ဘုရားဂိုဏ်းနဲ့ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းက ပူးပေါင်းပြီး ပေမင်ဓားဂိုဏ်းကို တိုက်ခိုက်ချင်နေကြတာလား”
ထိုစကားထွက်လာသောအခါ ၊ လီဝမ်ဝမ်၏ ခန္ဓာကိုယ်လေး တုန်ယင်သွားလေတော့သည်။
ထို့နောက် သူမက ညင်သာစွာ ပြောလာသည်။ “ခင်ပွန်း... ပေမင်ဓားဂိုဏ်းရဲ့ ကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်က ပျက်စီးသွားပြီ မှတ်လား”
ထိုသည်မှာ သူတို့နှစ်ဦး ဖုံးကွယ်ထားသော ထိပ်တန်း လျှို့ဝှက်ချက်ပင် ဖြစ်လေ၏။ သူတို့နှစ်ဦးစလုံး ထုတ်မပြောခဲ့ကြသော်လည်း ၊ နှစ်ဦးစလုံးက ခန့်မှန်းမိနေကြသည်။
ယခုအခါ သူတို့နှစ်ဦးစလုံး နောက်ဆုံးတွင် ဖွင့်ဟပြောဆိုလာကြပြီး ၊ နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး ယုံကြည်ရန် ရွေးချယ်လိုက်ကြပြီ ဖြစ်၏။
တုပိုင်က မေးလိုက်သည်။ “မင်း သွားကို သွားရမှာလား”
လီဝမ်ဝမ်က ပြော၏။ “သွားကို သွားရမှာပါ။ အရှေ့ဘက် ပြည်ထောင်စုက တောင်အမေရိကတိုက်ကို သိမ်းပိုက်ပြီး ၊ ကမ္ဘာကြီးရဲ့ အဆုံးစွန် လျှို့ဝှက်နေရာကိုပါ သိမ်းပိုက်ထားလိုက်ပြီ။ သူ ဘာလုပ်မလဲဆိုတာ ကျွန်မတို့ မသိပေမဲ့ သူ့ကို တားဆီးရမယ်။ ရှင်က သူ့ကို စစ်ရေးအရ တားဆီးပါ... ကျွန်မတို့က သူ့ကို သိုင်းပညာအရ တားဆီးမယ်”
ထိုအချိန်၌ တုပိုင်၏ ရင်ထဲတွင် အလွန်တရာ ရှုပ်ထွေးနေလေ၏။ ပထမအချက်မှာ ၊ သူနှင့် ပေမင်ဓားဂိုဏ်းတို့သည် ရေနှင့်မီးကဲ့သို့ ဖြစ်နေခြင်းပင်။
သို့သော်လည်း တုပိုင်သည် သူ့ကိုယ်သူ အရှေ့တိုင်းကမ္ဘာ၏ အနာဂတ် ခေါင်းဆောင်နှင့် ပေမင်ဓားဂိုဏ်း၏ အနာဂတ် ဂိုဏ်းချုပ်ကြီးအဖြစ် သတ်မှတ်ထားခဲ့သည်။
တိုက်ရိုက်ပြောရလျှင် ၊ တုပိုင်သည် အနာဂတ်တွင် အရှေ့တိုင်းကမ္ဘာ၏ သိုင်းပညာ ၊ ဝိညာဉ်ရေးရာနှင့် လောကီရေးရာတို့၏ အထွတ်အထိပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ကြိုတင်သတ်မှတ်ထားခဲ့လေ၏။
ပေမင်ဓားဂိုဏ်းသည် သူ့အတွက်သာ ဖြစ်သင့်ပြီး ၊ မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့က ဝင်ရောက်တိုက်ခိုက်မည်ကို သူ သဘောမတူနိုင်ချေ။
ပေမင်ဓားဂိုဏ်းသာ တိုက်ခိုက်ခံရပါက ၊ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနှင့် မီးနတ်ဘုရားဂိုဏ်းတို့၏ ခွဲဝေသိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။
“ဝမ်ဝမ်... မသွားပါနဲ့လား” တုပိုင် ပြော၏။
“ဘာလို့လဲ” လီဝမ်ဝမ်က ပြောသည်။ “ခင်ပွန်းက ပေမင်ဓားဂိုဏ်းကို ကိုယ်ပိုင်နယ်မြေလို့ သတ်မှတ်ထားလို့လား”
တုပိုင် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ “အဲဒါကြောင့် သက်သက်တော့ မဟုတ်ပါဘူး”
လီဝမ်ဝမ်က တောက်ပစွာ ပြုံး၍ပြောသည်။ “ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ သွားရလိမ့်မယ်။ ခင်ပွန်း... ဂရုစိုက်ပါ ၊ ချစ်တယ်နော်”
လီဝမ်ဝမ် ထွက်သွားချိန်တွင် တုပိုင် သူမကို မတားဆီးနိုင်ခဲ့ချေ။ အခြေအနေသည် ကမ္ဘာစစ်ကြီးတစ်ခု ကဲ့သို့ပင်။
အရှေ့ဘက် ပြည်ထောင်စုသည် တုပိုင်၏ နယ်မြေကို မိုးကြိုးပစ်ချသည့်အလား အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၊ တုပိုင်၏ သိန်းနှင့်ချီသော စစ်တပ်ကြီးကို တစ်ချက်တည်းဖြင့် အပြတ်အသတ် ချေမှုန်းပစ်ရန် အလိုရှိနေသည်။
မီးနတ်ဘုရားဂိုဏ်းနှင့် အနောက်ကမ္ဘာမှ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့သည် ပူးပေါင်း၍ ပေမင်ဓားဂိုဏ်းကို တိုက်ခိုက်ခဲ့ကြပြီး ၊ သူတို့သည်လည်း တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ကြပေလိမ့်မည်။
ပထမတစ်ခုမှာ အရှေ့တိုင်းကမ္ဘာ၏ ကြီးမားသော ပြည်တွင်းစစ်ကြီး ဖြစ်ပြီး ၊ ဒုတိယတစ်ခုမှာ သိုင်းလောက၏ ကမ္ဘာစစ်ကြီးပင် ဖြစ်လေ၏။
တုပိုင်သည် ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်အစီအရင် ပျက်စီးသွားကြောင်းကို ဖွင့်ဟမပြောပြခဲ့သော်လည်း ၊ မီးနတ်ဘုရားဂိုဏ်းကမူ ယင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့သိုင်းလောက၏ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သော မီးနတ်ဘုရားဂိုဏ်း ၊ ပေမင်ဓားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့မှာ သာမန်မဟုတ်ကြချေ။
စစ်ပွဲကြီး သုံးခုသည် ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့ပြီး ၊ တစ်ခုလုံးသော ကမ္ဘာ့ဖွဲ့စည်းပုံကြီးကိုပင် ပြောင်းလဲပစ်လိုက်လေ၏။
လက်ရှိအချိန်၌ ၊ ပေမင်ဓားဂိုဏ်းနှင့် အရှေ့ဘက် ပြည်ထောင်စုတို့သည် ခွဲခြား၍မရသော ဆက်ဆံရေးမျိုး ရှိနေကြပြီး ၊ တစ်သားတည်းနီးပါး ဖြစ်နေကြပြီဖြစ်ကြောင်း တုပိုင် သိရှိထားသည်။
ထို့ကြောင့် ပေမင်ဓားဂိုဏ်း ပျက်စီးသွားခြင်းက အရှေ့ဘက် ပြည်ထောင်စုအတွက်လည်း ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားနိုင်မည်လော။
ကောင်းကင်ကြီး တကယ်ကို ပြောင်းလဲတော့မည်ပင်။
သို့သော် အရာအားလုံးက ထိုမျှ ရိုးရှင်းမည်လား။
“စနစ်... ဒီကမ္ဘာမှာ ဝိညာဉ်မိစ္ဆာကြီး လေးကောင် ရှိတယ်ဆိုပေမဲ့ အခုထိ တစ်ကောင်မှ မတွေ့ရသေးဘူး” တုပိုင်က ပြောလိုက်သည်။ “ဒီ ဝိညာဉ်မိစ္ဆာ လေးကောင်က ဘယ်သူတွေ ဖြစ်မလဲလို့ မင်းထင်လဲ”
အိပ်မက်စနစ်က ဖြေ၏။ “ငါ မသိဘူး”
တုပိုင်က ပြောသည်။ “ဒါဆို မင်းရဲ့ အလိုအလျောက် သိစိတ်အရဆိုရင်ရော... ဝိညာဉ်မိစ္ဆာက ဘယ်သူဖြစ်မလဲ”
“မသိဘူး”
တုပိုင်က ဆက်မေး၏။ “ဒါဆို အရှေ့ဘက် ပြည်ထောင်စုရဲ့ သခင်လေး ဖန်းချန်က ဝိညာဉ်မိစ္ဆာလို့ မင်း ထင်လား”
အိပ်မက်စနစ်က ဖြေသည်။ “ငါ မသိဘူး”
တုပိုင်က မေးသည်။ “မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ချုပ်ကြီးကရော ဝိညာဉ်မိစ္ဆာလား။ သူက ယခင်စနစ်ရှင်ကို ဂုဏ်ယူစရာမကောင်းတဲ့သူ ဒါမှမဟုတ် မိစ္ဆာတစ်ယောက်လို့တောင် ပြောခဲ့တယ်လေ”
အိပ်မက်စနစ်က ဖြေ၏။ “မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ချုပ်ကြီးက ဝိညာဉ်မိစ္ဆာ ဟုတ်မဟုတ်ဆိုတာ ငါ မသိဘူး”
တုပိုင်က မေးလိုက်သည်။ “ဒါဆို နင်တောက်ရွှမ်က ဝိညာဉ်မိစ္ဆာလို့ မင်း ထင်လား”
အိပ်မက်စနစ်က ဖြေသည်။ “ငါ မသိဘူး”
ဖြစ်စဉ်တစ်ခုလုံးတွင် အိပ်မက်စနစ်၌ ‘ငါ မသိဘူး’ ဟူသော အဖြေတစ်ခုတည်းသာ ရှိနေခဲ့လေ၏။
သို့သော် တုပိုင်မှာတော့ ရှားရှားပါးပါး ဒေါသမထွက်ခဲ့ပေ။
နောက်ဆုံးတွင် တုပိုင် မေးလိုက်သည်။ “စနစ်... ငါကရော ဝိညာဉ်မိစ္ဆာလား”
အိပ်မက်စနစ်က ဖြေ၏။ “သေချာပေါက် မဟုတ်ဘူးပေါ့”
ဟူနန်ပြည်နယ်ရှိ တစ်နေရာတွင် ဖြစ်၏။
တုပိုင်သည် မြေအောက်သို့ နက်ရှိုင်းစွာ ဆက်လက်ဆင်းသက်သွားခဲ့သည်။
မီတာ တစ်ထောင် ၊ သုံးကီလိုမီတာ ၊ ငါးကီလိုမီတာ ၊ ရှစ်ကီလိုမီတာ နှင့် မြေအောက် အနက် ၁၃ ကီလိုမီတာအထိပင်။
ရုတ်တရက် အချိန်တစ်ခု၌ သူ၏ ခြေအောက်တွင် ဟာလာဟင်းလင်း ဖြစ်သွားလေ၏။ တုပိုင်သည် ကြီးမားသော လိုဏ်ဂူကြီးတစ်ခုထဲသို့ နောက်ထပ်တစ်ကြိမ် ကျသွားပြန်သည်။ မြင်ကွင်းကတော့ ကောင်းမွန်နေသည်။
ထို့နောက် သူသည် စိတ်စွမ်းအားကို မျက်လုံးဆီသို့ အာရုံစိုက်လိုက်၏။ တုပိုင် နောက်တစ်ကြိမ် လုံးဝ အံ့အားသင့်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်စိရှေ့တွင် နေရာအနှံ့ အနီရောင်ကျောက်သလင်းများ ရှိနေသောကြောင့်ပင်။
အပြာရောင်လျှပ်စစ်ကျောက်သလင်းများနှင့် လုံးဝ ရင်ပေါင်တန်းနိုင်လောက်အောင်ပင် မရေမတွက်နိုင်သော ၊ နက္ခတ္တဗေဒ ပမာဏနီးပါးမျှ ရှိနေသည့် အနီရောင်ကျောက်သလင်း သိုက်ကြီးရှိနေပြီး တန်ချိန် သန်းပေါင်းများစွာကျော်ပင် ရှိနေသည်။ (ကျင်းဘီလီလျံ)
ထို့နောက် တုပိုင်သည် နောက်ထပ်တစ်ကြိမ် အလုပ်ကြိုးစားသော အထမ်းသမားတစ်ဦး ဖြစ်လာခဲ့ပြန်ပြီး ၊ တစ်ကြိမ်လျှင် အနီရောင်ကျောက်သလင်း ကျင်ထောင်ပေါင်းများစွာကို မြေပြင်ပေါ်သို့ သယ်ဆောင်သွားလေ၏။
အနီရောင်ကျောက်သလင်းကို လက်နက်အဖြစ် မပြောင်းလဲနိုင်သေးဘဲ ၊ ယနေ့အချိန်အထိ ယင်း၏ တစ်ခုတည်းသော အသုံးဝင်မှုမှာ လေဆာဖြင့် ချိန်ရွယ်သည့် ကိရိယာသာ ဖြစ်နေသော်လည်း ၊ စစ်ခုန်းယဲ့နှင့် ရှာမန်တို့အဖွဲ့ အသည်းအသန်စမ်းသပ်မှုများ ပြုလုပ်နိုင်ရန်အတွက် တုပိုင်သည် မြေပြင်ပေါ်သို့ ကျင်သန်းပေါင်းများစွာကို သယ်ဆောင်သွားခဲ့သည်။
နီရှန်နတ်မိမယ်၏ ဗိုက်မှာ ကြီးထွားနေပြီဖြစ်ပြီး ၊ ရှစ်လကျော်နေပြီဖြစ်ကာ မကြာမီ မွေးဖွားတော့မည် ဖြစ်၏။
သူမသည် တုပိုင်၏ ရင်ခွင်ထဲတွင် ပျင်းရိပျင်းတွဲ မှီတွယ်လှဲလျောင်းနေလေ၏။ တုပိုင်သည် သူမ၏ ဗိုက်ထဲမှ ကလေးလေးနှင့် အမြဲတမ်း ကစားလေ့ရှိ၏။ တကယ်ကို ကစားနေခြင်းပင် ဖြစ်သည်။
သူသည် လက်ချောင်းများကို ဆန့်ထုတ်ကာ နီရှန်၏ ဗိုက်ပေါ်ရှိ တစ်နေရာကို ညင်သာစွာ ဖိချလိုက်ရာ ၊ မကြာမီတွင် အဖုလေးတစ်ခု ပေါ်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ကလေးလေးက သူ၏ မိခင်ဗိုက်ကို တစ်ခါတစ်ရံ လက်များဖြင့် ၊ တစ်ခါတစ်ရံ ခြေထောက်များဖြင့် ပြန်လည် ဖိတွန်းနေသောကြောင့်ပင်။
တုပိုင် ဖိချလိုက်သည့် နေရာကို ကလေးလေး လှမ်းမီသရွေ့ ၊ ကလေးလေးက ပြန်လည်တုံ့ပြန်လေ၏။
“ငါတို့ ကလေးလေး မွေးလာရင် ဘယ်လောက်တောင် ဉာဏ်ကောင်းမလဲဆိုတာ ငါ မစဉ်းစားတတ်တော့ဘူး” တုပိုင်က အံ့အားသင့်စွာ ပြောလိုက်သည်။
နီရှန်က ပျော်ရွှင်စွာ ပြော၏။ “ဒါကလည်း ခင်ပွန်းကြောင့်ပါ။ ကျွန်မရဲ့ ပါရမီက သာမန်ပါပဲ”
“ဟားဟား” တုပိုင် ရယ်မောလိုက်သည်။
အချိန်အတော်ကြာ ကစားပြီးနောက် ၊ ဗိုက်ထဲရှိ ကလေးလေးမှာ ပင်ပန်းသွားပုံရပြီး အိပ်ပျော်သွားလေ၏။
နီရှန်၏ ကျောက်စိမ်းရောင် လက်မောင်းလေးက တုပိုင်ကို ချိတ်တွယ်ထားပြီး ၊ သူမ၏ ပန်းပွင့်ဖတ်လေးများကဲ့သို့သော နှုတ်ခမ်းများဖြင့် တုပိုင်ကို နမ်းရှိုက်လာကာ ၊ ပေါ့ပါးသော အနမ်းမှသည် နက်ရှိုင်းသော အနမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။
“နီရှန်... နင်တောက်ရွှမ်က သစ္စာဖောက်မယ့်သူလို့ မင်း ထင်လား” တုပိုင်က မေးလိုက်သည်။
ဝိညာဉ်မိစ္ဆာဆိုသည်မှာ ကောက်ကျစ်သော မိစ္ဆာတစ်ကောင်ပင် ဖြစ်၏။
နီရှန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ညင်သာစွာ ပြောလာသည်။ “ခင်ပွန်း... ကျွန်မ မသိဘူး”
မသိဘူးလော။
နီရှန်က ပြောသည်။ “နင်တောက်ရွှမ်က အရမ်းကို အကြံအစည်ကြီးတဲ့သူ တစ်ယောက်ပါ။ သူ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ သူက အရမ်းကို ဒေါသကြီးတဲ့သူ တစ်ယောက်နဲ့ တူတယ်။ တကယ်တော့ သူ့ရဲ့ ဒေါသက လုံးဝ မကောင်းဘူး။ သူ့ရဲ့ မွေးစားသမီးနဲ့ တပည့်တစ်ယောက်အနေနဲ့ ၊ သူ ဒေါသထွက်နေတာ ၊ တခြားသူတွေအပေါ် ဒေါသထွက်နေတာ ၊ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေတာတွေကို ကျွန်မ ခဏခဏ တွေ့ရတယ်။ ဒါပေမဲ့ ပြင်ပလူတွေရဲ့ အရှေ့မှာဆိုရင်တော့ သူက အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးနေတတ်တယ်”
ထို့နောက် နီရှန်က ကောက်ချက်ချလိုက်၏။ “သူက ရူးသွပ်နေတဲ့ လူတစ်ယောက်ပဲ”
“ရူးသွပ်နေတယ်” တုပိုင် အံ့အားသင့်သွားသည်။
နီရှန်က နင်တောက်ရွှမ်ကို ဖော်ပြရန် ထိုစကားလုံးကို တကယ်ကြီး အသုံးပြုသည်လော။
တုပိုင်က မေးလိုက်သည်။ “ဒါဆို သူ့ဇနီးနဲ့ ဆက်ဆံရေးကကော ဘယ်လိုနေလဲ”
နီရှန် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြော၏။ “အပေါ်ယံကြည့်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဆိုးရွားနေလောက်တယ်။ ဆရာကတော် ကျီကျန်ယန်က သူ့ကို အရမ်းချစ်တာပါ။ ဒါပေမဲ့... နင်တောက်ရွှမ်ကတော့ ဂရုမစိုက်တဲ့ပုံပဲ။ သူက ကြင်နာတတ်တယ်ဆိုရင်တောင် ၊ ဆရာကတော်ကို သူ အရမ်းချစ်တယ်လို့ ကျွန်မ မထင်ဘူး”
အချိန်အတော်ကြာသည်အထိ တုပိုင် အဖြေကို ရှာမတွေ့ချေ။
နင်တောက်ရွှမ်က ဝိညာဉ်မိစ္ဆာများလား။
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း၌ အကြီးအကဲ ဆယ်ဦးကျော်ခန့်သည် မျက်နှာများ ပျက်ယွင်းနေကြပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလာကြသည်။ “ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြည့်ပြီးပါပြီ။ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်က လုံးဝကို ပြင်ဆင်လို့ မရတော့ပါဘူး”
ပေမင်ဓားဂိုဏ်းချုပ်ကြီး၏ မျက်နှာမှာ တုန်ယင်သွားသော်လည်း ၊ မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
အကြီးအကဲ ဆယ်ဦးကျော်က ဆက်ပြောကြ၏။ “ဂိုဏ်းချုပ်ကြီး... အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အခြေအနေက ကျွန်တော်တို့အတွက် ပိုပိုပြီး အန္တရာယ်များလာနေပါပြီ။ တုပိုင်က ထုတ်မပြောခဲ့ဘူး ဆိုရင်တောင်မှ ၊ မီးနတ်ဘုရားဂိုဏ်း ဆရာသခင်ချုပ်ကြီးက တစ်နေ့နေ့ကျရင် ဒီလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားမှာပါ။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်တို့...”
“ပေမင်ဓားဂိုဏ်းရဲ့ မျိုးသုဉ်းပျောက်ကွယ်မယ့် ကပ်ဘေးကြီးပါပဲ။ ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းနဲ့ မီးနတ်ဘုရားဂိုဏ်းတို့က သူတို့ရဲ့ ထိပ်တန်း သိုင်းပညာအင်အားတွေ အားလုံးကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ပေမင်ဓားဂိုဏ်းကို တိုက်ခိုက်ကြပါလိမ့်မယ်။ ရန်သူနှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရမယ့် အနေအထားမို့ ၊ ဒါဟာ ပေမင်ဓားဂိုဏ်းရဲ့ နိဂုံးချုပ်ပါပဲ”
“တုပိုင်က ကပ်ဆိုးကြယ်တစ်ပွင့်ပဲ”
“ပေမင်ဓားဂိုဏ်းက တုပိုင်ရဲ့လက်ချက်နဲ့ နိဂုံးချုပ်သွားလိမ့်မယ်လို့ ပေမင်ဘိုးဘေးတွေ ပြောခဲ့ကြတာ... တကယ်ပဲ မှန်ကန်နေခဲ့တာပေါ့။ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဂိုဏ်းချုပ်ကြီး... ဒါမှမဟုတ်ရင်လည်း တုပိုင်နဲ့ စေ့စပ်ဆွေးနွေးကြည့်ရအောင်ပါ” အကြီးအကဲတစ်ဦးက ဝင်ပြောလာသည်။ “တုပိုင် ဘာလိုချင်လဲဆိုတာကို ကြည့်ပြီးတော့ ၊ ကျွန်တော်တို့ရဲ့ ကြယ်ငါးပွင့် စွမ်းအင်အစီအရင်ကို သူ့ကို အရင် ပြင်ဆင်ခိုင်းလိုက်ပါ”
ပေမင်ဓားဂိုဏ်းချုပ်ကြီး ပြောလိုက်၏။ “မလောပါနဲ့... အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်တပ်အင်အား ၆၀၀,၀၀၀ က တုပိုင်ရဲ့ နယ်မြေကို တိုက်ခိုက်နေပြီပဲ။ သူ့ရဲ့ နိဂုံးက မကြာခင် ရောက်လာတော့မှာပါ။ သူ လုံးဝ ရှုံးနိမ့်သွားပြီး ဘာမှမရှိတော့တဲ့ အချိန်ရောက်ရင် ၊ ကောက်ရိုးတစ်မျှင်ကတောင် သူ့ကို အလျှော့ပေးလာအောင် လုပ်ဖို့ လုံလောက်သွားပါလိမ့်မယ်”
စိချွမ်းပြည်နယ်ရှိ လူသူကင်းမဲ့သော နေရာတစ်နေရာတွင် ဖြစ်၏။
တုပိုင်သည် ကျောက်သလင်း မှော်အမြောက်များ၏ ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများကို စစ်ဆေးကြည့်ရှုနေပြီး ၊ စုစုပေါင်း ကျောက်သလင်း မှော်အမြောက် ဆယ်လက် ရှိလေသည်။
“ရန်သူ့အမြောက် ပုံစံတူ... အကွာအဝေးက သုံးကီလိုမီတာ”
လက်ရှိအချိန်၌ လေ့ကျင့်မှု၏ ပစ်မှတ်မှာ သစ်သားဖြင့် ပြုလုပ်ထားသော အမြောက်ပုံစံတူတစ်ခု ဖြစ်ပြီး ၊ အရှေ့ဘက် ပြည်ထောင်စု၏ ဟောင်ဝစ်ဇာအမြောက်နှင့် ပုံပန်းသဏ္ဍာန်အရ နီးပါးမျှ တူညီနေလေသည်။
စုစုပေါင်း အမြောက်ပုံစံတူ ဆယ်ခုကို သုံးကီလိုမီတာ အကွာအဝေးတွင် ချထားလေ၏။ ထိုအကွာအဝေးသည် တကယ်ကို ဝေးကွာလှပေသည်။ သာမန်စစ်သည်များ၏ မျက်စိဗလာဖြင့်ဆိုလျှင် ပစ်မှတ်ကို မြင်တွေ့နိုင်ရန်ပင် ခက်ခဲလှ၏။
ထို့ကြောင့် လေ့ကျင့်မှုတွင် ပါဝင်နေသော ရှာမန်များအားလုံးမှာ စိတ်ဝိညာဉ်နိုးထထားသော ရှာမန်များဖြစ်ကြပြီး ၊ သူတို့သည် သုံးကီလိုမီတာ အကွာအဝေးရှိ လေဆာအနီရောင် အစက်လေးကို မြင်တွေ့နိုင်ရန်အတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းထားကြခြင်း ဖြစ်လေသည်။
“လေဆာ ချိန်ရွယ်ကိရိယာ... ချိန်ညှိ”
တွက်ချက်မှုများ ပြုလုပ်ပြီးနောက် ၊ ရှာမန်ဆယ်ဦးက အနီရောင်ကျောက်သလင်းဖြင့် ပြုလုပ်ထားသော လေဆာ ချိန်ရွယ်ကိရိယာကို ချိန်ညှိလိုက်ကြ၏။
“စတင် ချိန်ရွယ်”
**--**--**--**--**--**--**--**
လေဆာ ချိန်ရွယ်ကိရိယာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ၊ အနီရောင် လေဆာတန်းတစ်ခု ချက်ချင်း ပစ်ထွက်သွားလေ၏။
အမြောက်ကို ချိန်ညှိလိုက်ရာ ၊ သုံးကီလိုမီတာ အကွာအဝေးရှိ အမြောက်ပုံစံတူပေါ်သို့ လေဆာအနီရောင် အစက်လေးက တိုက်ရိုက် ကျရောက်သွားသည်။
“ချိန်ရွယ်လို့ ပြီးပါပြီ”
“ပစ်”
ရှာမန်ဆယ်ဦးက ကျောက်သလင်း မှော်အမြောက်၏ ခလုတ်ကို တစ်ပြိုင်နက်တည်း နှိပ်လိုက်ကြ၏။
“ရွှီးးး ရွှီးးး ရွှီးးး”
အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ အမြောက်ဆန် ဆယ်ခုသည် အသံ၏ အမြန်နှုန်းထက် ငါးဆမျှမြန်သော အရှိန်ဖြင့် ပစ်ထွက်သွားပြီး ၊ လေထဲတွင် မျဉ်းဖြောင့်နီးပါး ဖြတ်သန်းသွားလေ၏။
နှစ်စက္ကန့်အကြာ။
“ဝုန်းးး ဝုန်းးး ဝုန်းးး” ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာလေသည်။ ထို့နောက် ရလဒ်များ ထွက်ပေါ်လာ၏။
ကျောက်သလင်း မှော်အမြောက် ဆယ်လက်အနက် ၊ ခုနစ်လက်က ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြီး အမြောက်ပုံစံတူကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ပထမအကြိမ် ပစ်ခတ်မှုမှာတင် ထိမှန်နှုန်း ရာခိုင်နှုန်း ၇၀ ရှိနေပြီး ၊ ပစ်မှတ်တစ်ခုတည်းအပေါ်တွင် ဖြစ်လေ၏။ ဤသည်မှာ တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လောက်သည်အထိ အစွမ်းထက်လှသည်။
ချက်ချင်းပင် ပစ်မှတ်အကွာအဝေးကို လေးကီလိုမီတာသို့ ပြောင်းလဲချိန်ညှိလိုက်သည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး” ဒုတိယအကြိမ် ပစ်ခတ်သံများ ထွက်ပေါ်လာ၏။
ထိမှန်နှုန်းမှာ ၄၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားလေသည်။ သို့တိုင်အောင် ဤသည်မှာ အံ့မခန်းဖွယ် ထိမှန်နှုန်း ဖြစ်နေဆဲပင်။
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”
“ရင်ခွင်ပိုက်မင်းသား သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ”
ကျန်းဝူအမျိုးသမီးဧကရာဇ်၏ လှပသော မျက်လုံးများက အရောင်လက်သွားပြီး ပြောလာသည်။ “ခင်ပွန်း... ကျွန်မတို့ ကျိန်းသေပေါက် နိုင်မှာလား”
တုပိုင်က ပြုံး၍ဖြေ၏။ “ဟုတ်တယ်... သေချာပေါက် နိုင်မှာ”
ယခင်က ယင်းကို မြေအောက် ဓာတ်ခွဲခန်းထဲတွင်သာ အံ့မခန်းဖွယ် စစ်ရေးစွမ်းရည်အဖြစ် ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယနေ့ ပြုလုပ်သော အကြီးစား လက်တွေ့ပစ်ခတ် လေ့ကျင့်မှုများတွင်လည်း တန်းတူညီမျှ အံ့မခန်းဖွယ် ရလဒ်များ ထွက်ပေါ်လာခဲ့ပြီး ၊ တွေးထင်ထားသည်ထက်ပင် ပိုမို ကောင်းမွန်နေလျက်ရှိသည်။
ထို့ကြောင့် တိုက်ပွဲကို တုပိုင်တို့ ကျိန်းသေပေါက် အနိုင်ရပြီ ဖြစ်သည်။ ကျောက်သလင်း မှော်အမြောက် အလက် ၃၀၀ ရှိနေသရွေ့ ၊ အရှေ့ဘက် ပြည်ထောင်စု၏ အမြောက်တပ်စခန်းများကို အပြတ်အသတ် ချေမှုန်းနိုင်လိမ့်ပေမည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး” ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာကာ မြေကြီးများ တုန်ခါသွားပြီး ၊ တောင်တန်းများ တုန်ဟည်းသွားသလို မြေပြင်ကြီးတစ်ခုလုံးသည်လည်း တုန်လှုပ်သွားလေ၏။
အလွန်ကြီးမားသော အမြောက်ကြီး ဆယ်လက်က ပြင်းထန်စွာ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် အကြာတွင်...
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး” ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေမည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။
မီတာ နှစ်ထောင့်ငါးရာ အကွာအဝေးရှိ အိမ်တစ်လုံးမှာ လုံးဝ ပေါက်ကွဲပျက်စီးသွားပြီး အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ခိုင်ခံ့သော ကျောက်တုံးအိမ်ကြီး တစ်ခုလုံးမှာ တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်သွားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားလေ၏။ လက်တွေ့ပစ်ခတ် လေ့ကျင့်မှုကို စောင့်ကြည့်နေကြသူ အားလုံး လုံးဝ အံ့သြမှင်တက်သွားကြရသည်။
တစ်ချိန်က ကွမ်ရှီး စစ်သူကြီး ဖြစ်ခဲ့ပြီး ၊ ယခုအခါ ကွမ်တုံ စစ်သူကြီး ဖြစ်နေသော ဖင်းရှီးစစ်သူကြီး ယွမ်ထျန်ကျောက်က ပြုံးကာ ပြောလိုက်သည်။ “စစ်သေနာပတိချုပ်ကြီး... ကျွန်တော်တို့ရဲ့ အလွန်ကြီးမားတဲ့ အမြောက်ကြီးတွေက ဘယ်လိုနေလဲ”
ဧကရာဇ်ယုံတယ်နှင့် ဖန်းမိသားစုတို့ နောက်တစ်ကြိမ် ပူးပေါင်းသွားကြပြီးနောက် ၊ ဖန်းမိသားစုမှ အရာရှိများသည် ဗဟိုအစိုးရ တစ်ခုလုံးကို နောက်တစ်ကြိမ် ပြန်လည် ထိန်းချုပ်လိုက်ကြပြီး ၊ ဖန်းကျိုးသည် အစိုးရအဖွဲ့၏ အမတ်ချုပ်ကြီး နောက်တစ်ဖန် ပြန်ဖြစ်လာကာ ၊ တုပိုင်၏ အသုံးမကျသော ဖခင်ဖြစ်သူကမူ အစိုးရအဖွဲ့၏ ဒုတိယ အမတ်ချုပ်ကြီး ဖြစ်လာလေ၏။
ယခင် ကွမ်ရှီး ဘုရင်ခံနှင့် နောင်တွင် ကွမ်တုံ ဘုရင်ခံဖြစ်လာသူကမူ ယခုအခါ လျန်ကျန်း၏ ဘုရင်ခံသစ် ဖြစ်လာသည်။
လက်ရှိတစ်ကြိမ်တွင် အရှေ့ဘက် ပြည်ထောင်စု၏ စစ်တပ်နှစ်ခုက တုပိုင်၏ နယ်မြေကို အရှေ့ဘက်နှင့် တောင်ဘက်တို့မှနေ၍ တိုက်ခိုက်လာကြခြင်း ဖြစ်၏။
တုဟွေးသည် ဖင်းရှီးစစ်တပ်၏ စစ်သေနာပတိချုပ် ဖြစ်လာပြီး ၊ လျန်ကျန်း ဘုရင်ခံ တုကျန်းနှင့် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းတို့က ဒုတိယ စစ်သေနာပတိများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။
လက်ရှိအချိန်၌ ယွမ်ထျန်ကျောက်သည် အမတ်ကြီးများ ရှေ့မှောက်တွင် အလွန်ကြီးမားသော အမြောက်ကြီးများ၏ လက်တွေ့ပစ်ခတ် လေ့ကျင့်မှုများကို ပြသနေခြင်း ဖြစ်၏။ တက်ရောက်လာကြသော အရာရှိများအားလုံး လုံးဝ အံ့သြမှင်တက်နေကြမိသည်။
အမြောက်ကြီး၏ ပြောင်းဝအချင်းမှာ အလွန် ကြီးမားလွန်းလှပြီး ၊ ဆယ်လက်မခန့် ရှိမည် မဟုတ်ပါလော။
အမြောက်ဆန် တစ်ခုစီမှာ ကျင်းရာနှင့်ချီ၍ အလေးချိန် ရှိလေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၅၉ + ၇၆၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team