← Chapters

ဆေးဖော်စပ်တာတော့ အောင်မြင်ပြီ

Vol. 18 Ch. 187

ဆေးဖော်စပ်တာတော့ အောင်မြင်ပြီ

Vol. 18 Ch. 187

ခဏအကြာတွင် စုန့်ဝမ်တို့ သုံးဦး ဓားပျံများ စီးနင်းပျံသန်းလျက် ဟွမ်ဆေးဖော်စပ်ခန်းမ၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။

ဟွမ်ဆေးဖော်စပ်ခန်းတွင် ဆေးဖော်စပ်သူ ရာနှင့်ချီ ရှိသည်။ သူတို့ အားလုံးမှာ ချီစုစည်းခြင်းအဆင့် ဖြစ်ကြပြီး သားရဲသခင်ဂိုဏ်းရှိ ထောင်သောင်းချီရှိသော ချီစုစည်းခြင်းအဆင့် တပည့်များအတွက် ဆေးပြားများ ဖော်စပ်ပေးရန် တာဝန်ရှိသူများ ဖြစ်ကြသည်။

ဤအချိန်တွင် ဟွမ်ဆေးဖော်စပ်ခန်းမ၏ အပြင်ဘက်ရှိ ရင်ပြင်တွင် လူသုံးရာခန့် စုဝေးနေကြပြီး အားလုံးမှာ ရုန်ကျင့်ယွမ်၏ သင်ကြားမှုကို နားထောင်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ရုန်ကျင့်ယွမ်မှာ ရောက်မလာသေးပေ။

စုန့်ဝမ်တို့ ပေါ်လာသောအခါ ရှေ့ဆုံးတန်းမှ အနီးကပ် ထိုင်နိုင်ရန်အတွက် သိသိသာသာ နေရာဖယ်ပေးကြသည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ရုန်ကျင့်ယွမ်သည် ဓားပျံဖြင့် ပျံသန်းကာ ရောက်ရှိလာသည်။ မြေပြင်သို့ ဆင်းသက်ပြီးနောက် စုန့်ဝမ်တို့ကို တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ ဆေးဖော်စပ်ခြင်းအကြောင်းကို စတင် ရှင်းပြတော့သည်။

ဟော့တင်း ပြောသကဲ့သို့ပင်၊ ဆေးဖော်စပ်ခြင်းကို စတင်သင်ယူနေသော တပည့်များနှင့် ကိုက်ညီစေရန်အတွက် ရုန်ကျင့်ယွမ်သည် အခြေခံအချက်များကိုသာ သင်ကြားပေးခဲ့သည်။ ဤအချက်မှာ ဆေးဖော်စပ်ခြင်း ပညာရပ်တွင် နှစ်ပေါင်းများစွာ နှစ်မြုပ်လေ့လာခဲ့ကြသော ကျော့ရွှေယွင်၊ ကျိုးစစ်ယိတို့အတွက်မူ အတော်ပင် ပျင်းစရာ ကောင်းနေသည်။ သို့သော် စုန့်ဝမ်အတွက်မူ အလွန်ပင် အသိဉာဏ်ပွင့်လင်းစေခဲ့သည်။

နှစ်နာရီကြာပြီးနောက် မှောင်ရီပျိုးလာချိန်တွင် ရုန်ကျင့်ယွမ်သည် သူမ၏ ဟောပြောမှုကို အဆုံးသတ်လိုက်သည်။ သူမသည် မတ်တတ်ရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း စုန့်ဝမ်က လှမ်းခေါ်လိုက်သည်။

"အကြီးအကဲရုန်၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် ဝူရှန်းပါ။ မရှင်းလင်းတာလေးတွေ ရှိလို့ အကြီးအကဲကို တိုင်ပင်ချင်ပါတယ်။ အကြီးအကဲရဲ့ အသိဉာဏ်ပညာကို မျှဝေပေးဖို့ မျှော်လင့်ပါတယ်"

ရုန်ကျင့်ယွမ်သည် မျက်ခုံး အနည်းငယ် ပင့်ကာ စုန့်ဝမ်ကို ကြည့်လိုက်သည်၊ အာရုံစိုက် နားထောင်နေသော ဤအခြေတည်အဆင့် ကျင့်ကြံသူအပေါ် သူမ အတော်ပင် အမြင်ကောင်းပြီး ဖြစ်သဖြင့် လက်ခံလိုက်သည်။

"ပြောပါ အကြီးအကဲကဲဝူ... ဘာသိချင်လို့လဲ"

"ကျွန်တော် အခြေတည်အဆင့် မတက်နိုင်ခင်က ရှေးဟောင်း ဆေးနည်းအပိုင်းအစတစ်ခု ရခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူက နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့ပေမဲ့ အဲဒီဆေးကို အောင်အောင်မြင်မြင် မဖော်စပ်နိုင်ခဲ့ဘူး။ ဆေးလုံးကို သိပ်သည်းရမယ့် နောက်ဆုံးအဆင့်ရောက်တိုင်း အဲဒီဆေးလုံးက အလိုအလျောက် ပျက်ပြယ်သွားတတ်တယ်။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ အကြီးအကဲရုန် ကို မေးချင်ပါတယ်"

"အဲဒီ ရှေးဟောင်းဆေးနည်းကို ကျွန်မ ကြည့်လို့ရမလား"

ရှေးဟောင်းဆေးနည်း ဆိုသဖြင့် ရုန်ကျင့်ယွမ် စိတ်ဝင်စားသွားသည်။

စုန့်ဝမ်က ခေါင်းခါကာ ငြင်းပယ်လိုက်သည်။

"အဲဒါကတော့ အဆင်မပြေပါဘူး၊ အဲဒီဆေးနည်းက ကျွန်တော့်ဆီမှာ မရှိလို့ပါ။ ဆေးနည်းရဲ့ အကြောင်းအရာတွေကို မှတ်မိနေပေမဲ့ သူ့ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ အဲဒီဆေးနည်းဟာ သွေးပေါက်ကွဲဆေးလုံးနဲ့ အာနိသင် ဆင်တူတဲ့ ပထမအဆင့် အလယ်အလတ်ဆေးလုံး အမျိုးအစား ဖြစ်တယ်ဆိုတာပါပဲ"

စုန့်ဝမ်က ဆေးနည်းကို ထုတ်မပြလိုခြင်းနှင့် ၎င်းမှာ ပထမအဆင့် ဆေးမျှသာ ဖြစ်နေခြင်းကြောင့် ရုန်ကျင့်ယွမ်၏ စိတ်ဝင်စားမှုမှာ သိသိသာသာ လျော့နည်းသွားသည်။

"ဆေးနည်းကို မသိရဘဲနဲ့တော့ တိကျတဲ့ အကြံဉာဏ် မပေးနိုင်ဘူး၊ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ခွဲခြမ်းစိတ်ဖြာ ပေးနိုင်ပါတယ်။ ဒီဆေးလုံး အာနိသင်က သွေးပေါက်ကွဲဆေးလုံးနဲ့ ဆင်တူတယ်ဆိုရင်၊ ဒါက ကျင့်ကြံခြင်း အဟန့်အတားတစ်ခုကို ကျော်ဖြတ်ဖို့အတွက် သွေးချီကို စတေးပြီး ဝိညာဉ်စွမ်းအားကို အတင်းအဓမ္မ မြှင့်တင်ပေးဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်။ မင်းရဲ့ သူငယ်ချင်းက ဒီဆေးပြားကို သုံးပြီး အဆင့်တက်လှမ်းချင်တာ ဖြစ်လိမ့်မယ်။ ဆေးပြားကို သိပ်သည်းအောင် လုပ်တဲ့နေရာမှာ ကျရှုံးရတဲ့ အကြောင်းရင်း အများကြီး ရှိနိုင်တယ်။ ပထမအချက်က နည်းလမ်းမှားနေတာ ဖြစ်နိုင်တယ်။ တချို့ဆေးလုံးတွေက သင့်တော်တဲ့ နည်းစနစ်တွေ လိုအပ်တယ်။ ဒုတိယအချက်က အပူရှိန်ကို ထိန်းချုပ်တဲ့နေရာမှာ ပြဿနာ ရှိနိုင်တယ်။ တတိယအချက်က ဆေးပြားကို သိပ်သည်းရမယ့် အချိန်တွက်ဆမှု မမှန်တာ ဖြစ်နိုင်တယ်"

ရုန်ကျင့်ယွမ်သည် ရှည်လျားစွာ ရှင်းပြခဲ့ပြီး ဆေးပြား သိပ်သည်းအောင် လုပ်ရာတွင် ကျရှုံးနိုင်သည့် အကြောင်းရင်း ရှစ်ချက်ကို ပြောပြခဲ့သည်။

ရုန်ကျင့်ယွမ်၏ အမြင်များသည် စုန့်ဝမ်အတွက် အလွန်ပင် အကျိုးရှိစေခဲ့သည်။ စုန့်ဝမ်သည် သွေးပေါက်ကွဲဆေးပြားကို သုတေသနပြု ဖော်စပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး၊ အသေးစိတ် အချက်အလက်များထဲတွင် နစ်မွန်းနေသဖြင့် မြင်ကွင်းကျယ်ကို မြင်နိုင်ရန် ခက်ခဲနေခဲ့သည်။ သို့သော် ရုန်ကျင့်ယွမ်၏ စကားအနည်းငယ်က မျက်စိ ပွင့်သွားစေခဲ့သည်။

………..

လိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် စုန့်ဝမ်လည်း သွေးပေါက်ကွဲဆေးလုံးအသစ် ဖော်စပ်ခြင်းကို ချက်ချင်း ပြန်လည် စတင်တော့သည်။

သုံးရက်အကြာတွင် ဆေးဖော်စပ်နည်း သင်ကြားပေးရန်အတွက် သူနှင့် အခြားသုံးဦးကို ဆင့်ခေါ်လိုက်သည့် အကြီးအကဲချိုက်၏ သတင်းစကား လက်ခံရရှိသဖြင့် ယွမ်ဆေးခန်းမသို့ ထွက်လာခဲ့သည်။ ချိုက်ကျင့်လော့သည် ဝေ့တင်းကဲ့သို့ သင်ယူသူများကို ဖိအားမပေးပေ။ နည်းပညာများကို သင်ကြားပေးပြီးနောက် ဒီအတိုင်း ထွက်ခွာသွားခဲ့သည်။ ကျော့ရွှေယွင်ပင်လျှင် သူနှင့် ရင်းနှီးမှုရရန် ကြိုးပမ်းခဲ့သော်လည်း သင့်တော်သော အခွင့်အရေး မတွေ့ခဲ့ပေ။

ချိုက်ကျင့်လော့ထံမှ ပြန်လာပြီးနောက် စုန့်ဝမ်သည် သွေးပေါက်ကွဲဆေးလုံး ဖော်စပ်ခြင်းတွင် နောက်တစ်ကြိမ် နစ်မြုပ်နေပြန်သည်။

ထိုသို့ဖြင့် လေးလကျော် အချိန်ကုန်လွန်သွားခဲ့သည်။

…….

လိုဏ်ဂူ အမှတ် ၁၁ တွင် စုန့်ဝမ်သည် ဆေးအိုး ရှေ့၌ မတ်တတ်ရပ်ကာ မန္တန်လက်ဟန် အမြောက်အမြားကို ဖော်ဆောင်နေသည်။ သူသည် ဆေးပြား သိပ်သည်းအောင် လုပ်ရန် ဘယ်နှစ်ကြိမ်မြောက် ကြိုးစားနေသည်ကိုပင် မမှတ်မိတော့၊ နောက်ထပ် ကျရှုံးမှု တစ်ခုအတွက်လည်း စိတ်ကို ပြင်ဆင်ထားသည်။

နောက်ဆုံးသော မန္တန်လက်ဟန်ကို ဖော်ဆောင်လိုက်သောအခါ ဆေးအိုးမှာ အနည်းငယ် တုန်ခါသွားသည်။ ယခုတစ်ကြိမ်တွင် ဆေးရည်များ ​အငွေ့ပျံ မသွားဘဲ အနီရောင် ဆေးလုံးတစ်လုံး ဆေးအိုးထဲတွင် ပေါ်လာသည်။

စုန့်ဝမ် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ဆေးလုံးကို လက်ဖြင့် ဖမ်းယူကာ သေချာစွာ စစ်ဆေးလိုက်သည်။ ဆေးလုံးမှာ လုံးဝန်းနေပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေကာ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်နေသည်။

စုန့်ဝမ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများမှာ တောက်ပနေသည်။ လေးနှစ်နီးပါး အချိန်ပေးကာ ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် အကုန်အကျခံပြီးနောက် နောက်ဆုံးတွင် သွေးပေါက်ကွဲဆေးလုံးအသစ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။

"ဒါက လုံးဝ အသစ်စက်စက် ဆေးလုံးဖြစ်နေတော့ ငါကိုယ်တိုင် နာမည် ပေးရမယ်။ သွေးအဆီအနှစ်ကို သုံးပြီး ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးတာဆိုတော့ သွေးဝိညာဉ်ဆေးလုံးလို့ပဲ ခေါ်ရအောင်။ ဒီသွေးဝိညာဉ်ဆေးလုံးက ဘယ်လောက်အထိ ထိရောက်မလဲ၊ ငါ မျှော်လင့်ထားသလို ဖြစ်မလား .. အင်း… လောလို့ မဖြစ်ဘူး။ အသက်ဆိုတာ နှစ်ချောင်း မပါဘူး"

စိတ်လှုပ်ရှားနေသော်လည်း စုန့်ဝမ်သည် ဆေးကို အလျင်စလို မသောက်သုံးခဲ့ပေ။ ၎င်းကို မသောက်မီ အဆိပ်အတောက် မရှိကြောင်း သေချာအောင် အရင် လုပ်လိုသည်။ လောလောဆယ် သွေးဝိညာဉ်ဆေးလုံး တစ်လုံးသာ ရှိသေးသဖြင့် အာနိသင်ကို စစ်ဆေးရန် မလုံလောက်ပေ။ နောက်ထပ် အနည်းငယ် ထပ်မံ ဖော်စပ်ရန် လိုသေးသည်။

ဆေးထပ်မံဖော်စပ်ရန် အဝါရောင်မှို ထုတ်ယူမည်ကြံမှပင် လုံးဝကုန်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် စုန့်ဝမ်သည် ဓားပျံဖြင့် စီးနင်းလျက် ဝိညာဥ်ဆေးပင်တောင်ထိပ်သို့ ထွက်လာခဲ့သည်။ ဝိညာဥ်ဆေးပင်တောင်တွင် ဝိညာဉ်ဆေးပင်ခန်းမ အမည်ရသော ခန်းမဆောင်ကြီးတစ်ခု ရှိပြီး ထိုနေရာတွင် အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များကို ရောင်းချသည်။

ဝိညာဉ်ဆေးပင်ခန်းမသို့ သွားရာလမ်းတွင် စုန့်ဝမ်သည် ဟောက်ချွမ်၏ နေအိမ်ပေါ်မှ တမင်တကာ ဖြတ်ပျံခဲ့သည်။ ဝိညာဥ်ဆေးပင်တောင်ထိပ်၏ အပြင်စည်းတပည့်များသည် သီးခြား ဝင်းခြံလေးများဖြင့် နေထိုင်ကြသည်။ ဟောက်ချွမ်သည် အပြင်စည်းတပည့်များထဲတွင် အဆင်ပြေပြေ နေထိုင်နိုင်သူဖြစ်ပြီး၊ သူ့ခြံဝင်းမှာ ဝိညာဉ်စွမ်းအား ကြွယ်ဝပြီး ဆိတ်ငြိမ်သော နေရာတွင် တည်ရှိသည်။

စုန့်ဝမ် ဝိညဥ်ာအာရုံဖြင့် စစ်ဆေးကြည့်ရာ ဟောက်ချွမ်သည် နေအိမ်အတွင်း၌ ကျင့်ကြံနေကြောင်း တွေ့ရှိရသည်။ စုန့်ဝမ်ကို အံ့သြသွားစေသည်မှာ ဟောက်ချွမ်သည် တစ်လကျော်အတွင်း ချီစုစည်းခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝိညာဥ်ကျောက်တုံးများကို အကျိုးရှိရှိ အသုံးချနိုင်ပင်။ စုန့်ဝမ်လည်း ကူပိုးကောင် တစ်ကောင်ကို ခြံဝင်းထဲ တိတ်တဆိတ် ချန်ခဲ့ပြီးနောက် ဆက်လက်ထွက်ခွာခဲ့သည်။

ဝိညာဉ်ဆေးပင်ခန်းမသို့ ရောက်သောအခါ ဝိညာဉ်ကျောက်တုံး ခြောက်ရာ အသုံးပြုပြီး အဝါရောင်မှို သုံးပွင့်ကို ဝယ်ယူခဲ့သည်။ စုန့်ဝမ်သည် ရံဖန်ရံခါတွင် အဝါရောင်မှို နှစ်ပွင့်၊ သုံးပွင့်ခန့်ကို ကိုယ်တိုင် ဝယ်ယူလေ့ရှိသည်။ ဤမျှ နည်းပါးသော အရေအတွက်မှာ အာရုံစိုက်ခံရရန် အလားအလာ မရှိပေ။ ထို့နောက် လိုဏ်ဂူအိမ်သို့ ပြန်လာခဲ့သည်။

လိုဏ်ဂူသို့ ပြန်ရောက်သည်နှင့် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ကာ ဟောက်ချွမ်ကို မနက်ဖြန်တွင် အရောင်းအဝယ်ပြုလုပ်ရန် အကြောင်းကြားလိုက်သည်။ ကျောက်စိမ်းပြားကို ပြန်သိမ်းပြီး စုန့်ဝမ်သည် ကုန်ခမ်းနေသည့် စိတ်စွမ်းအင်များ ပြန်လည်ပြည့်ဝစေရန် အနားယူခဲ့သည်။ ရက်အတော်ကြာ ဆေးဖော်စပ်နေခဲ့သဖြင့် သူ၏ စိတ်စွမ်းအားမှာ သိသိသာသာ ကုန်ခမ်းနေပြီ ဖြစ်သည်။ ဆက်လက် အားစိုက်နေပါက ပင်ပန်းပြီး လွဲ​ချော်မှုများ ကြုံရနိုင်သည် မဟုတ်ပါလား။

နောက်တစ်နေ့ ညနေပိုင်းတွင် ဟောက်ချွမ်နှင့် တွေ့ဆုံရန် ဝိညာ်ဆေးပင်တောင်ခြေရင်းသို့ စုန့်ဝမ်သည် ရောက်ရှိလာသည်။ ခဏမျှ စောင့်ဆိုင်းပြီးနောက် ဟောက်ချွမ်သည်လည်း ပျံသန်းခြင်းမန္တန်ကို သုံး၍ ရောက်ရှိလာသည်။ အရောင်းအဝယ်မှာ ချောမွေ့စွာ ပြီးဆုံးသွားပြီး စုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး သုံးထောင် ပေးချေကာ အဝါရောင်မှို ဆယ်ပွင့်ကို လက်ခံရရှိခဲ့သည်။

"စီနီယာ... ကျွန်တော့်မှာ တောင်းဆိုစရာလေးတစ်ခု ရှိပါတယ်"

စုန့်ဝမ် ထွက်ခွာတော့မည့် ဆဲဆဲတွင် ဟောက်ချွမ်က ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"ဘာကိစ္စလဲ"

စုန့်ဝမ်က ဓားပျံကို ရပ်တန့်ပြီး မေးလိုက်သည်၊ အကယ်၍ တစ်ဖက်လူ တောင်းဆိုသည်မှာ ရိုးရှင်းသော ကိစ္စဖြစ်ပါက အနည်းငယ် ကူညီပေးရန် ဝန်မလေးပေ။

စုန့်ဝမ် ငြင်းပယ်ခြင်း မပြုသည်ကို မြင်သောအခါ ဟောက်ချွမ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

"စီနီယာ သတိထားမိမှာပါ၊ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက ချီစုစည်းခြင်း နဝမအဆင့်ကို ရောက်နေပါပြီ၊ ဒါက စီနီယာ ပေးခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေကြောင့် အများကြီး ပါပါတယ်။ နောက်နှစ်ရက်နေရင် ဂိုဏ်းက ဆယ့်တစ်ကြိမ်မြောက် အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပတော့မယ်၊ အတွင်းစည်းနဲ့ အပြင်စည်းတပည့်တွေထဲက ထိပ်ဆုံးသုံးယောက်စီကို အခြေတည်ဆေးလုံး ရယူဖို့ အခွင့်အရေး ပေးပါတယ်။ အစွမ်းထက်တဲ့ ဝိညာဉ်သားရဲတစ်ကောင်သာ ကူညီပေးရင် ကျွန်တော် ထိပ်တန်း သုံးယောက်ထဲ ပါဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။ ဂိုဏ်းရဲ့ အရှေ့တောင်ဘက်က မီးတောင်ထဲမှာ ပထမအဆင့် အထွတ်အထိပ် မီးပုတ်သင်ညိုတစ်ကောင် ရှိပါတယ်။ ကျွန်တော့်က မီးဓာတ်နည်းစနစ် ကျင့်ကြံလို့၊ ဒီမီးပုတ်သင်ညိုရဲ့ ဂုဏ်သတ္တိတွေက ကျွန်တော့်ရဲ့ စွမ်းရည်တွေနဲ့ လုံးဝ ကိုက်ညီပါတယ်။ ကျွန်တော့်ကို ဒီမီးပုတ်သင်ညို ဖမ်းပေးဖို့ စီနီယာ့ကို ရိုရိုသေသေ တောင်းဆိုချင်ပါတယ်။ ဒီကိစ္စ ပြီးသွားရင် စီနီယာ့ကို ဝိညာဉ်ကျောက်တုံး သုံးထောင်ကို ကျေးဇူးဆပ်ပါ့မယ်။ အကယ်၍ ကျွန်တော်သာ ထိပ်တန်း သုံးယောက်ထဲ ပါသွားပြီး အခြေတည်ဆေးလုံး ရခဲ့မယ်၊ အခြေတည်အဆင့် ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် စီနီယာ့ရဲ့ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်"

စုန့်ဝမ်သည် ဟောက်ချွမ်ပြောသည်များကို တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး မင်း အဝါရောင်မှိုတွေ ထပ်ဝယ်စရာ မလိုတော့ဘူး။ ငါတို့ရဲ့ အရောင်းအဝယ်ဆက်ဆံရေး ဒီမှာတင် ပြီးပြီ"

ထိုသို့ ပြောပြီးသည်နှင့် စုန့်ဝမ်၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝေးကွာသော ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။

ဟောက်ချွမ်၏ လောဘစိတ်များ စတင် ကြီးထွားလာခြင်းသည် စုန့်ဝမ်ကို မကောင်းသော နိမိတ်တစ်ခုအဖြစ် ခံစားရစေသည်။ ယနေ့တွင် သူသည် ကူညီပေးရန် ဖိတ်ခေါ်ဝံ့သည်၊ နောင်တစ်ချိန်တွင် ပို၍ ကြီးမားသော အကျိုးအမြတ်အတွက် သစ္စာဖောက်ကောင်း ဖောက်လိမ့်မည်။ ဟောက်ချွမ်သည် သူ့အတွက် တန်ရာတန်ကြေးဖြင့် အလုပ်ခိုင်းစေထားသူသာ ဖြစ်ပြီး ဆက်ဆံရေးမှာလည်း အပြန်အလှန် အကျိုးစီးပွားအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ စုန့်ဝမ်သည် ထိုသူအတွက် မိုင်ပေါင်းထောင်ချီ ခရီးသွားပြီး မသိနိုင်သော အန္တရာယ်များကို ရင်ဆိုင်ရန် မည်သည့်အခါမျှ စွန့်စားလိမ့်မည် မဟုတ်ပေ။ ဝိညာဥ်ဆေးပင်တောင်ထိပ်တွင် တပည့်များစွာ ရှိပြီး အလုပ်ခိုင်းရန် သင့်တော်သူများလည်း ပေါများလှသည်၊ ထို့ကြောင့် ဟောက်ချွမ်၏ နေရာတွင် အစားထိုးရန် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ လွယ်ကူလှသည်။

"စီနီယာ..."

စုန့်ဝမ် ပြတ်ပြတ်သားသား ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟောက်ချွမ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ စုန့်ဝမ်၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားပြီးမှသာလျှင် သူ့စိတ်ထဲတွင် နက်ရှိုင်းသော နောင်တလှိုင်းများ ရိုက်ခတ်လာတော့သည်။

……

All Chapters