ချန်မိသားစု
Vol. 18 Ch. 189
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့ ဓားပျံများ စီးနင်းကာ ချန်မိသားစုဆီသို့ ပျံသန်းသွားခဲ့ကြသည်။
ချန်မိသားစုမှာ သားရဲသခင်ဂိုဏ်း၏ တောင်ဘက် မိုင်ပေါင်း သုံးသောင်းကျော်အကွာ၊ သေမျိုးလောကနှင့် နီးကပ်သော နေရာတွင် တည်ရှိသည်။ ချန်မိသားစုမှာ ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးခြင်းဖြင့် အသက်မွေးကြပြီး၊ အထူးသဖြင့် နေဝိညာဉ်ဆေးပင်ကို စိုက်ပျိုးကြသည်။ ၎င်းမှာ သားရဲအဆီအနှစ်ဆေး ဖော်စပ်ရာတွင် အသုံးပြုသော အဓိက ပါဝင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။
စုန့်ဝမ်တို့လည်း နှစ်ရက်ကြာ ခရီးနှင်ပြီးနောက် ချန်မိသားစုရှိရာ အနောက်ဖက်တောင်သို့ ရောက်လာခဲ့သည်။ ချန်မိသားစု နယ်မြေမှာ တောင်များနှင့် မြစ်များအကြားတွင် တည်ရှိပြီး ရှေ့တွင် ကြည်လင်သော စမ်းချောင်းတစ်ခု စီးဆင်းနေကာ၊ စမ်းချောင်းအနောက်ဘက်တွင် မြင့်မားသောတောင်ကြီး တည်ရှိသဖြင့် အနောက်တောင် ချန်မိသားစုဟု အမည်တွင်ခြင်း ဖြစ်သည်။
ချန်မိသားစုနှင့် အနောက်ဖက်တောင်အကြားတွင် မြူများ ဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခု ရှိပြီး ထိုနေရာတွင် ဝိညာဉ်ဆေးပင်များဖြင့် ပြည့်နှက်နေသည်။ ဤဝိညာဉ်ဆေးပင်များသည် နှစ်ပေမှ သုံးပေခန့် မြင့်မားကြပြီး၊ အညိုရောင် ပင်စည်များနှင့် မြစိမ်းရောင်အရွက် ကိုးရွက်စီ ပါရှိကြသည်။ ၎င်းမှာ နေဝိညာဉ်ဆေးပင်ပင် ဖြစ်သည်။
စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့သည် သူတို့၏ သက်သေခံတံဆိပ်များ ပြသပြီး ချန်မိသားစုနယ်မြေတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီး၊ ချန်မိသားစု၏ ခန်းမဆောင်ကြီးတွင် မိသားစုခေါင်းဆောင် ချန်ရွှေ့တာနှင့် တွေ့ဆုံကြသည်။ ချန်ရွှေ့တာမှာ အရပ်ခြောက်ပေခန့် မြင့်မားပြီး၊ ယဉ်ကျေးသော အမူအရာရှိကာ အဆင့်အတန်းမြင့်မားသော အသွင်အပြင်ကို ဖော်ညွှန်းနေသည်။
"နောက်ဆုံးတော့ မင်းတို့နှစ်ယောက် ရောက်လာကြပြီပဲ" ဟု စုန့်ဝမ်နှင့် ကျော့ရွှေယွင်ကို မြင်သောအခါ ချန်ရွှေ့တာက ဝမ်းသာအားရ ပြောလိုက်သည်။
"နှုတ်ခွန်းဆက်ပါတယ် မိသားစုခေါင်းဆောင်ချန်။ ကျွန်တော်က ဝူရှန်းပါ၊ ဒါကတော့ အကြီးအကဲကျော့ရွှေယွင်ပါ" ဟု စုန့်ဝမ်က မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲဝူ၊ အကြီးအကဲကျော့... ငါတို့ ချန်မိသားစုကို ကူညီဖို့ အဝေးကြီးကနေ လာပေးကြတဲ့အတွက် မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်" ဟု ချန်ရွှေ့တာက ကျေးဇူးတင်စကား ပြောလိုက်သည်။
စုန့်ဝမ်က "ခေါင်းဆောင်ချန်... ချန်မိသားစုမှာ လူဦးရေ တစ်သောင်းအောက်ပဲ ရှိတာကို ကျွန်တော် သတိထားမိတယ်။ ဒါက ဘာကြောင့်လဲ"ဟု မေးလိုက်သည်။
ချန်မိသားစု နယ်မြေထဲသို့ ဝင်ရောက်လာစဉ် စုန့်ဝမ်သည် ထိုနယ်မြေကြီးမှာ အလွန်ကျယ်ဝန်းသော်လည်း လူဦးရေမှာမူ အတော်ပင် နည်းပါးနေသည်ကို သတိပြုမိခဲ့သည်။ ဝိညာဉ်အာရုံကို သုံး၍ ချန်မိသားစု တစ်ခုလုံးကို စစ်ဆေးကြည့်ရာ အဖွဲ့ဝင်ပေါင်း ရှစ်ထောင်ခန့်သာ ရှိကြောင်း တွေ့ရှိရသည်၊ ဤသည်မှာ အခြေတည်အဆင့် မိသားစုတစ်ခုအတွက် အလွန်ပင် နည်းပါးလှသည်။
ချန်ရွှေ့တာသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ၏ မျက်နှာတွင် နာကျည်းမှုများ ပြည့်နှက်သွားသည်။
"ဟူး … ငါ့ရဲ့ချန်မိသားစုက အရင်ကတော့ လူဦးရေ တစ်သောင်းကျော်နဲ့ စည်ကားခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ် အဲဒီသွေးမိစ္ဆာ ပေါ်လာကတည်းက ငါ့မိသားစုဝင်တွေကို အငမ်းမရ လိုက်သတ်နေခဲ့လို့ လူဦးရေ အကြီးအကျယ် လျော့နည်းသွားခဲ့တာ။ အထူးသဖြင့် ကျင့်ကြံခြင်း မရှိတဲ့ သာမန်လူတွေက အဆိုးဆုံး ခံစားခဲ့ရတာပဲ"
ဤစကားကို ကြားသောအခါ စုန့်ဝမ် အံ့သြသွားသည်။ လူဦးရေ တစ်သောင်းကျော်မှ ရှစ်ထောင်ခန့်သာ ကျန်တော့သည်လား။ နှစ်နှစ်အတွင်းမှာတင် လူဦးရေ ငါးပုံတစ်ပုံကျော်လောက် လျော့နည်းသွားတာလား။ ချန်မိသားစုသည် ဤမျှများပြားသော ဆွေမျိုးသားချင်းများကို သွေးမိစ္ဆာလက်ထဲတွင် ဆုံးရှုံးခဲ့ရပြီး၊ ယခုမှသာ သားရဲသခင်ဂိုဏ်းထံ အကူအညီ တောင်းခြင်းလား။
စုန့်ဝမ်သည် မေးခွန်းများစွာ ပေါ်လာလည်း ခရီးရောက်မဆိုက်ဖြစ်ပြီး၊ သေချာမလေ့လာရသေးသဖြင့် ထပ်မံ၍ အတင်းအကျပ် မမေးရန် ဆုံးဖြတ်လိုက်သည်။
ကျော့ရွှေယွင်က ရုတ်တရက် ကြားဝင်ပြောလိုက်သည်။
"ဒါတွေ ထားလိုက်ပါတော့။ အချိန်မဖြုန်းသင့်ဘူး။ သွေးမိစ္ဆာကို စောစော သုတ်သင်နိုင်ရင် ပြီးတာပဲ။ ခေါင်းဆောင်ချန်... ကျွန်မကို ရှင့်ရဲ့ ဆေးဖော်စပ်ခန်းဆီ ခေါ်သွားပေးပါ။ ကျွန်မ ဒုတိယအဆင့် နတ်ဆိုးသားရဲမျှားခေါ်ဆေး ဖော်စပ်ဖို့ လိုအပ်တယ်"
ကျော့ရွှေယွင်သည် ဤတာဝန်အပေါ် အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။ အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦး ရှိနေသည်ဖြစ်ရာ ဒုတိယအဆင့် သွေးမိစ္ဆာတစ်ကောင်ကို သတ်ရသည်မှာ အလွန်လွယ်ကူလိမ့်မည်ဟု သူမ ထင်နေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲကျော့။ ဒုတိယအဆင့် နတ်ဆိုးသားရဲမျှားခေါ်ဆေး ဖော်စပ်ဖို့က ရက်အတော်ကြာ အချိန်ယူရသလို အတော်လည်း ခက်ခဲပါတယ်။ အကြီးအကဲနှစ်ယောက် ပူးပေါင်းပြီး အမြန်ဆုံး ဖော်စပ်ပေးဖို့ လေးလေးစားစား တောင်းဆိုချင်ပါတယ်။ ကျွန်တော့်နောက် လိုက်ခဲ့ပါ၊ အခုပဲ ဆေးဖော်စပ်ခန်းဆီ ခေါ်သွားပေးပါ့မယ်"
ထိုသို့ ပြောပြီးနောက် ချန်ရွှေ့တာက မတ်တတ်ရပ်ကာ ခန်းမတံခါးဘက်သို့ လက်ဟန်ပြလိုက်ပြီး၊ စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့ကို သူ့နောက်လိုက်ခဲ့ရန် အချက်ပြလိုက်သည်။
ကျော့ရွှေယွင်သည် တံခါးဘက်သို့ လျှောက်သွားရင်း မတ်တပ်ရပ်လိုက်သော စုန့်ဝမ်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး အထင်အမြင်သေးသည့် လေသံဖြင့် ပြောလိုက်သည်။
"ဂျူနီယာဝူ... မင်း လိုက်လာစရာ မလိုပါဘူး။ ငါ တစ်ယောက်တည်း လုပ်နိုင်ပါတယ်။ မင်း ဆေးဖော်စပ်ခန်းထဲ ဝင်လာရင် ကူညီနိုင်မှာ မဟုတ်တဲ့အပြင် ငါ့ကိုတောင် အနှောင့်အယှက် ပေးမိလိမ့်မယ်"
ဤစကားကို ကြားသောအခါ စုန့်ဝမ်သည် အနေရခက်စွာဖြင့် ပြန်ထိုင်လိုက်သည်။ အမှန်စင်စစ် သူသည် ဒုတိယအဆင့် နတ်ဆိုးသားရဲမျှားခေါ်ဆေးကို ဖော်စပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ကျော့ရွှေယွင်က တစ်ဦးတည်း ဖော်စပ်လိုခြင်းမှာ ဤတာဝန်တွင် သူမတစ်ဦးတည်းကသာ အသိအမှတ်ပြုမှု ပိုမိုရရှိလိုခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။ သူမဘာသာ ကိုင်တွယ်လိုနေမှတော့ လုပ်ခွင့်ပေးလိုက်ပြီး အေးအေးဆေးဆေး နားနေလိုက်ရုံသာ ရှိသည်။ မည်သို့ပင်ဆိုစေ၊ စုန့်ဝမ်အတွက် ဤတာဝန်မှ ရရှိမည့် ဆုလာဘ်မှာ အရေးမကြီးလှပေ။ ထို့အပြင် စုန့်ဝမ်အနေဖြင့် ချန်မိသားစုရော၊ ချန်ရွှေ့တာရော တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။ ကျော့ရွှေယွင် ဆေးဖော်စပ်ရန် အလုပ်ရှုပ်နေစဉ်အတွင်း ချန်မိသားစုအကြောင်းကို စုံစမ်းရန် အခွင့်အရေး ယူနိုင်မည် ဖြစ်သည်။ နောင်တရခြင်းထက် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
ချန်ရွှေ့တာသည် စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့ နှစ်ဦးကို တစ်လှည့်စီ ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ ကျော့ရွှေယွင်ကို ဆေးဖော်စပ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့ ထွက်သွားပြီးနောက် အစေခံ မိန်းကလေးတစ်ဦး စုန့်ဝမ်အနီး ချဉ်းကပ်လာသည်။
"ကျွန်မ နာမည်က ချန်ကျိုးလုပါ၊ အကြီးအကဲဝူနဲ့ တွေ့ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်မနောက် လိုက်ခဲ့ပါ။ အကြီးအကဲ အနားယူဖို့ ဧည့်ခန်းဆီကို ခေါ်သွားပေးပါ့မယ်"
ကျိုးလုမှာ အလွန်တရာ လှပသော်လည်း ကျင့်ကြံခြင်း မရှိဘဲ ဝိညာဉ်အမြစ်လည်း မရှိသည့် သာမန်လူတစ်ဦးသာ ဖြစ်သည်။
သူတို့နှစ်ဦးသည် ချန်မိသားစု၏ ခြံဝင်းကို ဖြတ်ကျော်ကာ အိမ်ရာ၏ အတွင်းပိုင်းဆီသို့ ဦးတည်သွားကြသည်။
လမ်းသွားရင်း စုန့်ဝမ်က "ကျိုးလု... မင်းတို့ ချန်မိသားစုအကြောင်း ငါ့ကို ပြောပြနိုင်မလား”ဟု မေးလိုက်သည်။
"ဟုတ်ကဲ့ ရပါတယ်။ ချန်မိသားစုကို နယ်မြေ သုံးခု ခွဲထားပါတယ်၊ စမ်းချောင်းနဲ့ နီးတဲ့ အရှေ့ခြံဝင်းမှာတော့ ကျွန်မလိုမျိုး ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူတွေ နေထိုင်ပါတယ်။ အလယ်ခြံဝင်းက ဆေးဖော်စပ်တာနဲ့ လက်နက်တွေ သွန်းလုပ်တဲ့ နေရာပါ။ ဝိညာဉ်စိုက်ခင်းတွေနဲ့ နီးတဲ့ နောက်ခြံဝင်းမှာတော့ ဝိညာဉ်အမြစ်ရှိတဲ့ မိသားစုဝင်တွေ နေထိုင်ကြပါတယ်။ အကြီးအကဲ တည်းခိုရမယ့် ဧည့်ခန်းကလည်း အဲဒီ အနောက်ခြံဝင်းထဲက နေဝိညာဉ်ဆေးပင်စိုက်ခင်းတွေရဲ့ ဘေးမှာပဲ ရှိပါတယ်"
"သွေးမိစ္ဆာက ဘယ်တုန်းက စပေါ်လာတာလဲ”
"လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကပါ"
"မိသားစုဝင်တွေ ပျောက်ဆုံးတာ ဒါမှမဟုတ် သေဆုံးတာတွေက ဘယ်တုန်းက စဖြစ်တာလဲ"
"သွေးမိစ္ဆာ ပေါ်လာပြီးနောက်ပိုင်းမှာ စဖြစ်တာပါ"
ကျိုးလု၏ မျက်လုံးများမှာ ရုတ်တရက် နီမြန်းလာပြီး မျက်ရည်များ ဝဲလာသည်။
"အကြီးအကဲ... အကြီးအကဲက ကျွန်မတို့ ချန်မိသားစုကို ကူညီပြီး နတ်ဆိုးကို သုတ်သင်ပေးဖို့ လာတာဆိုတာ ကျွန်မ သိပါတယ်။ ကျေးဇူးပြုပြီး သွေးမိစ္ဆာကို သေချာပေါက် သတ်ပေးပါနော်။ ကျွန်မမိသားစု တစ်ခုလုံးကို အဲဒီမိစ္ဆာက သတ်ခဲ့တာပါ။ ကျွန်မရဲ့ မိဘတွေနဲ့ မောင်လေး၊ ညီမလေးတွေကို အဲဒီမိစ္ဆာက အကုန် ဝါးမြိုပစ်ခဲ့တာ။ အဲဒါက လူသားတွေရဲ့ အသားကိုစားပြီး သွေးကို သောက်တဲ့ မိစ္ဆာတစ်ကောင်ပဲ"
ချန်ကျိုးလုက စကားပြောရင်း ဝမ်းနည်းကြေကွဲမှုကြောင့် အသံပင် တုန်ယင်လာသည်။
"အကယ်၍ အကြီးအကဲက ချန်မိသားစုကို ကူညီပြီး ဒီမိစ္ဆာကို သတ်ပေးနိုင်မယ်ဆိုရင်၊ ကျိုးလုက အကြီးအကဲရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ဘာမဆို ပေးဆပ်ဖို့ အသင့်ပါပဲ"
ကျိုးလုသည် လမ်းလျှောက်နေရင်း ရပ်လိုက်ကာ စုန့်ဝမ်ကို ပြန်လှည့်ကြည့်လိုက်သည်၊ သူမ၏ မျက်နှာမှာ နုနယ်သော်လည်း ခိုင်မာပြတ်သားနေသည်။
သူမ၏ ဝမ်းနည်းဖွယ် ဇာတ်လမ်းကို ကြားရသဖြင့် စုန့်ဝမ်လည်း သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့။ သွေးမိစ္ဆာကို သတ်ဖို့ကိစ္စ ငါ တာဝန်ယူပါတယ်"
မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေသော်လည်း ချန်ကျိုးလုမျက်နှာတွင် အပြုံးလေးတစ်ခု ပေါ်လာသည်၊ သူမ၏ မျက်လုံးလေးများတွင် စုန့်ဝမ်အပေါ် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေသည်။
"အကြီးအကဲက သွေးမိစ္ဆာကို သေချာပေါက် သတ်နိုင်ပြီး ကျွန်မမိသားစုအတွက် လက်စားချေပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
ထို့နောက် စုန့်ဝမ်၏ အကြည့်မှာ သူမ၏ ဖွံ့ထွားလှသော ရင်အစုံပေါ်တွင် ကျရောက်နေသည်ကို သတိပြုမိသွားပြီး သူမ၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။ ချန်ကျိုးလုသည် ခေါင်းငုံ့ကာ ရှက်ပြုံးပြုံးရင်း ရှေ့မလှမ်းမကမ်းရှိ နှစ်ထပ်အဆောက်အအုံတစ်ခုကို ညွှန်ပြလိုက်သည်။
"အကြီးအကဲ... ဧည့်ဆောင်ကို ရောက်ပါပြီ။ ကျွန်မကို သွားခွင့်ပြုပါဦးနော်"
ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့ရင်း အပြေးတစ်ပိုင်း ထွက်ခွာသွားသော ချန်ကျိုးလုကို ကြည့်ရင်း စုန့်ဝမ် ပြုံးလိုက်မိသည်။
အလှတရားဖြင့် ထောင်ချောက်ဆင်ခြင်း၊
ချန်ရွှေ့တာ၏ ဗျူဟာမှာ အတော်ပင် ဉာဏ်ကောင်းလှသည်။ စုန့်ဝမ်ကို အာရုံလွှဲရန်အတွက် အင်အားမရှိသော မိန်းကလေးတစ်ဦးကို အသုံးပြုခဲ့သည်။ ချန်ကျိုးလုကဲ့သို့ ကျင့်ကြံခြင်းမရှိသော အားနည်းသည့် အမျိုးသမီးတစ်ဦးကို ကျင့်ကြံသူများက စိတ်ကြိုက်ကစားနိုင်သည့် အရုပ်လေးအဖြစ်သာ မြင်ကြမည် ဖြစ်သည်။ ပို၍ အားနည်းလေ၊ ပို၍ လျစ်လျူရှုခံရလွယ်လေ ဖြစ်သည်။ ယင်းက စိတ်အေးလက်အေး ဖြစ်စေပြီး သူမအပေါ်၌ သတိထားမှု လျော့နည်းသွားစေလိမ့်မည်။ အန္တရာယ်ဟူသည် တခါတရံ အစွမ်းထက်သော ရန်သူများထံမှ မဟုတ်ဘဲ၊ အန္တရာယ် မပေးနိုင်ဟု ထင်ရသော အားနည်းသည့်သူများထံမှ လာလေ့ရှိသည်။
ခေါင်းခါယမ်းရင်း စုန့်ဝမ် ဧည့်ခန်းထဲသို့ ဝင်လိုက်သည်။ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သောအခါ မျက်စိတဆုံး ကျယ်ပြန့်သော ဝိညာဉ်ဆေးပင် စိုက်ခင်းများကို မြင်လိုက်ရသည်။ လေပြေညင်းသည် နေဝိညာဉ်ဆေးပင်များအကြား ဖြတ်သန်း တိုက်ခတ်သွားပြီး၊ စိုက်ခင်းတလျှောက် ပါးလျလျ မြူခိုးများ လွင့်ပျံ့နေသည်မှာ ပန်းချီကားတစ်ချပ်နှင့်ပင် တူလှသည်။ ကံဆိုးစွာဖြင့် ဤလှပသော မြင်ကွင်း၏ နောက်ကွယ်တွင် အရိုးအထိ အေးစက်သွားစေနိုင်သည့် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပုန်းကွယ်နေသည်။
စုန့်ဝမ် အခန်းကို စစ်ဆေးပြီးသည်နှင့် ဒုတိယအဆင့် ကူခြောက်ကောင်ကို ချန်မိသားစု၏ နယ်မြေအတွင်း စစ်ဆေးရန် တိတ်တဆိတ် စေလွှတ်လိုက်သည်။ ရန်သူကို သတိပေးမိသလို မဖြစ်စေရန် ဝိညာဉ်အာရုံကို တိုက်ရိုက် မသုံးခဲ့ဘဲ၊ ကူပိုးကောင်များကိုသာ အသုံးပြုခဲ့သည်။
မကြာမီပင် ကူပိုးကောင်များထံမှ အချက်အလက်များ ပြန်လည်ရရှိခဲ့သည်။ သူနေထိုင်သည့် အဆောက်အအုံငယ်၏ ရှေ့တည့်တည့် ဆယ်ပေအကွာတွင် လူလုပ် ရေကန်တစ်ခု ရှိပြီး၊ ထိုနေရာတွင် မတ်စောက်၍ မြင့်မားသော လူလုပ် တောင်ကုန်းတစ်ခု ရှိကာ၊ ၎င်းအတွင်း၌ လျှို့ဝှက်ခန်းတစ်ခု တည်ရှိနေသည်။ ဤလူလုပ်တောင်ကုန်းမှာ အတွင်းပိုင်း၌ အခေါင်းပေါက် ဖြစ်နေပြီး၊ ဝိညာဥ်စွမ်းအင်ဖုံးကွယ်အစီအရင်များ တပ်ဆင်ထားသဖြင့် တစ်စုံတစ်ဦးက ပုန်းအောင်းကာ စောင့်ကြည့်နေကြောင်း သိသာလှသည်။
ချန်မိသားစု၏ ခြံဝင်းအတွင်းတွင် ဆေးဖော်စပ်ခန်း ဆယ်ခန်း ရှိပြီး၊ ဆေးဖော်စပ်ခန်း တစ်ခန်းတွင် ဝိညာဉ်စွမ်းအင်နှင့် အပူငွေ့များ ထွက်ပေါ်နေသဖြင့် ကျော့ရွှေယွင် အလုပ်လုပ်သောနေရာ ဖြစ်မည်။ ချန်ရွှေ့တာမှာ ချန်မိသားစု၏ ခန်းမဆောင်ကြီးသို့ ပြန်ရောက်သွားပြီး၊ မျက်လုံးများကို မှိတ်လျက် ထိုင်နေသည်။ မကြာမီတွင် ချန်ကျိုးလု ဝင်လာသည်။
ကူပိုးကောင်များသည် ဆက်လက် စောင့်ကြည့်လိုသော်လည်း ချန်ရွှေ့တာမှာ အထူးပင် သတိကြီးသူ ဖြစ်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အကာအကွယ် အစီအရင်တစ်ခု ပေါ်လာပြီး သူ့နှင့် ကျိုးလုကို လွှမ်းခြုံထားလိုက်သည်။ အစီအရင်ပြင်ပရှိ ကူပိုးကောင်သည် ထိုသူနှစ်ဦးကို အာရုံမခံနိုင်တော့ဘဲ စိတ်ပျက်စွာဖြင့် ထွက်ခွာခဲ့ရသည်။
စိတ်ချရသည်နှင့် ချန်ကျိုးလုက အရိုအသေပြုရင်း အစီရင်ခံသည်။
"အဖေ... အကြီးအကဲဝူက ဧည့်ဆောင်မှာ နားနေပါပြီ။ ချန်ဝူ နဲ့ ချန်ချီတို့ သူ့ကို စောင့်ကြည့်နေပါတယ်"
"သူ တစ်ခုခု သံသယ ဖြစ်နေသေးလား"
"မဖြစ်လောက်ပါဘူး။ သူက သွေးမိစ္ဆာ ပေါ်လာတဲ့ အချိန်နဲ့ မိသားစုဝင်တွေ စပြီး သေဆုံးတဲ့ အချိန်တွေကိုပဲ မေးမြန်းခဲ့ပြီး၊ တခြားစုံစမ်းတာမျိုး မရှိပါဘူး" ဟု ပြောရင်း ချန်ကျိုးလုက ခဏမျှ ရပ်တန့်ကာ စဥ်းစားပြီးနောက် ဆက်ပြောသည်။ "ဒီလူက စိတ်ရင်းကောင်းပုံရတယ်။ သမီးက သူ့ကို အလှနဲ့ မြှူဆွယ်ပြီး မိသားစု တစ်ခုလုံး သွေးမိစ္ဆာလက်ထဲမှာ သေဆုံးခဲ့ရတယ်လို့ လိမ်ပြောလိုက်တော့ သူက ချက်ချင်းပဲ ချန်မိသားစုအတွက် မိစ္ဆာကို သတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်"
ချန်ရွှေ့တာ ခေါင်းညိတ်သည်။
"ကောင်းပြီ။ ချန်ဝူနဲ့ ချန်ချီတို့ကို အနီးကပ် စောင့်ကြည့်ခိုင်းထားပါ။ သူ မသိသင့်တာ တစ်ခုခုကို သိသွားလို့ မဖြစ်ဘူး"
"ဟုတ်ကဲ့ပါ"
...