ဆေးသောက်ပြီး ကျင့်ကြံနေချိန် ဂိုဏ်းတာဝန်က လာပြန်ပြီ
Vol. 18 Ch. 188
စုန့်ဝမ်လည်း လိုဏ်ဂူအိမ် ပြန်ရောက်သည်နှင့် ခဏမျှ အနားယူပြီးနောက် မြေကမ္ဘာမီးတောက်ကို ဆင့်ခေါ်ကာ ဆေးဖော်စပ်မှု စတင်လိုက်သည်။
ပထမအသုတ်တွင် ဆေးလုံးများ သိပ်သည်းသည့် လုပ်ငန်းစဥ်အတွင်း နည်းစနစ် အနည်းငယ် မှားယွင်းသွားသဖြင့် ကျရှုံးခဲ့ပြန်သည်။ ဒုတိယအသုတ်တွင်မူ ချောမွေ့စွာ ပြီးဆုံးသွားပြီး စုစုပေါင်း ဆေးလုံး ၃ လုံး ရရှိခဲ့သည်။ ယခုအခါ သွေးဝိညာဉ်ဆေး ၄ လုံး ရှိနေပြီဖြစ်ရာ အာနိသင် စစ်ဆေးမှု ပြုလုပ်ရန် လုံလောက်ပြီ ဖြစ်သည်။
ပထမဆုံး စမ်းသပ်မှုကို တိရစ္ဆာန်များနှင့် ပြုလုပ်ရန် ဆုံးဖြတ်ပြီး လိုဏ်ဂူအိမ်အနီး ချောက်ခြေရင်းရှိ တောအုပ်ထဲသို့ ခုန်ဆင်းလိုက်သည်။ တောအုပ်အတွင်း သားရဲကြီးများ မရှိသဖြင့် ကြီးမားသော တောယုန် ၆ ကောင်ကို ဖမ်းဆီးကာ ပြန်တက်လာခဲ့သည်။
လိုဏ်ဂူထဲ ရောက်သည်နှင့် သွေးဝိညာဉ်ဆေးလုံး သုံးလုံးကို ထုတ်လိုက်ပြီး၊ တစ်လုံးကို ကြိတ်ခြေကာ အမှုန့်အနည်းငယ် ယူ၍ တောယုန် နှစ်ကောင်ကို ကျွေးလိုက်သည်။ ကျန်ရှိသော သွေးဝိညာဉ်ဆေး နှစ်လုံးကိုလည်း ကြိတ်ခြေပြီး ကျန်ရှိသည့် တောယုန် လေးကောင်ကို ကျွေးလိုက်သည်။
သွေးဝိညာဉ်ဆေးလုံးကို ကြိတ်ခြေလိုက်သည်နှင့် တပြိုင်နက် ၎င်း၏ ဝိညာဉ်စွမ်းအားများမှာ လျင်မြန်စွာ ပျံ့လွင့်သွားပြီး အမှုန့်များတွင် ဆေးအာနိသင် အနည်းငယ်သာ ကျန်ရှိတော့သည်။ ထိုသို့ ကျန်ရှိနေသည့် အာနိသင်လေးမှာပင် တောယုန်များအတွက် မခံနိုင်သာပမာဏ ဖြစ်နေသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် တောယုန် ခြောက်ကောင်စလုံးမှာ သွေးအဆီအနှစ်များ ကုန်ခမ်းသွားသဖြင့် တောင့်တင်း ခြေက်ကပ်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားသည်။
စုန့်ဝမ်သည် တောယုန်အလောင်းများတွင် အဆိပ်သင့်သည့် လက္ခဏာများ မရှိကြောင်း အတည်ပြုရန် ဝိညာဉ်အာရုံကို အသုံးပြု၍ သေချာစွာ စစ်ဆေးလိုက်သည်။ သွေးဝိညာဉ်ဆေးလုံး အသစ်ကို စမ်းသပ်ခဲ့သည့် ယခင်အတွေ့အကြုံအရ ဤဆေးမျိုးသည် သာမန်ကျင့်ကြံသူများ မခံနိုင်လောက်အောင် များပြားလှသော သွေးအဆီအနှစ်ကို လိုအပ်ကြောင်း သိထားသည်။ ၎င်းကို တိရစ္ဆာန်များအပါ် မဆိုထားနှင့် သာမန်လူများပေါ်တွင် စမ်းသပ်ခြင်းမှာပင် အဓိပ္ပာယ်မရှိပေ။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြင့် မစမ်းသပ်နိုင်ပါက၊ သွေးဝိညာဉ်ဆေးလုံး၏ စစ်မှန်သော အာနိသင်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုသည်မှာ သူ့လက်ရှိအင်အားဖြင့် လက်လှမ်းမီသောအရာ မဟုတ်ပေ။ ဆေးလုံးတွင် အဆိပ်အာနိသင် မရှိပါက ကိုယ်တိုင် စမ်းသပ် သောက်သုံးရန်သာ ရှိသည်။
ယခုစမ်းသပ်မှုသည် အဆိပ်သင့်မှု ရှိ၊ မရှိ စမ်းသပ်ခြင်းသား ဖြစ်သည်။ အဆိပ်အာနိသင် မရှိကြောင်း အတည်ပြုပြီးသည်နှင့် အသက်ရှူနှုန်းကို ချိန်ညှိလိုက်ပြီး ကျန်ရှိနေသော ဆေးပြားကို မျိုချလိုက်သည်။
ကြီးမားလှသော ဆေးအာနိသင်သည် သူ့ကိုယ်တွင်း၌ ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။ သွေးအဆီအနှစ်များ လျင်မြန်စွာ ကုန်ခမ်းသွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး၊ တချိန်တည်းမှာပင် သန့်စင်သော ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ယင်းနှင့်အတူ ကြွက်တက်သကဲ့သို့ ပြင်းထန်သော နာကျင်မှုတစ်ခုလည်း တွဲပါလာသည်။ စုန့်ဝမ်သည် နာကျင်မှုကို အံကြိတ်ခံကာ ဝိညာဉ်စွမ်းအားကို ပြန်လည်သန့်စင်ရန် အာရုံစိုက်နေရသည်။
ခြောက်နာရီကြာပြီးနောက် နာကျင်သည့် ခံစားချက် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ သန့်စင်သော ဝိညာဉ်စွမ်းအားမှာလည်း လုံးဝ သန့်စင်ပြီးသွားသဖြင့် ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
စုန့်ဝမ် အလွန်တရာ ဝမ်းသာသွားသည်၊ သွေးဝိညာဉ်ဆေးလုံးကို အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ဤဆေးသည် အသုံးပြုသူ၏ သွေးအဆီအနှစ်ကို သိသိသာသာ ထိခိုက်စေပြီး၊ သောက်သုံးသည့်အခါ ထက်မြက်သော ဓားတစ်စင်းဖြင့် ကိုယ်တွင်းအင်္ဂါများကို မွှေနှောက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားရသဖြင့် အမှန်တကယ်ပင် ခံရခက်လှသည်။ သွေးဝိညာဉ်ဆေးလုံး သောက်သုံးခြင်းမှ ခံစားရသော နာကျင်မှုသည် အဆိပ်တစ်သောင်းခန္ဓာနည်းစနစ်ကို ကျင့်ကြံစဉ်ကထက်ပင် ပို၍ ပြင်းထန်လှသည်။
တွေးနေရင်း သားရဲသခင်ဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက သွေးဝိညာဉ်ဆေးလုံး ဖော်စပ်ရန် အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ဆက်လက်ကျင့်ကြံရန် ပျက်ကွက်ခဲ့သည်ကို သတိရသွားသည်။ ဝိညာဥ်ဆေးပင်တောင်ထိပ်ရှိ အဆင့်မြင့် ဝိညာဉ်ဆေးပင် အများအပြားမှာ အဆိပ်ရှိသည်။ ယခင်က လေလွင့်ကျင့်ကြံသူဘဝတွင် ဤဆေးပင်များကို ရရှိရန် မလွယ်ကူခဲ့သော်လည်း ယခုအခါတွင်မူ အလွန်လွယ်ကူစွာ ဝယ်ယူနိုင်ပြီ ဖြစ်သည်။
သွေးဝိညာဉ်ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ပြီးနောက် စုန့်ဝမ်သည် ကျင့်ကြံခြင်းကို မြှင့်တင်ရန်နှင့် ဆေးဖော်စပ်မှု အရည်အချင်း တိုးတက်လာစေရန် အာရုံစိုက်ခဲ့သည်။ ဆေးခန်းမရှိ အခြားဆေးဖော်စပ်သူများနှင့် ပုံမှန်ဆက်သွယ်ခြင်းဖြင့် စုန့်ဝမ်၏ ဆေးဖော်စပ်မှုစွမ်းရည်မှာ တဖြည်းဖြည်း ပို၍ တိုးတက်လာခဲ့သည်။ ကာလအတန်ကြာ လေ့ကျင့်ပြီးနောက် သွေးဝိညာဉ်ဆေးလုံး ဖော်စပ်ရာတွင် ပိုမိုကျွမ်းကျင်လာပြီး တစ်သုတ်တည်းတွင် ဆေးလုံး ၅ လုံးအထိ အောင်မြင်စွာ ထုတ်လုပ်နိုင်လာသည်။
သွေးဝိညာဉ်ဆေးပြားသည် ခန္ဓာကိုယ်အပေါ် သိသိသာသာ ထိခိုက်မှုရှိစေသဖြင့် ခဏခဏ သောက်သုံးရန် မသင့်တော်ပေ။ ထို့ကြောင့် သုံးရက်လျှင် တစ်လုံးသာ သောက်သုံးလေ့ရှိသည်။ ထို့ကြောင့် တစ်လလျှင် သွေးဝိညာဉ်ဆေးပြား နှစ်သုတ်ကိုသာ အောင်မြင်အောင် ဖော်စပ်ရန် လိုအပ်သည်။ ဤအချက်ကြောင့် အဝါရောင်မှို လိုအပ်ချက်မှာ များစွာ လျော့နည်းသွားပြီး၊ အမြောက်အမြား ဝယ်ယူခြင်းကြောင့် သူတစ်ပါး၏ အာရုံစိုက်မှုကို ခံရမည်ဟူသော စိုးရိမ်မှုများကို လျော့ပါးစေခဲ့သည်။
ဆေးဖော်ရင်း၊ ကျင့်ကြံရင်း တစ်လခွဲမျှ ကုန်ဆုံးသွားခဲ့သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် တစ်လခွဲဆိုသည်မှာ ရှည်လျားသော အချိန်မဟုတ်ပေ။ တံခါးပိတ်ကျင့်ကြံမှု တစ်ကြိမ်တည်းမှာပင် ဤထက် ပို၍ ကြာမြင့်နိုင်သည်။ ဂိုဏ်းတာဝန်လည်း အထွေအထူး မရှိသဖြင့် ဤတစ်လခွဲအတွင်း စုန့်ဝမ် ကျင့်ကြံမှုတွင် အတော်ခရီးပေါက်ခဲ့သည်။ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်မှာ နောက်ဆုံးတွင် အသေးစား အောင်မြင်မှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ အစစ်အမှန် ကြေးခေါင်းလောင်းတစ်ခုနှင့် ခွဲခြား၍ မရလောက်သော ဝိညာဥ်စွမ်းအင် အကာအကွယ် ကြေးခေါင်းလောင်းတစ်ခုကို ဖန်တီးနိုင်ပြီ ဖြစ်သည်။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်မှာ သိသိသာသာ သန်မာလာပြီး အဆိပ်ခံနိုင်ရည်ရှိမှုလည်း ပိုမိုတိုးတက်လာခဲ့သည်။
တစ်နေ့တွင် ရွှမ်ဆေးဖော်စပ်ခန်း၌ ရှိနေစဉ် စုန့်ဝမ်သည် မီးတိမ်ဆေးပြားကို ဖော်စပ်ရန် ကြိုးပမ်းနေသည်။ သူနှင့်အတူ ဆေးဖော်စပ်ရေးတောင်ထိပ်သို့ ဝင်ရောက်ခဲ့သော ကျိုးစစ်ယိမှာ မီးတိမ်ဆေးပြားကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီးသား ဖြစ်သည်။ အစပိုင်းတွင် စုန့်ဝမ်သည် သွေးဝိညာဉ်ဆေးပြားကို လေ့လာရန်သာ အာရုံစိုက်နေခဲ့ပြီး၊ ၎င်းကို အောင်မြင်စွာ ဖော်စပ်နိုင်ပြီးနောက် လေ့ကျင့်မှု လိုအပ်ချက်များကို ဖြည်းဖြည်းချင်း ပြန်လည် ဖြည့်ဆည်းလာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ မီးတိမ်ဆေးပြား ဖော်စပ်ခြင်းကို စတင်လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
မီးတိမ်ဆေးပြား ဖော်စပ်ရန် နောက်တစ်ကြိမ် ကျရှုံးပြီးနောက် စုန့်ဝမ်သည် သူ့သက်သေခံတံဆိပ်ကို ထုတ်ယူလိုက်သည်။ သက်သေခံတံဆိပ်မှာ ကိုင်ဆောင်သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရုံသာမက၊ ဂိုဏ်းအနေဖြင့် တပည့်များထံ အမိန့်များ ပေးပို့ရန်အတွက်လည်း အသုံးပြုနိုင်သည်။ ယခု ဆေးဖော်စပ်နေစဉ်အတွင်း သက်သေခံတံဆိပ်သို့ ဂိုဏ်းမှ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။ ထိုသတင်းစကားမှာ ဆေးတောင်ထိပ်ရှိ တာဝန်ရေးရာခန်းမမှ ဖြစ်ပြီး၊ စုန့်ဝမ်ကို တာဝန်ရေးရောခန်းမသို့ အမြန်ဆုံး လာရောက်ရန် ခန်းမတာဝန်ခံ အကြီးအကဲလူဝေ့ချိုင်က ဆင့်ခေါ်ထားခြင်း ဖြစ်သည်။
ဆေးတောင်ထိပ်၏ စည်းမျဉ်းများအရ ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်လာပြီး သုံးလအကြာတွင် ပြင်ပတာဝန်များကို အလျဥ်းသင့်သလို လုပ်ဆောင်ရန် လိုအပ်သည်။ ဆင့်ခေါ်မှုမှာ ပြင်ပတာဝန်တစ်ခုနှင့် သေချာပေါက် ပတ်သက်နေကြောင်း စုန့်ဝမ် နားလည်လိုက်သည်။
ဆေးဖော်စပ်ခန်းကို အလျင်အမြန် သိမ်းဆည်းပြီးနောက် ရွှမ်ဆေးဖော်စပ်ခန်းမှ ထွက်ခွာကာ တောင်ထိပ်ရှိ တာဝန်ရေးရာခန်းမသို့ ဦးတည်သွားခဲ့သည်။ သားရဲသခင်ဂိုဏ်းတွင် တာဝန်ရေးရာခန်းမတစ်ခု ရှိသကဲ့သို့၊ တောင်ထိပ် တစ်ခုချင်းစီတွင်လည်း ကိုယ်ပိုင် တာဝန်ရေးရာခန်းမများ ရှိပြီး၊ တောင်ထိပ်၏ တပည့်များအတွက် တာဝန်များကို ထုတ်ပြန်လေ့ရှိသည်။
တာဝန်ခွဲဝေရေးခန်းမသို့ ဝင်ရောက်သောအခါ စုန့်ဝမ်သည် တပည့်တစ်ဦး၏ လမ်းပြမှုဖြင့် အကြီးအကဲလူဝေ့ချိုင်နှင့် အခက်အခဲမရှိ တွေ့ဆုံနိုင်ခဲ့သည်။ ကျယ်ဝန်းလှသော ကျောက်သားခန်းမထဲ ရောက်သောအခါ အကြီးအကဲလူဝေ့ချိုင်သာမက ကျော့ရွှေယွင်ကိုပါ တွေ့လိုက်ရသည်။
"နှုတ်ခွန်းဆက်ပါတယ် အကြီးအကဲလူ၊ နှုတ်ခွန်းဆက်ပါတယ် စီနီယာအစ်မကျော့" ဟု စုန့်ဝမ်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ဝေ့တင်း ရာထူးလျှော့ချခံရပြီး ချိုက်ကျင့်လော့က စုန့်ဝမ်နှင့် အခြားသူများကို ဆေးဖော်စပ်နည်းများ သင်ကြားပေးကတည်းက ကျော့ရွှေယွင်သည် သူမ၏ အာရုံကို ပြောင်းလဲလိုက်ပြီး ချိုက်ကျင့်လော့အား ဖားရန် စတင်ခဲ့သည်။ ချိုက်ကျင့်လော့မှာ ဝေ့တင်းနှင့် မတူ၊ ဖြောင့်မတ်စွာ နေထိုင်သူဖြစ်ပြီး မည်သည့် လောဘကိုမျှ မပြခဲ့ဖူးပေ။ သို့သော် ကျော့ရွှေယွင်သည် မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့သည်ကို မသိရသော်လည်း၊ သူမသည် ချိုက်ကျင့်လော့နှင့် လျင်မြန်စွာ နီးစပ်သွားပြီး မျက်နှာသာပေးမှုကို ရရှိခဲ့သည်။
"အကြီးအကဲဝူ... ထိုင်ပါဦး" ဟု လူဝေ့ချိုင်က ထိုင်ခုံကို ညွှန်ပြလိုက်သည်။
စုန့်ဝမ် ထိုင်ပြီးသည်နှင့် လူဝေ့ချိုင်က ဆက်ပြောသည်။
"ငါ ဒီနေ့ မင်းတို့နှစ်ယောက်ကို ခေါ်လိုက်တာက မင်းတို့ လုပ်ဆောင်ဖို့ လိုအပ်တဲ့ တာဝန်တစ်ခု ရှိနေလို့ပဲ။ မကြာခင်က အနောက်ဖက်တောင်မှာရှိတဲ့ ချန်မိသားစုကို ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်က ခဏခဏ တိုက်ခိုက်နေတယ်။ ချန်မိသားစုမှာ အကျအဆုံး များပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ချန်မိသားစုခေါင်းဆောင်က အဲဒီသားရဲကို သုတ်သင်ပေးဖို့ ဂိုဏ်းကို အကူအညီ တောင်းထားတယ်"
အနောက်ဖက်တောင်က ချန်မိသားစုမှာ သားရဲဘုရင်ဂိုဏ်း၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိသော အခြေတည်အဆင့် မိသားစုတစ်ခု ဖြစ်သည်။
ကျော့ရွှေယွင်က မျက်မှောင်ကြုတ်လိုက်သည်။
"အကြီးအကဲလူ... ဒါက နတ်ဆိုးသားရဲ သုတ်သင်ရမယ့် တာဝန်ဆိုတော့ ဥပဒေခန်းမနဲ ဝိညာဉ်သားရဲတောင်ထိပ်ကို တာဝန်မပေးသင့်ဘူးလား။ ဘာလို့ ဆေးတောင်ထိပ်က ကျွန်မတို့ကို သွားပြီး သုတ်သင်ခိုင်းရတာလဲ”
ကျော့ရွှေယွင်စကားလည်း မမှားပေ။ သားရဲသခင်င်ဂိုဏ်း၏ ဥပဒေခန်းမ တပည့်များသည် တိုက်ခိုက်ရေး နည်းစနစ်များကို အထူးပြုကြသည်။ ဝိညာဉ်သားရဲတောင်ထိပ်က တပည့်တိုင်းသည်လည်း ဝိညာဉ်သားရဲများကို မွေးမြူကြပြီး ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ဝိညာဉ်သားရဲတောင်ထိပ်နှင့် ဥပဒေခန်းမတို့မှာ ဂိုဏ်းအတွင်း၌ တိုက်ခိုက်ရေးအင်အား အတောင့်တင်းဆုံး ဌာနနှစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော သုတ်သင်ရေး တာဝန်များကို ထိုတောင်ထိပ်နှစ်ခုမှ တပည့်များက လုပ်ဆောင်လေ့ရှိကြသည်။ ဆေးတောင်ထိပ်၏ ပြင်ပတာဝန်များမှာ အများအားဖြင့် ဆေးဖော်စပ်ခြင်းနှင့်သာ သက်ဆိုင်လေ့ရှိသည်။
လူဝေ့ချိုင်က အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"ချန်မိသားစုခေါင်းဆောင် ချန်ရွေ့တာက ဒီတာဝန်ကို လုပ်ဆောင်ပေးဖို့ ဆေးတောင်ထိပ်ကို အထူးတောင်းဆိုထားတာ။ ဂိုဏ်းကို ပေးပို့တဲ့ သတင်းအရ ချန်မိသားစုကို တိုက်ခိုက်နေတဲ့ မိစ္ဆာသားရဲက ဒုတိယအဆင့် သွေးမိစ္ဆာတစ်ကောင်ပဲ။ ချန်မိသားစုမှာ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးတည်းသာ ရှိပေမဲ့၊ ချန်ရွှေ့တာကိုယ်တိုင်က အခြေတည် အလယ်အဆင့်မှာ ရှိတော့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေပါ ပေါင်းရင် သူတို့မှာ ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည် ရှိတယ်။ ဒါပေမဲ့ ဒီသွေးမိစ္ဆာက ပုန်းကွယ်၊ ရှောင်တိမ်းတာ ကျွမ်းကျင်တယ်၊ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားတတ်လို့ ခြေရာခံဖို့ အရမ်းခက်နေတယ်။ ချန်မိသားစုက သွေးမိစ္ဆာကို မျှားထုတ်ဖို့အတွက် နတ်ဆိုးသားရဲမျှားခေါ်ဆေးကို ဖော်စပ်ပေးဖို့ ဆေးတောင်ထိပ်က အကူအညီကို လိုချင်နေတာ"
နတ်ဆိုးသားရဲမျှားခေါ်ဆေးသည် နတ်ဆိုးသားရဲများကို အလွန်အမင်း ဆွဲဆောင်နိုင်သော ထူးခြားသည့် ရနံ့တစ်ခုကို ထုတ်လွှတ်သဖြင့် နတ်ဆိုးသားရဲများကို အမဲလိုက်သော ကျင့်ကြံသူများအတွက် အနှစ်သက်ဆုံး ငါးစာတစ်ခု ဖြစ်သည်။ သို့သော် ဆေးမှုန့်၏ အားနည်းချက်မှာ ၎င်းကို အောင်မြင်စွာ ဖော်စပ်ပြီးသည်နှင့် မည်မျှပင် လုံအောင်ပိတ်ထားပါစေ ၎င်း၏ ထူးခြားသော ရနံ့မှာ တဖြည်းဖြည်း လွင့်ပြယ်သွားခြင်း ဖြစ်သည်။ တစ်ရက်အတွင်းမှာပင် ထိုရနံ့မှာ လုံးဝနီးပါး ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဆေးမှုန့်ကို ဖော်စပ်ပြီးသည်နှင့် ချက်ချင်း အသုံးပြုရမည်ဖြစ်သည်။ ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ဦးသာလျှင် ဒုတိယအဆင့် ထိုဆေးမှုန့်ကို ပြုလုပ်နိုင်သည်။
လူဝေ့ချိုင်က ဆက်ပြောသည်။
"ချန်မိသားစုက ဂိုဏ်းကို ဒုတိယအဆင့် ဆေးဖော်စပ်သူ တစ်ဦးတည်း စေလွှတ်ပေးဖို့ တောင်းဆိုတာပါ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက အခြေတည်အဆင့် တက်ပြီးခါစ လူသစ်တွေ ဖြစ်နေတာကို ထည့်တွက်ပြီး၊ နှစ်ယောက်အတူ လွှတ်ဖို့ စဉ်းစားခဲ့တယ်၊ ဒါမှ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်နိုင်မှာပေါ့။ မေးစရာရှိသေးလား?"
စုန့်ဝမ်က "အကြီးအကဲလူ... ချန်မိသားစုရဲ့ တောင်းဆိုချက်ထဲမှာ သွေးမိစ္ဆာက ဘာလို့ သူတို့ကို ထပ်တလဲလဲ တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းရင်း ပါသလား"
ချန်မိသားစုက သွေးမိစ္ဆာထက် ပို၍ အင်အားတောင့်တင်းသည်ကို ကြည့်ခြင်းအားဖြင့်၊ သွေးမိစ္ဆာသည် ၎င်း၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုသော ဗီဇအရ သူတို့ကို ရှောင်ရှားသင့်သည် မဟုတ်ပါလား။
လူဝေ့ချိုင်က ခေါင်းခါပြသည်။
"အဲဒါကိုတော့ ဘာမှ ဖော်ပြမထားဘူး။ ဖြစ်နိုင်တာက ချန်မိသားစုမှာ သွေးမိစ္ဆာ လိုချင်တာတစ်ခုခု ရှိနေတာ၊ ဒါမှမဟုတ် သူတို့အပေါ် ရန်ငြိုးရှိနေတာ ဖြစ်နိုင်တယ်။ မေးစရာ ရှိသေးလား"
စုန့်ဝမ်နှင့် ကျော့ရွှေယွင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါပြလိုက်ကြသည်။
"ဒါဆိုရင် မင်းတို့နှစ်ယောက် အမြန်ပြင်ဆင်ကြတော့။ ခုနစ်ရက်အတွင်း ချန်မိသားစုဆီကို ရောက်အောင် သွားရမယ်"
"နားလည်ပါပြီ"
တာဝန်ခွဲဝေရေးခန်းမမှ ထွက်လာပြီးနောက် စုန့်ဝမ်က ကျော့ရွှေယွင်ကို မေးလိုက်သည်။
"စီနီယာအစ်မ၊ ကျွန်တော်တို့ ဘယ်တော့ ခရီးထွက်ကြမလဲ"
ကျော့ရွှေယွင်သည် စုန့်ဝမ်ကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်အချို့ ပါရှိနေသည်။ သူမသည် စုန့်ဝမ်နှင့်အတူ ပြင်ပတာဝန်ကို သွားရန် ဝန်လေးနေသည်။ စုန့်ဝမ်၏ ဆေးဖော်စပ်ခြင်း ပါရမီ ညံ့ဖျင်းမှုနှင့် တိုက်ခိုက်ရေး စွမ်းရည်များကို မပြသနိုင်မှုတို့ကြောင့် ကျော့ရွှေယွင်သည် သူ့ကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် စိတ်ထဲတွင် သတ်မှတ်ထားသည်။
"မနက်ဖြန် မွန်းတည့်ချိန်" ဟု တိုတိုတုတ်တုတ် ပြန်ဖြေပြီး ကျော့ရွှေယွင်သည် နောက်ပင်လှည့်မကြည့်ဘဲ ထွက်သွားသည်။
……