ချန်မိသားစုအရှုပ်တော်ပုံနှင့် သွေးမိစ္ဆာ
Vol. 18 Ch. 190
ချန်မိသားစု ခြံဝင်းအတွင်း လှည့်ပတ်စုံစမ်းပြီးနောက် ကူပိုးကောင်များသည် နောက်ဖက်ခြံဝင်းတွင်းမှ အားလုံး ပြန်လည် ဆုတ်ခွာသွားကြသည်။ နောက်ဖက်ခြံဝင်းမှာ ကျင့်ကြံသူများ အားလုံး နေထိုင်ရာ ဖြစ်သည်။
နောက်ဖက်ခြံဝင်းတစ်ခုလုံးကို သေချာစွာ စုံစမ်းပြီးနောက် ထူးခြားမှုတစ်ခုကို စုန့်ဝမ် သတိပြုမိသွားသည်။ ချန်မိသားစုတွင် ချီစုစည်းအဆင့်ကျင့်ကြံသူမှာ ရှိသင့်သည့် ပမာဏထက် အလွန်ပင် နည်းပါးနေသည်။ ပို၍ နားမလည်နိုင်စရာမှာ ချီစုစည်းခြင်း အလယ်အဆင့်မှ နှောင်းပိုင်းအဆင့်အထိ ကျင့်ကြံသူများမှာ တစ်ဝက်ကျော် ရှိနေပြီး၊ အများစု ဖြစ်သင့်သော အစောပိုင်းအဆင့် ကျင့်ကြံသူမှာမူ ငါးဆယ်ခန့်သာ ရှိနေခြင်း ဖြစ်သည်။
ဤအခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်။ အစောပိုင်းအဆင့် ကျင့်ကြံသူများစွာကို သွေးမိစ္ဆာက သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ ချန်မိသားစု ကျင့်ကြံသူများသည် အများအားဖြင့် နေအိမ်များတွင် ပုန်းကွယ်နေပြီး အချို့မှာ မြေအောက်ခန်းများတွင် ပုန်းအောင်းနေသဖြင့် အပြင်ဘက်တွင် လွတ်လပ်စွာ လျှောက်သွားနေသော ကျင့်ကြံသူများကို တွေ့ရခဲသည်။ သွေးမိစ္ဆာ၏ ရက်စက်မှုကြောင့် ချန်မိသားစု၏ ချီစုစည်းခြင်း ကျင့်ကြံသူများအကြားတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်သလို၊ အင်အား ထပ်မံမဆုံးရှုံးစေရန် ကာကွယ်ခြင်းလည်း ဖြစ်နိုင်သည်။
နောက်ဖက်ခြံဝင်းကို စုံစမ်းပြီးနောက် ကူပိုးကောင်များသည် ချန်မိသားစု၏ ရှေ့ခြံဝင်းဆီသို့ ပျံသန်းသွားကြသည်။ ရှေ့ခြံဝင်းမှာ ကျင့်ကြံသူများနှင့် မတူဘဲ သာမန်လူများ နေထိုင်ရာ ဖြစ်သည်။ သူတို့ထဲမှ အများစုမှာ အပြင်ဘက်တွင် အလုပ်ရှုပ်နေကြသည်။ စမ်းချောင်း၏ နှစ်ဖက်စလုံးတွင် ကြီးမားသော စိုက်ခင်းများ ရှိပြီး အမျိုးမျိုးသော ကောက်ပဲသီးနှံများ စိုက်ပျိုးထားကာ အချို့သော စိုက်ခင်းများတွင် ဝိညာဉ်ဆန်များကို စိုက်ပျိုးထားသည်။ သာမန်လူအများစုမှာ အလုပ်ရှုပ်နေကြပြီး အနည်းငယ် စိုးရိမ်သောက ရောက်နေပုံရသည်။
စုန့်ဝမ်မှာ မအံသြဘဲ မနေနိုင်တော့ပေ။ သွေးမိစ္ဆာ၏ သတ်ဖြတ်မှုကြောင့် လူဦးရေ လျင်မြန်စွာ လျော့နည်းလာသော်လည်း၊ ဤသာမန်လူများသည် ချန်မိသားစုမှ ထွက်ခွာပြီး အခြားသို့ ထွက်မပြေးကြသနည်း။ အပြင်ဘက်တွင် ချန်မိသားစု ကျင့်ကြံသူများ၏ ကာကွယ်မှု မရှိပါက ဘဝမှာ ပို၍ ခက်ခဲနိုင်သော်လည်း၊ အမြဲတစေ ကြောက်ရွံ့မှုနှင့် အန္တရာယ်အောက် နေထိုင်ရသည်ထက် အဆပေါင်းများစွာ ပိုကောင်းမည် မဟုတ်ပါလား။
သူတို့ ထွက်မပြေးအောင် မည်သည့်အရာက တားဆီးနေသနည်း။
ကူပိုးကောင်များသည် ဤသာမန်လူများ၏ အိမ်များအကြားတွင် လှည့်ပတ်သွားလာရင်း စိတ်ဝင်စားစရာ တစ်ခုကို တွေ့ရှိခဲ့သည်။
အုတ်ကြွပ်မိုးထားသည့် အခန်းသုံးခန်းပါသော အိမ်တစ်လုံးတွင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ မြေပြင်ပေါ်၌ လဲလျောင်းကာ တုန်ယင်နေသည်။ ယားယံနေဟန်ဖြင့် သူ့ခန္ဓာကိုယ်ကို သွေးထွက်သံယို ဖြစ်သည်အထိ အသည်းအသန် ကုတ်ခြစ်နေပြီး ရပ်တန့်မည့် လက္ခဏာ မရှိပေ။
"ယားတယ်၊ အရမ်းယားတယ်"
ထိုကောင်လေးက ကျယ်လောင်စွာ အော်ဟစ်နေသည်။ သူ့အသံကြောင့် အသက်သုံးဆယ်ကျော်အရွယ် မိခင်ဖြစ်သူမှာ အိမ်ထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။ သို့သော်လည်း ကလေးကို ချက်ချင်း နှစ်သိမ့်ကုသပေးမည့်အစား အခြားအခန်းတစ်ခန်းသို့ ပြေးသွားကာ သေတ္တာများနှင့် ဗီရိုများကို မွှေနှောက် ရှာဖွေသည်။
မကြာမီပင် ကြွေပုလင်းငယ်တစ်ခုကို တွေ့ရှိသွားပြီး၊ ထိုကြွေပုလင်းကို ကိုင်ကာ သားထံသို့ အပြေးပြန်သွားသည်။ ထိုအမျိုးသမီးသည် ထိတ်လန့်နေသော အမူအရာဖြင့် အနက်ရောင် ဆေးလုံးတစ်လုံး ထုတ်ယူကာ ကောင်လေး၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။ သားဖြစ်သူ ဆေးလုံးကို မျိုချလိုက်မှ သူမ၏ ထိတ်လန့်နေသော အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။
ထို့နောက်အမျိုးသမီးသည် မြေပြင်ပေါ်တွင် လဲလျောင်းကာ ကောင်လေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး သူ့ကိုယ်သူ ထပ်မံ၍ ကုတ်ခြစ်ခြင်း မပြုနိုင်စေရန် တားဆီးထားသည်။ ကောင်လေးမှာ အသည်းအသန် ရုန်းကန်နေသော်လည်း သူ၏ အင်အားမှာ မိခင်၏ ဖက်တွယ်ထားမှုကို ရုန်းထွက်ရန် အလွန်အားနည်းနေသည်။
"မေမေ၊ သားကို လွှတ်ပေးပါ။ သား ယားနေလို့ပါ၊ အရမ်းနာတယ်”
သူမ၏ သားဖြစ်သူ ခံစားနေရသည်ကို ကြည့်ရင်း မိခင်ဖြစ်သူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး အသံမှာလည်း တုန်ယင်လာသည်။
"လိမ္မာတယ် သားလေး။ သည်းခံလိုက်နော်၊ ခဏနေရင် ယားတာ ပျောက်သွားလိမ့်မယ်"
အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာပြီးနောက် ကောင်လေး၏ ရုန်းကန်မှုများ တဖြည်းဖြည်း အားနည်းသွားသည်။ နောက်ဆုံးတွင် အလွန်အမင်း ပင်ပန်းသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသကဲ့သို့ ဖြစ်သွားပြီး တဖြည်းဖြည်း အိပ်ပျော်သွားသည်။
သားဖြစ်သူ အိပ်ပျော်သွားမှ မိခင်ဖြစ်သူသည် သူ့သားကို ကုတင်ပေါ်သို့ ချီပွေ့တင်လိုက်ပြီး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော သားဖြစ်သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ သူမ၏ မျက်လုံးများတွင် နာကျင်မှုနှင့် ဝေခွဲမရမှုများ ပြည့်နှက်လာပြီး အသံမထွက်ဘဲ ငိုချလိုက်သည်။
ထိုအချိန်ပိုင်းလေးတွင် မိခင်ဖြစ်သူ သတိမထားမိလိုက်ဘဲ သူမပေါ့ဆစွာ အဖုံးမပိတ်ခဲ့သော ကြွေပုလင်းငယ်ထဲသို့ ကူပိုးကောင်ငယ်လေး တစ်ကောင် တွားသွား ဝင်ရောက်သွားသည်။ ပုလင်းထဲရှိ ဆေးလုံးများကို သေချာစစ်ဆေးပြီးနောက် ကူပိုးကောင်များသည် ထိုအိမ်မှ ပျံထွက်သွားကြသည်။
မကြာမီပင် ကူပိုးကောင် ခြောက်ကောင်စလုံးသည် သာမန်လူများ၏ အိမ်များကို စတင် ရှာဖွေကြသည်။
ခဏအကြာတွင် စုန့်ဝမ်သည် အခြေအနေကို သေချာ သဘောပေါက်သွားသည်။ သာမန် အိမ်ထောင်စုတိုင်းနီးပါးတွင် ထိုကဲ့သို့သော ကြွေပုလင်းငယ်များ ရှိကြပြီး တစ်ခုချင်းစီတွင် ဆေးလုံး အနည်းငယ်မှသည် ဆယ်ဂဏန်းအထိ ပါရှိကြသည်။ ဤဆေးပြားများသည် တစ်စုံတစ်ရာသော အဆိပ်ဖြေဆေးများ ဖြစ်ကြပြီး ချန်မိသားစုရှိ သာမန်လူအားလုံးမှာ အသက်အရွယ်နှင့် ကျားမ မရွေး အဆိပ်သင့်နေကြခြင်း ဖြစ်သည်။ သူတို့သည် ရှင်သန်နိုင်ရန်အတွက် ဤအဆိပ်ဖြေဆေးကို သောက်နေကြရသည်။ ဤအချက်သည် သူတို့ ချန်မိသားစုမှ ထွက်မပြေးနိုင်ရခြင်း၏ စစ်မှန်သော အကြောင်းရင်း ဖြစ်နိုင်သည်။
………
နှစ်ရက်အကြာ၊ နံနက် ၄ နာရီခန့်
အရုဏ်မတက်မီ အမှောင်မိုက်ဆုံးအချိန်၊ လောကဓာတ်တခွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအချိန်တွင် ချန်မိသားစု၏ ဝိညာဉ်စိုက်ခင်းများ နောက်ကွယ်ရှိ အနောက်ဖက်တောင်၏ မတ်စောက်သော ကျောက်ဆောင်များပေါ်တွင် သွေးရောင်သန်းနေသော ပုံရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း တွားသွား၍ ထွက်လာသည်။ ဤပုံရိပ်မှာ တစ်ကိုယ်လုံး သွေးနီရောင် ဖုံးလွှမ်းနေပြီး လူပုံသဏ္ဍာန်ထက် မျောက်တစ်ကောင်နှင့် ပိုဆင်တူကာ မတ်တတ်ရပ်နေသည့် လင်းနို့တစ်ကောင်နှင့်လည်း ခပ်ဆင်ဆင်တူနေသည်။ ၎င်းတွင် လူကဲ့သို့ ခြေလက်များနှင့် ဦးခေါင်းပါရှိသော်လည်း လက်နှင့် ကိုယ်ခန္ဓာကြားတွင် တောင်ပံကဲ့သို့သော အမြှေးပါးများ ရှိသည်။ လက်များမှာ မြေပြင်ပေါ် ကျသည်အထိ ရှည်လျားပြီး ထက်မြက်သော လက်သည်းများလည်း ပါရှိသည်။
ချန်မိသားစု၏ ခြံဝင်းကို ငုံ့ကြည့်နေစဉ် ၎င်း၏ သွေးဆာနေသော မျက်လုံးများတွင် အနီရောင်အလင်းများ တောက်ပနေသည်။ ပါးစပ်ကို ဟလိုက်ရာ သွေးများ စွန်းထင်းနေသော ထက်မြက်သည့် အစွယ်များနှင့် သွားများဖြင့် ပြည့်နေပြီး၊ ရှည်လျားသောလျှာဖြင့် နှုတ်ခမ်းတွင် ပေကျံနေသော သွေးစေးများကို လျက်လိုက်သည်။ ၎င်းမှာ သွေးမိစ္ဆာပင် ဖြစ်သည်။
ဝိညာဉ်စွမ်းအားကို အသုံးပြုခြင်း မရှိဘဲ သွေးမိစ္ဆာသည် ၎င်း၏ ခြေလက်များကို အားပြုကာ ညဉ့်ကောင်းကင်ယံကို ဖြတ်၍ ငှက်ငယ်တစ်ကောင်ပမာ တောင်ပေါ်မှ ပျံဝဲခုန်ချလိုက်ပြီး ဝိညာဉ်စိုက်ခင်း၏ အလယ်ဗဟိုသို့ တိတ်ဆိတ်စွာ ဆင်းသက်လိုက်သည်။
သွေးမိစ္ဆာသည် ဝိညာဉ်စိုက်ခင်းကို ဖြတ်ကျော်၍ ချန်မိသားစုအတွင်းသို့ ခိုးဝင်ရန် ရည်ရွယ်ထားသည်။ သို့သော် စိုက်ခင်းထဲ ဆင်းသက်လိုက်သည်နှင့် ဝိညာဉ်ဆေးပင်များ၏ ဆွဲဆောင်မှုရှိသော ရနံ့များမှာ သွေးမိစ္ဆာကို ဖမ်းစားလိုက်သည်။ ချက်ချင်းပင် နှစ်တစ်ရာသက်တမ်းရှိ နေဝိညာဉ်ဆေးပင် တစ်ပင်ကို ဆွဲနှုတ်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဝါးစားလိုက်သောအခါ သင်းပျံ့သော မွှေးရနံ့များ ထွက်ပေါ်လာသည်။ ဝိညာဉ်ဆေးပင်ကို မျိုချလိုက်သောအခါ သန့်စင်သော ဆေးအာနိသင်များမှာ ချက်ချင်းပင် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။ ချက်ချင်းပင် သွေးစွမ်းအင်များ ဆူပွက်လာပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း နွေးထွေးလာသည်။
သွေးမိစ္ဆာ၏ မျက်လုံးများမှာ ဝင်းပသွားသည်။ မွေးဖွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အတွင်းစိတ်ထဲတွင် ယခင်က မခံစားဖူးသော ကျေနပ်နှစ်သက်သည့် စိတ်ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။
သွေးမိစ္ဆာသည် စိတ်ဆန္ဒကို မထိန်းနိုင်တော့ဘဲ နေဝိညာဉ်ဆေးပင်များကို ဆက်တိုက် ဆွဲနှုတ်ပြီး ပါးစပ်ထဲသို့ ထိုးထည့်ကာ ဝါးမြိုလိုက်သည်။ နေဝိညာဉ်ဆေးပင် ဒါဇင်ပေါင်းများစွာကို စားသုံးပြီးနောက် မျက်နှာပေါ်တွင် ဆိုးညစ်သော အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းသည် ချန်မိသားစုကို လက်စားချေရန် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုကို ရှာတွေ့သွားပုံရသည်။ ထိုနည်းလမ်းမှာ ချန်မိသားစုအား သတ်ဖြတ်ခြင်းထက် ပိုမိုဆိုးရွားစွာ အထိနာစေမည့် နည်းလမ်းပင် ဖြစ်သည်။
..
နောက်တစ်နေ့ မိုးလင်းပြီးနောက် ချန်ရွှေ့တာသည် ပြီးခဲ့သည့်ညက သာမန်မိသားစုဝင် တစ်ဒါဇင်ကျော် ပျောက်ဆုံးသွားကြောင်း သတင်းရရှိခဲ့သည်။ စစ်ဆေးပြီးနောက် ပျောက်ဆုံးသွားသူအားလုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး အများစုမှာ ငယ်ရွယ်သော မိန်းကလေးများ ဖြစ်ကြောင်း တွေ့ရှိရသည်။
ချန်ရွှေ့တာ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သွေးမိစ္ဆာသည် နောက်ဆုံးတွင် ရင့်ကျက်သည့် အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သွေးမိစ္ဆာ ရင့်ကျက်သွားပါက ဉာဏ်ရည်မှာလည်း လျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး ၎င်း၏ အတွင်း၌ ကျန်ရှိနေသော သွေးစည်းတံဆိပ်မှာ ဆက်လက် ထိန်းချုပ်ထားနိုင်တော့မည် မဟုတ်ပေ။ အကယ်၍ သွေးမိစ္ဆာသည် သွေးစည်းတံဆိပ်မှ ဖန်တီးထားသည့် ချန်မိသားစု၏ သွေးသားကို ဝါးမြိုလိုသည့် စိတ်ဆန္ဒအား တွန်းလှန်နိုင်ပါက၊ ချန်မိသားစုမှ ထွက်ခွာပြီး ပိုမိုလုံခြုံသော နေရာသစ်သို့ အချိန်မရွေး ထွက်သွားနိုင်သည်။ ထိုသို့ ဖြစ်လာပါက မိသားစုဝင် အများအပြား၏ အသက်ကို ပေးဆပ်၍ စီစဉ်ထားသမျှ အစီအစဉ်များအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်။
…..
ဧည့်ဆောင်တွင် တရားထိုင်သော စုန့်ဝမ်သည် ရုတ်တရက် ထွက်ပေါ်လာသာ ချန်ရွှေ့တာ့အသံကြောင့် အနှောင့်အယှက် ဖြစ်သွားသည်။
"အကြီးအကဲ ဝူ... ကျွန်တော့်မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စ တစ်ခုရှိပါတယ်။ စကားပြောဖို့ တံခါးလေး ဖွင့်ပေးပါဦး"
တံခါးမှာ အလိုအလျောက် ပွင့်သွားပြီး စုန့်ဝမ်၏အသံ အခန်းတွင်းမှ ထွက်ပေါ်လာသည်။
"ခေါင်းဆောင်ချန်... ဝင်ခဲ့ပါ"
ချန်ရွှေ့တာသည် အတွင်းသို့ ရောက်သည်နှင့် စိုးရိမ်ပူပန်သောလေသံဖြင့် ဆိုလာသည်။
"အကြီးအကဲဝူ... မနေ့ညက ချန်မိသားစုဝင် ၁၀ ဦးကျော် ပျောက်ဆုံးသွားပါတယ်။ မိသားစုခေါင်းဆောင်အနေနဲ့ ကျွန်တော် အမှန်တကယ်ပဲ ရှက်မိပါတယ်။ ကျွန်တော် အခုချက်ချင်း သွေးမိစ္ဆာဆီ ပြေးသွားပြီး သုတ်သင်ပစ်ချင်တယ်။ ဒါပေမယ့် ဒီကောင့်ကို ခြေရာခံရတာ ခက်နေတော့ ဘယ်လို တိုက်ခိုက်ရမှန်းလည်း မသိပါဘူး"
ချန်ရွှေ့တာသည် အားငယ်ပြီး စိတ်ဓာတ်ကျနေဟန်ဖြင့် မျက်ရည်ကျလုနီးပါး ဖြစ်နေသည်။
စုန့်ဝမ်လည်း အံ့ဩ၊ ဒေါသထွက်ဟန်ဖြင့် အော်ပြောလိုက်သည်။
"ဘာ … သွေးမိစ္ဆာ မနေ့ညက ပေါ်လာပြန်ပြီလား! ဒါပေမဲ့ ကျွန်တော် ဘာလို့ မသိလိုက်ရတာလဲ။ ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှု နည်းနည်းလေးတောင် မရှိခဲ့ဘူး”
"သွေးမိစ္ဆာက သူ့တည်ရှိမှုကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ သူ့ရှိတဲ့နေရာကို ရှာဖွေဖို့က တကယ်ကို ခက်ခဲပါတယ်။ သွေးမိစ္ဆာ ပြဿနာကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောနည်းက နတ်ဆိုးသားရဲမျှားခေါ်ဆေးမှုန့်ပဲ။ အကြီးအကဲကျော့ တစ်ယောက် ဖော်စပ်တာ အောင်မြင်သွားပြီလား မသိဘူး"
"အကြီးအကဲကျော့က ငယ်ငယ်တည်းက ဆေးဖော်စပ်နည်းကို လေ့ကျင့်လာသူပါ၊ ဒီဆေး ဖော်စပ်တာလောက်က သူ့အတွက် ပြဿနာ မရှိပါဘူး။ ရက်နည်းနည်းလောက် စောင့်လိုက်ရင် အပြီးသတ်နိုင်မှာပါ"
"အကြီးအကဲကျော့ တစ်ယောက်တည်း ဖော်စပ်နေတာကို ကျွန်တော် စိုးရိမ်နေတုန်းပါပဲ။ အကြီးအကဲဝူအနေနဲ့ အကြီးအကဲကျော့ကို ကူညီဖော်စပ်ပေးဖို့ အဆင်ပြေမလား”
"အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့်မှာ စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး။ ကျွန်တော် အဲဒီဆေးမှုန့်ကို တစ်ခါမှ မဖော်စပ်ဖူးဘူး။ အကယ်၍ အတင်းဝင်ပြီး ကူညီလိုက်ရင် အကြီးအကဲကျော့ လုပ်ရကိုင်ရ ခက်သွားနိုင်ပါတယ်"
ဤစကားကို ကြားသောအခါ ချန်ရွှေ့တာ အနည်းငယ် စိတ်ပျက်သွားသည်။ "ကျွန်တော် အတွေးလွန်သွားတာပါ၊ ခွင့်ပြုပါဦး"ဟု ဆိုပြီး အလျင်အမြန် ပြန်ထွက်သွားသည်။
စုန့်ဝမ်သည် တံခါးကို ပိတ်ရင်း မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။
မနေ့ညက သွေးမိစ္ဆာ ဝိညာဥ်ဆေးပင်စိုက်ခင်းထဲသို့ ဝင်နေစဉ် စောင့်ကြည့်နေသော ကူပိုးကောင်များက ၎င်းကို တွေ့ရှိခဲ့သည်။ သွေးမိစ္ဆာ၏ တစ်ညတာ လှုပ်ရှားမှုအားလုံးမှာ ကူပိုးကောင်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့သည်။
တစ်ညလုံးပင် ချန်မိသားစု၏ ကျင့်ကြံသူအားလုံး နောက်ဖက်ခြံဝင်းတွင် စုဝေးနေကြပြီး၊ သာမန်မိသားစုဝင်များ နေထိုင်သော ရှေ့ဖက်ခြံဝင်းတွင်မူ စောင့်ကြပ်နေသည့် ကျင့်ကြံသူ တစ်ဦးမျှ မရှိခဲ့ပေ။ ချန်မိသားစု၏ အပြုအမူမှာ ချန်ရွှေ့တာ၏ မိသားစုဝင်များအပေါ် စိုးရိမ်စိတ်နှင့် ကိုက်ညီမှု မရှိပေ။ စုန့်ဝမ်က ချန်ရွှေ့တာသည် သူ့ကို စမ်းသပ်ရန်နှင့် တစ်စုံတစ်ရာ ထူးခြားသည်ကို သိရှိသွားခြင်း ရှိ၊မရှိ စစ်ဆေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။
ထိုသိုဖြင့် ငါးရက်တာ ကုန်ဆုံးသွားသည်။ ခြောက်ရက်မြောက်နေ့တွင် ချန်ကျိုးလုက စုန့်ဝမ်၏ အခန်းတံခါးကို ခေါက်ပြီး လာခေါ်သည်။
"အကြီးအကဲဝူ... အကြီးအကဲကျော့ ဆေးဖော်စပ်ရာက ထွက်လာပါပြီ။ မိသားစုခေါင်းဆောင်က ရှင်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
………